ဆရာ တပည့်ပြန်လည်တွေ့ဆုံခြင်း
Vol. 08 Ch. 398
တောက်ပသော နေရောင်ခြည်သည် ကမ္ဘာမြေကြီးပေါ်တွင် လင်းလက်ကျရောက်နေခဲ့ပြီး ပူနွေးသောလေနုအေးသည် ပင်လယ်ရေ၏ ဝိသေသဖြစ်သည့် ဖျော့တော့သော ငါးညှီနံ့နှင့် ရောယှက်ကာ တသုန်သုန် သုတ်ဖြူးနေလျက် ရှိသည်။
ကျင်းမန်ကျွန်းရှိ ထာဝရခန်းမ၏ ဝင်ပေါက်အပြင်ဘက်တွင် အနက်ရောင်ကားတစ်စီးသည် လျှပ်စီးတန်းသဖွယ် လျင်မြန်စွာ ဆိုက်ရောက်လာသည်။
…ကျွီ…
အနက်ရောင်ကားသည် ဂိတ်တံခါးမှ မီတာဆယ်ဂဏန်းအကွာတွင် ရောက်သောအခါတွင် ဘရိတ်မြည်သံနှင့်အတူ ကားသည် တားဆီးထားသော ဂိတ်တိုင်ရှေ့တွင် လုံးဝရပ်သွားသည်။
“ဂိတ်တားတိုင်ကို မြှောက်ပါ။”
ဒရိုင်ဘာထိုင်ခုံမှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထွက်လာပြီး လူထွားကြီးလေးယောက်အား မျက်နှာမူကာ အော်ဟစ်လိုက်သည်။
ထိုလေးယောက်သည် လူလတ်ပိုင်းအရွယ်ကို မြင်သည့်အခါ လေးစားသည့်အကြည့်အား ချက်ချင်း ပြပြီး ဂိတ်တားတိုင်အား ခလုပ်ဖြင့် မြှောက်ပေးလိုက်သည်။
ထို့နောက် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကားမောင်းသူ၏ ထိုင်ခုံတွင် ပြန်ထိုင်ကာ ကားတံခါးကိုပိတ်လိုက်ပြီး သူသည် အရှိန်မြှင့်စက်အား ခပ်ပြင်းပြင်း နင်းလိုက်သည်။ ကားသည် မြှားတစ်စင်းအလား ဝေါကနဲ ထွက်သွားပြီး အတွင်းထဲကို ချက်ခြင်း မောင်းဝင်သွားခဲ့သည်။
"စစ်ရေးနည်းပြ လူက ဘာဖြစ်သွားတာလဲ။ သူ ဘာကြောင့် အရမ်း စိတ်လောနေရတာလဲ"
"အရေးကြီးကိစ္စတစ်ခု ရှိလို့လား။ ထိပ်သီးပိုင်းကနေ ဆင်းသက်လာတဲ့ မစ်ရှင်တစ်ခုခုများ မင်း ကြားမိလား။”
"ငါတို့သူဋ္ဌေးကို နောက်ခုံမှာ တွေ့လိုက်တယ်လို့ ငါထင်တယ်။"
"သူဌေး ဟုတ်လား။ ငါတို့ရဲ့ သူဋ္ဌေးအသစ်လား။”
"ဟုတ်တယ်။"
ထိုလူလေးယောက်၏ဆွေးနွေးနေစဉ်အတွင်း အနက်ရောင်ကားလေးသည် ထာဝရခန်းမ၏ ကားရပ်နားရာနေရာသို့ လျင်မြန်စွာ ဝင်လာခဲ့သည်။
ထန်ရှု ကားတံခါး ဖွင့်ဖွင့်ချင်း ဂူရှောင်ရွှဲ့သည် သူ့ဆီ ပျံသန်းလာသည်ကို တွေ့လိုက်ရတော့သည်။ သူမသည် နီရဲစိုစွတ်နေသော မျက်ဝန်းအစုံဖြင့် ဝမ်းသာအားရ ခေါ်လာသည်။
“ဆရာဘိုးဘေး။”
