← Chapters

ဟုန်ဂိတ်မှ ညစာစားပွဲ

Vol. 09 Ch. 402

ဟုန်ဂိတ်မှ ညစာစားပွဲ

Vol. 09 Ch. 402

ညကောင်းကင်ယံထက်တွင် ကြယ်များ တလက်လက်တောက်ပနေကာ ကမ္ဘာမြေပြင်ပေါ်သို့ ကြယ်ရောင်ဖျော့တော့စွာ ကျရောက်လာပြီ ဖြစ်သော်လည်း ကျင်းမန်ကျွန်းရှိ ထာဝရခန်းမ၏ ပင်မအဆောက်အဦးအရှေ့ မှ အခြေအနေသည် ယခင်ကဲ့သို့ပင် အသက်ဝင်နေဆဲဖြစ်သည်။

သို့သော်လည်း သတင်းလမ်းကြောင်းအမျိုးမျိုးမှတဆင့် အချို့သော ဒေသခံ အင်အားစုကြီးများနှင့် ကျင်းမန်ကျွန်းတွင် နေထိုင်သော မိသားစုကြီးများသည်လည်း ထိုနေရာတွင် ဖြစ်ပျက်နေသည်များကို သိရှိခဲ့ကြသည်။

"ဒီမှာ ဘာဖြစ်နေတာလဲ။"

လက်အောက်ငယ်သားနှစ်ယောက်နှင့်အတူ ထန်ဒေါင်သည် ထာဝရခန်းမ၏ ပင်မအဆောက်အဦးရှေ့သို့ ရောက်လာသည်။ ကြောက်လန့်တကြား ကြည့်ရင်း သူသည် ရုတ်တရက် မျက်မှောင်ကြုပ်သွားသည်။ သူ့အနောက်တွင်  ရှိသော လက်အောက်ငယ်သားနှစ်ယောက်မှာ ကြောက်မက်ဖွယ်ရန်သူများနှင့် ရင်ဆိုင်နေရသည့်အလား ထာဝရခန်းမကြီး၏ ရာနှင့်ချီသော ပင်မအဖွဲ့ဝင်များကို ကြည့်နေကြသည်။

"သူဌေး … ဒါက ဂေါင်ယန်ဖုန်းရဲ့ အစီအစဉ်တွေထဲက တစ်ခု ဖြစ်နိုင်မလား။" သူ့လူတစ်ယောက်က တီးတိုးလေး ပြောသည်။

“ငါတော့ အဲ့လို မထင်ဘူး။ သူတို့ထဲက တချို့က ထာဝရခန်းမရဲ့လူတွေဆိုတာ ငါသိတယ်။ ဂေါင်ယန်ဖုန်းက ငါတို့အတွက် ခက်ခဲတဲ့အရာတွေကို လုပ်ချင်နေရင်တောင် ထာဝရခန်းမမှာ သူလုပ်ဖို့ မဖြစ်နိုင်ဘူး။ အဲ့ဒါကြောင့် ဟုန်ဂိတ်မှ ညစာစားပွဲလိုမျိုးတော့ ဒီညမှာ ဖြစ်လာမှာ မဟုတ်ဘူးဆိုပေမယ့် စုံစမ်းစစ်ဆေးတာကတော့ ပြဿနာ မဖြစ်လောက်ပါဘူး။”

ချက်ခြင်းပင် ထန်ဒေါင်က သူတို့ကို ဖြတ်ကျော်ကာ တစ်ဖက်လူ ကြိုတင်စာရင်းပေးထားသည့် အခန်းဆီ အမြန်ဝင်သွားလိုက်သည်။ မျက်စောင်းထိုးထောင့်တွင် ရပ်နေသည့် ဂူရှောင်ရွှဲ့ နှင့် အိုးရန်လူလူအား သူ သတိမထားမိလိုက်ချေ။ သို့သော် အိုးရန်လူလူက ထန်ဒေါင်အား မြင်လိုက်သဖြင့် အနည်းငယ် အံ့သြသွားပုံရသည်။

“ရှောင်ရွှဲ့ … ငါ ထန်ရှုရဲ့ဦးလေးကို မြင်လိုက်မိသလိုပဲ။”

