← Chapters

တွန်းအားပေးကာ လုပ်ခိုင်းသည့်တိုင် လုပ်ရန် တွန့်ဆုတ်နေခြင်း

Vol. 09 Ch. 409

တွန်းအားပေးကာ လုပ်ခိုင်းသည့်တိုင် လုပ်ရန် တွန့်ဆုတ်နေခြင်း

Vol. 09 Ch. 409

နှစ်မိနစ်အကြာတွင် ယန်ကျန်းဖန်သည် စုံစမ်းမှုရလဒ်ကို ရရှိခဲ့သည်။ ထိုရလဒ်သည် သတင်းအချက်အလက် အနည်းငယ်သာ ရှိသော်လည်း သူ၏မျက်လုံးများတွင် အလင်းတစ်ချက် လက်ကနဲ ပေါ်လာကာ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

"ငါ သိပြီ။"

ဖုန်းချပြီးနောက် ထန်ရှုအား ထူးဆန်းသော အမူအရာဖြင့် သူ ကြည့်လိုက်ပြီး

"ညီလေးထန် … မင်းရဲ့သုံးသပ်ချက်က အတော် ကျိုးကြောင်းဆီလျော်မှု ရှိတာပဲ။ ခမ်းနားသော ထန်လုပ်ငန်းစုက တကယ့်ကို ကြီးမားလာမယ့် အလားအလာရှိနေတယ်။ ဒီကုမ္ပဏီက လာမည့်နှစ်အနည်းငယ်လောက်ဆို စီးပွားရေးလောကထဲမှာ ဖျက်မြင်းတစ်ကောင် ဖြစ်လာတော့မှာ သေချာသလောက်ပဲကွ။ ငါ့သူငယ်ချင်းက သူတို့ရဲ့ နတ်ဘုရားဝတ်ရည်ဝိုင်ကို တအားကို ချီးမွမ်းလွန်းလို့ ငါ အတော် အထင်ကြီးသွားတာနဲ့ အဲ့ဒါကို တစ်ခါလောက် မြည်းစမ်းကြည့်လိုက်ရတာ ငါ ကံကောင်းတယ်ဆိုရမယ်။ ခမ်းနားသောထန်လုပ်ငန်းစုရဲ့ အခြားထုတ်ကုန်နှစ်ခုဖြစ်တဲ့ အသားအရည်လှလိုးရှင်းနဲ့ အမာရွတ်ပျောက်တဲ့ခရင်မ်တွေကလည်း ထင်ရှားတယ်ဆိုပဲ။ ရေပန်းမစားသေးပေမယ့် အဲ့ဒီပစ္စည်းတွေလည်း အတော်ချီးကျူးခံထားရတယ်။”

ထန်ရှုက မတ်တတ်ရပ်လိုက်ပြီး

"ခင်ဗျားမေးခွန်းကို ကျွန်တော် ဖြေပြီးပြီဆိုတော့ ဟိုချင်းမင်ကို တွေ့ဖို့ ခေါ်မသွားသင့်ဘူးလား။"

"ဟိုချင်းမင်ကို ဘာအတွက် တွေ့ဖို့လိုတာလဲ။" ယန်ကျန်းဖန်ကလည်း ထရပ်ကာ သိလိုစိတ်ဖြင့် မေးသည်။

"ကျွန်တော် သူ့ကို မေးစရာတစ်ခု ရှိလို့ပါ။" ထန်ရှုက ပြောသည်။

ထန်ရှု နောက်ထပ် မပြောချင်တော့သည်ကို ယန်ကျန်းဖန် ရိပ်မိသဖြင့် ချက်ချင်း ခေါင်းညိတ်ပြီး "ဒါဆို ငါနဲ့လိုက်ခဲ့လိုက်။ လွန်ခဲ့တဲ့နာရီဝက်လောက်က သူနဲ့ စကားပြောခဲ့သေးတယ်။ သူ့ရုံးခန်းထဲမှာ ရှိလိမ့်ဦးမယ်။”

"ကောင်းပါပြီ။"

