← Chapters

အဂ္ဂိရတ် အစည်းအရုံး ဌာနချုပ်

Vol. 27 Ch. 365

အဂ္ဂိရတ် အစည်းအရုံး ဌာနချုပ်

Vol. 27 Ch. 365

အချိန်များက တရွေ့ရွေ့ ဖြတ်ကျော်နေလေရာ ဂိတ်တံခါးဖွင့်တော့မည့် အချိန်မှာလည်း တဖြည်းဖြည်း နီးကပ်လာနေခဲ့ပြီ ဖြစ်သည်။ အတိအကျဆိုရလျှင် ကြားထဲတွင် ခုနစ်ရက်မျှသာ ကျန်ရှိပေတော့သည်။

အနန္တ ဧကရာဇ်ဂိုဏ်းနှင့် ကောင်းကင် ဒြပ်စင်နန်းတော်တို့၏ တပည့်များမှာ ဂိတ်တံခါး အတွင်း ဝင်ရောက်ရန် ပြင်ဆင်မှုများကို အရှိန်အဟုန်မြှင့်ကာ ဆောင်ရွက်နေကြ၏။

မည်သို့ပင် ဆိုစေ... ဂိတ်တံခါးများမှာ လောကသခင် အဆင့်နှင့် အထက် ကျင့်ကြံသူများ ချန်ထားခဲ့သော ကမ္ဘာငယ်များနှင့် ချိတ်ဆက်နေသည့် ဝင်ပေါက်များ ဖြစ်သည်။ ထိုအထဲ၌ ကံကြမ္မာကို ပြောင်းပြန်လှန် ပစ်နိုင်သည့် အခွင့်အရေး တစ်ခုခု ရှိနေနိုင်သလို ကြောက်မက်ဖွယ်ရာ ကပ်ဘေးတစ်ခုလည်း ရှိနေနိုင်ပေသည်။

ထိုကမ္ဘာငယ်များကို များသောအားဖြင့် “လျှို့ဝှက်နယ်မြေများ” နှင့် “လောကနယ်မြေများ” ဟု နှစ်ပိုင်း ခွဲထားသည်။

လျှို့ဝှက် နယ်မြေ...

အရှင်းလင်းဆုံး ပြောရလျှင် လျှို့ဝှက် နယ်မြေများမှာ လောကသခင်၊ အချိန်သခင်နှင့် ကြယ်တာရာ သခင်များက သူတို့၏ သိုလှောင်လက်စွပ်များ အတွက် တည်ဆောက်ထားသည့် သိုလှောင်ခန်းများပင် ဖြစ်သည်။ ဝေ့ဝူယင် ပိုင်ဆိုင်ထားသည့် သုံးလွှာ လက်စွပ်ကဲ့သို့ ကိုယ်ပိုင် ကွက်လပ်တစ်ခု ရှိသည့် ဟင်းလင်းပြင် လက်စွပ်များမှာ အလွန် ရှားပါးသည့် ဖြစ်တည်မှုများ ဖြစ်သည်။

ထို့ကြောင့်ပင် ရှေးဟောင်းခေတ်၌ ပေါ်ထွက်ခဲ့သည့် လောကသခင်နှင့် အထက်ဆင့်များပင် သီးသန့်နေရာ တစ်ခုရှိ သိုလှောင်ခန်းနှင့် ချိတ်ဆက်ထားသည့် လက်စွပ်များကိုသာ အသုံးများသည်။

လျှို့ဝှက်နယ်မြေများကို လောကသခင်၊ အချိန်သခင်၊ ကြယ်တာရာ သခင်တို့၏ ကြွယ်ဝမှုများ သိုမှီးထားရာ နေရာများဟု ရည်ညွှန်းလျှင် မှားလိမ့်မည် မထင်ချေ။ ယင်းတို့က လူတစ်ယောက်၏ ကံကြမ္မာကို ကောင်းကောင်းကြီး ပြောင်းလဲပေးနိုင်သည့် အစစ်အမှန် ရတနာသိုက်များပင်။

လောကနယ်မြေ...

