နောက်ဆုံး ကြိုးပမ်းမှု
Vol. 27 Ch. 377
ဝေ့ဝူယင်ကတော့ နည်းနည်းလေးမှ အလျင်လိုပုံ မရ။ သူက ငွေရောင် မျက်လုံးများဖြင့် လုံချန်နှင့် လျဲ့ယုတို့ကို အေးအေးဆေးဆေးသာ ကြည့်နေခဲ့သည်။ ကျိချန်းကောင်းက အံကို တင်းတင်းကြိတ်လိုက်၏။ ထို့နောက် သူက နောက်ဆုံး ကြိုးပမ်းမှု အနေဖြင့် ဓားနှင့် ဆေဘာ ရည်ရွယ်ချက်ကို ထုတ်ဖော်ရင်း လုံချန်တို့ နှစ်ယောက်ကို ရစ်ပတ်လိုက်သည်။ ထို့နောက် အလုံးစုံသော ခွန်အားကို သုံးကာ ဆွဲတင်လိုက်တော့၏။
သို့သော်လည်း... အကျိုးဆက် အနေဖြင့် လျဲ့ယု၏ ခန္ဓာကိုယ်မှာ အောက်သို့သာ သုံးပေမျှ အထိ ထပ်မံ ကျဆင်းသွားလေသည်။ သူ၏ ကြိုးပမ်းမှုက လုံးလုံး မသုံးမဝင်ကြောင်း ကျိချန်းကောင်း သဘောပေါက်လိုက်၏။ ထိုထက်ပိုပြီးလည်း သူ မစွမ်းနိုင်တော့။
ဝှစ်...
ကျိချန်းကောင်းမှာ စွမ်းအားများကို ပြန်လည် ရုတ်သိမ်းကာ နောက်သို့ ခုန်ဆုတ်လိုက်၏။ ထို့နောက် ဝေ့ဝူယင်ဘက်ကို လှည့်ရင်း ပြုံးပြလိုက်သည်။
“ချက်ချင်း နောက်မဆုတ်မိတဲ့ အတွက် ကျုပ်ကို ခွင့်လွှတ်ပေးပါ အာဏာရှင် အင်ပါယာဝေ့... ဒီလျှို့ဝှက် ဆန်းကြယ်တဲ့ ဆွဲအားကို အနိုင်ယူနိုင်မလား ဆိုတာ စမ်းသပ်ချင်သေးလို့ပါ”
ဝေ့ဝူယင်က သူ့အား တစ်ချက်မှ ပြန်မကြည့်ချေ။ လျဲ့ယု၏ ရင်ညွှန့်တည့်တည့်ကိုသာ စိတ်ဝင်စားသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေ၏။ ထို့နောက် သူက မျက်ခုံးကို တစ်ချက် ပင့်ရင်း ဆက်လက် ကြိုးစားနေဆဲ ဖြစ်သည့် လူများကို ကြည့်လိုက်သည်။ လုံချန်မှ လွဲ၍ ချင်းရိုင်မှာ တစ်ဦးတည်း ကျန်တော့သည့် ပုဂ္ဂိုလ် ဖြစ်သည်။ ဝေ့ဝူယင် အေးဆေးစွာပင် စောင့်နေလိုက်၏။
ဟူး... ဟူး...
ချင်းရိုင်မှာ ချွေးသီးချွေးပေါက်များပင် ကျဆင်းနေ၏။ သူမက ထို့ပိဟန်ကို အကူအညီ ရလိုရငြား ကြည့်လိုက်သော်လည်း အသုံးမဝင်မှန်း စိတ်ထဲမှ သိရှိထားပြီး ဖြစ်သည်။ ထိုအခိုက်၌ သူမမှာ ကျိချန်းကောင်းထက်ပင် အကူအညီ ကင်းမဲ့မှုကို ခံစားနေရ၏။
ဟူး... ဟူး...
