← Chapters

အော်ရစ် ပင်လယ်၏ ကြောက်မက်ဖွယ် ဆွဲအား

Vol. 27 Ch. 375

အော်ရစ် ပင်လယ်၏ ကြောက်မက်ဖွယ် ဆွဲအား

Vol. 27 Ch. 375

အုပ်စု သုံးခု၏ အာရုံများက ပြောင်းလဲသွားကာ အနန္တ ဧကရာဇ်ဂိုဏ်း၏ ပထမဆုံး အကြီးအကဲ ထွက်ပေါ်လာရာ နေရာကို လှမ်းကြည့်လိုက်ကြ၏။ လင်းယုရန်နှင့် ချင်ကူးယွင်တို့မှာမူ တစ်ယောက်ကို တစ်ယောက် မျက်စ ပစ်ပြရင်း စန်းမျိုးနွယ် အင်ပါယာနှင့် သူ့ သံတမန် နှစ်ဦးကို တစ်ချက် လှမ်းကြည့်လိုက်ကြသည်။ တိုင်ပင်မထားပါပဲ သူတို့ နှစ်ယောက် ပင့်သက်ရှိုက်လိုက်မိကြ၏။ ထိုအခိုက်၌ လေမတိုက်သည့်တိုင် လေထုအခြေအနေက အတော်လေး တင်မာနေခဲ့လေသည်။

ဘုန်း... ဘုန်း...

ဆက်တိုက်ဆိုသလိုပင် အနန္တ ဧကရာဇ်ဂိုဏ်းမှ ပုံရိပ်များမှာ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာ၏။ ပထမဆုံး အကြီးအကဲမှာ အူကြောင်ကြောင်ဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်ရင်း အုပ်စုသုံးခုကို လှမ်းကြည့်လိုက်သည်။ ကြားထဲ၌ မိုင်ပေါင်းများစွာ ကွာဝေးသည့်တိုင် အကြီးအကဲမှာ ကြယ်တာရာ အမြုတေ အဆင့်လေး ကျင့်ကြံသူ တစ်ယောက် ဖြစ်ရာ အံ့အားသင့်ဖွယ် အမြင်အာရုံကို ပိုင်ဆိုင်ထားပေသည်။

သွေးရောင်မြူနှင်းများ ဝန်းရံနေသည့် အင်ပါယာ အပါအဝင် စန်းမျိုးနွယ်ဝင် သုံးယောက်ကို တွေ့သော အခိုက်၌ သူ၏ အမူအရာက အေးခဲသွား၏။ သူ သာလျှင် မကချေ။ အခြား ရောက်ရှိလာသော အကြီးအကဲများမှာလည်း ထိုအချင်းအရာကို ချက်ချင်းပင် သတိထားမိသွားကြသည်။ စန်းအင်ပါယာမှာ လောကသခင် တစ်ယောက် ဖြစ်သည်။ သုံးလွှာ ကြယ်တာရာ နယ်မြေကြီး၏ မျိုးဆက်ပေါင်းများစွာကို အုပ်စိုးခဲ့သူ ဖြစ်သည်။ ယနေ့ အကြီးအကဲ အများစုမှာ သူ အုပ်စိုးသည့် ခေတ်၌ မွေးဖွားလာခဲ့ရာ ရိုသေလေးစားမှု အရင်းခံ စိတ်ဓာတ်များ သူတို့ နှလုံးသားထဲတွင် ရှိကြပေသည်။

သို့သော်လည်း ယနေ့၌ အဘယ်ကြောင့် စန်းမျိုးနွယ်က ရောက်ရှိလာရသနည်း။ အဘယ်ကြောင့် ထို့ပိဟန်က အလျင်လိုနေရသနည်း။

ဝှစ်...

အားလုံး သံသယကြီးစွာဖြင့် တွေးတောနေကြစဥ်မှာပင် ပထမဆုံး တပည့်တစ်ယောက်မှာ အကြီးအကဲများ နည်းတူပင် လေထုကို ခွဲဖျက် ရောက်ရှိလာ၏။ လူငယ်မှာ ကောင်းကင်အုပ်စိုးသူ အဆင့် ကျင့်ကြံခြင်း အခြေခံကို ပိုင်ဆိုင်ထားလေရာ အတော်လေး အစွမ်းထက်သည်ဟု ဆိုနိုင်ပေသည်။ သို့သော်လည်း...

ဘုန်း...

