အလည်အပတ်
Vol. 09 Ch. 410
သူ့တွင် ကိုယ်ပိုင်မာနရှိသော်လည်း ယန်ကျန်းဖန်သည် အမြဲတမ်း သိုသိုသိပ်သိပ်သာ နေခဲ့သည်။ သူသည် များသောအားဖြင့် နှိမ့်နှိမ့်ချချနေတတ်သော စိတ်ထားရှိသော်လည်း သူ၏အရိုးများထဲတွင် ကြီးမြင့်မှုတစ်ခုတော့ ရှိနေပေသေးသည်။ သည်နေ့၌ ထန်ရှုနှင့် အမှတ်တမဲ့ဆုံတွေ့ရာတွင် ထန်ရှု၏စကားအနည်းငယ်သည် သူ့အား စိတ်ဝင်စားဖြစ်စေခဲ့ပြီး ထန်ရှုအား စိတ်ဝင်စားမှု တိုးလာစေခဲ့သည်။
သို့သော် ထိုသို့ကောင်းမွန်သော စိတ်ထားရှိဟန်တူသည့် လူငယ်လေးသည် ခမ်းနားသောထန်နှင့် ထာဝရခန်းမ ကုမ္ပဏီနှစ်ခု၏ သူဋ္ဌေးကြီး ဖြစ်လိမ့်မည်ဟု သူ တစ်ခါမှ မမျှော်လင့်ထားခဲ့မိပါချေ။ သူ့အတွက် မယုံနိုင်စရာအကောင်းဆုံးအရာသည် ထိုလူငယ်က သူ့ကိုပင် ခြိမ်းခြောက်ရဲသေးသည်ကိုပင်။
ထိုအချက်ကြောင့် သူ စိတ်ဆိုးခဲ့သည်။ ကျိုးနွံခြင်းဟူသည် မည်သည့်အကြောင်းအရာကို ဆိုလိုခြင်း ဖြစ်မှန်း လူငယ်များ သိစေရန် ထိုလူငယ်အား သင်ခန်းစာတစ်ခု သူ သင်ပေးချင်ခဲ့မိပေသည်။
သို့ပါသော်လည်း ဟိုချင်းမင်ထံမှ ကြားရသော စကားများကြောင့် သူ၏ နှလုံးသား တင်းကျပ်လာကာ အေးစက်သောခံစားမှုတစ်ခု လျင်မြန်စွာ ဖြစ်ပေါ်လာခဲ့သည်။
ပေကျင်းရှိ မိသားစုကြီးတစ်ခုမှ ဆင်းသက်လာသော သူသည် သာမန်လူများ မယုံနိုင်သော အကြောင်းအရာများနှင့် ထိတွေ့ဖူးသည်။ ထို့ကြောင့် လမ်းကြောင်းအမျိုးမျိုးမှ ကျင့်ကြံသူများ၏ တည်ရှိမှုအကြောင်းကို သူ ကြားရသည်မှာ သဘာဝပင် ဖြစ်သည်။
ကျင့်ကြံသူဦးရေသည် အလွန်နည်းပါးလှသဖြင့် သူ၏အမြင်တွင် ရိုးရှင်းစွာပင် ရှားပါးသော ဖြစ်တည်မှု တစ်ခုဖြစ်သည်။ သို့တိုင် ထိုကျင့်ကြံသူများအနက် မည်သူမဆို လျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်များ ရှိပြီး လျှို့ဝှက်စွာ တည်ရှိနေခဲ့သည်။
… မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ မယုံသည်ဖြစ်စေ သူ့အနေနှင့် ယုံလိုက်ရတော့မည်ဖြစ်သည်။…
သတိကြီးပြီး နှိုင်းနှိုင်းချိန်ချိန် စဉ်းစားတတ်သူပီပီ ယန်ကျန်းဖန်သည် ပြတ်သားစွာ ဆုံးဖြတ်ချက် ချလိုက်သည်။
ယန်ကျန်းဖန်၏ပြောင်းလဲသွားသော အမူအရာကို ကြည့်ရင်း ဟိုချင်းမင်၏ နှလုံးသားသည် တင်းကျပ်လာရသည်။ ယန်ကျန်းဖန် သူ၏စကားအား နားမဝင်မည်ကို စိုးရွံ့သဖြင့် ခဏမျှ တုံ့ဆိုင်းနေပြီးမှ တီးတိုးအသံဖြင့် ပြောသည်။
"သူဌေး … မင်းရဲ့ ဆုံးဖြတ်ချက်က...”
