← Chapters

အလှလေးများ၏ပြိုင်ပွဲ

Vol. 09 Ch. 403

အလှလေးများ၏ပြိုင်ပွဲ

Vol. 09 Ch. 403

လူစုခွဲလိုက်သောအခါ ထန်ရှု၏အကြည့်များသည် ဂူရှောင်ရွှဲ့၏ဘေးတွင်ရပ်နေပြီး ထွက်ခွာမသွားသေးသော အိုးရန်လူလူဆီ ရောက်သွားသည်။

သို့သော် ယခုအချိန်တွင် အိုးရန်လူလူသည် ထန်ရှုကို ကြည့်မနေဘဲ ဂူယန်အာအား စိုက်ကြည့်နေသည်။ သူမသည် မယုံကြည်နိုင်ဟန်ဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေသည်။

လှသည်။ သူမသည် လှပသည်။ သူမသည် အသက်ရှုမှားလောက်အောင် လှရက်နိုင်လွန်းပေသည်။

အိုးရန်လူလူသည် သူမ၏ ဖန်တီးမှုများ၊ အကြည့်များ သို့မဟုတ် ပုံပန်းသဏ္ဍာန်ပင်ဖြစ်ပါစေ သူမ ပိုင်ဆိုင်ထားသောအရာများအတွက် အိုးရန်လူလူသည် လွန်စွာ ယုံကြည်မှုရှိသည်။ ဂူရှောင်ရွှဲ့ထက် မနိမ့်ကျကြောင်းကိုပင် သူမ ယုံကြည်ခဲ့သည်။ သို့သော် ယခုမူ သူမ၏အရှေ့က အမျိုးသမီးသည် ရင်သပ်ရှုမောဖွယ်ကောင်းအောင် လှရက်နိုင်လွန်းပေရာ ဤကမ္ဘာနှင့် ကောင်းကင်ကိုးဘုံအောက်ရှိ မည်သည့်အမျိုးသမီးများထက်မဆို သာလွန်စွာ လှပတင့်တယ်ပေတော့သည်။ စွဲမက်ဖွယ်ကောင်းသော  ညှို့ယူဖမ်းစားနိုင်သည့် အလှတရားတစ်ခုပင်။

"လူလူ!"

ဂူရှောင်ရွှဲ့သည် အိုးရန်လူလူအား အသာအယာ ထိလိုက်သည်။ ၎င်းသည် သူမ၏ ထိတ်လန့်တုန်လှုပ်သွားစေပြီး သူမ၏ နှလုံးခုန်နှုန်းကို လျင်မြန်စေသည်။

"ရွှဲ့လေး … သူမက နင့်ရဲ့ဆရာသခင်လား။"

မယုံကြည်နိုင်မှုအချို့ဖြင့် အိုးရန်လူလူက မေးလိုက်မိသည်။ သူမ၏အရှေ့မှ ရင်သပ်ရှုမောဖွယ်ကောင်းအောင် လှပတင့်တယ်လွန်းသည့် သည်အမျိုးသမီးသည် ငယ်လွန်းသည်ဟု သူမ ခံစားနေရသည်။ ထို့ကြောင့် သူမ ယုံကြည်ရန် ခက်ခဲမိချေသည်။ သူမ၏မိခင်ဖြစ်သူထံမှ သိခဲ့ရသည်မှာ ဂူယန်အာဟုခေါ်သော ဤအမျိုးသမီးလေးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ထာဝရခန်းမအား တည်ထောင်ခဲ့သူ ဖြစ်သည်။

“ဟုတ်တယ်။” ဂူရှောင်ရွှဲ့ ခေါင်းညိတ်သည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ထာဝရခန်းမရဲ့သူဌေးက ဒီလောက် ငယ်သေးတာလား။ ဒါက သိပ္ပံနည်းကျ မဆန်လိုက်တာဟာ။ ငယ်ရွယ်နုပျိုမှုကို ထိန်းထားနိုင်တဲ့ အသက်ရှည်ဆေးက ဒီကမ္ဘာမှာ ရှိနိုင်ပါ့မလား။”

