ချင်းရိုင်၏ ကြိုးပမ်းမှု
Vol. 27 Ch. 376
“လျဲ့ယု...”
ချင်ချူးမူက စိုးရိမ်တကြီးနှင့် အော်ဟစ်လိုက်၏။ လုံချန်နှင့် ပတ်သက်၍ သူမတို့ အကြားတွင် ပြဿနာ ရှိထားသည့်တိုင် မည်သို့ပင် ဆိုစေကာမူ လျဲ့ယုမှာ သူမနှင့် နှစ်ပေါင်းများစွာ သိကျွမ်းလာသည့် သူငယ်ချင်း တစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။
ဘုန်း... ဘုန်း...
ကျိချန်းကောင်းနှင့် ယောင်ကျန်းတို့မှာလည်း သည်အတိုင်း ရပ်ကြည့် မနေနနိုင်ကြတော့။ ချင်းရိုင်နှင့် အလျှင်အမြန်ပင် ပူးပေါင်းကာ တားဆီးရန် ကြိုးစားလိုက်ကြ၏။ လျဲ့ယု သေသေရှင်ရှင် သူတို့ ဂရုမစိုက်ကြသည့်တိုင် မဟာမင်းသားလေး တစ်ခုခု ဖြစ်သွားမည်ကိုတော့ သူတို့ ခွင့်မပြုနိုင်ချေ။
သို့သော်လည်း ကံဆိုးစွာပင် သူတို့၏ အားထုတ်မှုများက လုံးလုံး မသုံးမဝင်ခဲ့။ လျဲ့ယုနှင့် လုံချန်တို့မှာ အောက်သို့ ဆက်လက် ကျဆင်းနေဆဲပင်။
ထိုအခိုက်အတန့်တွင်ပင် ထို့ပိဟန်မှာလည်း အနားသို့ ရောက်ရှိလာ၏။ အသည်းအသန် ဖြစ်နေသည့် အခြေအနေကို ကြည့်ရင်း လူအိုကြီး၏ မျက်လုံးများက ကျဥ်းမြောင်းသွားသည်။ လောကနယ်မြေကို ဖော်ထုတ်ရန် သူ ဟန်ပြင်လိုက်စဥ်မှာပင် နောက်နားမှ အော်သံတစ်ခု ထွက်ပေါ်လာသည်။
“ထို့ပိဟန်... ရပ်လိုက်...”
ဝေ့ဝူယင်၏ လေသံက ပြင်းထန်သည့် အာဏာမျိုးကို ဆွဲကိုင်ထား၏။ ထို့ပိဟန်မှာ အနည်းငယ် ကြောင်အ သွားသော်လည်း တုန့်ဆိုင်းခြင်း မရှိပဲ လက်ကို ပြန်လည် ရုတ်သိမ်းလိုက်သည်။
ချင်ချူးမူမှာ ထိုအမိန့်ကြောင့် အံ့အားသင့်သွားကာ ဝေ့ဝူယင်ကို ကြည့်လိုက်မိ၏။ ထိုအခိုက်၌ ဝေ့ဝူယင်မှာ လုံချန်နှင့် လျဲ့ယုတို့ကို အဇူရာ မျက်နှာပြင်ပေါ် ပြုတ်ကျသေဆုံးသွားစေရန် ကြံစည်နေသည်ဟု သူမ တွေးလိုက်မိသည်။
ဝေ့ဝူယင်ကလည်း ထိုကဲ့သို့ လူစားမျိုးလော။ သူမ၏ စိတ်တစ်ခုလုံးမှာ ရှုပ်ယှက်ခတ်သွား၏။ သို့သော်လည်း ထိုအတွေးက ကြာရှည် မခံလိုက်ချေ။
ဝှစ်...
မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် ဝေ့ဝူယင်မှာ မူလ နေရာမှ ပျောက်ကွယ်သွားကာ လုံချန်တို့ အနားသို့ ရောက်ရှိသွား၏။
“အာရုဏ်ဦး ဧကရာဇ်ဝေ့...”
