ယန်အာ သတိပြန်ရလာပြီ
Vol. 08 Ch. 396
“ထားလိုက်တော့။ သား မပြောချင်ရင် အဖေ မမေးတော့ဘူး။ အဖေ့ကို အချိန်နည်းနည်းပေး။ နောက်ပိုင်းကျရင် သားကို အဖေ ဒုတိယမျိုးဆက် သူဋ္ဌေးတစ်ယောက် ဖြစ်စေရမယ်။” ထန်ယွင်သဲ့က ပေါ့ပါးစွာ ပြုံးလိုက်သည်။
ထန်ရှုက ခေါင်းယမ်းလိုက်ပြီး စပ်ဖြဲဖြဲဖြင့်
"ဒီတစ်သက်မှာ ကျွန်တော့်ကို ဒုတိယမျိုးဆက် သူဌေးဖြစ်လာအောင် လုပ်ပေးဖို့ အဖေ့မှာ မျှော်လင့်ချက်မရှိမှာကိုပဲ ကျွန်တော် ကြောက်တယ်။"
"သားက အဖေ့ကို အထင်သေးတာလား။"
ထန်ယွင်သဲ့က သားဖြစ်သူကို စိုက်ကြည့်မိသည်။
ထန်ရှုက ပြုံးလိုက်ပြီး
"ကျွန်တော် အဖေ့ကို အထင်သေးတာ မဟုတ်ပါဘူး။ ဒါပေမယ့် အဖေ တစ်နှစ်ကို ပိုက်ဆံဘယ်လောက် ရှာနိုင်မယ်တွေးထားလဲ။ ကျွန်တော့်ရဲ့ နတ်ဘုရားဝတ်ရည်ဝိုင် နှစ်သုတ်လောက်ရောင်းပြီးတော့ အမြတ်ဘယ်လောက် ရလဲဆိုတာ အဖေ့ကို ပြောပြစေချင်လား။"
"ဘယ်လောက်ရလဲ။"
ထန်ယွင်သဲ့ တကယ် မသိချေ။ နတ်ဘုရားဝတ်ရည်ဝိုင်သည် ယခု အလွန် ရေပန်းစားနေကြောင်းသာ သူ သိသည်။ ခန်းရှသည်ပင် ဝိုင်သေတ္တာဆယ်လုံးအထက်အား ကိုယ်တိုင်ကိုယ်ကျ ပေးပို့လာခဲ့သည်။ သူ ထိုဝိုင်အား မြည်းစမ်းကြည့်ရာ ဝိုင်အနံ့၊ အရသာသည် တကယ်ပင် အကောင်းဆုံး ဖြစ်သည်။
ထန်ရှုက ပေါ့ပါးစွာ ပြုံးရင်း လက်လေးချောင်းကို ဆန့်ထုတ်လာကာ
“လေးဘီလီယံနီးပါးရှိတယ်။ ပြောရမယ်ဆိုရင် ဒါက အသားတင်အမြတ်ပဲ။”
…ဘုတ်…
ထန်ယွင်သဲ့ ရုတ်တရက် ထရပ်မိလိုက်သော်လည်း သူ၏အားနည်းနေသောခြေထောက်သည် သူ့အား ဆိုဖာပေါ်သို့ ပြန်ထိုင်ကျစေသည်။ သူ၏ပိန်ပါးသော မျက်နှာထက်တွင် အံ့သြတုန်လှုပ်မှု ထင်ဟပ်လျက် ထန်ရှုအား မယုံကြည်နိုင်သော အကြည့်တို့ဖြင့်
“အခုမှ ဈေးကွက်တင်ထားတဲ့ နတ်ဘုရားဝတ်ရည်က လေးဘီလီယံလောက်ရတယ်လို့ သား ပြောနေတာလား။ အဖေ့ကို နောက်နေတာတော့ မဟုတ်ပါဘူးနော်။"
(ငလူးလေး … ရောင်းရငွေကို ကြွားပြီး အဖေကို လန့်အောင် လုပ်နေတာ :-D)
"ခန်းရှက ကျွန်တော့်ကို မလိမ်ဘူးဆိုရင် အဖေ့ကို ကျွန်တော် နောက်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့ ဒီကိုလာတဲ့လမ်းမှာ ခန်းရှက ကျွန်တော့်ကို ပြောပြတာ … အမေလည်း ရှိတယ်။ နောက်ပြီး ကျွန်တော်တို့ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုက အခြားထုတ်ကုန်တွေဖြစ်တဲ့ အလှကုန်ပစ္စည်းတွေလည်း ဈေးကွက်ကို တင်လိုက်ပြီ။ အဲ့ဒီအလှကုန်နှစ်ခုရဲ့ ရောင်းအားပမာဏကလည်း အခုဆို တစ်နေ့ထက် တစ်နေ့ တိုးလာနေလို့ အချိန်တိုအတွင်း အသားတင်အမြတ်က မီလီယံ၁၀၀ရသွားပြီလို့ ခန်းရှ ပြောတယ်။"
