စိတ်မရှည်ခြင်းနှင့် စိုးရိမ်ပူပန်မှုတို့ဖြင့် ပူလောင်ခြင်း
Vol. 08 Ch. 397
"ပြီးတော့ ဘာတဲ့လဲ။" ဂူယန်အာက အလျင်စလို မေးသည်။
“အဲ့ဒါက သခင့်ရဲ့အခြေအနေနဲ့ပတ်သက်ပြီး သဲလွန်စ မရှိတဲ့အချက်က သခင့်ရဲ့ကျင့်ကြံမှုအဆင့်အလွန် နိမ့်နေတယ်ဆိုတာပါ။ ဒါပေမယ့် ထူးဆန်းတာက တိုးတက်မှုနှုန်းကတော့ အရမ်းမြန်တယ်။ သူ့ကို လွန်ခဲ့တဲ့လအနည်းငယ်က ပထမဆုံးတွေ့ဖူးတာကနေ အခုချိန်ထိ အဆင့်ထပ်ချိုးဖြတ်ပြီး ခွန်အားက အဆင့်များစွာ တိုးမြင့်လာပါတယ်။”
ဂူယန်အာ ပြုံးလိုက်သော်လည်း သူမ၏ မျက်ဝန်းများမှ ကြည်လင်သော မျက်ရည်စက်များ ကျဆင်းလာခဲ့သည်။ နှစ်ထောင်ပေါင်းများစွာကြာအောင် သူ့ကို လွမ်းဆွတ်နေရသည့် ခံစားချက်သည် နတ်ဆိုးကဲ့သို့ စွဲလမ်းမှုတစ်ခုနှင့် တူသည်။ ထိုအရာကပင် သူမအား အသက်ရှင်လိုစိတ်ဖြစ်အောင် ထောက်ပံ့ပေးနေခဲ့ခြင်းဖြစ်သည်။
သူမ၏ဝိညာဉ်မပျောက်ကွယ်မီ သူမ၏ဆရာသခင်အား နှုတ်ဆက်ခွင့်ရခြင်းသည် ထိုက်တန်သည်ဟု သူမ ခံစားမိသည်။
"ကျွန်မကို သူ့ဆီ ခေါ်သွားပေးပါ။"
ဂူယန်အာက လက်ကို ဝှေ့ယမ်းကာ ကျိချွိမိန်အား ကြမ်းပြင်ပေါ် အသာကျစေလိုက်သည်။ ထို့နောက် စေတီတော်၏ သတ္တမထပ်တံခါးတွင် သူမ၏ပုံရိပ်လေး ပေါ်လာသည်။ သို့သော် စေတီတော်၏ပထမထပ်တွင် သူမပေါ်လာသည့်အချိန်၌ သူမ၏လှပသော မျက်နှာလေးထက်တွင် နာကျင်သွားသည့်ဟန် ဖြစ်ပေါ်လာပြီး မျက်ခုံးမွှေးနက်နက်လေးများက တွန့်ချိုးသွားရသည်။
ကျိချွိမိန်၏အရှိန်သည် အလားတူ မြန်ဆန်ပြီး ဂူယန်အာ၏အရှေ့တွင် ချက်ချင်း ပေါ်လာကာ သူမ၏ ခန္ဓာကိုယ်သည် ပထမထပ်တံခါးအား ကာဆီးထားသည်။
"အကြီးအကဲကျိ … ရှင်ဘာလုပ်နေတာလဲ။"
ဂူယန်အာ၏မျက်နှာလေးသည် အေးစက်သွားကာ ကြိမ်းမောင်းဟန်ပြုလိုက်သည်။
ကျိချွိမိန်က ခေါင်းခါလိုက်ပြီး “ဆရာသခင် … တောက်ပတဲ့စေတီတော်ကနေ ထွက်သွားလို့မရဘူး။ ပထမဆယ်နှစ်လောက်က ဆရာသခင် ထွက်သွားချင်တယ်ဆိုရင် ငါ မတားပါဘူး။ ဒါပေမယ့် အခု ဆရာသခင်ရဲ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေက ပိုဆိုးလာတဲ့အတွက် ထွက်သွားဖို့ မသင့်ဘူး။ မဟုတ်ရင် ရှန်ဟိုင်းမြို့ကို မရောက်ခင် လေးစားရတဲ့သခင်နဲ့ မတွေ့ခင်မှာပဲ ပြန်ပြီး သတိလစ်မေ့မျောသွားတဲ့ အခြေအနေကို ရောက်လိမ့်မယ်လို့ ငါ ပြောရဲတယ်။"