ဝေ့ဝူယင် လှုပ်ရှားလာသည်ကို မြင်သည်နှင့် အားလုံး၏ မျက်လုံးများက အံ့အားသင့်ခြင်း၊ ထိတ်လန့်ခြင်း၊ မယုံကြည်နိုင်ခြင်းများနှင့် ပြည့်နှက်သွားသည်။ တစ်ချိန်တည်း၌ သူ ဘာလုပ်မည်ကို အားလုံး စိတ်ဝင်စား သွားကြ၏။
လုံချန်မှာ လျဲ့ယု၏ လက်ကို မလွှတ်တမ်း ဆွဲထားဆဲ ဖြစ်သည်။ သူ၏ ညာဘက်လက်မှာ အကြောများပင် ထောင်ထနေကာ ချွေးသီးချွေးပေါက်များမှာ နဖူးထက်၌ စီးကျနေ၏။ ကြာကြာ တောင့်ခံ နိုင်တော့မည် မဟုတ်ကြောင်း လုံချန် ကိုယ့်ကိုယ်ကို သိသည်။ သည်အတိုင်း ဆိုပါက မကြာခင်မှာပင် သူရော လျဲ့ယုရော အောက်သို့ ပြုတ်ကျကာ သေဆုံးသွားရပေလိမ့်မည်။
သို့သော်လည်း သူ မည်ကဲ့သို့ လက်လွှတ်ရက်မည်နည်း။ လျဲ့ယုမှာ သူ၏ အဆိုးရွားဆုံး အခြေအနေတွင်ပင် လက်တွဲ မဖြုတ်ခဲ့သည့် တစ်ဦးတည်းသော မိန်းကလေး ဖြစ်သည်။ အကယ်၍ သူမကို သေခွင့် ပြုလိုက်ပါက သူ့ဘဝမှာလည်း ရှင်လျှက်နှင့် သေသွားရပေလိမ့်မည်။
“ငါဘာလုပ်ရမလဲ...”
ဦးနှောက်ကို အဆက်မပြတ် အလုပ်ပေးနေစဥ်မှာပင် ဝေ့ဝူယင် ရောက်ရှိလာသည်ကို လုံချန် မြင်လိုက်ရ၏။ သူ၏ အမူအရာက ပြိုတော့မည့် မိုးလို အုံ့မှိင်းသွားကာ မျက်လုံးများမှာ ကျဥ်းမြောင်းသွားသည်။
“ဒီခွေးကောင်က ဘာလာရှုပ်ပြန်ပြီလဲ...”
အောက်ရှိ လျဲ့ယုမှာလည်း တူညီစွာပင် ဝေ့ဝူယင်ကို မြင်လိုက်ရ၏။ သို့သော်လည်း လုံချန်၏ တုန့်ပြန်မှုနှင့် ခြားနားစွာပင် မျှော်လင့်ချက် အရိပ်အယောင်တို့မှာ သူမ မျက်ဝန်းများထဲ၌ လင်းလက်လာသည်။
ထိုလူငယ်မှာ အနန္တ ဧကရာဇ်ဂိုဏ်း တစ်ခုလုံးကို အိတ်ကပ်ထဲ ထည့်ထားသူ ဖြစ်သည်။ သူ စကားတစ်ခွန်း ဆိုလိုက်သည်နှင့် အားလုံးမှာ သူမတို့ကို ကယ်တင်ဖို့ အဆတစ်ထောင် ပိုမို အားထုတ် ကြလိမ့်မည် ဖြစ်သည်။ သို့သော်လည်း မှန်းချက်နှင့် နှမ်းထွက် မကိုက်စွာပင် ဝေ့ဝူယင်ထံမှ ထွက်ပေါ်လာသော စကားက သူမ၏ မျှော်လင့်ချက် အားလုံးကို ပယ်ပယ်နယ်နယ်ပင် ရိုက်ချိုးသွား၏။
"အားလုံးပဲ… မင်းတို့ လုပ်နေတာတွေကို ရပ်ပြီး သူတို့ကို သွားခွင့်ပေးလိုက်တော့"
ဝေ့ဝူယင်က ပြင်းထန်စွာပင် အမိန့် ပေးလိုက်သည်။ ထိုအခိုက်၌ သူ၏ ငွေရောင် မျက်လုံးများမှာ အေးစက်သော အလင်းဖြင့် တောက်ပနေဟန် ရ၏။
အကြီးအကဲများမှာ ဝေ့ဝူယင်၏ အမိန့်ကြောင့် ဆွံ့အသွားကြသည်။ သူတို့က ချီတုံချတုံဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။
လုံချန်က သူတို့၏ မဟာ မင်းသား ဖြစ်သည်။ မဟာ ဧကရာဇ် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် နောက်ဆုံး ရှင်သန်သူ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူ၏ အရေးပါမှုက သူတို့ နှလုံးသား တစ်ထောင့်တစ်နေရာတွင် ရှိနေသေးဆဲ ဖြစ်သည်။ လုံချန် အော်ရစ် ပင်လယ်ထဲသို့ ခွေးကျဝက်ကျ ပြုတ်ကျကာ သေဆုံးသွားမည်ကို သူတို့ လုံးဝ ခွင့်မပြုနိုင်ချေ။
ဝှစ်...