“ထာဝရခန်းမမှာ ဒီလိုလူမျိုးတကယ်ရှိတယ်ဆိုရင် သူတို့ကို ငါတို့ ပြစ်မှားနိုင်ပါ့မလား။”
ယန်ကျန်းဖန်က မဲ့ပြုံးပြုံးကာ ပြောသည်။
"ထန်ရှုကိုယ်တိုင် ဖော်ပြတဲ့ ပုံမှန်မဟုတ်လွန်းတဲ့ ဒီလို ထူးထူးခြားခြား တည်ရှိတာမျိုးကို မရည်ညွှန်းရင်တောင် သာမန်မဟုတ်တဲ့ အကြောင်းအရာတွေနဲ့ နတ်ဆိုးတစ်ယောက်လည်း သေချာပေါက် ရှိနေမှာပဲ။ အဲ့ဒါကြောင့် ငါတို့ မြှုပ်နှံထားတဲ့စိန်ပိုင်ရှင်ကို ဦးစွာ ဆက်သွယ်လိုက်မယ်။ သူ သဘောတူရင် ဒီအာလူးပူပူလေးကို သူ့ဆီ ပေးပစ်လိုက်။ တကယ်လို့ သူ သဘောမတူရင် အဆိုးတကာ့အဆိုးဆုံးဖြစ်လာရင် ငါတို့က သူ့ကို မြှုပ်နှံထားတဲ့စိန်ရဲ့လေလံပွဲမှာ စွန့်စားပြီး ကူညီရုံသာ ရှိတော့တယ်။"
"ဒါဆို တစ်ဖက်လူနဲ့ ငါ ဆက်သွယ်လိုက်ရမလား။" ဟိုချင်းမင်က တီးတိုးပြောလိုက်သည်။
"ငါကိုယ်တိုင် သူ့ကို ဆက်သွယ်လိုက်မယ်။"
ယန်ကျန်းဖန်သည် အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ကောင်းပြီ။" ဟိုချင်းမင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး စိတ်တွင်းမှ သက်သာရာ ရသွားသည်။
ရှန်ဟိုင်းမြို့အစွန်ရှိ သာယာဝပြောသော သစ်သီးဥယျာဉ်ထဲတွင် သာမန်အိမ်လေးတစ်လုံး ရှိပြီး ခြံဝင်း၏အရှေ့၌ ကြည်လင်သော စမ်းချောင်းလေးတစ်စင်း စီးဆင်းလျက်ရှိသည်။ စမ်းချောင်းလေး၏ရေစီးကြောင်းသည် လျင်မြန်စွာ စီးဆင်းနေပြီး ငါးများသည် ရံဖန်ရံခါ ရေမျက်နှာပြင်ပေါ် ခုန်တက်ပျော်မြူးကြသဖြင့် လှိုင်းပွက်များ ဖြစ်ပေါ်စေကာ ရေများပင် လွင့်စင်ကုန်ကြသည်။
နေကာဦးထုပ်နှင့် အဖြူရောင်အတွင်းခံလက်ရှည် ဝတ်ထားသောအဘိုးအိုတစ်ဦးသည် ငါးမျှားတံကို ကိုင်ထားကာ ငြိမ်သက်စွာ ငါးဖမ်းနေသည်။ သူ၏ခြေထောက်အောက်တွင် အဝါရောင် ခွေးကြီးတစ်ကောင်သည် ပျင်းရိစွာ လဲလျောင်းနေပြီး ရံဖန်ရံခါ သမ်းဝေနေလေသည်။
"အဘိုး … အဘိုးဆီ ဖုန်းလာနေတယ်။"
နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းသည့် ကလေးမလေးတစ်ယောက်သည် ခြံအနောက်ဘက်မှသည် သူ့ဆီသို့ ကဆုန်ပေါက် ပြေးလာနေသည်။ သူမသည် ခြောက်နှစ် သို့မဟုတ် ခုနစ်နှစ်သာရှိသေးပြီး အလင်းရောင် တဖျတ်ဖျတ်လက်နေသည့် အနက်ရောင်လက်ကိုင်ဖုန်းတစ်လုံးအား လက်ထဲတွင် ကိုင်ဆောင်ထားသည်။
"ဘယ်သူဆက်တာလဲ။" အဘိုးအိုက ခေါင်းပင်မလှည့်ဘဲ မေးလိုက်သည်။
"ယန်ဆိုတဲ့ စကားလုံးကိုပဲ သမီး သိတယ် အဘိုး။" ကလေးမလေးက ရယ်လိုက်ရင်း
“နောက်ဆုံးစကားလုံးနှစ်လုံးကို သမီး မသိဘူး။ သမီးကို အဘိဓာန် စစ်ကြည့်စေချင်သလား။"
အဘိုးအိုသည် နောက်ဆုံးတွင် ခေါင်းလှည့်ကြည့်လိုက်သည်။ ဖုန်းကို ယူလိုက်ပြီး ဖုန်းမျက်နှာပြင်ပေါ်တွင် ပေါ်နေသည့်အမည်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်
“ဒါဆို အဘိဓာန်မှာ သွားရှာကြည့်။ အဘိုးက ဖုန်း အရင်ဖြေလိုက်ဦးမယ်။"
“ဟုတ်အဘိုး…” ကလေးမလေးက နောက်လှည့်ကာ ခြံထဲသို့ ပြန်ပြေးသွားတော့သည်။
ထို့နောက် အဘိုးအိုက အဖြေခလုတ်ကို နှိပ်ကာ အေးစက်စက်လေသံဖြင့်
“မင်း ငါ့ဆီ ဘာကြောင့် ဖုန်းဆက်တာလဲ။”
"အကြီးအကဲဝေ … ကျွန်တော်တို့ ဂုဏ်ရည်လေလံအိမ်က အကြီးအကဲရဲ့မြှုပ်ထားတဲ့ စိန်ကြောင့် ဒုက္ခ ကြီးကြီးမားမား ဖြစ်နေပြီ။" ယန်ကျန်းဖန်က တလေးတစား ပြောလိုက်သည်။
"ငါ့ကို ပြောပြပါ။" ဝကျေန်းပင်းက မျက်လုံး မှေးစင်းသွားကာ ပြောလိုက်သည်။
"လူတစ်ယောက်က ကျွန်တော်တို့လေလံအိမ်ကနေ တစ်ဆင့် မြှုပ်ထားသောစိန်ရောင်းသူကို ရှာချင်နေတယ်။ လေလံအိမ်ရဲ့စည်းမျဉ်းတွေအရ ဖောက်သည်တွေရဲ့အချက်အလက်တွေကို လျှို့ဝှက်ထားပါတယ်။ အထူးသဖြင့် မြှုပ်ထားသော စိန်ပိုင်ရှင်ဖြစ်တဲ့ အကြီးအကဲဝအေကြောင်းကို အသိမပေးထားပါဘူး။ ဒါပေမယ့် တစ်ဖက်လူက အလွန်ကြီးမားတဲ့ နောက်ခံရှိနေတော့ ကျွန်တော်တို့လေလံစံအိမ်ကတောင် ပြစ်မှားမှု မပြုနိုင်တဲ့သူတစ်ဦး ဖြစ်နေတယ်။ သူ ပြောတာက လေလံစံအိမ်နဲ့ ကျွန်တော်တို့ယန်မိသားစုကို ဖျက်ဆီးပစ်ရရင်တောင် မြှုပ်ထားတဲ့စိန်ကို ရောင်းသူရဲ့ ပတ်သက်တဲ့ အချက်အလက်အတိအကျတွေကို ရှာရမယ်တဲ့။”