“ဆရာဘိုးဘေးရဲ့ဦးလေးလား။ ဘယ်သူများလဲ။”

“ငါတို့ကျင်းမန်ကျွန်းကပဲ ထန်ဒေါင်တဲ့။” အိုးရန်လူလူက တီးတိုးလေသံဖြင့်

“ပြီးခဲ့တဲ့ကာလ ထန်ရှု မတော်တဆဖြစ်တုန်းက ပေကျင်းက ထန်မိသားစုအိမ်တော်မှာ ငါတို့ သူ့ကို တွေ့ဖူးကြတယ်လေ။”

ဂူရှောင်ရွှဲ့ ရုတ်တရက် သဘောပေါက်သွားသည်။ သူမသည် မျက်မှောင်လေးကြုတ်ကာ ခဏလောက် စဉ်းစားလိုက်ပြီးနောက်

“ငါ မှတ်မိသလောက်တော့ သူက ထန်မိသားစုဝင်တစ်ဦးဖြစ်ပြီး ရေလက်ကြားကမ်းခြေစံအိမ်ရဲ့ ပိုင်ရှင်လည်းဖြစ်တယ်။ အရင်က တခြားအရာတွေကို ဂရုစိုက်နေရတော့ ဒီအချက်ကို မေ့သွားတယ်။ ထာဝရခန်းမက အနာဂတ်မှာ ပင်လယ်ကမ်းခြေ ရေလက်ကြားစံအိမ်နဲ့ ပိုပြီး နီးနီးကပ်ကပ် နေသင့်ပြီထင်တယ်။”

အိုးရန်လူလူက မျက်လုံးပြူးပြကာ

"နင်က အရမ်း ဘက်လိုက်တာပဲ ရွှဲ့လေး။ ငါတို့နှစ်ယောက်က အရမ်းရင်းနှီးတဲ့ ဆက်ဆံရေးလည်း ရှိတယ်။ ထန်ရှုနဲ့လည်း ငါ အရမ်း ရင်းနှီးတာကို ဘာလို့ နင်က ရေလက်ကြားစံအိမ်နဲ့ ပိုနီးကပ်ချင်ရတာလဲ ။ ငါတို့ အိုးရန်မိသားစုနဲ့ ပိုမနီးချင်ဘူးလား။ ငါ့အဘိုးက နင့်ရဲ့ဆရာသခင်ကို အရင်တွေ့ချင်နေမှန်း သိပေမယ့် နင် အမြဲ ငြင်းတယ်။"

"နင် နားမလည်ပါဘူး။" ဂူရှောင်ရွှဲ့က ပြောလိုက်သည်။

"ဘာကို နားမလည်တာလဲ။" အိုးရန်လူလူက ငေါ့တော့တော့ ပြောလိုက်ပြီး

"ငါ တကယ် နားမလည်ဘူး။ နင်က ထန်ရှုကို ဘာလို့ ဆရာဘိုးဘေးလို့ ပြောတာလဲ။ သူ့အသက်အရွယ်နဲ့ဆိုရင် အဝေးကြီးပဲ…”

"လူလူ နင် တိတ်တိတ်လေး နေလို့ မရဘူးလား။"

ဂူရှောင်ရွှဲ့ ၏ မျက်နှာသည် မည်းမှောင်လာကာ မြည်တွန်တောက်တီးလိုက်သည်။

"မဆီမဆိုင်စကားတွေ နင် ထပ်ပြောလာရင် နင်နဲ့ ဆက်ဆံရေးအားလုံးကို ငါ ဖြတ်လိုက်မှာနော်။

“နင် ငါ့ကို မပြောစေချင်ရင် … ကောင်းပြီ … ငါ ဘာမှ မပြောတော့ဘူး။"

အိုးရန်လူလူက မကျေမနပ်ဖြစ်ကာ ခေါင်းကို လှည့်သွားသော်လည်း စိတ်တွင်းက ကျိန်ဆဲလိုက်သေးသည်။

