ယန်အာ၏သြဇာအာဏာ
Vol. 09 Ch. 401
ထန်ရှုသည် ပင်မအဆောက်အဦးဆီသို့ ဂူယန်အာနှင့်အတူ လမ်းလျှောက်လာစဉ် သူ၏ချောမောသောမျက်နှာထက်၌ ဖျော့တော့သော အပြုံးတစ်ခု ပေါ်လာပြီး
"သင်ခန်းစာကတော့ ကိန်းဂဏန်းတွေကနေ ခွန်အားတွေရှိလာတယ်၊ များပြားတဲ့ သစ်လုံးတွေက ပိုမိုကြီးမားတဲ့မီးကို ဖြစ်စေနိုင်တယ်တဲ့။ ဆရာက ကိုယ့်ပိုင်ခွန်အားထဲမှာပဲ အာရုံစူးစိုက်နေခဲ့မိတယ်။ ဆရာ့ရဲ့လက်အောက်ငယ်သားများတွေကို လျစ်လျူရှုမိတာကနေ သူတို့ရဲ့သဘောထား ကွဲလွဲမှုတွေကို ဖြစ်စေတဲ့အတွက် ဆရာ့ရဲ့အင်အားက ဖရိုဖရဲဖြစ်ခဲ့ရတယ်။ နောက်ဆုံးတော့ နတ်ဘုရားအဖြစ်သို့ တက်လှမ်းရန် အတိဒုက္ခကို ရင်ဆိုင်ရတဲ့အချိန်မှာ ချစ်မြတ်နိုးရသူနဲ့ အခင်ဆုံးသူငယ်ချင်းတွေရဲ့သစ္စာဖောက်တာကို ရင်ဆိုင်ခဲ့ရတာပဲ။”
"သစ္စာရှိပြီး လေးစားရိုသေတဲ့ လက်အောက်ငယ်သားတွေကို မွေးထုတ်ပေးဖို့က အရမ်းအရေးကြီးတယ်လို့ ဆရာ ဆိုလိုတာလား။ ဒါပေမယ့် လူတွေ အများကြီး လေ့ကျင့်ပေးရတဲ့ အဓိက အကြောင်းအရင်းက ဆရာ့ကို ယန်အာ ရှာချင်တာကြောင့်ပါ။” ဂူယန်အာက ပြောလိုက်သည်။
သူမအား နူးညံ့စွာ ကြည့်ရင်း ထန်ရှုက
"အဲ့ဒါ မှန်တယ်။ လက်အောက်ငယ်သားတွေကို ဆရာသခင် ပြုစုပျိုးထောင်ရမယ်။ အဲ့ဒီအချိန်တုန်းက ဆရာ့ကို ကာကွယ်ဖို့ သစ္စာရှိပြီး အစွမ်းထက်တဲ့ လူတွေ အများကြီး ရှိခဲ့ရင် အတိဒုက္ခကို ဖြတ်ကျော်ရမယ့် အခက်ခဲဆုံးအချိန်တွေမှာ ရန်သူတွေ ဆရာ့ကို တိုက်ခိုက်ချင်နေရင်တောင်မှ သူတို့က ဆရာ့ကို အကူအညီပေးနိုင်လိမ့်မယ်။
“အတိရဲဒုက္ခကို ဖြတ်ကျော်နိုင်သရွေ့ ဆရာသခင်က အင်မော်တယ်ကမ္ဘာက နတ်ဘုရားဘုရင်အဆင့်ကို အောင်မြင်ပြီး ထာဝရဂိတ်ကို ဝင်ရောက်ဖို့ အရည်အချင်းပြည့်မီသွားမယ်။ နတ်ဘုရားနယ်မြေက နတ်ဘုရားစွမ်းအား ဆရာ့အပေါ် သက်ဆင်းသွားပြီဆိုတာနဲ့ ဆရာ့ရဲ့ခွန်အားက တိုးမြင့်လာပြီး အဲ့ဒီသစ္စာဖောက်တွေကို အလွယ်တကူ အနိုင်ယူနိုင်သွားမယ်။"
ဂူယန်အာက စဉ်းစားတွေဝေနေတဲ့ဟန်ဖြင့်
