ယုံဟွာရေကန်
Vol. 27 Ch. 372
ယနေ့၌...
အနန္တ ဧကရာဇ်ဂိုဏ်း၏ ထိပ်တန်း ပါရမီရှင်များစွာမှာ ဂိတ်တံခါး တစ်ဖက်ခြမ်းရှိ လျှို့ဝှက်ချက်များကို ရှာဖွေရန် စိတ်လှုပ်ရှားစွာဖြင့် နေရာတစ်ခုတွင် အတူတကွ စုစည်း ရောက်ရှိနေကြသည်။ အံ့အားသင့်စရာ တစ်ခုကား သူတို့ စုစည်းနေသည့် နေရာမှာ အနန္တ ဧကရာဇ်ဂိုဏ်း၊ ဟင်းလင်းပြင် ဂိတ်တံခါးရှေ့တွင် မဟုတ်ချေ။ ယုံဟွာရေကန်ဟု ခေါ်သည့် အများပြည်သူပိုင် နေရာတစ်ခုတွင်သာ ဖြစ်ပေသည်။
ယုံဟွာရေကန်...
ယုံဟွာရေကန်မှာ သုံးကီလိုမီတာခန့် ကျယ်ပြန့်ကာ ကျောက်စိမ်းလို ကြည်လင်နေသည့် ရေကန်ကြီး တစ်ခု ဖြစ်သည်။ ထိုရေကန်ကြီး၏ အလယ်တည့်တည်တွင်တော့ ပေါလောမြောပါနေသည့် စေတီကြီး တစ်ခု ရှိ၏။ ထိုစေတီကြီးမှာ အနန္တကုန်းမြေတိုက်ကြီးပေါ်ရှိ ဝူကြယ်တာရာ မျှော်စင်၊ အနန္တ အခြေတည် တာအို နန်းတော်တို့နှင့် အတော်လေး ဆင်တူကာ ကြယ်တာရာ အလင်းရောင်များဖြင့် တဖျပ်ဖျပ် တောက်ပနေသည်။
၎င်းမှာ အနန္တ ဧကရာဇ်ဂြိုဟ်၏ အကြီးမားဆုံးသော ဟင်းလင်းပြင် အစီအရင် တည်ရှိရာ နေရာပင် ဖြစ်ကာ ပုံမှန်အားဖြင့် ဆိုပါက စစ်ကြောင်းများသာ ဖြတ်သန်းလေ့ရှိသည်။ သို့သော်လည်း အော်ရစ် ပင်လယ်မှာ သုံးလွှာ ကြယ်တာရာ နယ်မြေ၏ အန္တရာယ် အများဆုံး နေရာများထဲတွင် တစ်ခု အပါအဝင် ဖြစ်လေရာ သာမန် ဟင်းလင်းပြင် ဂိတ်တံခါးများ မလုပ်မဖြစ်သည်မှာ များပြားလှသည်။ စစ်သုံး ဂိတ်တံခါးများကို သုံးမှသာ ချောချောမွေ့မွေ့နှင့် အန္တရာယ် ကင်းစွာ ရောက်ရှိနိုင်ပေသည်။
ယနေ့၌... လူငယ် ပါရမီရှင်များ အပြင် အကြီးအကဲ အချို့မှာလည်း ယုံဟွာရေကန်တွင် စုစည်းကာ ကိုယ်ပိုင် အုပ်စုငယ်များကို အမှာစကားများ ပြောကြားနေခဲ့သည်။ ယခင်က မဟာ သူတော်စင်ယောင်ကျန်း တစ်ဖြစ်လည်း ယခု မူလ သူတော်စင် ယောင်ကျန်းမှာ သူ့သားငယ် ယောင်ဝေ့ အပါအဝင် နတ်ဆိုးလူငယ် တစ်စုနှင့် အတူ ရပ်နေခဲ့သည်။
