သဘောမတူသောစကားတစ်ခွန်းအတွက် လည်ပင်းကို ဖြတ်
Vol. 09 Ch. 404
ထန်ဒေါင်က လက်သီးများအား ကျစ်ကျစ်ပါအောင် ဆုပ်ပြီး လေးလံနေသောစိတ်ဖြင့်
“စေ့စပ်ဆွေးနွေးဖို့ တခြား ညှိနှိုင်းလို့ရတာ မရှိတော့ဘူးလား။”
“မရှိဘူး။” ဂေါင်ယန်ဖုန်းက ကျေနပ်နေသည့် လေသံဖြင့် ပြောသည်။
အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ထန်ဒေါင်သည် လှည့်ထွက်သွားသည်။
သို့သော် ထိုအချိန်တွင် ဂူရှောင်ရွှဲ့သည် တံခါးဝ၌ ပေါ်လာသည်။ အတွင်းပိုင်းအခြေအနေအား သူမ မြင်လိုက်ရသော်လည်း သူမက ပေါ့ပါးသောလေသံဖြင့် “ကျွန်မတို့ရဲ့ ထာဝရခန်းမက ဧည့်သည်တွေ ထမင်းစားဖို့ အခန်းကို ပြင်ဆင်ပေးတယ်။ ဒီလိုအခန်းတွေက ကြမ်းကြမ်းတမ်းတမ်း ပြုမူနိုင်တဲ့ နေရာမဟုတ်ပါဘူး။ ဘေးဘက်က အခန်းကို ပြင်ဆင်ခိုင်းထားပြီးပြီမို့ ဧည့်သည်တော်တို့ကို အဲဒီ့အခန်းကို သွားပေးဖို့ တောင်းဆိုပါရစေ။"
"သူဋ္ဌေးဂူ … ငါတို့က ဘေးအခန်းမှာ ဘာသွားလုပ်ရမှာလဲ။"
ထန်ဒေါင် မျက်မှောင်ကြုပ်သွားသည်။
ဂူရှောင်ရွှဲ့သည် ထန်ဒေါင်အား ရန်လိုသည့်အမူအရာမျိုး မပြခဲ့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် ထန်ဒေါင်နှင့် ထန်ရှုတို့၏ ပတ်သက်မှုကြောင့် လေးစားမှု အနည်းငယ် ပြသခဲ့ပါတယ်။
"မစ္စတာ ထန် … ကျွန်မက ထာဝရခန်းမရဲ့ ပိုင်ရှင် မဟုတ်ပါဘူး။ သူဋ္ဌေးက ပြောင်းသွားပါပြီ။ အမှန်တော့ ဒါက ကျွန်မတို့သူဋ္ဌေးရဲ့ ညွှန်ကြားချက် တစ်ခုပါ။ ကျေးဇူးပြုပြီး ဘေးအခန်းကို သွားပြီး ခဏစောင့်ပေးပါ။ သူ မကြာခင် ရောက်လာပါလိမ့်မယ်။"
"ကျေးဇူးပြုပြီး လမ်းပြပေးပါ။"
ဂူရှောင်ရွှဲ့သည် သူ့အပေါ် ရန်လိုခြင်းမရှိသည်ကို ခံစားမိသဖြင့် ထန်ဒေါင် မျက်ခုံးတစ်ချက်ပင့်လိုက်မိပြီး ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။
ဂေါင်ယန်ဖုန်းနှင့် ကျိရှောင်လုံအား တစ်ချက်ကြည့်လိုက်ပြီးနောက် ဂူရှောင်ရွှဲ့ လှည့်ထွက်သွားသည်။
အနည်းငယ် စိတ်ရှုပ်သွားသော ဂေါင်ယန်ဖုန်းက ကျိရှောင်လုံအား ကြည့်ကာ