"တစ်ဖက်လူက ဘယ်သူလဲ။ သူက တကယ်ကို လေလုံးထွားလှချည်လား။” ဝကျေန်းပင်း၏ မျက်ခုံးများ မြင့်တက်သွားကာ သိလိုစိတ်ဖြင့် မေးလိုက်သည်။
“သူ့မှာ ပုံရိပ်နှစ်ခုရှိတယ်ဆိုတာ ကျွန်တော် သိတယ်။ သူက ခမ်းနားသော ထန်လုပ်ငန်းစုရဲ့ သူဌေးကြီး ဖြစ်သလို ထာဝရခန်းမရဲ့ ပိုင်ရှင်လည်း ဖြစ်တယ်။" ယန်ကျန်းဖုန်းက အားတင်းပြုံးကာ ပြောပြသည်။
“ဒါပေမယ့် သူ့မှာ တခြားပုံရိပ်တွေ ရှိဦးမယ်လို့လည်း ကျွန်တော် သံသယရှိနေတယ်။ သူက အရမ်းငယ်သေးတယ်။ အသက် ၂၀ ဝန်းကျင်လောက်ပဲ ရှိဦးမယ့်ပုံပဲ။"
ဝကျေန်းပင်းသည် ထိုအမည်နှစ်ခုကို မကြားဖူးသောကြောင့် ခေါင်းယမ်းလိုက်သည်။ သူသည် ပြည်ပတွင် ငါးနှစ်နီးပါးနေခဲ့ပြီး ပြန်ရောက်လာသောအခါတွင်လည်း သူ၏အချိန်အများစုကို သည်နေရာတွင် ကုန်ဆုံးစေခဲ့သောကြောင့် သည်လုပ်ငန်းနှစ်ခုအား မသိသည်မှာ ပုံမှန်ဖြစ်သည်။
"သူ ငါ့ကို တွေ့ချင်ရင် လာခိုင်းလိုက်ပါ။"
"ကောင်းပါပြီခင်ဗျာ။"
ဖုန်းကိုချလိုက်ပြီး ဝကျေန်းပင်းသည် လက်ကိုင်ဖုန်းအား တစ်နေရာတွင် ထားရန် ရည်ရွယ်ခဲ့သော်လည်း တစ်စုံတစ်ခုကို သတိရသွားပုံရသည်။ တစ်ခဏလောက် စဉ်းစားကာ ဖုန်းနံပါတ်တစ်ခုကို နှိပ်ပြီး ရယ်ရယ်မောမောဖြင့်
“သူငယ်ချင်း … ဒီကိုအလည်လာပြီး ငါနဲ့ လက်ဖက်ရည် သောက်ရင်ရော ဘယ်လိုလဲ။”
"ဘာဖြစ်လို့လဲ။" ဖုန်းထဲမှ အိုမင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
"အင်း … ငါ စိတ်ဝင်စားစရာ ကိစ္စတစ်ခု တွေ့ထားလို့။ မင်းကို လာပြီး ပျော်စရာလေးတွေ ကြည့်စေချင်တယ်။ နောက်ပြီး ဟိုသက်ကျားအို၄ယောက်ကလည်း သီးသန့်ခွဲနေကြတော့ ငါ့မှာ မင်းကလွဲပြီး စကားပြောဖို့ အဖော်မရှိဘူး။ ငါ ဒီမှာ အထီးကျန်ဖြစ်နေတယ်။"
“ကောင်းပြီ။ ငါ နေ့လည်စာစားချိန် ရောက်မယ်။ ငါ့အတွက် လတ်ဆတ်တဲ့ငါးတွေ ပြင်ထားပေး။"
"ပြသနာ မရှိဘူး။"
ရှန်ဟိုင်း ဂုဏ်ရည်လေလံစံအိမ်…