ဂူယန်အာ၏မျက်နှာလေး ကွက်ကနဲ ပျက်သွားကာ ရုတ်တရတ် ထိတ်လန့်သွားရသည်။။ သူမသည် စိုးရိမ်ပူပန်စိတ်နှင့် စိတ်မရှည်မှုတို့ကြောင့် ထိုမျှ အရေးကြီးသောအရာကိုပင် မေ့သွားခဲ့မိပေသည်။ နှစ်ထောင်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသည့် ခက်ခဲမှုတွေအတွက် သူမ ခံစားရသမျှ အရာအားလုံးကို သွန်ချပစ်ဖို့ သူမ၏ဆရာသခင်အား တွေ့ချင်ခဲ့မိသည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် ထိုသို့စိတ်မြန်မှုကြောင့် သူမအား သတိလစ်မေ့မျောသွားသည့် အခြေအနေကို ရောက်ရှိသွားနိုင်သဖြင့် သူမ မသွားနိုင်တော့ပါချေ။
“အကြီးအကဲ ကျိ … ကျွန်မ …”
ကျိချွိမိန်က လေးနက်သောအသံဖြင့်
“ဆရာသခင် … ငါ လေးစားရတဲ့သခင်ဆီကို ဆက်သွယ်လိုက်ပါမယ်။ ငါ ဖုန်းဆက်တာနဲ့ သူ မြန်မြန် ပြန်လာလိမ့်မယ်။”
“ဒီတစ်ကြိမ် နိုးထလာတာ ကျွန်မ အတော်လေး နေလို့ကောင်းတယ်လို့ ခံစားရတယ်။ ပြီးခဲ့တဲ့အခေါက်ကထက်စာရင် ပိုနေလို့ကောင်းပြီး စိတ်ဝိညာဉ်အားလည်း ပိုပြီးကောင်းလာသလိုပဲ။ ကျွန်မရဲ့အခြေအနေကို အကဲဖြတ်ရတာ … သုံးရက်လောက်တော့ ခံနိုင်ရည်ရှိမလားမသိ။ ကျွန်မကို ပြောပါဦး … သူ သုံးရက်အတွင်း ရောက်လာနိုင်ပါ့မလားဟင်။”
ကျိချွိမိန်က မဆိုင်းမတွပင်
“သေချာပါတယ်။ အခုခေတ်မှာ လမ်းပန်းဆက်သွယ်ရေး အရမ်း တိုးတက်နေပြီလေ။ အရင်က ဆရာသခင့်ကို တွေ့ရဖို့အတွက်ဆိုရင် လေးစားရတဲ့သခင်က ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စင်းကိုလည်း ငှါးခဲ့တယ်။ ဆရာသခင် နိုးလာပြီလို့ သူ ကြားတာနဲ့ ငှါးထားတဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စင်းကိုစီးပြီး ဒီကို ချက်ခြင်း ပြေးလာဖို့မယ်လို့ သူ့ဆီကနေ ကြားဖူးတယ်။"
ဂူယန်အာသည် ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ပြီး ကျိချွိမိန်၏လက်မောင်းကို ဆုပ်ကိုင်ထားသည်။ ထို့နောက် သူမက နူးညံ့သော အသံလေးဖြင့်
“အကြီးအကဲကျိ … ဆရာသခင့်အကြောင်း ပြောပြပါဦး။ အစကတည်းက အကြီးအကဲကျိ သိထားသမျှအားလုံး ကျွန်မ သိမှရမယ်။"
ကျိချွိမိန်က ခေါင်းညိတ်ပြီး
