လူတိုင်းသည် သရုပ်ဆောင်ပြီး ဟန်ဆောင်ကြသည်။
Vol. 09 Ch. 408
ကမ္ဘာမြေသို့ ပြန်ရောက်လာပြီးနောက် ထန်ရှု၏ကိုယ်ရည်ကိုယ်သွေး နှင့် စိတ်ခံစားမှုများသည် သိမ်မွေ့သော ပြောင်းလဲမှုများဖြစ်ပေါ်နေခဲ့သည်။ သူသည် ဆန္ဒအနည်းငယ်သာရှိသော ရောင့်ရဲတတ်သည့် အင်မော်တယ်တစ်ယောက် မဟုတ်တော့ပေ။ ထိုအစား သူ၏လုပ်ဆောင်ချက်တိုင်းအား အဆက်မပြတ် သက်ရောက်မှုရှိနေသော စိတ်ခံစားမှု ခုနစ်ခုနှင့် အာရုံခြောက်ပါးတို့ဖြင့် လိုက်လျောညီထွေဖြစ်သည့် သေမျိုးလူသားတစ်ဦး၏ဘဝနှင့် ပို၍ နီးစပ်လာခဲ့သည်။
(Charm Ming Nge - စိတ်ခံစားမှု ခုနစ်ခု - နှစ်သက်သဘောကျမှု(喜)၊ ဒေါသတရား(怒)၊ ဝမ်းနည်းပူဆွေးရမှု (悲)၊ မမျှော်လင့်သော အန္တရာယ် သို့မဟုတ် အခြေအနေကြောင့် ထိတ်လန့်ကြောက်ရွံ့မှု
(惊)၊ စိုးရိမ်ပူပန်မှု (忧)၊ စဉ်းစားဆင်ခြင်မှု (思)၊ မရေရာမသေချာသော အခြေအနေကြောင့် ကြောက်ရွံ့တုန်လှုပ်မှု (恐)။
အာရုံခြောက်ပါး - မျက်စိ(အဆင်းအာရုံ)၊ နား(အကြားအာရုံ)၊ နှာခေါင်း(အနံ့အာရုံ)၊ လျှာ(အရသာအာရုံ)၊ ကိုယ်(အတွေ့အာရုံ)၊ စိတ်(တရားသဘောအာရုံ)။)
ထန်ရှုသည် ပြန်လည်အိပ်ပျော်သွားပြီဖြစ်သော အချစ်ဆုံးတပည့်လေးအား နူးညံ့သောအကြည့်တို့ဖြင့် ကြည့်လိုက်မိသည်။
တစ်ချိန်တွင် ထိုကဲ့သို့ ဖြစ်လာမည်ကို သိရှိထား ပြင်ဆင်ထားပါသော်လည်း သူ၏နှလုံးသားထဲတွင် ဝမ်းနည်းမှု၊ ပူဆွေးမှုများအား တလှိုက်လှိုက် ခံစားနေရပြီး အရိပ်နတ်ဆိုးကျူးဝူရှို့အပေါ် ထားရှိသည့် အမုန်းတရားသည်လည်း ပိုမိုပြင်းထန်လာခဲ့တော့သည်။
ထန်ရှုသည် ဂူယန်အာအား ညင်သာစွာ ပွေ့ချီကာ အိပ်ယာထက်တွင် နေရာချလိုက်သည်။ အိပ်ပျော်သွားသော်လည်း နာကျင်နေသည့် ဝေဒနာကို ခံစားနေရဟန်ရှိသော သူမ၏သွင်ပြင်လေးအား ကြည့်နေမိရင်း ထန်ရှု လေသံဖွဖွဖြင့် တီးတိုးမပြောဘဲ မနေနိုင်တော့ချေ။
"ယန်အာ … ဆရာသခင်လေ မင်းကို သေချာပေါက် ကုပေးမယ်ဆိုတာ ယုံကြည်ထားနော်။ ပြီးတော့ အရိပ်နတ်ဆိုးကျူးဝူရှို့ကို နှစ်ထောင်ပေါင်းများစွာမက … အနှစ်တစ်သောင်းမက … နှစ်သန်းပေါင်းများစွာ ကြာတဲ့အထိကို ပင်ပန်းဆင်းရဲတဲ့ဘဝနဲ့ ရှင်သန်နေအောင် ဆရာ သေချာပေါက် လုပ်ဦးမှာ။"
