ယန်အာ့မျက်လုံးထဲမှာ ရှင်တစ်ယောက်ပဲ ရှိတယ်
Vol. 08 Ch. 400
ထန်ရှု၏အေးခဲသွားသော အမူအရာအား ကြည့်နေရင်း ဂူယန်အာသည် စိတ်တွင်းမှ သက်ပြင်းချမိကာ
“ဆရာသခင် … တခါက အဲဒီအမျိုးသမီးကို လက်ထပ်ပြီးပြီလို့ ပြောဖို့ မလိုပါဘူး။ ဆရာက အချစ်ဇာတ်လမ်းကို ထပ်ပြီး မဖြတ်သန်းချင်ဘူးဆိုရင်တောင် ယန်အာကတော့ ဒီစကားကို အခု ဆက်ပြောနေရဦးမှာပဲ။ ယန်အာ့အမြင်အရတော့ သူ့ဘာသာသူ ဆရာသခင်တစ်ယောက်ရှိနိုင်တဲ့ အမျိုးသမီးဆိုတာ ဒီကမ္ဘာမှာ မရှိပါဘူး။ ဆရာသခင့်မှာ မရေမတွက်နိုင်တဲ့ ဇနီးမယားတွေရှိရင်တောင် ဆရာ့ရဲ့နှလုံးသားထဲမှာ ယန်အာရှိသရွေ့ ကျေနပ်နေမှာပါ။"
သူမသည် မှီနေရာမှ ရုတ်တရက် ထထိုင်ကာ သူမ၏ခန္ဓာကိုယ်လေးအား တည့်မတ်လိုက်သည်။
ထို့နောက် ထန်ရှုနှင့် မျက်နှာချင်းဆိုင်ထိုင်လိုက်ပြီး သူမ၏မျက်နှာလေးအား မော့ကာ
"ဆရာသခင် … အဲ့ဒီမိန်းမကို ချစ်နေသေးရင် ဘယ်လောက်ပဲအခက်အခဲရှိရှိ သူမကိုရအောင် ယန်အာ ကူညီပေးမယ်။ ဆရာ့ရဲ့ မိန်းမဆောင်မှာ မိန်းမလှ ၃၀၀၀ ဒါမှမဟုတ် နတ်သမီးမောင်းမမိဿံ ၃၀၀၀၀ လိုချင်ရင်တောင်မှ ယန်အာ ကူညီပေးနိုင်တယ်။ ဒါပေမယ့် ယန်အာကတော့ ဆရာ့ကိုပဲ လိုချင်မိရုံပါ။ ဆရာက ဘယ်သူ့ကိုပဲ လိုချင်နေပါစေ ယန်အာကလေ အဲ့ဒီလူကို ဆရာ ရဖို့အတွက် အရာအားလုံးကို ကူညီလုပ်ပေးသွားမှာ။”
ထန်ရှု၏နှလုံးသား တုန်လှုပ်သွားပြီး သူမကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။ စိတ်တွင်းက အားတင်းပြုံးမိရုံကလွဲပြီး သူ၏ခံစားချက်ကို ထုတ်ဖော်ဖို့ စကားလုံးတစ်လုံးမှပင် ထွက်မလာနိုင်ပါချေ။
...ဒါ…မလုပ်ဘူး…လုပ်မယ်…သိမြင်ခံစားမှု…
အချိန်အတော်ကြာပြီးနောက် ထန်ရှုသည် ဟန်ကျင်းဝူနှင့်ပတ်သက်သည့်ကိစ္စအား ရုတ်တရက် သတိရသွားကာ သူ၏စိတ်သည် တုန်လှုပ်သွားရပြီး
"ယန်အာ… ဆရာ့ကို တစ်ခု ပြောပြလို့ရမလား။"
“ဘာကို သိချင်တာလဲ ဆရာ။ ယန်အာ သိသရွေ့ ဆရာသခင့်ကို အကုန်ပြောပြပါမယ်။" ဂူယန်အာက အပြုံးဖြင့် ပြောလိုက်သည်။
ထန်ရှု တစ်ချက်တုံ့ဆိုင်းသွားပြီးမှ အံကို တင်းတင်းကြိတ်ကာ
“သူမ… ဘာဖြစ်သွားခဲ့တာလဲ။”
"ရွှဲ့ချင်းချန်လား။"
ဂူယန်အာ၏မျက်ခုံးလေးများ အနည်းငယ် တွန့်သွားရသည်။
“ဟုတ်တယ်။” ထန်ရှု ခေါင်းညိတ်သည်။
