← Chapters

၀န်ခံခြင်း

Vol. 08 Ch. 399

၀န်ခံခြင်း

Vol. 08 Ch. 399

ဆရာသခင်နှင့်တပည့်တို့ ပြန်လည်တွေ့ဆုံပြီး သူတို့၏ စိတ်အတွင်းနှင့် နှလုံးသားအတွင်း၌ရှိသော အကြောင်းအရာအားလုံးကို ပြောဆိုခဲ့ကြသည်။ တောက်ပသောစေတီတော်၏သတ္တမထပ်သည် အေးစိမ့်သောလေထုနှင့် ပြည့်နေသော်လည်း သူတို့၏ နှလုံးသားနှစ်ခုသည် နွေးထွေးမှုများနှင့် ပြည့်နေခဲ့သည်။

သူတို့နှစ်ယောက်သည် စကားများစွာ ပြောနေရင်း  အချိန်များစွာ ကုန်သွားသည်။

နောက်ဆုံးတွင် ဂူယန်အာက တစ်ခုခုကို သတိရသွားသည့်ဟန်ဖြင့်  ထခုန်မိပြီး

“ဆရာသခင် … ယန်အာက လက်ဆောင်တစ်ခု ပေးရဦးမယ်။ အရင်က ဆရာကြိုက်တဲ့ အရာတစ်ခုကို ရှာချင်ခဲ့ပေမယ့် ပိုကောင်းတဲ့ အရာတစ်ခုကို ရှာတွေ့ခဲ့တယ်။ ဆရာ သဘောကျလိမ့်မယ်လို့ ယန်အာ ထင်တယ်။"

"ဘာပစ္စည်းများလဲ။" ထန်ရှု အံ့သြသွားသည်။

ဂူယန်အာက ကြမ်းပြင်အား သူမ၏ခြေထောက်ဖျားလေးဖြင့် အသာထောက်လိုက်သည် ။ သူမ၏ အဖြူရောင်ဝတ်စုံသည် ဝဲကာကျလာသည့်ဟန်မှာ နတ်သမီးလေးတစ်ပါး ကနေသည့်အလား ဖြစ်သည်။ သူမ၏လက်ဖဝါးထဲတွင် သိမ်မွေ့သော အစိမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုအလင်းတန်း လွှမ်းခြုံထားသော အလယ်ဗဟိုတွင် စိမ်းပြာရောင်အစေ့တစ်ခု ပေါ်လာသည်။

ဟုတ်ပါသည်။ ထိုအရာသည် မျိုးစေ့တစ်ခုဖြစ်သည်။ ထို့ပြင် သိပ်သည်းသော အသက်စွမ်းအားတစ်ခုကို ထုတ်လွှတ်လျက် ရှိသည်။

ထန်ရှုသည် ထိုအစိမ်းရောင် ထွက်ပေါ်နေသည့် မြင်ကွင်းအား ကြည့်ကာ မျက်မှောင်ကြုပ်သွားသည်။ သူ၏မှတ်ဉာဏ်များအတွင်း ထိုမျိုးစေ့နှင့် ပတ်သက်သည့် ဗဟုသုတများကို ရှာဖွေလိုက်သော်လည်း  အချက်အလက် အနည်းငယ်ကိုမျှ သူ ရှာမတွေ့ခဲ့ပါသောကြောင့် သည်လိုမျိုးစေ့မျိုးအား သူ တစ်ခါမှ မမြင်ဖူးခဲ့သည်မှာ သေချာပေသည်။

“ယန်အာ … ဒါက…” ထန်ရှု သိလိုစိတ် ပြင်းပြစွာဖြင့် မေးလိုက်သည်။

“ဆရာသခင် … အင်မော်တယ်ကမ္ဘာက နတ်ဘုရားအဆင့် ထိပ်တန်းပစ္စည်းဆယ်ပါးထဲက ထိပ်တန်းသုံးပါးအကြောင်း သိတယ် မဟုတ်လားလို့။” ဂူယန်အာက ချွဲချွဲနွဲ့နွဲ့ မေးလိုက်သည်။

"သိတယ် … အဲ့ဒီပစ္စည်းတွေအကြောင်း သိတယ်လေ။ ပထမတစ်ခုက ကမ္ဘာ့အူတိုင်၊ ဒုတိယတစ်ခုကတော့ ကောင်းကင်ဘုံလမ်းစကြာဝဠာသစ်ပင်နဲ့ တတိယတစ်ခုကတော့ သံသရာစက်ဝန်းလေ။”