ပင်မအဆောက်အဦးအတွင်း။

သီးသန့်အခန်းတစ်ခုသို့ ထန်ဒေါင် ဝင်လာစဉ် လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးသည် ထိုနေရာတွင် ရောက်နှင့်နေပြီဖြစ်သည်။  တစ်ယောက်သည် ကတုံးပြောင်နှင့်လူဝကြီးတစ်ယောက်ဖြစ်ပြီး ကျောက်စိမ်းဆွဲသီးဆွဲကြိုးအား လည်ပင်းမှာ ဝတ်ဆင်လျက် လက်ချောင်းများတွင် ရွှေလက်စွပ်အား ခြောက်ကွင်း၊ ခုနစ်ကွင်းခန့် ဝတ်ဆင်ထားသည်။

နောက်တစ်ယောက်သည် မျက်မှန်တပ်ဆင်ထားသော ပိန်ပိန်ပါးပါး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သော်လည်း သူ၏ တြိဂံမျက်လုံးများသည် အေးစက်ပြီး မှုန်ကုပ်ကုပ် ဖြစ်နေသည်။

"အိုး … လေးစားရတဲ့ ပင်လယ်ကမ်းခြေ ရေလက်ကြားစံအိမ်ပိုင်ရှင် ဆရာထန်ကို ဒီည မလာရဲဘူးလို့ ထင်နေတာ။"

ပိန်ပိန်ပါးပါး လူလတ်ပိုင်းအရွယ် ဂေါင်ယန်ဖုန်းက ပြုံးကာ ခနဲ့တဲ့တဲ့ ပြောလိုက်သည်။

ထန်ဒေါင်သည် အေးစက်သော  နှာခေါင်း ရှုံ့သံတစ်ချက်ဖြင့် တုံ့ပြန်လိုက်ပြီး စားပွဲဝိုင်း၏ တစ်ဖက်ခြမ်းသို့ သွားကာ ထိုင်လိုက်ကာ ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။

"ဂေါင်ယန်ဖုန်း … ကျင်းမန်ကျွန်း မပြောနဲ့ တရုတ်နိုင်ငံ တစ်ခုလုံးမှာတောင် ဒီထန်ဒေါင် မသွားရဲတဲ့ နေရာ မရှိဘူး။ ကိုယ့်ကိုယ်ကိုယ် မေးကြည့်စမ်းပါဦး။ မင်းက အမြဲတမ်း ငကြောက်မဟုတ်ဘူးလား။ အခုမှ ဘယ်လိုတောင် မောက်မာနေရတာတုန်း။ မင်းကို အနောက်ကနေ ပံ့ပိုးပေးမယ့်လူ ရှိနေတယ်လို့ ငါ့ကို မပြောနဲ့နော် ဟမ့်။"

"ထန်ဒေါင် … မင်း ဘယ်သူ့ကို ငကြောက်လို့ ခေါ်နေတာလဲ။"

ဂေါင်ယန်ဖုန်းက ရုတ်တရက် ထရပ်ကာ ဒေါသတကြီး အော်ဟစ်ရင်း

"မင်းရဲ့ပင်လယ်ကမ်းခြေရေလက်ကြားစံအိမ်မှာ ပြဿနာရှိပြီး တခြားနည်းလမ်း မရှိလို့ ငါ့ဆီက တစ်ခုခုတောင်းဖို့ လိုအပ်နေတာ မင်းမမေ့သင့်ဘူး။ ငါ့ကို စိတ်ဆိုးလေ … နတ်ဆိုးနဂါးပင်လယ်ဧရိယာဆီ သွားတဲ့ မင်းရဲ့ လမ်းကြောင်း တိုက်ရိုက်ရပ်တန့်သွားတာကို မင်းတွေ့ရလိမ့်မယ်။"

"မင်းမှာ တကယ်အရည်အချင်းရှိရင် ဘာလို့ မကြိုးစားတာလဲ။"

ထန်ဒေါင်က အေးစက်စက်လေသံဖြင့် ပြန်အော်လိုက်သည်။

နှစ်ယောက်ကြားတွင် ထိုင်နေသော ၀၀တုတ်တုတ်အမျိုးသားက တောက်ပြောင်သောလက်ချောင်းများဖြင့် စားပွဲကို တစ်တောက်တောက် ခေါက်ရင်း