အိုးရန်လူလူက တီးတိုးရေရွတ်နေသည်။

သူမ၏ လှပသောမျက်နှာထက်တွင် အပြုံးတစ်ခု ဆင်မြန်းလျက် ဂူရှောင်ရွှဲ့သည် သူမ၏လက်သီးဆုပ်များကို စုလိုက်ကာ

"ဆရာသခင် … သူမက တပည့်ရဲ့သူငယ်ချင်းဖြစ်ပြီး ဆရာဘိုးဘေးရဲ့သူငယ်ချင်းလည်းဖြစ်တဲ့ အိုးရန်လူလူပါ။ ဆရာသခင့်အတွက် သူ လာခဲ့တာပါ။"

သူငယ်ချင်းတစ်ယောက်ဟုတ်လား။

"ဒီကလေးက အရမ်းလှတာပဲ။"

ဂူယန်အာက ပြုံးကာ ချီးကျူးလိုက်သည်။

"နင်က အိုးရန်မိသားစုက မဟုတ်လား။ နင်မွေးတုန်းက ငါ အလုပ်ရှုပ်နေခဲ့တယ်။ နင့်ရဲ့မွေးနေ့သတင်းကောင်းကို ငါရတော့ နင့်မိသားစုဆီကို လပြည့်ဝိုင်ပုလင်းတစ်လုံး လက်ဆောင်ပေးခဲ့သေးတယ်။"

အိုးရန်လူလူ၏ နှလုံးသား တုန်လှုပ်သွားသည်။ သူမ၏မျက်နှာပေါ်တွင် လေးစားသောအမူအရာတစ်ခု ဖြစ်ပေါ်လာပြီး သူမက တုံ့ပြန်လိုက်သည်။

“ရှင်က တကယ်ပဲ ရွှဲ့ လေးရဲ့ ဆရာသခင်လား။ ဒါပေမယ့် ဘယ်လိုဖြစ်ပြီး ထန်ရှုရဲ့တပည့် ဖြစ်သွားတာလဲ။ ရှင့်အသက် ဘယ်လောက် ရှိသွားပြီလဲ။"

သူမ၏မျက်လုံးများထဲတွင် နူးညံ့သိမ်မွေ့ မှုများ ပြည့်လျက် ဂူယန်အာသည် ထန်ရှုအား လှည့်ကြည့်လိုက်ပြီးနောက် သူမက အသာ ရယ်မောရင်း “ဟုတ်ပါတယ် ငါက သူ့တပည့်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ငါ့ကို ကြီးပြင်းအောင် စောင့်ရှောက်ပျိုးထောင်လာတဲ့သူက သူပဲလေ။”

"ဘာရီး…"

အိုးရန်လူလူ၏မျက်လုံးများသည် ပန်းကန်ပြားတစ်ချပ်သဖွယ် ပြူးကျယ်သွားကာ ထိတ်လန့်တကြားနှင့် ကြည့်သည်။ သူမသည် ထန်ရှုကို ကြည့်ပြီးနောက် ဂူယန်အာဆီ အကြည့်ထပ်မံ ရောက်သွားခဲ့သည်။ တုန်လှုပ်ချောက်ချားမှု ပျောက်ကွယ်သွားပြီးနောက်  ဤကိစ္စသည် အမှန်တကယ်အားဖြင့် အဓိပ္ပာယ်မရှိဟု သူမ ရုတ်တရက် ခံစားလိုက်ရသည်။