“ဆရာသခင် ပြောချင်တာကို ယန်အာ နားလည်ပါတယ်။ ဒီနှစ်ထောင်ပေါင်းများစွာအတွင်း ယန်အာရဲ့ လက်အောက်ငယ်သားများစွာ သေဆုံးခဲ့ရတယ်။ ယန်အာ အသက်ရှင်ဖို့အတွက် သူတို့က ရန်သူတွေကို အကြိမ်ပေါင်းများစွာ ကူညီ ထိန်းထားပေးခဲ့ကြတယ်။”
“သစ္စာဖောက်ခြင်းနဲ့ သစ္စာစောင့်သိမှုဆိုတာ ဒီကမ္ဘာကြီးမှာ ရှိပါတယ်။”
ထန်ရှုက ခေါင်းညိတ်ပြီးပြောသည်။
"ဆရာတို့လုပ်ရမှာက ကိုယ့်ပတ်ဝန်းကျင်က လူတွေကို စောင့်ကြည့်ပြီး သတိထား နေဖို့ပါပဲ။ နောက်ဆုံးတော့ အချိန်က မိတ်ဆွေအတုအယောင်ကနေ သူငယ်ချင်းအစစ်ကို ပြောပြလိမ့်မယ်။ ဒါမှသာ ဆရာတို့ အပြည့်အဝ ပြုစုပျိုးထောင်ပေးနိုင်သူတွေနဲ့ အချိန်မနှောင်းမီ စွန့်လွှတ်ရမယ့်သူတွေကို သဘာဝကျကျ သိရှိနိုင်မယ်။”
“နားလည်ပါတယ် ဆရာသခင်။” ဂူယန်အာက ပြုံးပြီး ရုတ်တရက် ပြောလိုက်သည်။ "ဒီလေးနက်တဲ့အကြောင်းအရာတွေ ပြောနေတာ ရပ်ရအောင်။ ဆရာ ကြည့်ပါဦး … ယန်အာ ထွက်လာပြီး နောက်ဆုံးတော့ အပြင်လောကကို ပြန်မြင်နိုင်ပြီလေ။ ဒီဟာကို ယန်အာတို့ ပျော်နေရမယ်။”
ထန်ရှုက သူမအား ခပ်ဖျော့ဖျော့ ပြုံးပြသော်လည်း သူ၏မျက်ဝန်းများထဲတွင် စိတ်ပူပန်ရိပ်တစ်ခု ဖျတ်ကနဲ ပေါ်ထွက်လာခဲ့ပြီး စိုလက်နေခဲ့သည်။ သူ၏အချစ်ဆုံးတပည့်သည် လက်ရှိတွင် ဆည်းဆာအိပ်မက်ဆိုး၏အကျိုးသက်ရောက်မှုမှ နာကျင်မှုအား ကြံ့ကြံ့ခံနေရသည်ကို မည်ကဲ့သို့ သူ ကြည့်နေနိုင်ပါမည်နည်း။ ထိုအချိန်တွင် သူမသည် ဓားဖြင့် မွှေထိုးသကဲ့သို့သော ပြင်းပြသည့်နာကျင်မှုအား ကြံ့ကြံ့ခံနေရရှာသည်။
မျက်နှာပေါ်တွင် ပြုံးထားရသော်လည်း အရိပ်နတ်ဆိုး ကျူးဝူရှို့အား ပြင်းထန်စွာ သတ်ဖြတ်လိုစိတ်သည် ထန်ရှုနှလုံးသားအတွင်းတွင် ကြီးထွားလာခဲ့သည်။ သည်အချိန်တွင် သူ စိတ်ပြောင်းသွားခဲ့သည်။ နောင်တွင် ကျူးဝူရှို့အား ဆုံးမပြီးနောက် ထိုသူ့အား အလွယ်တကူ သူ သေခွင့်မပြုနိုင်ပေ။ ထိုသူ၏ဝိညာဉ်အား ထုတ်ယူသန့်စင်ကာ နှစ်သန်းပေါင်းများစွာ အရက်စက်ဆုံး ညှဉ်းပန်းနှိပ်စက်မှုများကို ခံနိုင်ရည်ရှိစေမည်ဖြစ်သည်။