…အဟွတ်…အဟွတ်…
ထန်ယွင်သဲ့ အကြိမ်အနည်းငယ်ခန့် ချောင်းဆိုးလိုက်ရသည်။
သားဖြစ်သူ၏ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုက ဈေးကွက်ကို ကောင်းကောင်း ရိုက်ခတ်သွားပြီကို သူ သိသည်။ နတ်ဘုရားဝတ်ရည်ဝိုင် ဈေးကွက်ဝင်ပြီးနောက် အစောပိုင်းဖွံ့ဖြိုးတိုးတက်မှုမှာ ချောမွေ့ခဲ့သည့်အပြင် ၎င်းဝိုင်၏ အရသာကောင်းမွန်မှုကြောင့် ရောင်းအား အလွန်ကောင်းမည်ဟု သူ တွေးထားပြီးဖြစ်သည်။ သို့သော် နတ်ဘုရားဝတ်ရည်ဝိုင်၏ အမြတ်အစွန်းသည် ဤမျှကြီးမားလိမ့်မည်ဟု သူ မထင်ထားမိပါချေ။ အလှကုန်ထုတ်ကုန်များပင်လျှင် အလားအလာကောင်းများ ရှိပုံရသည်။
သူကိုယ်တိုင်ကရော…
သူကိုယ်တိုင် ကြိုးစားအားထုတ်ခဲ့ရင်တောင်မှ သားဖြစ်သူ၏ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုအား အမှီလိုက်နိုင်မည်မဟုတ်ချေ။
ထန်ယွင်သဲ့၏ အံ့သြတုန်လှုပ်နေသော နှလုံးသားသည် တဖြည်းဖြည်း တည်ငြိမ်လာပြီး ကူကယ်ရာမဲ့မှုဖြင့် အစားထိုးလာသည်။ သူက ခေါင်းယမ်းကာ အားတင်းပြုံးလိုက်ရင်း
“ယခုအချိန်က ဖခင်ရဲ့စည်းစိမ်နှင့် ဂုဏ်ဒြပ်ကို မှီခိုအားထားတဲ့ ခေတ်ဖြစ်တယ်လို့ ဆိုကြပေမယ့် အဲဒါက ငါတို့မိသားစုအတွက် ပြောင်းပြန်ဖြစ်ပုံရတယ်။ ဆိုလိုတာက သားက မိသားစုကို စီမံခန့်ခွဲနေတဲ့သူတစ်ယောက်ပါ။ အဖေ မင်းကို ဒုတိယမျိုးဆက်သူဌေးတစ်ယောက် ဖြစ်အောင် မလုပ်ပေးနိုင်တော့ဘူး။ သားကိုယ်တိုင်ပဲ တတိယမျိုးဆက်နဲ့ ပထမမျိုးဆက်ကြွယ်ဝမှုကို ဖြစ်လာစေတယ်လို့ အဖေ ထင်တယ်။”
ထန်ရှု၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ချိတ်ဆွဲလာပြီး
"အဖေ့ရဲ့ သားက သန်မာတယ်ဆိုတာ အဖေ သိပါတယ်။ ဒါနဲ့ အဖေ့မှာ တခြားကိစ္စမရှိတော့ရင် ကျွန်တော် သွားတော့မယ်။ ကုမ္ပဏီကိစ္စတွေကို ခန်းရှကို ကိုင်တွယ်ဖို့ ပေးထားတယ်ဆိုပေမယ့် ကိစ္စတွေကို မျက်ခြည်မပြတ်ဖို့တော့ လိုသေးတယ်။”
ထန်ယွင်သဲ့ ခေါင်းညိတ်လိုက်ရင်း
"ဟုတ်တယ်။ ခန်းရှက ယုံကြည်အားကိုးထိုက်တဲ့သူ ဖြစ်တယ်ဆိုရင်တောင် သူက အပြင်လူ ဖြစ်နေသေးတယ်။ သား သူ့ကို မယူရင်..."