…ထန်ရှုက ဂူယန်အာကို စောင့်ရှောက်ပျိုးထောင်ခဲ့တာလား။ ဒါကြီးက ဘယ်လို ဟာသမျိုးလဲ…

…ထန်ရှုက အသက် ဘယ်လောက်ရှိသေးလို့လဲ။ သူ့အသက်က ၂၀လောက်ပဲ ရှိသေးတာမဟုတ်လားလို့…

…ဂူယန်အာကရော ဘယ်လိုလဲ။

…လွန်ခဲ့တဲ့ ဒါဇင်နဲ့ချီတဲ့နှစ်ပေါင်းများစွာက သူမရဲ့ အသွင်အပြင်က အသက်၂၀နှစ် ဒါမှမဟုတ် တစ်ခုခုပါ။ သူမက အခု အသက် ၂၀နှစ်ဟန်ပန်ရှိပေမယ့် အသက်၄၀ ဒါ မှမဟုတ် ၅၀ ဝန်းကျင်လောက်တော့ ရှိနေမှာပါ။ အဲ့ဒါကို အသက်၂၀အရွယ် လူငယ်တစ်ဦးက အသက်၄၀ ဒါမှမဟုတ် ၅၀ အရွယ် အမျိုးသမီးတစ်ဦးကို ပြုစုပျိုးထောင်ပေးတယ်ဆိုတာက အဓိပ္ပာယ်မရှိဘူးမဟုတ်လား…

အိုးရန်လူလူ၏ အဆက်မပြတ် ပြောင်းလဲနေသော အမူအရာကိုကြည့်ရင်း ထန်ရှုသည် စိတ်တွင်းမှ သက်ပြင်းသာ ချလိုက်မိသည်။ ထို့နောက် သူက ဂူယန်အာဘက်သို့ လှည့်ကာ ခေါင်းယမ်းပြလိုက်သည်။ သူမလည်း ခေါင်းယမ်းပြသည်ကို မြင်ပြီးနောက် ထန်ရှု၏ အကြည့်များသည် အိုးရန်လူလူထံ ရောက်သွားသည်။

"လူလူ … ယန်အာ ပေါက်ကရပြောနေတာကို နားမထောင်နဲ့။ ယန်အာက မင်းကို စနေတာ။ ဒါနဲ့ ငါ့ကို ပြောစရာ ရှိသေးလား။"

…နောက်နေတာတဲ့လား။…

အိုးရန်လူလူသည် ထန်ရှု၏ရှင်းပြချက်ကို အလွယ်တကူ ယုံကြည်ခဲ့သည်။ ရင်ထဲတွင် စိတ်ဓာတ်ကျမှု၊ စိတ်ရှုပ်ထွေးမှု စသောခံစားချက်များဖြင့် ပြန်ပြောလိုက်သည်။

“တကယ်တော့ ငါ့မှာ အရေးကြီးကိစ္စ မရှိပါဘူး။ ငါ့ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ကျင်းမန်ကျွန်းကို နင်ရောက်လာတာ ငါသိတယ်။ အဲ့ဒါကြောင့် လေယာဉ်ကို နင် ဘယ်တော့ ပြန်ပေးမလဲဆိုတာ မေးဖို့ နင့်ကို လိုက်ရှာနေတာ။"

“အိုး … ငါ အဲ့ဒါကို မလိုတော့ပါဘူး။”

ထန်ရှုက ပြုံးပြီး ပြောသည်။

"ထာဝရခန်းမကို ရောက်ဖို့ ငါ အလျင်လိုနေလို့ လေယာဉ်မှူးကို ပြောဖို့မေ့သွားတာ။ ဒါနဲ့ ငါတို့မှာ လုပ်စရာအချို့ရှိနေသေးလို့  မင်းနဲ့ စကားမပြောနိုင်တော့ဘူး။ ငါ အားလပ်ချိန်ရရင် မင်းကို ထမင်းစားဖို့ ဖိတ်လိုက်ပါ့မယ်။"

ဂူယန်အာသည် ထန်ရှု၏လက်မောင်းကို ကိုင်ဆွဲထားပြီး အိုးရန်လူလူအား နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိတ်ပြုံးပြသည်။ ထို့နောက် နှစ်ယောက်သား ကမ်းခြေဆီသို့ ဦးတည်သွားသော လမ်းကွေ့ကွေ့ကောက်ကောက်လေးဆီသို့ လျှောက်သွားကြသည်။