"ထာဝရခန်းမရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ခင်ဗျား ပြောနိုင်မလား။ ထာဝရခန်းမက ဘာကြောင့် ငါနဲ့ ရေလက်ကြားစံအိမ်ကြားက ပြဿနာမှာ ဝင်ရှုပ်ချင်နေတာလဲ။ ဖက်တီးကျိ … ထာဝရခန်းမရဲ့ ခွန်အားက လူတိုင်း ထိတွေ့မရနိုင်တဲ့အရာဆိုပေမယ့် ငါတို့နှစ်ယောက် ပူးပေါင်းလိုက်ရင် သူတို့က ပြိုင်ဘက်တွေ ဖြစ်ချင်မှတောင် ဖြစ်နိုင်လိမ့်မယ်။”
ဖက်တီးကျိသည် သူ၏ပြည့်ဖောင်းနေသော မျက်နှာထက်တွင် အေးစက်သောအမူအရာ ဖြစ်ပေါ်လာကာ လေးနက်စွာ မျက်မှောင်ကြုတ်လိုက်သည်။ သူက ဂေါင်ယန်ဖုန်းအား အပြင်ဘက်သို့ ဆွဲထုတ်လိုက်ပြီး လေသံတိုးတိုးဖြင့် "အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့။ ထာဝရခန်းမရဲ့ ကြောက်စရာကောင်းပုံက ငါတို့တွေ ပူးပေါင်းလိုက်ရင်တောင် ယှဉ်နိုင်တဲ့အရာ မဟုတ်ဘူး။ ငါ မင်းကို တစ်ခုပြောပြမယ်။ သူတို့ရဲ့ လူတစ်ဒါဇင်လောက်နဲ့ ငါတို့ကို သုတ်သင်ဖို့ လုံလောက်နေပြီ။”
"မင်း တကယ်လား။" ဂေါင်ယန်ဖုန်း ထိတ်လန့်သွားသည်။
"မင်း ဘယ်လို သိလဲ။"
"ငါ ဘယ်လိုသိလဲက ထားလိုက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ထာဝရခန်းမကို ဘယ်တော့မှ မပြစ်မှားမိဖို့ သတိထား။ နောက်ပြီး မင်း အခွင့်အရေးရလို့ရှိရင် တစ်ခုခု ပေးဆပ်ရရင်တောင် ထာဝရခန်းမနဲ့ မိတ်ဖွဲ့ရမယ်။”
ဂေါင်ယန်ဖုန်းသည် ဖက်တီးကျိ၏အကျင့်စရိုက်အား သိသည်။ သည်လူသည် လူတွေကို ကြောက်ရွံ့စေရန် မည်သည့်အခါမျှ မခြောက်လှန့်တတ်မှန်း သူ သိပေသည်။ သို့သော် ထာဝရခန်းမသည် ၎င်းတို့၏ ခွန်အားအချို့ကို ဖုံးကွယ်ထားသော်လည်း ကျိရှောင်လုံ ပြောခဲ့သည့်အတိုင်း ၎င်းတို့သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းနေပေလိမ့်မည်။
ထို့နောက် သူတို့၃ဦးသည် ဂူရှောင်ရွှဲ့နှင့်အတူ ဘေးဘက်အခန်းဆီသို့ သွားခဲ့ကြသည်။ အဆိုပါအခန်းသည် ယခင်အခန်းထက် နှစ်ဆပိုကြီးပြီး လူဒါဇင်ပေါင်းများစွာကို ထားရှိရန် လုံလောက်ပေသည်။ ထိုအချိန်တွင် အခန်းတွင်းရှိ ပရိဘောဂများအား ဖယ်ရှားထားပြီး ထာဝရခန်းမ၏ ဝန်ထမ်းများသည် ဆိုဖာအများအပြားအား မသိလိုက်မသိဘာသာ နံရံနှင့် ကပ်ကာ ချထားသည်။
"လူကြီးမင်းတို့ … ကျေးဇူးပြု၍ ထိုင်ပါ။" ဂူရှောင်ရွှဲ့သည် အနောက်ဘက်သို့ တည့်တည့်သွားကာ အလယ်ထိုင်ခုံကို တန်းယူလိုက်သည်။