ထန်ရှုက သူ၏လက်ကို ဝှေ့ယမ်းကာ
"တော်ပြီ။ ဒီအကြောင်းကို နောက်မှပြောကြရအောင်။"
ထိုစကားကို ပြောပြီးနောက် ထန်ရှုသည် တံခါးအပြင်သို့ ထွက်လာခဲ့သည်။ သို့သော် ပထမထပ်ကို တိုက်ရိုက်မသွားဘဲ သူ၏စာကြည့်ခန်းဆီသို့ သွားခဲ့သည်။ အခန်းတွင်းရှိ အရာဝတ္ထုများကို မြင်ပြီးနောက် သူ၏အမူအရာသည် ချက်ချင်းပင် ကျေနပ်သွားသည့်ဟန်ဖြစ်သည်။ မုချင်းဖျင်၏ ကိစ္စများကို သူ ကြိုပြီးစီစဉ်ထားသည်ကို သူ့မိဘများက ထင်ရှားစွာ သိတာကြောင့် သူ၏စာကြည့်ခန်းထဲမှ ပစ္စည်းများအား ဘယ်သူ့ကိုမှ ပေါ့ပေါ့တန်တန် ရွှေ့ခွင့်မပေးထားချေ။ ထို့ကြောင့် အတွင်းရှိ အပြင်အဆင်များသည် ယခင်အတိုင်းပင်ရှိနေခဲ့သည်။
“ပယ်ဖျက်လိုက်…”
ထန်ရှုသည် ယခင်က သူ ခင်းကျင်းထားသည့် အစီအရင်များစွာကို ဖျက်သိမ်းရန် မိနစ်အနည်းငယ် ကြာခဲ့ပြီးနောက် အဖိုးတန်ပစ္စည်းများအားလုံးကို သူ၏ သိုလှောင်လက်စွပ်ထဲတွင် စုစည်းထည့်ခဲ့သည်။
ထို့နောက် သူသည် အောက်ထပ်သို့ ဆင်းလာသည်။ မီးဖိုချောင်ထဲတွင် သူ၏အမေနှင့် ခန်းရှတို့အား အိမ်အကူနှစ်ယောက်က ကူညီပေးနေသည်ကို သူ တွေ့လိုက်ရသည်။ ထန်ရှု တစ်ချက်ပြုံးလိုက်ပြီးနောက် ဆက်လျှောက်လာခဲ့ရာ ပျင်းရိနေသော စုချွမ်အား ဧည့်ခန်း၏ ဆိုဖာပေါ်တွင် ထိုင်လျက် တီဗီအစီအစဉ်မျိုးစုံကို ပြောင်းကြည့်နေသည်ကို တွေ့ရတော့သည်။
"ချွမ်လေး … အစ်ကိုဘင်ရော အခု ဘယ်လိုနေလဲ။" ထန်ရှုက သူ့ဘေးမှာ ဝင်ထိုင်ပြီး အပြုံးဖြင့် မေးသည်။
“သူကတော့ ဒီအတိုင်းပါပဲ။ အခြေအနေနဲ့ လိုက်လျောညီအောင် မလုပ်နိုင်ပေမယ့် ရိုးသားဖြောင့်မတ်စွာနဲ့ ဝိုင်စက်ရုံလုံခြုံရေးကို သေချာအောင် လုပ်ပေးနေဆဲပါပဲ။ ဝိုင်စက်ရုံရဲ့ ဒါရိုက်တာက သူ့ကို သဘောကျတယ်လို့ ကြားတယ်။ သူ့အကျင့်စရိုက်က ယုံကြည်စိတ်ချရပြီး တည်ငြိမ်တဲ့အတွက် လုံခြုံရေးအဖွဲ့ရဲ့ ဒုအဖွဲ့မှူးအဖြစ် ရာထူးတိုးခံရတယ်လို့ သူ ပြောတယ်။”
ထန်ရှုက ပြုံးလိုက်ရင်း