အိုးရန်လူလူသည် ကျောခိုင်းထွက်ခွာသွားသော သူတို့နှစ်ယောက်အား စောင့်ကြည့်မိပြီး နှစ်ယောက်၏ နီးစပ်မှုကို ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ထန်ရှုတို့ပျောက်ကွယ်သွားပြီးနောက် သူမ၏နှုတ်ခမ်းသည် တင်းတင်းစေ့သွားကာ သူမ၏ မျက်နှာသည် ရှုံ့မဲ့နေလျက်ရှိသည်။

ထန်ရှုနှင့် ဂူယန်အာသည် ဆရာသခင်နှင့် တပည့်ကဲ့သို့ ပုံစံ မဟုတ်ကြောင်း သူမ ရုတ်တရက် ခံစားလိုက်ရပြီး ထိုအစား ၎င်းတို့နှစ်ယောက်သည် ကြင်ဘက်မောင်နှံအလား တူညီနေပေသည်။ ထိုကဲ့သို့သော ရှာဖွေတွေ့ရှိသည် သူမအား လွန်စွာ စိတ်ဒုက္ခရောက်စေသည်။

"လူလူ…"

ဂူရှောင်ရွှဲ့ ရောက်လာကာ သူမအနီးတွင် ရပ်လိုက်သည်။ ထို့နောက် သက်ပြင်းချလိုက်ပြီး

“နင့်စိတ်ထဲမှာ ဘာရှိတယ်ဆိုတာ ငါသိပါတယ်။ အချစ်အကြောင်း များများစားစား ငါ မသိသလို ယောက်ျားနဲ့ မိန်းမကြားက ခံစားချက်တွေကိုလည်း ငါ မသိပါဘူး။ ဒါပေမယ့် ငါ မြင်တဲ့အခါ ပြောနိုင်ပါတယ်။ နင် ဆရာဘိုးဘေးကို ကြိုက်နေတာ မဟုတ်လား။ ဒါပေမယ့် နင့်မှာ မျှော်လင့်ချက်တွေ အများကြီးရှိမယ်လို့ ငါ မထင်ဘူး။”

အိုးရန်လူလူသည် ရုတ်ခြည်းပင် ဒေါသမျက်ဝန်းဖြင့် လှည့်ကြည့်လိုက်သည်။ သူမက တိတ်တိတ်လေး အော်ဟစ်လိုက်ပြီး

"ဘာလို့ မျှော်လင့်ချက်မရှိတာလဲ။ ငါ အိုးရန်လူလူက ငါချစ်တဲ့သူကို အရာအားလုံး ပေးမယ်။ ငါ့လက်ဖဝါးကနေ လွတ်မြောက်နိုင်တဲ့ လူတစ်ယောက်ဆိုတာ ဒီကမ္ဘာမှာ မရှိဘူး။ ဒါ ငါ ယုံကြည်ထားတာပဲ။”

“လူလူ … နင်နဲ့ ဆရာဘိုးဘေးက မတူညီတဲ့ကမ္ဘာက လူတွေပါ။ နင်က သူ့အတွက် မသင့်တော်ဘူး။"

ဂူရှောင်ရွှဲ့ သက်ပြင်းသာ ချလိုက်မိသည်။

"ဂူရှောင်ရွှဲ့… ထန်ရှုက နင့်ရဲ့ဆရာဘိုးဘေးမှန်း ငါ သိသလို မင်းရဲ့ဆရာသခင်နဲ့ သူ့ကြားမှာ ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေးရှိတယ်ဆိုတာလည်း ငါသိတယ်။"

အိုးရန်လူလူသည် သုန်မှုန်သော မျက်နှာဖြင့်

"ဒါပေမယ့် နင် ဒီအကြောင်း ငါ့ကို ထပ်ပြောရင် နင့်ကို ညီမတစ်ယောက်အနေနဲ့ အသိအမှတ်မပြုတဲ့အခါ ငါ့ကို အပြစ်မတင်နဲ့။"