တောက်ပသောစေတီတော်၏ခုနစ်ထပ်တွင် အရိုးကိုက်အောင် အေးစက်နေသော အအေးထုဖြင့် ပြည့်နေသည်။ ထိုသို့ အေးစက်နေသည်ကို အံတုရင်း ထန်ရှုသည် ဂူယန်အာအိပ်စက်နေသည့်ဘေးတွင် တင်ပျဉ်ခွေထိုင်လျက် သူမ၏လှပသော မျက်နှာလေးအား အချိန်ကြာမြင့်စွာ တိတ်တဆိတ် ငေးကြည့်နေခဲ့သည်။
အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးလာခဲ့ရာ နောက်ဆုံးတွင် နေဝင်ရီတရော ရောက်လာပြီး များမကြာမီ အရုဏ်တက်ချိန်သို့ တရွေ့ရွေ့ ရောက်လာနေပြီဖြစ်တော့သည်။ တစ်နေ့တာအတွက် နေ့သစ်အစပြုရန် နီးကပ်လာစဉ်တွင် တောက်ပသောစေတီ၏ခုနစ်ထပ်မှ ထွက်ခွာရန် သူ ဆုံးဖြတ်လိုက်သည်။ တောက်ပသောစေတီတော်၏ ပထမထပ်သို့ ရောက်သောအခါ အခန်းအလယ်ရှိ ရက်လုပ်ထားသောအခင်းတစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ငြိမ်သက်စွာ ကျင့်ကြံနေသော ကျိချွိမိန်ကို တွေ့ရပေသည်။
သူမထံမှ အင်မော်တယ်မူလချီ၏ အလွန်အားကောင်းသော အပြောင်းအလဲတစ်ခု ထွက်ပေါ်နေလျက်ရှိသည်။
"သခင်။"
ထန်ရှုကို သတိပြုမိသွားသဖြင့် ကျိချွိမိန်၏မျက်ဝန်းများတွင် ဝမ်းနည်းနေသည့် အကြည့်တစ်ခု ပေါ်လာကာ တလေးတစား ခေါ်လိုက်သည်။
စိတ်ခံစားမှုအခြေအနေကြောင့် ထန်ရှု၏အမူအရာသည် အေးစက်နေသည်။ သူက ခပ်ဖွဖွ ခေါင်းညိတ်လိုက်ကာ
"ချွိမိန် … ယန်အာ့ကို ဂရုစိုက်ပေးပါ။ သူမရဲ့ လုံခြုံရေးက အရေးကြီးဆုံးပဲ။ နောက်တစ်ခေါက် သူမ နိုးထလာလို့ ငါလာတဲ့အခါ အင်မော်တယ်ကမ္ဘာက ထိပ်တန်းကျင့်ကြံမှုနည်းစနစ်တစ်ခုအပြင် နတ်ဘုရားအဆင့်တိုက်ခိုက်ရေးကျင့်စဉ်ကိုလည်း မင်းကို သင်ပေးခဲ့မယ်။"
နားလည်ပါပြီသခင်။" ကျိချွိမိန်က လေးလေးစားစား ဖြေသည်။
ထန်ရှုသည် တောက်ပသော စေတီမှ ထွက်ခွာခဲ့သည်။ သူသည် ထာဝရခန်းမ၌နေရန် ရည်ရွယ်ချက် မရှိသောကြောင့် တစ်ယောက်ယောက်အား လေဆိပ်လိုက်ပို့ခိုင်းကာ ရှန်ဟိုင်းသို့ လေယာဉ်ဖြင့် ပြန်လာခဲ့သည်။
ရှန်ဟိုင်းကို ရောက်သောအချိန်သည် မွန်းတည့်ချိန်ဖြစ်နေပြီဖြစ်သည်။ "မြှုပ်နှံထားသော စိန်" အကြောင်းသည် သူ၏အတွေးထဲတွင် ရှိနေသောကြောင့် ထန်ရှုသည် တက္ကစီတစ်စီးငှားကာ ဂုဏ်ရည်လေလံစံအိမ်သို့ တိုက်ရိုက် သွားလိုက်သည်။