အော်ရစ်ပင်လယ်၏ ကြောက်မက်ဖွယ် ကောင်းသော ဆွဲအားကို တောင့်မခံနိုင်ပဲ သူ့ခန္ဓာကိုယ်က ဟန်ချက်ပျက်ကာ အောက်သို့ ထိုးစိုက် ပြုတ်ကျသွား၏။ ကံကောင်းထောက်မစွာပင် အကြီးအကဲများမှာ လက်များကို ဝှေ့ယမ်းရင်း သူ့ခန္ဓာကိုယ်ကို ဖမ်းဆီးထားလိုက်ကြ၏။

လူငယ်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ချွေးများဖြင့် ရွှဲရွဲစိုသွားသည်။ သူ ထိတ်လန့်တုန်လှုပ်ခြင်းကြီးစွာဖြင့် အောက်ရှိ အဇူရာရောင် တောက်ပနေသော မျက်နှာပြင်ကို လှမ်းကြည့်လိုက်သည်။ ၎င်းက အလွန်တရာ လှပလှသည့်တိုင် အလွန်လည်း အန္တရာယ် များလွန်းသည်။ အကယ်၍ အကြီးအကဲများသာ မကယ်ပါက ယခုအချိန်တွင် သူ အသက်နှင့် ကိုယ် အိုးစားကွဲသွားလောက်ပြီ ဖြစ်သည်။

လူငယ် တွေးတော၍ ထိတ်လန့်နေစဥ်မှာပင် မိန်းကလေး တစ်ယောက်၏ ထိတ်လန့်တကြား အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာပြန်၏။ အကြီးအကဲများမှာ တစ်ခဏအတွင်းမှာပင် တစ်ယောက်ပြီး တစ်ယောက် ‌ရောက်ရှိလာသည့် တပည့်များအား တည်ငြိမ်စွာ ရပ်တည်နိုင်ရန် ကူညီပေးနေကြသည်။ ပုံမှန်အားဖြင့် ကြယ်တာရာ အမြုတေ အဆင့်သုံးလောက် စွမ်းအားမျိုးကို ပိုင်ဆိုင်ထားခြင်း မရှိပါက အော်ရစ် ပင်လယ် အထက်တွင် ချက်ချင်း ဆိုသလို ခန္ဓာကိုယ် ဟန်ချက် ထိန်းဖို့ရာ ခဲယဥ်းလှသည်။

အားလုံး မျှော်လင့်ထားသည့် အတိုင်းပင် ဝိညာဥ်ဆင်းတု အဆင့် တပည့် တစ်ယောက်မှာ မကြာခင်မှာပင် ထွက်ပေါ်လာ၏။ အော်ရစ်ပင်လယ်၏ ဆွဲငင်အား‌ကြောင့် သူက အနည်းငယ် လန့်ဖျန့်သွားပုံ ပေါ်သော်လည်း ချက်ချင်းပင် ဝိညာဥ်အင်အားကို ထုတ်ဖော်ကာ ခန္ဓာကိုယ်ကို ထိန်းလိုက်နိုင်သည်။ သူ၏ မျက်လုံးများကတော့ အောက်ရှိ အဇူရာ မျက်နှာပြင်ကို ကြည့်ကာ အံ့သြခြင်းများနှင့် ပြည့်နှက်သွား၏။ ထိုကဲ့သို့ ထူးဆန်းသည့် မြင်ကွင်းမျိုးကို သူ တစ်ခါမှ မမြင်ခဲ့ဖူးချေ။

ဝှစ်... ဝှစ်...

အခြားတပည့်များမှာလည်း ဆက်တိုက်ဆိုသလို ရောက်ရှိလာကြသည်။ မကြာခင်မှာပင် ဝေ့ဝူယင်နှင့် ချင်ချူးမူတို့၏ ပုံရိပ်များမှာ အလျှိုလျှို ပေါ်ထွက်လာသည်။

ချင်ချူးမူ၏ ခန္ဓာကိုယ်လေးက အောက်ရှိ ဆွဲငင်အားကြောင့် ထိတ်လန့်သွားကာ အနည်းငယ် တုန်ရီသွား၏။ ဝေ့ဝူယင်က အလိုက်တသိပင် သူမ၏ ခါးကို ကိုင်ကာ ရင်ဘတ်ဆီသို့ နီးကပ်အောင် ဆွဲယူလိုက်သည်။ မိန်းကလေးမှာ ရွယ်တူများထဲတွင် အထင်ကြီးဖွယ်ရာ ကျင့်ကြံခြင်း အခြေခံကို ပိုင်ဆိုင်ထားသည့်တိုင်  ကောင်းကင်အုပ်စိုးသူ တစ်ယောက်သာ ဖြစ်လေရာ ဝိညာဥ်ဆင်းတု အဆင့်များ၏ ဖျပ်လတ်မှုနှင့် လျှပ်တစ်ပြင် တုန့်ပြန်နိုင်စွမ်းကိုတော့ ပိုင်ဆိုင်ထားခြင်း မရှိပါချေ။

