← Chapters

ပြန်လည်အိပ်စက်သွားပြန်သည်

Vol. 09 Ch. 407

ပြန်လည်အိပ်စက်သွားပြန်သည်

Vol. 09 Ch. 407

ဖက်တီးကျိ၏အမူအရာပြောင်းလဲသွားသည်ကို ရုတ်တရက်မြင်လိုက်ရသောအခါ ထန်ရှုသည် ခေါင်းယမ်းလိုက်ပြီး ငိုရခက် ရယ်ရခက် ဖြစ်သွားသည်။ ဖက်တီးကျိက သူပြောလိုက်သည့်စကားကို အဓိပ္ပါယ်လွဲကောက်မှန်း သူ သိလိုက်ပြီဖြစ်သည်။

ထို့နောက် သူက ရယ်မောလိုက်ရင်း

“ကျွန်တော် ပြောတာကို နားလည်မှု မလွဲပါနဲ့။ သင့်တင့်တဲ့ဈေးနှုန်းကို ခင်ဗျားဖွင့်လိုက်လို့ ခင်ဗျားက လူကောင်းတစ်ယောက်လို့ ကျွန်တော် တွေးမိလိုက်တာပါ။ အခုကစပြီး ခင်ဗျားမှာ အဲ့ဒီကျောက်တွေ ဘယ်လောက်ပဲရှိရှိ ကျွန်တော် အဲဒါတွေ အကုန်ဝယ်ဖို့ ဆန္ဒရှိတယ်။ တစ်ခုချင်းစီအတွက် ဈေးနှုန်းကတော့ ခင်ဗျားပြောတဲ့အတိုင်း တစ်ခုကို ၁၀၀,၀၀၀ ပေးမှာပါ။

"တကယ်လား။" ဖက်တီးကျိက သည်စကားအားကြားသည့်အခါ ဝမ်းသာအားရ မြန်မြန် ရေရွတ်လိုက်သည်။

“တကယ် ပြောတာပါ။ ဒီသတ္တုရိုင်းက ဘာလဲဆိုတာ ကျွန်တော် မသိပေမယ့် ထူးဆန်းတဲ့ သတ္တုရိုင်းမျိုးစုံ စုဆောင်းရတာကို ကျွန်တော် အရမ်းစိတ်ဝင်စားတယ်။ နောက်ပြီး ကျွန်တော့်မှာ ငွေမပြတ်ပါဘူး။ ၁၀၀,၀၀၀ ဒါမှမဟုတ် တစ်ဘီလီယံလောက်မပြောနဲ့ ဒီပမာဏက မုန့်ဖိုးထက် မပိုဘူး။ အဲ့ဒါကြောင့် နောက်ပိုင်း ခင်ဗျားမှာ ရှိသမျှကို ယူမယ်ဗျ။"

ထန်ရှု၏စကားကြောင့် ဖက်တီးကျိ အံ့သြသွားရသည်။

ယွမ်တစ်ဘီလီယံက မုန့်ဖိုးပဲ ရှိတယ်ဟုတ်လား။

ထိုစကားသည် ကမ္ဘာပေါ်ရှိ လူအနည်းငယ်မျှသာ သတ္တိရှိရှိ ပြောနိုင်သော ပြောဝံ့သော စကားဖြစ်သည်။ သို့သော် ရွှေရောင်လွှမ်းနေသော လမ်းစအား ဖက်တီးကျိ မြင်လိုက်ရပြီဖြစ်သည်။ တစ်ခုသိရမည်မှာ မကြာသေးမီက သူတူးဖော်ခဲ့သော မိုင်းတွင်းဧရိယာတွင် ဤသတ္တုရိုင်းကို သူရှာဖွေတွေ့ရှိခဲ့ပြီး ရာနှင့်ချီသော သတ္တုရိုင်းအပိုင်းအစများကိုလည်း မြန်မကြာ ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်သည်။ ထိုအားလုံးကိုသာ ထန်ရှုထံ သူ ရောင်းလိုက်မည်ဆိုပါက ...

