← Chapters

ပါရမီ

Vol. 27 Ch. 367

ပါရမီ

Vol. 27 Ch. 367

ဝေ့ဝူယင်၏ စိတ်ခံစားမှုများက တုန်လှုပ်သွားကာ တံခါးမကြီးကို နောက်တစ်ကြိမ် ပြန်လှည့်ကြည့်လိုက်မိသည်။ ဤသည်က အခြား ကြယ်တာရာ နယ်မြေတစ်ခု၏ တံခါးပေါက်လော။ မည်ကဲ့သို့နည်း။

မရေမတွက်နိုင်သည့် အကြောင်းအရာ အပိုင်းအစများမှာ ဝေ့ဝူယင်၏ စိတ်ထဲတွင် တဖြည်းဖြည်း ဆက်သွားခဲ့၏။ သူ့ငွေရောင် မျက်လုံးများက စိတ်လှုပ်ရှားမှုနှင့် အတူ တောက်ပလာကာ အမူအရာမှာ ခန့်မှန်း၍ မရအောင် တည်ငြိမ်သွားသည်။

“ဆိုတော့ကာ ဒါက ထာဝရ ဧကရာဇ်ရဲ့ တမန်တော် ချန်ထားခဲ့တဲ့ ဂိတ်တံခါးပေါ့... တစ်ခု စဥ်းစားစရာ ရှိတာက ဒီတံခါးပေါက်က ဘယ်နေရာကို ဦးတည်နေတာလဲ”

ချင်ကူးယွင်က ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။

“အဂ္ဂိရတ် အစည်းအရုံးကို အခြေချပြီးတဲ့ ရက်ပိုင်းမှာပဲ ထာဝရ ဧကရာဇ်ရဲ့ တမန်တော် ဆင်းသက်လာခဲ့တယ်... ဘိုးဘေးတွေရဲ့ လက်ဆင့်ကမ်း စကားတွေနဲ့ မှတ်တမ်းတွေ အရဆို သူက ဒီဂိတ်တံခါးကို အနာဂတ် အမွေဆက်ခံသူ အတွက် ချန်ခဲ့တာတဲ့”

“အနာဂတ် အမွေဆက်ခံသူ...”

ဝေ့ဝူယင် ခေါင်းကို လှည့်လိုက်ရင်း ချင်ကူးယင်ကို ကြည့်လိုက်မိသည်။ ချင်ကူးယင်က ခိုးကြောင် ခိုးဝှက်ဖြင့် ဝေ့ဝူယင်ကို လျှာထုတ်ပြလိုက်၏။ ကြည့်ရသည်က ထိုမိန်းကလေးမှာ ဇာပုဝါနောက်တွင် ပုန်းကွယ်နေရုံဖြင့် သူမ၏ အမူအရာကို မည်သူမှ မမြင်နိုင်ဟု အထင်မှားနေဟန် ရသည်။

ချင်ကူးယွင်က ခေါင်းတစ်ချက် ညိတ်ရင်း ဝေ့ဝူယင်၏ အတွေးများကို အတည်ပြုပေးလိုက်၏။

“အမှန်ပဲ... အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်ပိုင်ရှင်တွေပဲ အနန္တ ဆန်းကြယ် မျှော်စင်ရဲ့ တံခါးပေါက်ထဲကို ဝင်နိုင်တယ်... မှတ်တမ်းတွေက အမျိုးမျိုး ကွဲနေတော့ ဂိတ်တံခါးက ဘယ်နေရာကို ဦးတည်နေလဲ ဆိုတာတော့ ခန့်မှန်းရခက်တယ်... ဒါပေမဲ့ အဲဒီနေရာက ထာဝရ ဧကရာဇ်နဲ့ နက်ရှိုင်းတဲ့ ချိတ်ဆက်မှု တစ်ခု ရှိနေတာတော့ သေချာတယ်”

“တကယ်လို့ နှစ်တွေအများကြီးသာ မကြာခဲ့သေးဘူး ဆိုရင် အဲဒါက ထာဝရ ဧကရာဇ် တပည့်ရွေးချယ်တဲ့ နည်းလမ်းတစ်ခု ဖြစ်လိမ့်မယ် လို့ ငါ ကျိန်းသေ ယုံမိမှာ”