မကြာမီ ထန်ရှုသည် ယန်ကျန်းဖန်နှင့်အတူ ဂုဏ်ရည်လေလံစံအိမ်၏ အထွေထွေမန်နေဂျာရုံးခန်းသို့ လိုက်သွားခဲ့သည်။ ထိုနေရာသို့ရောက်သောအခါ ယန်ကျန်းဖန်က တံခါးကို ခေါက်လိုက်ကာ တွန်းဖွင့်လိုက်သည်။

"သူဋ္ဌေး လာပြီ။"

ရုံးခန်းထဲ ရှိ ဟိုချင်းမင်က ထိုင်နေရာမှ မတ်တပ်ရပ်ကာ ယန်ကျန်းဖန်အား အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။ သို့သော် ယန်ကျန်းဖန်၏နောက်မှ ထန်ရှုကို မြင်သောအခါ အနည်းငယ် တွေဝသွေားပြီး

"သူဋ္ဌေး … သူက ဘယ်သူလဲ။"

ထန်ရှု၏ မျက်ခုံးများ မြင့်တက်သွားရပြီး အပြုံးဖြင့် နှုတ်ဆိတ်နေသော ယန်ကျန်းဖန်အား ကြည့်လိုက်မိသည်။ ထိုအချိန်မှပင် ယန်ကျန်းဖန်သည် ဂုဏ်ရည်လေလံစံအိမ်၏ သူဋ္ဌေးကြီးဖြစ်သည်ကို သူ သိရှိခဲ့သည်။ သို့သော် လေလံစံအိမ်၏ သူဋ္ဌေးကြီးသည် မည်သူမည်ဝါဖြစ်သည်ကို သူ စိတ်မဝင်စားတော့ချေ။ သူ အဓိက လာရောက်သည်မှာ မြှုပ်ထားသော စိန်အကြောင်း မေးမြန်းရန်အတွက်သာ သည်နေရာသို့ လာရခြင်းဖြစ်သည်။

"ခင်ဗျားက ဟိုချင်းမင် … အကြီးအကဲဟိုလား။ ကျွန်တော်က ထန်ရှု  … ခမ်းနားသောထန်လုပ်ငန်းစုရဲ့ ပိုင်ရှင်ပါ။"

ထန်ရှုက နှုတ်ဆက်ရန် လက်ကို ဆန့်တန်းပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ဟယ်လို မစ္စတာထန်။"

ဟိုချင်းမင်သည် အံ့သြနေဟန်ရှိသည်။ သူသည် ခမ်းနားသောထန်လုပ်ငန်းစုအကြောင်းအား အနည်းငယ် သိထားသည်။ သူသည် ဝိုင်ချစ်သူတစ်ယောက် ဖြစ်သောကြောင့် ထိုလုပ်ငန်းစုမှ ထုတ်လုပ်သော ဝိုင်ကိုနှစ်သက်သောသူများတွင် သူလည်း တစ်ယောက်အပါအဝင် ဖြစ်ပေသည်။ ကံမကောင်းစွာဖြင့် သူသည် အင်အားစိုက်ထုတ်ကာ ကြိုးပမ်းခဲ့သည့်တိုင် နတ်ဘုရားဝတ်ရည်ဝိုင်နှစ်လုံးသာ ရရှိခဲ့ပေသည်။

ဘေးနားတွင် ရှိနေသော ယန်ကျန်းဖန်လည်း အံ့သြသွားရသည်။ သူသည် ထန်ရှုအား တစ်ဖန် အကဲခတ်လိုက်ရင်း သူ၏အံ့သြမှုမှာ ပိုတိုးလာခဲ့သည်။ သူ့အား ဂုဏ်ရည်လေလံစံအိမ်၏ သူဋ္ဌေးကြီးတစ်ယောက်အဖြစ် ထန်ရှုက မခန့်မှန်းနိုင်ခြင်းအတွက် စိတ်ဝင်စားဖွယ်ကောင်းသော ရယ်ရွှင်စရာဖြစ်ရပ်တစ်ခုဟု သူ ထင်ထားခဲ့သည်။ သို့သော် သူသည်လည်း ထန်ရှုအား ခမ်းနားသော ထန်လုပ်ငန်းစု၏ပိုင်ရှင်အဖြစ် မသိခဲ့ပါချေ။

