← Chapters

ထွက်ခွာခြင်း

Vol. 27 Ch. 374

ထွက်ခွာခြင်း

Vol. 27 Ch. 374

ထာဝရ ပြန်လည် မွေးဖွားခြင်းဆေးလုံးကို ဖော်စပ်ပေးရန် ဝေ့ဝူယင်၏ ငြင်းဆိုမှုကို ခံခဲ့ရပြီးနောက် ဝူယုမှာ ဝူပိုင်ကျိုး၏ ကျင့်ကြံခြင်းကို လမ်းညွှန်ပေးဖို့ ဆုံးဖြတ်ခဲ့သည်။ ဝူပိုင်ကျိုးမှာ သူ့မျိုးဆက် ဖြစ်ရာ အင်ပါယာ ကောင်းကင်ချီ နည်းလမ်းကို ကျင့်ကြံရန် များစွာ သင့်တော်သည်။ သူက သူမကို တပည့် အဖြစ် လက်ခံခဲ့သည်။

လုံချန်လား...

ဝေ့ဝူယင်အား သေခြင်းရှင်ခြင်း စိန်ခေါ်ပြီးနောက်တွင် ထိုလူငယ် ဆက်လက် အသက်ရှင်သန်နိုင်မည် ဟု သူ မထင်တော့ချေ။ သူ၏ ကံကြမ္မာက သတ်မှတ်ပြီးသွားပြီ ဖြစ်သည်။

ထို့အပြင် သူ၏ လမ်းညွှန်မှု၊ ဝေ့ဝူယင်၏ ပံ့ပိုးမှုတို့နှင့် အတူ ဝူပိုင်ကျိုးမှာ နှစ်အနည်းငယ် အတွင်း လုံချန်ကို ကျော်လွန်သွားလိမ့်မည် ဖြစ်ကြောင်းလည်း သူ ယုံကြည်ချက် ရှိသည်။ အကယ်၍ သူ့ ခန့်မှန်းချက်သာ မမှားပါက နှစ်ထောင်ဂဏန်း အတွင်းမှာပင် မိန်းကလေးမှာ လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းကာ သူ့ ခန္ဓာကိုယ် ပြန်လည် တည်ဆောက်ရာတွင် ကူညီပေးနိုင်ပေလိမ့်မည်။

လုံချန်မှာ လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်မိ၏။ ဆရာက သူ့နေရာတွင် အခြားတစ်ယောက်ကို အစားထိုးလိုက်ပြီလား။ ထပ်မံ စုံစမ်းရန် ဟန်ပြင်လိုက်စဥ်မှာပင် ငွေရောင် အလင်းတစ်ခုမှာ ကောင်းကင်တွင် တောက်ပလာ၏။ ထို့နောက် မီးခိုးရောင် အဝတ်အစားများနှင့် ပုံရိပ်တစ်ခု တဖြည်းဖြည်း ပေါ်လာခဲ့လေသည်။

“တစ်နေ့စောပြီး ငါတို့ ထွက်ကြမယ်... အားလုံး အသင့်ပြင်ထားပါ”

ထို့ပိဟန်က ကောင်းကင်တွင် ရပ်ရင်း လုံချန်နှင့် ဝေ့ဝူယင်တို့ အပါအဝင် အားလုံးကို ငုံ့ကြည့်ကာ ကြေညာလိုက်၏။ သူ့လေသံတွင် အရေးကြီးသည့် အငွေ့အသက်များ ပါဝင်နေသည်။

