ထာဝရ ဧကရာဇ်၏ သံတမန်
Vol. 27 Ch. 366
ဒူးထောက်နေသည့် အဂ္ဂိရတ် ပညာရှင်များမှာ ဝေ့ဝူယင်၏ အမူအရာကြောင့် လန့်ဖျန့်သွားကြသော်လည်း မကြာခင်မှာပင် သူတို့၏ အံ့သြထိတ်လန့်နေသည့် မျက်လုံးများထဲ၌ လေးစားမှုနှင့် ယုံကြည်ကိုးစားမှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။ မောက်မာကာ ထင်ရာစိုင်းတတ်သည်ဟု နာမည်ကြီးသည့် အာရုဏ်ဦး အာဏာရှင် ဧကရာဇ်ဝေ့မှာ ဤမျှ ယဥ်ကျေးလိမ့်မည် ဟု သူတို့ ထင်မှတ် မထားခဲ့ကြချေ။ ၎င်းက အသေးအဖွဲ အသိအမှတ်ပြုမှု တစ်ခုသာ ဖြစ်သည့်တိုင် သူတို့အတွက်တော့ တစ်သက်မမေ့နိုင်စရာ အမှတ်တရ တစ်ခု ဖြစ်ပေသည်။
ချင်ကူးယွင်မှာ နှလုံးသား တစ်ခုလုံး နွေးထွေးသွား၏။ ဝေ့ဝူယင် ဤနေရာသို့ တစ်ယောက်တည်း ရောက်လာခြင်းမှာ ယုံကြည်၍ ဖြစ်ကြောင်း သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။ လွဲမှားသော အတွေးများ အတွက် သူ ကိုယ့်ကိုယ်ကို စိတ်ထဲမှ ပြန်လည် အပြစ်တင်လိုက်မိ၏။
“အာဏာရှင် အင်ပါယာဝေ့... ဒီလမ်းအတိုင်း ကြွပါ...”
ချင်ကူးယွင်က ဝေ့ဝူယင်ကို မျှော်စင်ကြီး၏ ဝင်ပေါက်ရှိရာကို ညွှန်ပြလိုက်၏။ ထိုလမ်းတစ်လျှောက်ရှိ အဂ္ဂိရတ် ပညာရှင်များမှာ ဘေးသို့ ဖယ်ရင်း လမ်းတစ်ခုကို ဖန်တီးပေးလိုက်ကြသည်။ ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်ရင်း ထိုလမ်းကြောင်း အတိုင်း လျှောက်လှမ်းလိုက်၏။ ချင်ကူးယွင်၊ ချင်ကူးယင်နှင့် ဂိုဏ်း၏ အဂ္ဂိရတ် အင်ပါယာများ၊ အကြီးအကဲမှာ အစဥ်လိုက်အတိုင်းပင် နောက်မှ ဖြည်းညင်းစွာ လိုက်လာကြသည်။
မကြာခင်မှာပင် ဝေ့ဝူယင်မှာ မျှော်စင်အတွင်း ရောက်ရှိလာခဲ့ပြီး အထင်ကြီးစရာ မြင်ကွင်းတစ်ခုက သူ့ကို အဆင်သင့်ပင် ဆီးကြိုနေပေသည်။ မျှော်စင်ကြီး၏ ကြမ်းပြင်ကို အဂ္ဂိရတ် စွမ်းအင်များဖြင့် သန့်စင်ထားသည့် ကြယ်ကျောက်တုံးများဖြင့် ခင်းကျင်းထား၏။ ခုနစ်ရောင်ခြယ် အလင်းတန်းများမှာ နေရာတိုင်း၌ ခပ်ဖျော့ဖျော့ လင်းလက် ထွက်ပေါ်နေသည်။ ကြမ်းပြင်ပေါ်တွင် လမ်းလျှောက်ရုံဖြင့်ပင် ဝေ့ဝူယင်၏ စိတ်များက ပိုမို ကြည်လင်လာကာ ခရီးပန်းလာသည့် နွမ်းနယ်မှု အားလုံး လွင့်ပြယ်သွား၏။ အဂ္ဂိရတ် သမားတစ်ဦး အနေဖြင့် ဝေ့ဝူယင်သည် ထိုကဲ့သို့သော ခံစားချက်မျိုးကို ကောင်းကင်နန်းတော်ရှိ အဂ္ဂိရတ် ခန်းမထဲတွင် အကြိမ်ကြိမ် ခံစားဖူးပေသည်။