အားလုံး တွေဝေနေကြစဥ်မှာပင် ပထမဆုံး အကြီးအကဲမှာ ချက်ချင်းပြင် ကြယ်တာရာ အင်အားများကို ရုတ်သိမ်းကာ နောက်သို့ ဆုတ်ခွာလိုက်၏။
သူမ၏ အမည်က ပေ့မင် ဖြစ်ကာ တရားရေး အဖွဲ့၏ ဗိုလ်ချုပ် အဆင့် တိုက်ခိုက်ရေး သမား တစ်ယောက် ဖြစ်သည်။ ချင်ချူးမူ သေဒဏ်ပေးခံရသည့် နေ့တွင် (ဝေ့ဝူယင်၏ ဇနီးမယား တစ်ယောက် ဖြစ်နိုင်ကြောင်း သိသိချင်း) အာဏာ ပါးကွက်သား၏ ဓားကို တားဆီးခဲ့သူကလည်း ပေ့မင်ပင် ဖြစ်သည်။ သူမ၏ ထိုပြတ်သားသည့် လုပ်ရပ်ကပင် ချင်ချူးမူ၏ အသက်ကို ကယ်တင်နိုင်ခဲ့ပေသည်။
ပြောရလျှင် ပေ့မင်သည် ဝေ့ဝူယင်ကို အလွန် လေးစားသလို အပြည့်အဝလည်း ယုံကြည်သည်။ ထိုလူငယ်၏ ကူညီမှု ကြောင့်သာ ကျန်းမာ ပျော်ရွှင်နေသည့် သမီးလေး တစ်ယောက်ကို သူမ မွေးဖွားနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ဝေ့ဝူယင် အမိန့်ပေးလျှင် ပေးချင်း မဆိုင်းမတွဖြင့် သူမ နောက်ကို ဆုတ်ခဲ့ခြင်း ဖြစ်သည်။
ပေ့မင်၏ လုပ်ရပ်က အမိန့်ပေးသူက မည်သူဖြစ်ကြောင်း အခြား လူများအား အချက်ပေးလိုက်သည့် ခေါင်းလောင်း တစ်ခုလိုပင်။ လက်ကျန် အကြီးအကဲ နှစ်ဦးမှာ တစ်ယောက်ကို တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ ထို့နောက် ပြိုင်တူပင် စွမ်းအင်များကို ပြန်လည် ရုတ်သိမ်းကာ နောက်သို့ ဆုတ်လိုက်ကြ၏။
အခြားတစ်ဖက်၌ မူလအင်ပါယာ သူတော်စင်များမှာ လုံချန်နှင့် လျဲ့ယုတို့ကို ဆက်လက် ဆွဲကိုင်ထားဆဲ ဖြစ်သည်။ သို့သော်လည်း သူတို့၏ မျက်လုံးများကတော့ စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေ၏။
မဟာ မင်းသားကို လက်လွှတ်သင့်သလော၊ သို့တည်းမဟုတ် အာရုဏ်ဦး ဧကရာဇ်ဝေ့၏ အမိန့်ကို ဖီဆန်ရမည်လော။
" … "
ရုတ်တရက် ယောင်ကျန်း၏ မျက်လုံးများမှာ တစ်စုံတစ်ရာကို စဉ်းစားမိဟန်ဖြင့် တောက်ပသွား၏။ ထိုနတ်ဆိုးမှာ တောင်ထွတ် သခင်များထဲ၌ အရက်စက် အကြမ်းကြုတ်ဆုံး ဖြစ်သည့်တိုင် တစ်ချိန်တည်း၌ သူ မတူအောင် အလွန် ဉာဏ်ရည် ထက်မြက်သူ ဖြစ်သည်။
"ကောင်းပါပြီ အာဏာရှင် အင်ပါယာဝေ့…"