ဖုန်းချပြီးနောက်တွင် ယန်ကျန်းဖန်သည် စိတ်အတွင်း သက်သာရာရသွားသည်။ သူသည် လက်ကိုင်ဖုန်းကို သိမ်းလိုက်ကာ သူ့အား မျှော်တလင့်လင့်ဖြင့် ကြည့်နေသော ဟိုချင်းမင်အား ကြည့်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ဒီထန်ရှုအကြောင်းကို စုံစမ်းပါ။ ထာဝရခန်းမကို အာရုံစိုက်ပါ။"
ဟိုချင်းမင်၏ မျက်နှာ အနည်းငယ် ပျက်သွားပြီး ခါးသီးသော အပြုံးဖြင့်
"ငါတို့ မလုပ်နိုင်ဘူး သူဋ္ဌေး …"
“ဘာဖြစ်လို့လဲ။” ယန်ကျန်းဖန် မျက်မှောင်ကြုပ်သွားသည်။
“တကယ်တော့ လွန်ခဲ့တဲ့ နှစ်များစွာကတည်းက ထာဝရခန်းမကို စုံစမ်းစစ်ဆေးဖို့ လူတချို့ကို ငါစေလွှတ်ခဲ့ပေမယ့် သူတို့ ဘယ်တော့မှ ပြန်မလာကြတော့သလို သူတို့နဲ့ပတ်သက်တဲ့ သတင်းတွေလည်း မရခဲ့ဘူး။ စုစုပေါင်းအားလုံး အဖွဲ့သုံးဖွဲ့ လွှတ်လိုက်တာမှာ သမုဒ္ဒရာအောက်ခြေထဲကို ကျောက်စရစ်ခဲတစ်ခု ပြုတ်ကျသွားသလို စုံးစုံးကို မြုပ်ရောပဲ။ နောက်ပိုင်းကျတော့ ပုဂ္ဂလိက စုံစမ်းစစ်ဆေးရေး အေဂျင်စီတစ်ခုက လူတစ်ယောက်ကိုတောင် လွှတ်လိုက်သေးတယ်။ ရလဒ်ကတော့ အတူတူပဲ။ အဲဒီနောက်ပိုင်း လူတစ်ယောက် ငါ့ဆီလာပြီး လည်ပင်းကို ဓားနဲ့ထောက်လို့ ထာဝရခန်းမကို နောက်ထပ် မစုံစမ်းဖို့ ပြောခဲ့တယ်။”
"အဲဒါဘယ်သူလဲ။" ယန်ကျန်းဖန်၏မျက်နှာ ကွက်ကနဲ ပျက်သွားကာ စိတ်လေးလံစွာ မေးလိုက်သည်။
“ထာဝရခန်းမက လူတွေအပြင် ဘယ်သူတွေ ဖြစ်နိုင်မလဲ။” ဟိုချင်းမင်က ခါးသီးစွာ ပြုံးလိုက်သည်။
ယန်ကျန်းဖန်၏မျက်နှာသည် တစ်ဖန်ပျက်သွားသည်။ ထို့နောက် သူက ခေါင်းညိတ်ပြီး
“ငါ သိပြီ။ ဒီကိစ္စကို မင်း ထပ်ပြီး ကိုင်တွယ်ဖို့ မလိုတော့ဘူး။ ထန်ရှုကို ပြန်တွေ့ပြီး သူ့ကို လွှတ်လိုက်ကြတာပေါ့။"
"အဖိုးကြီးက သဘောတူခဲ့တာလား။" ဟိုချင်းမင်က အလျင်စလို မေးလိုက်သည်။
"ဟုတ်တယ်။ သူ သဘောတူတယ်။" ယန်ကျန်းဖန်က ခပ်တိုတို ပြန်ဖြေသည်။
အထွေထွေမန်နေဂျာရုံးသို့ ပြန်ရောက်ပြီးနောက် ထန်ရှုအား ဆိုဖာပေါ်တွင် ထိုင်လျက် ဆေးလိပ်သောက်နေသည်ကို သူတို့ တွေ့လိုက်ရသည်။ ထို့နောက် မျက်နှာချင်းဆိုင် ဆိုဖာပေါ်တွင် ထိုင်လိုက်ကြကာ