လေလံစံအိမ်သည် အထပ် ၄၀ ခန့်ရှိသော ခမ်းနားထည်ဝါသည့် အဆောက်အဦးထဲတွင် တည်ရှိနေခြင်း ဖြစ်သည်။ ရှန်ဟိုင်းသို့ ပြန်သည့်လမ်းခရီးတွင် ထန်ရှုသည် ဂုဏ်ရည်လေလံစံအိမ်နှင့် ပတ်သက်သည့် အချက်အလက်များအား သူ၏ဖုန်းကနေတစ်ဆင့် ရှာဖွေခဲ့သည်။ ဂုဏ်ရည်လေလံစံအိမ်၏ အထွေထွေမန်နေဂျာဖြစ်သော ဟိုချင်းမင်မှလွဲ၍ နောက်ကွယ်မှ သူဋ္ဌေးကြီး မည်သူဖြစ်သည်ကို သူ ရှာမတွေ့ခဲ့ပါပေ။
“မင်္ဂလာပါ လူကြီးမင်း … အဆောက်အဦးထဲ ဝင်ရောက်မယ်ဆိုရင် ဝန်ထမ်းကတ်ကို ပြသရန် လိုသလို လုပ်ငန်းခွင်ကတ်ကို စက်မှာပွတ်ဆွဲဖို့ လိုပါတယ်။ လူကြီးမင်းက လေလံစံအိမ်ဝန်ထမ်း မဟုတ်ဘူးဆိုရင် ဘေးကပ်လျက်လိုင်းမှ ဝင်ရောက်ပေးပါ။ ဟိုဘက်နားမှာ စာရင်းသွင်းရတဲ့စားပွဲတစ်ခု ရှိပါတယ်ရှင့်။” ထိုအရာသည် ဝင်ပေါက်ခြောက်ခုကို ပိတ်ထားသော မြေအောက်ရထားဘူတာများတွင် ရှိသည့် မက်ထရိုကတ်စက်နှင့်တူသည်။
(Charm Ming Nge - မက်ထရိုကတ်စက်ဆိုသည်မှာ မြေအောက်ဘူတာများတွင် အများဆုံးတွေ့ရသော အဝင်အထွက်အတားအဆီးတစ်ခုဖြစ်ပြီး ငွေပေးချေမှုအား ငွေသား သို့မဟုတ် ဘဏ်ကတ်များဖြင့် လက်ခံပေးသည့်စက်ဖြစ်သည်။)
စကားပြောဆိုလိုက်သူမှာ ဝန်ထမ်းတံဆိပ် တပ်ဆင်ထားသည့် အပြာရောင်ဝတ်စုံ ဝတ်ထားသော အမျိုးသမီးတစ်ဦး ဖြစ်သည်။
ထန်ရှုက သူမအား ကြည့်လိုက်ပြီးနောက် သူမ၏ ညွှန်ကြားချက်အတိုင်း ဘေးဘက်တံခါးဆီသို့ ဝင်လာခဲ့သည်။
“မင်္ဂလာပါ လူကြီးမင်း … ကျွန်မတို့ရဲ့ ဂုဏ်ရည်လေလံစံအိမ်ကို လာတဲ့ ရည်ရွယ်ချက်ကို သိလို့ရမလား။"
စာရင်းသွင်းသည့်စားပွဲတွင် ထိုင်နေသည့် အမျိုးသမီးဝန်ထမ်း နှစ်ယောက်အနက် တစ်ယောက်က တစ်ချက်ပြုံးကာ မေးလိုက်သည်။
"ဟိုချင်းမင်နဲ့ တွေ့ချင်တာပါ" ထန်ရှုက ပြောသည်။
"ဘယ်လို။"
အမျိုးသမီးဝန်ထမ်းနှစ်ဦးသည် အံ့အားသင့်သွားသည့်ဟန်ရှိကာ သူတို့၏မျက်နှာထက်တွင် ထူးဆန်းသောအမူအရာများ ထွက်ပေါ်လာသည်။
"ဟိုချင်းမင်နဲ့ တွေ့ချင်တာပါ။ ငါ့တောင်းဆိုချက်နဲ့ ပတ်သက်ပြီး သူ့ကို အကြောင်းကြားပေးဖို့ ခင်ဗျားတို့ကို ဒုက္ခပေးရတော့မယ်။" ထန်ရှုက ထပ်ပြောလိုက်သည်။
