နေ့ကျရောက်လာခြင်း
Vol. 27 Ch. 371
နေ့ရက်များမှာ အလွန် လျှင်မြန်စွာ ဖြတ်ကျော်သွား၏။ အမည်မသိသော ဖိအားတစ်ခုက အနန္တ ဧကရာဇ်ဂိုဏ်းနှင့် ကောင်းကင်ဒြပ်စင် နန်းတော်တို့၏ တပည့်များ အကြားတွင် တရိပ်ရိပ် မြင့်တက်နေသည်။ ဂိတ်တံခါး၏ အခြားတစ်ဖက်တွင် မည်သည့် အရာများ ရှိနေမည်နည်း။ ရတနာများလော... သို့တည်းမဟုတ် အန္တရာယ် အသွယ်သွယ်လော။ အပြင်လောကသို့ ပြန်မထွက်နိုင်ခင်မှာပင် သေဆုံးသွားလိမ့်မည်လော။
ဘာပဲဖြစ်ဖြစ်... မရေမတွက်နိုင်သော တပည့်များ အကြားတွင် အကန့်အသတ်ဖြင့် ရှိသည့် ဝင်ခွင့် တစ်နေရာစာကို ဆုပ်ကိုင်နိုင်သည့် အတွက် သူတို့ ပျော်ရွှင်မိပေသည်။
သို့သော်လည်း ဝေ့ဝူယင်၏ ဘယ်လက်ရုံးနှင့် ညာလက်ရုံး ဖြစ်သည့် ကျူးဟိုင်နှင့် စုမေ့တို့မှာတော့ ဂိတ်တံခါး အတွင်း ဝင်ရောက်လိမ့်မည် မဟုတ်ပါချေ။ (အပြင်လောကတွင် သေဆုံးသွားပြီဟု သတင်းထွက်နေသည့်) ကျူးဟိုင်မှာ ပြန်လည် ကုသဆဲ အခြေအနေ တစ်ခုတွင် ရှိနေသေးဆဲ ဖြစ်သည်။ ဂိတ်တံခါးဖွင့်မည့်နေ့ အမှီ ပြန်လည် နိုးထလာဖို့ မဖြစ်နိုင်သေးချေ။ ထို့နည်းတူစွာပင် စုမေ့မှာလည်း လက်အောက်ငယ်သားများကို စီမံရန် အနန္တ ဧကရာဇ်ဂိုဏ်းတွင် ကျန်ခဲ့ရလိမ့်မည် ဖြစ်သည်။
ထိုအခိုက်၌ ဝေ့ဝူယင်မှာ စာအုပ်ကြီးတစ်ခုထဲ ခေါင်းကို မြှုပ်ရင်း သေးငယ်ကာ ပြွတ်သိပ်နေသည့် စာလုံးလေးများကို ဂရုတစိုက် ဖတ်နေခဲ့၏။ သူ၏ ငွေရောင်မျက်လုံးများက အရောင် အမျိုးမျိုး ပြောင်းလဲနေကာ အံ့အားသင့်ခြင်း၊ ထိတ်လန့်ခြင်းနှင့် မယုံကြည်နိုင်ခြင်းတို့က တစ်လှည့်စီ ဖြစ်ပေါ်နေသည်။ လတ်တလော၌ သူသည် ကောင်းကင်နန်းတော်၏ စာဖတ်ခန်း အတွင်း ရှိနေခဲ့ခြင်း ဖြစ်ကာ သူ၏ ကြယ်တာရာ ဝိညာဥ်လေးခုမှာမူ အခန်းအတွင်း လှည့်ပတ်ပျံသန်းရင်း အဖိုးတန် အဂ္ဂိရတ် ထုတ်ကုန်များကို ရှာဖွေ စားသုံးနေသည်။
ဝမ်... ဝမ်...