“ဆရာသခင့်ကို မဟာဧကရာဇ်တန်ချင်းနဲ့ ဇီသာနတ်ဆိုး ကျူးယောင်တို့က ညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ ကောလာဟလသတင်းတွေ ထွက်ပေါ်ပြီးနောက်မှာ သူမကိုလည်း အခြားသူနှစ်ဦးက ပူးတွဲသတ်ခဲ့တယ်လို့ ဆိုကြတယ်။ သူမ အသက်ရှင်သလား သေသလား ရာနှုန်းပြည့် မသေချာဘူး။ ယန်အာ သူမအကြောင်းကို တိတ်တဆိတ် စုံစမ်းနေတာ နှစ်ထောင်ပေါင်းများစွာကြာခဲ့တောင်
သူမရဲ့ သဲလွန်စကို ရှာမတွေ့သေးဘူး။ သူမက အင်မော်တယ်ကမ္ဘာကနေ ပျောက်ကွယ်သွားသလိုပဲ။”
ထန်ရှု၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု လင်းလက်သွားကာ
"ယန်အာဆိုလိုတာက ... သူမက မဟာဧကရာဇ် တန်ချင်းနဲ့ ဇီသာနတ်ဆိုး ကျူးယောင်ရဲ့ လက်ထဲမှာ သေဖို့ အလားအလာ များနေတာလား။"
“ဖြစ်နိုင်ခြေက တကယ်ကို များပါတယ်။”
ဂူယန်အာက ခေါင်းညိတ်ပြီး ဆက်ပြောပြသည်။ "ဒါပေမယ့် ယန်အာက ဆရာသခင့်ရဲ့နေရာကို အဓိက ရှာနေခဲ့တာဆိုတော့ ဆရာ့အတွက် လက်စားချေဖို့ပဲ စုံစမ်းခဲ့တာမို့ သိပ်တော့ မသေချာဘူးရယ်။"
ထိုအချိန်တွင် ထန်ရှုသည် နောက်ဆုံးတော့ နားလည်ခဲ့ပြီဖြစ်သည်။ တစ်ချိန်က သူ့အား အရူးအမူးချစ်အောင် ဆွဲဆောင်နိုင်ခဲ့သော ထိုအမျိုးသမီးသည် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း သူ သိလာခဲ့ချေပြီ။ ဟန်ကျင်းဝူသည် သူမ၏ လူဝင်စား ဖြစ်နိုင်သည်။
သူ့အား အနည်းငယ်သံသယဖြစ်စေသည့် တစ်ခုတည်းသောအချက်မှာ သူမသည် ဤကမ္ဘာမြေပေါ်တွင် လူပြန်ဝင်စားခြင်းကို တိုက်ဆိုင်စွာ မည်သို့လုပ်ဆောင်နိုင်ခဲ့ပါသနည်း။
ဂူယန်အာ၏အမူအရာသည် ရုတ်တရက် လှုပ်ရှား သွားကာ
“ဆရာ … ယန်အာ တစ်ခါက အရိပ်နတ်ဆိုး ကျူးဝူရှို့ကို လှည့်စားခဲ့သေးတော့ သူ့ရဲ့ အချစ်ဆုံးတပည့်အကြောင်းကို တစ်ခုခု သိခဲ့ရတယ်။”
“ဘာများလဲ။” ထန်ရှုက မေးလိုက်သည်။
"ကျူးဝူရှို့ရဲ့ တပည့်တစ်ယောက် ပြောပြတာက ရွှဲ့ချင်းချန်ဟာ တကယ်တော့ သူ့ရဲ့ စီနီယာအစ်မဖြစ်ပြီး အရိပ်နတ်ဆိုးကျူးဝူရှို့ရဲ့ တပည့်အကြီးဆုံးတဲ့။" ဂူယန်အာက ပြောသည်။
"ယန်အာ…ဘာပြောလိုက်တာ။" ထန်ရှု ရုတ်တရက် မတ်တပ်ထရပ်လိုက်မိပြီး သူ၏မျက်ဝန်းများထဲတွင် မယုံကြည်နိုင်ဟန်အပြည့်ဖြစ်သည်။
…သူမသည် အရိပ်နတ်ဆိုးကျူးဝူရှို့၏ တပည့်တဲ့လား…
…ရွှဲ့ချင်းချန်က တကယ်တော့...