“မင်းတို့ ပြဿနာဖြေရှင်းချင်တယ်လို့ ပြောတာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ ရန်ဖြစ်နေကြသေးတာလဲ။ မင်းတို့နှစ်ယောက်က ငါ့ကို ဒီတခေါက် ခုံသမာဓိ လုပ်စေချင်တယ်ဆိုလို့ တောင်းဆိုတဲ့အတိုင်း ငါ လုပ်ပေးမှာလေ။ ဒါပေမယ့် မင်းတို့ ဒီလိုဆက်လုပ်ရင် ငါထွက်ပြီ။"

ဂေါင်ယန်ဖုန်းသည် ထန်ဒေါင်ကို စိုက်ကြည့်နေပြီးနောက် စိတ်လျှော့ကာ စီးကရက်ကို မီးညှိလိုက်သည်။

ထန်ဒေါင်၏ မျက်ခုံးများ အနည်းငယ် တွန့်သွားကာ တိတ်ဆိတ်သွားသည်။

ထိုလူဝသက်လတ်ပိုင်းအမျိုးသားအား ကျိရှောင်လုံဟုခေါ်သည်။ လူအများစုက သူ့အား ဖက်တီးကျိဟု ခေါ်ကြကာ ကျင်းမန်ကျွန်းတွင် အတော်လေး လွှမ်းမိုးနိုင်မှုရှိသည့်လူဟု ဆိုနိုင်ပေသည်။ သူ၏အင်အားသည် ဂေါင်ယန်ဖုန်း၏ ဝိုင်ဥယျာဉ်၊ ထန်ဒေါင်၏ ပင်လယ်ကမ်းခြေ ရေလက်ကြားစံအိမ်တို့နှင့် ယှဉ်ပါက မည်သည့်နည်းနှင့်မျှ နိမ့်ကျမည်မဟုတ်ပေ။ ထို့ကြောင့် ကျင်းမန်ကျွန်းရှိ အင်အားစုများအားလုံးကလည်း သူ့အား မျက်နှာသာအချို့ ပေးကြသည်။

ဖက်တီးကျိသည် စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး တိတ်ဆိတ်သွားသော လူနှစ်ယောက်ကို ကြည့်ပြီးနောက် ကျေနပ်စွာ ပြုံးကာ ခေါင်းညိတ်လိုက်သည်။

"ထန်ဒေါင် … ဒီတစ်ကြိမ် ငါက အလယ်ကလူ တစ်ယောက်ပါ။ မင်းတို့ သဘောတူညီမှု ရနိုင်မယ်လို့ မျှော်လင့်ရင်း မင်းတို့နှစ်ယောက်ကို ဒီနေရာဆီ ဖိတ်လိုက်တာ။ ဒါပြီးသွားရင် မင်းတို့ ပင်လယ်ကမ်းခြေရေလက်ကြားစံအိမ်ရဲ့ ရေယာဉ်အုပ်စုဟာ နောက်ဆုံးမှာ နတ်ဆိုးနဂါးပင်လယ်ဧရိယာအတွက် မြန်မြန်ဆန်ဆန် လုပ်နိုင်သွားမယ်။”

"သူဋ္ဌေးဂေါင် ဘာပြောချင်တာလဲဆိုတာကို အရင်ကြားချင်တယ်။" ထန်ဒေါင်က လေးနက်သော အသံဖြင့် ပြောသည်။

"ဒါက အလွယ်လေးပါ။ ငါ ဝယ်ခဲ့တဲ့ကျွန်းက နတ်ဆိုးနဂါးပင်လယ်ပြင်ဧရိယာရဲ့ လမ်းကြောင်းပေါ်မှာပဲ။” ဂေါင်ယန်ဖုန်းက မခိုးမခန့်ဟန်ဖြင့်

“မင်းက ငါ့ကျွန်းကို ဖြတ်ချင်ရင် ငါတို့ကို အမြတ်အချို့ ပေးရမယ်။ မဟုတ်ရင် တခြားလမ်းကြောင်း ရှာပြီး အဲဒီကနေ ဖြတ်သွားလို့ရတယ်။"