သူ၏ မျက်လုံးများက ရွေ့လျားသွားကာ နံရံများဆီသို့ ရောက်ရှိသွား၏။ ထိုနေရာရှိ ကျောက်တုံးများမှာ အဂ္ဂိရတ် စွမ်းအင်တစ်မျိုးတည်းဖြင့် မဟုတ်ပဲ ဒြပ်စင်စွမ်းအင် အမျိုးမျိုးဖြင့် သန့်စင်ခံထားသည်ကို သူ သတိထားမိလိုက်သည်။ အထင်ကြီးမှုတစ်ခုက ဝေ့ဝူယင်၏ စိတ်အတွင်း မွေးဖွားလာ၏။ ဤမျှော်စင်ကား အဂ္ဂိရတ် တာအို တစ်မျိုးတည်း အတွက်သာ အကျိုးရှိသည့် နေရာ မဟုတ်ချေ။ ကျင့်ကြံခြင်း အမျိုးအစား အားလုံးအတွက် အလွန် အသုံးဝင်သည့် နေရာတစ်ခု ဖြစ်ပေသည်။ ဤနေရာအား တည်ဆောက်ရန် အနန္တ ပြောင်းလဲခြင်း အနေဖြင့် ကုန်ကျစရိတ် မည်ရွေ့မည်မျှအထိ အသုံးပြုခဲ့ရသနည်း။
မျှော်စင်ကြီး အတွင်း၌ အလွန် ကြီးမားကာ အလင်းရောင် ခပ်ဖျော့ဖျော့ တောက်ပနေသည့် တိုင်လုံးကြီးများကိုလည်း ဝေ့ဝူယင် တွေ့ရ၏။ အရေအတွက်အားဖြင့် ကြည့်သော် ကြမ်းပြင်မှ နေ၍ အမိုးထိ ရောက်အောင် သွယ်တန်းနေသည့် တိုင်လုံးကြီး စုစုပေါင်း ခုနစ်လုံးထိ ရှိသည်။ ၎င်းတို့မှာ ကောင်းကင်ထောက်တိုင်ကြီးများ သဖွယ် မျှော်စင်ကြီး တစ်ခုလုံးကို လဲပြိုမသွားအောင် ကျားကန်ထားသည်။
အပေါ်တွင် ထွင်းထားသည့် သင်္ကေတများကို လေ့လာရင်း တိုင်လုံးတစ်ခုချင်းသီမှာ အဂ္ဂိရတ် လမ်းစဥ်၏ အပိုင်းတစ်ခုချင်းစီကို ရည်ညွှန်းကြောင်း ဝေ့ဝူယင် သိရှိလိုက်သည်။ အံ့အားသင့်စွာပင် သူ ကောင်းကင်ဘုံ နတ်မျက်လုံး ကျင့်စဥ်ကို ထုတ်ဖော်ကာ ၎င်းတို့ကို စစ်ဆေးကြည့်လိုက်၏။
ချက်ချင်းပင် ဝေ့ဝူယင်၏ မျက်လုံးများက ပြူးကျယ်သွားသည်။ တိုင်လုံးကြီးများမှာ ဂြိုဟ်၏ အပေါ်ယံတွင်သာ ရှိနေခြင်း မဟုတ်ချေ။ အမြုတေ အထိ ရောက်အောင် သွယ်တန်း ကျဆန်းကာ ဂြိုဟ်ဝင်္ကပါနှင့်ပါ တိုက်ရိုက် ချိတ်ဆက်နေခြင်း ဖြစ်သည်။
မျှော်စင်ကြီး၏ ပထမထပ်၌ ခေတ်အဆက်ဆက် အဂ္ဂိရတ် အင်ပါယာများ၏ ရုပ်တုများ အပါအဝင် အမျိုးမျိုးသော အလှဆင် ပစ္စည်းများလည်း ရှိနေပေသည်။ ထို့ပိဟန်နှင့် ခပ်ဆင်ဆင်တူသည့် ရုပ်တု တစ်ခုကိုပင် ဝေ့ဝူယင် တွေ့မြင်ရ၏။ သူက အသက် နှစ်ဆယ်မှ သုံးဆယ်ကြား အရွယ်ခန့် ရှိကာ ကြီးမားသော ကြွက်သားများကို ပိုင်ဆိုင်ထားသည်။ ယနေ့ရှိ ပိန်လှီလှီ၊ မီးခိုးရောင် ဆံပင်၊ မုတ်ဆိတ်ပိုင်ရှင် လူအိုကြီးနှင့် နှိုင်းယှဥ်လျှင် အတော်လေး ကွာခြားလှသည်။
“လမ်းစဥ် ခုနစ်သွယ် အနန္တမျှော်စင်က အဂ္ဂိရတ် အစည်းအရုံးရဲ့ ဌာနချုပ်ပါပဲ... ဒီမျှော်စင် ရှိနေသမျှ ကာလပတ်လုံး အဂ္ဂိရတ် အစည်းအရုံး ရှိနေလိမ့်မယ်”
ချင်ကူးယင်က ဝေ့ဝူယင် နံဘေးသို့ ညင်သာစွာ လျှောက်လာရင်း ဆိုလိုက်၏။ သူမ၏ အသံက ချိုသာကာ ယိမ်းယိုင်ခြင်း၊ ထစ်ငေါ့ခြင်း တစ်ခုမှ မရှိချေ။ သို့သော်လည်း ဂုဏ်ယူမှု အငွေ့အသက် တစ်ခုကိုတော့ ဝေ့ဝူယင် ခံစားရ၏။
“အထင်ကြီးစရာပဲ”
ဝေ့ဝူယင်က ရိုးရှင်းစွာသာ ဆိုလိုက်၏။ မကြာခင်မှာပင် သူတို့မှာ သတ္တာတစ်ခုနှင့် တူသည့် အလုံပိတ် ခန်းမ အတွင်းသို့ ရောက်ရှိလာခဲ့သည်။
ဝမ်... ဝမ်...