သူမ၏အနောက်တွင် အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦး လိုက်ပါလာသည်။ လူရွယ်သည် ပျော့ပျောင်းသော ဆံပင်များရှိကာ အဖြူရောင်ဝတ်စုံအား ဝတ်ဆင်ထားသည်။ သူ၏ရုပ်ရည်သည် အတော် ချောမောပြီး ၂၇ နှစ်၊ ၂၈ ဝန်းကျင်ခန့် ရှိပေမည်။ အမျိုးသမီးသည် အနက်ရောင် အားကစားဝတ်စုံ၊ အနက်ရောင် ဝတ်ရုံတစ်ခုနှင့် အနက်ရောင် မျက်နှာဖုံးကိုလည်း ဝတ်ဆင်ထားသည်။
"သူဌေး … ငါက အလင်းပါ။"
"ငါက အမှောင်ပါ။"
ထို၂ယောက်သည် သူတို့၏လက်သီးများစုကာ တလေးတစား ပြောဆိုလာခဲ့သည်။
ထန်ရှုသည် မျက်ခုံးပင့်ကာ ဂူရှောင်ရွှဲ့၏ပခုံးအား အသာပုတ်လိုက်သည်။ ထို့နောက် သူသည် ပင်လယ်ကမ်းစပ်ဆီသို့ အပြေးသွားရင်း မေးလိုက်သည်။
“သူတို့နဲ့ ဘာကိစ္စတွေ ရှိနေလို့လဲ။”
"သူဌေး … အလင်းနဲ့ အမှောင်က ဆရာသခင် လေ့ကျင့်ပေးနေတဲ့ ပါရမီရှင်တွေပါ။ လူထောင်ပေါင်းများစွာထဲက အကောင်းဆုံး ရွေးချယ်ထားခဲ့တာ။ သူတို့က ငါ့လိုပဲ အင်မော်တယ်ကျင့်ကြံမှုလမ်းကြောင်းကို တက်လှမ်းနိုင်ခဲ့ကြတယ်။ ဒါပေမယ့် သူတို့ နှစ်ယောက်မှာ ထူးခြားတဲ့ ပုံရိပ်တွေရှိပြီးတော့ ငါတို့ထာဝရခန်းမမှာ သူတို့ရဲ့တည်ရှိမှုကို သိတဲ့လူ နည်းနည်းပဲရှိတယ်။ ဒါပေမယ့် ဆရာဘိုးဘေးကို ပေးခဲ့တဲ့ စာရင်းထဲမှာ သူတို့နာမည်တွေ ထည့်ထားပါတယ်။” ဂူရှောင်ရွှဲ့က ပြောသည်။
ထိုအကြောင်းကို ပြန်သတိရပြီးနောက် ထန်ရှုသည် "အလင်း" နှင့် "အမှောင်" ဟူသော အမည်များကို အမှန်တကယ် သူ မြင်ခဲ့ကြောင်း သတိရလာသည်။ သူတို့နှစ်ယောက်လုံးတွင် ထူးခြားသည့် ဝိသေသ လက္ခဏာတွေရှိသည့်အချက်ကိုတော့ သူ မမျှော်လင့်ထားခဲ့မိချေ။
“လူထောင်ပေါင်းများစွာကနေ ပေါ်လွင်ထင်ရှားလာနိုင်တာက သူတို့မှာ အရည်အချင်းကောင်းတွေရှိတယ်လို့ ဆိုလိုတာပဲ။ မင်းတို့ ကောင်းကောင်း စွမ်းဆောင်နိုင်ရင် ပိုပြီး သန်မာတဲ့ ကျင့်ကြံမှုနည်းစနစ်နဲ့ ပိုပြီး အစွမ်းထက်တဲ့ အင်မော်တယ်နည်းစနစ်တွေကို ငါ သင်ပေးမယ်။ ကျေးဇူးသိပြီး သစ္စာရှိပါ။ မင်းတို့ ငယ်ငယ်ရွယ်ရွယ်နဲ့ မသေဘူးဆိုရင် မင်းတို့ကို ပိုမိုကြီးမားတဲ့ ကံကြမ္မာကိုတောင် ငါ ပေးနိုင်တယ်။"