သူမ၏ ကြယ်တာရာ အင်အားများက အရှိန်အဟုန် ပြင်းစွာဖြင့် ကျဆင်းနေခဲ့ပြီ ဖြစ်သည်။ သည်အတိုင်းသာ ဆိုပါက တစ်မိနစ်ထက်ပင် သူမ တောင့်ခံနိုင်တော့မည် မဟုတ်ချေ။ သို့သော်လည်း အမိန့်ကိုတော့ သူမ လိုက်နာလိမ့်မည် မဟုတ်ချေ။ ဝေ့ဝူယင်၏ ဆန္ဒကြောင့် လူနှစ်ယောက် သေဆုံးရမည့် အရေးကို သူမ ခွင့်မပြုနိုင်ချေ။
ဘုန်း...
သူမက လက်နှစ်ဖက်ကို ဆန့်ထုတ်ရင်း ကြယ်တာရာ အင်အား အလုံးစုံကို လုံချန်တို့ထံ ပို့လွှတ်လိုက်၏။ ချက်ချင်းပင် ကောင်းကင်တစ်ခုလုံးမှာ ရောင်စုံလှိုင်းများဖြင့် ပြည့်နှက်သွားကာ လေမုန်တိုင်းများဖြင့် ဖြစ်ပေါ်လာသည်။ အနီးအနားရှိ ကျင့်ကြံခြင်း အဆင့်နိမ့်ကျသူ အားလုံးမှာ တုန်လှုပ်စွာဖြင့် နောက်သို့ လျှင်မြန်စွာ ဆုတ်ခွာ လိုက်ကြ၏။
ဤသည်က မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် တစ်ယောက် ပိုင်ဆိုင်နိုင်သည့် စွမ်းအားလော။ အကယ်၍ သူတို့သာ ထိုကဲ့သို့ စွမ်းအားမျိုးကို ပိုင်ဆိုင်ပါက ဟင်းလင်းပြင်ထဲရှိ ကုန်းမြေတိုက်ကြီးများကို ချေမွှကာ ဂြိုဟ်ငယ်များကိုပင် ရွှေ့ပြောင်းပစ်နိုင်လောက်သည်။
ဘုန်း...
အပြင်းထန်ဆုံးသော အားထုတ်မှုနှင့် အတူ ချင်းရိုင်က လက်နှစ်ဖက်ကို ပင့်မလိုက်ရာ လုံချန်တို့၏ ခန္ဓာကိုယ်များမှာ အပေါ်သို့ နှစ်ပေမျှ အထိ ပြန်လည် မြင့်တက်လာသည်။ သို့သော်လည်း ထိုအရာက အကုန်ပင်။
ကြယ်တာရာ အင်အား အားလုံး ခမ်းခြောက်သွားပြီ ဖြစ်ရာ ချင်းရိုင်၏ ခန္ဓာကိုယ်လေးမှာ တဆတ်ဆတ် တုန်ရီသွား၏။ သူမ၏ မျက်လုံးများက လျှင်မြန်စွာပင် မှေးစင်းသွားကာ အသိစိတ် အာရုံတစ်ခုလုံးမှာ တဖြည်းဖြည်းနှင့် မည်းမှောင်လာသည်။
ထို့နောက် စက္ကန့်ပိုင်း အတွင်းမှာပင် မိန်းကလေးမှာ သတိလစ် မေ့မြောကာ ခန္ဓာကိုယ် တစ်ခုလုံး ပျော့ခွေသွားလေတော့၏။
ဝှစ်...
ထို့ပိဟန်မှာ လျှင်မြန်စွာပင် ချင်းရိုင် အနားသို့ ရောက်ရှိလာကာ သူမ၏ ခန္ဓာကိုယ်လေးကို ထွေးပွေ့လိုက်၏။ သူက ခေါင်းကို ခါယမ်းရင်း ခပ်လေးလေး သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သည်ကလေးမက မွေးကတည်းက အမြဲတမ်း ခေါင်းမာခဲ့သူ ဖြစ်သည်။ ယခုတစ်ကြိမ် ပြန်လည် သတိရလာချိန်၌ နောင်တ ကောင်းကောင်း ရသင့်သည်။
...