ဝန်ထမ်းတစ်ယောက်က အနေရခက်သည့်အပြုံးဖြင့် “လူကြီးမင်း … ကျွန်မတို့အထွေထွေမန်နေဂျာနဲ့ တွေ့ချင်ရင် ကြိုချိန်းထားမှရမယ်။ နောက်ပြီး လူကြီးမင်းက ဒီနေရာမှာ စာရင်းသွင်းပြီး လူကြီးမင်းရဲ့တောင်းဆိုမှုအတွက် ဧည့်ကြိုမန်နေဂျာကို တွေ့ဖို့ လိုသေးတယ်။ သူမက လူကြီးမင်းကို ကူညီပေးနိုင်မလားဆိုတာတော့ ကျွန်မတို့ မသိပါဘူး။"
“ကောင်းပြီ။ ငါ စာရင်း အရင်သွင်းလိုက်မယ်။"
ထန်ရှုသည် စာရင်းသွင်းသည့်စာအုပ်တွင် သူ၏အမည်နှင့် ဆက်သွယ်ရန် အချက်အလက်များကို ရေးလိုက်သည်။ ထို့နောက် ပထမထပ် ဧည့်ခန်းသို့ သွားခဲ့သည်။ ဧည့်ခန်းအတွင်း၌ စားပွဲနှင့် ကုလားထိုင်တန်းများတစ်ခုရှိပြီး လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိုင်နေသည်။
"ကျေးဇူးပြုပြီး ခင်ဗျားတို့ထဲက ဧည့်ကြိုမန်နေဂျာက ဘယ်သူများလဲဗျ။"
ထန်ရှုက သူတို့၃ဦးအနက်မှ တစ်ယောက်ကို ကြည့်ကာ မေးလိုက်သည်။
သက်လတ်ပိုင်း အမျိုးသမီးက မတ်တပ်ရပ်ပြီး ပြုံးကာ ခေါင်းညိတ်ပြရင်း
“ငါပါ။ အခုစကားပြောတာ ဘယ်သူလဲလို့ မေးပါရစေလား။"
"ကျွန်တော်က ထန် … ထန်ရှု။ ဂုဏ်ရည်လေလံစံအိမ်ကို လာရတဲ့ ရည်ရွယ်ချက်က အထွေထွေမန်နေဂျာ ဟိုချင်းမင်ကို တွေ့ဖို့ပါ။ အဆင်ပြေမယ်ဆိုရင် ကျွန်တော့်ရဲ့ တောင်းဆိုချက်လေးကို သူ့ဆီ အကြောင်းကြားပေးစေချင်ပါတယ်။"
ဧည့်ကြိုမန်နေဂျာက မချိပြုံး ပြုံးပြီး
“မစ္စတာထန် … ငါတို့အထွေထွေမန်နေဂျာက အခုအချိန်မှာ ဧည့်သည်တွေကို မတွေ့နိုင်သေးလို့ပါ။ ကျေးဇူးပြုပြီး ရှင့်ကို ဆက်သွယ်လို့ရမယ့် အချက်အလက်တွေ ချန်ထားပေးခဲ့နိုင်မလား။ ငါတို့ရဲ့ အထွေထွေမန်နေဂျာ အလုပ်ပြီးတာနဲ့ ရှင့်ရဲ့အချက်အလက်တွေကို တင်ပြပေးပါမယ်။"
"အခက်အခဲတွေက များလိုက်တာ။" ထန်ရှု၏မျက်ခုံး တွန့်သွားရသည်။
"ဒါက ငါတို့လေလံအိမ်ရဲ့ စည်းကမ်းပါ မစ္စတာထန်။" ဧည့်ခန်းမန်နေဂျာက ရှင်းပြသည်။
စည်းကမ်းဟုတ်လား …
ထန်ရှု တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ချီနန့်ဆီ ဖုန်းဆက်လိုက်ပြီး
"ဂုဏ်ရည်လေလံစံအိမ်ရဲ့အထွေထွေမန်နေဂျာ ဟိုချင်းမင်ကို ဆက်သွယ်ဖို့ ငါ့ကို ကူညီရှာဖွေပေးပါဦး။ မြန်လေလေ ပိုကောင်းလေပဲ။"