"အကြီးအကဲ ဟို … ကျွန်တော်က အမြဲတမ်း တည့်တိုးသမားဆိုတော့ ကွေ့ဝိုက်ပြောနေရတာ မကြိုက်ဘူး။ ဆိုတော့ ကျွန်တော် လိုရင်းပဲ ပြောပါမယ်။ အကြီးအကဲဟိုကို ရှာရတဲ့အကြောင်းရင်းက လေလံပွဲတင်မယ့် မြှုပ်ထားတဲ့စိန်အကြောင်း မေးချင်လို့ပါ။ မြှုပ်နှံထားတဲ့ စိန်တုံးက လေလံစံအိမ်ကလား ဒါမှမဟုတ် တစ်စုံတစ်ယောက်က လေလံပစ်ဖို့ လာပြီးအပ်ထားတာလားဆိုတာ ပြောပြပေးနိုင်မလား။"

“ဒါ…” ဟိုချင်းမင်က ယန်ကျန်းဖန်ကို ကြည့်ရင်း တုံ့ဆိုင်းသွားသည်။

ယန်ကျန်းဖန်က တခဏ နှုတ်ဆိတ်နေပြီး

"ညီလေးထန် … မင်းက ငါတို့လေလံစံအိမ်ကို လာတယ်ဆိုကတည်းက ငါတို့ရဲ့ ဧည့်သည်ပါပဲ။ အလျင်မလိုဘဲ လက်ဖက်ရည် အရင်သောက်ရင်း ငါတို့ ဒီကိစ္စကို ဖြည်းဖြည်းပြောကြတာပေါ့။ ဘယ်လိုလဲ။”

“ကောင်းပါပြီ။" ထန်ရှု ခေါင်းညိတ်လိုက်သည်။

ဆိုဖာပေါ်တွင် ထိုင်လိုက်ကြပြီးနောက် ဟိုချင်းမင်က ယန်ကျန်းဖန်နှင့် ထန်ရှုတို့အတွက် လက်ဖက်ရည်ကို ကိုယ်တိုင်ကိုယ်ကျ ဖျော်စပ်ကာ တစ်ခွက်စီ တည်ခင်းသည်။ ထို့နောက် သူသည်လည်း အနီးနားရှိ ဆိုဖာအလွတ်တွင် ဝင်ထိုင်လိုက်သည်။

ယန်ကျန်းဖန်သည် လက်ဖက်ရည်ခွက်ငယ်အား ယူကာ အသာအယာ စုပ်သောက်လိုက်ပြီးနောက် ခပ်ဖြည်းဖြည်း ပြောလာခဲ့သည်။

“မစ္စတာထန် … ငါတို့လေလံစံအိမ်စည်းမျဉ်းတွေအရ လေလံတင်ရောင်းချတဲ့ ပစ္စည်းတွေရဲ့မူလဇစ်မြစ်ကို ငါတို့ ထုတ်ဖော်လို့မရပါဘူး။ ဒါပေမယ့် သူဋ္ဌေးထန်က လူကိုယ်တိုင် ရောက်လာတာဆိုတော့ ငါ အဲ့ဒီမေးခွန်းကို ကိုယ်တိုင်ဖြေလိုက်ပါမယ်။ မြှုပ်ထားသောစိန်က ငါတို့လေလံစံအိမ်ရဲ့အပိုင် မဟုတ်ပါဘူး။ ဂုဏ်သရေရှိဖောက်သည်တစ်ဦးက အဲ့ဒီပစ္စည်းကို သူ့ကိုယ်စား လေလံတင်ပေးဖို့ ငါတို့ဆီ အပ်ထားခဲ့တာပါ။"

"သူက ဘယ်သူများလဲ။ သူ့ကို ဆက်သွယ်ရမယ့် အချက်အလက်တွေ ကျွန်တော် လိုချင်ပါတယ်။" ထန်ရှုက မေးသည်။