နောက်ဆုံးသော မျှော်လင့်ချက်နှင့် ကောက်ရိုးတစ်မျှင်ကား ပြတ်တောက်သွားခဲ့လေပြီ ဖြစ်သည်။ ယခု ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် စီရင် ရတော့မည့် အလှည့်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ လုံချန် အံကို တင်းတင်းကြိတ်ရင်း လက်နှစ်ဖက်လုံးဖြင့် လျဲ့ယု၏ လက်ကို အတင်း ဆွဲထား၏။
ဖျစ်... ဖျစ်...
အရိုးအဆစ် မြည်သံများနှင့် အတူ မိန်းကလေး၏ လက်မောင်းမှာ ရာဘာသရေကြိုး ကဲ့သို့ တဖြည်းဖြည်း ရှည်ထွက်လာ၏။ ကံကောင်းထောက်မစွာပင် ရေဓာတ်ကို အခြေခံသည့် ကျင့်ကြံခြင်း အခြေခံက သူမကို လိုက်လျောညီထွေ ဖြစ်စေခဲ့သည်။
လျဲ့ယု လုံချန်ကို မော့ကြည့်လိုက်မိ၏။ ဆုံးဖြတ်ချက် ပြတ်သားသော မျက်လုံးများမှ တစ်ဆင့် လုံချန် ဘယ်တော့မှ လက်လွှတ်လိမ့်မည် မဟုတ်ကြောင်း သူမ နားလည်လိုက်သည်။ သို့သော်လည်း အောက်ရှိ ဆွဲအားက ကြောက်မက်ဖွယ် ကောင်းအောင် ပြင်းထန်လွန်းသည်။ သည်အတိုင်းသာ ဆိုပါက မကြာခင်မှာပင် သူမရော လုံချန်ပါ အောက်သို့ ပြုတ်ကျကာ သေဆုံးသွားတော့မည် ဖြစ်သည်။
“ငါ့လက်ကို ငါ ဖြတ်လိုက်သင့်လား... ဒါဆို လုံချန် အသက်ဆက်ပြီး ရှင်နိုင်မှာ”
လျဲ့ယု စဥ်းစားလိုက်မိ၏။ သို့သော်လည်း ပြင်းထန်သော အသက်ရှင်သန်လိုစိတ်က သူမ၏ ရင်ထဲ၌ ပြည့်နှက် နေပေသည်။ ခပ်ရေးရေး မျှော်လင့်ချက်နှင့် အတူ လုံချန် အပေါ် ယုံကြည်ရင်း သူမ လက်ကိုသာ ပိုမို တင်းကြပ်စွာ ဆွဲကိုင် လိုက်မိ၏။
အကယ်၍ တစ်စုံတစ်ယောက်က ဤအခြေအနေကို ပြောင်းလဲပစ်နိုင်မည် ဆိုလျှင် ထိုသူမှာ လုံချန်သာ ဖြစ်ပေလိမ့်မည်။
“ ... “
မျှော်လင့်ချက် ရောင်ခြည်တို့ဖြင့် တောက်ပနေသည့် လျဲ့ယု၏ မျက်ဝန်းတို့ကို ကြည့်ရင်း အပြစ်သား သွေးမျိုးဆက်ကို အမွေမဆက်ခံခင် နေ့တစ်နေ့ကို ဝေ့ဝူယင် သွားသတိရလိုက်မိ၏။
အသက်ရှင်သန် လိုစိတ်ဖြင့် သူ ပြုသမျှ နုနေခဲ့ရသော မိန်းကလေး တစ်ဦး...
ချစ်သူကို မြင်လိုက်ရသော အခိုက်၌ အရောင် ပြောင်းလဲကာ တလက်လက် တောက်ပသွားခဲ့သည့် သူမ၏ မျက်ဝန်းများ...
ချစ်ခင်မှု၊ ယုံကြည်မှု... နောက်ပြီး မျှော်လင့်ချက်...
ကံကောင်း အကြောင်းမလှစွာပင် နောက်ဆုံး၌ ထိုအရာအားလုံးက ဆေဘာဓားချက်အောက်တွင် အဆုံးသတ်ခဲ့ရပေသည်။ ဝေ့ဝူယင် လုံချန်ကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်မိ၏။
“သူ့ကို လွှတ်လိုက်ပါ...”