ထန်ဒေါင်သည် ဤကိစ္စအား ထာဝရခန်းမမှ မည်သည့်အကြောင်းကြောင့် ဝင်ရောက်စွက်ဖက်သည်ကို မသိသော်လည်း ဂူရှောင်ရွှဲ့ထံမှ ရန်လိုမှုတစ်စုံတစ်ရာကို မခံစားရပေ။ ထို့ကြောင့် ဂူရှောင်ရွှဲ့၏အရှေ့ရှိ ညာဖက်ဆိုဖာပေါ်တွင် သူထိုင်ချလိုက်သည်နှင့် ငြိမ်သက်လုံခြုံသွားသည်ဟု သူ ခံစားရသည်။ ဂေါင်ယန်ဖုန်းနှင့် ဖက်တီးကျိတို့သည် ဘယ်ဘက်ဆိုဖာတွင် ထိုင်လိုက်ကြသည်။
ထို့နောက်တွင် ဖက်တီးကျိ၏အကြည့်များသည် ဂူရှောင်ရွှဲ့ပေါ်သို့ ကျရောက်သွားသည်။ သူမသည် ရင်သပ်ရှုမောဖွယ် လှပနေသော်လည်း သူမအပေါ် ညစ်ညမ်းသော လုပ်ရပ်ကိုမူ အမှန်တကယ် မပြဝံ့ချေ။ သူက လက်သီးဆုပ်ပြီး
“အကြီးအကဲဂူ…”
"ကျွန်မနာမည် ဂူရှောင်ရွှဲ့ပါ။" ဂူရှောင်ရွှဲ့က ပေါ့ပါးသောဟန်ဖြင့် ပြောသည်။
ဖက်တီးကျိက အခေါ်အဝေါ်အား အမြန်ပြောင်းလိုက်ကာ
"မစ္စဂူ… ထာဝရခန်းမရဲ့ လက်ရှိသခင်က ဘယ်သူလဲလို့ မေးလို့ရမလား။"
"ကျွန်မတို့သူဋ္ဌေး ရောက်လာတဲ့အခါ ရှင် သိပါလိမ့်မယ်။"
ဂူရှောင်ရွှဲ့က တုံ့ပြန်လိုက်သည်။
ဖက်တီးကျီသည် အချည်းနှီး မေးလိုက်မိကြောင်း သိလိုက်မိသဖြင့် မချိပြုံး ပြုံးမိသည်။ သို့သော် သူ၏ ရှုပ်ထွေးနေသော ခံစားချက်ကို ရှင်းပစ်ချင်သောကြောင့် ထပ်မေးလိုက်ပြန်သည်။
"မစ္စဂူ … မင်းရဲ့ထာဝရခန်းမမှာ ငါတို့ ရန်ပွဲလေးတစ်ခု ရှိခဲ့တယ်။ ဒါပေမယ့် ဒါက အသေးအဖွဲကိစ္စလေးပါ။ ငါတို့ အချင်းချင်း ရန်မဖြစ်ကြသေးပါဘူး။ ပျက်စီးမှုအားလုံးကို ငါတို့ နှစ်ဆလျော်ပေးပါမယ်။ ဒါနဲ့ မင်းရဲ့ သူဋ္ဌေးက ငါတို့ကို ဘာဖြစ်လို့ တွေ့ချင်တာလဲဆိုတာ နားမလည်ဘူး။"
ပင်ကိုခံစားချက်မရှိသောအမူအရာဖြင့် ဂူရှောင်ရွှဲ့သည် ယခင်အတိုင်း တူညီသောစကားလုံးများဖြင့် ပြန်ပြောခဲ့သည်။
"ကျွန်မတို့သူဋ္ဌေး ရောက်လာတဲ့အခါ ရှင် သိပါလိမ့်မယ်။"
ဖက်တီးကျိ တိတ်ဆိတ်သွားသည်။
ခဏကြာတွင် အခန်းတွင်းရှိ ပတ်ဝန်းကျင်လေထုသည် အနည်းငယ် မွန်းကြပ်လာသည့်ဟန်ရှိသည်။
"သူဌေး…"
ထာဝရခန်းမမှ လုံခြုံရေးဝန်ထမ်း၏ အသံအား အခန်းအပြင်ဘက်မှ ကြားလိုက်ရသည်။
"အင်း…"
ထန်ရှု ခေါင်းညိတ်ကာ တုန့်ပြန်လိုက်သည်။
အခန်းတွင်းသို့ လှမ်းဝင်လိုက်သည်တွင် အတွင်းမှ အခြေအနေအား ရှင်းရှင်းလင်းလင်း သူ မြင်လိုက်ရသည်။ ထန်ဒေါင်၏မျက်လုံးများနှင့် ဆုံတွေ့သောအခါတွင် မယုံကြည်နိုင်ဟန် အရိပ်အယောင်အား သူ မြင်တွေ့နိုင်ပေသည်။