"မင်း ပြောတာမှန်တယ် ယန်အာ။ ငါတို့ ဒါကို တကယ်ကို ပျော်ပျော်နေသင့်တယ်။”
“ဟီဟိ…”
ထာဝရခန်းမတွင် သန်မာသော အစွမ်းထက်သော ပညာရှင်များစွာရှိပြီး ၁၀၀ ကျော်ခန့် ရှိမည်ဖြစ်သည်။ သို့သော် ကင်းလှည့်အဖွဲ့ဝင်များအနီး ဖြတ်သွားသောအခိုက်တွင် ထန်ရှုတို့၂ယောက်၏ပုံရိပ်များအား စိုက်ကြည့်မိသောအခါ ထိုသူတို့၏မျက်ဝန်းများသည် ရုတ်တရက် ပြူးကျယ်သွားကြကာ သိသိသာသာ အမူအရာပြောင်းလဲသွားကြသည်။
…ဝှစ်…ဝှစ်…ဝှစ်…ဝှစ်…
ထန်ရှုနှင့် ဂူယန်အာတို့၏အရှေ့တွင် ပုံရိပ်လေးခုသည် လေထဲတွင် ရိပ်ကနဲပေါ်လာပြီး တစ်ချိန်တည်းမှာပင် သူတို့၂ယောက်အား အရိုအသေပေးလိုက်သည်။
"သူဌေးတို့ကို ဂါရဝပြုပါတယ်။"
ထိုသူတို့၏အသံများသည် တုန်တုန်ရီရီ ဖြစ်ကာ မျက်ဝန်းများထဲတွင် ကြည်လင်သော မျက်ရည်စများ တွဲခိုလျက်ရှိသည်။ ထိုမျက်ရည်စများသည် ထန်ရှုအတွက်မဟုတ်ဘဲ ဂူယန်အာအတွက် ဖြစ်လာသည်မှာ သိသာထင်ရှားချေသည်။
"ပိုင်အာ့ ၊ ပိုင်ဖန်း ၊ စုန့်ဝူ ၊ ဟွာယန် မင်းတို့လေးယောက် အတူတူနေရှိတုန်းပဲဟုတ်လား။ ငါတို့ နောက်ဆုံးဆုံတွေ့တာ ၁၀ နှစ်ကျော်သွားခဲ့ပြီပဲ။ ဒါနဲ့ နင်တို့အားလုံး မဆိုးပါဘူး။ ရှောင်ရွှဲ့က နင်တို့အားလုံးအကြောင်း ငါ့ကိုပြောပြတယ်။"
ဂူယန်အာ ပြုံးလိုက်သော်လည်း သူမ၏လက်ကလေးများက ထန်ရှု၏လက်မောင်းကို ညင်သာစွာ ဆွဲထားသည်။
ထိုလေးယောက်၏နှလုံးသားထဲတွင် နွေးထွေးမှုများ ပြည့်နှက်သွားခဲ့သည်။ သူဋ္ဌေးသည် သူတို့အား တစ်ချက်ကြည့်ရုံဖြင့် မှတ်မိပြီး နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင်ပင် သူတို့၏အမည်များကို မှတ်မိနေလိမ့်မည်ဟု စိုးစဉ်းမျှပင် မမျှော်လင့်ထားခဲ့မိကြပေ။ ထို့အပြင် ထိုကဲ့သို့ နှစ်ပေါင်းများစွာကြာခဲ့သည့်တိုင် သူဋ္ဌေးသည် လွန်စွာ နုပျိုလှပနေသေးသည်။ လွင့်ဝဲနေသည့် အဖြူရောင်ဝတ်စုံသည် သူတို့ မေ့မရနိုင်သော သူမ၏ သင်္ကေတတစ်ခု ဖြစ်ခဲ့သည်။