“ဆရာသခင် … ယန်အာ သူပြောတာကို ယုံတယ်။ သူ လိမ်ပြောမှာ မဟုတ်ဘူး။ ဒါပေမယ့် ယန်အာ နားမလည်တာက အရိပ်နတ်ဆိုးကျူးဝူရှို့က သူ့ရဲ့ အကြီးဆုံးတပည့်ကို ဘာဖြစ်လို့ ဗာမီလီယန်ငှက်သူတော်စင်ဂိုဏ်းဆီ ဘာကြောင့် ပို့ခဲ့တာလဲ။”
ထန်ရှုက သူမ၏မေးခွန်းကို ဖြေရမည့်အစား အသက်ပြင်းပြင်းသာ တစ်ချက်ရှူလိုက်မိသည်။ ရွှဲ့ချင်းချန်သည် သူနှင့်အတူတူနေထိုင်စဉ်ကာလများတွင် ပုံမှန်မဟုတ်သည့်အကြိမ်များစွာရှိကြောင်းကို နောက်ဆုံးတွင် သူ သဘောပေါက်ခဲ့ရချေပြီ။
ထိုအချိန်ကာလများတုန်းကတော့ သူသည် နလပိန်းတုံးတစ်ယောက် ဖြစ်သည်။
သို့သော် ယခု သေသေချာချာ စဉ်းစားပြီးနောက် တချို့အရာများအား သူ သဘောပေါက်သွားခဲ့ပြီဖြစ်သည်။
သူ၏အတွေးအားလုံးအား ထိန်းထားလိုက်ပြီးနောက် ထန်ရှုသည် ဂူယန်အာကို ကြည့်ရင်း
"ယန်အာ … ဒီအကြောင်းအရာကို လောလောဆယ် မပြောတော့ဘဲ ရပ်လိုက်ရအောင်။ ဆရာ့အတွက် ဒီမျိုးစေ့ကို ရရှိလာတဲ့အတွက် ဆရာသခင်ရဲ့ ကျင့်ကြံမှုအမြန်နှုန်းက သေချာပေါက် ပိုမိုမြန်ဆန်လာလိမ့်မယ်။ ကိုယ့်ကိုယ်ကို ပိုသန်မာအောင်လုပ်ပြီးမှသာ ဆရာ ဂရုစိုက်ရတဲ့လူတွေကို အကာအကွယ်ပေးနိုင်ပြီး အင်မော်တယ်ကမ္ဘာကို ပြန်သွားနိုင်လိမ့်မယ်။ ဆရာ့ကို သစ္စာဖောက်ခဲ့တဲ့သူတွေကို ရှာဖို့ နဲ့ သူတို့ကို လက်တုံ့ပြန်ဖို့ကို သေချာပေါက် လုပ်ရမယ်။”
"ဆရာသခင် … ယန်အာ့က ဆရာ့ကို မကူညီနိုင်လောက်တော့ဘူး။" ဂူယန်အာက တိုးညှင်းစွာ ပြောသည်။
ထန်ရှု ခေါင်းခါလိုက်ရင်း
"မှားတယ်။ ယန်အာက ဆရာ့ကိုကူညီနိုင်တယ်။ ယန်အာက ဆရာ့ရဲ့ အကြီးမြတ်ဆုံး ကူညီသူ ဖြစ်လာလိမ့်မယ်။"
“ဒါပေမယ့် ယန်အာ့မှာ အချိန်သိပ်မရှိတော့ဘူးလေ။” ဂူယန်အာက မဝံ့မရဲလေသံလေးဖြင့် ပြောလိုက်သည်။
"တော်တော့။" ထန်ရှုက ဒေါသတကြီး ပြန်ပြောပြီး "ယန်အာ့ရဲ့အချိန်တွေ ကုန်နေပြီလို့ ဘယ်သူက ပြောလဲ။ ယန်အာပဲ ဆရာ့ကိုယုံတယ်လို့ ပြောနေသေးတယ် မဟုတ်လား။ ဆရာသခင်က ခရိုနိုသလင်းကျောက်နဲ့ နတ်ဆိုးရှင်သန်မြက်ပင်ကို ရှာမတွေ့နိုင်ဘူးလို့ ယန်အာ တကယ်ပဲ တွေးနေလား ဟင်။”
ဂူယန်အာ၏ မျက်နှာသည် အနည်းငယ် ဖျော့တော့သွားပြီး ခေါင်းကို အလျင်အမြန် ခါယမ်းကာ “တပည့် မှားသွားပါတယ်။ ဆရာသခင် အောင်မြင်မယ်လို့ ယန်အာ ယုံကြည်တယ်။”