“သိပ်မှန်တာပေါ့။  ကမ္ဘာ့အူတိုင်က အင်မော်တယ်ကမ္ဘာရဲ့ အူတိုင် ဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်ဆုံးနေရာဖြစ်တဲ့ ပုံရိပ်ယောင် မေ့လျော့ခြင်းနယ်မြေမှာ တည်ရှိနေတာ။ အင်မော်တယ်ကမ္ဘာရဲ့ နယ်နိမိတ်တွေကို အကြိမ်သန်းပေါင်း များစွာ ချဲ့ထွင်ဖို့ ကမ္ဘာ့အူတိုင်ရဲ့ စွမ်းအားကို ချေးယူဖို့လိုတယ်။ အဲ့ဒီလိုယူဖို့ဆိုပြီး အပြန်ပြန်အလှန်လှန် သွားလာနေရတာကိုလည်း နတ်ဘုရားနယ်မြေရဲ့အထူးကျွမ်းကျင်သူတွေက ခေတ်ပေါင်းများစွာ သိရှိထားကြပြီးသား။ သံသရာစက်ဝန်းကတော့ လူဝင်စားခြင်းဆိုင်ရာ နိယာမများတွေနဲ့စပ်လျဉ်းတဲ့ အနက်နဲဆုံး ကောင်းကင်ဘုံဥပဒေ ဖြစ်တယ်လေ။ သံသရာစက်ဝန်းကို ထိန်းချုပ်နိုင်တဲ့ ဘယ်သူမဆို အသက်ထရီလီယံပေါင်းများစွာရဲ့ သံသရာလမ်းကြောင်းကို အုပ်ချုပ်နိုင်မှာ ဖြစ်သလို ကံကြမ္မာစက်ဝန်းမှ အထောက်အပံ့ကိုလည်း ဆွဲယူနိုင်ပြီး နတ်ဘုရားနယ်မြေမှာ အခြေချနိုင်မယ်လို့ ဆိုကြတယ်။ ကံမကောင်းစွာပဲ သံသရာစက်ဝန်းကို ဘယ်သူမှ မရယူနိုင်ခဲ့ကြတော့ ဒါက ဒဏ္ဍာရီတစ်ပုဒ်လို ဖြစ်နေခဲ့တော့တာပေါ့။ ဒီမျိုးစေ့ကိုယ်တိုင်က သည်ခေတ်ကောင်းကင်ဘုံလမ်းစကြာဝဠာသစ်ပင်ရဲ့ ပုံဆောင်ခဲသာ ဖြစ်ပေမယ့် အင်မော်တယ်ကမ္ဘာ တည်ရှိပြီးကတည်းက တစ်ခုတည်းသော မျိုးစေ့လည်း ဖြစ်တယ်။ အကယ်၍ အဲ့ဒီမျိုးစေ့ကို တစ်ဦးတစ်ယောက်ရဲ့ နှလုံးသားအတွင်းမှာ ပြုစုပျိုးထောင်ခဲ့မယ်ဆိုလို့ရှိရင် အဲ့လူက နတ်ဘုရားနယ်မြေဆီ ဦးတည်နေတဲ့ ဒုတိယလမ်းကြောင်းကို ထိန်းချုပ်နိုင်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ဘုံလမ်းစကြာဝဠာသစ်ပင် ခုတ်လှဲမခံရမီက အဲ့ဒီသစ်ပင်က နတ်ဘုရားကမ္ဘာဆီကို ဦးတည်သွားတဲ့ တစ်ခုတည်းသောလမ်းကြောင်းဖြစ်နေလို့ပဲ။”

ဂူယန်အာက ရှည်လျားစွာ ရှင်းပြလိုက်သည်။

တုန်လှုပ်သွားသော အမူအရာဖြင့် ထန်ရှုသည် မျိုးစေ့ကို တစ်ချက်ကြည့်လိုက်မိသည်။ သူ၏မျက်လုံးများသည် တောက်ပစွာ ပြုံးနေသော ဂူယန်အာအား စိုက်ကြည့်နေရင်း ခေါင်းယမ်းလိုက်ကာ

"ယန်အာ … မင်း ဒီပစ္စည်းကို ဘယ်ကရခဲ့တာလဲ။"