လောကနယ်မြေများမှာ ကုန်းမြေတိုက်ကြီး တစ်ခု အရွယ်အစားမှ ဂြိုဟ်တစ်ခုလောက် အထိ အရွယ်အစား အမျိုးမျိုး ရှိသည့် ကိုယ်ပိုင် ဂေဟစနစ်နှင့် သီးသန့် နယ်မြေကြီးများပင် ဖြစ်သည်။ ၎င်းတို့အား တည်ဆောက်ရန် အတွက် များစွာသော ရင်းမြစ်နှင့် အားထုတ်မှုများကို အသုံးပြုရသည်။ အင်အားကြီး ဂိုဏ်းကြီးများမှာ တပည့်များအား လေ့ကျင့်ပေးရန်နှင့် အန္တရာယ်ကျရောက်လာပါက လွတ်မြောက်ရေး အရံ အစီအစဥ် အဖြစ် အသုံးပြုရန် လောကနယ်မြေများကို မကြာခဏ တည်ဆောက် ထားလေ့ရှိကြသည်။

အနန္တ ဧကရာဇ်ဂိုဏ်းတွင်ပင် ဝူယုနှင့် အခြား မဟာ ဧကရာဇ်များ တည်ဆောက်ထားခဲ့သည့် လျှို့ဝှက်နယ်မြေနှင့် လောကနယ်မြေများသို့ ဦးတည်နေသည့် ဂိတ်တံခါး အများအပြား ရှိသည်။ လျှို့ဝှက်နယ်များတွင် ဂိုဏ်း၏ တန်ဖိုး အရှိဆုံး ရတနာများနှင့် အမွေအနှစ်များကို သိမ်းဆည်းထားကာ၊ လောကနယ်မြေများမှာမူ ထူးချွန် ပါရမီရှင်များကို လေ့ကျင့်ပေးရာ ကွင်းပြင်များ ဖြစ်သည်။ အကယ်၍ တစ်နေ့နေ့ ဂိုဏ်းကြီး တိုက်ခိုက် ဖျက်ဆီးခံရပါက သူတို့ အနေဖြင့် ထိုနယ်မြေများသို့ ဆုတ်ခွာကာ ပြန်လည် တိုက်ခိုက်ရန် အားမွေးနိုင်လိမ့်မည် ဖြစ်သည်။

ဂိတ်တံခါးများကို ရှာဖွေ တွေ့ရှိရန်မှာ အလွန် ခက်ခဲသည်။ ကံကောင်းမှု ကြီးကြီးမားမား လိုအပ်သလို ၎င်းက ဂိတ်တံခါး တစ်ခုဖြစ်ကြောင်း ဖော်ထုတ်နိုင်သည့် ကျင့်ကြံခြင်း အခြေခံ ရှိဖို့လည်း လိုအပ်သည်။ ထိုအခြေအနေ နှစ်ခုလုံး ပြည့်စုံနေလျှင်ပင် တစ်ခါတစ်ရံ၌ တိကျမှန်ကန်စွာ ရှာဖွေဖော်ထုတ်နိုင်ဖို့ ရာစုနှစ် တစ်ခုလောက်အထိ အချိန်ယူရလေ့ ရှိသည်။ ရှာဖွေရန် နည်းလမ်းနှင့် တည်နေရာအား သိထားသူများသာလျှင် လွယ်လွယ်ကူကူ တွေ့ရှိနိုင်ပေသည်။

ထို့ကြောင့်ပင် လူတိုင်းမှာ ဂိတ်တံခါးနှင့် ပတ်သက်၍ အလွန် စိတ်လှုပ်ရှား နေကြခြင်း ဖြစ်သည်။ ၎င်းက မည်သည့်နေရာကို ဦးတည်နေကြောင်း သေချာမသိသည့်တိုင် အနည်းဆုံးတော့ သူတို့ ကံတရားကို စမ်းသပ် လိုကြသည်။ မည်သို့ပင် ဆိုစေ... ရတနာသိုက်များနှင့် လေ့ကျင့်ရေးကွင်းများမှာ ကျင့်ကြံသူတိုင်း၏ အိပ်မက် ဖြစ်သည် မဟုတ်ပါလား။

....