“ကျွန်... ကျွန်မ ရပါတယ်”

ချင်ချူးမူမှာ အနည်းငယ် ရှက်သွားသည့်တိုင် ကလန်ကဆန် မပြုပဲ ဝေ့ဝူယင်၏ အင်္ကျီ ရင်ဘတ်ကို တင်းတင်းဆုပ်ကိုင်ထားဆဲ ဖြစ်သည်။ ကိုယ်အလေးချိန် ရုတ်ချည်း အပြောင်းအလဲတွင် သူမ တကယ်ကို တုန်လှုပ်နေခဲ့ခြင်း ဖြစ်သည်။ အမှတ်မထင် လက်ချောင်းများက ဝတ်ရုံ အောက်ရှိ ဝေ့ဝူယင်၏ ရင်ဘတ် ကြွက်သားများကို ထိတွေ့သွားမိသော အခိုက်၌ မိန်းကလေး၏ မျက်လုံးများက ပြူးကျယ်သွားကာ မျက်နှာမှာ နီမြန်းသွားသည်။

သို့သော်လည်း ဝေ့ဝူယင်ကတော့ ထိုအရာများကို မသိသလိုပင် ပြုမူကာ သူမကို ပြောလိုက်၏။

“စိတ်ကို အေးအေးထား... မန်နာကို ထိန်းချုပ်မှုကို ဒီအတိုင်း လွှတ်ချပြီး လေအင်အားကိုပဲ ဆက်သွယ်ကြည့်လိုက်...”

ကောင်းကင် အုပ်စိုးသူ အဆင့် ကျင့်ကြံသူများ ထိန်းချုပ်မှု လွတ်ထွက်သွားရသည့် အကြောင်းရင်းမှာ မန်နာ ထိန်းချုပ်မှုကို ဆွဲကိုင်ထားသောကြောင့်  ဖြစ်သည်။

ကောင်းကင်ဘုံ နတ်မျက်လုံး၏ အကူအညီနှင့် အတူ... လေထုထဲတွင် ရှိနေသမျှ မန်နာ အားလုံးမှာ အဇူရာ မျက်နှာပြင် အောက်သို့ တဟုန်ထိုး လွင့်မြော စိမ့်ဝင်နေသည်ကို ဝေ့ဝူယင် တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။ ၎င်းတို့အား ထိန်းချုပ်ရန် ကြိုးစားပါက ပခုံးပေါ်တွင် တောင်တစ်လုံးကို ထမ်းထားရသလို၊ ဝေလငါး တစ်ကောင် အောက်က ခုန်ကာ ဆွဲချနေသလိုမျိုး ခံစားရလိမ့်မည် ဖြစ်သည်။

အော်ရစ် ပင်လယ်၏ ဆွဲအားဆိုသည်ထက် ထိုအခြေအနေကြောင့်ပင် ကောင်းကင် အုပ်စိုးသူတိုင်းမှာ အောက်သို့ ပြင်းထန်စွာ ပြုတ်ကျသွားကြခြင်း ဖြစ်ပေသည်။ အနိမ့်ဆုံး ကြယ်တာရာ အမြုတေ အဆင့်သုံး မန်နာ ထိန်းချုပ်နိုင်စွမ်းမျိုးကို ပိုင်ဆိုင်ထားမှသာ ကောင်းကင်တွင် မြဲမြဲ ရပ်တည်နိုင်စွမ်း ရှိပေလိမ့်မည်။

ဟူး... ဟူး...