ဂူယန်အာ၏မျက်ဝန်းထဲတွင် ညစ်ကျယ်ကျယ် အလင်းတန်းတစ်ခုပေါ်လာကာ သူမက ရယ်မောလိုက်ရင်း

"ဆရာသခင် အသတ်ခံရတယ်လို့ ကောလဟာလ ထွက်ပြီး နှစ်ပေါင်း ၃၆ဝဝ အကြာမှာ အသန်မာဆုံး အင်မော်တယ်ကမ္ဘာရဲ့ ထိပ်သီး၁၇ယောက်က သူတို့ရဲ့သွေးအဆီအနှစ်တစ်စက်နဲ့ အသက်ရင်းမြစ်ကို စတေးခံစုစည်းပြီး ကောင်းကင်ဘုံလမ်းကြောင်းသစ် ရဖို့ လုပ်ခဲ့ကြတယ်။ ကောင်းကင်ဧကရာဇ်ထျန်းကျိနဲ့ သူ့ရဲ့တပည့်ကိုးဦးက နှစ်ပေါင်း ၃၆၀ ကြာ အချိန်ကုန်ခံ အပင်ပန်းခံလိုက်ပြီးတဲ့နောက်မှာ ကောင်းကင်ဘုံ လျှို့ဝှက်ချက်ရဲ့ သဲလွန်စကို ရှာဖွေတွေ့ရှိခဲ့တယ်။

“အဲ့ဒီနောက်တော့ ထိပ်သီး၁၇ယောက်က ကောင်းကင်ဧကရာဇ် ထျန်းကျိရဲ့ ဟောချက်အရ တစ်နေရာကို သွားခဲ့ကြတယ်။ အဲ့ဒီနေရာကို နွယ်အမြင်ကုန်းမြေက အင်မော်တယ်မုန်လာစိမ်းနယ်မြေလို့လည်း ခေါ်တယ်။ ကောင်းကင်ဘုံလမ်းစကြာဝဠာသစ်ပင်က အဲ့ဒီနယ်မြေအတွင်း ဖြတ်သန်းသွားတာက တွေ့ရှိပြီး ဒီအစေ့ကို ချန်ထားခဲ့တာကိုလည်း တွေ့ရှိခဲ့ကြတယ်။

“ဒါပေမယ့် ဒီကောင်းကင်လျှို့ဝှက်ချက်ကို ဖော်ထုတ်ခဲ့တဲ့ ကောင်းကင်ဧကရာဇ်ထျန်းကျိက ဒီ၁၇ယောက်ရဲ့ စိတ်နှလုံးသားတွေကို အမှန်တကယ် မခန့်မှန်းနိုင်ခဲ့ဘူး။ အဲ့ဒီ၁၇ယောက်က သစ်စေ့ကို လုဖို့ အချင်းချင်း တိုက်ခိုက်ကြတော့တာပဲ။ ပညာရှင်ပေ့ဝါးက နတ်ဘုရားသွေးချိပ်ပိတ်နည်းစနစ်နဲ့ လေဟာနယ်ကို စုတ်ဖြဲပြီး သူ မသေဆုံးမီ ဒီမျိုးစေ့ကို ယန်အာ့ဆီ ပေးပို့ခဲ့တာ။"

"ပညာရှင်ပေ့ဝါးက ကွယ်လွန်သွားခဲ့ပြီး မထင်မှတ်ပဲ သူက နတ်ဘုရားသွေးချိပ်ပိတ်နည်းစနစ်ကို ပြခဲ့တယ်။" ထန်ရှု၏မျက်နှာ အနည်းငယ် ပျက်သွားပြီး

"ဒါပေမယ့် ဒါက နတ်ဆိုးနယ်မြေမှာ နတ်ဆိုးနတ်ဘုရားအဖြစ် တက်လှမ်းသွားတဲ့ နတ်ဆိုးအကြီးအကဲ ဝုကျွီရဲ့ အစွမ်းထက်ဆုံး တားမြစ်ထားတဲ့ ပညာရပ်ပဲ။"

“ဆရာသခင် … ပညာရှင်ပေ့ဝါးက မူလကတည်းက နတ်ဆိုးနယ်မြေက တစ်ယောက်ပဲမဟုတ်လား။ ဒါပေမယ့် သူက သူ့ရဲ့စိတ်ဝိညာဉ်ကို အင်မော်တယ်ကမ္ဘာကို ဖြတ်ကျော်ဖို့ တွန်းအားပေးခဲ့တယ်။ အချိန်အတော်ကြာအောင် ကျင့်ကြံပြီးမှ နောက်ဆုံးမှာ အင်မော်တယ်ကမ္ဘာတွင် သာလွန်တဲ့ပညာရှင်တစ်ယောက် ဖြစ်လာခဲ့တာလေ။ ဒါနဲ့ သူက ယန်အာ့ဆီ အဲ့ဒီအစေ့ ပို့ပေးချိန်မှာ စကားနည်းနည်း ချန်ထားခဲ့တယ်။”

