← Chapters

အေးဆေး

Vol. 27 Ch. 373

အေးဆေး

Vol. 27 Ch. 373

“ချင်ချူးမူ...”

လုံချန်က လက်သီးများကို တင်းကြပ်စွာ ဆုပ်လိုက်ရာ လက်ဆစ်များမှ တဖျိုးဖျိုး တဖျစ်ဖျစ် မြည်သံများပင် ထွက်ပေါ်လာသည်။ အမြဲတစေ ကြည်လင်နေတတ်သည့် သူ၏ အနက်ရောင် မျက်ဝန်းများကတော့ ကလေးများပင် ထိတ်လန့်စေမည့် ရက်စက် ကြမ်းကြုတ်သော အရိပ်အယောင်တို့ဖြင့် ပြည့်နှက်နေသည်။ ဝေ့ဝူယင်နှင့် ချင်ချူးမူတို့အား ယခုလို အတူတွဲ၍ တွေ့ဆုံလိုက်ရသည့် မြင်ကွင်းက သူ့အတွင်း အနည်ထိုင်နေသည့် စိတ်ရိုင်းများကို လှုပ်နှိုးလိုက်သလိုပင်။

နာ့ရှင်းရီကို ကာကွယ်ရန် ပျက်ကွက်ခဲ့ပြီးနောက်တွင် သူသည် ဆယ်စုနှစ်များစွာ အတူတကွ ကျင့်ကြံခဲ့သည့် အပေါင်းအဖော် အချို့၏ ယုံကြည်မှုကို ဆုံးရှုံးခဲ့ရသည်။ အချိန်အတန်ကြာ ဆင်ခြင်သုံးသပ်ပြီးနောက် အမှားကို သူ နားလည်ခဲ့သည်တိုင် ထိုအမှားတွင် တာဝန် အရှိဆုံးက ဝေ့ဝူယင် ဖြစ်ကြောင်း သူ ယုံကြည်နေဆဲ ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် စိတ်ခံစားချက်များကို မျိုသိပ်ရင်း ယောက်ျားကောင်း ပီသစွာ သူ တောင်းပန်ခဲ့ပါသည်။ သို့သော်လည်း သူနှင့် မိန်းကလေးများ အကြားတွင် အတားအဆီး တစ်ခုက ကွာခြားနေဆဲ ဖြစ်သည်။ ချင်ချူးမူနှင့် သူ့အကြားရှိ ဆယ်စုနှစ် နှစ်ခုကြာ ဆက်ဆံရေး ဆိုလျှင် ပြတ်တောက်လုနီးပါးပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထိုနေ့ကတည်းက သူမမှာ သူ့ကို ရှောင်နေခဲ့သည်။ ဘယ်လောက်ပဲ တောင်းဆို တောင်းဆို အတွေ့ပင် မခံခဲ့။

“ငါ့နဲ့ မတွေ့တဲ့ ရက်တွေ အတွင်း နင် လုပ်နေတာက ဒါတွေလား...”

တွေးရင်း တွေးရင်း လုံချန်၏ သွေးများက ပို၍ ဆူပွက်လာ၏။ သူ၏ စိတ်တစ်ခုလုံးကား ဒေါသ အဟုန်ဖြင့် ပေါက်ကွဲလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ လုံချန် ဓားအား ဆွဲထုတ်လု နီးပါးမှာပင် ညင်သာ၊ နွေးထွေးသော အထိအတွေ့ တစ်ခုမှာ  သူ့ကို လက်ရှိသို့ ပြန်လည် ခေါ်ဆောင်လာခဲ့၏။

လုံချန် လှည့်ကြည့်လိုက်ရာ လျဲ့ယု၏ လှပသည့် အပြုံးကလေးကို တွေ့မြင်လိုက်ရသည်။ ထိုမိန်းကလေးမှာ သူ့အား စွန့်ပစ်မသွားခဲ့သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ အဆိုးရွားဆုံး အခြေအနေတွင်ပင် သူ့အား လက်တွဲ မဖြုတ်ခဲ့သူ ဖြစ်သည်။ အမှောင်ဆုံးသော နေ့ရက်များတွင် အလင်းပြခဲ့သူ ဖြစ်သည်။ ယခုလည်း သူမ၏ မျက်နှာထက်ရှိ နွေးထွေးသည့် အပြုံးလေးက “ကျွန်မ ဒီမှာ ရှိနေမယ်နော်... အားလုံး အဆင်ပြေသွားမှာပါ” ဟု ပြောနေသယောင်ပင်။