သုံးလွှာ ကြယ်တာရာ နယ်မြေတွင် “အနန္တ ပြောင်းလဲခြင်း” ဟု ခေါ်သည့် ဂြိုဟ်တစ်ခု ရှိ၏။ ၎င်းက အရွယ်အစား သေးငယ်ကာ အချင်းပင်လျှင် ကီလီမီတာ နှစ်သောင်းမျှသာ ရှိပေလိမ့်မည်။ အနန္တ ကုန်းမြေတိုက်ကြီး ကဲ့သို့သော ကမ္ဘာပြား အချို့ပင်လျှင် ၎င်းထက် ဧရိယာ ပိုမို ကျယ်ပြန့်သည်။ နေကြယ်သုံးစင်းကို ရောင်ပြန်ဟပ်နေသည့် ၎င်း၏ ရေပြင်ကျယ်မှာ သလင်းကျောက်များလို တဖျပ်ဖျပ် တောက်ပနေရာ ထူးခြားသောအလှကို ပိုင်ဆိုင်ထားသည်။ အဝေးမှ ကြည့်ပါ ၎င်းမှာ လှပကာ အလွန်တရာ အဖိုးထိုက်တန်သည့် ကျောက်မျက်ရွဲလေး တစ်လုံးလိုပင်။

အနန္တ ပြောင်းလဲခြင်းဂြိုဟ်ကို အဂ္ဂိရတ် အစည်းအရုံး တည်ထောင်သူ ကိုယ်တိုင်က မရေမတွက်နိုင်သော ကြယ်တာရာ သခင်များ၏ အကူအညီနှင့် အတူ ဖန်တီးထားခြင်း ဖြစ်သည်။ ဂြိုဟ်တစ်ခုကို တည်ဆောက်ရန်က လုံးဝ မလွယ်ကူသော အလုပ် ဖြစ်သည်။ သမိုင်းတစ်လျှောက်၌ ကျင့်ကြံသူများမှာ ကိုယ်ပိုင်ဂြိုဟ်တစ်ခု ဖန်တီးရန် မရေမတွက်နိုင်အောင် ကြိုးစားခဲ့ဖူးသော်လည်း အများအပြားမှာ ကျဆုံးခဲ့ရသည်။ သွေးပန်းပဲဖို အင်ပါယာ ပင်လျှင် သူ့မျိုးဆက်များ အတွက် ဂြိုဟ်တစ်ခု အစား ကုန်းမြေတိုက်ကြီး တစ်ခုကိုသာ တည်ဆောက်နိုင်ခဲ့သည်။

အနန္တ ပြောင်းလဲခြင်း ဆိုသော အမည်က အဂ္ဂိရတ် အစည်းအရုံး တည်ထောင်သူ၏ အမည်ကို အစွဲပြုကာ ပေးထားခြင်း ဖြစ်သည်။ သူသည် ထာဝရဧကရာဇ် ကဲ့သို့ “အရာခပ်သိမ်း အဂ္ဂိရတ် ပညာရှင်” ဘွဲ့ရရှိခဲ့သည့် အဂ္ဂိရတ် ဘိုးဘေး အနည်းငယ်ထဲမှ တစ်ဦး ဖြစ်သည်။

အဂ္ဂိရတ် တာအိုတွင် ဆေးပြား၊ ဆေးလုံး၊ ဆေးရည်၊ ဆေးတောင့် ဟူသော ထုတ်ကုန်လေးမျိုးစလုံးကို အရည်အသွေး အမြင့်ဆုံး အဆင့်ထိ ရောက်အောင် ဖော်စပ်နိုင်သူများမှာ “အရာခပ်သိမ်း အဂ္ဂိရတ် ပညာရှင်” ဘွဲ့ကို ရရှိနိုင်ခဲ့သည်။ ၎င်းက သမိုင်းတစ်‌လျှောက် ပါရမီ အမြင့်ဆုံး၊ အထူးချွန်ဆုံး အဂ္ဂိရတ် ပညာရှင်များသာ လက်ခံရရနိုင်သည့် ဘွဲ့တစ်ခုလည်း ဖြစ်သည်။ ကံမကောင်းစွာပင် “အနန္တ ပြောင်းလဲခြင်း” သည် ထာဝရ ဧကရာဇ် ထွက်ခွာပြီးနောက် ခေတ်ပေါင်းများစွာ ကြာမြင့်မှ မွေးဖွားလာခဲ့သည်။