သို့သော် အရိုအသေပေးနေသော သူတို့လေးယောက်အား ချီဖြင့် အသာမလိုက်ခြင်းအား ခံရပြီးနောက် သူတို့သည် ထန်ရှု၏လက်မောင်းကို ကိုင်ထားသည့် ဂူယန်အာ၏ ကိုယ်ဟန်အနေအထားကို မြင်လိုက်ရသည့်အခါ ပဟေဠိဖြစ်သွားရသည်။
ဂူယန်အာက ထိုလေးယောက်အား ဆက်မကြည့်တော့ပဲ ထိုမိန်းမောနိုင်သည့်မျက်နှာလှလှလေးသည် ရှက်သွေးများ ဖြာကာ ပြုံးပြနေရင်း
“ဆရာသခင် … သွားစားရအောင်။ နိုးလာတိုင်း အမြဲတမ်း ဗိုက်ဆာပေမယ့် အကြီးအကဲကျိက အသီးအနှံ ဒါမှမဟုတ် ဆေးဖက်ဝင်စွပ်ပြုတ်တချို့ကိုပဲ စားခွင့်ပေးတာ။ တကယ့်အစားအစာ မစားရတာ ယန်အာ့အတွက် ဆယ်နှစ်နီးပါးရှိနေပြီလို့တောင် ပြောလို့ရတယ်။”
"ကောင်းပြီ။ သွားကြစို့။" ထန်ရှုက အပြုံးဖြင့် ခေါင်းညိတ်သည်။
နှစ်ယောက်သား ရှေ့ကို ဆက်လျှောက်သွားသည်။ သူတို့၂ယောက် ဖြတ်သွားတိုင်း လှပသည့်ပန်းပွင့်များ ဖူးပွင့်လာကာ ငှက်ကလေးများ ပျံဝဲလာကြသည်။ ဂူယန်အာသည် ပျော်ရွှင်ခြင်းနတ်သမီးလေးတစ်ပါးအလား ပေါ့ပေါ့ပါးပါး ကခုန်နေသည်။ ထန်ရှုအား ပတ်လည်လှည့်ကာ ကခြင်း၊ ပုံ့ပုံ့လေးထိုင်၍ ပတ်ပတ်လည်မှ ပန်းများနှင့် ငှက်များအား ရှေ့တိုးနောက်ဆုတ် လှည့်ပတ်ကာ ကစားခြင်းတို့အား ပြုလုပ်နေသည်။ သူမ၏ ပျော်ရွှင်ရွှင်မြူးစွာ ရယ်မောနေသံလေးများသည် သူမ
၏ရင်တွင်းမှ ပျော်ရွှင်မှုခံစားချက်အား သိသာထင်ရှားမှုအရှိဆုံး ထုတ်ဖော်ပြသနေခဲ့သည်။
ပိုင်အာ့၊ ပိုင်ဖန်းနှင့် အခြားသူများသည် အကြည့်ချင်း ဖလှယ်လိုက်မိကြသည်။ သူဌေးလေး — ဂူရှောင်ရွှဲ့သည် ထန်ရှုအား ဆရာဘိုးဘေးဟုခေါ်သည်ကို သူတို့ သိကြသော်လည်း ဂူယန်အာမှ ထန်ရှုအား ဆရာသခင်ဟု ခေါ်လိုက်သည့်အသံအား ကြားလိုက်သည့်အခါ သူတို့၏စိတ်နှလုံးအတွင်းတွင် တုန်လှုပ်ချောက်ချားမှုများသာ ကျန်ရှိတော့သည်။
"တခြားသူတွေကို အသိပေးပါ။"
"ဟုတ်တယ် … သူတို့ကို မြန်မြန်သတင်းပေးလိုက်။"