ချင်ကူးယွင်၏ လေသံက အနည်းငယ် ပျော့သွား၏။ ထာဝရ ဧကရာဇ်ခေတ် အဆုံးသတ်ခဲ့သည်မှာ နှစ်ပေါင်း ရှစ်ထောင်ကျော်ခန့် ရှိခဲ့ပြီ ဖြစ်သည်။ ထိုမျှ ရှည်လျားသည့် ကာလများ အတွင်း သူကား သေဆုံးသွားလောက်ချေပြီ။

“ဒါကြောင့် ခင်ဗျား ကျုပ်ကို လိုချင်ခဲ့တာလား... ဂိတ်တံခါးထဲကို ဝင်ပြီး အခြား တစ်ဖက်မှာ ရှိနေတဲ့ အရာကို ရနိုင်ဖို့ပေါ့”

ဝေ့ဝူယင်က ပေါ့ပေါ့ပါးပါးပင် မေးလိုက်၏။ ချင်ကူးယွင်က ခေါင်းညိတ်လိုက်သည်။

“အမှန်ပါပဲ... ဒါပေမဲ့ အာဏာရှင် ဧကရာဇ်ဝေ့ကို ဝင်ခိုင်းဖို့ ကျုပ်မှာ ရည်ရွယ်ချက် မရှိပါဘူး... ဘယ်လောက်ပဲ အစွမ်းထက်ထက် အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်ရှိတဲ့ လူတွေပဲ ဂိတ်တံခါးထဲကို ဝင်နိုင်မှာ မဟုတ်လား... အရင်တုန်းက ကျုပ်တို့ရဲ့ ဘိုးဘေးအချို့ဟာ အထဲကို အတင်းအကြပ် ဝင်ဖို့ ကြိုးစားကြည့်ဖူးတယ်... ဒါပေမဲ့ အဆုံးသတ် ရလဒ်က သေဆုံးခြင်းပဲ”

ဝေ့ဝူယင် ချင်ကူးယင်ကို တစ်ချက် လှမ်းကြည့်လိုက်၏။

“မိန်းကလေးယင်က ခင်ဗျားတို့ ရွေးချယ်ထားတဲ့လူပေါ့... “

သူ ခေါင်းတစ်ချက် ညိတ်လိုက်သည်။ ထို့နောက် အနည်းငယ် မျက်မှောင်ကြုတ်ရင်း ချင်ကူးယွင်ဘက်ကို ပြန်လှည့်လိုက်၏။

“ကျုပ် တစ်ခု နားမလည်တာက ဘာလို့ ကျုပ် အကူအညီကို လိုအပ်ရတာလဲ... ဘာပဲဖြစ်ဖြစ် မိန်းကလေးယင်မှာ ဂိတ်တံခါးထဲကို ဝင်ဖို့ လိုအပ်ချက်အားလုံး ပြည့်စုံနေပြီးသားပဲလေ”

သူ့လေသံက သံသယများဖြင့် ပြည့်နှက်နေသည်။ ချင်ကူးယွင်၏ အမူအရာက အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားကာ ချင်ကူးယင်၏ မျက်လုံးထဲတွင်မူ အလင်းတစ်စ တောက်ပသွားသည်။

ထိုအခိုက်တွင်ပင် လေပြင်းများ တိုက်ခတ်လာကာ ချင်ကူးယွင်၏ လက်ထဲရှိ ဆေးကြိုအိုးလေးက ခပ်ဖျော့ဖျော့ လင်းလက်သွားသည်။ ထို့နောက်...

ဘုန်း...

အရှိန်အဟုန်နှင့် အတူ ပွင့်ဟနေသည့် တံခါးမကြီးမှာ ပြန်လည် ပိတ်သွားခဲ့၏။ သူတို့ သုံး‌ယောက်စလုံး၏ မျက်လုံးများက ပိတ်ထားသော တံခါးမကြီးထံ စုစည်းရောက်ရှိသွားသည်။

“တကယ် အံ့သြဖို့ကောင်းတာပဲ...”