မှတ်တမ်းများ အရဆိုလျှင် သူသည် အဂ္ဂိရတ် ဝိညာဥ်ကို ပိုင်ဆိုင်ထားသည့် အဆင့်ရှစ် အဂ္ဂိရတ် အင်ပါယာ တစ်ပါး ဖြစ်သည်။ သို့သော်လည်း ထာဝရ ခြေချခြင်း ဆေးလုံး မရှိခဲ့ခြင်းကြောင့် ကြယ်တာရာ အမြုတေ အလွှာကိုတော့ ဘယ်တော့မှ ခြေမချနိုင်ခဲ့ချေ။ သို့သော်လည်း သူက အဂ္ဂိရတ် အစည်းအရုံးကို တည်ဆောက်ကာ သုံးလွှာ ကြယ်တာရာ နယ်မြေ၏ အဂ္ဂိရတ် လောကကို တစ်ခေတ်ဆန်းသစ်အောင် ရဲရဲဝံ့ဝံ့ ပြောင်းလဲနိုင်ခဲ့ပေသည်။

အဂ္ဂိရတ် အစည်းအရုံး၏ ဌာနချုပ်သည် အနန္တ ပြောင်းလဲခြင်းဂြိုဟ်ပေါ်တွင် တည်ရှိ၏။ အရွယ်အစား ‌သေးငယ်ကာနှင့် အင်အား နိမ့်ပါးသည့်တိုင် မဟာဂိုဏ်းကြီးများပင် သူတို့၏ ဂြိုဟ်ဝင်္ကပါကို အထင်သေးရဲခြင်း မရှိပါချေ။  အဂ္ဂိရတ် အသိုက်အဝန်း၏ ချမ်းသာကြွယ်ဝမှုနှင့် အတူ ခေတ်အဆက်ဆက် ဂိုဏ်း၏ သမိုင်းတစ်လျှောက်၌ သူတို့သည် အစွမ်းအထက်ဆုံးနှင့် အရှုပ်ထွေးဆုံး ဝင်္ကပါများကို ဝယ်ယူကာ ဂိုဏ်း လုံခြုံရေးအတွက် အားဖြည့်ထားခဲ့ပေသည်။

ဂြိုဟ်၏ အချက်အချာ အကျဆုံး နေရာတစ်ခု၌ မိုးကောင်းကင်ရှိ တိမ်များကိုပင် ထိအောင် မြင့်မားသည့် မဟာမျှော်စင်ကြီး တစ်ခုရှိ၏။ ထိုမျှော်စင်ကြီး၏ ရှေ့တွင်မူ ခုနစ်ရောင်ခြယ် အလင်းတန်းများဖြင့် တဝင်းဝင်း တလက်လက် တောက်ပနေသည့် ဟင်းလင်းပြင် ဂိတ်တံခါးတစ်ခု ရှိသည်။

ယနေ့...

သောင်းနှင့်ချီသော အဂ္ဂိရတ် ပညာရှင်များမှာ တူညီဝတ်စုံများ ဝတ်ဆင်ကာ ထိုဂိတ်တံခါး၏ အရှေ့တွင် ရပ်နေကြ၏။ သူတို့၏ မျက်နှာများက စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေကာ အရေးကြီး ပုဂ္ဂိုလ် တစ်ဦးဦး ရောက်လာမည်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်ကြောင်း သိသာလှသည်။

ချောမော ခန့်ညားသည့် သက်လတ်ပိုင်း အရွယ် လူကြီးတစ်ဦးမှာ ထိုအုပ်စု၏ ရှေ့ဆုံးတန်းမှ ရပ်တည်နေ၏။ သူသည် ငြိမ်သက်နေသည့် ရေပြင်တစ်ခုလို လုံးဝ တည်ငြိမ်နေကာ မာနတရားတို့ အရိုးထဲထိ စွဲထင်နေသည့် အလား ခါးကို မားမားမတ်မတ် ဆန့်တန်းထား၏။ သူ့ဘေးတွင်တော့ ဇာပုဝါဖြင့် မျက်နှာကို ဖုံးအုပ်ထားသည့် အယ်ဗန်မျိုးနွယ်ဝင် မိန်းမငယ်လေး တစ်ယောက် ရှိသည်။ သူတို့ကား ချင်ကူးယွင်နှင့် ချင်ကူးယင်တို့ပင် ဖြစ်သည်။

ဝမ်... ဝမ်...