“ကောင်းပါပြီ။ ငါ သိသမျှ အကုန်ပြောပြပါမယ်။ ဒါပေမဲ့ လေးစားရတဲ့ သခင်ကို အရင်ဆက်သွယ်လိုက်ဦးမယ်။ ပြီးရင် ငါတို့ ခုနစ်ထပ်ကို ပြန်လာပြီးတော့ ငါသိသမျှ အားလုံး ပြောပြမယ်။”
"အင်း … ပြန်ကြရအောင်။"
ဂူယန်အာက ညင်သာစွာ ခေါင်းညိတ်သည်။
တောင်တံခါးအိမ်ရာအနီးရှိ လမ်းတစ်ခုတွင် ထန်ရှုသည် ဖုန်းခေါ်ဆိုမှုပြီးသွားချိန်တွင် ကျိချွိမိန်ထံမှ ရုတ်တရက် ဖုန်းခေါ်ဆိုမှုတစ်ခုအား လက်ခံရရှိခဲ့သည်။ စိန်လက်စွပ်နှင့် နတ်ဆိုးပြန်လည်ရှင်သန်မြက်တို့၏ ဆက်စပ်မှုကို သိရှိရန် ရှန်ဟိုင်းသို့ အလျင်အမြန် ပြန်သွားချင်သော်လည်း သူသည် ဖုန်းပြန်ဖြေသည်။
"ကျိချွိမိန် … ဘာဖြစ်လို့လဲ။"
"လေးစားရတဲ့ သခင် … ဆရာသခင် သတိရလာပြီ။"
"သတိရလာပြီလား။ ဟမ် … အကြီးအကဲကျိ ဘာ ပြောလိုက်တာ။ ယန်အာ...သူ...သူ သတိရလာပြီလား။"
ထန်ရှု၏ခန္ဓာကိုယ်သည် တုန်ရီသွားသည်။ သူ၏လက်သည် စိတ်လှုပ်ရှားစွာဖြင့် ကားစတီယာရင်ဘီး၏ဦးတည်ချက်ကို ပြောင်းမိသောကြောင့် လမ်းဘေးတွင် ထိုးရပ်လိုက်ရသည်။
“ဟုတ်ပါတယ် …. ဆရာသခင်က လေးစားရတဲ့သခင့်ကို ချက်ခြင်းတွေ့ချင်နေရှာတယ်။ ဒါပေမယ့် သူမရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေက အတော်မကောင်းနေတော့ တောက်ပတဲ့ စေတီတော်ကနေ ထွက်ခွာလို့ မရတာမို့ ….”
ကျိချွိမိန်က အားတင်းပြုံးပြီး ပြောသည်။
ထန်ရှုက မဆိုင်းမတွဘဲ
"ငါ အခု လေဆိပ်ကို သွားနေတယ်။ အဲ့ဒီကို အမြန်သွားလိုက်မယ်။ တောက်ပတဲ့ စေတီတော်အတွင်းမှာပဲ နေပြီး ငါ့ကိုစောင့်ဖို့ ယန်အာ့ကို ပြောပေးပါ။"
"နားလည်ပါပြီ။" ကျိချွိမိန်က လေးစားစွာ ပြောလိုက်သည်။
ဖုန်းချပြီးနောက် ထန်ရှုသည် ကားကို ပြန်လည်စတင်မောင်းလိုက်ရင်း ကိုယ်ပိုင်ဂျက်လေယာဉ်၏ လေယာဉ်မှူးအား ထပ်မံခေါ်ဆိုကာ လေယာဉ်ဆင်းခွင့်အား ရှန်ဟိုင်းသို့ မဟုတ်ဘဲ ကျင်းမန်ကျွန်းသို့ လျှောက်ရန် မှာကြားလိုက်သည်။ လေယာဉ်မှူးသည် အလွန်သိလိုစိတ်ပြင်းပြနေသော်လည်း ထန်ရှု၏ ညွှန်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။
