နည်းလမ်း
Vol. 27 Ch. 370
"ဘိုးဘိုး… သမီးက လှတယ်လို့ ဘိုးဘိုး ထင်လား…"
ရုတ်တရက် မိန်းကလေးက သူမ၏ အဖိုးတန် မျက်နှာလေးကို လက်ဖျားကလေးများဖြင့် ထိကိုင်ရင်း ကောက်ခါငင်ကာ မေးလိုက်၏။
ချင်ကူးယွင်မှာ အနည်းငယ် ကြောင်အသွားသော်လည်း အသာအယာ ပြုံးကာ ပြန်ဖြေလိုက်သည်။
"လှတာပေါ့ မြေးရဲ့… မြေးရဲ့ အလှက ဒီကြယ်တာရာ နယ်မြေရဲ့ ထိပ်ဆုံး ဆယ်ယောက်ထဲတောင် ပါတယ်… ငါတို့ အယ်ဗန်မျိုးနွယ်ရဲ့ သတ်မှတ်ချက်နဲ့ ဆိုရင် ပိုပြီးတော့တောင် ပြည့်စုံဦးမယ်"
“ဟုတ်လား...”
ချင်ကူးယင်၏ အသက်မဲ့သော မျက်လုံးများထဲ၌ အလင်းစ အချို့ ပြန်လည် ပေါ်လာခဲ့၏။ သို့သော်လည်း ဝေ့ဝူယင်၏ ရက်စက် စော်ကားသော စကားလုံးက မှတ်ဉာဏ်ထဲမှ တစ်ဆင့် နားထဲသို့ ပဲ့တင်ထပ်ကာ ပြန်လည် ဝင်ရောက်လာပြန်သည်။
ချက်ချင်းပင် ခါးသီးမှုများက သူမ၏ မျက်နှာထက်၌ ပေါ်လာခဲ့ပြန်၏။ သို့သော်လည်း သေချာ စဥ်းစားကြည့်ပါက ဝေ့ဝူယင် မမှားပါချေ။ သူမမှာ ကျင့်ကြံခြင်း လမ်းစဉ် ပျက်စီးနေသည့် မိန်းမငယ်လေး တစ်ယောက်သာ ဖြစ်သည်။
အနာဂတ် တစ်ချိန်တွင် ဖြည်းဖြည်းနှေးနှေးနှင့် အဆင့်ကိုး ဆေးလုံးများကို ဖော်စပ်ကောင်း ဖော်စပ်လာနိုင်သည့်တိုင် လျှို့ဝှက်ဆန်းကြယ် အဆင့်ကဲ့သို့သော အဂ္ဂိရတ် တာအို၏ အထွတ်အထိပ် အဆင့်များကိုတော့ သူမ ဘယ်တော့မှ ထိတွေ့နိုင်တော့မည် မဟုတ်ပါချေ။
“သမီး...”
မျက်ရည်များက နောက်တစ်ကြိမ် သူမ မျက်ဝန်းမှ စီးကျလာခဲ့ပြန်၏။ ချင်ကူးယွင်မှာ မြေးမလေးအား မည်ကဲ့သို့ နှစ်သိမ့်ရမည်မှန်း မသိတော့ချေ။ သူမ၏ စိတ်အား သက်တောင့်သက်သာ ဖြစ်စေနိုင်မည့် စကားလုံးများကို ရှာဖွေနေစဉ်မှာပင် ရုတ်တရက်...
ဝမ်... ဝမ်...
သူ၏ သိုလှောင်လက်စွပ်မှာ အသံမြည်ကာ တဖျပ်ဖျပ် လင်းလက်လာ၏။ ဆက်သွယ်ရေး သလင်းကျောက်မှ စာဝင်လာခြင်းပင်။ ချင်ကူးယွင် လက်တစ်ဖက်ကို ဝှေ့ယမ်းရင်း လက်စွပ်ထဲမှ အပြင်သို့ ထုတ်လိုက်၏။
“ဒါက....”