အလင်းနှင့်အမှောင်တို့သည် အကြည့်ချင်း ဖလှယ်မိကြကာ ချက်ချင်းဆိုသလိုပင် သူတို့၏မျက်ဝန်းများဆီမှ အံ့အားသင့်သော အကြည့်များ ထွက်ပေါ်လာကြသည်။
"ငါတို့ နားလည်ပါပြီ။"
ထန်ရှု ခေါင်းညိတ်ကာ တုန့်ပြန်လိုက်သည်။ ထို့နောက် သူသည် သူ၏အမြင့်ဆုံးအရှိန်ဖြင့် ကမ်းရိုးတန်းဆီသို့ ပြေးသွားခဲ့သည်။ သူသည် တစ်စီးတည်းသော လှေကိုပင် မစီးဘဲ သူ၏ ဧကရာဇ်လေဟုန် လျှို့ဝှက်နည်းစနစ်အား ဖန်တီးလိုက်သဖြင့် သူ၏ခြေထောက်များသည် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် နင်းလျှောက်သွားသည့်အလား ဖြစ်သည်။ သူသည် လှိုင်းလုံးများ တလိမ့်လိမ့် လှိုင်းထလာသည့်အပေါ်မှ နင်းလျှောက်ကာ ပင်လယ်ဆီသို့ ဆက်လက်ရွေ့လျားလာခဲ့သည်။
ဧကရာဇ်လေဟုန် လျှို့ဝှက်နည်းစနစ်များလား…
ဂူရှောင်ရွှဲ့၊ အလင်းနှင့် အမှောင်တို့သည် အံ့အားသင့်သောအကြည့်များအား တစ်ယောက်နှင့် တစ်ယောက် ဖလှယ်လိုက်ကြသည်။
သုံးယောက်သား ဧကရာဇ်လေဟုန် လျှို့ဝှက်နည်းစနစ်အား ချက်ချင်းပင် ဖန်တီးကာ အရိပ်များသဖွယ် ထန်ရှု၏အနောက်သို့ လိုက်သွားကြသည်။ သူတို့သည် ရှေ့သို့ လျင်မြန်စွာ တစ်ဟုန်ထိုး ပြေးသွားကြပြီး ၎င်းတို့၏ အမြန်နှုန်းသည် ထန်ရှုထက် များစွာ ပိုမြန်သည်။
တိုတောင်းသော အသက်ရှုချိန်များအတွင်း သူတို့သည် ထန်ရှုနှင့် အကွာအဝေးကို ထိန်းထားနိုင်ခဲ့သည်။
ထို့နောက် ဂူရှောင်ရွှဲ့သည် သူမ၏လက်များအား ဓားတစ်ချောင်းသဖွယ် လွှဲကာ ပင်လယ်ရေကို နှစ်ခြမ်းခွဲလိုက်သည်။
ထို့နောက် အဖွဲ့သည် တောက်ပသော စေတီတော်ဆီသို့ ချီတက်လာကြသည်။ ထိုနေရာတွင် ကျိချွိမိန်က အကြာကြီးစောင့်နေခဲ့ပြီး စေတီ၏တံခါးအား ကိုယ်တိုင် ဖွင့်ပေးလာခဲ့သည်။
"လေးစားရတဲ့သခင် … ဆရာသခင်က သတ္တမထပ်မှာ စောင့်နေပါတယ်။"
"အိုကေ။"
ထန်ရှုက ပြန်ဖြေရင်း အပေါ်ထပ်သို့ လျှပ်စီးတန်းသဖွယ် ပြေးတက်သွားသည်။ သို့သော် ဂူရှောင်ရွှဲ့၊ အလင်းနှင့် အမှောင်တို့အား ကျိချွိမိန်က တိတ်တဆိတ် ခေါင်းခါပြရင်း ဟန့်တားလိုက်သည်။
"အကြီးအကဲကျိ … ဆရာသခင် အရမ်းပျော်နေမှာပဲ။" ဂူရှောင်ရွှဲ့က တီးတိုးပြောလိုက်သည်။