…ချမ်းသာပြီဟေ့…ငါတော့ ချမ်းသာပြီကွ…

ဖက်တီးကျိက စိတ်လှုပ်ရှားစွာဖြင့်

“မစ္စတာထန် … အခြားသတ္တုရိုင်းငါးခုကိုလည်း ကြည့်ပါဦး။ သူတို့ကိုရော ကြိုက်ရဲ့လား။"

ထန်ရှုသည် ထိုကျောက်များကို ကြည့်လိုက်ရာ လေးခုသည် လက်နက်တန်ဆာများ ပြုလုပ်ရာတွင် အသုံးပြုနိုင်သည့်အပြင် ဆေးလုံးများကို သန့်စင်ရာတွင် အသုံးပြုသော ဆေးဖက်ဝင်အပင်များနှင့် ကြမ်းတမ်းသော သားရဲများ၏ အရိုးများနေရာ၌ အစားထိုးနိုင်ကြောင်း တွေ့ရှိခဲ့သည်။

ထို့ကြောင့် ထိုကျောက်လေးခုကို ကောက်ယူပြီး

“ဒီလေးမျိုးကိုလည်း ယူမယ်။ သူတို့အတွက် စုစုပေါင်းဈေးနှုန်းကို ပြောပါ။”

ဖက်တီးကျိ အတော် ဝမ်းသာသွားရပြီး စိတ်ထဲတွင် အမြန်တွက်ချက်ကာ

“ဒီသတ္တုရိုင်းလေးခုကို အထူးလမ်းကြောင်းတစ်ခုကနေ စုစုပေါင်း ယွမ် ၁.၃၅ သန်းနဲ့ ဝယ်ခဲ့တာ။ သူဋ္ဌေးထန် လိုချင်ရင် ငါ သူတို့ကို ၁.၅သန်းနဲ့ ရောင်းပေးမယ်။"

… အမြတ်သိန်း၁၅၀ပဲ ယူတာလား သိပ်မများပါဘူး…

"သဘောတူတယ်။" ထန်ရှုက ခေါင်းညိတ်ပြီး

"ခင်ဗျားရဲ့ ဘဏ်အကောင့်နံပါတ် ပေးပါ။ အခု ငွေလွှဲပေးလိုက်မယ်။"

ဖက်တီးကျိ ပိုပျော်သွားရသည်။ ထန်ရှုသည် ဤမျှပြတ်သားလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

ထန်ရှုအား သူ၏အကောင့်နံပါတ်ပေးပြီးနောက် ၁.၆သန်း လျင်မြန်စွာ ရောက်လာသည်။

"မစ္စတာထန် … မင်း ဘာလို့ ငါ့ကို တစ်သိန်း ပိုပေးတာလဲ။"

"ခင်ဗျားကို အခွင့်ကောင်းမယူဘူးလို့ ပြောခဲ့တယ် မဟုတ်လား" ထန်ရှုက ရယ်လိုက်ပြီး

"ကျန်တဲ့သတ္တုရိုင်းအတွက် နောက်ထပ် ၁၀၀,၀၀၀ပါ။"

ဖက်တီးကျိသည် ထန်ရှု၏လုပ်ရပ်ကြောင့် အထင်ကြီးသဘောကျသွားခဲ့သည်။ သူက အံကြိတ်ပြီး အမြန် ပြောလိုက်သည်။

“မစ္စတာထန် … ငါ့မှာ ဒီလိုသတ္တုရိုင်းတွေ ရာနဲ့ချီပြီး ရှိနေသေးတယ်။ သူတို့ကို ဘယ်အချိန် လိုချင်လဲ။”

"ခင်ဗျားမှာ အများကြီးရှိသေးလား" ထန်ရှု အံ့သြသွားသည်။

"ဟုတ်တယ်။ မကြာသေးခင်က တူးဖော်ရထားတယ်။ နောက်ရက်အနည်းငယ်ကြာရင် ဒီထက်ပိုပြီး ထုတ်လုပ်နိုင်မယ်လို့ ယုံကြည်တယ်။”

ကောင်းကျိုးဆိုးကျိုးကို တွက်ချက်ပြီးနောက် ဖက်တီးကျိက သူ့ကို ပြောပြရန် ဆုံးဖြတ်လိုက်သည်။ ထန်ရှု အမှန်တကယ် လိုချင်ခြင်း ရှိ၊ မရှိ သိလိုသည့်အပြင် သူပြောသည့် စကား မှန်ကန်ပါက ပူးပေါင်းဆောင်ရွက်ရာတွင် အမှန်တကယ် စိတ်ရင်းမှန်ဖြင့် ဆောင်ရွက်လိုခြင်း ဖြစ်သည်။