ဂူရှောင်ရွှဲ့ ကြက်သေ သေသွားရပြီး သူမ၏ လှပသောမျက်နှာထက်တွင် မချိပြုံးတစ်ခု ပေါ်လာသည်။ တကယ်တော့ သူမသည် အချစ်နှင့်ပတ်သက်ပြီး အတွေ့အကြုံ မရှိပါ။ သို့သော် ထိုအချစ်ဆိုသည့်အရာအား မတွေ့ကြုံဖူးသော်လည်း အခြားသူများထံမှ မမြင်ဖူးဘူးဟု ဆိုလိုခြင်းမဟုတ်ပေ။ လက်တွေ့ဘဝတွင် စံနမူနာသာဓကများစွာ ရှိပေသည်။ သူမအား အမှန်တကယ် သတိပြုမိသွားစေသည့် အမှန်တရားတစ်ခုသည် - အမျိုးသမီးတစ်ယောက်သည် အချစ်ကြီးချစ်မိသွားပါက ကျိုးကြောင်းသင့် မစဉ်းစားနိုင်ကြတော့ချေ။

"သွားကြရအောင်။ ငါ နင့်ကို ခဏ အဖော်လုပ်ပေးမယ်။"

ဂူရှောင်ရွှဲ့က ပြောလိုက်သည်။

စိတ်ခံစား မှုအခြေအနေမကောင်းသောကြောင့် အိုးရန်လူလူသည် စားသောက်ချင်စိတ် လုံးဝမရှိတော့ချေ။ သူမသည် ဂူရှောင်ရွှဲ့၏စိတ်ကူးအား ငြင်းဆန်ကာ ထာဝရခန်းမမှ တတ်နိုင်သမျှ မြန်မြန်ထွက်သွားခဲ့သည်။ ယခင်က သူမတွင် ထိုကဲ့သို့ စိတ်မွန်းကျပ်ရမည့် ခံစားချက်မရှိခဲ့သော်ငြား ယခုက မတူပါချေ။ ယနေ့တွင် ဂူယန်အာ၏ ရုပ်အဆင်းသွင်ပြင်သည် သူမ၏နှလုံးသားအား နက်ရှိုင်းစွာ ရိုက်ခတ်ခဲ့သည်။

ထန်ရှုနှင့် ပတ်သက်နေသော အမျိုးသမီးအားလုံးကို သူမ ပြန်လည်စဉ်းစားကြည့်သည်။ ၎င်းတို့ထဲမှ အများအပြား၏ အခြေအနေများနှင့် အသွင်အပြင်အားလုံးသည် သူမထက် မနိမ့်ကျပေ။ သူမနှင့် ထိပ်တိုက်အဖြစ်ဆုံးသူမှာ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစု၏ အထွေထွေမန်နေဂျာ ခန်းရှ ဖြစ်သည်။ လူအများ ပြောကြသလိုပင် -  ကမ်းနားကလူတွေသည် တဖြည်းဖြည်း မြင့်တက်လာသောလအား ပထမဆုံး မြင်ဖူးကြသည့်သူများ ဖြစ်သည်။ ထို့ကြောင့် ခန်းရှသည် အခွင့်သာသောရာထူးတစ်ခု ရှိထားသောကြောင့် အထူးအားသာချက်များရှိလိမ့်မည်ဖြစ်သည်။ ခန်းရှသည် ထန်ရှု၏ကုမ္ပဏီကို စီမံခန့်ခွဲခြင်းဖြင့် သူမတို့၂ယောက်၏ ဆက်ဆံရေးသည် လွန်စွာ နီးကပ်နေမည်မှာ အသေအချာဖြစ်သည်။ ကာလရှည်ကြာလာပါက ခံစားချက်အချို့ပင် ဖြစ်ပေါ်လာနိုင်ပေသည်။

အိုးရန်လူလူ ထိုအကြောင်းအား ပိုတွေးမိလေလေ၊ သူမသည် လမ်းဘေးကျောက်တုံးများကို မတော်တဆ တိုက်မိလေလေဖြစ်သည်။ ထရပ်ကားမှ မီးရောင်ကြောင့်သာ မဟုတ်ပါက သူမသည် ကားမတော်တဆမှု ဖြစ်ပွားနေပေလိမ့်မည်။