"ငါ တောင်းပန်ပါတယ်။ ဖောက်သည်ရဲ့ အချက်အလက်ကို ငါတို့ ထုတ်ပြောလို့မရလို့ပါ။"

ယန်ကျန်းဖန်က ခေါင်းယမ်းလိုက်သည်။

“ကျွန်တော် သိမှရမယ်။" ထန်ရှုက အလေးအနက်ထားကာ ပြောလိုက်သည်။

"မစ္စတာထန် … ငါက မင်းကို ခမ်းနားသောထန်လုပ်ငန်းစုရဲ့ ပိုင်ရှင်အဖြစ် လေးစားတဲ့အတွက် ဖောက်သည်အကြောင်း နည်းနည်းပြောပြလိုက်ပြီးပြီ။" ယန်ကျန်းဖန်သည် ထန်ရှုအား မျက်လုံးစွေကြည့်ရင်း ဆက်ပြောသည်။

"ဒါပေမယ့် ငါတို့လေလံစံအိမ်မှာလည်း ကိုယ်ပိုင်စည်းမျဉ်းနဲ့ ဓလေ့ထုံးစံတွေရှိလို့ မင်း ငါတို့ကို ခက်ခဲအောင် မလုပ်ဖို့ ငါ မျှော်လင့်တယ်။"

“မြှုပ်ထားတဲ့စိန်အကြောင်းက ကျွန်တော့်အတွက် အရမ်း အရေးကြီးတယ်။ ပိုင်ရှင် ဘယ်သူလဲဆိုတာ ကျွန်တော် သိမှရမယ်။”

ထန်ရှုက အေးစက်သောဟန်ဖြင့် စကားဆိုသည်။ "အဲ့ဒါကို သဲလွန်စရဖို့အတွက် လိုအပ်တာမှန်သမျှ ကျွန်တော် သုံးမယ်။ ခင်ဗျားကို နာရီဝက်အချိန် ပေးမယ်ဗျာ။ အဲ့ဒီအချိန်အတွင်းမှာ ကျွန်တော် လိုအပ်နေတဲ့ အဖြေကို ပေးနိုင်ရင် ကျွန်တော် ခင်ဗျားဆီမှာ အကြွေးတစ်ခုတင်သွားပြီ။ ဒါပေမယ့် ကျွန်တော် ကျေနပ်လောက်တဲ့ အဖြေတစ်ခု မပေးနိုင်ရင် ခင်ဗျားရဲ့ လေလံစံအိမ်ကို ဘာလုပ်မိမယ်ဆိုတာ ကျွန်တော် အာမ မခံနိုင်ဘူး။"

"ဘယ်လိုတောင် မောက်မာနေတာလဲ။"

ဟိုချင်းမင်က ဒေါသထွက်ဟန်ဖြင့် ရုတ်တရက် မတ်တပ်ရပ်လိုက်စဉ်တွင် ယန်ကျန်းဖန်သည် လူကြီးလူကောင်းတစ်ယောက်ဟန်ဖြင့် မျက်လုံးများ မှေးစင်းထားကာ ထန်ရှုအား ဆက်လက် အကဲခတ်နေသည်။

ထန်ရှုသည် ဟိုချင်းမင်ထံမှ ထွက်ပေါ်လာသော အရှိန်အဝါကို ခံစားမိသဖြင့် မျက်လုံးလှန်ကာ  ကြည့်လိုက်သည်။ ထို့နောက် သူက အေးစက်သော လေသံဖြင့်

“မန်နေဂျာဟို … ခင်ဗျားရဲ့ မသိတတ်မှုကို အဝေးမှာ ထားလိုက်ဖို့ ကျွန်တော် အကြံပေးလိုက်မယ်။ ထောင်ပေါင်းများစွာ ချိုးဖြတ်မှုအစီအရင်ရဲ့ ပထမအလွှာကို ဖြတ်ကျော်ဖို့တောင် မလုံလောက်တဲ့ ခင်ဗျားရဲ့စွမ်းရည်ကို အားကိုးတာက ကိုယ့်ကိုယ်ကိုယ် ညှင်းပန်းနှိပ်စက်ရာကျသလို ကိုယ့်ကိုယ်ကို အရူးလုပ်ရာလည်း ကျလိမ့်မယ်ဗျ။"