"ဘာ စကားတွေလဲ။" ထန်ရှုက မေးသည်။

“သူပြောခဲ့တာက –  ဒီဆိုးသွမ်းတဲ့ နတ်ဆိုးက တစ်ချိန်က ရခဲ့တဲ့ အကူအညီအတွက် အဲ့ဒီသူငယ်ချင်းဟောင်းကို အခု ကျေးဇူးပြန်ဆပ်ပါပြီ။ အတိတ်က ဓားတစ်လက်နဲ့ အစားအစာအတွက်ပါတဲ့။”

ဂူယန်အာက ပြောပြသည်။

ထန်ရှု၏နှလုံးသားလေး တုန်ခါသွားရကာ မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်သည်။

အတိတ်ကို ပြန်သွားရသော် အင်မော်တယ်ကမ္ဘာတွင် တစ်စုံတစ်ယောက် ဒုက္ခရောက်နေကာ မျှော်လင့်ချက် ကုန်ဆုံးနေသော နေရာတစ်ခုအား ထန်ရှုသည် မထင်မှတ်ဘဲ ဖြတ်သန်းသွားခဲ့မိသည်။ ထိုနေရာတွင် သူသည် ဘေးဒဏ်မှ မလွတ်မြောက်နိုင်သော ပညာရှင် ပေ့ဝါးအား တွေ့ခဲ့ရသည်။ ထိုသို့သော အစွမ်းထက်သည့် သူတစ်ယောက် သေပြီး ပျောက်ကွယ်သွားသည်ကို သူ မမြင်ချင်သောကြောင့် သူ အကူအညီ ပေးခဲ့သည်။ ထိုဆိုးရွားသောအခြေအနေတွင် သူသည် စိတ်ဝိညာဉ်ဖျက်ဆီးမြက်ပင်၏အမြစ်ကို သူ၏ဓားဖြင့်ခုတ်ဖြတ်ပြီး သေလုမြောပါးဖြစ်နေသော ပေ့ဝါးကို ကယ်တင်ခဲ့ပြီးနောက် စားသုံးရန် သန့်စင်ဆေးလုံးကို လက်ဆောင်ပေးကာ ခွန်အားကို ပြန်လည်ရရှိစေသည်။ ထို့နောက် သူသည် သူ၏ကျင့်ကြံရာဂူသို့ ပြန်သွားခဲ့သည်။ ပေ့ဝါးသည် သူ့ထံ အကြိမ်ပေါင်းများစွာ အလည်လာပြီး ထိုကျေးဇူးအား ပြန်ဆပ်နိုင်ရန် အားထုတ်ခဲ့သည်။ သို့သော်လည်း နတ်ဆိုး နှင့် အင်မော်တယ်နယ်မြေ သီးသန့်ခွဲခြားထားမှုစည်းမျဉ်းအရ သူသည် ပေ့ဝါးအား မတွေ့ဆုံခဲ့တော့ပေ။ နှစ်ထောင်ပေါင်းများစွာ ပေါင်းသင်းခဲ့သည့် သူ၏အချစ်ဆုံးသူငယ်ချင်းများက သူ့အား များစွာသော အကျိုးစီးပွားအတွက် သစ္စာဖောက်ခဲ့သည့်အချိန်တွင် မျှော်လင့်ချက်မဲ့နေသည့် အခြေအနေတစ်ခုမှ ကယ်တင်ခြင်းခံခဲ့ရသည့် ပေ့ဝါးက သူ၏ကျေးဇူးတရားအား မမေ့ခဲ့ပါပေ။

အင်မော်တယ်တစ်ယောက်ဆိုတာ ဘာလဲ…

နတ်ဆိုးတစ်ယောက်ဆိုတာကရော ဘာလဲ…

ဒါတွေက ပညတ်ချက်တွေပဲ မဟုတ်ပေဘူးလား။

ထန်ရှု ရုတ်တရက် ပြုံးလိုက်မိသည်။ သူသည် ဂူယန်အာအား ကြည့်ကာ

“ယန်အာ … ဒါကို ခန့် မှန်းပြီးသားမဟုတ်လား။”