"ငါ့မှာ ရှိတယ် သူဋ္ဌေး။" ချီနန်၏အသံသည် ဖုန်းထဲမှ ထွက်လာသည်။
"မင်းက ဟိုချင်းမင်နဲ့ သိနေတာလား။" ထန်ရှု အနည်းငယ် အံ့သြသွားကာ မေးလိုက်သည်။
"ငါတို့မှာ ဆက်ဆံရေး နည်းနည်းတော့ရှိတယ်။ တစ်ချိန်က ကျင်းမန်ကျွန်းရဲ့ထာဝရခန်းမရုံးချုပ်က ထောင်ပေါင်းများစွာဖြတ်ကျော်ခြင်းအစီအရင်ကို ဖြတ်ကျော်ဖို့ သူ ကြိုးစားခဲ့ဖူးသေးတယ်။ စိတ်မကောင်းစရာက သူ မအောင်မြင်ခဲ့ဘူးလေ။ နောက်တော့ ထာဝရခန်းမရဲ့ ရှန်ဟိုင်းဆိုင်ခွဲမှာ ခဏခဏ လာစားတော့ ငါတို့ အချင်းချင်း သိသွားပြီး ဖုန်းနံပါတ်တွေ ဖလှယ်ထားကြတာပါ။”
“ဒါဆို ကောင်းပြီ … ဂုဏ်ရည်လေလံစံအိမ်ကို လာခဲ့လိုက်။ ငါ မင်းကို ဒီမှာစောင့်နေမယ်။"
“ကောင်းပါပြီ။” ချီနန်က တုံ့ပြန်ပြီး အလျင်စလို ဖုန်းချလိုက်သည်။
စားပွဲရှည်ကြီးအတွင်းမှ ဧည့်ကြိုမန်နေဂျာသည် ထန်ရှုအား ထူးဆန်းသောအမူအရာဖြင့် ကြည့်နေလေသည်။ ထန်ရှု ဖုန်းဆက်လိုက်သည့်သူအား သူမ မသိသော်လည်း ကြားနေရသော စကားဝိုင်း၏ အကြောင်းအရာအရ အထွေထွေမန်နေဂျာ ဟိုချင်းမင်နှင့် ဆက်နွယ်နေသောသူ ဖြစ်နိုင်ပေသည်။
"မစ္စတာ ထန် … ရှင် ဘာအလုပ်လုပ်တာလဲလို့ မေးလို့ရမလား။"
ဧည့်ကြိုမန်နေဂျာက တစ်ခဏမျှ စဉ်းစားပြီး တီးတိုးမေးလာခဲ့သည်။
"ကျွန်တော်က ကျောင်းသားပါ။" ထန်ရှုက ပြောသည်။
…ကျောင်းသားတစ်ယောက်လား…
ဧည့်ကြိုမန်နေဂျာသည် စိတ်တွင်းမှ ကသိကအောက်ဖြစ်စွာ ပြုံးလိုက်မိသည်။
ထန်ရှုက အနားရှိ ကုလားထိုင်ကို ညွှန်ပြရင်း “သူငယ်ချင်းကို စောင့်နေတုန်း ဒီမှာ ထိုင်လို့ရမလား။”
“ထိုင်လို့ရပါတယ်။ ထိုင်ပါ။” ဧည့်ကြိုမန်နေဂျာက ပြုံးကာ ခေါင်းညိတ်ပြသည်။
ကုလားထိုင်တွင် ထိုင်လိုက်ပြီးနောက် ထန်ရှုသည် တည်ငြိမ်စွာ စောင့်နေခဲ့သည်။ ထို့နောက် အချိန် အချည်းနှီး မဖြစ်စေရန် သူ၏ခရီးဆောင်အိတ်ထဲမှ စီးပွားရေးဆိုင်ရာ စာအုပ်တစ်အုပ်ကို ဆွဲထုတ်ကာ တိတ်ဆိတ်စွာ ဖတ်နေလိုက်သည်။
မိနစ် 20 ကျော်ကြာပြီးနောက်…