ကျိချွိမိန်၏မျက်နှာထက်တွင် ကျေနပ်နေသည့်ပုံ ပေါ်လာသည်။ သူမက ခေါင်းညိတ်ကာ သက်ပြင်းချရင်း “ဒါပေါ့ … သူမ ပျော်နေတာပေါ့။ ဆရာသခင်က ပင်ပန်းဆင်းရဲခြင်းများစွာနဲ့ လေးစားရတဲ့သခင်ကို ရှာဖွေနေခဲ့ရတာ။ အခက်အခဲပေါင်းစုံကိုလည်း ခါးစည်းခံခဲ့ရရှာတယ်။ လေးစားရတဲ့သခင်က သူမရဲ့ နှလုံးသားလေးကို နားလည်နိုင်ဖို့ပဲ ငါ မျှော်လင့်တယ်။”
တောက်ပသောစေတီတော်၏ သတ္တမထပ်တွင် …
အတွင်း၌ ဂူယန်အာသည် ရေခဲကုတင်ထက်တွင် တင်ပျဉ်ခွေထိုင်နေသည်။ သူမ၏ လက်ချောင်းလေးများက ထူးဆန်းသော လက်ဟန်ချိတ်ပိတ်ခြင်းတစ်ခုကို ဖန်တီးလိုက်ရာ သူမ၏ခန္ဓာကိုယ်အတွင်းမှ အေးစိမ့်နေသော အအေးဓာတ်သည် လေထုထဲသို့ တိုးဝင်လာသည်။
ဤအခိုက်အတန့်တွင် သတ္တမထပ်၏အပူချိန်သည် သူမ မေ့မျောနေသည့်အခြေအနေတွင် ရှိစဉ်ကထက် များစွာ နိမ့်ကျသွားခဲ့သည်။ သူ၏ကျင့်ကြံမှုအဆင့် များစွာ မြင့်မားလာသော်လည်း ထန်ရှုသည် အရိုးများ ကိုက်အောင်ထိ အေးသော အအေးဒဏ်ကို ခံစားနေရဆဲဖြစ်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားသည်ကို ခံစားလိုက်ရသည်။
ထန်ရှုသည် သတ္တမထပ်သို့ ရောက်လျှင်ရောက်ချင်း ဖျော့တော့နေသည့်တိုင် ရင်သပ်ရှုမောဖွယ်ဖြစ်သော အလှလေးအား ငေးကြည့်နေမိသည်။ သူ၏ ခြေလှမ်းသည် တစ်ခဏအတွင်း ရပ်တန့်သွားရသည်။ သို့သော်လည်း သူ၏ရင်ခုန်သံသည် တဒိတ်ဒိတ်နှင့် မြန်နေခဲ့ပေသည်။
သာယာသော နွေဦးတစ်ခုအလား စိတ်ဝိညာဉ်မှ နွေးထွေးသော ခံစားမှုတစ်ခု ထွက်ပေါ်လာပြီး ထိုနွေးထွေးမှုသည် သူ၏ခြေလက်များ နှင့် ကိုယ်တွင်းအင်္ဂါငါးခုဆီ ရောက်သွားခဲ့သည်။ အေးစိမ့်သော အအေးဓာတ်သည် သူ့အပေါ်တွင် အနည်းငယ်မျှ သက်ရောက်မှုမရှိတော့သည့်အလားပင်။
ဂူယန်အာ၏ မျက်တောင်လေးများ တဖျပ်ဖျပ်ခတ်လာကာ ကြည်လင်တောက်ပသော မျက်နက်ဝန်းလေးများ ပွင့်လာပြီး သူမ အနည်းငယ် မင်သက်သွားသည် ။ သို့သော် ခဏအကြာတွင် သူမ၏ မျက်ဝန်းများတွင် သန့်စင်တောက်ပနေသော မျက်ရည်စများ တွဲခိုလာခဲ့သည်။ သူမ၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်သည် လေထဲတွင် လွင့်မျောလာခဲ့သည်။ သူမသည် နုထွတ်နေသော ခြေဖဝါးဗလာဖြင့် ကခုန်နေသည့် ကောင်းကင်ဘုံမှ အမျိုးသမီးတစ်ဦးအလား လေဟာနယ်မှတဆင့် ထန်ရှု၏အရှေ့သို့ ဖြည်း ညှင်းစွာ ရောက်လာသည်။