တူညီစွာပင် ချင်းရိုင်မှာလည်း သူမ၏ တပည့် ပင်းယင် အပါအဝင် အယ်ဗန် မျိုးနွယ်ဝင် လူငယ်များနှင့် အတူ ရှိနေခဲ့၏။ အံ့အားသင့်စရာ တစ်ခုက ပင်းယင်မှာ အယ်ဗန်မျိုးနွယ်ဝင် မဟုတ်ချေ။ လူသား တစ်ယောက်သာ ဖြစ်သည်။ ထိုမိန်းကလေးမှာ ပြားရှပ်ရှပ် ကိုယ်လုံးနှင့် သာမန် ရုပ်ရည်တို့ကိုသာ ပိုင်ဆိုင်ထားရာ အသွင်အပြင် အားဖြင့် ဆွဲဆောင်မှု သိပ်မရှိလှသည့်တိုင် ဝိညာဥ် ဆင်းတု အဆင့် တစ်ယောက် ဖြစ်သဖြင့် အထင်သေး၍တော့ မရနိုင်ချေ။
မူလ အင်ပါယာ သူတော်စင် ကျိချန်းကောင်းမှာလည်း တပည့် ဖြစ်သည့် ရှုတောင်းနှင့် အတူ ရှိနေခဲ့၏။ ရှုတောင်းမှာ ခွေးမျိုးနွယ်မှ ဆင်းသက်လာသည့် ရှို့ရန် တစ်ယောက် ဖြစ်ကာ နက်မှောင်သည့် တြိဂံပုံစံ မျက်လုံးတစ်စုံ၊ မြင်းမြီးသဏ္ဌာန် စည်းထားသည့် အဖြူရောင် ဆံနွယ်ရှည်များ၊ ချွန်သောနားရွက်တို့နှင့် ကြောက်မက်ဖွယ်ရာ ငါးမန်းစွယ်သွားများကို ပိုင်ဆိုင်ထားသည်။ ထိုလူငယ်မှာလည်း ပင်းယင် ကဲ့သို့ပင် ကြယ်တာရာ အမြုတေ အဆင့်သုံးကို ရောက်ရှိနေလေရာ အထင်သေး၍ မရနိုင်သည့် ဖြစ်တည်မှု တစ်ခု ဖြစ်သည်။
နတ်ဆိုးအုပ်စုထဲတွင် ချပ်ဝတ်တန်ဆာ အပြည့်အစုံ ဝတ်ဆင်ထားသည့် ကမ္ဘာတိုက်တန် မျိုးနွယ်ဝင် မိန်းကလေး တစ်ယောက်လည်း ရှိနေခဲ့၏။ သူမ၏ ရွှေရောင် မျက်လုံးများက ဝိညာဥ် အလင်းရောင်တို့ဖြင့် တဖျပ်ဖျပ် တောက်ပနေကာ ကြည့်မိသူတိုင်းအား ပြင်းထန်သည့် ဖိအားများ ဖြစ်ပေါ်စေသည်။ သူမမှာ လူကြီး လူငယ် အများစု၏ အာရုံစူးစိုက်မှုကို ရရှိထားကာ ယောင်ကျန်းနှင့် ကျိချန်းကောင်းတို့ ပင်လျှင် သူမကို လှမ်းကြည့်ကာ ခေါင်းညိတ်ပြကြ၏။
တရှန်းကဲ့သို့ပင် အားလုံး၏ အာရုံစူးစိုက်ကို ရရှိသည့် အခြား အုပ်စု တစ်ခုလည်း ရှိပေသေးသည်။ အရေအတွက် အားဖြင့် ဆယ့်နှစ်ယောက်သာ ရှိရာ အသေးငယ်ဆုံး အုပ်စုများထဲမှ တစ်ခုသာ ဖြစ်သည့်တိုင် မည်သူ တစ်ဦးတစ်ယောက်မှ ကျင့်ကြံခြင်း အခြေခံတွင် ချို့တဲ့ခြင်း မရှိချေ။ သူတို့ထဲမှ အားအနည်းဆုံး တစ်ယောက် ပင်လျှင် ဝိညာဥ် ဆင်းတု အဆင့်ကို အဆင့်တွင် ရှိသည်။
ထိုမျှ မကသေး... သူတို့ ပိုင်ဆိုင်ထားသည့် အရောင်အဝါများကလည်း ကြောက်မက်ဖွယ်ကောင်းအောင်ပင် သန့်စင်၊ ထူထဲလှသည်။ ယောင်ဝေ့၊ ပင်းယင်နှင့် ရှုတောင်းတို့ပင်လျှင် သူတို့နှင့် ယှဥ်ပါက အခြေခံ အုတ်မြစ် ခိုင်မာမှု၌ တစ်ဆင့် နှစ်ဆင့် နိမ့်ကျသည်။