…မဟုတ်ဘူး ငါ ဒီအတိုင်းတော့ ဆက်မသွားနိုင်ဘူး။ လူတွေပြောကြသလိုပဲ ပထမဦးစွာတိုက်ခိုက်တဲ့သူက အောင်နိုင်ပြီး နောက်ကျ မှတိုက်ခိုက်တဲ့သူက ဒုက္ခရောက်မယ်။ ဘယ်လောက်ပဲ ပေးဆပ်ရ ထန်ရှုကို ငါ့လူဖြစ်အောင် လုပ်ရမှာပဲ။ ငါဆိုတဲ့အိုးရန်လူလူရဲ့ ချစ်ရာကောင်းတာကို အားကိုးပြီး ထန်ရှု ငါ့ကို နှစ်သက်လိမ့်မယ်လို့ ငါယုံတယ်။…

သူမသည် ကားစတီယာရင်အား ရိုက်လိုက်ပြီး သူမ၏ ယုံကြည်မှုသည် မျက်နှာထက်တွင် ထင်ဟပ်လျက်ရှိသည်။ ကားကို ပြန်လည်စတင် မောင်းနှင်ပြီးနောက်တွင် သူမသည် လမ်း၏အဆုံးအား ဦးတည်ကာ အမြန်မောင်းနှင်လိုက်တော့သည်။

ထာဝရခန်းမမှ ကမ်းခြေဆီသို့ ဦးတည်သွားသော ကွေ့ကွေ့ကောက်ကောက်လမ်းလေးထက်တွင်

"ယန်အာ … မင်း နေလို့မကောင်းဘူးလား။" ထန်ရှုက စိုးရိမ်သောအကြည့်ဖြင့် တီးတိုးပြောလိုက်သည်။

"ဟင့်အင်း ယန်အာ အဆင်ပြေပါတယ်။"

ဂူယန်အာက ပြုံးကာ တုံ့ပြန်သော်လည်း သူမ၏ အမူအရာနှင့် လှုပ်ရှားမှုများက မသိလိုက်မသိဘာသာ ဆန့်ကျင်စကားဆိုနေခဲ့ကြသည်။ မကြာခင် သူတို့နှစ်ယောက်သည် ကမ်းခြေသို့ ရောက်လာခဲ့သည်။

သို့သော် ထိုအချိန်တွင် ဂူရှောင်ရွှဲ့ ရောက်လာပြီး

"ဆရာဘိုးဘေး … ထာဝရခန်းမကို ရောက်နေတဲ့ လူအချို့ကြားမှာ ပဋိပက္ခအချို့ရှိနေတယ်။ စားသောက်ပွဲ ခင်းထားပြီးဖြစ်ပေမယ့် မစားကြသေးပဲ အချင်းချင်း ထိပ်တိုက်တွေ့နေကြတယ်။ အဲဒီထဲက တစ်ယောက်က ဆရာဘိုးဘေးရဲ့ ထန်မိသားစုဝင်ထဲက တစ်ယောက်ပါ။

…ထန်မိသားစုဝင်…

ထန်ရှု၏မျက်ခုံးများတွန့်သွားကာ အံ့အားသင့်သွားဟန်ဖြင့်

"ဘယ်သူများလဲ။"

"ထန်ဒေါင်။" ဂူရှောင်ရွှဲ့က ပြောသည်။

ထန်ရှု၏မျက်နှာပေါ်တွင် ပဟေဠိဖြစ်နေသော အမူအရာ ပေါ်လာပြီး တွေဝသွေားသည်။ ထန်ဒေါင်သည် ပင်လယ်ကမ်းခြေရှိ ရေလက်ကြားစံအိမ်အား  စီမံခန့်ခွဲသူဖြစ်ပြီး လုပ်ငန်းသဘာဝသည် ထာဝရခန်းမနှင့် ဆင်တူသည်။ သို့တိုင် သူ၏ ရေလက်ကြားစံအိမ်ရှိ ခန်းမတွင် အဘယ်ကြောင့် ထမင်းမစားဘဲ ထာဝရခန်းမသို့ လာခဲ့ပါသနည်း။

