← Chapters

ကောင်းသောအရာများအကြောင်းကို မသိနားမလည်သော ဖက်တီးကျိ

Vol. 09 Ch. 406

ကောင်းသောအရာများအကြောင်းကို မသိနားမလည်သော ဖက်တီးကျိ

Vol. 09 Ch. 406

ဂူယန်အာ၏ မျက်နှာပေါ်ရှိ အပြုံးသည် မှိန်ဖျော့သွားကာ တင့်တယ်ထည်ဝါသော အမူအရာဖြင့် အစားထိုးလာသည်။

"ဆရာသခင် … ယန်အာက တစ်ချိန်က ကောင်းကင်ဧကရာဇ် ထျန်းကျိရဲ့ တပည့်ဖြစ်ခဲ့တာကို ဆရာလည်း သိပါတယ်။ ဒါပေမယ့် အဲဒီတုန်းက ဆရာပေးထားတဲ့ နတ်ဘုရားချိတ်ပိတ်ပုလဲကျေးဇူးကြောင့် ယန်အာ့ရဲ့အစစ်အမှန်ပုံရိပ်ကို ဖုံးကွယ်နိုင်ခဲ့တယ်။ ကောင်းကင်ဧကရာဇ်ထျန်းကျိတောင်မှ ကောင်းကင်ဘုံက ယန်အာ့ရဲ့အစစ်အမှန်ပုံရိပ်ကို မမြင်နိုင်ခဲ့ဘူး။

“အလားတူပဲ … ကောင်းကင်ဘုံရဲ့လျှို့ဝှက်ချက်တွေကို စူးစမ်းလေ့လာပြီး အဲဒီနှစ်ယောက်ကို စောင့်ကြည့်ဖို့ နည်းလမ်းတစ်ခုကိုလည်း အသုံးပြုခဲ့တယ်။ တစ်နေ့တာရဲ့ အဆုံးမှာတော့ သူတို့နှစ်ယောက်ရဲ့ အတိတ်ကို လုံးလုံးလျားလျား ရှာမတွေ့နိုင်ခဲ့သလို သူတို့ရဲ့ အနာဂတ်လမ်းကြောင်းကိုလည်း ကွဲကွဲပြားပြား မတွေ့ခဲ့ရဘူး။ သူတို့ရဲ့ ကောင်းကင်ဘုံ လျှို့ဝှက်ချက်တွေက အမှောင်ထဲမှာ ဖုံးကွယ်ထားတယ်။ အနက်ရောင်အမှုန်အမွှားများဖြင့် ဖုံးလွှမ်းထားသကဲ့သို့ အရိပ်လွတ်နှစ်ခုပဲ ရှိနေတယ်။”

ထန်ရှုသည် မျက်မှောင် အနည်းငယ် ကြုပ်သွားသည်။ ကောင်းကင်ဘုံ၏လျှို့ဝှက်ချက်များကို ထောက်လှမ်းကြည့်ခြင်းသည် သူ၏ခွန်အားမဟုတ်ပေ။ သူသည် ကောင်းကင်ဘုံလျှို့ဝှက်ချက်များမှ တစ်စုံတစ်ရာကို ရံဖန်ရံခါ ခံစားသိရှိနိုင်သော်လည်း ၎င်းသည် လှည့်စားနိုင်သော အပိုင်းအစများသာ ဖြစ်သည်။

"အဲဒါ ဘာကိုဆိုလိုတာလဲ ယန်အာ။"