စာကို စဖတ်လိုက်သည်နှင့် သူ၏ မျက်လုံးများက ကျဥ်းမြောင်းသွား၏။ ထို့နောက် တဖြည်းဖြည်းနှင့် သူ၏ အမူအရာက ထိန်းချုပ်လို့ မရအောင် ပြောင်းလဲလာသည်။ သူ၏ လက်များပင် တဆတ်ဆတ်နှင့် တုန်ရီ ယိမ်းထိုးလာ၏။
"ဘာဖြစ်လို့လဲ ဘိုးဘိုး…"
ချင်ကူးယင်မှာ လူအိုကြီးကို ကြည့်ရင်း နားမလည်နိုင်အောင် ဖြစ်သွားသည်။
“ ... “
ချင်ကူးယွင်က ချက်ချင်း ပြန်မဖြေချေ။ ထို့အစား သူက ဆက်သွယ်ရေး သလင်းကျောက်ကို အရင်ဦးစွာ သိမ်းလိုက်ရင်း ပျော်ရွှင်မှု ပြည့်နှက်နေသည့် မျက်လုံးများဖြင့် မြေးမလေးအား ကြည့်လိုက်သည်။
"ငါတို့ရဲ့ မျှော်လင့်ချက်တွေ အဆုံးသေးဘူး ယင်အာ… လာ အဘိုးနဲ့ လိုက်ခဲ့”
ထို့နောက် သူက မိန်းကလေး၏ လက်ကို ကိုင်လိုက်ရင်း အခန်းထဲမှ အပြင်သို့ ဆွဲခေါ်သွား၏။ ချင်ကူးယင်မှာ အဘိုးဖြစ်သူ၏ အပြုအမူကို တစ်စက်မှ နားမလည်နိုင်သော်လည်း နောက်မှ ငြိမ်သက်စွာပင် လိုက်ပါလာခဲ့သည်။ နှစ်ပေါင်းများစွာ အတူနေခဲ့သည့် မြေးတစ်ယောက် အနေဖြင့် အဘိုးဖြစ်သူထံတွင် ခိုင်လုံသည့် အကြောင်းပြချက် တစ်ခု ရှိကြောင်း သူမ ရိပ်မိပေသည်။
မကြာခင်မှာပင် သူတို့ နှစ်ယောက်မှ ကောင်းကင်လှေကားမှ တစ်ဆင့် ပထမ ထပ်သို့ ရောက်ရှိလာခဲ့သည်။ ချင်ကူးယင်မှာ ခါးကို ဖြောင့်ဖြောင့် ဆန့်တန်းထားကာ သူမ၏ မျက်လုံးများမှာ မူလ ယုံကြည်ချက်များကို ပြန်လည် ရရှိခဲ့ပြီး ဖြစ်သည်။ ပွင့်နေသည့် တံခါးမကြီး အတိုင်း သူတို့နှစ်ယောက် လမ်းလျှောက်ကာ သူတို့ အပြင်သို့ ထွက်လာခဲ့ကြ၏။
အနန္တ ပြောင်းလဲခြင်း မျှော်စင်ကြီး၏ အပြင်ဘက်၌ ရွှေရောင်မြူခိုးများ ဝန်းရံနေသည့် မှိန်ဖျော့ဖျော့ ပုံရိပ်တစ်ခုမှာ သူတို့ကို အဆင်သင့် ဆီးကြိုနေခဲ့၏။ ထိုမြူခိုးများမှာ နတ်ဒေဝါတို့၏ ထည်ဝါမှုကို သယ်ဆောင် ထားသကဲ့သို့ လှပလှကာ မျက်စိ ပသာဒ ဖြစ်စရာ ကောင်းလှသည်။ ၎င်းတို့၌ ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များ ပါဝင်နေသယောင်ပင်။
ပုံရိပ်ကို ကြည့်ရင်း ချင်ကူးယွင်၏ မျက်လုံးများက တဖိတ်ဖိတ် တောက်ပသွား၏။ သူက ရှေ့ကို ခြေတစ်လှမ်း တိုးရင်း လေးစားစွာ ဦးညွှတ် လိုက်သည်။
"နှုတ်ဆက်ပါတယ် ကောင်းကင် ပရောဟိတ်… ခုနကပြောတာ အမှန်ပဲလား… တကယ်ပဲ နည်းလမ်းတစ်ခု ရှိတာလား"
ချင်ကူးယင်မှာ အဘိုးဖြစ်သူ၏ စကားကို နားထောင်ရင်း ပြင်းထန်စွာ တုန်လှုပ်သွား၏။
ကောင်းကင် ပရောဟိတ်…
ထိုအသုံးအနှုန်းကို ရှေးဟောင်းခေတ် ဒဏ္ဍာရီများထဲတွင် သူမ မကြာခဏ ဆိုသလို ကြားဖူးသည်။ ၎င်းတို့မှာ ကောင်းကင်၏ လျှို့ဝှက်ချက်များကို ရှာဖွေနိုင်ကာ လက်ရှိခေတ်၏ အပြင်ဘက် အမှန်တရားများကိုပင် ရှာဖွေနိုင်စွမ်း ရှိကြောင်း ဖော်ပြထားသည်။ အရှင်းလင်းဆုံး ပြောရလျှင် သူတို့မှာ အနာဂတ်ကို ခန့်မှန်းကာ ကံကြမ္မာကို သိမ်းပိုက်နိုင်သူများ ဖြစ်သည်။ ချင်ကူးယင်၏ နှလုံးသားက ရိုင်းစိုင်း ခက်ထန်စွာ ခုန်လာခဲ့၏။
ရွှေရောင် မြူများ ဝန်းရံနေသည့် ပုံရိပ်က အနည်းငယ် လှုပ်ခါသွားကာ ချင်ကူးယင်ကို ကြည့်လိုက်၏။ ထို့နောက် သူက ယောက်ျားမှန်း၊ မိန်းမမှန်း မသိရသော အသံမျိုးဖြင့် အဖြေပေးလိုက်သည်။
“အဲဒါက ကောင်းကင်ဘုံရဲ့ အလိုတော် အတိုင်းပဲ..”