ခဏလောက်စဉ်းစားပြီးနောက် ထန်ရှုက

"သူနဲ့ ပြသနာဖြစ်နေတာ ဘယ်သူလဲ။"

"သူက ကျင်းမန်ကျွန်းက ဝိုင်ဥယျာဉ်ရဲ့ သူဋ္ဌေး ဂေါင်ယန်ဖုန်းပါ။ ဒါပေမယ့် အဲဒီမှာ ကျိရှောင်လုံလည်း ရှိတယ်။ သူက ဒီမှာ သတ္တုတွင်းလုပ်တယ်။”ဂူရှောင်ရွှဲ့က ဖြေလိုက်သည်။

"ဟုတ်လား။ သူတို့ကို တားဖို့ လူတချို့ကို အမိန့်ပေးထားလိုက်။ ငါ သူတို့ကို နောက်မှ ဖြေရှင်းလိုက်မယ်။"

ထန်ရှုက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"နားလည်ပြီ။" ဂူရှောင်ရွှဲ့က ခေါင်းညိတ်လိုက်သည်။

"ဆရာသခင် … ယန်အာလည်း လိုက်ခဲ့မယ်။"

ဂူယန်အာက အလျင်စလိုပြောလိုက်သည်။

ထန်ရှုသည် သူမ၏လှပသော ဆံပင်များကို ညင်သာစွာ ကိုင်လိုက်ပြီးနောက် ခေါင်းယမ်းကာ

“ယန်အာ … ပြောစကား နားထောင်ပါ။ မင်းအခြေအနေက အပြင်မှာ အချိန်အကြာကြီး နေလို့ မရသေးဘူး။ ငါတို့ ထမင်းစားတာကတင် အချိန် တော်တော် ကုန်သွားပြီ။ မင်းမှာ ဆန္ဒရှိရင် ဆရာသခင် မင်းကို အချိန်အတော်ကြာအောင် အဖော်လုပ်ပေးမယ်။ ဒါပေမယ့် မင်း အရင်ဆုံး တောက်ပတဲ့ စေတီတော်ထဲမှာ နေရမယ်။ ဒီကိစ္စကို ဖြေရှင်းပြီးသွားရင် ငါ ပြန်လာခဲ့မယ်။”

တစ်ခဏလောက်တွေးပြီး ထန်ရှုပြောတာ မှန်သည်ဟု သူမ ခံစားရသဖြင့် ရုတ်ခြည်းပင် ရှက်သွားကာ အနေရခက်သွားသည့်ဟန်ဖြစ်သွားရသည်။ ထို့နောက် သူမက

“ဒါဆို ဆရာသခင် မြန်မြန် ပြန်လာရမယ်နော်။”

ထန်ရှုက ပြုံးလိုက်ပြီး

"စိတ်မပူပါနဲ့။ သွားရအောင် … မင်းကို တောက်ပတဲ့စေတီဆီကို အရင်လိုက်ပို့မယ်။"

စေတီ၏ ပထမထပ်တွင် …

ကျိချွိမိန်၊ အလင်း နှင့် အမှောင်တို့သည် ထိုနေရာတွင် စောင့်နေကြသည်။ ထန်ရှုနှင့် ဂူယန်အာ ပြန်ရောက်လာသည်ကို မြင်ပြီးနောက် ကျိချွိမိန်က

“ဒီမှာ ရက်နည်းနည်းလောက် နေမလား သခင်။”

ထန်ရှုက ခေါင်းညိတ်ပြီး

"နေမယ်။ ယန်အာ နိုးလာပြီဆိုကတည်းက ငါ အဖော်လုပ်ပေးရမယ်။ ဘာပဲဖြစ်ဖြစ် လုပ်စရာရှိတာ လုပ်ပါ။ တစ်ခုခု ရှိလာရင် မင်းတို့ကို ငါ လာရှာမယ်။"

“ကောင်းပါပြီ။”