သူမ၏ ကြောက်ရွံ့သွားသော အကြည့်ကို မြင်လိုက်ရသည့် ထန်ရှုခမျာ ဒေါသပြေပျောက်သွားရပြီး သူမ၏လက်ကလေးအား ညင်သာစွာဆွဲကာ သူ၏ဘေးနားသို့ ထိုင်ခိုင်းလိုက်သည်။ သူက ယန်အာ့အား ကလေးတစ်ယောက်လို ပွေ့ဖက်ပြီး တီးတိုးပြောလိုက်သည်။
"ယန်အာ … ဒါ ဆရာ မကောင်းတာပါ။ ဆရာသခင်က မင်းကို စိတ်မဆိုးသင့်ဘူး။ ဒါပေမယ့် ဆရာ့ကို ယန်အာ ယုံကြည်ပေးရမယ်။ ဘယ်လောက်ခက်ခဲပြီး ဘယ်လောက် ပေးဆပ်ရပါစေ ဆရာသခင်က အဲ့ဒီလိုနေတဲ့ အရာနှစ်ခုကို ရှာပြီး မင်းရဲ့ဒဏ်ရာက ဆည်းဆာအိပ်မက်ဆိုးကို လုံးဝဖယ်ရှားပစ်မယ်။"
"ဟုတ်ကဲ့ပါ။" ဂူယန်အာသည် ထန်ရှု၏ ရင်ခွင်ထဲတွင် မှီပြီး ညင်သာစွာ ခေါင်းညိတ်သည်။
"ယန်အာ … မင်းရဲ့လက်ရှိကျင့်ကြံမှုအဆင့်က ဆရာသခင့်ထက် အများကြီး ပိုကြောက်စရာကောင်းလာတယ်။ ဆရာ့ကို ပြောပါဦး … မင်း ကျင့်ကြံမှုအဆင့် ဘယ်လောက်ထိ အောင်မြင်ခဲ့လဲ။”
ထန်ရှု ရုတ်တရက်ပြုံးကာ မေးလိုက်သည်။
"ယန်အာ အမြင့်ဆုံးအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲကျန်တော့တယ်။"
ဂူယန်အာက ပေါ့ပါးသောအပြုံးဖြင့် တုံ့ပြန်လိုက်သည်။
"အံ့အားသင့်စရာပဲ။" ထန်ရှုက အံ့သြသွားပြီး
"မင်းရဲ့ ကျင့်ကြံမှုအရှိန်က အရင်တုန်းက ဆရာကျင့်ကြံတာထက်တောင် ပိုမြန်တယ်။"
"အဲ့ဒါက ယန်အာ့အတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကို ဆရာသခင်က လုပ်ပေးထားခဲ့သလို ယန်အာလည်း အခွင့်အရေးအချို့ကို မတော်တဆ ကြုံဆုံခဲ့ရလို့ပါ။" ဂူယန်အာက ဝမ်းသာအားရ ပြောပြသည်။
"ဒါပေမယ့် အခု ယန်အာပြသနိုင်တဲ့ ခွန်အားက သာမန်အင်မော်တယ် တစ်ယောက်ရဲ့အဆင့်မှာ ဖြစ်နိုင်တယ်"
ထန်ရှုက အပြုံးဖြင့်
"မင်းက ဒီကမ္ဘာပေါ်မှာ အသန်မာဆုံးဖြစ်နေပြီ။ ယန်အာသာ ဆန္ဒရှိမယ်ဆိုရင် ဒီကမ္ဘာကြီးကိုတောင် ဖျက်ဆီးနိုင်နေတာပေါ့။"
"ဟင့်အင်း။ ယန်အာ မလုပ်ပါဘူး။ ဒီနေရာက ဆရာသခင်ရဲ့မွေးရပ်မြေဖြစ်သလို ယန်အာရဲ့အိမ်လို့လည်း ပြောလို့ရတယ်။" ဂူယန်အာက တုံ့ပြန်လာသည်။