“အစ်ကိုဘင်ရဲ့ အကျင့်စရိုက်ကို ငါတို့အားလုံး ကောင်းကောင်း သိနေကြတာပဲ။ ဒါလည်း ကောင်းတဲ့အရာတစ်ခုပါပဲ။ သိပ်မကြာခင် သူ့ကို လေ့ကျင့်ဖို့ ငါ လွှတ်လိုက်မယ်။ ဝိုင်စက်ရုံက လုံခြုံရေးအဖွဲ့တွေရဲ့ ဒုအဖွဲ့မှူးဆိုတာ အသာထား… အနာဂတ်မှာ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့ လုံခြုံရေးမှူးဖြစ်လာဖို့က သူ့အတွက် ပြဿနာတစ်ခုတောင် ရှိမှာ မဟုတ်ပါဘူး။”
"လုံခြုံရေးအဖွဲ့ တစ်ခုဖွဲ့မှာလား။"
စုချွမ် အံ့သြသွားသည်။
“ငါ့မှာ အဲ့ဒီအစီအစဉ်ရှိတယ်။ နောက်တစ်ခုက လုပ်ငန်းမှာ ပိုင်ဆိုင်မှုအများကြီးရှိလာပြီဆိုတော့ ငါတို့ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ လူတွေ လိုတယ်။”
ထန်ရှုက အပြုံးဖြင့် ပြောလိုက်သည်။
"အဲ့ဒါအမှန်ပဲ။ ငါ့ပုံစံစရိုက်က လုံခြုံရေးအတွက် မသင့်တော်တာ စိတ်မကောင်းစရာပဲ။ နို့မဟုတ်ရင် ငါ မွန်းကျပ်သွားလိမ့်မယ်။” စုချွမ်က ခေါင်းညိတ်သည်။
“မင်းရဲ့ စိတ်နေသဘောထားက စီးပွားရေးနဲ့ စီမံခန့်ခွဲမှုလုပ်ဖို့ သင့်တော်တယ်။ ဒါပေမယ့် မင်း စွမ်းရည်တွေရပြီးသွားရင် ခမ်းနားသောထန်လုပ်ငန်းစုကနေ နှုတ်ထွက်ပြီး ကိုယ့်ဘာသာကိုယ်တော့ မလုပ်ရဘူးနော်။"
ထန်ရှုက အပြုံးဖြင့် ပြောသည်။
စုချွမ်က မပြုံးတော့ဘဲ ခေါင်းယမ်းပြလျက်
"ရှုလေး … ငါတို့ ညီအစ်ကိုတွေက အတူတကွ ကြီးပြင်းလာကြတယ်။ မင်းက ငါ့ကို ကြယ်တာရာကို ခေါ်လာပြီး ငါ့ရဲ့ကံကြမ္မာကို ပြောင်းလဲစေခဲ့တယ်။ ငါက အသိတရားမဲ့တဲ့လူစား မဟုတ်ဘူး။ နောက်ပြီး လက်ရှိ ဝင်ငွေကလည်း တော်တော် ကောင်းတယ်။ ငါ့ရဲ့ လုပ်ဆောင်နိုင်စွမ်း ပိုကောင်းလာတာနဲ့အမျှ ငါ့ရဲ့ ဝင်ငွေလည်း မြင့်မားလာမယ်လို့ ငါယုံကြည်တယ်။ လစာကောင်းကောင်းရတဲ့ အလုပ်ကို စွန့်လွှတ်ပြီး ကိုယ့်အတွက်ကိုယ် ကြိုးစားဖို့ အတွက် ရုန်းထွက်ဖို့အထိ ငါ မမိုက်သေးဘူး။”