ဝေ့ဝူယင် ပင့်သက်တစ်ချက် ရှိုက်လိုက်မိ၏။ ထိုကဲ့သို့ လျှို့ဝှက် ဆန်းကြယ်သည့် ဂိတ်တံခါးမျိုးကို တစ်ခါမှ မတွေ့မမြင်ဖူးချေ။ သူ ရုတ်တရက် သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးတွင် တွေ့မြင်ခဲ့ရသည့် ရှေးဟောင်း ဂိတ်တံခါးကို ပြန်လည် အမှတ်တရလိုက်သည်။ သည်တံခါး နှစ်ခုကြားတွင် ချိတ်ဆက်မှု တစ်ခုခု ရှိနေမည်လော။

ဝေ့ဝူယင် လည်ပင်းတွင် ဆွဲထားသည့် လခြမ်းလေးကို အမှတ်မထင် ထိတွေ့လိုက်မိ၏။ ၎င်းက ချင်ကူးယွင်၏ လက်ထဲမှ ဆေးကြိုအိုးလေးလို ရှေးဟောင်း ဂိတ်တံခါးထဲဝင်ရန် သော့တစ်ခု ဖြစ်နေနိုင်သည်။

ဝေ့ဝူယင် ဖြစ်နိုင်ချေများကို တွေးတောနေစဥ်မှာပင် ချင်ကူးယွင်က ခပ်လေးလေး သက်ပြင်းတစ်ချက် ချလိုက်၏။

“အာဏာရှင် အင်ပါယာဝေ့ ပြောတာ မှန်ပါတယ်... ဒါပေမဲ့ တစ်ဝက်ပဲ မှန်တယ်... ချင်ကူးယင် အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်ကို ပိုင်ဆိုင်ထားပေမဲ့ ဂိတ်တံခါးထဲကို ဝင်ဖို့ အခြား လိုအပ်ချက် တစ်ခု ရှိသေးတယ်... အဂ္ဂိရတ် ဝိညာဥ်ကို ဖွံ့ဖြိုးဖို့ အတွက်ဆိုရင် အခြေခံ လိုအပ်ချက် တစ်ခုတော့ ရှိစမြဲ မဟုတ်လား”

ချင်ကူးယွင်က တည့်မပြောချေ။ သူက ဝေ့ဝူယင်ကို ကိုယ်တိုင် ကောက်ချက်ချစေချင်ဟန် ရ၏။

ဝေ့ဝူယင် စိတ်ပျက်ခြင်း မရှိချေ။ ကြယ်တာရာ ဝိညာဥ်လေးခု၏ ပံ့ပိုးမှုနှင့် အတူ သူ့စိတ်က အလွန် လျှင်မြန်စွာ လှည့်ပတ်သွားကာ ဖြစ်နိုင်ချေများကို စုစည်းလိုက်၏။။ စက္ကန့်မခြားခင်မှာပင် အဖြေကို ရရှိသွားဟန်နှင့်သူ့ငွေရောင် မျက်လုံးများက တဖြည်းဖြည်း တောက်ပလာခဲ့တော့သည်။

“အဂ္ဂိရတ် ပါရမီ...”

ဝေ့ဝူယင် ပြောရင်း ချင်ကူးယင်ကို မသိမသာ လှမ်းကြည့်လိုက်၏။ မိန်းကလေးမှာ ခေါင်းကို အောက်ငုံ့ရင်း လက်သီးများကို တင်းကြပ်စွာ ဆုပ်ထားချေသည်။

အဂ္ဂိရတ် ပါရမီ...

ဝေ့ဝူယင် ကိုယ်တိုင် ထိုအရာကို သိပ်နားမလည်ချေ။ သို့သော်လည်း... ဧဒင်ကမ္ဘာဂိုဏ်းထဲ ဝင်ရောက်စဥ် အခါက အဂ္ဂိရတ် ပါရမီကို စစ်ဆေးမည် ဆိုပြီး ကျောက်တုံးတစ်တုံးပေါ် လက်တင်ခိုင်ခဲ့သည်ကို သူ မှတ်မိသေးသည်။ ထို့နောက် ရူးတူးတူးပေါတောတော သူ့ကို ဂိုဏ်းခေါင်းဆောင် ကိုယ်တိုင်က အလွန် သဘောကျသွားကာ တပည့် အဖြစ်ပင် လက်ခံခဲ့သည်။ ဤသို့နှင့် သူတို့ သင်ပေးသည့် နည်းလမ်းအတိုင်း ကျင့်ကြံရင်း နောက်ပိုင်းတွင် ဧဒင် ဖြစ်လာမည့် တတိယမြောက် ဝိညာဥ်ကို သူ မွေးဖွားနိုင်ခဲ့သည်။