“ယန်အာ…”
ထန်ရှု၏နှုတ်ခမ်းများ တုန်ရီသွားကာ သူ၏အသံသည် အနည်းငယ် အက်ရှရှဖြစ်နေခဲ့သည်။
ဂူယန်အာ၏ မျက်ဝန်းများတွင် တောက်ပကြည်လင်သော မျက်ရည်များသည် ပင်လယ်သဖွယ် ဖွဲ့အိုင်လာသည်။ နောက်ဆုံးတွင် ဂူယန်အာ၏မျက်ရည်များသည် ပုလဲလုံးများ ရွာသွန်းလိုက်သကဲ့သို့ တစ်ပေါက်ပေါက်ကျလာကာ သူမ၏ဝတ်စုံအား စိုစွတ်စေလျက် သူမလေးသည် ထန်ရှု၏ရင်ခွင်ထဲသို့ တိုးဝင်လာခဲ့သည်။
“ဆရာသခင်…”
ဥသြငှက်တစ်ကောင်၏ သွေးအန်လုနီးပါး ငိုကြွေးခဲ့ရသော ပူဆွေးတမ်းတသံတစ်ခုသဖွယ်…
ရာနှင့်ချီသော ပျံလွှားငှက်များ၏ အနိမ့်အမြင့် အတက်အကျသံစဉ်များသဖွယ်…
နှစ်ထောင်ပေါင်းများစွာ တုန်ရီလှိုက်မောခဲ့ရမှုများနှင့်အတူ သူမ၏စိတ်ထဲတွင် ရှိသမျှ အရာရာကိုသာ ဖွင့်ဟလိုက်ချင်ရုံသာဖြစ်သည်။
ဂူယန်အာ၏ ပိန်ပါးကာ အေးစက်နေသော ခန္ဓာကိုယ်လေးအား ပွေ့ဖက်ထားရင်း ထန်ရှု၏စိတ်ထဲတွင် မကောင်းသော အတွေးဟူသည် မြူတစ်မှုန်မျှပင် မရှိခဲ့ပေ။ ထိုအစား သူ၏စိတ်နှလုံးသားသည် နွေးထွေးမှု၊ ချစ်ခင်မှုတွေနှင့်သာ ပြည့်နေခဲ့ပြီး အပြစ်ရှိခြင်း၊ လိုအပ်ခြင်းတွေနှင့်သာ ပြည့်နေခဲ့သည်။
ထန်ရှုက ဂူယန်အာ၏ နူးညံ့သော ဆံသားနက်နက်ရောင်လေးများကို ညင်သာစွာ ပွတ်ပေးရင်း တီးတိုးပြောလိုက်သည်။
"နောက်ဆုံးတော့ ဆရာသခင်က မင်းကို ပြန်တွေ့ရဖို့ နိုးထလာခဲ့ပြီပဲ။ မင်းရဲ့ တစ်သက်တာဆန္ဒတွေ ပြည့်ဝသွားပြီပေါ့။ အလိမ္မာလေး၊ မင်းက ငါ့ရဲ့ ကလေးအလိမ္မာလေးပါပဲ။"
ဂူယန်အာ၏ခန္ဓာကိုယ်သည် တောင့်တင်းသွားကာ ချက်ချင်းပင် သူမ၏ငိုသံသည် ခေတ္တရပ်တန့်သွားသည်။ သူမသည် ထန်ရှု၏ရင်ခွင်မှခွာကာ သူ၏မျက်နှာကို ခပ်ဖွဖွကိုင်ထားရင်း မျက်ရည်များဝဲနေသော မျက်ဝန်းများဖြင့် ကြည့်ကာ ခေါင်းယမ်းလိုက်မိသည်။
ထန်ရှုသည် ဂူယန်အာ၏ ပုံမှန်မဟုတ်သော အပြုအမူအား သိနားလည်သည့်အားလျော်စွာ သူမ၏လက်ကလေးအား အမြန်ဆုပ်ကိုင်လိုက်ပြီး စိုးရိမ်ပူပန်လှစွာဖြင့်
"ယန်အာ … မင်း ဘာဖြစ်သွားတာလဲ။ နေလို့ မကောင်းဘူးလား။"