"မင်းက ငါ့ရဲ့ ပင်လယ်ကမ်းခြေရေလက်ကြား စံအိမ်ကနေ အကျိုးအမြတ် ယူချင်တာလား။ ဒီဟာအတွက် မင်းရဲ့အသက်ကို ပေးဆပ်ရမှာ ငါ စိုးထိတ်မိတယ်"ထန်ဒေါင်က မထီတထီဟန်ဖြင့် တုံ့ပြန်လိုက်သည်။

"ထန်ဒေါင် … မင်းရဲ့ ပင်လယ်ကမ်းခြေ ရေလက်ကြားစံအိမ်လေးနဲ့ ငါ့ကို ခြောက်ချင်တာလား။" ဂေါင်ယန်ဖုန်းက လှောင်ပြောင်ပြီး

“ငါ့ရဲ့ဝိုင်ဥယျာဉ်က မင်းရဲ့ ပင်လယ်ကမ်းခြေ ရေလက်ကြားစံအိမ်နဲ့ တန်းတူပါပဲ။ မင်းပစ္စည်းတွေကို ငါနဲ့အတူ ပျောက်ပျက်သွားစေချင်တယ်ဆိုရင် ငါက မင်းကို ကောင်းကောင်း အဖော်လုပ်ပေးရမှာပေါ့။ နောက်ပြီး မင်းတို့ထန်မိသားစုကလည်း အတော် ခက်ခဲနေတဲ့ကာလ ဖြစ်နေတယ်မဟုတ်လား။ မင်းက ပေကျင်းထန်မိသားစုရဲ့ အဖွဲ့ဝင်တစ်ယောက်ဆိုတာ ငါ သိတယ်။ ဒါပေမယ့် မင်းရဲ့ ထန်မိသားစုက ကွမ်းယန်မှာ အများကြီး ဆုံးရှုံးသွားပြီ။ မင်းမိသားစုက ငါ့ကို အရင်က ခြောက်လှန့်ဖူးပေမယ့် မင်းတို့ရဲ့ ရန်သူအဖြစ် ယောင်မိသားစုရှိတာကို ငါ သိတာမို့ မင်းကို ငါက ကြောက်နေရမှာလား။ အဆိုးတကာ့ အဆိုးဆုံးဖြစ်လာရင် ဒီဖေဖေကြီးက ယောင်မိသားစုကို သွားလိုက်ရုံပဲ။”

“မင်း…”

ဤသည်မှာ ထန်ဒေါင် အကြောက်ဆုံးအရာ ဖြစ်သည်။ သူ၏ပင်လယ်ကမ်းခြေရေလက်ကြားစံအိမ်သည် ဂေါင်ယန်ဖုန်း၏ ဝိုင်ဥယျာဉ်ထက် အနည်းငယ် အားကောင်းနိုင်မည်ဖြစ်သော်လည်း သူတို့၂ယောက် ယှဉ်ပြိုင်ကြသည့်အခါ သူ၏ရေလက်ကြားစံအိမ်လည်း ဆုံးရှုံးမှု ကြီးကြီးမားမား ခံစားရမည်ဖြစ်သည်။

တစ်ဖက်တွင်မူ သူသည် ထန်မိသားစု၏အင်အားကို အသုံးပြုမည်ဆိုပါက ဂေါင်ယန်ဖုန်းသည် စိတ်ပျက်အားလျော့ရန် တွန်းအားပေးခံရသဖြင့် ယောင်မိသားစုအား သစ္စာခံကတိပြုရန် အလားအလာ ရှိနေသည်။ ယောင်မိသားစုသည် ထိုကဲ့သို့ အစွမ်းထက်သော နောက်လိုက်ခွေးတစ်ကောင်အား လက်ခံမည်မှာ အသေအချာပင်။ ထို့အပြင် ဂေါင်ယန်ဖုန်းသည် ယောင်မိသားစုဝင်များအား ကျင်းမန်ကျွန်းသို့ ခေါ်ဆောင်လာပါက ၎င်း၏ ရေလက်ကြားစံအိမ်သည် ရှင်သန်ရန် ပိုမိုခက်ခဲသွားမည်ဖြစ်ပေသည်။