“ကောင်းကင်ဘုံရဲ့ အလိုအတိုင်း...”
ပျော်ရွှင်မှု အဟုန်က ချင်ကူးယင်၏ အမူအရာကို ခြယ်မှုန်းသွား၏။
“ကျေးဇူးပြုပြီး အထဲကို ကြွပါ... ကျုပ်တို့ ဆွေးနွေးကြမယ်”
ကောင်းကင် ပုရောဟိတ်က ငြင်းဆန်ခြင်း မပြုချေ။ သူက ချင်ကူးယွင်၏ လမ်းပြမှုအတိုင်း မျှော်စင်ထဲသို့ တရွေ့ရွေ့ လိုက်ပါသွားခဲ့တော့၏။
ထိုအခိုက်တွင်ပင် ပထမထပ်ရှိ ထောင့်စွန်းနားရှိ ရုပ်တုတစ်ခု၏ အရိပ်မှာ ဖြည်းညင်းစွာ လှုပ်ရှားလာ၏။ ၎င်း၏ အိုမင်းနေသော မျက်ဝန်းများက ဖျပ်ခနဲ ပွင့်လာကာ အံ့သြတုန်လှုပ်စွာဖြင့် ကောင်းကင်လှေကားဆီ လှမ်းကြည့်လိုက်သည်။ သို့သော်လည်း တစ်စက္ကန့်မျှ မကြာခင် အချိန်ကလေးမှာပင် ၎င်းက အရိပ်ထဲ ပြန်ဝင်ကာ ကမ္ဘာလောကကြီးမှ ပြန်လည် ပျောက်ကွယ်သွားခဲ့တော့သည်။
...
ထိုအချိန် အနန္တ ဧကရာဇဂြိုဟ်ပေါ်၌...
ဟူး... ဟူး...
ဝေ့ဝူယင်မှာ ဧရာမ စာအုပ်ကြီးတစ်အုပ်ကို ပိုက်ကာ ပျံသန်းရင်း ကောင်းကင်နန်းတော်ဆီ ပြန်လာနေခဲ့သည်။ ဆဋ္ဌမမြောက် ကောင်းကင်အလွှာဆီသို့ အရောက်၌ သူ့ သိုလှောင်လက်စွပ်မှာ တုန်ရီလာကာ မှိန်ဖျဖျ ဝိညာဥ် ရောင်စဥ်ဖြင့် လင်းလက်လာ၏။ သတင်းစကားကို လက်ခံရယူပြီးနောက် သူ၏ မျက်ခုံးများမှာ အပေါ်သို့ မြင့်တက်သွားသည်။
“စိတ်ဝင်စားစရာပဲ... မင်းတို့ ဘာတွေ ကြံနေကြတာလဲ”
ဝေ့ဝူယင် ခပ်ရေးရေး ပြုံးလိုက်မိ၏။ သူသည် အဂ္ဂိရတ် အစည်းအရုံးကို တစ်ယောက်တည်း မဟုတ်ပဲ ယင်ကိုပါ အတူခေါ်၍ သွားခဲ့ခြင်း ဖြစ်သည်။
အရိပ်အင်အား၊ အရိပ် ရည်ရွယ်ချက်တို့နှင့် အတူ ထိုလူအိုကြီးမှာ အရိပ်ကဲ့သို့ ဖြစ်တည်မှုတိုင်းထဲသို့ စိမ့်ဝင်ကာ ပေါင်းစပ်နိုင်စွမ်း ရှိသည်။ ကောင်းကင်ဘုံ နတ်မျက်လုံးကို ပိုင်ဆိုင်ထားသည့် ဝေ့ဝူယင်မှ လွဲ၍ သူ၏ တည်ရှိမှုကို မည်သူမှ သတိမပြုမိခဲ့ကြချေ။
ဘုန်း...