"သူဌေး…"
ဂူရှောင်ရွှဲ့က မတ်တပ်ရပ်လိုက်ပြီး ထန်ရှုအား ပေါ့ပါးစွာ ခေါ်လိုက်သည်။
သူမအား ခေါင်းညိတ်ပြလိုက်ပြီး မတ်တပ်ရပ်နှင့်နေပြီဖြစ်သော ထန်ဒေါင်ဆီသို့ ထန်ရှု ခြေလှမ်း အနည်းငယ်လှမ်းလိုက်သည်။ ထို့နောက် သူက အသံထွက်အောင် ရယ်မောလိုက်ရင်း
“ဦးလေးဒေါင် … ထာဝရခန်းမမှာ ရှိနေပြီး လူတချို့နဲ့ ပြသနာတက်နေတယ်လို့ ကျွန်တော် ကြားလို့။ ဘယ်လိုလဲ။ ပဋိပက္ခကို ဖြေရှင်းပြီးသွားပြီလား။”
ထန်ဒေါင်သည် နောက်ဆုံးတွင် သူ၏ အံ့သြတုန် လှုပ်မှုနေမှ အသိဝင်လာသည်။ ထန်ရှုအား အကဲခတ်ကာ အံ့သြတကြီး မေးလိုက်သည်။
"ထန်ရှု…မင်းက ထာဝရခန်းမရဲ့ ပိုင်ရှင်အသစ်လား။"
"ကျွန်တော့်ကို အသစ်လို့ ခေါ်နိုင်သေးရဲ့လား။ အဲ့ဒါက လတောင် တော်တော်ကြာနေပြီ"ထန်ရှုက ရယ်ကာ ပြောသည်။
ထန်ဒေါင်သည် ခဏတာ တိတ်ဆိတ်သွားခဲ့ပြီးနောက် အမူအရာပြောင်းသွားသည်။ သူ၏အမူအရာသည် စိတ်လှုပ်ရှားမှုဖြင့် အစားထိုးသွားပြီး ရယ်မောလိုက်ကာ “ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။ ထာဝရခန်းမကလူတွေကို ငါတို့လူတွေ ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှမထင်ခဲ့မိဘူး။ အစတုန်းကတော့ ငါ့ မှာ အကျိုးကျေးဇူးမဲ့နေတယ်လို့ ထင်ခဲ့ပေမယ့် ဒါက တောင်စောင်းတွေတစ်လျှောက် အကွေ့အကောက်လမ်းတွေလိုပဲဖြစ်မယ်လို့ ငါ တစ်ခါမှ မထင်ခဲ့မိဘူး။”
ထိုအခိုက်အတန့်တွင် ဂေါင်ယန်ဖုန်းနှင့် ဖက်တီးကျိ၏အမူအရာသည် အနည်းငယ် အရုပ်ဆိုးသွားခဲ့ရသည်။ သူတို့၏အိပ်မက်ထဲတွင် ထာဝရခန်းမ၏ သခင်သည် ထန်မိသားစုဝင် ဖြစ်လာလိမ့်မည်ဟု ဘယ်သောအခါမှ မတွေးခဲ့မိပေ။
… ပြသနာ။ ပြသနာမှ ပြသနာ အကြီးစားပင် …
နှစ်ယောက်သား အကြည့်ချင်းဖလှယ်မိကာ ခါးသီးရှုံ့မဲ့နေသည့်ဟန် ဖြစ်နေကြသည်။
ထန်ရှုက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး ဂူရှောင်ရွှဲ့ ထသွားသည့်အတွက် လွတ်သွားတဲ့ ထိုင်ခုံဆီကို လျှောက်သွားလိုက်သည်။ သူ၏လက်အား ဝှေ့ယမ်းကာ လူတိုင်းအား ထိုင်ရန် အချက်ပြလိုက်သည်။ ထို့နောက် ဂေါင်ယန်ဖုန်းနှင့် ဖက်တီးကျိတို့အား ကြည့်ကာ မထူးခြားသည့်ဟန်ဖြင့် ပြောလိုက်သည်။