"ကျွန်တော် အဲ့ဒါတွေယူမယ်။" ထန်ရှုက အပြုံးဖြင့် ပြောလိုက်သည်။

"ခင်ဗျား အဲ့ဒါတွေအားလုံးကို သယ်လာပြီးရင် ဂူရှောင်ရွှဲ့ဆီကို တန်းလွှဲပေးလို့ရတယ်။ သူမကိုယ်တိုင် စစ်ဆေးပြီးသွားရင် အဲ့ဒါတွေအတွက် ငွေပေးချေလိမ့်မယ်။ ဒါပေမယ့် ခင်ဗျားဆီက သတ္တုရိုင်းတွေကို ထပ်ပြီးမဝယ်ခင် ကျွန်တော်တို့ စာချုပ်တစ်ခုလုပ်ပြီး သဘောတူညီမှုလက်မှတ် ရေးထိုးကြရအောင်။ မဟုတ်ရင် အဲ့ဒီသတ္တုရိုင်းတွေ မဝယ်တော့ဘူး။”

"ဘာစာချုပ်လဲ။" ဖက်တီးကျိက အလျင်စလို မေးလိုက်သည်။

“ခင်ဗျား အခုလေးတင် ကျွန်တော့်ဆီရောင်းလိုက်တဲ့ ဒီသတ္တုရိုင်းမျိုးကို အခုချိန်ကစပြီး ကျွန်တော်တစ်ယောက်တည်းကိုပဲ ရောင်းပေးမယ်ဆိုတဲ့ စာချုပ်ပါ။”

ထန်ရှုက တစ်ချက်ပြုံးလိုက်ရင်း

"ကျွန်တော်ပိုင်ဆိုင်တဲ့ ဒီထူးဆန်းတဲ့သတ္တုရိုင်းကို တစ်ကမ္ဘာလုံးမှာ ဖြန့်ကျက်မထားချင်ဘူး။ ကုန်ပစ္စည်းတွေ ရှားပါးလေလေ တန်ဖိုးကြီးလေလေ ဆိုတဲ့သဘောကို ခင်ဗျားလည်း နားလည်တာပဲ မဟုတ်လား။”

"ငါ နားလည်ပြီ။"

ဖက်တီးကျိအတွက် ထန်ရှု ပြောသောအခြေအနေသည် ရိုးရှင်းစွာပင် လုပ်ပေးရန် ဆန္ဒရှိသည်။

ဖက်တီးကျိ ထွက်သွားပြီးနောက် ထန်ရှုက အနားမှာ ရပ်ကာကြည့်နေသည့် ဂူရှောင်ရွှဲ့ နှင့် စကားဆက်ပြောသည်။

ထန်ရှုက သူ့ကို ပြုံးပြီး ပြောလိုက်သည်။

"မင်းတော့ ကံကောင်းနေပြီ။ ဒီကျောက်က စိတ်ဝိညာဉ်သလင်းကျောက်လို့ ခေါ်တယ်။ အထဲမှာ စိတ်ဝိညာဉ်စွမ်းအား ပါတယ်။ ကျင့်ကြံသူတွေက အဲ့ဒီစိတ်ဝိညာဉ်စွမ်းအားကို စုပ်ယူလိုက်ရင် သူတို့ရဲ့ ကျင့်ကြံမှုအရှိန် မြန်လာလိမ့်မယ်။ ဖက်တီးကျိရဲ့ သတ္တုတွင်းဧရိယာက လှုပ်ရှားမှုကို အနီးကပ် စောင့်ကြည့်ဖို့ တစ်ယောက်ယောက်ကို လွှတ်ထားပေး။ တူးပြီးတဲ့ သလင်းကျောက်တွေကို ငါတို့ဆီပဲ ရောင်းရင် သူ့ကို ငါတို့အတွက် ဆက်အလုပ်လုပ်ခွင့်ပေးပြီး တန်ရာတန်ကြေး ပေးလိုက်။ ဒါပေမယ့် သူက စိတ်ဝိညာဉ်သလင်းကျောက်ကို ကလိမ်ကကျစ်ကျပြီး ရောင်းဖို့ သတ္တိရှိတယ်ဆိုရင် သူ့ကို တစ်ခါတည်းသတ်ပြီး သူ့ရဲ့သတ္တုတွင်းနေရာကို သိမ်းပိုက်ပစ်လိုက်။”