နာရီဝက်ခန့်အကြာတွင် ထန်ရှုသည် လေဆိပ်သို့ ရောက်လာသည်။ ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်သို့ သူ တက်လာသောအခါ လူလတ်ပိုင်းလေယာဉ်မှူးက သူ့အား နှုတ်ဆက်ပြီး အားယူထားရသောအပြုံးဖြင့် “မစ္စတာထန် … ငါ ကြယ်တာရာလေဆိပ် အာဏာပိုင်ဆီ ဆက်သွယ်ခဲ့ပေမယ့် အချိန်နဲ့ တင်းကျပ်တဲ့ လမ်းကြောင်းတွေကြောင့် ငါ စိတ်ပူတာက လေယာဉ်တက်ဖို့ နှစ်နာရီခွဲလောက် စောင့်ရလိမ့်မယ်။”
"မင်းရဲ့ အဆက်အသွယ်တွေကို လုံးဝသုံးလို့ မရဘူးလား။" ထန်ရှုက မျက်မှောင်ကြုတ်ကာ လေးနက်သောအသံဖြင့် မေးလိုက်သည်။
လူလတ်ပိုင်းလေယာဉ်မှူးက မချိပြုံးပြုံးပြီး “ကြယ်တာရာမှာ ငါတို့ အဆက်အသွယ် မရှိဘူး။”
ထန်ရှုက သူ၏ဖုန်းကို ထုတ်ပြီး လုံဟန်ဝမ်ကို ဖုန်းခေါ်လိုက်သည်။ တစ်ဖက်က ပြန်ဖြေလာသည့်အခါ သူက
“ဦးလေးလုံ … မေးစရာရှိလို့ဗျ။ ကြယ်တာရာလေဆိပ်မှာ ဦးလေးရဲ့ အဆက်အသွယ်ရှိလား။”
“ရှိနိုင်တယ်။ ဘာလိုအပ်လို့လဲ ထန်လေး။"
ဖုန်းထဲမှ လုံဟန်ဝမ်၏အသံ ထွက်ပေါ်လာသည်။
"ကျွန်တော်က သူငယ်ချင်းရဲ့ ကိုယ်ပိုင်ဂျက်ငှားပြီး အခု ကြယ်တာရာလေဆိပ်မှာ ရပ်ထားတယ်။ လောလောဆယ် ကျင်းမန်ကျွန်းကို ထွက်ခွာဖို့ အလျင်လိုနေလို့ ဦးလေး။ ဒါပေမယ့် လျှောက်လွှာမှာ ပြဿနာကြုံနေတော့ လေယာဉ်တက်ဖို့ နှစ်နာရီခွဲလောက် စောင့်ရဦးမယ်။ ဦးလေးလုံမှာ နည်းလမ်းရှိရင် သူတို့ကို ဆက်သွယ်ပေးလို့ ရမလား။”
"ကောင်းပြီ။ ငါ ဖုန်းခေါ်တာကို စောင့်ပေးပါ။"
လုံဟန်ဝမ်က ပြောသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် လုံဟန်ဝမ်က ဖုန်း ပြန်ဆက်သည်။ ထန်ရှု ဖြေလိုက်သည့်အခါ သူက အနေရခက်နေသော လေသံဖြင့်
" ထန်ရှု… ငါ့မှာလည်း တခြားနည်းလမ်းမရှိဘူး။ လမ်းကြောင်းတွေကို ပုံသေလုပ်ထားခဲ့တာကြာပြီလို့ သူငယ်ချင်းဟောင်းက ပြောတယ်။ ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲခဲ့ရင် လေယာဉ်၇၈စီး နောက်ကျသွားမယ်လို့ သိရတယ်။ မင်း စောင့်ရင်ရော ဘယ်လိုလဲ။"
“ကျွန်တော် နားလည်ပြီ ဦးလေး။ ဒါက အရေးကြီးတဲ့ ကိစ္စဖြစ်နေလို့ တခြားနည်းလမ်းကို ရှာလိုက်မယ်။"
"ကောင်းပါပြီ။" လုံဟန်ဝမ်က စိတ်မကောင်းသည့်လေသံဖြင့် ပြောလိုက်သည်။
ဖုန်းချပြီးနောက် ထန်ရှုသည် ခဏတာ တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် သူသည် ရုတ်တရက် တစ်စုံတစ်ယောက်ကို သတိရသွားပြီး ချက်ချင်း ဖုန်းခေါ်လိုက်သည်။