ချင်ချူးမူ ဝေ့ဝူယင် ပြောသည့်အတိုင်းပင် မန်နာထိန်းချုပ်မှုကို လက်လွှတ်ကာ လေဒြပ်စင် ကြယ်တာရာ အင်အားကို လှည့်ပတ်လိုက်၏။ ထိုအခါတွင်မှ သူမမှာ ကိုယ့်ကိုယ်ကို  ထိန်းချုပ်နိုင်စွမ်း ပြန်လည် ရရှိလာသည်။ ဝေ့ဝူယင်၏ ရင်ခွင်ထဲမှ အသာအယာပင် ထွက်ခွာလိုက်ရင်း သူမ ကိုယ်ပိုင် စွမ်းအားဖြင့် ရပ်တည်လိုက်၏။ အမှောင်ဆုံး အခြေအနေများမှ ရုန်းထွက်လာနိုင်သည့် အလား လှပသော အပြုံးလေး တစ်ခုမှာ သူမ၏ မျက်နှာထက်၌ နေရာယူလာ၏။

တည်ငြိမ်မှုကို ပြန်လည် ရရှိလာပြီးနောက် မိန်းကလေးမှာ အခြားလူများ ကဲ့သို့ပင် အဇူရာ မျက်နှာပြင်ကို လေ့လာ လိုက်သည်။ ချက်ချင်းပင် သူမ၏ အစိမ်းရောင် မျက်ဝန်းများမှာ စိတ်ဝင်စားမှုများဖြင့် တောက်ပ သွားတော့၏။

“အဲဒါက ဘာလဲ...”

ပျစ်ခဲနေသည့် အရည်များ ဆိုသော်လည်း ၎င်းက ချောမွေ့နေသည့် ကြွေမျက်နှာပြင် တစ်ခုလိုပင်။ ရောင်ပြန်ဟပ်မှု မရှိ၊ လှိုင်းဂယက်ထမှု မရှိ။

ဝေ့ဝူယင်မှာလည်း တူညီစွာပင် အဇူရာ မျက်နှာပြင်ကို ကြည့်နေခဲ့သည်။ မသေချာ မရေရာမှုများနှင့် အတူ သူ့မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွား၏။ သူ ညာဘက်လက်ကို မြှောက်ကြည့်လိုက်ရာ ထူးဆန်းသည့် ခံစားချက်တစ်မျိုးကို ခံစားလိုက်ရသည်။

ဝေ့ဝူယင် ဆက်လက် စူးစမ်းရန် ဟန်ပြင်နေစဥ်မှာပင် အခြား တပည့်များနှင့် အတူ လုံချန်နှင့် လျဲ့ယုတို့မှာ ထွက်ပေါ်လာကြ၏။ ထိုခဏအတွင်ပင် လောကပင်လယ် အဆင့် လျဲ့ယုထံမှ အလွန် ကျယ်လောင်သော အော်ဟစ်သံ တစ်ခုကို အားလုံး ကြားလိုက်ကြရသည်။

ဝေ့ဝူယင်က လှည့်ကြည့်လိုက်ရာ အဇူရာ မျက်နှာပြင်ဆီ အရှိန်အဟုန် ပြင်းပြင်းနှင့် ပြုတ်ကျနေသည့် လျဲ့ယုကို တွေ့မြင်လိုက်ရသည်။ လုံချန်မှာ သူမကို မလွတ်တမ်း ဆွဲထားသည့်တိုင် သိသိသာသာပင် ရုန်းကန်နေရသည်။ အကြီးအကဲများမှာ ထိတ်လန့်သွားကြကာ ချက်ချင်းပင် လှုပ်ရှားလာကြ၏။

ဝှစ်... ဝှစ်...

အလျှင်မြန်ဆုံး အကြီးအကဲ တစ်ယောက်မှာ ချက်ချင်းပင် သူတို့ နှစ်ယောက် အနားသို့ ရောက်ရှိလာ၏။ သူက ဝိညာဥ်အင်အားကို လှည့်ပတ်ရင်း သူတို့ နှစ်ယောက်ကို အပေါ်သို့ ဆွဲတင်လိုက်သည်။ သို့သော်လည်း ချက်ချင်းပင် သူ၏ အမူအရာက ပြောင်းလဲသွား၏။ လျဲ့ယု၏ သေးငယ်သည့် ခန္ဓာကိုယ်လေးက တောင်တစ်လုံးလို လေးလံ နေခဲ့သည် မဟုတ်ပါလား။

“မြန်မြန်လာ ကူကြဦး...”