"ကောင်းကင်ဘုံဧကရာဇ် ထျန်းကျိထံမှ ယန်အာ သင်ယူခဲ့ရတာကို အခြေခံရင် ဖြစ်နိုင်ခြေနှစ်ခုရှိတယ်။ ပထမတစ်ခုက ကောင်းကင်ဘုံဧကရာဇ်ထျန်းကျိရဲ့ တံခါးဝကို ယန်အာ ဝင်သွားတုန်းက လုပ်ခဲ့သလိုမျိုး တစ်စုံတစ်ယောက်က သူတို့ရဲ့ အစစ်အမှန်ပုံရိပ်တွေကို အထူးနည်းလမ်းတွေနဲ့ ဖုံးကာထားခဲ့တာ။ ဒုတိယတစ်ခုကတော့ သူတို့မှာ မသေနိုင်တဲ့ဝိညာဉ် ဒါမှမဟုတ် သေနိုင်တဲ့ဝိညာဉ် ချို့တဲ့နေတယ်။ လူတစ်ဦးစီမှာ မသေနိုင်တဲ့ဝိညာဉ်သုံးမျိုးနဲ့ သေခြင်းပုံစံခုနစ်မျိုးရှိတာမို့ လူတစ်ဦးစီမှာ မသေနိုင်သော ဝိညာဉ်တစ်ခု သို့မဟုတ် သေနိုင်သော ဝိညာဉ်တစ်ခု ချို့တဲ့နေရင်ကို အဲ့လိုလူမျိုးအတွက် ရှေ့ဖြစ်ကြည့်ခြင်းက ကောင်းကင်လျှို့ဝှက်ချက်များထဲ ပျောက်ကွယ်သွားလိမ့်မယ်။”ဂူယန်အာက ရှင်းပြသည်။

"သူတို့က ဝိညာဉ်အမျိုးအစားတစ်ခု ပျောက်ဆုံးနေတာတောင် ကောင်းကောင်း အသက်ရှင်နေသေးပြီး အင်မော်တယ်နည်းစနစ်တောင် ကျင့်ကြံနိုင်နေပြီလား။" ထန်ရှု အံ့အားသင့်သွားသည်။

"ဒါ အမှန်ပဲ။ မသေနိုင်တဲ့ဝိညာဉ်သုံးမျိုးနဲ့ သေခြင်းပုံစံခုနစ်မျိုးမှာ မတူညီတဲ့ အကျိုးသက်ရောက်မှုတွေ ရှိတယ်။ ဒါပေမယ့် သူတို့မှာ ဘယ်အမျိုးအစားက ပျောက်နေမှန်း ယန်အာ မသိဘူး။ ယန်အာ သူတို့ကို အချိန်အတော်ကြာ တိတ်တဆိတ် စောင့်ကြည့်ခဲ့တယ်။ နောက်ဆုံးမှာ ဝိညာဉ်အမျိုးအစားတစ်ခု ပျောက်ဆုံးသွားခြင်း မဟုတ်တာကို တွေ့ရှိရတယ်။ သူတို့မှာ မူမမှန်တာ တစ်ခုပဲရှိတယ်။” ယန်အာက တင့်တယ်စွာ ပြောသည်။

“ဘယ်လို မူမမှန်မှုမျိုးလဲ။" ထန်ရှုက မေးသည်။

"အဲ့ဒါက သူတို့ရဲ့သွေးပဲ။ သူတို့ရဲ့ သွေးဆန္ဒက အရမ်းပြင်းထန်တယ်။ ကြည့်ရတာ သူတို့တွေက တိုက်ခိုက်ရေး အာရုံတွေအတွက် လွန်ကဲတဲ့ မွေးရာပါ ပင်ကိုယ်စွမ်းရည်နဲ့ သတ်ဖြတ်ခြင်းနည်းလမ်းမှာ အံ့မခန်းရက်စက်ကြမ်းကြုတ်မှုတွေကို ပိုင်ဆိုင်ထားပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းအတွက် မျိုးရိုးဗီဇရှိတဲ့ မျိုးနွယ်စုက ဖြစ်ပုံရတယ်။ ဒီကိစ္စနဲ့ ပတ်သက်ရင် သူတို့က အဆူရာကလန်နဲ့ အတော်တူတယ်။"

"သူတို့ရဲ့ လက်ရှိကျင့်ကြံတဲ့အဆင့်က ဘယ်လိုလဲ။" ထန်ရှုက မေးသည်။

"သူတို့က ရှောင်ရွှဲ့ ထက် တကယ်ကို သန်မာပြီး မကြာခင်မှာ အင်မော်တယ် အခြေတည်အဆင့်ကို ရောက်သွားလိမ့်မယ်။" ဂူယန်အာက ဖြေသည်။

ထန်ရှုသည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သူက ဖြည်းညှင်းစွာပြောသည်။

"သူတို့မှာ အပြင်တာဝန်တွေ ရှိတယ်မဟုတ်လား။"