“တူလေး … နင် ဒေါ်လေးဆီ ဖုန်းဆက်တာ ရှားတယ်။ ဒီနေ့ ရုတ်တရက် ငါ့ဆီ ဖုန်းခေါ်ဖို့ နင်ဘယ်လို သတိရသွားတာလဲ။"
ဖုန်းထဲ မှ ထန်မင်း၏ အသံထွက်လာသည်။
“ဒေါ်လေး … ဒေါ်လေးရဲ့လုပ်ပိုင်ခွင့်တွေနဲ့ အဆက်အသွယ်တွေကြား မှာ ကြယ်တာရာလေဆိပ်ကို သက်ရောက်ဖို့ နည်းလမ်းရှိလား။ ကျွန်တော့်မှာ အရေးတကြီးကိစ္စရှိနေလို့။"
ထန်ရှုက အလျင်လိုနေဟန်ဖြင့် ပြောလိုက်သည်။
ထန်မင်းသည် တစ်ခဏမျှ နှုတ်ဆိတ်နေခဲ့ပြီးမှ
“ဒါက သိပ်ကြီးလေးတဲ့ ကိစ္စဆိုရင် ဒေါ်လေးမှာ နည်းလမ်းတစ်ခုရှိတယ်။”
“ဒါဆို ကျေးဇူးပြုပြီး သူတို့ကို ဆက်သွယ်ပေးပါလား။ ဒေါ်လေးကို ကိုယ်ပိုင်ဂျက်လေယာဉ်ရဲ့ မော်ဒယ်အကြောင်း ပြောပြဖို့ လေယာဉ်မှူးကို ကျွန်တော် ပြောလိုက်မယ်။ ကျွန်တော် ကျင်းမန်ကျွန်းကို သွားဖို့ လိုနေလို့။" ထန်ရှုက ပြောသည်။
"ကောင်းပြီ။" ထို့နောက် ထန်မင်းနှင့် လူလတ်ပိုင်းလေယာဉ်မှူးတို့ စကားပြောကြသည်။
လူလတ်ပိုင်း ကပ္ပတိန်သည် လေဆိပ်အာဏာပိုင်ထံမှ ဖုန်းခေါ်ဆိုမှုကို လျင်မြန်စွာ လက်ခံရရှိခဲ့ပြီး ထိုသူက “မစ္စတာထန် … မင်းက တကယ်အံ့သြဖို့ကောင်းတဲ့လူပဲ။ မင်း နည်းနည်းလေး အားစိုက်လိုက်တာနဲ့ပဲ ဖုန်းခေါ်ဆိုမှုအချို့ကို ငါ လက်ခံရရှိတယ်။ မြို့တော်ကနေတောင် အမိန့်တစ်ခု ဝင်လာရတယ်။ အာ … မေ့လိုက်တော့။ ငါ အခုပဲ ချိန်ညှိမှုတွေ လုပ်ထားပြီးပြီမို့ မင်း အများဆုံး နာရီဝက်အတွင်း လေယာဉ်တက်နိုင်ပြီ ဟုတ်ပလား။”
လူလတ်ပိုင်း လေယာဉ်မှူးသည် ထန်ရှုကို တစ်ချက် စိုက်ကြည့်လိုက်ပြီး တိတ်တဆိတ် ထိတ်လန့်သွားသည်။ ထန်ရှုသည် ဖုန်းအချို့ခေါ်ဆိုခဲ့သည်ကို သူသိပြီး နောက်ဆုံးဖုန်းခေါ်ဆိုလိုက်သည့်လူမှာ သူ၏ အဒေါ်ဖြစ်ကြောင်းကိုလည်း သူ သိသည်။ သို့သော် ထန်ရှု၏ အဒေါ်သည် ဤမျှလောက် သြဇာညောင်းလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့မိပေ။ ကြယ်တာရာလေဆိပ်၏ ထိပ်တန်းခေါင်းဆောင်များကပင် အခြားသော လေကြောင်းခရီးစဉ်များကို ပြောင်းလဲပစ်ခဲ့ရသည်။
"မစ္စတာထန် … နာရီဝက်အတွင်းဆိုရင်ရော ဘယ်လိုလဲ။"
သက်လတ်ပိုင်းလေယာဉ်မှူးသည် မိုက်ခရိုဖုန်းကို အုပ်ကာ ထန်ရှုအား တီးတိုးပြောလိုက်သည်။
"အဆင်ပြေပါတယ်။" ထန်ရှု ခေါင်းညိတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲ။ ပြဿနာတစ်ခု မဟုတ်ပါဘူး။”