ထိုအုပ်စုငယ်ထဲတွင် မျိုးနွယ်ပေါင်းစုံ စုပေါင်း ပါဝင်နေသော်လည်း ဦးဆောင်နေသည့် ပုဂ္ဂိုလ်ကတော့ လူသား မိန်းကလေး တစ်ယောက်သာ ဖြစ်သည်။ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ဟင်းလင်းပြင် လှိုင်းများကို ထောက်ချင့်ခြင်းအားဖြင့် သူမမှာ ကြယ်တာရာ အမြုတေ အဆင့်လေး၊ အာကာသ ပဲ့တင်သံ အဆင့် တစ်ယောက် ဖြစ်ကြောင်း ထင်ရှားပေသည်။ သူမသည် ခရမ်းရောင် ဆံပင်ကို ကျောနောက်တွင် ကြိုးတစ်ခုဖြင့် စည်းချည်ထားကာ စူးစူးရှရှ မျက်လုံးများနှင့် ရဲရဲနီသော နှုတ်ခမ်းတို့က သူရဲကောင်းမ တစ်ဦး၏ ဟန်ပန်မျိုးကို ထင်ဟပ်စေသည်။
သူမကား ဟုန်ချွင်းဟွာပင် ဖြစ်သည်။ ဝေ့ဝူယင်ထံတွင် ဓားသစ္စာ ကျိန်ဆိုပြီးနောက် ဟုန်ချွင်းဟွာမှာ ထူးဆန်းသည့် ဓားကျင့်စဥ်တစ်မျိုးကို ပြောင်းလဲ ကျင့်ကြံခဲ့ပြီး ထိုကျင့်စဥ်ကပင် သူမ၏ ဆံပင်များကို အရောင် ပြောင်းလဲ သွားစေကာ မျက်နှာကိုပါ ပိုမို တိကျလာစေခဲ့သည်။ အာဏာရှင်များ အဖွဲ့၏ ပထမ တပ်မှူး တစ်ယောက် အနေဖြင့် ဟုန်ချွင်းဟွာ အပေါ် အားလုံး၏ အကြည့်များက လေးစား ကြောက်ရွံ့ခြင်းများနှင့် ပြည့်နှက်နေ၏။
အာဏာရှင်များ အဖွဲ့မှာ ယခုမှ ပထမဆုံး အကြိမ် အဖြစ် အများ ပြည်သူ၏ မြင်ကွင်းသို့ ပထမဆုံး ထွက်ပေါ်လာခြင်း မဟုတ်ချေ။ အနန္တ ဧကရာဇ်ဂိုဏ်း တစ်ခုလုံး တုန်လှုပ် ခြောက်ချားရသည့် များစွာသော အရေးအခင်းများထဲတွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့ပြီး ဖြစ်သည်။
သူတို့က အခြား များစွာသော ကောင်းကင် နိုဘယ်များ၊ ကောင်းကင် ဧကရာဇ်များ၏ နယ်ပယ်များကို ကျူးကျော်ခဲ့သလို အနန္တ ဧကရာဇ်ဂြိုဟ်နယ်မြေ နာမည်ကျော် ဒုစရိုက်အဖွဲ့များစွာကိုလည်း ရှင်းလင်း သုတ်သင်ခဲ့သည်။ ထို့ကြောင့်ပင် အာဏာရှင်များ အဖွဲ့မှာ ရက်စက် ကြမ်းကြုတ်မှုနှင့် ကျော်ကြားသလို တစ်ချိန်တည်း၌ တရားမျှတမှု ပုံစံကောင်း တစ်ခုကိုလည်း ထုတ်ဖော် ပြသထားသည်။