"ဟုတ်တယ် … ရှောင်ရွှဲ့ ပြောဖူးတယ်။ သူတို့ နှစ်ယောက်စလုံး နိုင်ငံခြားမှာ အတွေ့အကြုံတွေ ယူခဲ့ကြတယ်။ အလင်းမှာ အဆင့်အတန်းတစ်ခုရှိတယ်။ နိုင်ငံပေါင်းဆယ်နိုင်ငံကျော်က သူ့ကို နိုင်ငံတော် ဧည့်သည်အဖြစ် သဘောထားတယ်။ အင်္ဂလန်ဘုရင်မကိုယ်တိုင်ကလည်း သူ့ကို မြင့်မြတ်တဲ့ဘွဲ့နဲ့ သူကောင်းပြုထားတယ်။ သူက နိုင်ငံရပ်ခြားမှာ အလွန်ထင်ရှားတဲ့ ပုံရိပ်ရှိနေတယ်။ ယန်အာတို့ကလွဲပြီး ထာဝရခန်းမကနေ သူ လာတာကို  ဘယ်သူမှ သိနိုင်မှာမဟုတ်ဘူး။ အမှောင်ကတော့ သူမဟာ အမှောင်ထဲမှာ အမြဲပုန်းနေပြီး ကမ္ဘာ့အကြီးဆုံး လုပ်ကြံသူအဖွဲ့အစည်းက အကောင်းဆုံး လုပ်ကြံသတ်ဖြတ်သူ ဖြစ်ပါတယ်။ ရှောင်ရွှဲ့က ယန်အာသတိရလာတဲ့အတွက် သူတို့ကို ပြန်ခေါ်ခဲ့တာ။" ဂူယန်အာက ရှင်းပြသည်။

“သူတို့နှစ်ယောက် အင်မော်တယ်အခြေတည်အဆင့်ကို ကျော်ဖြတ်ပြီးတာနဲ့ သူတို့ရဲ့ ခွန်အားဟာ အလွန် ကြောက်စရာကောင်းတယ်။ ကျိချွိမိန်မှလွဲပြီး မည်သူမျှ သူတို့နဲ့ ပြိုင်ဖက် မဖြစ်နိုင်တော့ဘူး။ ဒါက မင်း သူတို့ကို တောက်ပတဲ့စေတီတော်မှာ မကျင့်ကြံခိုင်းဘဲ နိုင်ငံခြားကို အချိန်ယူစေလွှတ်ထားရတဲ့ အကြောင်းရင်းပဲ။ ဘာပဲဖြစ်ဖြစ် ငါ့ကို နောက်ထပ် နှစ်အနည်းငယ် ပေးပါ။ ငါ သူတို့ထက် သာလွန်ပြီး အချိန်ကျလာတဲ့အခါ သူတို့ ငါ့အတွက် အလုပ်လုပ်ပေးဖို့ ယုံကြည်မှုရှိတယ်။”ထန်ရှုက ပြောလိုက်သည်။

ဂူယန်အာက ခေါင်းညိတ်ပြီး

"ပြဿနာမရှိပါဘူး။ ယန်အာ အဲ့ဒါကို ဂရုစိုက်ပါ့မယ်။"

"သူတို့ကို ဘယ်လိုရှာတွေ့ခဲ့တာလဲ။" ထန်ရှုက မေးသည်။

"သူတို့ကို ဧဝရတ်တောင်မှာ တွေ့ခဲ့တာ။ အဲဒီတုန်းက ဧဝရတ်တောင်ရဲ့ အမတ်စောက်ဆုံး နှင်းတံတိုင်းကို လူတချို့ က ကလေးနှစ်ယောက်နဲ့အတူ တက်ခဲ့ကြတယ်။ အဲ့ဒီလူခြောက်ယောက်က သတိပြုလောက်တဲ့ခွန်အားနဲ့ သိုင်းပညာရှင်တွေချည်းပဲ။ သူတို့အားလုံးက သိုင်းပညာမဟာဆရာအဆင့်ကို ကျော်လွန်ပြီး တာအိုနယ်နိမိတ်ကို သိရှိခံစားနိုင်ကြပြီ။ ဒီကလေးနှစ်ယောက်က အဲ့ဒီထဲက လူနှစ်ယောက်ရဲ့ မျိုးဆက်တွေလေ။”ဂူယန်အာက နောက်ကြောင်းပြန် ပြောပြသည်။