ထန်ရှု ပြုံးလိုက်မိသည်။ သူ စကားပြောခါနီးတွင် တီဗွီဖန်သားပြင်ပေါ်မှ အကြောင်းအရာအား ဖျတ်ကနဲ မြင်လိုက်ရသောအခါ သူ၏မျက်လုံးများ အရောင်လက်သွားသည်။ ရုတ်ခြည်းပင် သူ၏မျက်နှာထက်ရှိ အပြုံးသည် အေးခဲသွားရကာ သူ၏နှလုံးသားအား မိုးကြိုးပစ်လိုက်သည့်နှယ် ရုတ်တရက် ခုန်ထမိသွားသည်။ လျှပ်တစ်ပြက်အတွင်း တီဗီအရှေ့သို့ ရောက်သွားပြီး ကြော်ငြာအား စူးစိုက်ကြည့်လိုက်သည်။
“အချစ်ဇာတ်လမ်းရဲ့ ပြီးပြည့်စုံတဲ့ ပုံဆောင်ခဲကို ရှာဖွေ မွေးဖွားပေးရန်အတွက် ဂန္တဝင်ရာစုနှစ်ပေါင်းများစွာ မြှုပ်နှံထားသည့် စိန်။ လူကြီးမင်းတို့အားလုံးအတွက် ထိုက်တန်တဲ့ အရာတစ်ခုခုတော့ ရှိပါတယ်။ ကြွလှမ်းခဲ့ပါ … အောက်တိုဘာလ ၁ ရက်နေ့ ရှန်ဟိုင်းဂုဏ်ဆောင် လေလံပွဲမှာ ကျွန်တော်တို့နဲ့ တွေ့ကြရအောင်။ လူကြီးမင်းတို့ရဲ့ အလည်လာရောက်မှုကို ကျွန်တော်တို့ စောင့်မျှော်နေပါတယ်။”
တီဗွီဖန်သားပြင်ပေါ်တွင် တောက်ပနေသော စိန်တုံးကြီးတစ်တုံးသည် ခန့်ညားထည်ဝါလှသော အလင်းရောင်အား ထုတ်လွှတ်လျက် ရှိနေသည်။ စိန်တုံးပတ်လည်တွင် မြသစ်ရွက်ကိုးရွက်ဖြင့် ဝန်းရံထားပြီး ထူးခြားသည့်ပုံစံဖြင့် စိန်လက်စွပ်ကို ထုလုပ်ထားသည်။
"ရှုလေး … ဘာဖြစ်တာလဲ။"
ထန်ရှု၏ ပုံမှန်မဟုတ်သော အပြုအမူကို ကြည့်ရင်း စုချွမ်က သိလိုစိတ်ဖြင့် မေးလာသည်။
လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ထန်ရှု၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားနေသော အကြည့်တစ်ချက် ပေါ်လာကာ အသက်ရှုနှုန်းနှင့် နှလုံးခုန်နှုန်းသည် ပုံမှန်ထက် ပိုမြန်လာခဲ့သည်။
စိန်လက်စွပ်ကို ပထမဆုံးမြင်လိုက်ရသည့်အချိန်ကပင် ရင်းနှီးသောခံစားချက်ကို သူ ခံစားခဲ့ရသည်။ သို့သော် ခဏအကြာတွင် မြရွက်ကိုးရွက်၏ လက်စွပ်ဒီဇိုင်းသည် နတ်ဆိုးပြန်လည်ရှင်သန်မြက်ပင်နှင့် တူနေကြောင်း ရုတ်တရက် သူ သိလိုက်သည်။