"ကျွန်တော့်ကို ကျွန်တော် မိတ်ဆက်ပေးပါမယ်။ ကျွန်တော်က ထန်ရှု၊ ထာဝရခန်းမရဲ့ပိုင်ရှင် ဖြစ်သလို ထန်မိသားစုဝင်လည်း ဖြစ်တယ်။ ခင်ဗျားတို့နှစ်ယောက်ကို ဘယ်လို ခေါ်ရမလဲ။"
ဖက်တီးကျိက
"ငါ့နာမည် ကျိရှောင်လုံပါ။ မင်း ငါ့ကို ဖက်တီးကျိလို့ ခေါ်နိုင်တယ်။"
"ဂေါင်ယန်ဖုန်း။" ဂေါင်ယန်ဖုန်းက လေသံတင်းတင်းဖြင့် ပြန်ပြောသည်။
"ကဲ ကျွန်တော့်ကို ပြောပါဦး။ အခြေအနေက ဘယ်လိုလဲ။" ထန်ရှုက ပြောသည်။
"ထန်ရှု … ငါတို့ရဲ့ ပင်လယ်ကမ်းခြေ ရေလက်ကြားစံအိမ်က အနီးနားက ပင်လယ်ပြင်ဝန်းကျင်ထဲမှာ သားရဲရိုင်းတွေကို အမဲလိုက်တာ မင်း သိတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်လက ဖြစ်ခဲ့တဲ့ ငလျင်ငယ်ကြောင့် အဲ့ဒီနားက သားရဲတွေ ရုတ်တရက် ပျောက်ကွယ်သွားတယ်ကွာ။ ငါတို့တွေ နတ်ဆိုးနဂါးပင်လယ်ပြင်ဧရိယာထဲ သွားပြီး အဆင့်နိမ့် ကြမ်းတမ်းတဲ့ သားရဲအချို့ကို ရွေးချယ်အမဲလိုက်ရုံကလွဲပြီး မျှော်လင့်ချက်မရှိတော့ဘူး။ ဂေါင်ယန်ဖုန်းက အဲ့ဒီအခြေအနေကို သိသွားတော့ လျှို့ဝှက်နည်းလမ်းအချို့ကို သုံးပြီး ရေကြောင်းသွားလာမှုလမ်းကြောင်းရဲ့ အလယ်မှာရှိတဲ့ ကျွန်းကို ဝယ်လိုက်တယ်။ အဲ့ဒီနေရာမှာ ရေလုပ်ငန်းစိုက်ပျိုးမွေးမြူရေးခြံတစ်ခု တည်ဆောက်မယ်ဆိုပြီး ခြိမ်းခြောက်တယ်လေ။
အဲ့ဒါကြောင့် သူက ငါတို့သွားနေတဲ့ ရေလမ်းကြောင်းလမ်းကို ဖြတ်တောက်လိုက်ပြီး တောင်းဆိုချက်အချို့ကို ပြတယ်။ ဒါပေမယ့် သူ တောင်းတာက အရမ်းကို လွန်လွန်းအားကြီးတယ်။ သက်သက်ကို ငွေညှစ်နေတာ။ ဒီဖက်တီးကျိကလည်း အပေါ်ယံသာ ညှိနှိုင်းတယ်အမည်ခံပြီး ဂေါင်ယန်ဖုန်းရဲ့ တစ်စိတ်တစ်ပိုင်းပဲ။”
ဒေါသထွက်နေသော ထန်ဒေါင်ကိုကြည့်ရင်း ထန်ရှုက ပြုံးကာ ပြောသည်။
"ဒါက အသေးအဖွဲကိစ္စပါ။ ကောင်းပြီ … ကျွန်တော်နဲ့ ထားခဲ့။"
"ဒါကို ဘယ်လို ဖြေရှင်းဖို့ စီစဉ်ထားတာလဲ။" ထန်ဒေါင်က သံသယဖြင့် ပြောလိုက်သည်။
သူ့အား စိတ်ချရန် အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ထန်ရှုက ဂေါင်ယန်ဖုန်းအား ပြန်ကြည့်လိုက်ပြီး
"ခင်ဗျားက ဂေါင်ယန်ဖုန်း ဟုတ်တယ်နော်။ ကျွန်တော်က ထန်မိသားစုဝင်တစ်ဦးဖြစ်တာကို ခင်ဗျား သိကတည်းက ကျွန်တော်လည်း ခင်ဗျားရဲ့ရန်သူ ဖြစ်လာတာ သဘာဝပဲ။ ကောင်းပြီ … ကျွန်တော်က ရန်သူတွေကိုလည်း သဘောကောင်းတတ်ပါတယ်။ ဆိုတော့ အခွင့်အလမ်း ၂ခုပေးမယ်။ ရွေးချယ်စရာနှစ်ခုထဲ ကြိုက်ရာ ခင်ဗျား ရွေးနိုင်တယ်။ ပထမရွေးချယ်မှု- ကျွန်းကို ဈေးနှုန်းတစ်ယွမ်နဲ့ ပင်လယ်ကမ်းခြေရေလက်ကြားစံအိမ်ကို လွှဲပေး။"