“နားလည်ပြီ။”

ဂူရှောင်ရွှဲ့သည် အံ့သြကျေနပ်စွာ ကြည့်နေသည်။ စိတ်ဝိညာဉ်သလင်းကျောက်၏အကြောင်းအား ဆရာသခင် ဂူယန်အာနှင့် အကြီးအကဲ ကျိချွိမိန်ထံမှ သူမ ကြားသိခဲ့ဖူးသည်။ အင်မော်တယ်ကမ္ဘာတွင် စိတ်ဝိညာဉ်သလင်းကျောက်နှင့် အင်မော်တယ်သလင်းကျောက်များ ရှိသည်ဟု ကောလာဟလများ ထွက်ခဲ့ဖူးသည်။ သလင်းကျောက်များ တစ်ခုချင်းစီအား ခွဲခြားထားသော အဆင့်များစွာ ရှိသည်။

သူမလက်ထဲရှိ စိတ်ဝိညာဉ်သလင်းကျောက်အား အကဲဖြတ်သုံးသပ်ရင်း သိလိုစိတ်ဖြင့်

“ဒီစိတ်ဝိညာဉ်သလင်းကျောက်က ဘယ်အဆင့်လဲ ဆရာဘိုးဘေး။”

"သူ့ရဲ့အရည်အသွေးက အနိမ့်ဆုံးအဆင့်ပဲ။" ထန်ရှုက အပြုံးဖြင့် ပြန်ဖြေသည်။

ထိုစကားကို ကြားသည့်အခါ ဂူရှောင်ရွှဲ့ အတန်ငယ် စိတ်ပျက်သွားရသည်။

"အရမ်းစိတ်မပျက်ပါနဲ့။" ထန်ရှုက ရယ်လိုက်ပြီး

“အခြေတည်ဝိညာဉ်အဆင့်ကို မရောက်သေးတဲ့သူတွေအတွက်ဆို အနိမ့်ဆုံး အရည်အသွေးရှိတဲ့ စိတ်ဝိညာဉ်သလင်းကျောက်က လုံလောက်နေပါပြီ။ နောက်ပြီး ဘာမှမရှိတာထက်စာရင် စိတ်ဝိညာဉ်သလင်းကျောက်တွေ လက်ထဲရှိနေတာက ပိုမကောင်းဘူးလား။ ရှောင်ရွှဲ့က ရွှေအမြုတေအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်ဖို့ဆိုရင် စိတ်ဝိညာဉ်သလင်းကျောက်တစ်ရာလောက်ပဲ အများဆုံးစုပ်ယူဖို့ လိုမယ်လို့ ငါ ခန့်မှန်းထားတယ်။ မင်းမှာ အခြေတည်ဝိညာဉ်အဆင့်ကိုတောင် တက်လှမ်းဖို့ အခွင့်အရေး ရှိတယ်။”

"တကယ်လား။" ဂူရှောင်ရွှဲ့က အံ့သြဝမ်းသာဖြစ်ကာ ချက်ချင်း မေးလိုက်သည်။

"ငါ မင်းကို စနေတာနဲ့တူလို့လား။" ထန်ရှုက ရယ်လိုက်ပြီး

"ကောင်းပြီ မင်းအလုပ်မင်း သွားလုပ်တော့။ ဖက်တီးကျိနဲ့ သူ့ရဲ့သတ္တုတွင်းဧရိယာကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက်ကို လွှတ်ထားဖို့ မမေ့နဲ့ဦး။”

"စိတ်မပူပါနဲ့။"

ဂူရှောင်ရွှဲ့သည် စိတ်ဝိညာဉ်သလင်းကျောက်အား ထန်ရှုသို့ အမြန်ပြန်ပေးလိုက်ပြီး ပျော်ရွှင်နေသောဟန်ဖြင့် ထွက်ခွာသွားသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ထန်ရှုသည် တောက်ပသောစေတီတော်ဆီသို့ ပြန်သွားခဲ့သည်။ ပထမထပ်သို့ ဝင်လိုက်စဉ်တွင် အလင်းနှင့် အမှောင်သည် ထိုနေရာတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူတို့သည် ပျော်ရွှင်နေသော အမူအရာအား ဖုံးဖိမထားနိုင်ကြဘဲ ထန်ရှု၏အရှေ့တွင် ဒူးထောက်အရိုအသေပေးကာ