ချစ်ခင်တွယ်တာမှုများ ပြည့်နှက်နေသော မျက်ဝန်းလေးများဖြင့် ဂူယန်အာက သူမ၏ခေါင်းကို အကြိမ်ကြိမ်ယမ်းပြီး
“ဆရာသခင် … ယန်အာ တကယ် နေကောင်းနေပါပြီ။ တကယ်ပြောတာပါ။ ယန်အာလေ အခုသေရရင်တောင်မှ ဆရာသခင့်ကို ပြန်တွေ့နိုင်ခဲ့တဲ့အတွက် ယန်အာ ကျေနပ်လှပါပြီ။ ဟိုး…နှစ်ထောင်ပေါင်းများစွာကြာအောင် ဆရာ့ကို ရှာဖို့အတွက် အခက်အခဲ၊ အတားအဆီးတွေ ဘယ်လောက်ပဲကြုံကြုံ ယန်အာ မကြောက်ခဲ့ပါဘူး။ ဆရာ့ကို တွေ့မြင်နေနိုင်သရွေ့ ယန်အာ ကျေနပ်နေပြီ… ကျေနပ်နေပါပြီဆရာ။"
သူမ၏လက်ကလေးကို ဆုပ်ကိုင်ထားရင်း ထန်ရှုက “ယန်အာ … စိတ်ချပါ။ မင်း ဆရာသခင့်ကို မြင်ဖူးသွားပြီ။ နောက်ပြီး ဆရာက မသေဘူး … အသက်ရှင်နေသေးတယ်။ နောက်ပိုင်းကို ဆရာ ဘယ်လို အတိမ်းအစောင်းကိုမှ အဖြစ်မခံဘူး။ ယန်အာနဲ့ အရာရာတိုင်းကိုလည်း ထားခဲ့မှာ မဟုတ်တော့ဘူး။”
ဂူယန်အာသည် အကြိမ်ကြိမ် ခေါင်းညိတ်ပြရှာသည်။ သူမ၏မျက်ဝန်းအစုံမှ မျက်ရည်များ မရပ်မနား စီးကျလာသည့်တိုင် သူမလေး၏လှပပြီး ဖြူဖျော့နေသည့်မျက်နှာထက်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။ ထိုအပြုံးသည် ရောင့်ရဲတင်းတိမ်မှုအပြည့်နှင့် ဖြူစင်လှသော အပြုံးတစ်ပွင့် ဖြစ်ပေတော့သည်။
ထို့နောက် ထန်ရှု၏အမူအရာသည် ပြောင်းလဲသွားကာ လေးနက်တည်ကြည်လာခဲ့သည်။ သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူပြီးနောက် လေးနက်သောလေသံဖြင့်
"ယန်အာ… ဆရာသခင် ကျိန်ဆိုတယ် … နောင်အခါမှာ ငါ ဘယ်လောက်ပေးဆပ်ရပါစေ မင်းရဲ့ဒဏ်ရာကို ကုသဖို့ ခရိုနိုသလင်းကျောက်နဲ့ နတ်ဆိုးပြန်လည်ရှင်သန်မြက်ပင်ကို ငါ တွေ့အောင် ရှာမှာပါ။ ဆရာ့ကို ယုံပါ ယန်အာ။"
ဂူယန်အာ၏တစ်သက်တာတွင် သူမ အားအကိုးဆုံးနှင့် အယုံကြည်ရဆုံးသူမှာ ထန်ရှုသာ ဖြစ်သည်။ သူ၏စကား ကြားရသည့်အခါ သူမသည် မဆိုင်းမတွပင် ခေါင်းညိတ်လိုက်ပြီး
"ယန်အာ ယုံပါတယ် ဆရာသခင်။”
“နောက်ပြီး ဆရာက ကမ္ဘာမြေကို ပြန်ရောက်လာပေမယ့် အရင်ကကျင့်ကြံမှုအဆင့် ဘာမှ မကျန်တော့ဘူး။ ဒါပေမယ့် ငါ့ကိုယုံပါ။ မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ မင်းကို အင်မော်တယ်ကမ္ဘာကို ပြန်ခေါ်သွားမယ်။ ယန်အာ့ကို ဒဏ်ရာရစေခဲ့တဲ့ အရိပ်နတ်ဆိုး—ကျူးဝူရှို့ကို ခါးသီးနာကျင်စေမယ့် တန်ဖိုး ပြန်ပေးရမယ်။ ငါ့တပည့်တွေကို ငါတစ်ယောက်တည်းသာ ရိုက်မယ်၊ ဆိုဆုံးမမယ်။ တခြားဘယ်သူမှ လုပ်ပိုင်ခွင့်မရှိဘူး။”