“ဟုတ်ကဲ့ ဆရာသခင်။” ဂူယန်အာက ပေါ့ပါးစွာ ပြုံးလိုက်ပြီး

“ပညာရှင်ပေ့ဝါးက ဒီမျိုးစေ့ကို ယန်အာ့ဆီ မပေးခင်မှာ ခန့်မှန်းထားပြီးသားပါ။ ပိုမိုသန်မာလာစေဖို့၊ ဆရာသခင့်ကို ရှာဖွေဖို့ အဲဒီတုန်းက အင်မော်တယ်ကမ္ဘာမှာ မရေမတွက်နိုင်တဲ့ သေခြင်းရှင်ခြင်းတွေကို ယန်အာ တွေ့ကြုံဖြတ်သန်းခဲ့တယ်။ ပညာရှင်ပေ့ဝါးက ယန်အာ့ကို နှစ်ကြိမ် ကယ်တင်ခဲ့တယ်။ ပထမအကြိမ် ကယ်တင်ခြင်းပြီးတော့ ယန်အာ့ကို တပည့်အဖြစ် ခေါ်ဆောင်လိုကြောင်း ပြောခဲ့ပေမယ့် ယန်အာ ငြင်းလိုက်တယ်။ ဒုတိယအကြိမ် ကယ်တင်ခဲ့တဲ့ အချိန်မှာ ဆရာ့ရဲ့ အုတ်ဂူကို ဝမ်းနည်းကြောင်း ပြောပေးဖို့ မှာလိုက်တယ်။”

ထန်ရှုက ခေါင်းညိတ်ပြီး

"ပညာရှင်ပေ့ဝါးက အင်မော်တယ်ကမ္ဘာမှာ အမှန်တကယ်ကို ရှာမှရှားတဲ့သူတစ်ယောက်ပဲ။ အင်မော်တယ်ကမ္ဘာကို ငါ ပြန်ရောက်တဲ့အခါ သူ့ရဲ့သားမြေးတွေကို ငါ သေချာပေါက် ပြုစုစောင့်ရှောက်ပေးမှာပါ။"

“ဆရာသခင်… ဒီကောင်းကင်ဘုံလမ်းစကြာဝဠာသစ်ပင် မျိုးစေ့ကို နှလုံးသားထဲမှာ မြန်မြန်စိုက်လိုက်ပါ။"

ဂူယန်အာက ပြုံးပြီး ပြောတယ်။ “ဆရာ့ရဲ့နှလုံးသွေးအဆီအနှစ်နဲ့ အာဟာရကျွေးမှပဲ သူက အမြစ်တွယ်ကြီးထွားနိုင်လိမ့်မယ်။ ဆရာသခင်က ကောင်းကင်ဘုံလမ်းစကြာဝဠာသစ်ပင်သစ်တစ်ပင်ကို စိုက်ပျိုးပြီး နတ်ဘုရားကမ္ဘာရဲ့အထွတ်အထိပ်မှာ ရပ်တည်နိုင်တဲ့နေ့ကို ယန်အာ မျှော်လင့်ထားခဲ့တာ။"

ထန်ရှုက ဂူယန်အာကို နက်ရှိုင်းသော အကြည့်တစ်ချက်ဖြင့် စိုက်ကြည့်လိုက်ပြီး သူက လက်ခံရမည့်အစား တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့ပြီးနောက် ဖြည်းညှင်းစွာ မေးသည်။ "ယန်အာ … မင်း ဘာလို့ ဒီကောင်းကင်ဘုံလမ်း စကြာဝဠာသစ်ပင်မျိုးစေ့ကို မစိုက်တာလဲ။ မင်း အဲ့ဒီလိုလုပ်မယ်ဆိုရင်တောင် ဆရာက အနာဂတ်မှာ မင်းရဲ့အကူအညီနဲ့ အင်မော်တယ်ကမ္ဘာရဲ့ အထက်မှာ ရပ်တည်နိုင်နေသေးတာပဲ။"