နောက်ထပ် စာမျက်နှာတစ်ခုကို လှန်လိုက်စဥ်မှာပင် ဝေ့ဝူယင်၏ သိုလှောင်လက်စွပ်မှာ ဝိညာဥ်အလင်းရောင် တစ်ခုဖြင့် တောက်ပလာသည်။ ဝေ့ဝူယင် လက်တစ်ဖက် ဝှေ့ယမ်းကာ ဆက်သွယ်ရေး သလင်းကျောက်ကို ထုတ်ယူလိုက်၏။ စာအား ဖတ်ပြီးသည်နှင့် စိတ်ဝင်စားသော အပြုံးတစ်ခုက သူ့နှုတ်ခမ်းထက်တွင် နေရာယူလာခဲ့သည်။
“အချိန်ကျလာပြီပေါ့...”
အဂ္ဂိရတ် အစည်းအရုံးကနေ ပြန်ရောက်သည့်နေ့မှ စ၍ ဝေ့ဝူယင်မှာ ကောင်းကင်နန်းတော် အတွင်း တံခါးပိတ်ကာ ကျင့်ကြံနေခဲ့ခြင်း ဖြစ်သည်။ ဤနှစ်ရက်သုံးရက် အတွင်း ဝမ်မင်ယာ ပြောပြခဲ့သည့် နိမိတ် ပုံရိပ်အပါအဝင် များစွာသော အကြောင်းအရာများကို သူ တွေးတောခဲ့သည်။
အရာအားလုံး၏ ပျက်စီးခြင်း...
ဝိညာဥ်ဆင်းတု အဆင့် ကြယ်တာရာ ကပ်ဘေးကို ဖြတ်ကျော်ခဲ့သည့် နေ့၌ သူ ကိုယ်တိုင်လည်း ထိုကဲ့သို့ ခံစားခဲ့ရသည်။ သုံးလွှာ ကြယ်တာရာ နယ်မြေမှာ သူ မြင်တွေ့ခဲ့ရသည့် အပျက်အစီး နယ်မြေကြီး နှစ်ခုလို တစ်နေ့တစ်ချိန်တွင် အဆုံးသတ်သွားတော့မည်လော။
ဘာတွေပဲ ဖြစ်လာဖြစ်လာ... အကိုကြီး ပြောသည့်အတိုင်း ခြေတစ်လှမ်းချင်းစီကိုသာ အာရုံစိုက်ကာ လျှောက်လှမ်းသင့်ပေသည်။
စာအုပ်အထူကြီးကို ပြန်ပိတ်လိုက်ရင်း ဝေ့ဝူယင် ထိုင်ရာမှ ထရပ်လိုက်၏။ လှည့်ပတ်ပျံသန်းနေသည့် ကြယ်တာရာ ဝိညာဥ်များမှာ လျှင်မြန်စွာပင် ပြန်လည် စုစည်းလာကာ ခန္ဓာကိုယ် အတွင်း အသီးသီး ပြန်လည် ဝင်ရောက်သွားကြသည်။
ဝေ့ဝူယင်၏ စာဖတ်ခန်းတွင် တံခါးနှစ်ပေါက် ရှိ၏။ တစ်ပေါက်က အဓိက ခန်းမကြီးနှင့် ဆက်စပ်နေကာ အခြားတစ်ပေါက်ကတော့ အိပ်ခန်းသို့ ဦးတည်နေသည်။
ချောက်...
အိပ်ခန်းနှင့် ဆက်သွယ်ထားသည့် ဝင်ပေါက်ကို ဝေ့ဝူယင် ဖွင့်လိုက်၏။ ခုတင်ထက်တွင် အဝတ်ဗလာနှင့် တစ်စောင်း လှဲလျောင်းနေသည့် ရင်ဖိုလှိုက်မောဖွယ်ရာ ပုံရိပ်ကလေးကို ကြည့်ရင်း သူ အသာအယာပင် ပြုံးလိုက်မိသည်။
“ရှင် ပြန်လာပြီလား...”