"စီးပွားရေးမူဝါဒများ စာအုပ်လား။ ဘယ်လောက် တော်လိုက်တဲ့လူငယ်လဲ။ မင်းက ငယ်ရွယ်ပေမယ့် ဒီလိုစာအုပ်မျိုးကို တကယ်ဖတ်နေပြီ။ နောက်ပြီး အင်္ဂလိပ်ဘာသာနဲ့ထုတ်ထားတာကို ဖတ်နေတယ်လို့ ငါ ထင်တယ်။ မင်း အဲ့ဒါကို နားလည်နိုင်တာလား။"
ထန်ရှု၏အနီးနားမှ အသံတစ်ခု ထွက်ပေါ်လာသောကြောင့် စာအုပ်ထဲတွင် နှစ်မြှုပ်နေရာမှ ထန်ရှု သတိဝင်လာခဲ့သည်။
ထန်ရှု မော့ကြည့်လိုက်သောအခါ ကြည့်ကောင်းသော အသွင်အပြင်ဖြင့် အရပ်ရှည်ရှည် လူလတ်ပိုင်း အမျိုးသားတစ်ဦးအား တွေ့လိုက်ရသည်။ စာအုပ်အား ဆက်လက်ဖတ်ရှုရန်အတွက် ချက်ချင်းပင် ခေါင်းပြန်ငုံ့လိုက်ပြီး ပေါ့ပါးသောလေသံဖြင့်
"ဖတ်လို့ အဆင်ပြေပါတယ်။"
ထန်ရှု၏တုံ့ပြန်မှုအား ကြည့်ပြီး လူလတ်ပိုင်းအရွယ် အမျိုးသားက ချက်ချင်းပင် ရယ်လိုက်ရင်း
"အန်ဂရက်ဂိုရီမန့်ကျူ ရေးသားခဲ့တဲ့ စီးပွားရေး မူဝါဒများစာအုပ်ကို ၂၀၀၃ခုနှစ်မှာ စက်မှုဆိုင်ရာလုပ်ငန်းပုံနှိပ်တိုက်ကနေ ထုတ်ဝေခဲ့တယ်။ အဲ့ဒီစာအုပ်က သင်ထောက်ကူပစ္စည်းတွေအတွက် အတော်လေးကို အခြေခံကျတဲ့ စီးပွားရေးဖတ်စာအုပ်လို့ ဆိုရမယ်။ အခုခေတ်မှာ မာကျူ၊ ဆော်ရို၊ ဗန်ရိုင်ယန်တို့ ရေးသားတာတွေက ပိုပြီးအသုံးများလာတော့ အင်္ဂလိပ်ဘာသာတင်မကဘူး မန်ဒရင်းဘာသာနဲ့ပါ ရှိလာကြပြီ။ ဒါကိုကြည့်လိုက်ရင် တရုတ်နိုင်ငံက စီးပွားရေးသမားအများစုက နိုင်ငံရဲ့ အမျိုးသားရေးအခြေအနေတွေနဲ့ သင့်လျော်တဲ့ “အနောက်တိုင်းစီးပွားရေး”ကို တွေ့မြင်လာကြပုံပဲ။ ဒါကြောင့် အကြောင်းအရာတွေက အကြမ်းဖျင်းတော့ တူညီကြတယ်။”
ထန်ရှုက ဖတ်လက်စစာအုပ်ကို ပြန်ချလိုက်ရပြီး လူလတ်ပိုင်းအရွယ်ကို မော့ကြည့်ကာ ပြောသည်။
"ခင်ဗျားရဲ့ပညာရေးအဆင့်အတန်းကို ပြနေတာလား ဘာလား။ အဲဒါဆိုရင် ကျွန်တော် ခင်ဗျားကို မေးခွန်းတစ်ခု မေးချင်ပါတယ်ဗျ။"
လူလတ်ပိုင်းအရွယ် အမျိုးသားက ရယ်ချင်စိတ်ကို မအောင့်နိုင်တော့ဘဲ ရယ်လိုက်မိရင်း “လူငယ်တစ်ယောက်ကို စော်ကားဖို့ မလွယ်ပါဘူးကွာ။ ဘာပဲဖြစ်ဖြစ် မင်း ဘာမေးချင်တာလဲ။ လုပ်ငန်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ငါက ပိုသိတယ်ဆိုပေမယ့်လည်း စီးပွားရေးနယ်ပယ်နဲ့ ပတ်သက်တယ်ဆိုရင်တော့ ငါ တစ်ချက် နှစ်ချက်လောက် ဖြေပေးနိုင်ပါတယ်။”