…ဒါအမှန်ပဲ။ ဒီပုံစံက နတ်ဆိုးပြန်လည်ရှင်သန်မြက်ပင်နဲ့ လုံးဝအံဝင်ခွင်ကျဖြစ်နေတာပဲ။ ဒီစိန်လက်စွပ်ကို ဖန်တီးတဲ့သူကို ငါရှာရမယ်။ နတ်ဆိုးပြန်လည်ရှင်သန်မြက်ပင်ရဲ့သတင်းက သူ့မှာ ရှိကို ရှိရမယ်။…
ထန်ရှု ရုတ်တရက် လှည့်ကာ စုချွမ်ကို မေးလိုက်သည်။
" တီဗွီမှာ အခုပဲ ပြောသွားတဲ့ လေလံပွဲရဲ့ နာမည်က ဘာတဲ့လဲ။"
"ရှန်ဟိုင်းဂုဏ်ဆောင်လေလံပွဲ။" စုချွမ်က ဖြေသည်။
ထန်ရှုသည် မီးဖိုခန်းဆီသို့ ချက်ချင်း ပြေးသွားပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"အမေ … ကျွန်တော့်မှာ အရေးတကြီးကိစ္စပေါ်လာလို့ ရှန်ဟိုင်းကို ပြန်ရတော့မယ်။ ထမင်းစားဖို့ အချိန်မရတော့ဘူး။ ခန်းရှ… ဒီအရေးကြီးကိစ္စကို ဆောင်ရွက်ပြီးရင် ကိုယ် ပြန်လာပြီး ပွဲလုပ်ပေးမယ်။ ဒါပေမယ့် ကိုယ်ပြန်မလာခင်မှာ ဂုဏ်ပြုပွဲတော့ မင်း အရင်စီစဉ်ထားလို့ ရတယ်။”
သူမ၏လက်ထဲတွင် ယောက်ချိုဇွန်းအား ကိုင်ထားရင်း စုလင်းယွမ်က ပဟေဠိဖြစ်သွားသောဟန်ဖြင့် မေးလာသည်။
" ရှုအာ…အမေတို့ ရှန်ဟိုင်းက အခုမှ ပြန်ရောက်တာ မဟုတ်ဘူးလား။ ဟိုမှာ ဘာလုပ်စရာရှိပြန်ပြီလဲ။"
"ကျွန်တော် ချက်ချင်း ကိုင်တွယ်ဖြေရှင်းရမယ့် အရေးကြီးတဲ့အရာတစ်ခု ရှိနေတယ်။"
ထန်ရှုက လေးလေးနက်နက် ပြောလိုက်သည်။
"သားလေး … အရေးကြီးရင်တောင် စားစရာရှိတာ စားသွားဦး။" စုလင်းယွမ်က ပြောလိုက်သည်။
"အချိန်မရှိလို့ပါ အမေ။ ကျွန်တော် အခုပဲ သွားရတော့မယ်။"
ထန်ရှုက သူ၏လက်ကို ဝှေ့ယမ်းပြီး ထွက်သွားသည်။
ခန်းရှသည် တခဏမျှ ချီတုံချတုံ ဖြစ်သွားပြီးနောက် ထန်ရှု၏အနောက်သို့ အမြန်လိုက်လာသည်။ သူမ မီလာသည့်အချိန်တွင် ထန်ရှုသည် ကြယ်တာရာတွင် ရပ်ထားခဲ့သော လင့်ရိုဗာဆာ့ဖ်ကားထဲတွင် ထိုင်နေပြီဖြစ်သည်။
"သူဌေး … နင် ရှန်ဟိုင်းကို သွားတော့မယ်ဆိုတော့ ဘယ်တော့ ပြန်လာမှာလဲ။ တကယ်လို့ နင်က အခမ်းအနားတွင် မပါဝင်ဘဲ ငါတို့ ပွဲကိုကျင်းပမယ်ဆိုရင် ပျော်စရာကောင်းမှာ မဟုတ်ဘူး။ ကုမ္ပဏီရဲ့ ထိပ်တန်း အမှုဆောင်တွေကလည်း နင့်ကို တွေ့ချင်နေကြတယ်။” ခန်းရှက ပြတင်းပေါက်အပြင်ဘက်တွင် မတ်တပ်ရပ်ကာ ပြောလိုက်သည်။