ထိုလေးဦးသည် ၎င်းတို့၏ဖုန်းများကို ထုတ်ကာ အခြားအဖွဲ့ဝင်များအား ဖုန်းခေါ်ဆိုကြသည်။
…ဝှစ်…
ကျိချွိမိန်သည် ထိုလူလေးယောက်၏အရှေ့တွင် တိတ်ဆိတ်စွာပေါ်လာပြီး ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။
“နင်တို့ အခြားသူတွေကို အသိပေးနိုင်ပေးတယ် ဒါပေမယ့် ဆရာသခင်နဲ့ လေးစားရတဲ့သခင်တို့ကို မနှောင့်ယှက်မိဖို့ သတိထားပါ။ ဆရာသခင်က လူတိုင်းကို တွေ့ချင်တယ်ဆိုရင်တော့ သူတို့စားသောက်ပွဲပြီးတဲ့အထိ စောင့်ရလိမ့်မယ်။”
"နားလည်ပါပြီ။" ထိုလူ၄ဦးက အလျင်စလိုဖြင့် လေးနက်စွာ တုံ့ပြန်လိုက်သည်။
လမ်းတစ်လျှောက်တွင် ဂူယန်အာသည် နတ်သက်ကြွေလာသော နတ်သမီးလေးတစ်ပါးအလား လွတ်လပ်ပျော်ရွှင်နေခဲ့သည်။ ထန်ရှု၏ဘေးမှ လိုက်ကာ စိတ်လက်ပေါ့ပါးစရာအကြောင်းအရာမျိုးစုံကို ပြောနေသည်။ ကျက်သရေရှိပြီး ချစ်စရာကောင်းသော သူမ၏အသွင်သည် ရံဖန်ရံခါ ပေါ့ပေါ့ပါးပါး ကခုန်နေသဖြင့် ထာဝရပွဲတော်ခန်းမ၏ ပင်မအဖွဲ့ဝင်အားလုံးကို ကျောက်ရုပ်သဖွယ် အံ့အားသင့်သွားစေသည်။
ထာဝရပွဲတော်ခန်းမ၏ပင်မအဖွဲ့ဝင်ရာဂဏန်းနီးပါးသည် ဂူယန်အာကိုယ်တိုင် လေ့ကျင့်သင်ကြားပေးခဲ့သော ကျွမ်းကျင်သူများဖြစ်ကြသည်။ သို့သော် သူမအား ထိုကဲ့သို့သော စိတ်နေသဘောထားမျိုး ပြသသည်ကို တစ်ခါမှ မမြင်ဖူးကြပေ။ သူမသည် ပြုံးပျော်ရွှင်မြူးနေသော မျက်နှာလေးဖြင့် ကလေးမလေးနှင့်ပင် တူနေပေသည်။
ပင်မအဆောက်အဦး၏အရှေ့တွင် ထာဝရပွဲခန်းမ၏ ဒါဇင်နှင့်ချီသော ပင်မအဖွဲ့ဝင်များစွာတို့သည် လမ်း၏တစ်ဖက်တစ်ချက်စီတွင် ရပ်နေကြပြီး ဂူယန်အာ ရောက်ရှိလာမည်ကို တိတ်တဆိတ် စောင့်မျှော်နေရင်း ဝမ်းသာပီတိဖြစ်နေကြသည်။
သို့သော် လမ်း၏အဆုံးတွင် ပုံရိပ်နှစ်ခုပေါ်လာသည့်အခါ သူတို့၏မျက်နှာများထက်မှ ဝမ်းသာပီတိဖြစ်နေမှုများမှာ အေးခဲသွားပြီး မယုံကြည်နိုင်မှုများဖြင့် တဖြည်းဖြည်း အစားထိုးလာသည်။
…အဲ့ဒါ…
…အဲ့ဒါက … သူဋ္ဌေးလား…
…သူဋ္ဌေးက ဘယ်လိုဖြစ်ပြီး ကလေးလေးတစ်ယောက်လို ဖြစ်လာတာလဲ...