"ပြီးတော့ရော။" ထန်ရှုက မေးသည်။

“သူတို့ကို ဟန့်တားဖို့ ခွန်အားတွေ ပြခဲ့ရတယ်။ ပြီးတော့ ယန်အာ သူတို့ကို အတော် အဆင့်နိမ့်တဲ့ ကျင့်ကြံမှုနည်းစနစ်ကို ပေးခဲ့ပြီး ကလေးနှစ်ယောက်ကို တပည့်အဖြစ် ခေါ်ယူချင်တယ်လို့ အဲ့ဒီစုံတွဲကို ပြောခဲ့တယ်။ သူတို့ အရွယ်ရောက်ပြီးရင် အိမ်ပြန်ပြီး သူတို့ရဲ့ ဆွေမျိုးတွေနဲ့ တွေ့ဆုံခွင့်ရမယ်လို့လည်း ကတိပေးခဲ့တယ်။”ဂူယန်အာက ရယ်ရင်း ပြောသည်။

"သူတို့ သဘောတူလား။" ထန်ရှုက အံ့သြတကြီး မေးလိုက်သည်။

ဂူယန်အာက ခေါင်းညိတ်ပြီး

"ဟုတ်တယ်၊ သူတို့ သဘောတူတယ်။ အဲ့ဒါအပြင် သူတို့ရဲ့ သားသမီးတွေဟာ ငယ်စဉ်ကတည်းက မသေနိုင်တဲ့ ကံကြမ္မာတစ်ခုနဲ့ ကြုံလာရမယ်ဆိုတဲ့ အဓိကနိယာမတချို့ကိုလည်း ပြောပြခဲ့သေးတယ်။ သူတို့က ကျေးဇူးတင်စကားများစွာ ပြောခဲ့ပေမယ့် သူတို့အလေးအနက်ထားဆုံးအရာက ယန်အာပေးလိုက်တဲ့ ကျင့်ကြံနည်းစနစ်တွေဆိုတာ ယန်အာ ပြောနိုင်တယ်။"

ထန်ရှုက ခေါင်းညိတ် ပြုံးပြပြီး

"အင်မော်တယ်လမ်းကို လျှောက်ဖို့ ကျင့်ကြံနည်းစနစ်ဆိုတာ မရေမတွက်နိုင်တဲ့လူတွေရဲ့ အိပ်မက် ဖြစ်ကောင်းဖြစ်နိုင်တယ်။ လူအများစုက သူတို့ရဲ့ လုပ်ငန်းကို စွန့်လွှတ်၊ မိသားစုကို စတေးပြီး ဇနီးနဲ့ သားသမီးတွေကိုပါ ထားခဲ့လိမ့်မယ်လို့  ငါ ပြောရဲတယ်။ အဲ့ဒါကြောင့် သူတို့တွေကို အရမ်းကြီး အပြစ်မတင်ပါနဲ့။ ဒါဆို ဒီကလေးနှစ်ယောက် ကြီးပြင်းလာပြီးနောက် သူတို့ရဲ့မိဘတွေအကြောင်းကို မင်း ပြောပြဖူးလား။”

"သူတို့ကို ပြောပြခဲ့တယ်။ ဒါပေမယ့် သူတို့က မိဘတွေအပေါ် ခံစားချက် ဒါမှမဟုတ် တွယ်တာမှု လုံးဝမရှိဘူးလို့ ပြောပြီး မပြန်ချင်ကြဘူး။" ဂူယန်အာက ပြောပြသည်။

ထန်ရှုက တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး

"စောင့်လိုက်ဦး။ အနာဂတ်မှာ ငါ့ခွန်အားတွေ တိုးလာဖို့ စောင့်ပြီးမှ သူတို့ကို ဆွဲဆောင်မယ်။ အားလုံးပြောပြီး လုပ်ပြီးသွားတဲ့အခါ လူတွေရဲ့ ဆန္ဒဟာ စဉ်ဆက်မပြတ် ပြောင်းလဲမှုတွေ ရှိတတ်တယ်။ သူတို့နှစ်ယောက်က သတ်ဖြတ်တာမှာ သွေးဆာတယ်ဆိုတော့ မိဘတွေအပေါ် အထင်အမြင်လွဲမှားမှု အနည်းငယ်တော့ ရှိကောင်းရှိနိုင်တယ်။ နောက်ပိုင်းမှာ သူတို့ရဲ့ အတွင်းစိတ်နတ်ဆိုးကို ဖြေရှင်းဖို့ သူတို့ကို ငါ ကူညီမယ်။" ထန်ရှုက ပြောလိုက်သည်။