သူတို့နှစ်ယောက်အား ကြည့်ကာ ဖက်တီးကျိက အသံထွက်အောင် ရယ်လိုက်ပြီး

“ထန်ဒေါင် … ဂေါင်ယန်ဖုန်းက အဲ့ဒီကျွန်းကို ဝယ်ယူပြီးတော့ ကျွန်းတစ်ဝိုက်မှာ အကြီးစား ရေလုပ်ငန်းစိုက်ပျိုးမွေးမြူရေးကို တည်ထောင်ချင်နေတာလေ။ ဒါပေမယ့် မင်းရဲ့ ရေယာဉ်အုပ်စုက အဲဒီနေရာကို ဖြတ်သွားရင် သူ့ မှာ ဆုံးရှုံးမှု တစ်ချို့ ရှိမယ်မဟုတ်ဘူးလား။ အဲ့ဒါကြောင့် ငါ အကြံပေးချင်တာက နှစ်ယောက်လုံး ခြေတစ်လှမ်းစီ ပြန်ဆုတ်လိုက်ပါ။ ဂေါင်ယန်ဖုန်းက မင်းကို သူ့ကျွန်းနားက ရေကြောင်းလမ်းကြောင်းကို အသုံးပြုခွင့်ပေးမယ်၊ မင်းကလည်း သူ့ကို နစ်နာကြေး အချို့ပေးလိုက်ရင် ပြဿနာက ပြေလည်သွားပြီ။”

"နစ်နာကြေးက ဘာလဲ။" ထန်ဒေါင်က မေးသည်။

"မင်းမလာခင် ဂေါင်ယန်ဖုန်းက သူ့ရဲ့ အဓိကအချက်ကို ပြောထားပြီးသား။ သူ ဆောက်တော့မယ့် ရေလုပ်ငန်းစိုက်ပျိုးမွေးမြူရေးက အရမ်းကြီးတော့ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုက ဘီလီယံနဲ့ချီပြီး ရှိလိမ့်မယ်။ မင်းရဲ့ရေလက်ကြားစံအိမ်က သူ့ကို နှစ်စဉ် ယွမ်မီလီယံ၂၀၀ နစ်နာကြေးပေးပြီး အမဲလိုက်တိုင်း ရတဲ့ သားရဲကောင်တစ်ကောင်ကိုပေးရင် မင်းကို ရေလမ်းကြောင်းကို အသုံးပြုခွင့်ပေးလိမ့်မယ်။ ဘယ်လိုလဲ။" ဖက်တီးကျိက ပြောသည်။

"သူ့ရဲ့လက်တွေ့မကျတဲ့တောင်းဆိုမှုကို တော်လိုက်စမ်းပါ။" ထန်ဒေါင်က ဒေါသတကြီးအော်လိုက်ပြီး

“ရေလက်ကြားစံအိမ်က ငါ့ညီအစ်ကိုတွေဟာ နတ်ဆိုးနဂါးပင်လယ်ဧရိယာကို သွားပြီး ကြမ်းတမ်းတဲ့ သားရဲကောင်တွေကို လိုက်ရှာတယ်။ အဲ့လိုသွားဖမ်းတိုင်း ရက်ပေါင်းများစွာ ကြာမြင့်ပြီး

တစ်ကောင်ရဖို့ကို ခက်ခက်ခဲခဲ ကြိုးစားဖမ်းရတာကွ။ ဂေါင်ယန်ဖုန်းကို တစ်ကောင်လုံး ပေးရရင် ငါတို့အတွက် ဘာမှ မကျန်တော့ဘူး မဟုတ်လား။ ပြီးတော့ အဲဒီနှစ်စဉ် နစ်နာကြေးငွေ မီလီယံ ၂၀၀ … ငါ မင်းကို ပိုက်ဆံပေးမယ်လို့ မင်းထင်ရင် မင်းရူးနေပြီပဲ။"

ဂေါင်ယန်ဖုန်းက စားပွဲကို လက်ဖဝါးဖြင့် ရိုက်ကာ ထရပ်လိုက်ပြီး

“မင်း သဘောမတူဘူးလား။ အဲ့လိုဆိုလဲ မင်းတို့ရေလက်ကြားစံအိမ်က ဒီ့ပြင် ရေလမ်းကြောင်းကို ရှာလိုက်တော့။ ဒီဖေဖေကြီးက ငါ့လုပ်ငန်းကို စဆောက်ဖို့ ကျွန်းကို ပြန်တော့မယ်။”