“ဆရာဘိုးဘေးကို ဂါရဝပြုပါတယ်။”

"ထတော့။" ထန်ရှုက ပေါ့ပါးသော အပြုံးအား တစ်ချက်ပြုံးကာ ပြောသည်။

" ယန်အာက မင်းတို့ကို သူ့တပည့်တွေအဖြစ် ခေါ်ဖို့ ဆုံးဖြတ်ပြီးကတည်းက မင်းတို့ကိုယ်တိုင် သက်သေပြပြီး သူမကို စိတ်ကျေနပ်အောင် လုပ်ပေးရမယ်။။ ဒါပေမယ့် မှတ်ထားရမှာက မာနကြီးပြီး မမောက်မာမိစေနဲ့။ ငါတို့ကို စိတ်မပျက်စေဖို့အတွက်ဆိုရင် အနာဂတ်မှာ ကောင်းကောင်း ကျင့်ကြံပါ။”

“ဟုတ်ကဲ့ပါ ဆရာဘိုးဘေး။” အလင်းနှင့်အမှောင်က တညီတညွတ်တည်း တုံ့ပြန်လိုက်သည်။

ထန်ရှုက သူ၏လက်ကို ဝှေ့ယမ်းပြီး ထိုနှစ်ယောက်အား ထွက်သွားရန် အချက်ပြလိုက်သည်။ ထို့နောက် သူ၏အကြည့်များသည် ကျိချွိမိန်ဆီသို့ ရောက်လာကာ ပြောလိုက်သည်။

"ထာဝရခန်းမရဲ့ပင်မအဖွဲ့ဝင်အားလုံးကို ငါ စစ်ဆေးပြီးပြီ။ သူတို့အားလုံး ကောင်းမွန်တဲ့အတွက် ကျင့်ကြံမှုနည်းစနစ်တွေ သင်ပေးနိုင်တယ်။ လောလောဆယ် ရွှေအမြုတေအဆင့်ကိုပဲ ရောက်ရှိနိုင်တဲ့ ကျင့်ကြံမှုနည်းစနစ်တွေပဲ သင်ထားဦး။ ရွှေအမြုတေအဆင့်နောက်ပိုင်း ကျင့်ကြံမှုနည်းတွေအတွက်ကတော့ သူတို့တွေ အဲ့ဒီအဆင့်ကို ရောက်ပြီးမှပဲ သင်ပေးဖို့ စဉ်းစားကြတာပေါ့။"

“လေးစားရတဲ့သခင် … ဆရာသခင်လည်း ဒီပြဿနာကို အရင်က စဉ်းစားခဲ့ဖူးပေမယ့် နောက်ဆုံးတော့ သူမ စွန့်လွှတ်လိုက်ရတယ်။” ကျိချွိမိန်က ချီတုံချတုံနှင့် ပြန်ဖြေသည်။

“တကယ်တော့ ကျင့်ကြံမှုနည်းစနစ်ကို သင်ပေးတာက ခက်ခဲတဲ့ကိစ္စ မဟုတ်ပါဘူး၊ အဓိကအကြောင်းရင်းက ကျင့်ကြံမှုအရင်းအမြစ်တွေ မရှိတာပါ။ ကျင့်ကြံသူတွေကို ထောက်ပံ့ဖို့ အဖိုးတန်ဆေးဖက်ဝင်အပင်အချို့နဲ့ ဆေးလုံးအချို့က လမ်းကြောင်းအမျိုးမျိုးမှသာ တစ်ဆင့် ရနိုင်တဲ့အတွက် လူဦးရေအရေအတွက် နည်းရင် အဆင်ပြေတယ်။ ဒါပေမယ့် အရမ်းများရင် ငါတောင် အတော် အလုပ်ရှုပ်သွားလိမ့်မယ်။"