ထို့နောက် လူလတ်ပိုင်းအရွယ်အမျိုးသားက ဖုန်းဖြင့် ပြန်ဖြေသည်။
ပေကျင်း … အစိုးရ အဆောက်အဦးတစ်ခုအတွင်း…
ဖုန်းချပြီးနောက် ထန်မင်း၏ မျက်လုံးများ မှိန်ဖျော့သွားပြီး တစ်ခုခု စဉ်းစားနေဟန်ရှိသည်။ ထန်ရှုသည် ကျင်းမန်ကျွန်းသို့ ထွက်ခွာရန် မည်သည့်အတွက်ကြောင့် အလောတကြီး ဖြစ်နေရသည်ကို သူမ အတန်ငယ် သိချင်နေမိသည်။ သူမ၏တူလေးနှင့် အဆက်အသွယ်များစွာ မရှိလှသော်လည်း သူလုပ်ခဲ့သော အကြောင်းအရာမှတဆင့် သူမ၏တူအရင်းအကြောင်းအား များစွာ သိခဲ့ပြီးပြီဖြစ်သည်။ ထန်ရှုသည် တည်ငြိမ်သော ကိုယ်ရည်ကိုယ်သွေးရှိသည့် လူငယ်တစ်ဦးဖြစ်ပြီး မည်သည့်ကိစ္စမဆို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ကြောင်း သူမ သိသည်။
နှစ်နာရီခွဲသာ စောင့်ရမည်ဖြစ်သော်လည်း နှစ်နာရီကြာအောင် သူ ထိုင်မစောင့်နိုင်ခဲ့ဘဲ သူမ၏ အကူအညီကိုပင် လိုအပ်ခဲ့သည်။ ထို့ကြောင့် သူသည် အလွန်အမင်း အရေးကြီးသော ကိစ္စတစ်ခုသို့ ပြေးသွားဖွယ်ရာ ရှိသည်။
ထန်မင်းသည် ချက်ချင်းပင် စားပွဲမှ ဖုန်းကို ကောက်ကိုင်လိုက်ပြီး နံပါတ်တစ်ခုကို ခေါ်လိုက်သည်။
"အဖေ … ရှုအာက ကျွန်မဆီ ဖုန်းဆက်ပြီး သူ့ကို ကူညီစေချင်တယ်..."
ပေကျင်း … ထန်ဘိုးဘေးအဆောက်အဦး …
ထန်ကောရှန့်သည် စာရွက်နှင့် ဘောပင်ကို ကိုင်ထားကာ အချို့သောကိစ္စများကို နက်နက်နဲနဲ တွေးတောနေခဲ့သည်။ သမီးဖြစ်သူထံမှ ဖုန်းခေါ်သည်ကို ရရှိပြီး အကြောင်းစုံကြားလိုက်ရပြီးနောက် သူ၏မျက်နှာသည် တည်ကြည်သွားခဲ့သည်။ အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် သူက ဖြည်းညှင်းစွာဖြင့်
“ငါ သိပြီ။ သူ့ဆီ ဖုန်းဆက်လိုက်မယ်။"
ထန်ကောရှန့်က ဖုန်းကို ချလိုက်ပြီး ထန်ရှု၏နံပါတ်ကို နှိပ်လိုက်သည်။
" ရှုအာ … မင်း ကြယ်တာရာက ကျင်းမန်ကျွန်းကို သွားရမယ်လို့ အဘိုး ကြားတယ်ဟုတ်လား။ ဘယ်လို အရေးကြီးကိစ္စတွေကို ကိုင်တွယ်ရမှာလဲ။ တစ်ခုခုမှားရင် အဘိုးကို ပြောပြရမယ်။ မင်းကို ကူညီဖြေရှင်းပေးဖို့ ငါ့ရဲ့ကျန်နေတဲ့ ဘဝသက်တမ်းတိုတိုလေးကိုတောင် ငါပေးမယ်။"
ထန်ရှု၏ငြင်းချက်မထုတ်နိုင်စေရန်အတွက် ထန်ကောရှန့်သည် စိုးရိမ်မှုအပြည့်ဖြင့် ချက်ချင်း ပြောလိုက်သည်။