“မစ္စတာထန် … မြှုပ်နှံထားသော စိန်ပိုင်ရှင်ကို ငါကိုယ်တိုင် ဆက်သွယ်လိုက်တယ်။ မင်းကိုတွေ့ဖို့ သူ သဘောတူတယ်။" ယန်ကျန်းဖန်က စကားစလိုက်သည်။
"သူ့ရဲ့ အဆက်အသွယ်အချက်အလက်ကို ပေးပါ။" ထန်ရှုက ပြောသည်။
"မင်းရဲ့ ဖုန်းနံပါတ် ပေးမလား။ အဘိုးကြီးရဲ့လိပ်စာကို ငါ ပို့လိုက်မယ်။"
"ကောင်းပါပြီ။" ထန်ရှုက သူ၏ဖုန်းနံပါတ်ကို ပြောလိုက်သည်။ တစ်မိနစ်လောက် စောင့်ဆိုင်းပြီးသောအခါ တိကျသော လိပ်စာတစ်ခုကို သူ ရရှိခဲ့သည်။
ထို့နောက် ထန်ရှုက မတ်တတ်ရပ်လိုက်ပြီး ယန်ကျန်းဖန်ကို ကြည့်ကာ ပေါ့ပါးစွာပြောလိုက်သည်။ "အစက ကျွန်တော် ခင်ဗျားရဲ့ ကျေးဇူးကြွေး အတင်ခံပြီး မျက်နှာသာပေးဖို့ပဲ။ ဒါပေမယ့် ခင်ဗျားရဲ့စိတ်က ကျွန်တော့်ကို ကျေနပ်ပုံမရတဲ့အတွက် အဲ့ဒါ ပျက်ပြယ်သွားပြီ။ ဒါကြောင့် ကျွန်တော်တို့အချင်းချင်း အကြွေးမရှိတော့ဘူး။”
ထိုသို့ပြောပြီးနောက် ထန်ရှုသည် ချီနန်နှင့်အတူ ရုံးခန်းထဲမှ လျင်မြန်စွာ ထွက်ခွာသည်။ သူတို့သည် လေလံစံအိမ်မှ ထွက်လာပြီးနောက် ထန်ရှုက
“ငါနဲ့အတူ လိုက်ခဲ့ပေးပါဦး။ ကျင်းမန်ကျွန်းက အခုပဲ ပြန်ရောက်တာဆိုတော့ ငါ့မှာ ကား ပါမလာဘူး။"
"သဘောပေါက်ပြီ။" ချီနန်က ပြုံးကာ တလေးတစား ပြန်ပြောလိုက်သည်။
တစ်နာရီခန့် ကြာပြီးနောက်…
ရှန်ဟိုင်း၏ဆင်ခြေဖုံးရပ်ကွက်များအတွင်း သစ်သီးဥယျာဉ်တစ်ခုထဲတွင် သစ်သီးရနံ့များ သင်းပျံ့နေလျက် ရှိသည်။
တောင်တက်စက်ဘီး စီးလာသော ဟန်ကျင်းထုံသည် အိမ်ဝင်း၏အပြင်ဘက်တွင် ပေါ်လာသည်။ သူ၏ဘေးတွင် ဖက်ရှင်ကျကျ ဝတ်ဆင်ထားပြီး ပန်းရောင်နေကာမျက်မှန် တပ်ဆင်ထားသော မိန်းမလှလေးတစ်ဦးသည်လည်း တောင်တက်စက်ဘီးတစ်စီးအား စီးနင်းလာခဲ့သည်။
ခြံအပြင်ဘက်ရှိ စမ်းချောင်းငယ်တွင် ငြိမ်သက်စွာ ငါးဖမ်းနေသော ဝကျေန်းပင်းအား နှစ်ယောက်သား ကြည့်လိုက်ကြပြီးနောက် မိန်းကလေးက အော်ပြောလိုက်သည်။
“ဝဘေိုးဘိုး … သမီး အဘိုးနဲ့အတူ လိုက်လာခဲ့တာ။”
သူ၏ငါးမျှားတံကို ဖြည်းညှင်းစွာချပြီး ဝကျေန်းပင်းက မတ်တတ်ရပ်ကာ လှည့်ကြည့်လိုက်ပြီး