လူတိုင်းထဲတွင် ထန်ရှုတစ်ယောက်သာ ဂူယန်အာ၏ အပြောအဆို၊ အပြုအမူနှင့် ပတ်သက်၍ ပြဿနာ တစ်စုံတစ်ရာရှိသည်ဟု မခံစားခဲ့မိပါချေ။ သူ၏မျက်လုံးထဲတွင် သူမသည် အမြဲတမ်း ကလေးတစ်ယောက်သာ ဖြစ်သည်။ သူသည် သူမကို ကျွေးမွေးစောင့်ရှောက်လာကာ တစ်နေ့ထက်တစ်နေ့ ကြီးပြင်းလာမှုကို စောင့်ကြည့်ခဲ့သည်။
“သူဋ္ဌေးကို အရိုအသေပြုပါတယ်။”
ဒါဇင်နှင့်ချီသည့် ထာဝရခန်းမ၏ပင်မအဖွဲ့ဝင်များသည် ထန်ရှုတို့၂ယောက် ရောက်လာသည့်အခါ သူတို့အား အရိုအသေပေးလိုက်ကြသည်။
"သိပ်ကောင်းတယ်။ နင်တို့နဲ့ မတွေ့ရတာ နှစ်အတော်ကြာပြီဆိုပေမယ့် ရှောင်ရွှဲ့က နင်တို့ လုပ်တာလေးတွေ ပြောပြတယ်။"
ဂူယန်အာက ပြုံးပြီး ပြောသည်။
"သိပ်ကောင်းတယ်။ ဒီနှစ်တွေမှာ နင်တို့ရဲ့လုပ်ရည်ကိုင်ရည်တွေအားလုံးအတွက် ငါ အရမ်းပျော်တယ်။ ဒါပေမယ့် ငါက မကြာခဏ ပေါ်လာနိုင်မှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ဒီအမျိုးသားက ငါ့ရဲ့ဆရာသခင်ဖြစ်သလို အရင်းနှီးဆုံး ဆွေမျိုးလည်း ဖြစ်တယ်။ သူ့အမိန့်က ငါ့အမိန့်ထက် ပိုပြီး အရေးကြီးတယ်။ နင်တို့ရဲ့သစ္စာခံမှုနဲ့ သစ္စာစောင့်သိမှုကို ကတိပြုရမယ့် ပထမဆုံးပုဂ္ဂိုလ်လည်း ဖြစ်တယ်။”
"နားလည်ပါပြီ။"
ဒါဇင်နှင့်ချီသည့် ထာဝရခန်းမ၏ပင်မအဖွဲ့ဝင်များသည် သူတို့၏လက်သီးများအား တပြိုင်နက်တည်း စုလိုက်ကြသည်။
ထိုအချိန်တွင် အကွာအဝေးတစ်ခု၏ အရပ်မျက်နှာအနှံ့မှ အရိပ်များစွာသည် လျင်မြန်စွာ ချဉ်းကပ်လာသည်။ ထိုလူများကြားတွင် ယောကျ်ားမိန်းမနှစ်မျိုးလုံး ပါရှိကြပြီး ၎င်းတို့အားလုံးသည် ရဲစွမ်းသတ္တိရှိပြီး စွမ်းအားကောင်းသော အော်ရာတစ်ခုအား ထုတ်လွှတ်ထားသည်။
"သူဋ္ဌေးကို အရိုအသေပြုပါတယ်။"
သူမ၏ဘေးတွင် ရပ်နေသည့် ထန်ရှုသည် လူတိုင်းကို ချီးကျူးကာ စကားတစ်ချို့ပြောဆိုရင်း ပျော်ရွှင်နေသည့် သူမ၏အမူအရာလေးအား ကြည့်နေရင်း ရုတ်တရက် နားလည်လာသည်။ သူ ပြုစုပျိုးထောင်လာသည့် ကလေးမလေးက တကယ် ကြီးပြင်းလာခဲ့ပြီဖြစ်သည်။
"ယန်အာ … အထဲကို ဝင်ရအောင်။" ထန်ရှုက နူးညံ့သောလေသံဖြင့် ပြောလိုက်သည်။