မိခင်တစ်ယောက်၏ ထွေးပွေ့မှုကို ခံလိုက်ရသည့် အလား လုံချန်၏ ဒေါသများက တစ်ဝက်မျှ လျော့ကျသွား၏။ သူက သူမ၏ လက်ကလေးကို ပြန်လည် ဆုပ်ကိုင်ရင်း အနည်းငယ် ဖျစ်ညှစ်လိုက်သည်။ ထို့နောက် အားတင်းကာ ပြုံးပြလိုက်၏။

ပြန်လည် တည်ငြိမ်သွားသည့် လုံချန်ကို ကြည့်ရင်း လျဲ့ယုမှာ စိတ်သက်သာရာ ရသွားသည်။ သူမက ချင်ချူးမူကို စူးစူးရဲရဲ တစ်ချက် လှမ်းကြည့်လိုက်၏။ မကြာခင် လုံချန်နှင့် ဝေ့ဝူယင်ကြားရှိ အမှန်တရား တစ်ခု ကွဲကွဲပြားပြား ထွက်ပေါ်လာလိမ့်မည် ဖြစ်ကြောင်း သူမ ယုံကြည်ပေသည်။ ထိုအချိန်သို့ ရောက်လျှင် သစ္စာဖောက်သွားသည့် မိန်းမအားလုံး နောင်တရကာ ငိုယို တောင်းပန်ရပေလိမ့်မည်။

ဝေ့ဝူယင်နှင့် ချင်ချူးမူတို့မှာ သူတို့၏ အတွေးများကို သိရှိခြင်း မရှိသလို စိတ်ဝင်စားခြင်းလည်း မရှိချေ။ သူတို့ နှစ်ယောက် အတူရှိနေသည့် အခါတိုင်းက အရင်းနှီးဆုံး မိတ်ဆွေများ သဖွယ် တစ်ယောက်ကို တစ်ယောက် မူလ နှလုံးသားမျိုးကို ထုတ်ဖော် ပြသကြရင်း စိတ်အေးလက်အေး ရှိနေတတ်ကြသည်။

ဤသို့ဆိုလျှင် သူတို့ နှစ်ယောက်မှာ မည်ကဲ့သို့ အတူတကွ ရောက်ရှိလာခဲ့သနည်း။

ဝေ့ဝူယင် ကောင်းကင်နန်းတော်မှ ထွက်ခွာလာခဲ့ချိန်၌ မိန်းကလေးမှာလည်း တူညီစွာပင် ယုံဟွာရေကန်ဆီသို့ ခရီးနှင် နေခဲ့သည်။ သူမမှာ လွန်ခဲ့သည့် ရက်ပိုင်းအတွင်း တံခါးပိတ် ကျင့်ကြံမှု တစ်ခုအတွင်း နစ်မြှုပ်ကာ မိနစ်ပိုင်းလောက် အလိုမှ ပြန်လည် နိုးထလာခဲ့ခြင်း ဖြစ်သည်။ သေချာပေါက် နောက်ကျတော့မှာ ဖြစ်လို့ သူမ အတော်လေး အလျင်လိုနေခဲ့သည်။

ကံကောင်းစွာပင် ဝေ့ဝူယင်မှာလည်း သူမ ကဲ့သို့ပင် နောက်ကျနေခဲ့သည်။ ဤသို့နှင့် ဝေ့ဝူယင်နှင့် အတူ ရှောင်ပိုင်၏ ကျောပေါ်သို့ သူမ ရောက်ရှိလာခဲ့သည်။

ရှောင်ပိုင်မှာ ပုံမှန် အမြန်နှုန်း အတိုင်း ပျံသန်းနေချိန်တွင် သူမတို့ နှစ်ဦး အကြား၌ ဤကဲ့သို့ စကားဝိုင်းလေး တစ်ခု ဖြစ်သွားခဲ့သည်။

“ကျွန်မတို့ ဒီနှုန်းအတိုင်းပဲ သွားတော့မလို့လား...”