"တကယ်တော့ ငါ မင်းကို နည်းလမ်းတစ်ခု သင်ပေးနိုင်တယ် ချွိမိန်။" ထန်ရှုက ပြုံးပြီး ပြောသည်။

“ဒီနည်းလမ်းက ဘာများလဲ သခင်။" ကျိချွိမိန်က မေးသည်။

"မက်လုံးပေးတဲ့စနစ်ကို သုံးလိုက်။ အပြင်ကနေ အဖိုးတန်ဆေးဖက်ဝင်အပင်တွေ ရလာတဲ့ ဘယ်သူ့ကိုမဆို အရေအတွက်ပေါ် မူတည်ပြီး ဆုပေးတဲ့ပုံစံတစ်ခု အသေးစိပ်ရေးဆွဲလို့ရတယ်။ ပြီးတော့ အဲ့ဒီအပင်တွေရဲ့အရည်အသွေးပေါ်မူတည်ပြီး ဆေးလုံးတချို့ကို စံနှုန်းနဲ့အညီ ဆုချနိုင်သေးတယ်။ နောက်ပြီး ဒီစံနှုန်းကို ပိုမြင့်အောင် လုပ်လို့ရသေးတယ်။ ဒီလိုစနစ်နဲ့ဆိုရင် သူတို့တွေ စိတ်အားထက်သန်မှုနဲ့ ပန်းတိုင်တွေ ရှိလာရုံတင်မကဘူး ကောင်းမွန်တဲ့ ကျင့်ကြံမှုဆိုင်ရာ အရင်းအမြစ်တွေကိုလည်း ရရှိနိုင်မယ်လို့ ငါ ယုံတယ်။ ဆေးသန့်စင်တာနဲ့ပတ်သက်ပြီးတော့ ဆေးလုံးတစ်သုတ်ကို သန့်စင်ဖို့ နောက်ပိုင်း ငါ အချိန်ယူပါ့မယ်။ ဒါပေမယ့် အကြီးအကဲကျိက လိုအပ်တဲ့ ဆေးဖက်ဝင်အပင်တွေ ငါ့ကို ပို့ပေးရမယ်။”

ကျိချွိမိန်က စိတ်လှုပ်ရှားနေပြီး

“ဒီငယ်သားက သခင်ရဲ့ ညွှန်ကြားချက်အတိုင်း လေးလေးစားစား လိုက်နာဆောင်ရွက်ပါ့မယ်။"

"နောက်ထပ်သတင်းကောင်းတစ်ခု ပြောရဦးမယ် ချွိမိန်။ ကမ္ဘာမြေမှာ စိတ်ဝိညာဉ်သလင်းကျောက်တွေ ရှိနေတယ်ဆိုတာ သိလိုက်ရပြီ။ ဒီကိစ္စကို ရှောင်ရွှဲ့ကို လွှဲပေးထားတယ်။ အသေးစိတ်အချက်အလက်တွေကို  အကြီးအကဲကျိကို သူ ပြောပြပါလိမ့်မယ်။" ထန်ရှုက သတင်းကောင်းတစ်ခုအား ထပ်မံပြောပြသည်။

“စိတ်ဝိညာဉ်သလင်းကျောက်ဟုတ်လား။ သခင် … အဲ့ဒီသလင်းကျောက်တွေရှိရင် ငါ့ဒဏ်ရာ မြန်မြန် ပြန်ကောင်းလာမှာတင်မဟုတ်ဘဲ ကောင်းကင်ကိုးဘုံဆီးနှင်းအစီအရင်ကိုလည်း စီစဉ်နိုင်လိမ့်မယ်။ အဲ့ဒီအစီအရင်ကို ချပြီးသွားတာနဲ့ ဆရာသခင်ရဲ့ခန္ဓာကိုယ်ပေါ်က ဆည်းဆာအိပ်မက်ဆိုးရဲ့ အကျိုးသက်ရောက်မှုကို ဖိနှိပ်နိုင်မှာဖြစ်သလို သူမကို ထောက်ပံ့ပေးနိုင်တဲ့အတွက် နိုးထလာတဲ့ အချိန် ပိုရစေနိုင်တယ်။" ကျိချွိမိန် ဝမ်းသာအယ်လဲ ဖြစ်သွားသည်။