သူက ခေါင်းတစ်ချက် ညိတ်ကာ စွမ်းအင်များကို ပြန်လည် ရုတ်သိမ်းလိုက်၏။ ယခု၌ စွမ်းအင်များကို ဖြန့်ကျက်ရင်း ဆက်လက် ဆွဲထားသူမှာ နှစ်ဦးတည်းသာ ကျန်ရှိပေတော့သည်။
" … "
လုံချန်နှင့် လျဲ့ယုတို့မှာ ထိုမြင်ကွင်းကို ကြည့်ရင်း အံများ တင်းတင်းကြိတ် လိုက်မိကြ၏။ ဝေ့ဝူယင်၏ လုပ်ရပ်က ချောက်ကမ်းပါးစွန်း၌ သူတို့ကို ဆွဲထားသည့် လက်များအား လိုက်လံ ဖြုတ်ချနေသလိုပင်။
လုံချန် လျဲ့ယုကို ငုံ့ကြည့်လိုက်မိ၏။ အဘယ်ကြောင့် လျဲ့ယု အပေါ် ဆွဲအားက ဤမျှလောက် သက်ရောက်ရသည်ကို သူ နားမလည်နိုင်ချေ။ သို့သော်လည်း သူ လုပ်ရန် လိုအပ်သမျှက သူမ၏ လက်ကို လွှတ်ပေးလိုက်ဖို့သာ ဖြစ်သည်။ ဤသို့ဆိုလျှင် သူ ဘေးကင်းသွားပေလိမ့်မည်။
လုံချန် ဝူယုကို ပြန်လည် တောင့်တလိုက်မိ၏။ အကယ်၍ ထိုလူအိုကြီးသာ ရှိပါက အကောင်းဆုံးသော အကြံဉာဏ်များ သူ့ကို ပေးနိုင်ပေလိမ့်မည်။ သူ ကောင်းကင် အင်ပါယာ စွမ်းအားကိုပင် သုံး၍ ဖိအားကို ခုခံရန် ကြိုးစားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း မည်သည့် အရာမှ အသုံးမဝင်ခဲ့။
လုံချန်၏ စိတ်ဓာတ်များမှာ အဆုံးအထိရောက်အောင် ကျဆင်းသွားခဲ့၏။ လက်ကျန် မူလ သူတော်စင် နှစ်ယောက်ပါ လက်လွှတ်လိုက်ပါက သူနှင့် လျဲ့ယုတို့၏ ကံကြမ္မာက လုံးဝ အဆုံးသွားလိမ့်မည် ဖြစ်သည်။
သူ အော်ရစ် ပင်လယ်၏ ဆွဲအား အကြောင်းကို ကျိချန်းကောင်းထံမှ ကြားဖူးသည်။ ၎င်းမှာ အချိန်သခင် တစ်ဦးကိုပင် အပိုင်းပိုင်း အစစ ဖြစ်အောင် ဖျက်ဆီးပစ်နိုင်သည် အထိ ပြင်းထန်သည်။ သူတို့လို အဆင့်နိမ့် ကျင့်ကြံသူလေးများ ဆိုလျှင် အဇူရာ မျက်နှာပြင်ထက်သို့ မရောက်ခင်မှာပင် အမှုန်အမွှားများ အဖြစ် ပြောင်းလဲ သွားရလိမ့်မည် ဖြစ်သည်။
အခြားတစ်ဖက်၌ ကျိချန်းကောင်းနှင့် ချင်းရိုင်တို့မှာ ချီတုံချတုံ ဖြစ်နေကြဆဲ ဖြစ်သည်။ စက္ကန့်ပိုင်းမျှသော ထိုအခိုက်အတန့် ကလေးမှာပင် သူတို့၏ စွမ်းအားများက နှစ်ဆယ် ရာခိုင်နှုန်း အထိ ကျဆင်းသွားခဲ့ချေပြီ ဖြစ်၏။ သူတို့ ကြာရှည်စွာ ဆက်တောင့်ထားနိုင်တော့မည် မဟုတ်ချေ။
***