အကြီးအကဲက အသည်းအသန် အော်ဟစ်လိုက်သည်။ ချက်ချင်းပင် အခြား အကြီးအကဲ နှစ်ဦးမှာ  အနားသို့ ‌ရောက်ရှိလာကာ ကူညီရန် ကြိုးစားလိုက်ကြ၏။ သူတို့ နှစ်ယောက်စလုံးမှာ အာကာသ ပဲ့တင်သံ အဆင့် ကျင့်ကြံခြင်း အခြေခံကို ပိုင်ဆိုင်ထားသည့် အပြင် ကမ္ဘာဗိုလ်ချုပ် အဆင့် အကြီးအကဲများ ဖြစ်ကြရာ အလွန် အစွမ်းထက်ကြပေသည်။

သို့သော်လည်း လုံချန်နှင့် လျဲ့ယုတို့ကို ထိတွေ့လိုက်သည်နှင့် သူတို့ မျက်လုံးထဲ၌ မယုံကြည်နိုင်သည့် အလင်းများ ဖြစ်‌ပေါ်လာ၏။ လျဲ့ယု၏ အလေးချိန်က မဖြစ်နိုင်လောက်အောင်ပင်။

ဘုန်း... ဘုန်း...

အကြီးအကဲ သုံးယောက်၊ လုံချန်တို့၏ စွမ်းအား အထောက်အပံ့ဖြင့်ပင် လျဲ့ယု၏ ခန္ဓာကိုယ်လေးက တဖြည်းဖြည်း အောက်သို့ ကျဆင်းနေခဲ့ပြီ ဖြစ်သည်။ တစ်ခဏ အတွင်းမှာပင် သူမမှာ ပေပေါင်း ဒါဇင် ဂဏန်းလောက်အထိပင် အောက်သို့ ရောက်ရှိသွားခဲ့၏။

“ဘာတွေ ဖြစ်နေတာလဲ... ကူညီကြပါဦး...”

ပထမ အကြီးအကဲကပင် အော်ဟစ်လိုက်၏။ ချင်းရိုင်မှာ လျှင်မြန်စွာပင် အနားသို့ ပျံသန်းလာသည်။ အော်ရစ် ပင်လယ်၏ သဘာဝကို သူမ ကောင်းကောင်းကြီး နားလည်ထားသည်။ အဇူရာ မျက်နှာပြင်နှင့် ပိုမို နီးကပ်လေလေ ဆွဲအားမှာ ပိုမို ပြင်းထန်လေလေ ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့မှာ ပေတစ်သောင်းခန့် ခွာ၍ ပျံသန်းနေခဲ့ကြခြင်း ဖြစ်သည်။

ဟူး... ဟူး...

ရောင်စုံလေမုန်တိုင်းများမှာ ချင်းရိုင်၏ လက်ချောင်းများက ထွက်ပေါ်လာ၏။ ၎င်းတို့က လေပွေများ သဖွယ် လှည့်ပတ်ရင်း လုံချန်နှင့် လျဲ့ယုတို့၏ ခန္ဓာကိုယ်များကို လှည့်ပတ်လိုက်သည်။ အကြီးအကဲများထံမှ စိတ်သက်သာရာရသွားသည့် သက်ပြင်းချသံများ ထွက်ပေါ်လာ၏။ ချင်းရိုင်မှာ မဟာ သူတော်စင်ဟောင်း တစ်ယောက် ဖြစ်သည့် အပြင် ကြယ်တာရာ အမြုတေ အဆင့်ခြောက် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် တစ်ယောက်လည်း ဖြစ်ပေသည်။ ထို့ကြောင့်ပင် ဤပြဿနာကို သူမ ကိုင်တွယ် ဖြေရှင်းနိုင်မှာ သေချာလှသည်။

သို့သော်လည်း သူတို့၏ သက်ပြင်းချသံများမှာ အဆုံးသို့ပင် မရောက်လိုက်။ ချင်းရိုင်၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားကာ သူမ၏ မျက်ဝန်းများမှာ အပ်ပေါက်များလို ကျဥ်းမြောင်းသွား၏။

“ဘာလဲ...”

ထိုမြင်ကွင်းကို ကြည့်ရင်း ကျိချန်းကောင်းနှင့် ‌ယောင်ကျန်းတို့ပင် လှုပ်လှုပ်ရွရွ ဖြစ်သွားကြ၏။ ချင်းရိုင်ပင်လျှင် ထိုကျဆင်းမှုကို တားဆီးရန် ရုန်းကန်နေရသည်လား။

ဟူး... ဟူး...

ချင်းရိုင်၏ တားဆီးမှုက စက္ကန့်ပိုင်းမျှပင် ကြာရှည် မခံချေ။ လျဲ့ယုနှင့် လုံချန်တို့၏ ခန္ဓာကိုယ်များမှာ အရှိန်အဟုန် ပြင်းပြင်းနှင့် အောက်သို့ ဆက်လက် ကျဆင်းနေဆဲ ဖြစ်လေသည်။

***

All Chapters