ကျိချန်းကောင်း၊ ချင်းရိုင်နှင့် ယောင်ကျန်းတို့မှာ အလွန် လျှင်မြန်စွာ တိုးတက်လာခဲ့သည့် ဟုန်ချွင်းဟွာကို ကြည့်ရင်း ပင့်သက် တစ်ချက် ရှိုက်လိုက်မိကြ၏။ ကြည့်ရသည်က ဝေ့ဝူယင်မှာ ပေးထားသည့် ကတိကို ထိန်းသိမ်းခဲ့ပုံ ရသည်။ ယခုဆိုလျှင် ထိုမိန်းကလေးမှာ ကောင်းကင် ဧကရာဇ်မျိုးဆက်များကို အပြတ်အသတ် နောက်ကောက်ချကာ သုံးလွှာ ကြယ်တာရာ နယ်မြေ လူငယ်မျိုးဆက်၏ ထိပ်တန်း နေရာတစ်ခုကိုပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူမ ပိုင်ဆိုင်ထားသည့် လက်ရှိ ကျင့်ကြံခြင်း အခြေခံက ယနေ့ ဂိတ်တံခါး အတွင်း ဝင်ရောက်မည့် မည်သည့် လူငယ် ပါရမီရှင်တိုင်းထက် မဆို သာလွန်သည်။
ယနေ့၌ သူမမှာ စစ်တောင်ထွတ်၏ ကောင်းကင် ဧကရာဇ် ရာထူးကို ဆွဲကိုင်ထားသလို တစ်ချိန်တည်း၌ ဝေ့ဝူယင်၏ လက်အောက်ငယ်သား တစ်ဦး အဖြစ် နေထိုင်ကာ သစ္စာစောင့်သိမှုကို ဆက်လက် ဆွဲကိုင်ထားဆဲ ဖြစ်သည်။
စုမေ့နှင့် ကျူးဟိုင်တို့ ကဲ့သို့ပင် သူမသည် မဟာ ဝိညာဥ် စမ်းသပ်ပွဲကို ဝင်ရောက် ယှဥ်ပြိုင်ခဲ့သေးသော်လည်း စောစီးစွာပင် ထွက်ခဲ့ရသည်။ သို့သော်လည်း ထိုအရာက အခြားလူ တစ်ဦး တစ်ယောက်ကြောင့် မဟုတ်ချေ။ စိတ်လှုပ်ရှားကာ အမှားလုပ်မိသောကြောင့်သာ ဖြစ်ပေသည်။
ပထမ စမ်းသပ်ပွဲ၏ ရည်ရွယ်ချက်က သားရဲများကို ထိန်းချုပ်ကာ အမှတ် စုဆောင်းရန် ဖြစ်သော်လည်း သူမကတော့ ခွန်အားကို စမ်းသပ်ချင်ဇောဖြင့် အဆင့်မြင့် သားရဲများစွာကို တွေ့တိုင်း သတ်ဖြတ်ခဲ့သည်။ ဤနည်းဖြင့် အရှက်ရဖွယ် ကောင်းလောက်အောင်ပင် ရလဒ် အနှုတ်ဂဏန်းများစွာဖြင့် ပြိုင်ပွဲမှ ထွက်ခွာ ခဲ့ရသည်။
ဘာပဲဖြစ်ဖြစ်... အကျိုးယုတ်ခဲ့သည်တော့ မဟုတ်ချေ။ အသက်လုကာ ရင်ဆိုင် တိုက်ခိုက်ခဲ့ရသည့် တိုက်ပွဲ အတွေ့အကြုံများနှင့် ဝေ့ဝူယင်၏ ပံ့ပိုးမှုတို့ ပေါင်းစပ်ကာ အတူ သူမ၏ ကျင့်ကြံခြင်း အခြေခံမှာ အရှိန်အဟုန်နှင့် တိုးတက်လာခဲ့ပေသည်။ အောင်မြင်မှုများ အကြောင်း ပြန်လည် တွေးတောမိသော အခိုက်၌ စုမေ့ကို ဟုန်ချွင်းဟွာ ပြန်လည် အမှတ်ရမိ၏။