ဟိုချင်းမင် မျက်နှာပျက်သွားကာ လေးနက်သော အသံဖြင့်

"ထာဝရခန်းမရဲ့ ထောင်ပေါင်းများစွာ ချိုးဖြတ်မှု အစီအရင်ကို မင်း သိတယ်လား။ မင်း…”

ဖုန်းမြည်သံ…

ထန်ရှု၏ဖုန်းသံမြည်လာသည်။ ထိုဖုန်းသံသည် ဟိုချင်းမင်၏ပြောလက်စ စကားအား ရပ်တန့်သွားစေသည်။ သူ့အား တစ်ချက်ကြည့်လိုက်ပြီးနောက် ထန်ရှုသည် ဖုန်းအား ထုတ်ကာ ဖြေလိုက်သည်။ ချီနန်၏စကားသံအား ကြားသောအခါ သူက ပေါ့ပါးသောလေသံဖြင့် ပြောလိုက်သည်။

“ငါက ၂၈ထပ်က အထွေထွေမန်နေဂျာရုံးခန်းထဲမှာ။”

ထိုသို့ပြောပြီးနောက် ဖုန်း ချက်ချင်း ချလိုက်သည်။

ထိုခဏတွင် အထွေထွေမန်နေဂျာရုံးခန်းအတွင်းရှိ ပတ်ဝန်းကျင်လေထုသည် အေးစက်တင်းမာနေသည့်ဟန်ရှိသည်။

ဒေါက် … ဒေါက် …

တံခါးခေါက်သံ ကြားရပြီးနောက် ချီနန်သည် ဖျော့တော့သော အပြုံးဖြင့် ပေါ်လာခဲ့သည်။ ယန်ကျန်းဖန်နှင့် ဟိုချင်းမင်တို့၏အံ့အားသင့်နေသော အကြည့်များအောက်တွင် သူမသည် ထန်ရှု၏အရှေ့သို့ လာကာ လေးစားသောအမူအရာဖြင့် ခေါ်လိုက်သည်။

“သူဋ္ဌေး …”

ဟိုချင်းမင်အား ညွှန်ပြရင်း ထန်ရှုက ခံစားချက်မဲ့သောမျက်နှာဖြင့် ပြောလိုက်သည်။

“သူနဲ့ရင်းနှီးတယ်လို့ မင်း ပြောဖူးတယ်ဆိုတော့ သူ့ဆီကနေ မြှုပ်နှံထားတဲ့ စိန်အကြောင်း မေးပေးပါ။”

…မြှုပ်နှံထားတဲ့ စိန်…

ချီနန်၏မျက်နှာထက်တွင် အံ့သြသွားသည့် အကြည့်တစ်ချက် ဖြစ်ပေါ်လာသည်။ သူမသည်လည်း တီဗွီအစီအစဉ်၏စီးပွားရေးကြော်ငြာများထဲမှ ထိုစိန်ရတနာအကြောင်းကြော်ငြာအား သိရှိထားသည့်အပြင် အောက်တိုဘာ၁ရက်နေ့တွင် ထိုတန်ဖိုးကြီးမားသည့်စိန်ရတနာအား လေလံတင်မည်ကိုလည်း သိထားပေသည်။

ထန်ရှုနှင့် ချီနန်အား မယုံနိုင်စွာ ကြည့်မိပြီး ဟိုချင်းမင် အလျင်စလို မေးခွန်းထုတ်လိုက်သည်။

"အကြီးအကဲချီ … မင်း သူ့ကို ဘယ်လိုခေါ်လိုက်တာ။ သူဌေးဟုတ်လား။"

ရုံးခန်းအတွင်းရှိ ပတ်ဝန်းကျင်လေထုသည် တစ်စုံတစ်ရာ လွဲချော်နေသည်ကို ချီနန် ခံစားမိသောကြောင့် သူမက ခေါင်းညိတ်ကာ “ဟုတ်တယ်။ သူက ထာဝရခန်းမရဲ့ သူဌေးပါ အကြီးအကဲဟို။ သူဋ္ဌေးက မြှုပ်နှံထားတဲ့ စိန်အကြောင်း ဘာကြောင့်သိချင်တာလဲ ကျွန်မ မသိပေမယ့် သူ့ကို အမှန်အတိုင်း ပြောပြပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။"