"ဒါဆို ကျွန်တော့်မေးခွန်းကို ဖြေပေးပါ။ ဘယ်ပြည်တွင်းဖျက်မြင်းကုမ္ပဏီအုပ်စုက နောက်နှစ်အနည်းငယ်အတွင်း စီးပွားရေးလောကမှာ ထင်ပေါ်ကျော်ကြားလာမယ်လို့ ခင်ဗျားထင်လဲ။”
“ဒါ…” သက်လတ်ပိုင်းအမျိုးသားသည် ပြောစရာစကားမဲ့သွားခဲ့တော့သည်။ စီးပွားရေးလောကတွင် ဆယ်စုနှစ်များစွာ ရပ်တည်ခဲ့ပြီး ကြီးမားသော ပိုင်ဆိုင်မှုများနှင့် လုပ်ငန်းအမျိုးအစားများစွာကို ပိုင်ဆိုင်ထားသော်လည်း လာမည့်နှစ်အနည်းငယ်အတွင်း စီးပွားရေးလောကတွင် မည်သည့်အဖွဲ့မှ ထင်ရှားလာမည်ကို အမှန်တကယ်ပင် သူ မပြောနိုင်ပေ။
ဆယ်စက္ကန့်ကျော်စောင့်ဆိုင်းပြီး ထိုလူ မဖြေနိုင်သည်ကို မြင်လိုက်ရပြီးနောက် ထန်ရှုက
“ကျွန်တော့်မေးခွန်းကို မဖြေနိုင်မှတော့ ကျွန်တော့်စာဖတ်ချိန်ကို မနှောင့်ယှက်ပါနဲ့လား။ ခင်ဗျားရဲ့ သပ်ရပ်ကောင်းမွန်စွာ ဝတ်ဆင်ထားတဲ့ ဝတ်စုံအရဆိုရင် သာမန်လူတစ်ယောက် မဖြစ်နိုင်ဘူး။ ကိုယ့်ကိုကိုယ် မိတ်မဆက်ဘဲ တခြားသူတွေကို နှောင့်ယှက်တယ်ဆိုတာ အတော် မယဉ်ကျေးရာရောက်တာကို ခင်ဗျား မသိဘူးလား။"
လူလတ်ပိုင်းအရွယ် အမျိုးသားက ရယ်မောလိုက်ရင်း “ငါ ရိုင်းပျသလို ဖြစ်သွားရင် တောင်းပန်ပါတယ်။ ဒါနဲ့ ငါ့နာမည်က ယန်ကျန်းဖန် …ငါက စီးပွားရေးသမားတစ်ယောက်ပါ။ ဒီဂုဏ်ရည်လေလံစံအိမ်ရဲ့ရှယ်ယာရှင်တွေထဲက တစ်ယောက်ပဲ။ ဒီကညီလေးကို ငါ ဘယ်လိုခေါ်ရမလဲ။
"ထန်ရှုပါ။"
ထန်ရှု၏အမူအရာတစ်ချက် ပြောင်းသွားပြီး မတ်တပ်ထရပ်ကာ မေးလိုက်သည်။
"ဒီလေလံစံအိမ်မှာ ခင်ဗျား ရှယ်ယာပါထားတာလား။ ဒါဆိုရင် မျက်နှာသာပေးမှုတစ်ခုလောက် ခင်ဗျားဆီက တောင်းလို့ရမလား။"
ယန်ကျန်းဖန် အနည်းငယ် မျက်မှောင်ကြုပ်သွားသော်လည်း နဂိုပုံမှန်အတိုင်း လျင်မြန်စွာ ပြန်လည်ရောက်ရှိသွားသည်။ သူက ထန်ရှုအား သေသေချာချာ ကြည့်ကာ ပြောလိုက်သည်။
"မင်းကို ကူညီဖို့က ပြဿနာ မရှိပါဘူး။ ငါ လုပ်နိုင်တဲ့ဘောင်အတွင်းကဆို တစ်ခုခု ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် ငါ မင်းကိုမကူညီခင် မင်း မေးခွန်းတစ်ခုဖြေရမယ်။"
"ကျေးဇူးပြုပြီး ပြောပါ။" ထန်ရှု ခေါင်းညိတ်သည်။
"ငါ မဖြေနိုင်တဲ့ မင်းရဲ့မေးခွန်းကိုပဲ မေးချင်တယ်။" ယန်ကျန်းဖန်က ပြုံးကာ ပြောသည်။