ဂူယန်အာက ခေါင်းယမ်းပြီး

“ဆရာသခင် … ဒီမျိုးစေ့က ဆရာတစ်ယောက်တည်းပဲ ပိုင်တာပါ။ ဆရာက ယန်အာ့အတွက် တစ်ယောက်တည်းသောသူပါ။ ဒီမျိုးစေ့ကို လိုချင်တဲ့ ဘယ်သူမဆို ယန်အာ ကိုယ်တိုင်ဖြစ်ရင်တောင်မှပဲ … ယန်အာ အထွတ်အမြတ်ထားတဲ့ ဆရာသခင့်ကို ထိပါးတာနဲ့တူတယ်။ "

ထန်ရှု၏နှလုံးသားလေး တုန်လှုပ်သွားရသည်။ သူသည် မျိုးစေ့အား တိတ်ဆိတ်စွာ ယူလိုက်သည်။ ထိုမျိုးစေ့သည် သူ၏လက်ဖဝါးထဲသို့ ရောက်သွားသည်နှင့်တပြိုင်နက် သူ၏ကြယ်စွမ်းအားသည် မျိုးစေ့အား သူ၏နှလုံးသားထဲသို့ ဆွဲယူလိုက်ကာ ထိုအပေါ်တွင် အပေါက်တစ်ခု ကွဲအက်ဖြစ်ပေါ်လာပြီး မျိုးစေ့သည် တစ်သားတည်း ရောယှက်သွားခဲ့သည်။ ထို့နောက် သူ၏ ကြယ်စွမ်းအားများ ဖြည့်တင်းပေးမှုအောက်တွင် သူ၏နှလုံးသားကွဲအက်မှုသည် တဖြည်းဖြည်း သက်သာပျောက်ကင်းလာခဲ့သည်။

…ဘန်း…

ထန်ရှု၏နှလုံးသားအတွင်း၌ ပြင်းထန်သော အသက်စွမ်းအားအော်ရာတစ်ခု ပေါက်ကွဲသွားသည်။ သူ၏နှလုံးသားသည် နေရာချဲ့ထွင်လာသောကြောင့် ထန်ရှုသည် တုံ့ပြန်နိုင်စွမ်း မရှိခဲ့ချေ။ ထိုနေရာသည် စတုရန်းမီတာများစွာသာ ကျယ်ဝန်းသော်လည်း ထန်ရှု၏နှလုံးသားအတွင်းရှိ သွေးအဆီနှစ်အားလုံးသည် ဤနေရာထဲသို့ စိမ့်ဝင်သွားခဲ့တော့သည်။

မျိုးစေ့သည် တောက်ပသော အစိမ်းရောင် အလင်းတန်းတစ်ခုအား ထုတ်လွှတ်လျက် သွေးအဆီအနှစ်ထဲတွင် ငြိမ်သက်စွာ လွင့်မျောနေသည်။

…နှလုံးသားပင်လယ်။ ငါ့မှာ နှလုံးသားပင်လယ် ရှိသွားတာလား…

ထန်ရှုသည် သူ၏အသက်စွမ်းအင်သည်  ရုတ်တရက် အရှိန်အဟုန်ပြင်းစွာ မြင့်တက်လာသည်ကို ခံစားလိုက်မိပြီး သူ၏သွေးအဆီအနှစ်သည် အဆပေါင်း ရာနှင့်ချီကာ တိုးလာခဲ့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အရင်ကထက် ပိုမိုသန်မာလာပြီး ပိုမိုအားကောင်းလာသည်ဟု ခံစားလာမိသည်။ အင်မော်တယ်ကမ္ဘာတွင်ရှိစဉ်ကပင် ဤမျှသော ခွန်အားကို တစ်ခါမျှ သူ မခံစားခဲ့ဖူးပေ။ သူ၏ဝိညာဉ်သည် အငွေ့ပျံကာ ပြန်ခဲသွားသည့်အလားပင် ဖြစ်တော့သည်။

ထန်ရှု၏အော်ရာများ သိသိသာသာ တိုးတက်လာသည်ကို ဂူယန်အာသည် အပြုံးဖြင့် စောင့်ကြည့်ပြီးနောက် သူမက ခပ်တိုးတိုးလေသံဖြင့်

“ယန်အာက ဆရာသခင့်ကို ဂုဏ်ပြုပါတယ်။ ဆရာက ယန်အာရဲ့တစ်ဦးတည်းသော ကိုးကွယ်ရာ။ ပြီးတော့ တစ်ယောက်တည်းသော အားကိုးရာပါ။ ယန်အာက နောက်ဆိုရင် ဆရာသခင့်ကိုပဲ လုံးလုံးလျားလျား အားကိုးတော့မှာနော်။"