“မဖြစ်နိုင်ဘူး။” ဂေါင်ယန်ဖုန်းက ချက်ချင်းထပြီး အော်လိုက်သည်။
"ဒါဆို ခင်ဗျား ဒုတိယရွေးချယ်မှုကို ရွေးလို့ရတယ်။" ထန်ရှုက ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။
"ဒုတိယရွေးချယ်စရာက ဘာလဲ။" ဂေါင်ယန်ဖုန်းက သူ့ဒေါသအား အတင်းအကျပ် ဖိနှိပ်ပြီး မေးလိုက်သည်။
ထန်ရှု၏ပုံရိပ်သည် ဓားအလင်းတန်းတစ်ခုသဖွယ် လက်ကနဲဖြစ်သွားကာ ဂေါင်ယန်ဖုန်း၏အရှေ့တွင် ချက်ချင်း ပေါ်လာသည်။ ထို့နောက် ထန်ရှုသည် ရိပ်ကနဲ ဆိုဖာပေါ်ပြန်ရောက်သွားပြီး ပြုံးရွှင်သော မျက်နှာဖြင့် "ဒုတိယရွေးချယ်စရာက ကျွန်တော်က ခင်ဗျားကို နေရာမှာတင် သတ်လိုက်တာနဲ့ ခင်ဗျားရဲ့ဘဝ အဆုံးသတ်သွားတာပဲ။ ခင်ဗျားရဲ့ ဝိုင်ဥယျာဉ်လုပ်ငန်းက လူတွေအားလုံးကိုလည်း အပြတ်ရှင်းပြီး ပိုင်ဆိုင်မှုတွေအားလုံး ကျွန်တော့်ဆီ လွှဲပြောင်းလာလိမ့်မယ်။"
“မင်း…”
ဂေါင်ယန်ဖုန်းက ညာလက်ကို မြှောက်ကာ ထန်ရှုအား လက်ညှိုးထိုးပြီး ပြောလိုက်သော်လည်း သူ၏ဘယ်လက်သည် လည်ပင်းအား တင်းကြပ်စွာ အုပ်ထားရင်း "မင်း" ဟု ပြောလိုက်သည်နှင့် ဒဏ်ရာမှ သွေးအများကြီး ထွက်လာခဲ့သည်။
“ကောင်းကင်ကို သွားတဲ့လမ်းရှိတာတောင် ခင်ဗျားက မယူချင်ဘူး။ အဲဒီအစား ငရဲတံခါးကို အပြေးအလွှား ပြေးတယ်။ ဒီလိုဖြစ်တာကြောင့် ခင်ဗျားကို ကျွန်တော်ကိုယ်တိုင် အဆုံးသတ်ပေးလိုက်တာပဲ။ ဟုတ်ပြီ။ ခင်ဗျား ငရဲကိုရောက်ပြီး ငရဲဘုရင်က ဘယ်လိုသေလဲလို့မေးလာရင် သူ့ကိုပြောဖို့မမေ့နဲ့နော်... ကျွန်တော့်နာမည် ထန်ရှုလို့ခေါ်တယ်။ ကျွန်တော် ဘယ်သူလဲဆိုတာ သူ သိလိမ့်မယ် … ဘာလို့လဲဆိုတော့ ခင်ဗျားလိုလူတွေကို သူ့ဆီ ကျွန်တော် စေလွှတ်ထားပြီးသားမို့ပဲ။" ထန်ရှုက အပြုံးဖြင့် ပြောသည်။
ထန်ရှု စကားဆုံးသည်နှင့် ဂေါင်ယန်ဖုန်း၏လက်များသည် သူ၏လည်ပင်းအား အုပ်ထားရင်း ဆိုဖာပေါ်မှ ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားသည်။
ထန်ရှုသည် ဂူရှောင်ရွှဲ့အား လှမ်းကြည့်လိုက်သည်။