"ယန်အာ … ဒီနေရာကနေ တောက်ပတဲ့စေတီကို သယ်ဖို့ ဆရာ စီစဉ်နေတယ်။ တစ်ချိန်က ဆရာတို့နေခဲ့တဲ့ နဂါးကိုးကောင်ပုလဲအန်ထုတ် လျှို့ဝှက်နယ်မြေနဲ့ အလွန်ဆင်တူတဲ့ ကျွန်းတစ်ကျွန်းကို ပစိဖိတ်သမုဒ္ဒရာထဲက ဆရာ တွေ့ခဲ့တယ်။ အဲဒီကျွန်းကို ဆရာ ဝယ်ပြီးသွားပေမယ့် အခု လောလောဆယ်တော့ ပြန်ဆောက်နေတယ်။ ဆရာသခင်ကိုယ်တိုင် ဗိသုကာပုံစံ အသေးစိတ်ရေးဆွဲခဲ့ပြီး အဲဒီနေရာကို ပြန်ဆောက်နေတဲ့ ဆောက်လုပ်ရေးလုပ်သားတွေ အများကြီးရှိတယ်။ ပြန်လည်တည်ဆောက်ပြီးတာနဲ့ အဲ့ဒီကျွန်းက အဖိုးတန် ဖုန်းရွှေပါတဲ့မြေ ဖြစ်လာလိမ့်မယ်။ ပြီးတော့ အနာဂတ်မှာ အဲဒီနေရာက ဆရာသခင်တို့ရဲ့ ဗဟိုဌာနချုပ်ဖြစ်လာမှာ။” ထန်ရှုက ပြောပြသည်။
"ယန်အာ နိုးလာပြီးရင် သက်တန့်ဆေးပင်လေးတွေ စိုက်လို့ရမလား" ဂူယန်အာက အံ့အားသင့်နေရင်း မေးလိုက်သည်။
"ယန်အာ့ရဲ့ သိုလှောင်လက်စွပ်ထဲမှာ သက်တန့်ဆေးပင်လေးတွေ အများကြီးရှိတယ်။"
"ဒါပေါ့ ရတာပေါ့။" ထန်ရှုက အပြုံးနှင့် ပြောလိုက်သည်။
ဂူယန်အာ၏အပြုံးသည် ပို၍ တောက်ပလာသည်။ ရုတ်တရက် သူမသည် တစ်ခုခုကို သတိရသွားဟန်ဖြင့် “ဆရာသခင် … ဆရာ့ရဲ့ ကျင့်ကြံမှုအဆင့်က အခု သိပ်မမြင့်သေးဘူးဆိုတော့ စားဖို့ လိုသေးတယ်မလား။ ဗိုက်ဆာနေပြီလား။ ယန်အာ တစ်ခုခုစားချင်တယ် … စားသောက်ဆိုင်မှာ ယန်အာ့ကို အဖော်လုပ်ပေးပြီး စားလို့ရမလား။"
"ယန်အာ… မင်းက အခုချိန်ထိ တောက်ပတဲ့စေတီကနေ အဝေးသွားဖို့ အဆင်မပြေသေးဘူး။" ထန်ရှုက အမြန် ပြောလိုက်သည်။
"မင်း တစ်ခုခုစားချင်ရင် ဆရာ ဒီကို ပို့ခိုင်းလိုက်မယ်။ ဆရာ ယန်အာနဲ့ အဖော်လုပ်ပြီး အတူစားပေးမယ်လေ။"
ဂူယန်အာက ထန်ရှု၏လက်မောင်းကို ကိုင်ကာ လှုပ်ယမ်းလိုက်ပြီး ကလေးမလေးတစ်ယောက်လို ချွဲနွဲ့သည့်လေသံလေးဖြင့်
“ဆရာသခင် … ကျေးဇူးပြုပြီး ယန်အာ အပြင်ထွက်ချင်တယ် လို့။ ဒီနေရာမှာ ယန်အာ နိုးလာတိုင်း ပြင်ပကမ္ဘာကို မြင်တွေ့ဖို့ တကယ်ကို အပြင်ထွက်ချင်ခဲ့တာ။ နောက်ပြီး ယန်အာ အချိန်အများကြီး မယူဘူးလေနော်။ ဆရာ့ဆီမှာ အဖိုးတန်ဆေးဖက်ဝင် အပင်တွေနဲ့ စိတ်ဝိညာဉ် သန့်စင်ဆေးလုံးတွေ ရှိတယ်လို့ အကြီးအကဲကျိဆီက ကြားထားတယ်။ ကျေးဇူးပြုပြီး အကြီးအကဲကျိကို ဆေးလုံးသန့်စင်ဖို့ ပေးပြီး ယန်အာ့ကို တိုက်လေ လို့။ ယန်အာ အခု စိတ်အားထက်သန်နေသလို ခံစားရပြီး အပြင်ထွက်ရင်တောင် နှစ်ရက်သုံးရက်လောက် နိုးနေနိုင်မယ်လို့ ထင်တယ်။