“ ... “

ယောင်ကျန်း၊ ချင်းရိုင်တို့ အပါအဝင် အားလုံးမှာ တိတ်ဆိတ်သွားကာ မသေချာ မရေရာခြင်း များစွာဖြင့် ကောင်းကင်ကို ကြည့်လိုက်မိကြသည်။ အော်ရစ်ပင်လယ်မှာ ရှင်သန်နေထိုင်ရန် အလွန် အန္တရာယ်များသည်။ ထို့ကြောင့်ပင် ဂိတ်တံခါးဖွင့်ရန် သတ်မှတ်ထားသည့် မိနစ်ပိုင်းလောက် အလိုကို ချိန်၍ ထွက်ခွာရန် သူတို့ ဆုံးဖြတ်ထားခဲ့ဖြင်း ဖြစ်သည်။ ယခု ထို့ပိဟန်၏ လုပ်ဆောင်ချက်က တစ်ခုခု မှားယွင်းနေကြောင်း သိသာလှသည်။

မဟာ အင်ပါယာ သူတော်စင်ဟောင်းများမှာ ဝိညာဥ်အာရုံများကို ဖြန့်ကျက်ကာ ထို့ပိဟန်အား မေးခွန်းများ မေးရန် ကြိုးစားလိုက်ကြသည်။ သို့သော်လည်း လူအိုကြီးကတော့ မေးခွန်းများကို ပြန်ဖြေခြင်းဖြင့် အချိန်အား မဖြုန်းတီးတော့ချေ။

“မခုခံကြနဲ့...”

သူက အမိန့်ပေးရင်း လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ဝိညာဥ် အင်အားကိုသာ ထုတ်လွှတ်လိုက်၏။ တောက်ပသည့် ငွေရောင် အလင်းများမှာ သူ့လက်ချောင်းများမှ ထွက်ပေါ်လာကာ စမ်းချောင်းများ သဖွယ် အားလုံး၏ ခန္ဓာကိုယ်များကို ရစ်သိုင်းသွားသည်။ မသိလိုက်ခင်မှာပင် အားလုံး၏ ခန္ဓာကိုယ်များမှာ လေပေါ် အလိုအလျောက် မြင့်တက်လာလေသည်။

ဝေ့ဝူယင်မှာ ငွေရောင်အလင်းများ၏ နွေးထွေးသည့် အထိအတွေ့ကို သက်တောင့်သက်သာပင် ခံစားရင်း စိတ်လှုပ်ရှားနေသည့် ဘေးနားရှိ ချင်ချူးမူ၏ လက်ကိုသာ ဆုပ်ကိုင်လိုက်၏။

ဝှစ်...

ထို့ပိဟန်က ဟင်းလင်းပြင် အင်အားကို သုံးရင်း အားလုံးကို ယုံဟွာ စေတီထဲ ခေါ်ဆောင်လိုက်သည်။ ထိုအဆောက်အဦ၏ အတွင်းပိုင်း အဆင်အပြင်မှာ ဝူနက္ခတ် မျှော်စင်နှင့် အတော်လေး ဆင်တူလှသည်။ ကြီးကျယ်သည့် ခန်းမကြီးတစ်ခုမှ လွဲ၍ အခြား ပရိဘောဂ တစ်ခုမှ ရှိမနေခဲ့ချေ။

ဤကဲ့သို့ ဟင်းလင်းပြင် ဂိတ်တံခါးများမှာ စစ်ပွဲ အတွက် ရည်ရွယ်ကာ တည်ဆောက်ထားခြင်း ဖြစ်ကြောင်း ဝေ့ဝူယင် အစောကတည်းကပင် လေ့လာထားခဲ့ပြီး ဖြစ်သည်။ ၎င်းတို့မှာ လူပမာဏ အများအပြားကို တစ်ပြိုင်နက်တည်း သယ်ဆောင်ကာ အချိန်တို အတွင်း တိကျစွာ ပို့ဆောင်ပေးနိုင်စွမ်း ရှိသည်။ ထို့အပြင် ၎င်းမှာ ရန်သူများ ရုတ်ချည်း ရောက်ရှိလာမှုကို တားဆီး ချေမှုန်းပေးနိုင်သည့် ဝင်္ကပါတစ်ခုကိုပါ တပ်ဆင်ထားပေသေးသည်။

ဝှစ်...