လွန်ခဲ့သည့်နှစ်များ အတွင်း သူမ အပါအဝင် အာဏာရှင်များ အဖွဲ့သားများစွာမှာ ဝေ့ဝူယင်ကို မြင်ဖူးတာ ရှားပါးလှသည်။ သူတို့ ကျင့်ကြံဖို့ ရင်းမြစ် တစ်ခုခု လိုအပ်ချိန်တိုင်း စုမေ့မှာ အဆင့်မြင့် အဂ္ဂိရတ် ထုတ်ကုန်များစွာဖြင့် ရောက်ရှိလာတတ်သည်။
သူတို့ ဘာပဲ လိုလို... စုမေ့ ရှိနေတတ်သည်။ သူမက သူတို့ကို လမ်းညွှန်ချက်များ ပေးသည်။ အမိန့်များ ပေးသည်။ ကျင့်ကြံခြင်း အတွက် လမ်းပြပေးသည်။
ကျင့်ကြံခြင်း အခြေခံအရာတွင် အနည်းငယ် သာလွန်သည့်တိုင် ဟုန်ချွင်းဟွာမှာ စုမေ့ အပေါ် ဝေ့ဝူယင်နှင့် မခြား လေးစားမှု အပြည့် ရှိသည်။ ထို့အပြင် သူမ၏ စိတ်အတွင်း၌ အပေါင်း လက္ခဏာဆောင်သည့် ပြိုင်ဆိုင်လိုစိတ်လည်း ရှိပေသည်။ ယနေ့ စုမေ့ ရောက်မလာဟု ကြားသိရရာ သူမ အနည်းငယ် စိတ်ပျက်မိသွားမိ၏။
အာဏာရှင် အဖွဲ့သားများမှ လွဲ၍ ယနေ့ခေတ် လူငယ် ပါရမီရှင် ဟု ခေါ်သူများမှာ သူမအား ယှဥ်ပြိုင်နိုင်စွမ်း မရှိ ဟု ဟုန်ချွင်းဟွာ ခံစားနေရသည်။ တစ်ချိန်တစ်ခါက ကျင့်ကြံခြင်း အဆင့်များကိုပင် ကျော်လွန် တိုက်ခိုက်နိုင်ခဲ့သည့် ရှုတောင်း၊ ပင်းယင်၊ ယောင်ဝေ့ တို့ကဲ့သို့သော ကြယ်ပွင့်များမှာ နှမြောစရာ ကောင်းလောက်အောင်ပင် မှေးမှိန်သွားခဲ့ပြီ ဖြစ်သည်။ ဂိတ်တံခါး အတွင်း ဝင်ရောက်ရန် ယနေ့ ရောက်ရှိလာသည့် အာဏာရှင် ဆယ့်နှစ်ယောက်ထဲမှ အားအနည်းဆုံး တစ်ယောက် ပင်လျှင် သူတို့ကို တိုက်ခိုက် ချေမှုန်းနိုင်စွမ်း ရှိပေသည်။
ဘုန်း... ဘုန်း...
ဟုန်ချွင်းဟွာ အတွေးများ နယ်ချဲ့နေစဥ်မှာပင် မောက်မာရိုင်းစိုင်းသည့် အတောင်ပံ တစ်စုံမှာ လေပြင်း မုန်တိုင်းများကို သယ်ဆောင်လျှက် အရှိန်အဟုန် ပြင်းပြင်း ရောက်ရှိလာ၏။ အားလုံးမှာ ခေါင်းများကို မော့ရင်း ကောင်းကင်ရှိ ပုံရိပ်ကို ကြည့်လိုက်မိကြသည်။
ချင်းရိုင်း၏ မျက်ခုံးများက မသိမသာ ကြုတ်သွားကာ မျက်လုံးထဲ၌ ရှုပ်ထွေးသည့် အလင်းအချို့ ပေါ်ခဲ့သည်။ မရည်ရွယ်ပါပဲ သူမ၏ အကြည့်များက တရှန်းထံသို့ ရောက်ရှိသွားမိ၏။ ဘာကြောင့်မှန်း မသိ... သူမ၏ အတွေးများက ပိုမို ရှုပ်ထွေးသွားသည်။
ဟူး... ဟူး...