“ငါ…”

ဟိုချင်းမင်၏နှုတ်ခမ်းများ အကြိမ်အနည်းငယ် တုန်ရီသွားကာ သူ၏စကားများကို ပြန်ရုတ်သိမ်းလိုက်သည်။ ထိုအခိုက်အတန့်တွင် သူ၏ဟန်ပန်သည် အနည်းငယ် ကြောက်ရွံ့နေသည့်ဟန် ရှိသည်။ ထန်ရှု၏ ခြိမ်းခြောက်မှု မည်မျှ ကြောက်စရာကောင်းသည်ကို သူ ကောင်းစွာ သဘောပေါက်ပေသည်။ သူသည် သိုင်းပညာရှင်တစ်ဦး ဖြစ်ပြီး ကျင်းမန်ကျွန်းရှိ ထာဝရခန်းမ၏ဌာနချုပ်သို့ ကိုယ်တိုင်သွားရောက်လည်ပတ်ခဲ့ကာ ထောင်ပေါင်းများစွာ ချိုးဖြတ်မှုအစီအရင်ကို ဖြတ်ကျော်ရန် ကြိုးပမ်းခဲ့ဖူးသည်။ ထာဝရခန်းမတွင် စွမ်းရည်မြင့်မားသည့် ကျွမ်းကျင်ပညာရှင်များစွာ ရှိကြောင်း သဘာဝကျစွာ သူ သိထားသည်။

ရုတ်တရက် ယန်ကျန်းဖန်က ခပ်ဖျော့ဖျော့ ပြုံးကာ ပြောလိုက်သည်။

"သူဋ္ဌေးထန်က ဒီလို အလားအလာကောင်းရှိတဲ့ လူငယ်တစ်ယောက်လို့ ငါ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ မင်းက ခမ်းနားသောထန်လုပ်ငန်းစုရဲ့သူဋ္ဌေးကြီး ဖြစ်ရုံတင်မကဘူး ထာဝရခန်းမရဲ့ ပိုင်ရှင်လည်း ဖြစ်နေတာပေါ့။ ဒါပေမယ့် မင်းရဲ့ပုံရိပ်ကို အားကိုးပြီး ငါ့ကို ခြိမ်းခြောက်ချင်တာလား။ ဒါက လုံလောက်လိမ့်မယ်လို့ ငါမထင်ဘူးနော်။"

သူ၏စကားဆုံးသွားသည်နှင့် ဟိုချင်းမင်၏ စိတ်နှလုံး တုန်လှုပ်လာကာ နှလုံးခုန်သံများ မြန်လာသည်။ သူက ယန်ကျန်းဖန်အား အလျင်အမြန် မျက်စပစ်ကာ အချက်ပြသော်လည်း ထိုသကောင့်သားသည် သူ့အား လစ်လျူရှုကာ ထန်ရှုကိုသာ စိုက်ကြည့်နေသည်။

"ခင်ဗျား မပြောချင်တာ သေချာလား။" ထန်ရှုက အေးအေးဆေးဆေး မေးလိုက်သည်။

"ဟုတ်တယ် မပြောချင်ဘူး။" ယန်ကျန်းဖန်က မထီမဲ့မြင်ရယ်လိုက်သည်။

ထန်ရှု ထရပ်လိုက်ပြီး ချီနန်အား ကြည့်ကာ

" ရှောင်ရွှဲ့ဆီ ဖုန်းဆက်ပြီး လူတစ်ချို့ကို ပို့လိုက်ဖို့ ပြောလိုက်။ မနက်ဖြန်မနက်မတိုင်ခင် လေလံစံအိမ် ရှိနေတာ မမြင်ချင်ဘူး။ နောက်ပြီး ဒီလူက ယန်ကျန်းဖန်ဆိုတာ မှတ်ထား။ သူနဲ့သက်ဆိုင်တဲ့ အင်အားစုတွေအပါအဝင် သူ့ကို စုံစမ်းချေ။ သူ့ရဲ့ မိသားစုအပြင် သူနဲ့ဆက်ဆံရေးကောင်းတဲ့ သူငယ်ချင်းတွေနဲ့ အဲ့ဒီလူတွေရဲ့မိသားစုတွေကိုပါ ဖမ်းစေချင်တယ်။ အဆွယ်အပွားပါ မကျန်စေနဲ့။”