ဂိတ်တံခါးထဲမှ အသံများ ထွက်ပေါ်လာသည်နှင့် အားလုံး၏ ခန္ဓာကိုယ်များက တောင့်တင်းသွားကြ၏။ ယန္တရားစက်များမှာ စတင် လည်ပတ်လာခြင်းနှင့် အတူ ဝင်္ကပါမှာ တဖြည်းဖြည်း အသက်ဝင်လာနေခဲ့ပြီ ဖြစ်သည်။

မကြာခင်မှာပင် ငွေရောင်အလင်းတန်းများ ထွက်ပေါ်လာကာ စက်ဝိုင်း သဏ္ဌာန် ဝင်ပေါက်တစ်ခုမှာ စတင် ကျယ်ပြန့်လာ၏။ မကြာခင်မှာပင် ၎င်းက မျက်နှာကျက်နှင့် ကြမ်းပြင်တို့ကို ရောက်သည် အထိ ကျယ်ပြန့်သွားသည်။ ထို့နောက် ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။

အာမေဋိတ်သံနှင့် တီးတိုးစကားပြောဆိုသံ ခပ်အုပ်အုပ် လူအုပ်ကြား၌ ပျံ့နှံ့သွားသည်။ ပုံရိပ်က အပြင်သို့ ရောက်သည် ငွေရောင်မျက်လုံးများကို ဝှေ့ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။

“ကျုပ် ရောက်လာပြီ...”

ချင်ကူးယွင်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အရိုအသေပေးသည့် အမူအရာနှင့် ဦးတစ်ချက် ညွှတ်လိုက်သည်။ ထို့နောက် သူက တည်ငြိမ်စွာ ပြုံးလိုက်ရင်း...

“အဂ္ဂိရတ် အစည်းအရုံးရဲ့ ဌာနချုပ်ကနေ ကြိုဆိုပါတယ် အာရုဏ်ဦး ဧကရာဇ်ဝေ့...”

“အဂ္ဂိရတ် အစည်းအရုံးရဲ့ ဌာနချုပ်ကနေ ကြိုဆိုပါတယ် အာရုဏ်ဦး ဧကရာဇ်ဝေ့...”

ချင်ကူးယွင်၏ နောက်ရှိ ‌သောင်းနှင့်ချီသော လူအုပ်ကြီးကလည်း သံပြိုင် လိုက်လံ ရေရွတ်ကာ ဒူးထောက်လိုက်ကြ၏။ စည်းဝါးတိုက်ထားသလို ညီညာလှသော ထိုမြင်ကွင်းက အထင်ကြီးစရာ ကောင်းလှကာ မြင်တွေ့ရသူတိုင်းကို ကြက်သီးဖြန်းဖြန်းထလောက်အောင်ပင် စွမ်းဆောင်နိုင်စွမ်း ရှိသည်။

“ဘယ်လောက်တောင် ခမ်းနားလိုက်တဲ့ ကြိုဆိုမှုလဲ”

အပြုံးတစ်ခုမှာ ဝေ့ဝူယင်၏ နှုတ်ခမ်းထက်၌ ဖြစ်ပေါ်လာ၏။ သူက အသိအမှတ်ပြုဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။ တစ်ချိန်တည်း၌ သူ့နောက်ရှိ ဂိတ်တံခါးကတော့ တဖြည်းဖြည်း ပြန်လည် ပိတ်သွားကာ မီးခိုးရောင် အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ၎င်းက အသစ်ဝင်လာမည့်သူ မရှိတော့ကြောင်း ဆိုလိုပေသည်။

ထိုမြင်ကွင်းက ချင်ကူးယွင်ကို မျက်မှောင်ကြုတ် သွားစေ၏။ ဝေ့ဝူယင်၏ ခန့်ညားချောမောသော မျက်နှာကို ကြည့်ရင်း သူ တွေးလိုက်သည်။

“သူက မဟာ သူတော်စင်ထို့ကို ခေါ်မလာဘူးလား”

ဝေ့ဝူယင်မှာ အဂ္ဂိရတ် လမ်းစဥ်နှင့် ကျင့်ကြံခြင်း လမ်းစဥ် နှစ်ခုစလုံးတွင် ပါရမီ အလွန် မြင့်မားသူ ဖြစ်သော်လည်း ကျင့်ကြံခြင်း အခြေခံ အလွန် နိမ့်ပါးသေးသူ ဖြစ်သည်။ သို့တိုင်အောင် ဤနေရာကို တစ်ယောက်တည်း ရောက်လာခဲ့သည်။ အကယ်၍ သူတို့တွင် မကောင်းသော ရည်ရွယ်ချက်များရှိပါက မခက်ချေလော။