“မြန်မြန်သွားလို့တော့ ရတယ်လေ... ဒါပေမဲ့ နင် ပြန်အန်ထွက်မှာကို ငါ စိုးရိမ်နေတာ...”

"ဘာမှ စိုးရိမ်စရာ မလိုပါဘူး... ငါက ကျင့်ကြံသူလေ... ဘယ်လောက် မြန်မြန် အေးဆေးပဲ”

“နင် သေချာလို့လား...”

"အေးဆေးပါဆို...”

သို့သော်လည်း ချင်ချူးမူ လုံးဝ မှားယွင်းသွားခဲ့၏။ ရှောင်ပိုင်က အမြန်နှုန်းကို အဆ နှစ်ဆယ်မျှ တိုးမြှင့်လိုက်သော အခိုက်၌ သူမ၏ အဆုတ်ထဲမှ လေများအားလုံး ဆုံးရှုံးသွားကာ သတိလစ်လုနီးပါး အထိပင် ဖြစ်သွားခဲ့သည်။ ချက်ချင်းပင် သူမ နောင်တရလိုက်မိသည်။ အကယ်၍ ဝေ့ဝူယင်၏ ဝတ်စုံကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မထားပါက ရှောင်ပိုင်၏ ကျောထက်မှ သူမ ပြုတ်ကျ၍ပင် ကျန်ခဲ့လောက်သည်။

ဤသို့နှင့် တစ်နေ့စာ ပျံသန်းရမည့် ခရီးကို မိနစ် အနည်းငယ် အတွင်းမှာပင် သူတို့ နှစ်ယောက် ရောက်ရှိလာခဲ့သည်။

ချင်ချူးမူမှာ မူးဝေဝေဖြစ်နေသလို အကြောက်လည်း လွန်နေသေးရာ ဝေ့ဝူယင်၏ ဝတ်စုံကို နည်းနည်းမျှ မလွှတ်ရဲသေးချေ။  အရှိန်မသေသေးပဲ ဤကမ္ဘာမြေကြီးမှ လွင့်ထွက်သွားလေမလား ပေါက်ကရတွေးရင်း သူမ ထိတ်လန့်နေမိသည်။

လူအုပ်အတွင်းရှိ မရေမတွက်နိုင်သော အကြီးအကဲနှင့် တပည့်များမှာ ဝေ့ဝူယင် အနားသို့ ကပ်ကာ အကဲပိုနေဟန်ရသည့် ချင်ချူးမူကို မနာလိုစွာ ကြည့်လိုက်မိကြ၏။ သို့သော်လည်း သူတို့ မနာလိုစိတ်များကို စိတ်အတွင်းတွင်သာ ထိန်းသိမ်းထားကာ ချင်ချူးမူကို တစ်စုံတစ်ရာ မပြောရဲကြချေ။

ဟီး... ဟီး..

ရှောင်ပိုင်က အနည်းငယ် ဟီလိုက်ရင်း လည်ဆံမွေးများကို ခါယမ်းလိုက်၏။ သူ၏ ခန္ဓာကိုယ် ပတ်လည်၌ ဝန်းရံနေသော လျှပ်စီးကြောင်းများက ဖြည်းညင်းစွာပင် ပြန်လည် ပျောက်ကွယ်သွားသည်။

“အဖေကြီး... အဲဒါက ကောင်းကင် နတ်မြင်းပျံရော ဟုတ်ရဲ့လား”

ယောင်ဝေ့က ဖခင်ဖြစ်သူအား လှည့်ကြည့်ရင်း နားမလည်စွာဖြင့် မေးလိုက်၏။ ယောင်ကျန်းက ခရမ်းရောင် တောက်ပနေသော မျက်လုံးများဖြင့် ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်... သူ့ရဲ့ သွေးမျိုးဆက် ပြန်ပြီး နိုးထလာလို့ အသွင်ပြောင်းသွားတာ”