သူ နားလည်ထားသလောက် ဆိုလျှင် ပါရမီ ဆိုသည်မှာ စွမ်းအင်များနှင့် ခန္ဓာကိုယ် အကြား ဆက်သွယ်နိုင်စွမ်းကို ခေါ်ဆိုခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ချင်ချူးမူမှာ လွန်ခဲ့သည့် နှစ်ထောင်ဂဏန်း အတွင်း အထူးချွန်ဆုံး သစ်သား ဒြပ်စင် ပါရမီရှင် အဖြစ် သတ်မှတ်ခံထားရကာ မည်သည့် သစ်သား အမျိုးအစားနှင့် မဆို အလွယ်တကူ ချိတ်ဆက်နိုင်စွမ်း ရှိသည်။ ထိုနည်းတူစွာပင် နာ့ရှင်းရီမှာ ယင်စွမ်းအင်များနှင့် ဆက်သွယ်နိုင်စွမ်း မြင့်မားရာ ယင်စွမ်းအင် ပါရမီရှင် အဖြစ် သတ်မှတ်နိုင်ပေသည်။

ထို့နည်းတူစွာပင် ကျင့်ကြံခြင်းအရာ၌ ပါရမီမြင့်မားသူများလည်း ရှိသည်။ သူတို့မှာ ဒြပ်စင်များနှင့် အမတေများကို သာမန်လူများထက် အဆပေါင်းများစွာ ပိုမို မြန်ဆန် ထိ‌ရောက်စွာ စုပ်ယူနိုင်ကြသည်။ ဝေ့ဝူယင်မှာ ကျင့်ကြံခြင်း ပါရမီ အတော်အတန် မြင့်မားသူ တစ်ယောက် ဖြစ်သည့်တိုင် စုမေ့မှာ သူ့ထက်  ပို၍ပင် သာလွန်ပေသည်။ သို့သော်လည်း ယခုတွင်တော့ “ကြယ်တာရာ ဝိညာဥ် ပြင်ပ ထုတ်ခွာခြင်း” ကျင့်စဥ်နှင့် အတူ သူ၏ စုပ်ယူနှုန်းက သာမန်လူများထက် အဆပေါင်း ထောင်သောင်းချီပင် ပိုမို မြန်ဆန်နေခဲ့ပြီ ဖြစ်သည်။

များစွာသော ဂိုဏ်းများမှာ တစ်ဦးတစ်ယောက်၏ အနာဂတ် အကန့်အသတ်ကို သတ်မှတ်ရန် ပါရမီ ဆိုသော စံနှုန်းကို အသုံးပြုကြသည်။ အဂ္ဂိရတ် တာအိုမှာ ကံကြမ္မာကို ပြောင်းလဲနိုင်စွမ်း ရှိသည့်တိုင် ပါရမီနိမ့်ကျသူများမှာ ဆေးလုံးတစ်လုံးကို စုပ်ယူရန်ပင် အချိန်များစွာ ကြာမြင့်လေ့ ရှိသည်။ ထို့အပြင် နေရာတိုင်း၌ အဂ္ဂိရတ် တာအိုကိုသာ အားကိုးနေရအောင် လူတိုင်းက ထို့ပိဟန်တို့လို နောက်ခံ အသိုက်အဝန်း မြင့်မားစွာ မွေးဖွားလာခြင်း မဟုတ်ချေ။

ချင်ကူးယွင်က တိတ်ဆိတ်နေ၏။ သို့သော်လည်း ထိုဆိတ်ဆိတ်နေခြင်းကပင်လျှင် ဝန်ခံခြင်း တစ်မျိုး ဖြစ်ကြောင်း ဝေ့ဝူယင် သိရှိလိုက်သည်။  သူက ခေါင်းတစ်ချက် ညိတ်ကာ ချင်ကူးယင်ကို စူးစူးစိုက်စိုက် ကြည့်လိုက်၏။

“အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်ကို ဖွဲ့စည်းနိုင်ခဲ့တယ် ဆိုတည်းက မိန်းကလေးယင်ရဲ့ အဂ္ဂိရတ် ပါရမီက ဘယ်လောက် မြင့်မားတယ် ဆိုတာ သိသာတယ်... ဒါပေမဲ့ ဘာလို့ သူ့ရဲ့ ပါရမီက ဘာလို့ ဒီလောက်တောင် ကျဆင်းသွားရတာလဲ...