ဉာဏ်ရည်ထက်မြက်သည့် ဂူရှောင်ရွှဲ့သည် ထန်ရှု၏ဆိုလိုသည့်အဓိပ္ပါယ်အား ချက်ချင်းနားလည်ပြီး "ဒါကို ဆောင်ရွက်လိုက်ပါ့မယ် ဆရာဘိုးဘေး။ ဂေါင်ယန်ဖုန်းရဲ့ အင်အားအားလုံးကို ရှင်းပြီး သူ့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို အတတ်နိုင်ဆုံး အချိန်တိုအတွင်းမှာ သိမ်းဆည်းလိုက်ပါမယ်။”
“သူ့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ယူပေမယ့် ငါ သွေးချောင်းစီးတာမျိုး မဖြစ်စေချင်ဘူး။ ဂေါင်ယန်ဖုန်းရဲ့ ရင်းနှီးတဲ့ သူငယ်ချင်း ဒါမှမဟုတ် လူယုံတွေ မဟုတ်ရင် အဲ့ဒီလူတွေကို လွှတ်ပေးလိုက်ပါ။ နောက်ပြီး ထာဝရခန်းမကပဲ ဝိုင်ဥယျာဉ်ကို ကိုင်တွယ်ဖြေရှင်းပေးရမယ်ဆိုရင် အလွန်မတရားရာရောက်တယ်။ အဲ့ဒီပြသနာကို ကိုင်တွယ်ဖြေရှင်းဖို့ ထာဝရခန်းမရဲ့လူတွေနဲ့ ရေလက်ကြားစံအိမ်ကလူတွေ ပူးပေါင်းပါစေ။ အဲ့ဒါဆိုရင် အကျိုးကျေးဇူးတွေကို အညီအမျှ ခွဲဝေလို့ရသွားပြီ။ ဦးလေးဒေါင် ဘာပြောစရာရှိလဲ။"
ထန်ရှု၏နည်းလမ်းများကြောင့် ထိတ်လန့်သွားသော ထန်ဒေါင်သည် ကွမ်းယန်ရှိ ယောင်မိသားစုနှင့် စွန်းမိသားစုများကို တားဆီးရန်အတွက် ထန်ရှုဘာလုပ်ခဲ့သည်ကို သိသော်လည်း ကိုယ်တိုင် မမြင်တွေ့ထားခဲ့ချေ။ ယခုမူ ထန်ရှုသည် သူ အလွန်မုန်းတီးသော ဂေါင်ယန်ဖုန်းအား မျက်တောင်တစ်ချက်မခတ်ဘဲ သတ်လိုက်သောအခါတွင် တိတ်တဆိတ် ကြောက်ရွံ့လာခဲ့ရသည်။
"ပြောစရာ မရှိပါဘူး။"
သည်အချိန်တွင် ထန်ဒေါင်၌ တခြားစိတ်ကူးတွေ မည်သို့ရှိနိုင်ပါမည်နည်း။ သူ လွန်စွာ ပျော်နေခဲ့သောကြောင့် ထိုစိတ်ကူးများအတွက်ပင် အချိန်မရှိခဲ့ပါပေ။
ထန်ရှုက ဖက်တီးကျိကို ကြည့်ကာ အပြုံးဖြင့် "ခင်ဗျားက ရည်ရွယ်ထားတဲ့ နေရာကနေ သွေဖယ်ပြီး သူ့ကို ပံ့ပိုးပေးတယ်လို့ ကျွန်တော် ကြားတယ်။ ဒီလိုကိစ္စမျိုး တကယ်ဖြစ်ခဲ့တာလား။"
ဖက်တီးကျိက အလျင်စလိုထကာ ဦးညွှတ်လိုက်ပြီး ထန်ဒေါင်အား ပြောသည်။
"ထန်ဒေါင် … ငါ အရင်က မှားခဲ့ပါတယ်။ ဂေါင်ယန်ဖုန်းက သူ့ဘက်ကို လိုက်ပေးဖို့ ငါ့ကို အကျိုးကျေးဇူးအချို့ ပေးခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ငါ မင်းကို တရားဝင်တောင်းပန်ပြီး တောင်းပန်တဲ့အနေနဲ့ ဂေါင်ယန်ဖုန်းဆီက ငါ ရခဲ့တာတွေရဲ့ဆယ်ဆ မင်းကို ပေးမယ်။ ဘယ်လိုလဲ။"
***