ခပ်ဖွဖွ အပြုံးဖြင့် တုံ့ပြန်ကာ ဂူယန်အာသည် ထန်ရှု၏လက်မောင်းအား ချစ်မြတ်နိုးစွာ ဆုပ်ကိုင်ထားပြီး စားသောက်ဆိုင်၏ ပင်မအဆောက်အဦးထဲသို့ လှည့်ကာ ဝင်လိုက်သည် ။ သူမက ဦးဆောင်ကာ နှစ်ယောက်သား အထူးသီးသန့်အခန်းသို့ သွားလိုက်သည်။
“အိုး … ခမ်းနားလိုက်တဲ့ စားသောက်ပွဲပါလား။”
အခန်းထဲဝင်လာပြီးနောက် ဂူယန်အာ၏အပြုံးသည် ပိုမိုပြည့်လျှံတောက်ပလာခဲ့သည်။ ထို့နောက် သူမက ထန်ရှုအား စားပွဲဆီသို့ အမြန်ဆွဲလိုက်သည်။
အချိန်များ ကုန်လာပြီဖြစ်သည်။ ထန်ရှုနှင့် ဂူယန်အာတို့သည် အစားအသောက်များအား ဖြည်းညှင်းစွာ စားသောက်ခဲ့ကြသော်လည်း ပတ်ဝန်းကျင်လေထုသည် အထူးနွေးထွေးလှသည်။
ယခုအချိန်တွင် ရာနှင့်ချီသောလူများသည် ထာဝရခန်းမ၏ပင်မအဆောက်အဦးအပြင်ဘက်တွင် စုဝေးနေကြသည်။ ပင်မအဆောက်အဦးမှ ထွက်လာသည့် ဂူရှောင်ရွှဲ့ အပါအဝင် လူအားလုံးသည် လေးစားရိုသေသောအကြည့်များဖြင့် စောင့်နေကြသည်။
ထိုအချိန်တွင် ထာဝရခန်းမတွင် ထမင်းစားရန် လာရောက်ကြသော ဧည့်သည်တော်များစွာသည်လည်း ဤထူးဆန်းသောမြင်ကွင်းကို သတိပြုမိကြသည်။ လူအတော်များများသည် အံ့သြပြီး အကြောင်းရင်းကို မေးကြသည်။ သူတို့အားလုံးတွင် တစ်စုံတစ်ယောက်နှင့် သက်ဆိုင်သည့်စိတ်နေသဘောထားတစ်ခု ရှိနေကြဟန် ရှိသည်။
"ဟင် … ဘာဖြစ်နေတာလဲ။"
ကားသော့ကို ကိုင်ထားသော အိုးရန်လူလူသည် ထာဝရခန်းမ၏ ပင်မအဆောက်အဦးကို ရောက်ရှိလာစဉ် သူမ၏အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူမသည် ထာဝရခန်းမကို အကြိမ်များစွာ သွားရောက်လည်ပတ်ခဲ့သောကြောင့် အများစုသည် ထာဝရခန်းမ၏အဖွဲ့ဝင်များဖြစ်ကြောင်း သူမ သိရှိထားသည်။ သို့သော် သူတို့အားလုံး အဘယ်ကြောင့် စုဝေးကြသည်ကို သူမ မသိပါချေ။ စစ်သားများသည် ငြိမ်သက်တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသကဲ့သို့ ထိုသူတို့သည် စည်းစနစ်တကျ အုပ်စုဖွဲ့၍ပင် စီစဉ်ခဲ့ကြသည်။
“လူလူ…”
မျက်နှာထက်တွင် ပျော်ရွှင်သောအပြုံးဖြင့် ဂူရှောင်ရွှဲ့သည် အိုးရန်လူလူအနီးသို့ ရောက်လာသည်။
"ဘာဖြစ်နေတာလဲ။"
အိုးရန်လူလူက အံ့သြစွာမေးလိုက်သည်။