"ကျင်းဝူ … မင်းလည်း လာတာလား။ ငါ ဒီကို ပြန်ရောက်တာ ငါးနှစ်ရှိပြီ။ ဒါက မင်းကို ဒုတိယအကြိမ် ငါ တွေ့တာ ဖြစ်နိုင်တယ်"
“ဝဘေိုးဘိုး … ဘိုးဘိုးလို ဖြူစင်တဲ့စိတ်ရှိတဲ့ အသက်ကြီးသူတစ်ယောက်က နေ့တိုင်း ဒီလိုနေရာမျိုးမှာ ဧကစာရီကျင့်သလို နေထိုင်ပြီး အချိန်တွေကို ပျော်ပျော်ပါးပါး ကုန်ဆုံးနေတာလေ။ သမီးက ဝဘေိုးဘိုးကို မနှောင့်ယှက်ဝံ့ပါဘူးနော်။”
ဝကျေန်းပင်း ပြုံးလိုက်မိရင်း ဟန်ကျင်းထုံဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"သူငယ်ချင်း … မင်းရဲ့မြေး လျှာစောင်းထက်တာက မင်းထက်တောင် ပိုသာနေပါရော။ လာ သွားကြရအောင်။ ဟင်းပွဲတွေနဲ့ ဝိုင်တွေ ပြင်ဆင်ထားပြီးလောက်ပြီ။ ထမင်းစားရင်း စကားပြောကြတာပေါ့။"
"မင်း ငါ့ကို ရှိုးပွဲတစ်ခု ဒါမှမဟုတ် တစ်ခုခုကြည့်ဖို့ ခေါ်ခဲ့တာ မဟုတ်ဘူးလား။" ဟန်ကျင်းထုံက ပြောလိုက်သည်။
“အဓိကဇာတ်ကောင်က မရောက်သေးဘူး။ မကြာခင် ရောက်လာမယ်ထင်တာပဲ။ လာ … ထမင်း အရင်စားရအောင်။ စားပြီးရင် အဲ့ဒီအကြောင်း ပြောကြတာပေါ့။” ဝကျေန်းပင်းက ပြုံးရင်း ပြောလိုက်သည်။
အရသာရှိသော ဟင်းပွဲများသည် ငါးနှင့် အသားများအား အဓိကထားကာ ချက်ပြုတ်ထားပေသည်။
သည်နေရာတွင် ဝကျေန်းပင်းနှင့်အတူတူ နေထိုင်သည်မှာ သူ၏ချွေးမနှင့် မြေးတို့ဖြစ်ကြသည်။ ထမင်းဟင်းများအား ချွေးမဖြစ်သူ ငှားထားသည့် အိမ်အကူမှ ချက်ပြုတ်ပြင်ဆင်လုပ်ဆောင်ပေးသည်။
ထမင်းစားခန်းအတွင်း…
ညစာစားပွဲတွင် သူတို့ထိုင်နေကြစဉ် ခြံအပြင်မှ ကားဟွန်းသံတစ်ချက် ကြားလိုက်ရသောကြောင့် ဝကျေန်းပင်းက ချွေးမဖြစ်သူအား တစ်ချက်လှမ်းကြည့်လိုက်ပြီး လေသံခပ်ပေါ့ပေါ့ဖြင့်
"အပြင်ထွက်ပြီး သူတို့ကို အထဲခေါ်လာခဲ့လိုက်။ ညစာစားချိန်ကို သူတို့ရောက်လာတယ်ဆိုမှတော့ ပန်းကန်ခွက်ယောက်တွေလည်း ပိုပြီးပြင်ဆင်လိုက်ပါ။”
"ဟုတ်ကဲ့အဖေ။"