"ဟေ့ မင်းတို့နှစ်ယောက် ထိုင်ကြဦး။" ဖက်တီးကျိက မျက်လုံးပြူးကာ ကျယ်လောင်စွာ ပြောလိုက်သည်။

ပင်မအဆောက်အဦးရှိ အထူးဧည့်သည်အခန်းအတွင်း။

ထန်ရှုသည် ဂူယန်အာအား အဖော်လုပ်ကာ အရသာအမျိုးမျိုးစုံသော ဟင်းလျာများကို မြည်းစမ်းနေပေသည်။  ဂူယန်အာသည် ဝိုင်နှစ်ခွက်အား တတိတိနှင့် စုပ်သောက်ရင်း အော်ဟစ်နေသည့်အခါ လောဘကြီးသော  ကြောင်လေးတစ်ကောင်နှင့်တူသည်။

ထန်ရှုသည် တောင်တံခါးအိမ်ရာရှိ သူ၏အိမ်မှ ဝိုင်သေတ္တာနှစ်ခု သယ်လာသောကြောင့် ထိုအထဲမှ တစ်ပုလင်းကိုထုတ်ကာ သူမအတွက် ခွက်တစ်ဝက်စာ လောင်းထည့်လိုက်သည်။

"မင်း ဒီလောက်ပဲ သောက်လို့ရမယ်။"

"ဆရာသခင်က အရမ်း ကပ်စေးနည်းတာပဲ။" ဂူယန်အာက တောက်ပနေသော မျက်လုံးများဖြင့် ပြုံးလိုက်ပြီး

“အဲဒီတုန်းက အင်မော်တယ်ကမ္ဘာမှာတုန်းက နတ်ဝတ်ရည်ကို နှစ်ကရားတောင် ယန်အာ သောက်ခဲ့တာ။ အဲဒီ့ဝိုင်အကြောင်းလည်း ဆရာသခင် သိတယ်မဟုတ်လား။ အဲ့ဒီဝိုင်နှစ်ကရားကို ယန်အာ တစ်ယောက်တည်း သောက်ပေမယ့် မူးတောင် မမူးဘူး။"

"ဒီအချိန်က မတူဘူး။" ထန်ရှုက ခေါင်းယမ်းလိုက်ပြီး "မင်းက အခု ဒဏ်ရာ ရနေတာဆိုတော့ အများကြီး သောက်လို့မရဘူး။ ဆရာ မင်းကို ခွက်တစ်ဝက်ပဲ သောက်ခွင့်ပေးတာတောင် လွန်နေပြီ။ ကဲ …. သောက်ပြီး ဆက်စားကြရအောင်။ ငါ မင်းကို ညဘက် ရှုခင်းကြည့်ဖို့ အပြင်ကို ခေါ်သွားပေးမယ်။"

စိတ်အတွင်းတွင် ကြည်နူးပီတိဖြစ်နေသော ဂူယန်အာက ခွက်တစ်ဝက်စာ ထည့်ထားသော နတ်ဝတ်ရည်ဖန်ခွက်အား တစ်ငုံသောက်ကာ ဆုပ်ကိုင်ထားပြီး အံအားသင့်စွာ ပြောလိုက်သည်။

“ဆရာ … ဒီဝိုင်ရဲ့ အရသာကို တော်တော် ရင်းနှီးနေတယ်။ မဟုတ်သေးဘူး။ တစ်ခုခုများ လွဲနေသလားလို့။”

"ဝိုင်ဖောက်နည်းက ဆရာကိုယ်တိုင်လုပ်တာလေ။ မင်း သူ့ရဲ့အရသာကို သိနေတာ သဘာဝပဲ။ ဒါပေမယ့် အချို့ပစ္စည်းတွေကို အစားထိုးခဲ့ရတာမို့ အရသာက ပိုဆိုးပြီး တစ်ခုခု လိုနေသလိုလို ဖြစ်နေတာ။”

ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။

ဂူယန်အာ ရုတ်ခြည်းပင် နားလည်သွားသည်။ ထို့နောက် သူမသည် ထုပ်ပိုးထားသော သေတ္တာကို ကြည့်လိုက်ပြီး ပုလင်းဆီသို့ အကြည့်လွှဲလိုက်သည်။ ထို့နောက် သူမသည် စူးစမ်းလိုစိတ်ဖြင့်

“ဆရာ ဝိုင်လုပ်ငန်းလုပ်နေတယ် မဟုတ်လား။”

"ဉာဏ်ကောင်းတယ်။" ထန်ရှုက ရယ်မောပြီး

"ဆရာက ဝိုင်လုပ်ငန်းလုပ်နေခဲ့တာ အခု အရမ်း အကျိုးရှိနေပြီ။"

“အဲဒါ့ မှန်တယ်။ ဆရာသခင်ဖွင့်တဲ့ ဝိုင်စက်ရုံက အမြတ်မရဘဲ ဘယ်နေပါ့မလဲ။ ဘယ်သူမှ မဝယ်ရင် သူတို့က မိုက်မဲတယ်လို့ ဆိုလိုတာပဲ။" ဂူယန်အာက ချိုသာစွာ ပြောလိုက်သည်။

“ကောင်းပြီ … လာ။ စားကြရအောင်။" ထန်ရှုသည် သူ၏တူဖြင့် ဟင်းတစ်တုံးအား ညှပ်ကာ ဂူယန်အာ၏ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်သည်။

နှစ်ယောက်သား အစားအသောက်နှင့် ဝိုင်များ စားသောက်ကြသည်မှာ လျင်မြန်စွာဖြင့်ပင် ပြည့်အင့်သွားသလို ခံစားလိုက်ရသည်။ ဂူယန်အာက ထန်ရှု၏လက်မောင်းအား တင်းတင်းဆုပ်ကိုင်ထားရင်း နှစ်ယောက်သား ပင်မအဆောက်အဦး၏အပြင်ဘက်ကို ထွက်လာခဲ့သည်။ အဆောက်အဦးအပြင်မှ မြင်ကွင်းအား မြင်လိုက်ရသည့်အခါ ဂူယန်အာက ပြုံးပြီး “နင်တို့ လူစု မခွဲကြသေးတာလား။ အင်း... တော်တော်များများက ပြန်လာတဲ့သူတွေလား။"

"သူဋ္ဌေးကို အရိုအသေပြုပါတယ်။"

အပြင်မှ ပြန်ရောက်လာသူများသည် တလေးတစား အရိုအသေပြုကြသည်။

ဂူယန်အာက သူမ၏လက်ကို ဝှေ့ယမ်းပြီး "အခမ်းအနားတွေ မလုပ်ပါနဲ့။ အခုချိန်ကစပြီး ရှေ့ လျှောက် နင်တို့အားလုံးက ငါ့ဆရာသခင်ရဲ့အမိန့်ကို နာခံရမယ်။ ဆရာသခင်က ထာဝရခန်းမရဲ့ အမြင့်ဆုံးအုပ်ချုပ်သူဖြစ်ပြီး သူရဲ့ဆန္ဒက နင်တို့တွေရဲ့ဆန္ဒပဲ။”

“နာခံပါတယ်။” အားလုံးက တစ်လေသံတည်း ပြန်ဖြေလိုက်ကြသည်။

ဂူယန်အာက

“ကောင်းပြီ။ နင်တို့အားလုံး တန်းစီနေတာ ဖြုတ်လိုက်ကြတော့။ စားသောက်ဆိုင်ရဲ့ ပုံမှန်လုပ်ငန်းဆောင်တာများကို မထိခိုက်စေနဲ့။"

(Charm Ming Nge - တရုတ်စကား အသုံးအနှုန်းတွင် "ဟုန်ဂိတ်မှ ညစာစားပွဲ" ဟူသောစကားသည် ဝမ်းမြောက်ပျော်ရွှင်စရာဟု တစ်ဖက်က ပြထားပြီး  အမှန်တကယ်တွင် သစ္စာမဲ့နေသော ထောင်ချောက်တစ်ခု သို့မဟုတ် အခြေအနေတစ်ရပ်ကို ရည်ညွှန်းရာတွင် မကြာခဏ အသုံးပြုသည်။)

***

All Chapters