မိန်းကလေး၏ အသံက နူးညံ့ခြင်း၊ နွေးထွေးခြင်းများနှင့် ပြည့်နှက်နေ၏။ ပူပြင်းသော မီးတောက်တစ်ခုမှာ နှလုံးသားနှင့် ဆီးခုံအောက် တစ်နေရာ၌ တောက်လောင်လာခဲ့သော်လည်း ဝေ့ဝူယင် ပင့်သက်တစ်ချက်သာ ရှိုက်လိုက်မိသည်။ သူ့တွင် ပျော်ပါးရန် အချိန် မရှိတော့ချေ။
“နယ်လာ... ငါ ဒီနေ့ အော်ရစ်ပင်လယ်ကို သွားရတော့မယ်”
အနန္တ ဧကရာဇ်ဂိုဏ်းထဲသို့ စတင်ဝင်ရောက်ခဲ့သည့် အစောပိုင်း နှစ်များတွင်ပင် ဝေ့ဝူယင် နယ်လာရှားနှင့် ဆုံစည်းခဲ့သည်။ သူမမှာ တောကြောင်မှ ဆင်းသက်လာသည့် ရှို့ရန် မျိုးနွယ်ဝင် တစ်ယောက် ဖြစ်ကာ ခပ်တိုတို အညိုရောင် ဆံပင်၊ တဖျပ်ဖျပ် တောက်ပနေသည့် မျက်လုံးများနှင့် ခပ်ချွန်ချွန် နားရွက်တို့ကို ပိုင်ဆိုင်ထားလေး ဖြစ်သည်။ တရှန်းမှလွဲ၍... နယ်လာရှားမှာ ဝေ့ဝူယင် ချစ်မြတ်နိုးကာ တန်ဖိုးရသည့် တစ်ဦးတည်းသော အနန္တ ဧကရာဇ်ဂြိုဟ်သူလေး ဖြစ်သည်။
“ဒီနေ့လား...”
နယ်လာရှားက ဝေ့ဝူယင်ကို ကြည့်လိုက်၏။ တရှန်းနှင့် မတူသည်က သူမမှာ တပည့်တစ်ယောက် မဟုတ်ပဲ သေမျိုးခေါင်းဆောင် အဆင့် အကြီးအကဲ တစ်ဦးသာ ဖြစ်သည်။ သို့သော်လည်း အသက်အရွယ် ကွာခြားမှုကို မေ့လျော့ကာ ဝေ့ဝူယင်၏ ချောမောသော ရုပ်ရည်နှင့် ထူးချွန် ထက်မြက်သည့် အရည်အချင်းတို့ အပေါ်တွင် သူမ ကျဆုံးခဲ့ရသည်။
ဝေ့ဝူယင်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက အဝတ်များကို ဖြည်းညင်းစွာ ချွတ်ချလိုက်ရင်း သန့်ရှင်းသည့် အခြား ဝတ်စုံတစ်ခုကို ပြောင်းလဲ ဝတ်ဆင်လိုက်၏။
“ငါမရှိတဲ့ ရက်တွေ အတွင်း မင်း သက်လုံကောင်းအောင် ကြိုးစားထားသင့်တယ် နယ်လာ...”