ဂူယန်အာက ခေါင်းကို အလျင်အမြန် ခါယမ်းပြီး ခါးခါးသီးသီးလေသံဖြင့်
“ဆရာသခင် … ယန်အာ့အတွက် လက်စားချေတာကို မလုပ်စေချင်ပါဘူး။ ဆရာ ဘေးကင်းလုံခြုံသရွေ့ ယန်အာက ဆရာ့နောက်ကို လိုက်နိုင်ပြီး ပျော်ရွှင်နေနိုင်မယ်ဆိုရင် ကျေနပ်တင်းတိမ်လှပါပြီ။"
"အနာဂတ်မှာ ယန်အာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဆရာ့နောက်ကနေ လိုက်နေရမယ်ဆိုပေမယ့်လည်း အရိပ်နတ်ဆိုး—ကျူးဝူရှို့ကတော့ သေရမယ်။ ကောင်းပြီ။ ဒီအကြောင်းကို မပြောကြရအောင်။ ငါတို့ ဆရာတပည့်၂ယောက် ပြန်ဆုံတွေ့ကြပြီမို့ ဆရာက မင်းကို သေချာကြည့်ပေးရမယ်။”
ဂူယန်အာက တောက်တောက်ပပ ပြုံးလိုက်ပြန်သည်။ သူမက ခေါင်းညိတ်ပြီး
“ဆရာသခင်ရဲ့အသွင်အပြင်က ပြောင်းသွားပြီ။ အရင်က အရိပ်အယောင်တွေရှိနေသေးပေမယ့် ဒါက တကယ် ဆရာပဲလား။"
"တကယ်ပါ ယန်အာရဲ့။" ထန်ရှုက ခေါင်းညိတ်ပြီး ပြောသည်။ "ထူးဆန်းတဲ့ အခြေအနေတွေ ရောထွေးနေတဲ့အတွက် ဆရာရဲ့ ဝိညာဉ်က အာကာသထဲကို ဖြတ်သွားခဲ့ပြီး တူညီစွာ ထူးဆန်းတဲ့ အခြေအနေတွေကြောင့်လည်း ဆရာ့ကို ဒီကမ္ဘာမှာ ထန်ရှုဆိုပြီး နာမည်တူ ရစေခဲ့တယ်။ ဆရာ့ရဲ့ဝိညာဉ်အမြစ်က ကောင်းကင်ဘုံရဲ့ အဟန့်အတားကိုဖြတ်ကျော်ပြီး နတ်ဘုရားအဖြစ်ကို မပြောင်းလဲနိုင်ဘဲ အပြန်လမ်းကို ရှာဖွေနိုင်ခဲ့တယ်။ သူတို့ကြောင့် ဒီလိုဖြစ်မယ်လို့ ဆရာ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး… ထူးဆန်းတဲ့ အခွင့်အလမ်းတစ်ခုနဲ့ ကမ္ဘာမြေကို ပြန်ရောက်လာခဲ့တာပဲ။ ဒါနဲ့ ယန်အာ … မင်းကတော့ ပျောက်ဆုံးသွားတဲ့အချိန်ထက် အသက် အနည်းငယ် ပိုကြီးလာတယ်ဆိုပေမယ့် ရုပ်ရည်သွင်ပြင်က လုံးဝပြောင်းလဲသွားခြင်းမရှိဘူး။ အရင်အတိုင်း အတော်လှနေသေးသလို ဆရာ့ရဲ့အချစ်ဆုံးတပည့်လည်း ဖြစ်နေတုန်းပဲ။”