ဝေ့ဝူယင်၏ ခန္ဓာကိုယ်က အရှိန်ပြင်းပြင်းနှင့် ကောင်းကင်အလွှာကို ထိုးဖောက်ကာ အပေါ်သို့ မြင့်တက်သွား၏။ အဋ္ဌမမြောက် အလွှာရှိ သူ့ကိုယ်ပိုင် ကောင်းကင်နန်းတော်သို့ ရောက်ရှိရန် အချိန် သိပ်မယူလိုက်ရချေ။ တံခါးအား ဖွင့်လိုက်သည်နှင့် မျှော်လင့်မထားသည့် ပုံရိပ်လေးတစ်ခုမှာ သူ့ကို အဆင်သင့် ဆီးကြိုနေခဲ့၏။
“မင်း ကျင့်ကြံပြီးပြီလား...”
ဝေ့ဝူယင်က နွေးထွေးစွာ ပြုံးရင်း နှုတ်ဆက်လိုက်သည်။ ကောင်းကင်ဘုံမှ အလင်းတန်းများ ဖြာထွက်နေသည့် အလား ရွှေရောင်အဆင်းဖြင့် တင့်တယ်စွာ ရပ်နေသော မိန်းကလေးက ညင်သာစွာပင် ခေါင်းညိတ်ပြလိုက်သည်။
“ပြီးပါပြီ အရှင်... နောက်ပြီး ကျွန်မ တစ်ခုခုကို မြင်ခဲ့ရပါတယ်”
သူမကား ဝမ်မင်ယာပင်။
...
ဝမ်မင်ယာ...
ဝမ်မင်ယာမှာ ဝေ့ဝူယင်နှင့် လုံချန်တို့ နည်းတူ ရွေးချယ်ခံ တစ်ယောက် အနေဖြင့် ဤအနန္တ ဧကရာဇ်ဂြိုဟ်ပေါ်သို့ ရောက်ရှိလာခဲ့သူ ဖြစ်သည်။ သို့သော်လည်း ပင်ကိုယ် ပါရမီ နိမ့်ပါးလှရာ အစေခံ တပည့် ရာထူးကိုသာ ရယူနိုင်ခဲ့သည်။ သို့သော်လည်း ဘာတတ်နိုင်မည်နည်း။ ထိုရာထူးတွင်သာ ကျင်လည်ရင်း အပတ်တကုပ်နှင့် ဆယ်စုနှစ် တစ်ခုနီးပါးကြာအောင် သူမ ကျင့်ကြံခဲ့သည်။ အဖက်ဖက်တွင် များစွာ မအောင်မြင်ခဲ့သည့်တိုင် အနန္တ ကုန်းမြေတိုက်ကြီးမှာထက် စာလျှင်တော့ သူမ၏ ကျင့်ကြံခြင်းက အတော်လေး ခရီးပေါက်ခဲ့ပေသည်။
ဤသို့နှင့် အစေခံ တပည့်ဘဝတွင် ကျင်လည်ရင်း သူမ ဝေ့ဝူယင်နှင့် အမှတ်မထင် ပြန်လည် တွေ့ဆုံခဲ့ရသည်။ ဘာကို မျက်စိကျသွားသည် မသိ... ဝေ့ဝူယင်က သူမကို သူ့ကောင်းကင်နန်းတော်ဆီ ဖိတ်ခေါ်ခဲ့သည်။ ထို့နောက် လောကကိုးပါး၏ ကံကြမ္မာထုံး ဟူသော ရှေးဟောင်း ကြမ္မာဖတ် နည်းလမ်းတစ်ခုကို ကျင့်ကြံစေခဲ့သည်။ ထို့အပြင် သူမ၏ ကျင့်ကြံခြင်း လမ်းစဥ်အတွက် လိုအပ်သမျှ အရာအားလုံးကိုလည်း ထောက်ပံ့ပေးခဲ့သည်။ ယခုဆိုလျှင် သူမ၏ ဘဝက လိုတရသည့် အနေအထားတစ်ရပ်ကိုပင် ရောက်ရှိနေချေပြီ ဖြစ်သည်။
လောကကိုးပါး ကံကြမ္မာထုံး...