"စိတ်မပူပါနဲ့။" ထန်ရှုက တစ်ချက်ပြုံးလိုက်ရင်း "ဆရာသခင်က ယန်အာ့ရဲ့ဒဏ်ရာပျောက်ကင်းဖို့ သေချာပေါက် ကြိုးစားအားထုတ်မှာပါ။ ယန်အာ့ကို ဆရာ့အနားမှာထားပြီး ပိုမိုပျော်ရွှင်စေအောင် လုပ်ပေးမယ်ဆိုတာ စိတ်ချထားလိုက်။ နောင်မှာ မင်းနဲ့ ထိုက်တန်တဲ့ ခင်ပွန်းကို ရှာတွေ့ရင်တောင် အဝေးတစ်နေရာကို သွားခွင့်မပေးနိုင်သလို ထပ်ပြီး ဒုက္ခရောက်စေမယ့်အရာတွေ ကြုံတွေ့ခွင့်မပြုနိုင်ဘူး…”

…ထိုက်တန်တဲ့ ခင်ပွန်းတဲ့လား…

ဂူယန်အာ၏မျက်နှာထက်မှ အပြုံးသည် ချက်ချင်း အေးခဲသွားသည်။ ဤအခိုက်အတန့်တွင် သူမ၏နှလုံးသားလေးအား ဓားဖြင့် အစိတ်စိတ်အမွှာမွှာ ပိုင်းလိုက်သည့်နှယ်ပင်။

အရမ်းနာကျင်ခဲ့ရသည်။

သူမ ကြီးပြင်းလာပြီး ယောက်ျား နှင့် မိန်းမကြားက ချစ်ခြင်းမေတ္တာတွေကို နားလည်လာကတည်းက သူသည် သူမ၏အရင်းနှီးဆုံး ဆွေမျိုးဖြစ်သည်။ သူသည် သူမ၏ အချစ်ရဆုံးသူတစ်ယောက်လည်း ဖြစ်ခဲ့သည်။  နှစ်ထောင်ပေါင်းများစွာ သူမ အရူးအမူး ကျင့်ကြံ့နိုင်ရန်အတွက် သူမ၏ပံ့ပိုးကူညီသူ ဖြစ်လာခြင်း၊ သူမ၏ခွန်အားကို စိတ်အားထက်သန်စွာ မြှင့်တင်ပေးခြင်းတို့ဖြင့် သူမအား ပျိုးထောင်ခဲ့သောသူ တည်ရှိသောနေရာကို ရူးသွပ်စွာ ရှာဖွေမိခြင်းသည် သူမ၏တွယ်ငြိရာသည် သူ ဖြစ်နေသောကြောင့်ပင်။

မှန်ပေသည်။ ထိုအရာများသည် အရင်းနှီးဆုံး ချစ်ခြင်းမေတ္တာကို ဖြစ်စေသော အကြောင်းရင်းပင် ဖြစ်သည်။

သို့သော်…

သည်ဟာသည် အချစ်လည်း ဖြစ်သည်။

မိုက်မဲသော အဓိပ္ပါယ်ကင်းမဲ့သော အချစ်တစ်ခု ဖြစ်သည်သာ။

သူမသည် ထိုအရာကို လျစ်လျူရှုထားနိုင်သည်။ သူမအား ထိုက်တန်သည့်လူကိုရှာရန် အခြားသူတစ်ဦးမှ ပြောလာခဲ့လျှင် သူမ ဂရုစိုက်မည်မဟုတ်ချေ။ သို့သော် ထိုစကားကို သူမ၏နှလုံးသားလေးအား လွှမ်းမိုးထားသည့် ဆရာသခင်ဆီမှဖြင့် သူမ မကြားလိုလှပေ။

သူ… သူ မစွန့် လွှတ်နိုင်သေးဘူးပေါ့။

ဂူယန်အာ၏မျက်နှာထက်မှ ပျက်ယွင်းလာသော အပြုံးကို သိသွားသည့် ထန်ရှုက စိုးရိမ်တကြီး မေးလိုက်သည်

“ယန်အာ … နေလို့ မကောင်းဘူးလား။ ရေခဲကုတင်ပေါ်မှာ လာထိုင်လိုက်။ စိတ်မပူနဲ့နော် … ဆရာက ခြေလှမ်းဝက်တောင် ထွက်သွားမှာ မဟုတ်ပါဘူး။ မင်း နိုးနေတုန်း ဆရာ အဖော်လုပ်ပေးနေမယ်။"