သုံးယောက်သား ပြန်ဖြေပြီး တောက်ပသော စေတီတော်မှ အမြန်ထွက်သွားကြသည်။

သတ္တမထပ်သို့ရောက်သောအခါ  ထန်ရှုသည် ဂူယန်အာ လွင့်မျောသွားသည်ကို ကြည့်သည်။ ထို့နောက် သူသည် ရေခဲကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ပြုံးလိုက်ပြီး “ယန်အာ … ဒီမှာ ခဏနေပါ။ ငါ မြန်မြန်ပြန်လာမယ်။"

"ကောင်းပါပြီ။" ဂူယန်အာက ချိုသာစွာ ပြုံးလိုက်သည်။

ထာဝရခန်းမထဲရှိ အခန်းတစ်ခုအတွင်း…

စားပွဲများနှင့် ကုလားထိုင်များသည် နေရာတိုင်းတွင် အလဲလဲအပြိုပြို ဖြစ်ကာ အခန်းသည် ဖရိုဖရဲ ဖြစ်နေသည်။ ထိပ်တိုက်ရင်ဆိုင်နေသော နှစ်ဖက်စလုံးသည် ဒေါသတကြီးဖြစ်နေသော်လည်း  အလွန်ထိတ်လန့်ဖွယ်ဖြစ်နေသော ထန်ဒေါင်အား ဖက်တီးကျီက စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

ထိုအချိန်တွင် ဂေါင်ယန်ဖုန်း၏ လွန်ကျူးစွာ တောင်းဆိုသော လျော်ကြေးပမာဏကြောင့် ထန်ဒေါင်သည် ဒေါသတကြီးဖြစ်ကာ ကိုယ်တိုင် သတ်ပစ်ရန် ဆန္ဒရှိခဲ့သည်။ စေ့စပ်ညှိနှိုင်းရန် ရည်ရွယ်ချက်မရှိသလို ရိုးသားမှုလည်း မရှိကြောင်း ထင်ရှားသည်။ ဖက်တီးကျီကိုယ်တိုင်ပင် ကောင်းသည့်လူမဟုတ်ချေ။ ငြိမ်းချမ်းရေးဖော်ဆောင်ကာ ဆွေးနွေးမည် ဟစ်ကြွေးထားသော်လည်း သူသည် ဂေါင်ယန်ဖုန်းအပေါ် ဘက်လိုက်နေသည်မှာ ထင်ရှားသည်။ ဂေါင်ယန်ဖုန်းထံမှ မည်သို့သော အကျိုးကျေးဇူးများ ရရှိသည်ကို မည်သူမျှ မသိခဲ့ကြပေ။

"ထန်ဒေါင် … မင်း စားပွဲတွေကို ကောက်ပစ်ထားရင်တောင် အသုံးမဝင်ဘူး"

ဂေါင်ယန်ဖုန်းက ကဲ့ရဲ့လှောင်ပြောင်လိုက်ပြီး

“နောက်ကျမှလုပ်ပြီး ကျွန်းကို ဆုံးရှုံးမယ်လို့ မင်းကို ဘယ်သူက ပြောတာလဲ။ ငါက နှစ်၅၀လောက် ပိုင်ဆိုင်ခွင့်တွေ ဝယ်ပြီးပြီ။ မင်းရဲ့ရေလက်ကြားစံအိမ်က အဲ့ဒီလမ်းကြောင်းကို အသုံးပြုချင်တယ်ဆိုရင် ငါ ဖွင့်တဲ့ဈေးနှုန်းကို လက်ခံလိုက်။ မဟုတ်ရင် မင်းမှာ ရွေးချယ်စရာ နှစ်ခုပဲရှိတယ်။ ပထမတစ်ခုက နှစ်၅၀ စောင့်ဆိုင်းပြီး ကျွန်းရဲ့ပိုင်ဆိုင်မှုအခွင့်အရေးကို ဝယ်နိုင်တယ်။ ဒါပေမယ့် ငါ့မှာ ကျွန်းကို နောက်တစ်ကြိမ် ပြန်လည်ဝယ်ယူဖို့ ဦးစားပေးခွင့် ရထားတယ်။ ဒုတိယတစ်ခုက မင်း နောက်ထပ် လမ်းကြောင်း ရှာလိုက် ဒါပဲ။”

***

All Chapters