နယ်လာရှားမှာ ရှက်ရွံ့မှုကြောင့် ပါးကလေးများ ရဲသွားကာ နှုတ်ခမ်းကလေးကို စူလိုက်၏။
“အဲဒါက ငါ့အပြစ် မဟုတ်ဘူးလေ... နင်... နင်ကိုက အကြိမ်ရေ များလွန်းနေတာ”
ဝေ့ဝူယင်က အနည်းငယ် ရယ်မောလိုက်သည်။ ထို့နောက် သူက မှန်ရှေ့တွင် ရပ်ရင်း ဝတ်ဆင်ထားသည့် ဝတ်စုံ အဆင်ပြေ၊ မပြေ စစ်ဆေးလိုက်၏။ ၎င်းက အဖိုးတန် မဟူရာချည်များဖြင့် ရက်လုပ်ထားသည့် ဝတ်စုံတစ်စုံ ဖြစ်ကာ အနားသတ်တွင်တော့ ငွေချည်ကို သုံးထားသည်။ ၎င်းက အနန္တ ဧကရာဇ်ဂိုဏ်းကို ကိုယ်စားပြုသည့် ဝတ်စုံတစ်ခု မဟုတ်ပဲ သတ်မှတ်ထားသည့် စံချိန်စံနှုန်းများ၏ အပြင်ဘက်တွင် ရှိသည်။
ခပ်ကြပ်ကြပ် ဝတ်စုံအောက်မှ ဆွဲဆောင်မှု ရှိစွာ တိုးထွက်နေသည့် လက်မောင်း ကြွက်သားစိုင်များကို ကြည့်ရင်း ဝေ့ဝူယင် ပြုံးလိုက်မိ၏။
“ငါ မရှိတုန်းမှာ ကျင့်ကြံဖို့ အတွက် ပိုက်ဆံ ဖြစ်ဖြစ်... ဆေးလုံး ဖြစ်ဖြစ် လိုရင် စုမေ့ကို ရှာလိုက်နော်”
နယ်လာရှားက နှုတ်ခမ်းကို ကိုက်ကာ ခေါင်းညိတ်လိုက်၏။ ဝေ့ဝူယင်က မထွက်ခွာခင် သူမ အနားသို့ လျှောက်သွားကာ နဖူးလေးကို အနမ်းတစ်ပွင့် ခြွေလိုက်သည်။
“ငါသွားတော့မယ်...”
ထို့နောက် သူက တည်ငြိမ်သော ခြေလှမ်းများနှင့် အတူ တံခါးမကြီးဆီသို့ ဦးတည်လိုက်တော့၏။ ဝေ့ဝူယင်၏ ကျယ်ပြန့်သည့် ကျောပြင်ကြီးကို ငေးရင်း နယ်လာရှား သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဖြစ်ပျက်ခဲ့သမျှက မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ပင်။
ထိုနေ့... သူနှင့် ပထမဆုံး ဆုံတွေ့ခဲ့သည့် ထိုနေ့ကို သူမ မှတ်မိသေးသည်။ ထို့နေ့၌ သူတို့ နှစ်ယောက်မှာ ကျင့်ကြံခြင်း ပစ္စည်းတစ်ခု အတွက် အငြင်းအခုံ ဖြစ်ခဲ့ကြသည်။ သူမ ကောင်းကင် ဧကရာဇ် ဟူသည့် အဆင့်အတန်းကို ပိုင်ဆိုင်ထားသည့်တိုင် သူမကလည်း အကြီးအကဲ တစ်ဦး ဖြစ်လေရာ နောက်ဆုတ်ရန် ဆန္ဒ မရှိခဲ့ချေ။
အဖြစ်အပျက် တစ်ခုက အခြား တစ်ခုကို ဦးတည်စေခဲ့ရင်း နောက်ဆုံး၌ အပျိုစင် ဘဝကိုပါ ထိုကလေးထံတွင် သူမ ဆုံးရှုံးခဲ့ရသည်။ ဤသို့နှင့် နှစ်ပေါင်းများစွာ အတူတကွ ဖြတ်သန်းပြီးနောက်တွင် သူမက အလွန် ကျော်ကြားသော အာရုဏ်ဦး ဧကရာဇ်၏ ချစ်သူ ဖြစ်လာခဲ့သည်။
သူက သူမကို တရားဝင် လက်မထပ်ခဲ့သည့်တိုင် ဘဝ အာမခံချက် အပါအဝင် အရာအားလုံးကို တာဝန်ယူခဲ့သည်။ ယောက်ျားတစ်ယောက်ထက်ပင် ပိုမို တာဝန်ကျေပြွန်စွာ တာဝန်ယူပေးခဲ့သည်။ နွေးထွေးစွာ ဆက်ဆံပေးခဲ့သည်။
ဆွတ်ပျံ့ဖွယ်ရာ ခံစားချက် တစ်ခုကြောင့် အပြုံတဟ်ခုက သူမ မျက်နှာထက်တွင် အလိုအလျောက် မွေးဖွားလာခဲ့၏။ အတန်ကြာပြီးနောက်၌ သူမက နှုတ်ခမ်းကလေးကို စူလိုက်ရင်း...