“မြှုပ်ထားတဲ့စိန်ကိစ္စကို လျှို့ဝှက်စုံစမ်းမယ်။ နောက်ပြီး လေလံစံအိမ်က  ငါတို့ကို ဒီလိုလေးစားမှုကို ပြတဲ့အတွက် မျက်နှာသာတော့ပေးရဦးမှာပေါ့။ လေလံစံအိမ်ရဲ့ဖိတ်ကြားချက်ကို ရထားတဲ့ ဧည့်သည်အားလုံးနဲ့ သူတို့ဝယ်ယူချင်တဲ့ ပစ္စည်းတွေကို လျှို့ဝှက်စုံစမ်းပေး။ ငါတို့ ထာဝရခန်းမက အဲ့ဒီလူတွေကို ပိုမိုကောင်းမွန်တဲ့ လျော်ကြေးငွေ ပေးလိုက်မယ်။ ဒီလေလံပွဲမှာ ဘယ်သူမှ ပါဝင်တာ မမြင်ချင်ဘူး။"

“သဘောပေါက်ပြီ။” ချီနန်၏မျက်လုံးအိမ်ထဲတွင် သတ်ဖြတ်လိုရိပ် ရိပ်ကနဲ တစ်ချက်ဖြစ်သန်းသည်။

“နေပါဦး။”“ ဟိုချင်းမင် အကြီးအကျယ် စိတ်လှုပ်ရှားနေပြီး အလျင်စလို အော်လိုက်သည်။

"မစ္စတာ ထန် … ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့။ ငါ့သူဋ္ဌေး မင်းကို မပြောပြချင်ရတဲ့ အကြောင်းရင်းက အဲ့ဒီစိန်ကို ပေးပို့ထားတဲ့သူက နောက်ခံအင်အားတောင့်လို့ပါ။ သူ့ကို ငါတို့ ပြစ်မှားလို့ မရဘူး။ သူ့ဆီ ငါအရင် ဖုန်းခေါ်ကြည့်ပါဦးမယ်။ မင်း ခဏ စောင့်ပေးရင်ရော ဘယ်လိုလဲ။ ရောင်းတဲ့သူက မင်းကိုတွေ့မယ်ဆိုရင် ငါတို့ ကူညီပေးပါမယ်။"

"ဟိုချင်းမင်" ယန်ကျန်းဖန် ရုတ်တရက်ထလာကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူ၏ဒေါသအား မမြင်ရသည့်အလား ဟိုချင်းမင်က ထန်ရှုအား ဆက်ပြောနေသည်။

"မစ္စတာထန် … မင်းရဲ့ရည်ရွယ်ချက်က အရမ်းရှင်းပါတယ်။ မြှုပ်နှံထားတဲ့စိန်ပိုင်ရှင်ရဲ့ အကြောင်း အချက်အလက်ကို လိုချင်ရုံပဲမဟုတ်လား။ ငါတို့လေလံစံအိမ်က ငါတို့ရဲ့မိတ်ဆွေတွေကို စော်ကားလိုစိတ်မရှိတဲ့အတွက် ခဏစောင့်ပေးပါ။ ဘယ်လိုလဲ။"

ယန်ကျန်းဖန်အား အေးစက်စွာ ကြည့်လိုက်ပြီး ထန်ရှုသည် ဆိုဖာပေါ်တွင် ဖြည်းညှင်းစွာ ပြန်ထိုင်ချလိုက်ကာ ခေါင်းညိတ်သည်။

"ခင်ဗျားရဲ့သတင်းကို စောင့်နေမယ်။"