“ဒါ…” ထန်ရှု တွေဝသွေားရသည်။ သူ့တွင် ယန်အာ၏တောင်းဆိုမှုကို ငြင်းဆန်နိုင်သည့် ခွန်အား မရှိပါချေ။ ခဏအကြာတွင် သူက ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ပြီး
“ကောင်းပြီ။ ဆရာ စားသောက်ဆိုင်မှာ အစားအသောက် စီစဉ်ပေးဖို့ ရှောင်ရွှဲ့ကို ပြောလိုက်မယ်။ စားသောက်ပွဲ အဆင်သင့်ဖြစ်တဲ့ချိန်ထိ စောင့်ပြီးမှ ဆရာတို့ ထွက်ကြမယ်။ အပြင်မှာ တစ်မိနစ်လောက်လေးကလည်း ယန်အာ့ကို နည်းနည်းတော့ ထိခိုက်နေသေးတာပဲမို့လေ။”
“ဟုတ်…ဟုတ်ကဲ့။ ကျေးဇူးပါ ဆရာ။” ဂူယန်အာ အံ့သြကျေနပ်သွားသည်။
ထန်ရှု ထရပ်ကာ သူ၏အမြန်ဆုံးအရှိန်ဖြင့် စေတီတော်၏ ပထမထပ်ဆီသို့ ပြေးဆင်းသွားလိုက်သည်။
ထို့နောက် သူက မျက်ဝန်းလေးစုံအား ကြည့်ကာ
" ရှောင်ရွှဲ့ … စားသောက်ပွဲတစ်ခု ပြင်ထားပေးပါ။ ယန်အာ၊ ငါနဲ့ တခြားသူတွေ စားသောက်ဆိုင်မှာ စားကြမယ်။"
“ဒါပေမယ့် လေးစားရတဲ့သခင် … သူမက…” ကျိချွိမိန်က အလျင်စလို ဝင်ပြောလိုက်သည်။
"ချွိမိန် … မင်း စိတ်ထဲမှာ ဘာတွေရှိနေတယ်ဆိုတာ ငါနားလည်ပါတယ်။"
ထန်ရှုက သူ၏လက်ကို မြှောက်ကာ သူမ၏စကားကို ကြားဖြတ်လိုက်ပြီး
"တကယ်တော့ ငါလည်း သူမကို စိုးရိမ်နေတာပဲ။ ဒါပေမယ့် သူမက အပြင်လောကကို ကြည့်ချင်တာမို့ သူမ တောင်းဆိုတာကို ဒီတစ်ကြိမ်တော့ ငါ လိုက်လျောပေးလိုက်နိုင်မှာပါ ။ နောက်ပြီး ထမင်းစားတာက အချိန်အများကြီးမယူဘူးဆိုတော့ သူ့ကို ဒီနေရာမှာ တစ်ချိန်လုံး ထား ထားတာထက်စာရင် ပိုကောင်းပါတယ်။”
"ရည်ရွယ်ချက်ကို နားလည်ပါပြီ သခင်။" ကျိချွိမိန်က ခေါင်းညိတ်ပြီး
"ရှောင်ရွှဲ့ … သွားပြီး စီစဉ်ပါ။"
“ဟုတ်ကဲ့ပါ။”
သူမ၏ဆရာသခင်သည် တောက်ပသောစေတီဆီမှ အချိန်အတော်ကြာ ထွက်ခွာနိုင်သည်ဟု ကြားရသောအခါ ဂူရှောင်ရွှဲ့သည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားကာ အော်ဟစ်လိုက်လေသည်။ ထို့နောက် ချက်ချင်းပင် သူမ၏ရုပ်သွင်သည် အသွင်သဏ္ဍာန်ပြောင်းလဲကာ စေတီတော်ဝင်ပေါက်မှ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
နာရီဝက်အကြာတွင် ဂူရှောင်ရွှဲ့သည် အစားအသောက်များ ပြင်ဆင်ပြီးဖြစ်ကြောင်း အကြောင်းကြားလာသဖြင့် ထန်ရှုသည် ဂူယန်အာအား တောက်ပသောစေတီ၏ပထမထပ်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