“တရှန်း ငါ့ကို လိမ်တယ်... ငါ အကြာကြီး သိပ်မခံနိုင်သေးဘူး”
...
ကောင်းကင်နန်းတော်၏ အပြင်ဘက်သို့ ရောက်သည်နှင့် ဝေ့ဝူယင်မှာ စုမေ့၊ ရှောင်ပိုင်တို့ကို တွေ့ဆုံလိုက်ရ၏။ လွန်ခဲ့သည့် နှစ်ပိုင်းအတွင်း ရှောင်ပိုင်ကလေးမှာ အလွန် လျှင်မြန်စွာ ကြီးထွားလာကာ ပိုကေ၏ ကောင်းကင် နတ်မြင်းပျံနှင့်ပင် အရွယ်အစားချင်း ယှဥ်နိုင်နေပြီ ဖြစ်သည်။ ထိုသတ္တဝါလေးကို ကြည့်ရင်း အဂ္ဂိရတ် ထုတ်ကုန်များ သုံးခဲ့ရသည်မှာ ထိုက်တန်သည်ဟု ဝေ့ဝူယင် တွေးလိုက်မိသည်။
ဝှစ်...
ဝေ့ဝူယင် ရှောင်ပိုင်၏ ကျောပေါ်သို့ ခုန်တက်ကာ လက်နှစ်ဖက်ကို နောက်ပစ်ရင်း မတ်တပ် ရပ်လိုက်သည်။
“ကဲ... သွားကြစို့...”
သူ၏ အသံထဲတွင် စိတ်လှုပ်ရှားသည့် အငွေ့အသက်အချို့ ပါဝင်နေ၏။ အုပ်စုလိုက် စွန့်စားခန်းများ မထွက်ခဲ့ရသည်မှာ အတော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ နေသွေးနီနီဂိုဏ်းမှ သွေးစွန်းနေသော မှတ်ဉာဏ် အချို့က သူ့ခေါင်းထဲတွင် ပြန်လည် ပေါ်လာခဲ့၏။
အမွေခံအပြစ်သား တစ်ယောက် ဖြစ်လာပြီးနောက်တွင် သူ့ဘဝကလည်း တဖြည်းဖြည်း ပြောင်းလဲသွားခဲ့ရသည်။ ကြောက်မက်ဖွယ်ရာ အသက်လု တိုက်ပွဲများ၊ စွန့်စားခန်းများနှင့် ဝေးကွာနေခဲ့သည်မှာ ကြာမြင့်လှချေပြီ ဖြစ်သည်။
သို့သော်လည်း ယခု၌ ဘယ်ဆီဘယ်ဝယ်မှန်း မသိရသော နေရာတစ်ခုကို သူ သွားရတော့မည် ဖြစ်သည်။ ငုပ်လျှိုးနေခဲ့သည့် လူငယ်တို့၏ သွေးက တပွက်ပွက် ပြန်လည် ဆူဝေလာခဲ့၏။ ဘာပဲဖြစ်ဖြစ်... မကြာခင် ရောက်ရှိလာမည့်ရက်ပိုင်းက ခါတိုင်းလို ငြီးငွေ့ဖွယ်ရာများဖြင့် ပြည့်နှက် မနေတော့မှာ သေချာလှပေသည်။
***