ထို့ပိဟန်က ဟင်းလင်းပြင် ဓာတ်လုံးကို ထုတ်ကာ ဂိတ်တံခါး မျက်နှာကျက်ရှိ သတ်မှတ်နေရာတွင် ထည့်သွင်း လိုက်၏။ သာမန် ဟင်းလင်းပြင် ဂိတ်တံခါးများကို စက္ကန့်ပိုင်းမျှပင် မစောင့်ရ။ ချက်ချင်းပင် ယန္တရား လည်ပတ်သံများနှင့် အတူ ရောင်စုံ ကန့်လန့်ကာ တစ်ခု သူတို့ အရှေ့၌ ပေါ်လာခဲ့သည်။

“ဝင်ကြတော့...”

ထို့ပိဟန်က အမိန့်ပေးလိုက်သည်။ သို့သော်လည်း လူငယ်များကတော့ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း တုန့်ဆိုင်း နေကြသည်။ ဤဟင်းလင်းပြင် ဂိတ်တံခါးအား ပိတ်သိမ်းထားခဲ့သည်မှာ စစ်ပွဲကြီး အဆုံးသတ်ချိန် ကတည်းက ဖြစ်ရာ နှစ်အားဖြင့် သုံးရာခန့် ကြာမြင့် ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ပင် တစ်ခုခု ချွတ်ချော်သွားမည်ကို သူတို့ စိုးရိမ် နေကြသည်။

ထို့ပိဟန်မှာ သူတို့၏ ထိုတုန့်ဆိုင်းနေမှုကို နားလည်လိုက်၏။ ထို့ကြောင့်ပင် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ လှိုင်းတစ်ခုကို ထုတ်ဖော်လိုက်သည်။

ဟူး... ဟူး...

ရှေ့ဆုံးတန်းတွင် ရပ်နေကြသည့် အကြီးအကဲ တစ်ဦးမှာ ခန္ဓာကိုယ် ဟန်ချက်ပျက်ကာ လေးညှို့မှ ပစ်လွှတ်လိုက်သည့် မြှားများ အလား ရောင်စုံ ကန့်လန့်ကာဆီ လွင့်ထွက် သွား၏။ ထိတ်လန့်တကြား အော်ဟစ်သံ အနည်းငယ် ထွက်ပေါ်လာသော်လည်း မကြာခင်မှာပင် သူ၏ ခန္ဓာကိုယ်မှာ တစ်ဖက်သို့ ရောက်ရှိ ပျောက်ကွယ်သွားကြသည်။

“သွား...”

ထို့ပိဟန်က ထပ်ပြောလိုက်၏။ အခြား အကြီးအကဲများမှာ အံကို တင်းတင်းကြိတ်ရင်း တံခါးဆီ အရင်ဦးဆုံး တိုးဝင်သွားကြသည်။ ဘာဖြစ်မည်ကို သေချာ မသိသည့်တိုင် ကိုယ့်ခွန်အား အပေါ် သူတို့ အပြည့်အဝ ယုံကြည်ချက် ရှိပေသည်။ မကြာခင် သူတို့အားလုံးမှာလည်း အစီအရီ ပျောက်ကွယ် သွားကြ၏။

အကြီးအကဲများပြီးနောက် ယခင် မဟာသူတော်စင်များ တစ်ဖြစ်လည်း မူလ သူတော်စင်များ အလှည့်သို့ ရောက်ရှိလာ၏။ သူတို့က ထို့ပိဟန်ကို တစ်ချက်သာ ကြည့်ကာ တည်ငြိမ်စွာပင် ဂိတ်တံခါး အတွင်း ဝင်ရောက်သွားကြသည်။ ထို့ပိဟန် ကဲ့သို့ လူအိုကြီးပင် အလောတကြီး ဖြစ်နေရအောင် အခြားတစ်ဖက်၌ မည်သည်တို့ ဖြစ်ပျက်နေသည်ကို သူတို့ သိချင်နေကြသည်။