"ဆရာသခင်အား နှုတ်ခွန်းဆက်ပါတယ်။"
အလင်းနှင့်အမှောင်သည် စိတ်လှုပ်ရှားနေဟန်ရှိပြီး ဂူယန်အာအား တလေးတစား အရိုအသေပေးလိုက်သည်။
ဂူယန်အာသည် ထန်ရှု၏လက်ကို ဆုပ်ကိုင်ထားသည်။ သူမ၏လက်ကလေးအား ညင်သာစွာ မလိုက်ပြီး သိမ်မွေ့သောအင်အားဖြင့် ထိုနှစ်ယောက်အား ဆွဲကာ ညင်သာစွာ ပင့်မလိုက်သည်။
“ထုံးတမ်းစဉ်လာတွေ သိပ်မလုပ်ပါနဲ့။ ငါတို့တွေ မတွေ့ကြတာ နှစ်အတော်ကြာသွားတဲ့အချိန်မှာ … နင်တို့တွေ အရွယ်ရောက်လာပြီပဲ။ ဒါနဲ့ ဆရာသခင် ထမင်းစားတာ ငါ အဖော်လုပ်ပေးလိုက်ဦးမယ်။ နင်တို့ နောက်မှ အရိုအသေပြုပေါ့။"
ကျိချွိမိန်၏အမူအရာသည် တောက်ပသွားပြီး လေးနက်သောအသံဖြင့်
“နင်တို့ ဘာတွေ အံ့သြနေတာလဲ။ ဆရာသခင်ကို ကျေးဇူးတင်တယ်လို့ မြန်မြန်ပြောလိုက်ကြ။"
ဆရာသခင်လား…
အလင်းနှင့်အမှောင်သည် အကြည့်ချင်းဖလှယ်မိကြပြီး တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားကြသည်။ ချက်ချင်းပင် သူတို့၏ မျက်နှာများသည် စိတ်လှုပ်ရှားလာဟန်နီရဲလာကာ နောက်တစ်ကြိမ် ဒူးထောက်အရိုအသေပေးတော့မည့်ဆဲဆဲတွင် ဂူယန်အာ၏စကားအား ပြန်လည်သတိရပြီးနောက် နောက်ဆုတ်ပြီး တလေးတစား လိုက်နာခဲ့ကြသည်။
ဤအခိုက်အတန့်တွင် ဂူယန်အာသည် သူတို့အား တစ်ချက်မျှပင် မကြည့်ပါချေ။ သူမ၏မျက်လုံးထဲတွင် သူမ၏ဆရာသခင်မှတပါး အခြားမည်သူမျှမရှိချေ။ ထန်ရှု၏လက်မောင်းကို တွဲချိတ်ကာ သူမသည် တောက်ပသော စေတီမှ တစ်လှမ်းချင်း ထွက်ခွာသွားပြီး သူနှင့်အတူ လျှောက်လှမ်းကာ ပင်လယ်ရေမျက်နှာပြင်ဆီသို့ ရောက်လာသည်။ အသက်ရှုချိန်တစ်ဒါဇင်ခန့်တွင် ချစ်စရာကောင်းသော အပြုံးအား ပြုံးထားသော ဂူယန်အာနှင့် ထန်ရှုတို့သည် ကမ်းစပ်တွင် အတူတကွ ရပ်နေခဲ့ပြီဖြစ်သည်။
“ဆရာသခင် … ယန်အာ ထာဝရခန်းမကို တည်ထောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာ မဆိုးဘူးပြောရမယ်။ အနည်းဆုံးတော့ ဆရာ့ကို သူတို့ ရှာတွေ့ခဲ့တယ်။”
ထန်ရှုက ပြုံးကာ ခေါင်းညိတ်လိုက်ပြီး
"သူတို့က တကယ်ကို အရမ်းကောင်းပါတယ်။ တကယ်တော့ မင်းလည်း ဆရာသခင့်ကို သင်ခန်းစာကောင်းတစ်ခု ပေးခဲ့တယ်။"
"ဘာ သင်ခန်းစာများလဲ။" ဂူယန်အာက စိတ်ဝင်တစား မေးသည်။
***