ဟိုချင်းမင်က လျင်မြန်စွာ ခေါင်းညိတ်ပြရင်း ယန်ကျန်းဖန်၏လက်မောင်းအား အမြန်ဆုပ်ကိုင်လိုက်ကာ ရုံးခန်းထဲမှ ဆွဲခေါ်လာခဲ့သည်။

အပြင်ဘက်သို့ ရောက်သောအခါ ယန်ကျန်းဖန်သည် ဟိုချင်းမင်၏ဆုပ်ကိုင်ထားမှုမှ ရုန်းထွက်ကာ ဒေါသတကြီး အော်လိုက်သည်။

"ချင်းမင် … မင်းက ဒါဘာသဘောလဲကွ။ မင်း ငါ့ကို အခုချက်ချင်း  ဒီနေရာမှာ ရှင်းရှင်းလင်းလင်း မရှင်းပြရင် မင်းကို ငါ လုံး၀ အလွတ်မပေးနိုင်ဘူး။"

ဟိုချင်းမင်က အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ လေးနက်သည့်အမူအရာဖြင့် စကားဆိုလိုက်သည်။ "သူဌေး … ငါ မင်းကို သူဌေး တစ်ယောက်အနေနဲ့ လေးစားတာကြောင့် တားလိုက်တာပဲ။ မင်း ထန်ရှုနဲ့ ပြသနာ ဖြစ်ရင် ငါ နှုတ်ထွက်ရုံပဲတတ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့...ငါ မင်းကိုကြောက်တာထက် သူ့ကို ပိုကြောက်တယ်။"

"အသစ်တည်ထောင်ထားတဲ့ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုနဲ့ စားသောက်ဆိုင်ရဲ့ သူဋ္ဌေးလေးပဲကို … ဒါတောင် မင်းက ငါ့ထက် သူ့ကို ပိုကြောက်နေတာလား။ ဟာသပဲ။ ငါ ယန်ကျန်းဖန်က ချမ်းသာကြွယ်ဝပြီး ပုဂ္ဂိုလ်ရေးအရ အဆက်အသွယ်တွေ အများကြီးရှိတယ်။ ငါ့ရဲ့ယန်မိသားစုက ပေကျင်းရဲ့ ထင်ရှားကျော်ကြားတဲ့ မိသားစုတစ်စုပဲ။ ငါတို့က ထိပ်တန်း မိသားစုသုံးစုထဲမှာ မဟုတ်ရင်တောင် ပထမဆယ်ယောက်ထဲမှာ ပါနိုင်လောက်အောင် ကြီးပါသေးတယ်။ သူ့မှာ ဒီလောက် အစွမ်းအစ ရှိတယ်လို့ ငါ တကယ်ကို မယုံဘူး။”

"သူဌေး … ထာဝရခန်းမက အလွန်ထူးခြားတဲ့ တည်ရှိမှုတစ်ခုပဲ။" ဟိုချင်းမင်က ဖြည်းဖြည်းချင်း ပြောပြသည်။

"ငါ သိသလောက် သူတို့မှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေ အများကြီးရှိတယ်။ ဒါပေါ့ … ဒါက တစ်ယောက်တည်းဆိုရင် သူတို့ကို ငါ မကြောက်ပါဘူး။ ဒါပေမယ့် ထာဝရခန်းမမှာ ထူးခြားတဲ့လူတွေ ရှိတယ်ဆိုတာ မှတ်သားထားဖူးတယ်။”

… ထူးခြားတဲ့လူတွေ…

ယန်ကျန်းဖန်က မျက်မှောင်ကြုတ်ကာ လေးနက်သောအသံဖြင့်

“ဘယ်လို ထူးခြားသူတွေလဲ။”

ဟိုချင်းမင်က ဘေးပတ်ပတ်လည်ကို လျင်မြန်စွာ ကြည့်လိုက်ပြီး အနီးအနားတွင် မည်သူမှ မရှိမှန်း သိရသည့်အခါ ခပ်တိုးတိုးဖြေလိုက်သည်။

"တာအိုကျင့်ကြံတဲ့သူတွေ…"

***

All Chapters