နောက်ဆုံးကတော့ တပည့်များ၏ အလှည့် ဖြစ်သည်။ သူတို့က ပင့်သက်များ ကိုယ်စီ ရှိုက်လိုက်ရင်း တွန့်ဆုတ် တွန့်ဆုတ်ဖြင့် ဂိတ်တံခါးဆီသို့ ဦးတည် လိုက်ကြတော့၏။

တရှန်းက ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်၏။ သူက တည်ငြိမ်စွာပင် သူမကို ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။ “ဘာမှ မဖြစ်ဘူး အဆင်ပြေတယ်” ဆိုသည့် သဘောပင်။

တရှန်းမှာ ယုံကြည်ချက် ပို၍ ရှိသွား၏။ အခြားတစ်ဖက်တွင် အန္တရာယ်များ ဆီးကြိုနေတော့ရော ဘာအရေးနည်း။ ရင်ဆိုင်လိုက်ရုံသာ ဖြစ်သည်။ သူမက တိုက်ခိုက်လိုစိတ် တဖျပ်ဖျပ် တောက်ပနေ‌သော မျက်လုံးများဖြင့် ဂိတ်တံခါး အတွင်း လှမ်းဝင်လိုက်တော့၏။

ချင်ချူးမူကလည်း တူညီစွာပင် ဝေ့ဝူယင်ကို ကြည့်သည်။ အခြားလူများ အနေဖြင့် မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း မသိနိုင်သည့်တိုင် ဝေ့ဝူယင် သိလိမ့်မည် ဖြစ်ကြောင်း သူမ ခံစားရသည်။ ထို့ပိဟန်မှာ ဝေ့ဝူယင်၏ လက်အောက်ငယ်သား တစ်ယောက် ဖြစ်သည့် အပြင် သူ့ ကိုယ်လုပ်တော်ကို ခေါ်ဆောင်ပေးဖို့ သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးကိုပင် ကိုယ်တိုင် သွားရောက်ဖူးသည် မဟုတ်ပါလား။

ဝေ့ဝူယင်ကလည်း တုန့်ဆိုင်း မနေချေ။ သူက ချင်ချူးမူလက်ကို ဆွဲရင်း ပြောလိုက်၏။

“သွားကြစို့...”

ထို့နောက် သူတို့ နှစ်ယောက်မှာ ခပ်မြန်မြန်ပင် ရောင်စုံကန့်လန့်ကာ အတွင်း ဝင်ရောက် ပျောက်ကွယ်သွားတော့၏။

ချင်ချူးမူမှာ ဝေ့ဝူယင်၏ အပြုအမူကြောင့် အနည်းငယ် နွေးထွေးသွားသည်။ ဤသည်က သူနှင့် ခန္ဓာကိုယ်ချင်း တိုက်ရိုက် ထိတွေ့ခဲ့သည့် ပထမဆုံး အကြိမ် ဖြစ်သည်။ ထို့အပြင် ဤသည်က သူမကို အသားယူခြင်း မဟုတ်ချေ။ စိုးရိမ်ပူပန်မှု ပြေလျော့သွားစေရန် အတွက် ပြုလုပ်ပေးခြင်းသာ ဖြစ်ကြောင်း သူမ သိပေသည်။ ထို့ကြောင့်ပင် ရုန်းကန်ခြင်း မပြုပဲ ငြိမ်သက်စွာသာ လိုက်ပါလာခဲ့သည်။