"ဆရာသခင်က အရင်ကထက် အရည်အချင်းကို အခု ပိုတန်ဖိုးထားတယ်။" ဂူယန်အာက ပြုံးပြီး ဆိုသည် ။

"အရည်အချင်းတွေကို မြတ်နိုးရတာ ကောင်းပါတယ်။ အနာဂတ်မှာ ငါရလာမယ့် ကျွမ်းကျင်ပညာရှင်နဲ့ လက်အောက်ငယ်သား အရေအတွက်ဟာ ကောင်းကင်က တိမ်တွေလိုပါပဲ။ ဆရာသခင် အင်မော်တယ်ကမ္ဘာကို ပြန်သွားရင်တောင်  မြင့်မြတ်ပလ္လင်ဆီ သွားရာလမ်းအတွက် တစ်ဖန်ပြန်လည်တိုက်ခိုက်ပြီး သွေးစွန်းတဲ့လမ်းကို လျှောက်ရဦးမယ်။ ဆရာ့ရဲ့သေမျိုးရန်သူတွေကို ဆရာ့လက်နဲ့ သတ်ရုံသာမကဘူး … နတ်ဘုရားနယ်မြေဆီ သွားရာလမ်းကို လျှောက်ဖို့ ဆရာက အင်မော်တယ်ကမ္ဘာရဲ့အတားအဆီးတွေကို ချိုးဖြတ်ရဦးမယ်။”

"ဆရာသခင် … ယန်အာက သူတို့တွေကို တပည့်တွေအဖြစ် လက်ခံနိုင်တယ်လို့ ပြောနေတာလား။ အစကတော့ အဲဒီတစ်နှစ်သားကလေးငယ်တွေဟာ ရန်သူရဲ့ စစ်တုရင်နယ်ရုပ်လေးတွေအဖြစ် တိတ်တဆိတ် တည်ဆောက်ခဲ့တာဆိုပြီး ယန်အာကိုယ်တိုင် မယုံခဲ့ဘူး။" ဂူယန်အာက ဆိုလိုက်သည်။

"ဆရာသခင်လည်း မင်းကို အဲ့ဒီစကားပြောဖို့ ကြိုးစားနေတာ။ သူတို့ကို ယူလိုက်ပါ။ သူတို့မှာ ဒီလိုမျိုး ကျင့်ကြံမှုအဆင့်ရှိပြီး အလွန်မြင့်မားတဲ့ အရည်အချင်းရှိပြီးသားမို့ သူတို့ကို မင်းရဲ့တပည့်အဖြစ် ခေါ်လိုက်ပါ။ ဒါမှ သူတို့က မင်းနဲ့ ပိုရင်းနှီးလာလိမ့်မယ်။" ထန်ရှုက တိုက်တွန်းလိုက်သည်။

"ဒါဆို သွားရအောင်။  ယန်အာ အခုပဲ သူတို့ကို တပည့်အဖြစ် လက်ခံလိုက်တော့မယ်။" ဂူယန်အာက ပြုံးကာ ပြောလိုက်သည်။

ထန်ရှုက သူမ၏လက်ကို ဆုပ်ကိုင်လိုက်ကာ ခေါင်းခါလိုက်ပြီး

"အလျင်မလိုပါနဲ့။ ဖက်တီးကျိက အဖိုးတန်သတ္တုရိုင်းတွေ အများကြီး ပို့လာတဲ့အခါ ဆရာ အပြင်ထွက်ရဦးမယ်။ ဆရာ့အတွက် အသုံးဝင်တာရှိရင် ဝယ်လိုက်မယ်။ တောက်ပသောစေတီတော်ကနေ ဆရာ ထွက်သွားတော့မှ မင်း သူတို့ကို တပည့်အဖြစ် လက်ခံလို့ရတယ်။”