“ဆရာသခင် … ဆရာက အင်မော်တယ်ကမ္ဘာသို့ သွားခဲ့တဲ့ စိတ်ဝိညာဉ်တစ်ခုသာ ဖြစ်လို့ ကောင်းကင်လျှို့ဝှက်ချက်တွေကို အခက်အခဲများစွာကြားထဲက ခိုးကြည့်တော့ သဲလွန်စအနည်းငယ်ရှာတွေ့နိုင်ခဲ့တယ်။ ကံကောင်းထောက်မပြီး ယန်အာရဲ့ ကမ္ဘာမြေကိုလာမယ်ဆိုတဲ့ နောက်ဆုံးလောင်းကြေးထပ်တာက မှန်ကန်ကြောင်း သက်သေပြခဲ့တယ်။”ဂူယန်အာက ပြောသည်။
"ယန်အာ … ဒီနှစ်ထောင်ပေါင်းများစွာအတွင်းမှာ မင်း နာကျင်စရာတွေ အများကြီး ခံစားခဲ့ရတယ်ဆိုတာ ဆရာ သိပါတယ်။ တကယ်တော့ မင်းရဲ့ဆရာသခင်အတွက် နှစ်ပေါင်းများစွာ နှောင့်နှေးမနေသင့်ဘူး။ မင်းအတွက် ငါအမြဲမျှော်လင့်ခဲ့တာက မင်း ပျော်ရွှင်စွာနေထိုင်နိုင်ပြီး အင်မော်တယ်ဖြစ်လာဖို့ရယ် အနာဂတ်မှာ နတ်ဘုရားတစ်ပါး ဖြစ်လာဖို့ပါပဲ။ ကမ္ဘာမြေကို မင်း ရောက်လာတာ မင်းရဲ့ဆရာသခင်ကို တကယ်ပဲ အပြစ်ရှိသလို ခံစားရစေမိတယ်။” ထန်ရှု သက်ပြင်းချကာ ပြောလိုက်သည်။
“ဆရာသခင်ကသာ ယန်အာ့အတွက် ပျော်ရွှင်မှုရဲ့ တစ်ခုတည်းသော အရင်းအမြစ်ပဲ။"
ဂူယန်အာက သူမ၏ခေါင်းလေးကို ယမ်းကာ အပြုံးဖြင့် "ယန်အာ တကယ်နောင်တရတယ်။ အဲ့ဒီပစ္စည်းကို မျှော်လင့်ချက်မဲ့တဲ့ အခြေအနေမှာ စုံလုံးပစ်ပြီး လိုက်ရှာမိလို့ နောင်တရမိတယ်။ …”
ထန်ရှုက ညင်သာစွာ ခေါင်းယမ်းလိုက်ရင်း သူမ၏စကားကို ကြားဖြတ်ကာ
"ယန်အာ … ငါသာ အင်မော်တယ်ကမ္ဘာမှာရှိနေသေးရင် မင်းကို အဲဒီ့နေရာကို မသွားရအောင် တားမိမှာပဲ။ ဒါပေမယ့် အခု မင်းလုပ်ခဲ့တာက မှန်ကန်တဲ့ ရွေးချယ်မှုလို့ ငါ ခံစားရတယ်။ မင်းက ငါ့အချစ်ဆုံးတပည့်ဖြစ်တာကို အင်မော်တယ်ကမ္ဘာက ပညာရှင်အားလုံး သိကြတယ်။ သူတို့ လုပ်ကြံတာ ခံရတော့ ငါ သေလုနီးပါးပဲ။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက မင်းသာ ငါ့အနားမှာရှိနေရင် ဘေးဥပဒ်က ကောင်းကောင်း မပြီးဆုံးသွားမှာကို ငါ စိုးထိတ်တယ်။"
ဂူယန်အာ တိတ်ဆိတ်သွားသည်။
ထန်ရှု ပြောသည်မှာ မှန်ကန်ကြောင်း သူမ သိသည်။ ထိုအချိန်က သူမသည် ဆရာ့အနားတွင် ရှိခဲ့မည်ဆိုပါက သူမလည်း သေလုမြောပါး ဖြစ်ပေလိမ့်မည်။ အကယ်၍ သူမသည် ထိုအချိန်က ထိုလုပ်ကြံသူတို့၏လက်ချက်ဖြင့် သေခဲ့ရပါက ယခုအချိန်တွင် သူမ၏ဆရာသခင်နှင့် ပြန်လည်ဆုံတွေ့သည့်အခွင့်အရေးကို ရရှိလိမ့်မည် မဟုတ်ပေ။
***