ထိုမြင်းကလေး ဝေ့ဝူယင်၏ လက်ထဲသို့ ရောက်သည်မှာ ဆယ်စုနှစ် တစ်ခုခန့်သာ ရှိပေသေးသည်။ ထိုမျှ တိုတောင်းသည့် အတောအတွင်း ယခုလောက်ထိ အသွင်ပြောင်းလဲ သွားခဲ့သည်က မယုံကြည်နိုင်လောက်အောင်ပင်။

“ကောင်းကင် ဧကရာဇ်ဝေ့က သူ့အတွက် ဘယ်‌လောက်တောင် ရင်းမြစ်တွေ သုံးထားလဲ မသိဘူး”

အဖွဲ့ထဲရှိ နတ်ဆိုးအိုကြီး တစ်ယောက်က မရေရာစွာဖြင့် ရေရွတ်လိုက်၏။ ပုံမှန်အားဖြင့် ကောင်းကင် နတ်မြင်းပျံ တစ်ကောင် မီတာ ရှစ်ဆယ် အရွယ်အစား အထိ ရောက်ဖို့ ဆိုလျှင် အနည်းဆုံး နှစ်ပေါင်း သုံးရာခန့် စောင့်ဆိုင်းဖို့ လိုအပ်သည်။ ထိုအတောအတွင်း အမျိုးမျိုးသော ရင်းမြစ်များနှင့် ပံ့ပိုးပေးဖို့လည်း လိုအပ်သေးသည်။

သို့သော်လည်း ရှောင်ပိုင်ကတော့ ဆယ်စုနှစ် တစ်ခုလောက် အတွင်းမှာပင် ထိုအရွယ်အစားကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ နောက် နှစ်ပေါင်း နှစ်ရာ သုံးရာကြာလျှင် သူက ဘယ်လောက်အထိတောင် ထပ်ပြီး ဖွံ့ဖြိုးလာလိမ့်မည်နည်း။

“သားရဲတစ်ကောင်ရဲ့ အရွယ်အစားက သူ့ရဲ့ မွေးရာပါ စွမ်းအားနဲ့ မျိုးရိုးကို ရောင်ပြန်ဟပ်နိုင်တယ် တဲ့... ရှေးဟောင်းခေတ်တွေတုန်းက ဆိုရင် ကုန်းမြေတိုက်ကြီး တစ်ခုနီးပါး အရွယ်အစားရှိတဲ့ သားရဲကြီးတွေတောင် ရှိခဲ့ဖူးတယ် တဲ့... ရှောင်ပိုင်က အဲဒီလောက် အထိ ဖွံ့ဖြိုးမလာဘူးလို့ မပြောနိုင်ဘူး”

ယောင်ကျန်းက ဆိုလိုက်၏။ သူသည် ကြယ်တာရာ အမြုတေ အဆင့်‌ခြောက် တစ်ယောက် ဖြစ်ရာ ဗဟုသုတ အတော်လေး ပြည့်စုံသည်ဟု ဆိုနိုင်ပေသည်။

ယောင်ဝေ့ အပါအဝင် လူငယ်မျိုးဆက်များမှာ ယောင်ကျန်း၏ စကားကို နားထောင်ရန်း အံ့အားသင့် သွားကြ၏။ သားရဲများမှာ အသက်နှင့် အမျှ ကြီးထွားလာနိုင်ကြောင်း သူတို့ သိထားပြီး ဖြစ်သည့်တိုင် ကုန်းမြေတိုက်ကြီး တစ်ခု၏ အရွယ်အစား အထိ ဖြစ်လာဖို့ကတော့ မယုံကြည်နိုင်လောက်အောင်ပင်။ ထိုကဲ့သို့ သားရဲကြီးများ ကူးလူးသွားလာနေသည့် ရှေးဟောင်းခေတ်ကို စိတ်ထဲမှ ပုံဖော်ကြည့်ရင်း သူတို့ ကြက်သီးများပင် ထလာမိကြ၏။