ဂူယန်အာ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။ သူမသည် ဟိုးယခင်အချိန်ကတည်းက သူမ၏ ဆရာသခင်ကို ချစ်မိသွားသော်လည်း သည်အချစ်သည် တစ်ဖက်သတ် အချစ်တစ်ခုသာ ဖြစ်ခဲ့သည်။ သူမ၏နှလုံးသားထဲတွင် တိတ်တဆိတ်လေးသာ ထည့်ထားနိုင်ပြီး ဆရာသခင်အား ထုတ်ဖော်မပြဝံ့ခဲ့ပါချေ။ ယခုမူ သူမသည် သေခြင်းရှင်ခြင်းကိုပင် ဂရုမစိုက်နိုင်တော့လောက်သည့်အထိ ဖြတ်သန်းခဲ့ရသည်မှာ များပြားလွန်းလှပေသည်။

ထို့ကြောင့် သူမသည် ယခုအချိန်တွင် အလွန် ရဲရင့်လာခဲ့သည်။

"ဆရာသခင် … ယန်အာ လက်ထပ်ရမယ့်သူက ဆရာသခင်မှမဟုတ်ရင် ယန်အာ တစ်သက်လုံး အိမ်ထောင်မပြုတော့ဘူး။”

ထန်ရှုသည် သူ့အား မိုးကြိုးပစ်ခြင်းခံလိုက်ရသည့်အလား  ခန္ဓာကိုယ်သည် တခဏချင်းပင် တောင့်တင်းသွားသည် ။ သူ၏ အဖိုးတန် တပည့်လေးသည် ရုတ်တရက် ထူးဆန်းသွားသလို ခံစားလိုက်ရသဖြင့် သူမအား မယုံကြည်နိုင်စွာ ကြည့်မိသည်။

…ဒီကလေး... သူ နောက်နေတာလား ဘာလား…

ထန်ရှုသည် အတွင်းစိတ်ထဲ၌ တွေးတောနေသော်လည်း ဂူယန်အာ၏ လေးနက်သော အမူအရာအား ကြည့်မိသောအခါ သူမသည် နောက်ပြောင်ခြင်းမဟုတ်ကြောင်း သူ ပြောနိုင်ပေသည်။ နှစ်ပေါင်းတစ်သောင်း အသက်ရှင်နေထိုင်ခဲ့သည့်တိုင် ရုတ်တရက် သူသည် အနည်းငယ် ကမောက်ကမ ဖြစ်သွားရသည်။

ထန်ရှု၏အမူအရာကိုကြည့်ရင်း ဂူယန်အာသည် စိတ်ပျက်အားလျော့မှုနှင့် ခါးသီးမှုအား ခံစားနေရသည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် သူမ အမြဲလိုလို ပြောချင်နေသည့်စကားများ နှင့် သူမ၏နှလုံးသားထဲတွင် နှစ်ထောင်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့ရသည့် သူမ၏ခံစားချက်ကိုပါ နောက်ဆုံးတွင် ပြောနိုင်ခဲ့သောကြောင့် သူမလည်း စိတ်လှုပ်ရှားနေခဲ့သည်။ ရှုပ်ထွေးနေသော ခံစားမှုများဖြင့် ဂူယန်အာသည် ထန်ရှု၏အနီးတွင် ညင်သာစွာ ဝင်ထိုင်ကာ သူ၏လက်မောင်းကိုဆွဲပြီး ပုခုံးပေါ် ခေါင်းမှီထားရင်း လေသံတိုးတိတ်စွာဖြင့်

“ဆရာသခင် … ဆရာက ယန်အာ့ရဲ့အချစ်ဆုံးလူပဲ။ ဆရာနဲ့အတူ ထာဝရရှိနေဖို့ ယန်အာ ဆုံးဖြတ်ထားတယ်။ ဆရာကိုယ်တိုင် ယန်အာ့ကို သတ်တာမဟုတ်ရင် ယန်အာ့ကို ဘယ်တော့မှ မပစ်ပယ်ပါနဲ့။"

"ကလေး … ဒီလို အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေကို ထပ်ပြီး မပြောပါနဲ့တော့လား။ ဆရာက အိမ်ထောင်ကျပြီးသားလေ…။” ထန်ရှုက ခါးသီးသော အပြုံးတစ်ခုအား အားတင်းပြုံးကာ ပြောလိုက်ရသည်။

***

All Chapters