ထန်ရှု၏မျက်လုံးများ တောက်ပလာကာ ခေါင်းညိတ်လိုက်လျက်

“အကြီးအကဲကျိ ပြောတာ မှန်တယ်။ စိတ်ဝိညာဉ်သလင်းကျောက်တစ်သုတ် ရတဲ့အထိ စောင့်ပါ။ အဲ့ဒီကျောက်တွေကို စုဆောင်းထားပြီးမှ ကောင်းကင်ကိုးဘုံဆီးနှင်းအစီအရင်ကို ခင်းကြတာပေါ့။ ပြီးရင် အရည်အချင်းရှိတဲ့သူတွေကိုလည်း ကျင့်ကြံဖို့ အရင်းအမြစ်အနေနဲ့ ပေးနိုင်ပါတယ်။”

“နားလည်ပါပြီ။” ကျိချွိမိန်က လက်သီးဆုပ်ပြီး ပြောလိုက်သည်။

စေတီတော်၏ခုနစ်ထပ်သို့ ထန်ရှုရောက်သောအခါ ဂူယန်အာက သူ့အား ပြုံးပြီး ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထန်ရှုက ခေါင်းယမ်းကာ ပြုံးလိုက်ရင်း

"ယန်အာ ဘာတွေ တွေးနေတာလဲ။ တွေးရင်းနဲ့ မထင်မှတ်ဘဲ ပြုံးရလောက်အောင် ယန်အာ့မှာ ဘယ်လို ပျော်စရာတွေများ ရှိနေတာလဲ။"

"ဆရာသခင်က ယန်အာ့အပေါ် တကယ်ကောင်းတယ်။ ယန်အာ့အတွက်တော့ အကောင်းဆုံးလူပါပဲ။ အကြီးအကဲကျိနဲ့ ဆရာတို့ ပြောနေတာတွေ ယန်အာ ကြားလိုက်တယ်။ ကမ္ဘာပေါ်မှာ စိတ်ဝိညာဉ်သလင်းကျောက်တွေ ရှိလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး။”ဂူယန်အာက ပြောလာသည်။

ထန်ရှုက ဂူယန်အာဆီသို့ လျှောက်လာကာ သူမ၏ပုခုံးလေး၂ဖက်အား ကိုင်ပြီး သူ၏ရင်ခွင်ကို မှီစေလိုက်ရင်း တီးတိုးစကားဆိုသည်။

“ဒီကမ္ဘာပေါ်မှာ ဆရာ့ကို အခုအချိန်အထိ အကြိမ်ပေါင်းများစွာ တုန်လှုပ်စေခဲ့တဲ့ အရာတွေ အများကြီးရှိတယ်။ ဆရာ့ရဲ့သိုလှောင်လက်စွပ်ထဲမှာ ရှိတဲ့ မြင့်မြတ်နဂါးသီးတစ်လုံး အပါအဝင်ပဲ။ ဒီအသီးရဲ့တန်ဖိုးကို ယန်အာလည်း သိတယ်။ နောက်ပြီး နတ်ဆိုးပြန်လည်ရှင်သန်မြက်ပင်အကြောင်း သဲလွန်စကောင်းတစ်ခုကို ဆရာ တွေ့ထားပြီ။ အဲ့ဒီအပင် ဘယ်နေရာမှာ ရှိလဲဆိုတာကို သိရဖို့ ရှန်ဟိုင်းကို ဆရာ အပြေးအလွှားသွားမလို့လေ။ ဒါပေမယ့် ယန်အာ နိုးလာတဲ့သတင်းကို ကြားတော့ ချက်ချင်း ဒီကိုလာလိုက်တာ။"

“မြင့်မြတ်နဂါးသီး … ပြီးတော့ နတ်ဆိုးပြန်လည်ရှင်သန်မြက်ပင် ဟုတ်လား။"

ဂူယန်အာ၏ ရင်သပ်ရှုမောဖွယ် လှပသော မျက်နှာလေးထက်တွင် အံ့သြတုန်လှုပ်သော အမူအရာ ပေါ်လာသည်။ တစ်ခုသိရမည်မှာ ထိုပစ္စည်းများသည် အင်မော်တယ်ကမ္ဘာတွင်ပင် မရေမတွက်နိုင်သော အင်မော်တယ်များမှ အိပ်မက်ထဲတွင် ထည့်မက်နေကြသည့် ထိပ်တန်းရတနာများဖြစ်သည်။ ထိုသို့သော ပစ္စည်းများသည် ကမ္ဘာမြေတွင် ပေါ်လာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။