သို့သော်လည်း လုံချန်က ဝေ့ဝူယင်ကို လှည့်ပင် မကြည့်။ အံကို တင်းတင်းကြိတ်ရင်း လျဲ့ယု၏ လက်ကို မလွတ်စတမ်း ဆွဲထားဆဲ ဖြစ်သည်။
လျဲ့ယု၏ မျက်လုံးများမှာ ချစ်သူ၏ လုပ်ရပ်ကို ကြည့်ရင်း ညကောင်းကင်ရှိ ကြယ်များ အလား တလက်လက် တောက်ပသွားသည်။ ချစ်ခြင်း မေတ္တာနှင့် ယုံကြည်ကိုးစားမှု အရိပ်အငွေ့များမှာ သူမ၏ မျက်နှာတွင် ထင်ဟပ်နေ၏။ သူမက ယခင်ကထက် ပိုမို တင်းကြပ်စွာပင် လုံချန်ကို ဆွဲကိုင်လိုက်သည်။
“ ... “
ဝေ့ဝူယင်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း ခေါင်းကို ခါယမ်း နေမိတော့၏။ သူတို့ နှစ်ယောက်က သည်အတိုင်း အသေခံကြတော့မည်လော။
ချင်ချူးမူမှာ အံကို တင်းတင်းကြိတ်လိုက်မိ၏။ လျဲ့ယုကို တစ်ခုခု ကူညီချင်နေသည့်တိုင် မည်သို့မှ အသုံးမဝင်နိုင်မှန်း သူမ သိထားသည်။ သူမက နိမ့်ကျသည့် ကောင်းကင် အုပ်စိုးသူ တစ်ယောက်မျှသာ ဖြစ်သည်။ မဟာ သူတော်စင်ဟောင်း သုံးဦးပင် မစွမ်းနိုင်ရာ သူမက ဘာ အသုံးကျမည်နည်း။
“ ... “
ဆယ်စက္ကန့်ခန့် အကြာ၌ လုံချန်၏ ကြယ်တာရာ အင်အား အားလုံးမှာ ခမ်းခြောက် လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ နောက် အသက် သုံးရှိုက်စာလောက်သာ သူ တောင့်ခံနိုင်ပေတော့မည်။ ယခု လျဲ့ယုကို လက်လွှတ်လျှင်လွှတ် မလွှတ်ရင် သူကျ ပြုတ်ကျသွားပေတော့မည်။
“သေရင်လည်း အတူတူ သေမယ်...”
လုံချန် နောက်ဆုံးခွန်အားဖြင့် လျဲ့ယုကို ရင်ခွင် အတွင်း ဆွဲသွင်းရန် ကြိုးစားလိုက်၏။ သို့သော်လည်း သူ၏ အားစိုက်ထုတ်မှုက လျဲ့ယု၏ လက်များကိုသာ ပို၍ ရှည်သွားစေသည်။
ထိုအခိုက်၌ လျဲ့ယု၏ လက်က မူလ အလျားထက် နှစ်ဆမျှ အထိပင် ရှည်လျားနေခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်၏ မျက်ခုံးများက အနည်းငယ် ပင့်တက်သွား၏။ ထိုမြင်ကွင်းက အတော်လေး ကြက်သီးထစရာ ကောင်းလှသည်။ သို့သော်လည်း ရေဒြပ်စင်ကို ကိုယ်တိုင် ကျင့်ကြံထားသူ တစ်ယောက် အနေဖြင့်... လုံချန် လက်လွှတ်လိုက်သည်နှင့် လျဲ့ယု၏ လက်က မူလ လက်အလျား အတိုင်း ပြန်လည် ပြောင်းလဲ သွားမည် ဖြစ်ကြောင်း သူ သိပေသည်။
ဝေ့ဝူယင် တွေးနေစဥ်မှာပင် လုံချန်၏ နောက်ဆုံး လက်ကျန် ကြယ်တာရာ အင်အားက ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူ ဘယ်လိုမှ တောင့်ခံနိုင်စွမ်း မရှိတော့။ ခပ်အုပ်အုပ် ငြီးသံတစ်ခုနှင့် အတူ သူ လျဲ့ယုနှင့် အတူ အောက်သို့ လုံးထွေး ပြုတ်ကျသွားတော့၏။
***