“အဘိုး … ကျွန်တော့်မှာ အရေးကြီးကိစ္စတစ်ခု ရှိတယ်ဆိုပေမယ့် ထန်မိသားစုက ဒီကိစ္စကို ကူညီနိုင်မှာ မဟုတ်ဘူး။ နောက်ပြီး ကျွန်တော်လည်း ဘယ်သူ့ဆီကမှ အကူအညီ မလိုသေးပါဘူး။ ကျင်းမန်ကျွန်းကို အမြန် ထွက်သွားရတဲ့ အကြောင်းရင်းက လူတစ်ယောက်နဲ့ တွေ့ဖို့ လိုအပ်နေလို့ပါ။ အဲ့ဒီလူက ကျွန်တော့်အတွက် အရမ်းအရေးကြီးတဲ့လူ ဖြစ်နေလို့ပါအဘိုး။”
ထန်ကောရှန့် ရုတ်ခြည်းပင် နားလည်လိုက်သော်လည်း အနည်းငယ်စိုးရိမ်နေသေးသည်။
"အန္တရာယ်မရှိဘူးဆိုရင် ကောင်းပါတယ်။ ရှုအာ … မင်းက အရမ်းအစွမ်းထက်တယ်ဆိုတာ ငါသိပါတယ်။ ဒါပေမယ့် လက်သီးနှစ်လုံးနဲ့ ရန်သူလေးယောက်ကို ရင်ဆိုင်ရတာ ခက်ခဲတယ်ဆိုတာကိုတော့ သတိရနေရမယ်။ တစ်ခုခုဖြစ်ရင် အဘိုးကို မင်း ချက်ချင်း ပြောရမယ်။ ငါ့ခန္ဓာကိုယ်က အခုဆို အတော်မာကျောသေးတာမို့ မင်းရဲ့ဝန်ထုပ်ဝန်ပိုးကို ငါ ကူညီနိုင်ပါတယ်။"
"ကျွန်တော် သိပါတယ် အဘိုး။" ထန်ရှုက ပြောသည်။
ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် ထန်ကောရှန့်က "ကျင်းမန်ကျွန်းမှာ သွားတွေရမယ့်လူက ဘယ်သူလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား။"
ထန်ရှုသည် တစ်ခဏမျှ နှုတ်ဆိတ်သွားပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
“သူမက ကျွန်တော့်တပည့်ပါ။”
ထန်ကောရှန့်က မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားကာ
“ငါ နားလည်ပြီ။ တခြား ဘာမှ မမေးတော့ဘူး။ ဒါပေမယ့် မင်းရဲ့လုံခြုံရေးကို ဂရုစိုက်ပါ။"
"ကောင်းပါပြီအဘိုး။"
ဖုန်းခေါ်ဆိုမှု ပြီးဆုံးပြီးနောက် ထန်ကောရှန့်၏မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားခဲ့သည်။ ထန်ရှု၏ကိစ္စ တော်တော်များများကို သူ သိသောကြောင့် ထန်ရှုတွင် တပည့်လေးယောက်ရှိကြောင်းကိုလည်း သူ သိရှိထားသည်။ ထိုအထဲမှ တစ်ယောက်သည် ချန်းကျီကျုံး ဖြစ်ပြီး နောက်တစ်ယောက်မှာ ကလေးမလေး ဂူရင်ဖြစ်သည်။ အခြားတစ်ယောက်သည် ကြယ်တာရာ တရုတ်တိုင်းရင်း ဆေးရုံကြီးမှ ဖြစ်သည်ဟု သိထားပြီး နောက်တစ်ဦးနှင့် ပတ်သက်၍ စုံစမ်းရန် လူများကို စေလွှတ်ထားခဲ့သော်လည်း သတင်း လုံးဝမရရှိခဲ့ပေ။
***