တံခါးပိတ်သွားသည်နှင့် ယန္တယား လည်ပတ်သံများ ထွက်ပေါ်လာကာ အလုံပိတ် အခန်းမှာ စတင် လှုပ်ရှားလာ၏။ ထိုအရာက အထပ်မြင့်များသို့ တက်ရောက်ရန် အသုံးပြုသည့် နည်းပညာ တစ်ခု ဖြစ်ကြောင်း ဝေ့ဝူယင် တန်းကာ သိရှိလိုက်သည်။ ခေတ်သစ် နည်းပညာနှင့် ဝင်္ကပါ ပေါင်းစပ်ထားသည့် ထိုကဲ့သို့ တီထွင် ဆန်းသစ်မှုမျိုးကို အနန္တ ကုန်းမြေတိုက်ကြီးရှိ ရွှေရောင်နို့နှစ်မြို့တော်တွင် ဝေ့ဝူယင် တွေ့မြင်ခဲ့ဖူးသည်။
ဟူး... ဟူး...
အလုံပိတ် အခန်းငယ်လေးမှာ အပေါ်သို့ လျှင်မြန်စွာ တက်လာခဲ့၏။ ထို့နောက် စက္ကန့်ပိုင်းမျှ အတွင်းမှာပင် ၎င်းမှာ ရပ်တန့်သွားကာ တံခါးမှာ နှစ်ခြမ်းကွဲ၍ ပြန်လည် ပွင့်သွားသည်။
ချင်ကူးယွင်က ရှေ့မှ ဦးဆောင်ကာ အပြင်သို့ ထွက်လိုက်ရင်း ဝေ့ဝူယင်အား ပြောလိုက်၏။
“မျှော်စင်က အထပ်တွေ ရှုပ်ထွေးပြီး အရမ်းကိုမြင့်တော့ ကောင်းကင်လှေကားနဲ့ သွားမှပဲ အဆင်ပြေတယ်...”
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်သည်။ အနန္တ ဧကရာဇ်ဂိုဏ်းတွင်လည်း ဤကဲ့သို့ ယန္တရားမျိုး တပ်ဆင်သင့်သည်ဟု သူ တွေးလိုက်မိ၏။ ဤသို့ဆိုလျှင် တပည့်များမှာ ပထမ အလွှာမှ ဆဋ္ဌမအလွှာ အထိ အချိန်ကုန် လူပင်ပန်းခြင်း မရှိပဲ သွားလာနိုင်ပေလိမ့်မည်။
မကြာခင်မှာပင် ဝေ့ဝူယင်သည် ချင်ကူးယွင်၊ ချင်ကူးယင်တို့နှင့် အတူ ခန်းမ တစ်ခု အတွင်း ရောက်ရှိလာခဲ့၏။ ထိုအခန်းအတွင်းတွင် အဂ္ဂိရတ် အစည်းအရုံး၏ သမိုင်းကြောင်းနှင့် ပတ်သက်သည့် ပုရပိုက်များနှင့် စာအုပ်များ သိုလှောင်ထားသည်။ ထိုအထဲ၌ သူဖတ်ဖူးသည့် စာအုပ်၊ ပုရပိုက်များ အများအပြား ပါဝင်နေသော်လည်း တစ်ကြိမ်တစ်ခါမှ မတွေ့ဖူး၊ မမြင်ဖူးသည့် စာအုပ်များကိုလည်း တွေ့ရပေသည်။
အခန်း၏ နံရံတွင်မူ မျှော်စင်ကြီးရှေ့၌ သင်္ဘောကဲ့သို့ ယာဥ်ပျံကြီး တစ်ခု ပျံသန်းနေသည့် ပန်းချီကားကြီးကို ကပ်ထား၏။ ဝေ့ဝူယင်၏ စိတ်ဝင်စားမှုက အရှိန်အဟုန်နှင့် အတူ မြင့်သွားသည်။ အနန္တ ကုန်းမြေတိုက်ကြီးတွင်ရော၊ အနန္တ ဧကရာဇ်ဂြိုဟ်ပေါ်မှာပါ ရေပြင်ထက်၌ ရွက်လွှင့်သွားလာသည့် သင်္ဘောကြီးများကို သူ မြင်တွေဖူးသော်လည်း ဤကဲ့သို့ ယာဥ်ပျံကြီးမျိုးကိုမူ သူ ယခုမှသာ တွေ့မြင်ဖူးခြင်း ဖြစ်သည်။