ထိုနည်းလမ်းကား ထာဝရ ဧကရာဇ်ခေတ် နောက်ပိုင်း အလွန် ကျော်ကြားခဲ့သည့် လောကကိုးပါး ကံကြမ္မာ ပရောဟိတ်ထံမှ ဆင်းသက်လာသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ဒဏ္ဍာရီများ အရဆိုလျှင် ထိုကျင့်ကြံသူကြီးမှာ ထာဝရ ဧကရာဇ်၏ ပံ့ပိုးမှု တစ်စုံတစ်ရာ မပါရှိပဲ လျှို့ဝှက်အာဏာရှင် အလွှာကို ခြေချနိုင်ခဲ့သည့် ပထမဆုံးသော ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ သူက “လောကကိုးပါး ကံကြမ္မာထုံး” နည်းလမ်းကို သူ့မျိုးဆက်များ အတွက် အမွေအနှစ် အဖြစ် ချန်ရစ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ကံဆိုးစွာပင် သူ၏ တပည့်သားမြေး တစ်ဦးတစ်လေမှ ကျင့်ကြံရန် အရည်အချင်း မပြည့်မှီခဲ့ကြချေ။
ကောင်းကင်နိမိတ်ဖတ် ပညာနှင့် ပတ်သက်သည့် ကျင့်စဥ်များကို ကျင့်ကြံနိုင်ဖို့ ဆိုလျှင် အရေးအကြီးဆုံး အချက် အနေဖြင့် ကျင့်ကြံမည့် သူမှာ ကံကြမ္မာချီကို အာရုံခံနိုင်စွမ်း မြင့်မားဖို့ လိုသည်။
ကံကြမ္မာချီ...
ကံကြမ္မာချီ ဆိုသည်မှာ ကောင်းကင်တာအိုနှင့် ကြီးလေးစွာ ဆက်စပ်နေသည့် လျှိူ့ဝှက်ဆန်းကြယ်သော ချီတစ်မျိုး ဖြစ်သည်။ ၎င်းမှာ အတိတ်နှင့် ပစ္စုပ္ပန် ရေစက်ကြိုးများမှ တစ်ဆင့် အနာဂတ်ကို ကြိုတင် မြင်ယောင်နိုင်အောင်ကူညီပေးနိုင်စွမ်းရှိသည်။ ကျင့်ကြံခြင်း လောက၌ ကံကြမ္မာချီ လမ်းစဥ်၌ လျှောက်လှမ်းနိုင်သည့် ပါရမီရှင်များမှာ မရှိသလောက်ပင် ရှားပါးလှသည်။
ဝေ့ဝူယင်သည် ရှင်သန်ခဲ့သည့် နှစ်ပေါင်း လေးဆယ်ကျော် သက်တမ်းအတွင်း လူပေါင်း သန်းထောင်နှင့်ချီ မြင်တွေ့ဖူးသည်။ ထိုအထဲတွင် ကျင့်ကြံခြင်း လမ်းစဥ်၌ ပါရမီပါသူ သောင်းနှင့်ချီကာ အဂ္ဂိရတ် လမ်းစဥ် ထူးချွန်သူများမှာလည်း ထောင်ဂဏန်းနီးပါး အထိပင် ရှိသည်။ သို့သော်လည်း ကံကြမ္မာချီကို အာရုံခံနိုင်သည့် လူဟူ၍ နှစ်ဦးတည်းသာ တွေ့ခဲ့ဖူးသည်။ မင်ရှုဖုန်းနှင့် ဝမ်မင်ယာတို့ပင်။
“နင် ဘာမြင်လို့လဲ...”
ဝေ့ဝူယင် စိတ်ဝင်တစားနှင့် မေးလိုက်၏။ ဝမ်မင်ယာမှာ လောကကိုးပါး ကံကြမ္မာထုံး နည်းလမ်းကို အချိန်တိုတောင်းစွာသာ ကျင့်ကြံထားရသေးသည့်တိုင် မြင့်မားသော ကျင့်ကြံခြင်း အဆင့်၏ အထောက်အပံ့နှင့် အတူ ကောင်းကင်၏ နိမိတ်ပုံရိပ် အချို့ကို စတင်ကာ မြင်တွေ့နိုင်စွမ်း ရှိနေခဲ့ပြီ ဖြစ်သည်။
“အရာအားလုံးရဲ့ အဆုံးသတ်...”
သူမက ခပ်တိုးတိုး ရေရွတ်လိုက်လေ၏။
***