ကောင်းကင်ရှိ ပုံရိပ်မှ ယုံဟွာ ရေကန်ထက်သို့ မဆင်းသက်ခင် လေထုထဲတွင်ပင် စက်ဝိုင်းပတ်ပတ်ကာ ပျံသန်းနေသေး၏။ အဖြူနှင့် အနက်ရောင် လျှပ်စီးများက သူ့ခန္ဓာကိုယ် တစ်ဝိုက်၌ တဖျပ်ဖျပ် လင်းလက် နေလေရာ အလွန်ပင် မျက်စိ ပသာဒ ဖြစ်စရာ ကောင်းလှသည်။
ဝှစ်...
ရှောင်ပိုင်သည် အရှိန်အဟုန်နှေးသွားသော အခါတွင်မှ လျှပ်စီးခွာများဖြင့် ရေကန်ကြီး၏ မျက်နှာပြင်ပေါ် ဆင်းသက်လာခဲ့၏။ လူအုပ်ကြီး၏ အထင်ကြီးသော အကြည့်များကို ခံယူရင်း သူက မာနကြီးစွာဖြင့် ခေါင်းကို မော့ထားခဲ့သည်။
“ငါတစ်ခါမှ ဒီလောက် မြန်မြန် မပျံဖူးဘူး...”
ပျာယာခပ်နေသည့် မိန်းကလေး အသံတစ်ခုမှာ ရှောင်ပိုင်၏ ကျောထက်မှ ထွက်ပေါ်လာရာ အားလုံးမှာ စိတ်များ ရှုပ်ထွေး သွားကြ၏။ များစွာ မတွေးနိုင်ခင်မှာပင် ဝေ့ဝူယင်၏ ရယ်မောသံကို ဆက်တိုက်ဆိုသလို သူတို့ ကြားလိုက်ရသည်။
“ဟား ဟား... ပြောတော့ အေးဆေးပဲ ဆို... အဲဒီကောင်မလေး ဘယ်ရောက်သွားတာလဲ”
ဝှစ်... ဝှစ်...
ထို့နောက် ပုံရိပ်နှစ်ခုမှာ လျှပ်စီး အလင်းတန်းများ အကြားမှ ဖောက်ထွက်ရင်း ရှောင်ပိုင်၏ ကျောထက်မှ ခုန်ဆင်းလာလေ၏။
ပထမ တစ်ယောက်က ချောမောသော မျက်နှာနှင့် ငွေရောင် မျက်လုံးများကို ပိုင်ဆိုင်ထားသည်။ သံသယ ရှိစရာ မလိုလောက်အောင်ပင် သူက လက်ရှိခေတ်၏ အကျော်ကြားဆုံး ပုဂ္ဂိုလ် တစ်ဖြစ်လည်း အာရုဏ်ဦး ဧကရာဇ် ဝေ့ဝူယင်ပင် ဖြစ်သည်။
ဒုတိယမြောက် တစ်ယောက်ကတော့ မျက်နှာကို ဇာပုဝါ တစ်ခုဖြင့် ဖုံးကွယ်ထားသည့် အယ်ဗန်မျိုးနွယ်ဝင် မိန်းကလေး တစ်ယောက်ပင်။ သူမက တုန်ရီသော လက်ကလေးများဖြင့် ဝေ့ဝူယင်၏ ဝတ်ရုံကို ကျစ်ကျစ်ပါအောင် ဆွဲကိုင်ထား၏။ ထိုအခိုက်၌ သူမ၏ အမူအရာကို ကြည့်ရသည်က ကမ္ဘာပျက်လျှင်ပင် လွှတ်ပေးတော့မည့်ပုံ မရချေ။
လူအုပ်ကြီးထဲမှ အနက်ရောင် ဝတ်စုံနှင့် လူငယ်တစ်ယောက်မှာ ထိုမိန်းကလေးကို မြင်သည်နှင့် မည်သူ ဖြစ်ကြောင်း ချက်ချင်း တန်းကာ သိရှိလိုက်၏။
“ချင်ချူးမူ...”
***