"ကောင်းပါပြီ။" ဂူယန်အာက ပြုံးပြီး ပြောသည်။

တစ်နာရီခန့်အကြာတွင် ဂူရှောင်ရွှဲ့သည် သတ္တုရိုင်းများရောက်ရှိလာကြောင်း ထန်ရှုအား အကြောင်းကြားရန် တောက်ပသောစေတီတော်ဆီသို့ ရောက်လာသည်။ ထိုနေရာမှ မထွက်ခင် ထန်ရှုက ဂူရှောင်ရွှဲ့အား  တောက်ပသောစေတီတော်ဆီ အလင်းနှင့် အမှောင်အား ခေါ်ဆောင်လာရန်  မှာလိုက်သည်။

စားသောက်ဆိုင်၏အခန်းတစ်ခန်းအတွင်း …

သူ၏လက်ထဲမှာ လက်ဆွဲအိတ်ကို ပွတ်သပ်ရင်း ဖက်တီးကျိ၏မျက်နှာသည် ပြုံးနေသည်။ ဂေါင်ယန်ဖုန်းနှင့် ထန်ဒေါင်၏ပြသနာတွင် ကူညီပေးခြင်းကြောင့် ထန်ရှုနှင့် တွေ့ဆုံခွင့်ရကာ နောက်ဆုံးတွင် အခွင့်အရေးရမည်ဟု သူ ဘယ်တုန်းကမှ တွေးမထင်ထားခဲ့မိချေ။ ထို့ကြောင့် ထာဝရခန်းမနှင့် သူ၏ဆက်ဆံရေးကို ခြေတစ်လှမ်းတိုးလာစေခဲ့သည်။

သည်ဟာသည် ရိုးရှင်းစွာပင် အတိတ်ကာလက သူ ဘယ်တော့မှ မတွေးနိုင်သောအရာဖြစ်သည်။

ထာဝရခန်းမသည် မည်မျှထိတ်လန့်စရာကောင်းသည်ကို အခြားသူများမသိနိုင်သော်လည်း သူသည် လုံးဝ ရှင်းရှင်းလင်းလင်း သိနေခဲ့သည်။ ထာဝရခန်းမမှ အမျိုးသမီးတစ်ဦးဖြစ်သော ဂူယန်အာသည် အဖြူရောင်ဝတ်စုံဝတ်ကာ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ပေါ့ပေါ့ပါးပါး ကခုန်နေသလို နင်းလျှောက်ကာ သွားနေသည်ကို တစ်ချိန်က သူမြင်ဖူးသည်။ ထိုအချိန်တွင် သူသည် နတ်သမီးတစ်ပါးနှင့်တွေ့သည်ဟု ထင်မှတ်လုနီးနီး ဖြစ်ခဲ့ရမိသည်။

ကံမကောင်းစွာဖြင့် နတ်သမီးလေးသဖွယ် ဂူယန်အာသည် သူ၏အရှေ့မှ ပျောက်ကွယ်သွားသဖြင့် ထိုနေရာကို အပြေးအလွှားသွားရန်အတွက် လှေရှာရန် အချိန်မရှိခဲ့ပေ။ ထို့နောက်တွင် ထာဝရခန်းမ အဖွဲ့ဝင်များ၏လှုပ်ရှားမှုများကို အာရုံစိုက်ခဲ့ပြီး နောက်ဆုံးတွင် သူ့ကို တိတ်တဆိတ်ထိတ်လန့်စေသည့် အရာအချို့ကို တွေ့ရှိခဲ့သည်။ ထို့ကြောင့် မည်သူ့ကိုမျှ ထပ်မံစုံစမ်းရန် မစေလွှတ်ဝံ့တော့ပေ။