"ထန်ရှုက ဒီမှာလား။ ဒါပေမယ့် သူ ဒီမှာရှိနေရင်တောင် ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ မြင်ကွင်းဖြစ်မှာ မဟုတ်ဘူး။ စကားမစပ် … ဟိုက ဧည့်သည်တွေကို ကြည့်ကြည့်လိုက် … သူတို့အားလုံး ဒီကို ကြည့်နေကြတာ။"
"သူဋ္ဌေးက ဒီမှာ ရှိတယ်။" ဂူရှောင်ရွှဲ့က ပြုံးလိုက်ပြီး "သူနဲ့ ငါ့ဆရာသခင်က လောလောဆယ် ထမင်းစားနေတယ်။"
"မင်းရဲ့ဆရာသခင်…"
အိုးရန်လူလူသည် မျက်လုံးပြူးသွားကာ သူမအား စိုက်ကြည့်နေသည်။
ဂူရှောင်ရွှဲ့တွင် လျှို့ဝှက်ဆန်းကြယ်သော ဆရာသခင်တစ်ယောက် ရှိသည်ကို သူမ သိထားပြီးသားဖြစ်သည့်တိုင် တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ထို့နောက် ထန် ရှုနှင့် ထာဝရခန်းမကြားရှိ ရင်းနှီးမှုကြောင့် အိုးရန်လူလူသည် မိခင်ဆီသို့ ပြန်သွားခဲ့ပြီးနောက် ဂူယန်အာ၏အကြောင်းအား မိခင်ထံမှ သိခဲ့ရသည်။
“ရွှဲ့လေး … နင့်ဆရာ ပြန်ရောက်ပြီလား"
"ဟုတ်တယ် … သူပြန်လာပြီ။" ဂူရှောင်ရွှဲ့က အသံများထွက်အောင် ရယ်မောရင်း ခေါင်းညိတ်လိုက်သည်။
"ဒါဆို ငါ သူ့မဆီ အလည်သွားမယ်လေ။ ငါ့ ကိုယ်ပိုင်ဂျက်လေယာဉ် ဘယ်တော့ ပြန်ပေးမလဲဆိုတာလည်း ထန်ရှုကို မေးရဦးမယ်။"
ဂူရှောင်ရွှဲ့က သူမ၏ခေါင်းကို ခါယမ်းရင်း အိုးရန်လူလူအား တားထားလိုက်သည်။
"လူလူ … အဲဒါကို နောက်မှ ပြောပါလား။ ငါ့ဆရာသခင်က ဆရာဘိုးဘေးနဲ့ အတူ ထမင်းစားပါစေဦး။"
"ဘာဖြစ်လို့လဲ။" အိုးရန်လူလူ အံ့သြသွားသည်။
ဂူရှောင်ရွှဲ့က တောင်းပန်သည့် အကြည့်ဖြင့် ကြည့်ကာ ခေါင်းယမ်းပြပြီး
"လူလူ … ငါ နင့်ကို အခုချိန်မှာတော့ မပြောနိုင်ဘူး။ ဒါပေမယ့် ငါ့စကားကို နားထောင်စေချင်တယ်။ ဆရာသခင်နဲ့ ဆရာဘိုးဘေးတို့ နောက်ဆုံးတော့ ပြန်လည်ဆုံတွေ့ကြပြီ။ သူတို့အတွက် သီးသန့်နေရာ လိုအပ်တယ်။”
ထူးဆန်းသောအမူအရာဖြင့် အိုးရန်လူလူက ဂူရှောင်ရွှဲ့ကို ကြည့်လိုက်သော်လည်း သူမက ခေါင်းညိတ်ကာ ပြောနေဆဲဖြစ်သည်။
“အဲ့ဒါဆိုလည်း ထားလိုက်ပါ။ ဒီလိုဆိုမှတော့လည်း နင်နဲ့အတူ ငါစောင့်နေမယ်။ ရိုးရိုးသားသားပြောရရင် နင့်ရဲ့သခင်အကြောင်းကို ငါ တကယ် သိချင်နေပြီ။"
"ကျေးဇူးပါဟာ။" ဂူရှောင်ရွှဲ့က ခပ်ဖျော့ဖျော့အပြုံးဖြင့် ပြောလိုက်သည်။