ဝေ့ဝူယင် မျက်မှောင်ကြုတ်ကာ ခဏမျှ စဥ်းစားလိုက်၏။ ထို့နောက် သူက ချင်ကူးယွင်ဘက်ကို ပြန်လှည့် လိုက်သည်။

“ကျုပ် ခန့်မှန်းတာ မမှားဘူး ဆိုရင် အဲဒါက သူ သောက်ခဲ့တဲ့ ထာဝရ ခြေချခြင်း ဆေးလုံးထဲမှာ ပါတဲ့ အညစ်အကြေးတွေကြောင့် မလား... အဲဒီ ဆေးလုံးက ကြယ်တာရာ ကပ်ဘေးကို ဖြတ်ကျော်နိုင်ဖို့ သူ့ကို ကူညီပေးခဲ့ပေမဲ့ တစ်ချိန်တည်းမှာပဲ အညစ်အကြေးတွေက ခန္ဓာကိုယ်ထဲ စုပြုံသွားခဲ့တယ်...  တဖြည်းဖြည်း ကြာလာတာနဲ့ အမျှ မိန်းကလေးယင်ရဲ့ အဂ္ဂိရတ် စွမ်းအင်တွေနဲ့ ဆက်သွယ်နိုင်စွမ်းကလည်း လျော့နည်းလာခဲ့ပြီး ခုလို ပါရမီ နိမ့်ပါးသွားတဲ့ အကျိုးဆက်တွေ ဖြစ်လာခဲ့တာ”

ချင်ကူးယင်မှာ ဝေ့ဝူယင်၏ စကားလုံးများကို နားထောင်ရင်း နှုတ်ခမ်းကို ခပ်ဖျော့ဖျော့ ကိုက်လိုက်၏။ ကြားရတာ နားခါးသည့်တိုင် ထိုအရာက အမှန်တရား ဖြစ်ပေသည်။

“ဟုတ်တယ်...”

ချင်ကူးယွင်က ဝန်ခံလိုက်သည်။

“ယင်အာက မသန့်စင်မှု အရမ်းမြင့်မားတဲ့ ထာဝရ ခြေချခြင်းဆေးလုံးကို သုံးလိုက်မိတာ... ကျုပ်တို့ အစည်းအရုံးမှာ အဆင့်ရှစ် အဂ္ဂိရတ် အင်ပါယာတွေ အများကြီး ရှိတယ် ဆိုပေမဲ့ အဲဒါက အဆင့်ကိုး ဆေးလုံး ဖြစ်နေတုန်းပဲလေ... ခြောက်ပစ်ကင်း သဲလဲစင် အောင်မြင်အောင် ဖော်စပ်ဖို့ အရမ်းကို ခက်ခဲတယ်... အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကျဆုံးပြီးမှ မသန့်စင်မှု အရမ်းကို မြင့်မားတဲ့ ဆေးတစ်လုံးကို ကျုပ်တို့ ရရှိခဲ့တာ.... ဒါပေမဲ့ အဲဒါက ခုလို အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်လို့ ဘယ်သူထင်နိုင်မှာလဲ... ခု ယင်အာလေးက အဂ္ဂိရတ် စွမ်းအင်တွေကို အရင်ကလို မဆက်သွယ်နိုင်ရုံတင် မကဘူး... ကျင့်ကြံဖို့ အတွက် မန်နာတွေကိုပါ မစုပ်ယူနိုင်တော့တာ”

စကားအဆုံးသတ်၌ ချင်ကူးယွင်က သက်ပြင်းတစ်ချက် ချလိုက်၏။

“ဘယ်လိုကြီးလဲ...”

ဝေ့ဝူယင် အလွန် အံ့အားသင့်သွား၏။ သူ ကျင့်ဝတ်များကိုပင် ထည့်မစဥ်းစားတော့ပဲ ချက်ချင်းပင် ဝိညာဥ်အာရုံကို ထုတ်လွှတ်ကာ ချင်ကူးယင်၏ တစ်ကိုယ်လုံးကို စစ်ဆေးကြည့်လိုက်သည်။ ချင်ကူးယင်မှာ သူ့ဝိညာဥ်အာရုံကို ငြင်းပယ်ခြင်း မပြုချေ။ ငြိမ်သက်စွာပင် ခွင့်ပြုထား၏။

ဝေ့ဝူယင်၏ မျက်လုံးများက တဖြည်းဖြည်းနှင့် ပြူးသထက် ပြူးကျယ်လာ၏။ ချင်ကူးယင်မှာ ဒုက္ခိတ ဖြစ်ဟန် မပေါ်ပဲ အမှန်တကယ် ဒုက္ခိတ တစ်ယောက် ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ သူမ၏ ကျင့်ကြံခြင်း လမ်းကြောင်းကား ပြီးဆုံးသွားခဲ့ချေပြီ။

***

All Chapters