ထန်ရှုသည် နောက်နှစ်ရက်တိုင်တိုင် တောက်ပသော စေတီတွင် နေထိုင်ခဲ့သည်။ သူသည် ဂူယန်အာအား ဇာတ်လမ်းမျိုးစုံကို ပြောပြရင်း စကားလက်ဆုံကျနေခဲ့သည်။ ပြောရမည်ဆိုပါက ဤနှစ်ရက်အတွင်း သူ၏နားထဲတွင် ဂူယန်အာ၏ ပျော်ရွှင်သော ရယ်မောသံလေးများဖြင့် အမြဲ ပြည့်ဝနေခဲ့သည်။

"ဆရာသခင် … ယန်အာ ခံနိုင်ရည် မရှိတော့ဘူး။"

တောက်ပသောစေတီတော်၏ခုနစ်ထပ်တွင် ဂူယန်အာ၏အောက်နှုတ်ခမ်းလွှာလေးသည် တုန်ရီနေပြီး သူမ၏မျက်နှာလေးသည် သိသိသာသာ ဖြူဖျော့နေသည်။ သူမ၏အသံလေးသည် တိုးသည်ထက်တိုးလာခဲ့သည်။

သူမလေးအား ညင်သာစွာ ပွေ့ဖက်ထားရင်း ထန်ရှုသည် စိုးရိမ်စိတ်အပြည့်ဖြင့်

"ယန်အာ ကောင်းသွားလိမ့်မယ်နော်။ နာကျင်နေရင် အဲ့ဒါကို အတင်း မဆုပ်ကိုင်ထားနဲ့။ ဆရာသခင်က ဒီကို မကြာခဏ လာပြီး ယန်အာ့ကို အဖော်လာလုပ်ပေးမှာပါ။ အပြင်သွားနေရင်တောင် ယန်အာ နိုးလာတာနဲ့ ချက်ချင်း ဒီကို အပြေးလာခဲ့မယ်။ နောက်ပြီး ယန်အာ့ရဲ့ဒဏ်ရာကို ကုသဖို့ ဆရာ တတ်နိုင်သမျှအားလုံး လုပ်မယ်။ ဆရာ့ကို ယုံကြည်ပါ ယန်အာ။ မင်းရဲ့ဆရာ ပြောတဲ့စကားက သေချာပေါက် ဖြစ်လာမှာပါ။”

"ယန်အာ ယုံပါတယ်။"

ဂူယန်အာ၏မှုန်ဝါးနေသော မျက်ဝန်းအစုံသည် ရုတ်တရက် တောက်ပလာသည်။ သူမ၏ စိတ်ဝိညာဉ်သည် ရုတ်တရက် ကောင်းမွန်လာသည့်အလားပင်။ သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေးသည် ထန်ရှု၏လက်မောင်းအတွင်းသို့ ပြိုဆင်းလာကာ သူမ၏နှုတ်ခမ်းဖျော့ဖျော့လေးသည် ထန်ရှု၏နှုတ်ခမ်းအစုံနှင့် ထိကပ်သွားသည်။

တစ်စက္ကန့်…

နှစ်စက္ကန့်…

သုံးစက္ကန့်… ကုန်ဆုံးသွားသည်နှင့် နောက်ဆုံးတွင် ထန်ရှုသည် သူ၏ထိတ်လန့်တုန်လှုပ်နေသော အခြေအနေမှ တည်ငြိမ်သွားသည်။ ဂူယန်အာအား အသာအယာ တွန်းဖယ်တော့မည့်ဟန်ပြင်လိုက်စဉ် ထန်ရှု၏လက်မောင်းပေါ်သို့ သူမ၏မျက်ဝန်းထောင့်မှ ကြည်လင်သော မျက်ရည်နှစ်စက်သည် ညင်သာစွာ ကျဆင်းလာပြီး ကြည်လင်လှပသော မျက်ဝန်းအစုံသည် မှိတ်သွားခဲ့ပြီဖြစ်ကြောင်း ထန်ရှု သတိပြုမိခဲ့လေတော့သည်။

***

All Chapters