ဘေးနားရှိ ချင်ကူးယင်က အလိုက်တသိပင် ဝေ့ဝူယင်ကို ရှင်းပြလိုက်၏။
“ဒီပန်းချီကားရဲ့ နာမည်က အကာသ ခရီးသည် ကံကြမ္မာသစ် တစ်ခုကို ဆင်းသက်ခြင်း တဲ့...အဂ္ဂိရတ်
“အာကာသ ခရီးသည်... အဲဒါက ဒီသင်္ဘောကို ခေါ်တာလား”
ဝေ့ဝူယင်၏ ငွေရောင် မျက်ဝန်းများက ယာဥ်ပျံကြီးကို ကြည့်ရင်း မသိမသာ တောက်ပနေသည်။ ချင်ကူးယင်က ခေါင်းညိတ်ကာ ထပ်ပြောလိုက်၏။
“ပါးစပ်ရာဇဝင်တွေ အရဆို အဲဒီ ယာဥ်ပျံကြီးက ထာဝရ ဧကရာဇ်ရဲ့ သံတမန် တစ်ဦးကို သယ်ဆောင်လာခဲ့တာ လို့ပြောကြတယ်”
“ထာဝရ ဧကရာဇ်ရဲ့ သံတမန်...”
ဝေ့ဝူယင် အနည်းငယ် အံ့အားသင့်သွား၏။ သမိုင်းကြောင်းကို ပြန်လှန်ကြည့်ရလျှင် ထာဝရ ဧကရာဇ် ထွက်ခွာ သွားပြီးသည့်နောက်တွင် မဟာ ဧကရာဇ် ဝူယုမှာ သုံးလွှာ ကြယ်တာရာ နယ်မြေကို ကြီးစိုးကာ ကောင်းကင် အင်ပါယာခေတ်ကို ထူထောင်ခဲ့သည်။ အဂ္ဂိရတ် အစည်းအရုံးမှာ ကောင်းကင် အင်ပါယာခေတ် အဆုံးသတ်ပြီးသည့် အချိန်သို့ရောက်မှ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။
ထာဝရ ဧကရာဇ်ထွက်သွားသည့် အချိန်နှင့် အဂ္ဂိရတ် အစည်းအရုံး ပေါ်လာသည့် အချိန်ကြားတွင် နှစ်ပေါင်း သုံးရာခန့် ကွာခြားသည်။ ထွက်ခွာသွားပြီသည့် အချိန်မှ စတင်၍ ထာဝရ ဧကရာဇ် အကြောင်း ဘာမှ မကြားတော့ရကြောင်း ဝူယုက သူ့ကို ပြောခဲ့ဖူးသည်။
သို့သော်လည်း ယခုတစ်ဖန် ချင်ကူးယင်က ထာဝရ ဧကရာဇ်၏ တမန်တော် အကြောင်း ဆိုလာပြန်သည်။ မည်ကဲ့သို့နည်း။ ဝေ့ဝူယင်၏ မျက်ခုံးများက အနည်းငယ် တွ့န်ကွေးသွား၏။
မကြာခင်မှာပင် သူတို့ သုံးယောက်သည် ဆယ်မီတာခန့် မြင့်မားမည့် တံခါးကြီးတစ်ခု၏ အရှေ့သို့ ရောက်ရှိလာခဲ့၏။ တံခါးကြီး၏ မျက်နှာပြင်ပေါ်၌ အမျိုးမျိုးသော အစက်အပျောက်များနှင့် သင်္ကေတများ တွေ့ရသည့်တိုင် အဓိပ္ပာယ်နှင့် ရည်ရွယ်ချက်ကိုတော့ ဝေ့ဝူယင် နားမလည်နိုင်ချေ။