“လာမယ့်နှစ်တွေကို အသာထားဦး လက်တလောနှစ်ထဲမှာ ဖျက်မြင်းတစ်ကောင် ဖြစ်လာနိုင်တဲ့ စွမ်းအားကြီးတဲ့ ကုမ္ပဏီအုပ်စုကို ငါ တကယ်ရှာမတွေ့နိုင်လို့ မင်းဆီကနေ အဲဒါကို ကြားချင်ပါတယ်။ ဘယ်ကုမ္ပဏီအုပ်စု ဖြစ်မယ် မင်း ထင်ထားလဲ။"
"ခမ်းနားသော ထန်စီးပွားရေးလုပ်ငန်းစု။"
ထန်ရှု တည်ကြည်စွာ ပြောလိုက်သည်။
ယန်ကျန်းဖန် တစ်ချက်တွေဝသွေားပြီးနောက် ဇဝဇေဝါဟန်ဖြင့်
“ဒီအဖွဲ့ရဲ့ နာမည်က ရင်းနှီးသလိုပဲ။ တစ်နေရာက ကြားဖူးထားတယ်လို့ ငါ ထင်ပေမယ့် မမှတ်မိဘူးဖြစ်နေတယ်။ ခမ်းနားသော ထန်လုပ်ငန်းစုအကြောင်း ညီလေး ပြောပြနိုင်မလား။”
ထန်ရှုက အသံထွက်အောင် ရယ်လိုက်ရင်း
"ကျွန်တော့်ကို မေးစရာလိုမယ်မထင်ဘူး။ ဒီကိစ္စကို စုံစမ်းဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ရုံနဲ့ သိလာလိမ့်မယ်။"
ယန်ကျန်းဖန် တစ်ဖန်မျက်မှောင်ကြုပ်သွားကာ တစ်ခဏမျှ စဉ်းစားလိုက်မိသည်။ ထို့နောက် သူ၏ဖုန်းကို ထုတ်ကာ ဖုန်းနံပါတ်တစ်ခုအား နှိပ်ပြီးသွားသည့်အခါ
“ခမ်းနားသောထန်ရဲ့ အခြေအနေကို ကူညီစုံစမ်းပေးပါဦး။ သုံးမိနစ်အတွင်း ရလဒ်ကို သိချင်တယ်။”
“ဟုတ်။”
ဖုန်းခေါ်ဆိုမှုအပြီးတွင် ယန်ကျန်းဖန်သည် အနီးနားရှိ ကုလားထိုင်ပေါ်သို့ ထိုင်ချလိုက်ကာ
“ညီလေး … သုံးမိနစ်လောက် စောင့်ရတာ ပြဿနာ မရှိဘူးမဟုတ်လား။"
ထန်ရှုက ခေါင်းညိတ်ပြပြီး သူလည်း ထိုင်လိုက်သည်။
ဧည့်ကြိုမန်နေဂျာနှင့် အနီးရှိ လူလတ်ပိုင်းအရွယ် အမျိုးသားတို့သည် ထန်ရှုအား ကြည့်ရင်း ရယ်ရခက်ခက် ငိုရခက်ခက် ဖြစ်နေကာ ပြောစရာစကားမဲ့နေကြသည်။ ထန်ရှုသည် ဂုဏ်ရည်လေလံစံအိမ်၏အထွေထွေမန်နေဂျာ ဟိုချင်းမင်ကို လာရောက်ရှာဖွေခဲ့ပြီး သူ၏ဘေးတွင် ထိုင်နေသော ယန်ကျန်းဖန်သည် လေလံစံအိမ်၏ အမှန်တကယ် သူဋ္ဌေးကြီးဖြစ်ကာ ဟိုချင်းမင်၏ အထက်လူကြီးဖြစ်သည်။ သို့သော်လည်း သူတို့၏ သူဋ္ဌေးကြီးကိုယ်တိုင်က ဘာမှ မပြောရန် အရိပ်အမြွက်ပြထားသောကြောင့် စားပွဲရှည်ကြီးတွင် ထိုင်နေကြကာ စိတ်ထဲတွင် တုန်လှုပ်နေရင်း သူတို့အလုပ်ကိစ္စများနှင့်သူတို့ ရှုပ်နေပေတော့သည်။
***