ထန်ရှု တစ်ခဏမျှ တိတ်ဆိတ်သွားပြီးမှ ခေါင်းယမ်းကာ “ဘယ်လောက်ကြာမယ်မှန်း မသိပေမယ့် တတ်နိုင်သမျှ မြန်မြန် ပြန်လာခဲ့မယ်။ အဆက်အသွယ် မပြတ်စေနဲ့။"
"ကောင်းပါပြီ။"
ခန်းရှသည် စိတ်ပျက်လက်ပျက်ဖြင့် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
ဆာ့ဖ်ကားသည် တောင်တံခါးမြို့မှ အမြန်မောင်းထွက်ကာ လေဆိပ်သို့ အရှိန်ပြင်းစွာ မောင်းထွက်သွားသည်။ ထို့နောက် ထန်ရှုသည် ရှန်ဟိုင်းသို့ပြန်ရန်အတွက် အဆင်သင့်ဖြစ်နေစေရန် ကိုယ်ပိုင်ဂျက်လေယာဉ်၏ကပ္ပတိန်အား ဖုန်းဆက် အကြောင်းကြားခဲ့သည်။
ကျင်းမန်ကျွန်း…
ထာဝရခန်းမ၏ဌာနချုပ် … ပင်လယ်ကြမ်းပြင်မှ ကျက်သရေရှိတင့်တယ်တောက်ပသောဘုရား၏ သတ္တမအလွှာ…
အေးစိမ့်သောလေထုသည် သတ္တမအလွှာ၏ နေရာတစ်ခုလုံးအား ပြည့်နှက်နေချိန်တွင် ရေခဲကုတင်မှ တောက်ပနေသော အပြာရောင်အလင်းတန်းများ ဖြာထွက်လာကာ ဂူယန်အာ၏မျက်တောင်များ တဖျပ်ဖျပ်ခတ်လာခဲ့သည်။ သူမ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အတက်အကျမငြိမ်သည့် အော်ရာတစ်ခုပါ သူမ၏မျက်ဝန်းများနှင့်အတူ ဖြည်းညှင်းစွာ ပွင့်လာသည်။ လျှပ်တစ်ပြက်အတွင်း အေးစက်သော အော်ရာသည် အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။
"ဒီတစ်ခေါက် ငါ ဘယ်လောက်ကြာအောင် အိပ်ပျော်သွားတာပါလိမ့်။"
ဂူယန်အာသည် ရေခဲကုတင်ပေါ်တွင် ဖြည်းညှင်းစွာ ထိုင်လိုက်သည်။ ကျောက်စိမ်းသဖွယ် အကြောစိမ်းစိမ်းလေးများဖြင့် သူမ၏သွယ်လျသော လက်ချောင်းများက မျက်ခုံးလေးများကို ညင်သာစွာ ပွတ်လိုက်မိသည်။
သူမ၏အလှသည် မြို့များကို ဖြိုဖျက်နိုင်ပြီး တိုင်းနိုင်ငံများကို ဖျက်ဆီးနိုင်သည့်အထိ သန်မာကြသော ကမ္ဘာပေါ်ရှိ ပြိုင်ဘက်ကင်း ယောကျ်ားသားများအားလုံးအား ဆွဲဆောင်နိုင်လောက်အောင် လှပပါသော်လည်း ထိုအလှဧကရီမလေးသည် ခါးသီးနာကျင်နေသည့် အမူအရာတစ်ခုအား ခံစားနေရသည့်ဟန်ဖြစ်သည်။