အခြားတစ်ဖက်၌ ကျိချန်းကောင်းမှာလည်း ရှောင်ပိုင်၏ အရွယ်အစား အပေါ် သံသယ ဖြစ်နေသည့် ရှုတောင်း၏ တူညီသော မေးခွန်းများကိုပင် ပြန်လည် ဖြေရှင်းနေခဲ့ရလေသည်။

“ရှေးဟောင်းသားရဲ... အဲ့တာက ဘယ်လိုမျိုးလဲ”

ရှုတောင်း၏ မျက်လုံးများက စိတ်ဝင်စားမှု အရိပ်အယောင်ဖြင့် တလက်လက် တောက်ပနေ၏။ ကျိချန်းကောင်းက ရှောင်ပိုင်ကို လှမ်းကြည့်ရင်း အသာအယာပင် ပြုံးလိုက်သည်။

သားရဲများမှာ ကျင့်ကြံသူများနှင့် ကွာခြားစွာပင် အသက် မသေဆုံးခင် အချိန် အထိ ဆက်လက် ဖွံ့ဖြိုးနိုင်ကြသည်။ ထို့အပြင် သင့်တော်သော အထောက်အပံ့ကို ရရှိပါက ဒဏ္ဍာရီ တွင်ရစ်သည့် ရှေးဟောင်း ဘိုးဘေးများ၏ သွေးမျိုးဆက်များကို နှိုးထနိုင်စွမ်း ရှိသည်။

သူက ဂရုတစိုက်ပင် ဖတ်ထားခဲ့ဖူးသည့် ရှေးဟောင်း စာအုပ်များထဲမှ အချက်အလက်များကို ပြန်လည် ဆွဲထုတ်လိုက်၏။

“ရှေးဟောင်းသားရဲတွေက အစစ်အမှန် နဂါးကနေ ဆင်းသက်လာတယ်ဆိုပြီး ပြောစမှတ် ပြုကြတယ်... ဘယ်လောက်ပဲ ပုံစံ ကွဲကွဲ၊ အမျိုးအစား ကွဲကွဲ... အားလုံးက အစစ်အမှန် နဂါးရဲ့ မျိုးဆက်တွေပဲ”

ရှုတောင်း၏ ထက်ရှသော အကြည့်များက ရှောင်ပိုင်ထံမှ ကျိချန်းကောင်းဆီသို့ ရောက်ရှိသွားသည်။

“နဂါးဟုတ်လား ဆရာ... ဘယ်နဂါးမျိုးနွယ်ကို ပြောတာလဲ... ခုခေတ်မှာရော နဂါးတွေ ရှိသေးလား... သူတို့က ဘယ်မှာနေတာလဲ”

“ ... “

နောက်ဆုံး မေးခွန်းအတွက်တော့ ကျိချန်းကောင်းတွင် အဖြေမရှိချေ။ ရှေးဟောင်း မှတ်တမ်းများတွင် ဖော်ပြထားသည့်တိုင် တကယ်လက်တွေ့တွင်တော့ နဂါးမျိုးနွယ်မှာ ပျောက်ကွယ်သွားခဲ့ပုံ ပေါ်သည်။ သူတို့၏ သွေးမျိုးဆက်နှင့် ဆက်စပ်နေသည့် ရှို့ရန် တစ်ယောက်ပင်လျှင် မရှိချေ။ ကျိချန်းကောင်း မထိန်းချုပ်နိုင်ပဲ တွေးလိုက်မိ၏။

"နဂါးတွေက ဘာဖြစ်သွားတာလဲ...”

ထိုသတ္တဝါကြီးများမှာ ကုန်းမြေတိုက်ကြီးများ ကဲ့သို့ အရွယ်အစားရှိသည် ဆိုလျှင် အဘယ်ကြောင့် ပျောက်ကွယ်သွားခဲ့ရသနည်း။

ကျိချန်းကောင်း အတွေးထဲ နစ်မြုပ်သွားစဥ်မှာပင် လုံချန်မှာ လျဲ့ယု၏ လက်ကို ဆွဲကာ ဝေ့ဝူယင်တို့ အနားသို့ လျှောက်လာခဲ့၏။ သူက ချင်ချူးမူကို လုံးလုံးလျားလျား လျစ်လျူထားကာ ဝေ့ဝူယင်၏ မျက်လုံးများကိုသာ တည့်တည့် ကြည့်ရင်း မေးလိုက်သည်။

“ငါ့ဆရာ ဘယ်မှာလဲ...”