လုံချန်မှာ အခြားလူများ၏ အဖြစ်အပျက်များကို စောင့်ကြည့်ပြီးမှသာ ဂရုတစိုက် ပြုမူ ဆောင်ရွက်တတ်သည့် လူမျိုး ဖြစ်သည်။ အမျိုးမျိုးသော အန္တရာယ်များကို ရင်ဆိုင် ကြုံတွေ့ခဲ့ရပြီးနောက် ဤသည်က သူ တီထွင်ခဲ့သော နည်းဗျူဟာ တစ်ခု ဖြစ်သည်။ ထို့ကြောင့်ပင် သူသည် ဂိတ်တံခါးအား ဝင်ရောက်မည့် နောက်ဆုံးနား နေရာတစ်ခုတွင် ရှိနေခဲ့သည်။ ဝေ့ဝူယင်နှင့် ချင်ချူးမူတို့ လက်ချင်းတွဲရင်း ဝင်ရောက်သွားသည်ကို တွေ့မြင်လိုက်သည့်တိုင် သူ ဒေါသ မထွက်ပဲ အလွန်အမင်း တည်ငြိမ်နေခဲ့သည်။

ထိုမြင်ကွင်းက စိတ်ထဲရှိ သံသယ အားလုံးကို ရှင်းလင်းပစ်လိုက်သည့် အလား ချင်ချူးမူနှင့် အမှတ်တရ အားလုံးကို သူ လောင်ကျွမ်းပစ်လိုက်ပြီ ဖြစ်သည်။ သူမနှင့် ပတ်သက်၍ ဘာခံစားချက်မှ သူ့ထံတွင် မရှိတော့။ အလှည့်သို့ ကျရောက်လာသည်နှင့် လုံချန် လျဲ့ယု၏ လက်ကို ဆွဲကာ ဂိတ်တံခါး အတွင်း လှမ်းဝင်လိုက်တော့၏။

မကြာခင်မှာပင် အားလုံး အားလုံး အထဲကို ရောက်ရှိသွားကြပြီ ဖြစ်သည်။ ထို့ပိဟန်က ဂိတ်တံခါးကို တစ်ချက် ကြည့်ရင်း မျက်မှောင်ကြုတ် လိုက်သည်။ ထို့နောက် သူက မတုန့်ဆိုင်းတော့ပဲ ဂိတ်တံခါး အတွင်း တဟုန်ထိုး တိုးဝင် ပျံသန်းကာ ရောင်စုံကန့်လန့်ကာမှာလည်း ပျောက်ကွယ်သွားတော့၏။

...

အော်ရစ် ပင်လယ်မှာ သုံးလွှာ ကြယ်တာရာ နယ်မြေ၏ အန္တရာယ် အများဆုံး၊ အလျှို့ဝှက်ဆုံး၊ အဆန်းကြယ်ဆုံး အဖြစ် ကျော်ကြားသည့် နေရာများထဲမှ တစ်ခု ဖြစ်သည်။ ပင်လယ် ဟု နာမည် ပေးထားသည့်တိုင် အမှန်တကယ် အားဖြင့် လုံးဝန်းသည့် ဂြိုဟ်ကြီးတစ်ခုသာ ဖြစ်သည်။ ထို့အပြင် ၎င်းမှာ နေသုံးစင်းကို လှည့်ပတ်ခြင်း မပြုချေ။ မူလ နေရာတွင်သာ ကျောက်ချထားသကဲ့သို့ တည်မြဲနေသည်။

ပို၍ အံ့အားသင့်စရာ ကောင်းသည်က ထိုဂြိုဟ်ကြီး တစ်ခုလုံးမှာ ရာနှုန်းပြည့် အရည်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သို့သော်လည်း ၎င်းက သာမန်ရေမျိုး မဟုတ်ပဲ ပိုမို ထူထပ် သိပ်သည်းသည့် အဇူရာရောင် အရည်တစ်မျိုး ဖြစ်သည်။ ထိုဂြိုဟ်ထက်၌ လေထုအခြေအနေ အပြောင်းအလဲ မရှိရာ ရာသီဥတုလည်း မရှိချေ။ ပင်လယ်ကြီးတစ်ခုလုံးက မယုံကြည်နိုင်လောက်အောင် တစ်ချိန်လုံး မှုန်မှိုင်း တိတ်ဆိတ်နေသည်။အပြင်ဘက်မှ ကြည့်ပါက ၎င်းမှာ မလှုပ်မယှက် တည်မြဲနေသည့် ပြာရီမှုန်မှုန် ဘောလုံးတစ်လုံးနှင့်ပင် တူနေသေးသည်။