ချင်ကူးယွင်က သိုလှောင်လက်စွပ်ထဲမှ ဆေးကြိုအိုး အငယ်စားလေး သဏ္ဌာန် ပစ္စည်းတစ်ခုကို ဆွဲထုတ်လိုက်၏။ ထို့နောက် သူက ၎င်းကို တံခါးဆီသို့ ညွှန်ပြလိုက်သည်။ အဖြူရောင် အလင်းများမှာ ဆေးကြိုအိုးလေးထဲမှ ထွက်ပေါ်လာကာ ထူးဆန်းစွာပင် တံခါးအတွင်း စိမ့်ဝင်သွား၏။
ကောင်းကင်ဘုံ နတ်မျက်လုံးများဖြင့်ပင် ၎င်းတို့ ဦးတည်သွားသည့် နေရာကို မြင်တွေ့နိုင်စွမ်း မရှိရာ ဝေ့ဝူယင် အနည်းငယ် အံ့သြသွားမိသည်။ ကြည့်ရသည်က သူ့ ကောင်းကင်ဘုံ နတ်မျက်လုံး ကျင့်စဥ် အဆင့်ကို မြှင့်တင်ဖို့ အရေးတကြီး လိုအပ်နေချေပြီ ဖြစ်သည်။
ကျွီ...
ဝေ့ဝူယင် တွေးတောနေစဥ်မှာပင် တံခါးမကြီးမှာ ဖြည်းညင်းစွာ ပွင့်ဟသွားသည်။ ချင်ကူးယွင်က အနည်းငယ် ပြုံးလိုက်ရင်း ဝင်ပေါက်ကို ညွှန်ပြလိုက်၏။
“အာဏာရှင် အင်ပါယာဝေ့... ဒါက ဘိုးဘေး အနန္တပြောင်းလဲခြင်းနဲ့ ထာဝရ ဧကရာဇ်ရဲ့ တမန်တော်တို့ တည်ဆောက်ခဲ့တဲ့ အနန္တ ဆန်းကြယ်မျှော်စင်ရဲ့ တံခါးဝပါပဲ...”
သူက တည်ငြိမ်စွာပင် ဝေ့ဝူယင်ကို ရှင်းပြလိုက်သည်။ သို့သော်လည်း တံခါးအတွင်းပိုင်းကိုတော့ လှမ်းဝင်ခြင်း မပြုချေ။
ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်မိ၏။ ယခုတစ်ကြိမ်တွင်လည်း သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံးမှာ အတွင်းပိုင်းကို ဖောက်ထွင်း မြင်နိုင်စွမ်း မရှိပြန်ချေ။ ဝေ့ဝူယင် မျက်လုံးများကို ကျဥ်းမြောင်းရင်း ချင်ကူးယွင်ကို လှည့်ကြည့်လိုက်သည်။
“အနန္တ ဆန်းကြယ်မျှော်စင်ရဲ့ တံခါးဝ ဟုတ်လား... ဒါက နောက်ထပ် မျှော်စင်တစ်ခုကို ဦးတည်နေတာလား... နေရာကူးပြောင်းခြင်း ဂိတ်တံခါးလိုလား”
ခရာတို၏ အကူအညီနှင့် အတူ တံခါး၏ အခြားတစ်ဖက်၌ ဟင်းလင်းပြင် စွမ်းအင် အငွေ့အသက် အချို့ရှိနေသည်ကို သူ သတိထားမိပြီး ဖြစ်သည်။ ၎င်းက သူ အကြိမ်ကြမ် ဖြတ်သန်းသွားလာဖူးသည့် ဂိတ်တံခါးများထံမှ အငွေ့အသက်နှင့် အတော်လေး ဆင်တူသည်။ လွဲစရာ အကြောင်း မရှိချေ။
ချင်ကူးယွင်မှာ ဝေ့ဝူယင်၏ ဉာဏ်ရည်ဉာဏ်သွေးကို စိတ်ထဲမှ ကြိတ်ကာ ချီးကျူးလိုက်မိသည်။ သူက လေးနက်သော အမူအရာနှင့် ခေါင်းညိတ်လိုက်သည်။
“အမှန်ပဲ... ဒီဂိတ်တံခါးက အခြား ကြယ်တာရာ နယ်မြေတစ်ခုကို လုံးလုံးလျားလျားကို ဦးတည်နေတာ”
***