ပုံမှန်ဆိုလျှင် ဝေ့ဝူယင်မှာ သူ့ဆီမှ ရယူသွားသည့် အနက်ရောင် လက်စွပ်ကလေးကို လည်ပင်းတွင် ဆွဲထားတတ်သည်။ သို့သော်လည်း ယနေ့၌ ထိုလက်စွပ်လေး ပါမလာချေ။ တကယ်တမ်းဆိုလျှင် ဤကဲ့သို့ အန္တရာယ်များသည့် ခရီးတစ်ခုကို သွားရောက်ရာ၌ ဝူယုကို ခေါ်လာသင့်သည်။

ထို့အပြင် ဂိတ်တံခါး အတွင်း၌ အခွင့်အရေး ရပါက ဝူယုကို ပြန်လည် ခေါ်ဆောင်ရန် လုံချန်တွင် ရည်ရွယ်ချက်လည်း ရှိထားသည်။

ဝေ့ဝူယင်က လုံချန်၏ မေးခွန်းကို ပြန်မဖြေချေ။ ထို့အစား သူက ဘေးနားရှိ လျဲ့ယုကိုသာ တစ်ချက်ကြည့်၏။ နာ့ရှင်းရီအား ကာကွယ်ရန် ပျက်ကွက်ခဲ့ပြီးနောက် သူမမှာ လုံချန်၏ နံဘေးတွင် ကျန်ရစ်ခဲ့သည့် တစ်ဦးတည်းသော မိန်းကလေး ဖြစ်ပေသည်။

“မင်းက မဟာမင်းသားရဲ့ တောင်းဆိုမှု သုံးခုထဲက တစ်ခုကို သုံးပြီး သူ့ကို အပါ ခေါ်ခဲ့တယ်ပေါ့လေ... အဲဒါက အကြံကောင်းလို့ မင်းထင်နေတာလား”

ဝေ့ဝူယင် လုံချန်ကို ပြန်ကြည့်ရင်း မေးလိုက်၏။ ပထမ သူကြားရသလောက် ဆိုလျှင် လုံချန်မှာ ဂိတ်တံခါး အတွင်း ဝင်ရောက်ခွင့် တစ်နေရာကို လျဲ့ယု အတွက် တောင်းဆိုခဲ့ခြင်း မဟုတ်ချေ။ ထိုအခွင့်အရေးကို သူက ဟုန်ယု၊ ရှောင်ပင်း၊ လုံထျန်းယုနှင့် ဝူပိုင်ကျိုးတို့ အတွက် ရည်ရွယ်၍ တောင်းဆို ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ကံဆိုးစွာပင် သူတို့အားလုံးမှာ သူ့ဘဝထဲမှ အလျှိုလျှို ထွက်ခွာသွားခဲ့ကြပြီး ဖြစ်သည်။ ယခု လျဲ့ယု တစ်ယောက်တည်းသာလျှင် သူ့နံဘေးတွင် ကျန်ခဲ့ပေတော့သည်။

“ငါ့ဘာသာ ဘာပဲလုပ်လုပ် မင်း ပူစရာ ကိစ္စ မဟုတ်ဘူး.. ငါ ထပ်မေးမယ် ငါ့ဆရာ ဘယ်မှာလဲ”

စိတ်မရှည်မှုနှင့် အတူ လုံချန်၏ မျက်လုံးများက အန္တရာယ်များစွာ ကျဥ်းမြောင်းလာ၏။ ဝေ့ဝူယင်က ပခုံးနှစ်ဖက်ကို တွန့်ရင်း ထိုမေးခွန်းကို ပြန်ဖြေလိုက်သည်။

“သူလား တပည့်အသစ် ရသွားပြီလေ...”

***

All Chapters