ထာဝရခန်းမ၏ သာမန်လုံခြုံရေးအစောင့်ဟု ထင်ရသောသူများသည် နိုင်ငံခြားတိုင်းပြည်များသို့ အမှန်တကယ်သွားရောက်လေ့ရှိကြသည်။ ရိုးရှင်းစွာပင် ထိုသူများသည် ကြောက်စရာကောင်းသည်ဟု ဆိုနိုင်ပေသည်။ ၎င်းတို့သည် ပုံရိပ်များစွာရှိခဲ့ပြီး တိုက်ပွဲများနှင့် လူသတ်ပွဲများစွာကို ပြုလုပ်ခဲ့သည်။ လွန်ခဲ့သော ခုနစ်နှစ် ရှစ်နှစ်ခန့်က လုံခြုံရေးအစောင့်အဖြစ် လုပ်ဆောင်လေ့ရှိသည့် ထာဝရခန်းမ၏အဖွဲ့ဝင်နှစ်ဦးသည် အမှန်တကယ်ပင် သူ၏အိမ်တံခါးကိုလာခေါက်ကာ သူ၏လည်ပင်းအား ချွန်ထက်သော ဓားမြှောင်တစ်ချောင်း ထောက်လျက် ထာဝရခန်းမအကြောင်း မည်သည့်စုံစမ်းစစ်ဆေးမှုမှ ထပ်မံ မပြုလုပ်ရန် သတိပေးထားခဲ့သည်။

ထိုအချိန်မှစ၍ သူသည် ထာဝရခန်းမနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ မစုံစမ်းဝံ့တော့ပေ။ သူသည် အခွင့်အရေးရသောအခါတွင် သူ၏လုပ်ဖော်ကိုင်ဖက်များနှင့် သူငယ်ချင်းများအား ထာဝရခန်းမတွင် ထမင်းစားရန် အကြိမ်ကြိမ် ဖိတ်ခေါ်ခဲ့သည်။

သီးသန့်ခန်းထဲတွင် ထိုင်ပြီး သားရေလက်ဆွဲအိတ်အား ပွတ်သပ်နေသော ဖက်တီးကျိ၏ မျက်လုံးများသည် အရောင်တလက်လက် တောက်ပနေသည်။ သူ၏အတွင်းစိတ်တွင် တွေးတောနေသည်မှာ ဘုရင်တစ်ပါး၏အပေါင်းအသင်းဖြစ်ရခြင်းသည် ကျားတစ်ကောင်နှင့်နေရသည့်အလားဖြစ်သည်ဟုပင်။

ထန်ရှုသည် ထန်မိသားစုဝင်တစ်ဦးသာမက ထာဝရခန်းမ၏ အရှင်သခင်လည်းဖြစ်ပြီး ရက်စက်ကြမ်းကြုတ်ကာ သနားညှာတာမှုကင်းသော အကျင့်စရိုက်လည်း ရှိဟန်တူသည်။ ထို့ကြောင့် ပမာဏကြီးသော ဈေးနှုန်းကို သူ မတောင်းရဲပါ။ ထန်ရှု ကျေနပ်မည်ဆိုပါက သူ ပိုက်ဆံနည်းနည်းသာ ရပါကလည်း ကျေနပ်ပေသည်။ သို့မှသာ နောင်တစ်ချိန်တွင် သူ့အား ဂရုစိုက်ပေးလိမ့်မည်ဖြစ်သည်။

"ဖက်တီးကျိ … သတ္တုရိုင်းတွေ ပို့လာပြီလား" ထန်ရှုသည် အခန်းတံခါးဝတွင် ပေါ်လာသည်။

"အဲ့ဒါတွေ ဒီမှာ ပါလာတယ် မစ္စတာထန်။" ဖက်တီးကျိက ပြောလိုက်သည်။

“ကြည့် ကြည့်ပါ။ မင်း ကျေနပ်တယ်ဆိုရင် ၅၀% လျှော့ဈေးနဲ့ ရောင်းပေးပါ့မယ်။ ဒါဟာ ငါတို့ရဲ့ ပထမဆုံး ပူးပေါင်းဆောင်ရွက်မှုပါပဲ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ လျှော့ဈေး မပေးတော့ဘူး။"

"ကျေးဇူးတင်ပါတယ်။" ထန်ရှုက ပြုံးပြီး ပြန်ဖြေသည်။

အနက်ရောင် လက်ဆွဲအိတ်ကို ဖွင့်လိုက်သည့်အခါ အတွင်းတွင် မတူညီသော အရောင်အသွေးနှင့် မတူညီသော အရွယ်အစားရှိသည့် သတ္တုရိုင်းခြောက်ခု ပါရှိသည်။ သတ္တုရိုင်းတစ်တုံးသည် စိတ်ဝိညာဉ်ချီအား ခပ်ဖျော့ဖျော့ ထုတ်လွှတ်နေခဲ့သည်။