ဝေ့ဝူယင်ကတော့ ချင်ကူးယွင်၏ အတွေးများကို သိရှိခြင်း မရှိပါချေ။ သူက တဖျပ်ဖျပ် တောက်ပနေသည့် မျက်လုံးများဖြင့် အဂ္ဂိရတ် ပညာရှင်များ၏ နောက်ရှိ ငွေရောင် မျှော်စင်ကြီးကိုသာ ငေးကြည့်နေခဲ့၏။ သုံးလွှာ ကြယ်တာရာ နယ်မြေ၏ သမိုင်းစာအုပ်များထဲ၌ ထိုမျှော်စင်ကြီးနှင့် ၎င်းအား တည်ထောင်ခဲ့သည့် အနန္တပြောင်းလဲခြင်း အကြောင်း သူ အကြိမ်များစွာ ဖတ်ခဲ့ဖူးသည်။

အဂ္ဂိရတ် ပညာရှင် တစ်ယောက် အနေဖြင့် ဝေ့ဝူယင် အနန္တပြောင်းလဲခြင်းကို လေးစားသည်။ ထိုပုဂ္ဂိုလ်မှာ ထာဝရ ဧကရာဇ်ခေတ်နောက်ပိုင်း ပေါ်ထွန်းလာသည့် ပါရမီ အမြင့်ဆုံးသော အဂ္ဂိရတ် ပညာရှင် ဖြစ်သည့် အပြင် အဂ္ဂိရတ် ယဥ်ကျေးမှုကို အများကြီး ပြောင်းလဲစေခဲ့သူ ဖြစ်သည်။ အဂ္ဂိရတ် ပညာရှင်များက အင်အားကြီးသူများ၏ ကျေးကျွန်ဖြစ်ရမည် ဆိုသော အယူအဆကိုလည်း သူက အဂ္ဂိရတ် အစည်းအရုံးအား တည်ထောင်ကာ ပယ်ဖျက်ခဲ့သည်။

ငွေရောင် မျှော်စင်ကြီးကို ကြည့်ရင်း အမျိုးမျိုးသော ခံစားချက်များမှာ ဝေ့ဝူယင်၏ စိတ်ထဲ ပြည့်နှက်နေခဲ့၏။ ကြယ်တာရာ အမြုတေ အဆင့်ကိုပင် မရောက်ခဲ့သည့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် အစွမ်းထက် ပုဂ္ဂိုလ်ကြီးများ အကြားတွင် နာမည်တစ်ခုကို တည်ဆောက်နိုင်ရန် အနန္တ ပြောင်းလဲခြင်း မည်မျှ ကြိုးပမ်းခဲ့ရပုံကို ပုံဖော်နေခဲ့မိသည်။ သူ ကိုယ်တိုင်ဆိုလျှင်ရော ထိုကဲ့သို့ လုပ်နိုင်ပါမည်လော။

ဝေ့ဝူယင် သက်ပြင်းတစ်ချက်ချကာ မျှော်စင်ကြီးထံမှ အကြည့်ကို ခွာရင်း ဒူးထောက်နေသည့် အဂ္ဂိရတ် ပညာရှင်များဘက်သို့ ပြန်လှည့်လာ၏။ ထို့နောက် ခပ်ဖျော့ဖျော့ ပြုံးရင်း....

“အားလုံး ထလို့ရပါပြီ... ခုလို နွေးနွေးထွေးထွေး ကြိုဆိုကြတဲ့ အတွက် ကျုပ် ဝေ့ဝူယင်က ကျေးဇူးတင်ပါတယ်... ကျုပ်ရဲ့ ဂါဝရ မှုကိုလည်း ခံယူပေးပါဦး”

စကားအဆုံး၌ သူက ဒူးထောက်နေသည့် အဂ္ဂိရတ် ပညာရှင်များနှင့် နောက်ရှိ မျှော်စင်ကြီးကို ဦးတည်ကာ ဦးတစ်ချက် ညွှတ်လိုက်၏။

ဤသည်က အဂ္ဂိရတ် သမိုင်းကို ပြောင်းလဲပေးခဲ့သည့် စီနီယာ တစ်ယောက်နှင့် ၎င်း တည်ထောင်ခဲ့သော အဖွဲ့အစည်းကြီး အတွက် သူ၏ လေးစားမှု ဖြစ်ပေသည်။

***

All Chapters