နှစ်မိနစ်အကြာတွင် ထန်ရှုနှင့် ချီနန်သည် ထမင်းစားခန်းထဲသို့ ရောက်ရှိလာပြီဖြစ်သည်။ ထမင်းစားခန်းအတွင်းမှလူများကို မြင်ပြီးနောက် ထန်ရှု၏အမူအရာသည် အနည်းငယ် တွေကနဲ ဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ထမင်းစားပွဲ၌ သူ မတွေ့ချင်ဆုံးသော လူတစ်ယောက်အား တွေ့လိုက်ရသောကြောင့် ဖြစ်ပေသည်။
“ထန်ရှုလား … နင် ဘာကြောင့် ဒီကို ရောက်လာတာလဲ။"
ဟန်ကျင်းဝူသည် အံ့အားသင့်သွားပြီး မယုံကြည်နိုင်ဟန်ဖြင့် ထကာ မေးလိုက်သည်။
"ဆရာမဟန်ကရော ဘယ်လိုရောက်လာတာလဲ။" ထန်ရှုက လေသံခပ်ပေါ့ပေါ့ဖြင့် မေးလိုက်သည်။
ဟန်ကျင်းဝူက ချီနန်အား တစ်ချက်ကြည့်လိုက်ပြီး
ပြန်မေးလိုက်သည်။
“ထန်ရှု … နင် ငါမေးတာကို မဖြေသေးဘူးနော်။ နင် ဘာလို့ ဝဘေိုးဘိုးရဲ့အိမ်ကို ရောက်လာတာလဲ။"
"သေချာတာကတော့ ကျွန်တော့်မှာ လုပ်စရာရှိလို့ ရောက်လာတာပေါ့ မဟုတ်ဘူးလား။" ထန်ရှုက တုံ့ပြန်သည်။
ဝကျေန်းပင်းက ချွေးမဖြစ်သူအား ခေါင်းညိတ်ပြလိုက်ပြီး
"တူနဲ့ပန်းကန်ခွက်ယောက် နှစ်စုံ ယူလာခဲ့ချေ။"
"ကျေးဇူးပြုပြီး တစ်စုံပဲ။"
ချီနန်က နောက်သို့ ခြေလှမ်းပြန်ဆုတ်ကာ ဟန်မူရာကင်းမဲ့စွာ ပြောလိုက်သည်။
ဝကျေန်းပင်း၏မျက်မှောင် အနည်းငယ် ကြုပ်သွားသကဲ့သို့ ဟန်ကျင်းထုံ၏မျက်နှာထက်တွင် ထူးဆန်းသောအမူအရာ ဖြစ်ပေါ်လာသည်။
"ထန်ရှုနဲ့အတူ နင်လာကတည်းက ငါတို့နဲ့အတူတူ စားကြတာပေါ့။ ဝဘေိုးဘိုးရဲ့ အိမ်က အစားအစာတွေက အရမ်းအရသာရှိတာ။" ဟန်ကျင်းဝူက ပြုံးပြီး ပြောလိုက်သည်။
"ကျွန်မအတွက် မလိုပါဘူး။"
ချီနန်သည် ခေါင်းယမ်းကာ ငြင်းဆန်ရင်း နောက်သို့ ထပ်ဆုတ်သွားခဲ့သည်။
ဟန်ကျင်းဝူသည် ချီနန်အား တစ်ချက် ကြည့်လိုက်ပြီးနောက် ထန်ရှုထံ အကြည့်ရွှေ့သွားသည်။ ရုတ်တရက်ဆိုသလိုပင် သူမသည် ထိုနှစ်ယောက်၏ ထူးခြားသောဆက်ဆံရေးအား အဖြေရှာမရ ဖြစ်နေခဲ့သည်။ သူမ တစ်ခုခု ပြောမည်ဟန်ပြင်လိုက်စဉ် သူမ၏နှလုံးသားသည် ရုတ်တရက် တုန်လှုပ်သွားပြီး လွှတ်ကနဲ ထွက်သွားသည်။
" ရှင့်ကို မှတ်မိပြီ။ ရှင်က ထာဝရခန်းမက မန်နေဂျာပဲ။ အဲ့ဒါကြောင့် ရှင့်ကို မြင်ဖူးပါတယ်လို့ တွေးမိတာကိုး။..."
***