…ရွှစ်…
သတ္တမအလွှာတွင် ဝိညာဉ်တစ်ခုအလား ပုံရိပ်တစ်ခု ချက်ချင်းပေါ်လာသည်။
ဂူယန်အာက ခေါင်းကို အနည်းငယ် မော့လိုက်သည်။ ကျိချွိမိန်သည် ရေခဲခုတင်ရှေ့တွင် ဒူးထောက်လျက် ရှိနေသည်ကို တွေ့ရသောအခါ
"အကြီးအကဲကျိ… ကျွန်မ ဘယ်နှစ်ခါပြောပြီးပြီလဲ။ အချိန်တိုင်း ဒူးထောက်နေစရာ မလိုပါဘူးဆို။ အမှန်တော့… ဆရာသခင်ကိုရှာဖို့ ကမ္ဘာမြေကို အတူ လာကြကတည်းက အကြီးအကဲကျိကို မိသားစုဝင်တစ်ယောက်အနေနဲ့ ကျွန်မ သတ်မှတ်ထားပြီးသားပါ။”
ကျိချွိမိန်၏မျက်နှာထက်တွင် စိတ်လှုပ်ရှားနေသော အမူအရာတစ်ခု ထင်ဟပ်လျက်ရှိသည့်နည်းတူ မျက်လုံးများတွင်လည်း စိုစွတ်လျက် သူမက မော့ကြည့်လိုက်ပြီး
“ဆရာသခင် … ငါတို့ လေးစားရတဲ့သခင်ကို ရှာတွေ့ခဲ့ပါပြီ။”
ဂူယန်အာ ကျောက်ရုပ်သဖွယ် ဖြစ်သွားသည်။ သူမ၏ အဖြူရောင်ဝတ်စုံသည် တဖျပ်ဖျပ်ခါလျက် ချက်ချင်းပင် ကျိချွိမိန်၏အရှေ့တွင် ပေါ်လာသည်။ ထို့နောက် မမြင်နိုင်သော စွမ်းအားတစ်ခုက ကျိချွိမိန်ကို ချက်ချင်းဆွဲထူလိုက်ပြီး သူမနှင့် တူညီသော အမြင့်တွင် ရပ်သွားစေသည်။
"အကြီးအကဲကျိ...ကျွန်မကို လိမ်နေတာလား။"
ကျိချွိမိန်က ခေါင်းခါလိုက်ပြီး
“မဟုတ်ဘူး။ ဒါက လုံးဝ အလိမ်အညာစကား မဟုတ်ပါဘူး။ တကယ်တမ်းပြောရမယ်ဆိုရင် ရှောင်ရွှဲ့က လေးစားရတဲ့သခင်ကို ရှာတွေ့ခဲ့တာပါ ။ နောက်ပြီး သူက ဒီနေရာကို မကြာခဏ ရောက်သလို လာတိုင်းလည်း အချိန်အတော်ကြာအောင် ဆရာသခင့်ကို အဖော်လုပ်ပေးပါတယ်။"
ဂူယန်အာ တုန်ရီသွားပြီးမှ တစ်ချက်ပြုံးလိုက်ကာ
“သူက ဘယ်မှာလဲ။ ကျွန်မရဲ့ဆရာသခင်… အခု သူ ဘယ်မှာလဲ။”
“သူ ရှန်ဟိုင်းမှာပဲ ရှိလိမ့်မယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်က သခင်က ငါ့ကို ကိစ္စတချို့ လုပ်ပေးဖို့ ရှန်ဟိုင်းကို လာဖို့ ခေါ်တာနဲ့ အဲ့ဒီမှာ သူ့ကိုတွေ့ခဲ့တယ်။…”
***