…စိတ်ဝိညာဉ်သလင်းကျောက်လား…

ထန်ရှု၏အမူအရာမှာ အနည်းငယ်ထူးဆန်းသွားသည် ။ သတ္တုရိုင်းကို ကိုင်ထားရင်း ကြိမ်ဖန်များစွာ စောင့်ကြည့်ကာ အတည်ပြုခဲ့သည်။ စိတ်ဝိညာဉ်သလင်းကျောက်သည် တာအိုနှင့် အင်မော်တယ်ကျင့်ကြံသူများအတွက် အသုံးဝင်သော်လည်း ၎င်းသည် သူ့အတွက် အနည်းငယ်သာ တန်ဖိုးရှိသည်။ ထို့အပြင် ဤစိတ်ဝိညာဉ်သလင်းကျောက်သည် အရွယ်အစားသေးငယ်ခြင်းမရှိဘဲ အင်မော်တယ်ကမ္ဘာရှိ စိတ်ဝိညာဉ်သလင်းကျောက်များထက် ဆယ်ဆ ပိုကြီးသော်လည်း အရည်အသွေးမှာ အနိမ့်ဆုံးအဆင့် ဖြစ်သည်။

"မစ္စတာ ထန် … ဒီသတ္တုရိုင်းကို ကြိုက်လား။"

ဖက်တီးကျိက ထူးဆန်းသည့် အမူအရာဖြင့် မေးလိုက်သည်။ သည်သတ္တုရိုင်းအား သူ၏ အလုပ်သမားများက မိုင်းတွင်းဖွင့်သည့်အချိန်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထိုအရာများသည် အများအပြားရှိနေဆဲဖြစ်ပြီး လူအချို့ကို စုဆောင်းထားရန် ညွှန်ကြားခဲ့သည်။ သို့သော် မကြာသေးမီကမှ ရရှိခဲ့သော အဆိုပါ သတ္တုရိုင်းအမျိုးအစားကို အကဲဖြတ်ရန် ကျွမ်းကျင်သူတစ်ယောက်အား သူ မရှာရသေးပါပေ။

"ဒီသတ္တုရိုင်းက တကယ်ကောင်းတယ်။ အရမ်း အဆင်ပြေပါတယ်။ အလေးချိန်က တခြားအမျိုးအစားတွေထက် အဆပေါင်းများစွာ ပိုပေါ့တယ်။ ခင်ဗျားရဲ့ဈေးနှုန်းကိုပြောပါ။" ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဒါ…” ဖက်တီးကျိ အနည်းငယ် ကသိကအောက် ဖြစ်သွားရသည်။ မည်သည့် သတ္တုရိုင်း အမျိုးအစားဆိုတာ သူ မသိသေးသောကြောင့် ဈေးနှုန်း မပြောနိုင်ဖြစ်နေသည်။

“ခင်ဗျားရဲ့ကနဦးဈေးနှုန်းကို လွတ်လွတ်လပ်လပ် ဖွင့်ပါ။ ခင်ဗျား မရှုံးစေရဘူးလို့ ကျွန်တော် ပြောခဲ့တယ် မဟုတ်လား။”ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။

ဖက်တီးကျိက သူ၏စိတ်နှလုံးကို ကြံ့ခိုင်စေပြီး အံကြိတ်လိုက်ကာ

“မစ္စတာထန် … မင်း ကြိုက်ရင် ဒီသတ္တုရိုင်းကို ငါ အခမဲ့ပေးမယ်။ နောက်ပိုင်း အရောင်းအဝယ်တွေအတွက်တော့ ဒီပမာဏလောက်ကြီးတဲ့ သတ္တုရိုင်းတွေဆိုရင် မင်းဆီက ယွမ်တစ်သိန်း ငါ ယူမှာပါ။ မင်း ဘယ်လို သဘောရလဲ။"

…ယွမ်တစ်သိန်း…

…ဖက်တီးကျိက ဒီစိတ်ဝိညာဉ်သလင်းကျောက်ကို ယွမ်တစ်သိန်းနဲ့ တကယ်ကြီး ရောင်းမှာလား။ ပစ္စည်းကောင်းကို သူ တကယ် မသိသေးဘူးပဲ။…

***

All Chapters