အော်ရစ်ပင်လယ်ကြီး၏ အထက် ပေတစ်သောင်းခန့် အကွာ၌ လူအုပ်စု သုံးခု ရှိနေခဲ့၏။ သူတို့က ကြားထဲတွင် အကွာအဝေး တစ်ခု ခြားကာ ရပ်နေခဲ့ကြသည်။

အုပ်စုသုံးခုလုံးသည် ဘာမှ မရှိသည့် နေရာလွတ်တစ်ခုကို ကွက်ကြည့်ကွက်ကြည့် လုပ်နေကြ၏။ သို့သော်လည်း သူတို့ မျက်နှာထက်ရှိ ထူးဆန်းသည့် အမူအရာများကို ထောက်ချင့်ခြင်းဖြင့် ထိုနေရာတွင် တစ်ခုခု ရှိနေကြောင်း ထင်ရှားလှသည်။

အုပ်စုသုံးခု အနက် ပထမ အုပ်စုမှာ အဂ္ဂိရတ် ဝတ်စုံများကို ဝတ်ဆင်ထားကာ ကျောထက်တွင် ဆေးအိုးများ လွယ်ထားကြသည်။ ရှင်းလင်းစွာပင် သူတို့မှာ အဂ္ဂိရတ် အစည်းအရုံး၏ တိုက်ခိုက်ရေး အဖွဲ့သားများ ဖြစ်ကြသည်။ ထိုအုပ်စုကို ချင်ကူးယွင်က ဦးဆောင်ထားသည်။

ဒုတိယမြောက် အုပ်စုမှာမူ အရောင်စင်း အမျိုးမျိုး ပါဝင်နေသည့် အဖြူရောင် ဝတ်ရုံကို ဆင်မြန်းထား၏။ အင်္ကျီ ရင်ဘတ်များပေါ်၌ အဖွဲ့ခွဲ၊ ရာထူးနှင့် အခြားအရာများကို ရည်ညွှန်းသည့် အဆောင်အယောင် အမျိုးမျိုးကို ထွင်းထု ထားကြသည့်တိုင် သူတို့ အားလုံး၏ ညာဘက် ပခုံးထက်တွင်တော့ တူညီသည့် ဝိသေန လက္ခဏာ တစ်ခု ရှိ‌ပေသည်။ ထိုအရာက အစင်း ကိုးစင်း ပါရှိသည့် အဖြူရောင် စက်ဝိုင်း တစ်ခုပင်။ ကောင်းကင်ဒြပ်စင် နန်းတော်ကို နန်းတော်သခင်မ ဖြစ်သည့် လင်းယုရန်က ဦးဆောင်ထား၏။

နောက်ဆုံး အုပ်စုတွင်တော့ လူသုံးယောက်သာ ပါဝင်ပေသည်။ ထိုအုပ်စု၏ ‌ခေါင်းဆောင်နေရာတွင်တော့ မြူနှင်းများနှင့် ဝန်းရံနေသည့် ပုံရိပ်တစ်ခု ရှိသည်။ သို့သော်လည်း သူ့အရောင်အဝါကတော့ အမှားအယွင်း မရှိ... လောကသခင် တစ်ယောက်ပင်။ စန်းမျိုးနွယ် အင်ပါယာမှာလည်း ဤနေရာသို့ ရောက်ရှိနေချေပြီ ဖြစ်သည်။

ထိုအချိန်တွင်ပင် မိုင်ပေါင်းဒါဇင်ဂဏန်း အကွာအဝေး၌...

ဘုန်း...

မိုးကြိုးထစ်ချုန်းသံနှင့် အတူ ပုံရိပ်တစ်ခုမှာ ပါးလွှာသော‌ လေထုထဲမှ လွင့်ပျံ ထွက်ပေါ်လာ၏။

***

All Chapters