← Chapters

လိုင်စင်မဲ့ တက္ကစီ

Vol. 09 Ch. 412

လိုင်စင်မဲ့ တက္ကစီ

Vol. 09 Ch. 412

“ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ ဒါက မင်းရဲ့ ဆုလာဘ်ပဲ။ လွန်ခဲ့တဲ့နှစ်တွေမှာ ထာဝရခန်းမအတွက် မင်း အများကြီးလုပ်ပေးခဲ့တာမို့ ဒီအခွင့်အရေးကို ပေးရမယ့်အချိန် ရောက်လာပြီ။ အနာဂတ်မှာ မင်း ကောင်းကောင်း ကျင့်ကြံနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ထားတယ်။ ဒီအခွင့်အရေးကို ရရှိတာက အစပဲ ရှိသေးတာ။ နောက်ပိုင်း မင်းရဲ့ ကျင့်ကြံမှုမှာ ဘယ်လောက် မြင့်မြင့်သွားနိုင်မလဲဆိုတာကတော့ မင်းရဲ့ကြိုးစားအားထုတ်မှုအပေါ် မူတည်နေသလို ထာဝရခန်းမကို မင်း ဘယ်လောက် ပြန်ပေးမလဲဆိုတာနဲ့ပါ ဆက်စပ်နေလိမ့်မယ်။" ထန်ရှုက အေးဆေးစွာ ပြောလိုက်သည်။

“အခြေခံအကြောင်းအရာက ဘာနဲ့ဆက်စပ်တာလဲ သူဋ္ဌေး။" ချီနန်က စိတ်ဝင်တစား မေးလိုက်သည်။

“ဒါက ဆက်စပ်မှု အကြီးစားပဲ။ ထာဝရခန်းမရဲ့ ပင်မအဖွဲ့ဝင်တိုင်းက ထာဝရခန်းမအတွက် ထူးထူးခြားခြား ပံ့ပိုးမှုများ မပြုလုပ်ဘူးဆိုရင် ကျင့်ကြံမှုအရင်းအမြစ်များကို မရနိုင်ဘူးလို့  ငါ ဆုံးဖြတ်ချက် ချထားတယ်။ နို့မဟုတ်ရင် အဖွဲ့ဝင်တွေက ပင်ပင်ပန်းပန်းနဲ့ ကြိုးစားကျင့်ကြံရလိမ့်မယ်။ ကျင့်ကြံမှု အရှိန်နှင့်ပတ်သက်ရင် ကျင့်ကြံမှုအရင်းအမြစ် မရရှိတဲ့သူတွေက အရင်းအမြစ်ရတဲ့သူတွေထက် ကျင့်ကြံမှုနှုန်း နှေးကွေးမှာ အထင်အရှားပဲ။ နောက်ပြီး အရင်းအမြစ်များစွာကို ရယူနိုင်ပြီး ထာဝရခန်းမကို လွှဲပြောင်းပေးနိုင်တဲ့ ဘယ်သူမဆို ကျင့်ကြံမှုဆိုင်ရာ အရင်းအမြစ်တွေကိုလည်း ရရှိဦးမယ်။”

“ဥပမာလေး ပြောပါဦး။” ချီနန်က လျင်မြန်စွာ မေးလိုက်သည်။

“ဥပမာကွာ … မင်းက အဖိုးတန်ဆေးဖက်ဝင်အပင်တွေ၊ သတ္တုရိုင်းတွေ၊ သားရဲအရိုးတွေ ဒါမှမဟုတ် ကြမ်းတမ်းတဲ့ သားရဲတွေဆီက အဖိုးတန် အစိတ်အပိုင်းတွေကို အများကြီး ရလာလို့ အဲ့ဒါတွေကို ထာဝရခန်းမဆီ လွှဲပေးလိုက်ရင် သန့်စင်ဆေးလုံးတွေ၊ လျှို့ဝှက်ဆန်းကြယ်တဲ့ပစ္စည်းတွေနဲ့ တခြားပစ္စည်းတွေကို မင်း ရနိုင်တယ်။"

ချီနန်၏ မျက်လုံးများ တောက်ပလာကာ သူမ၏ အသက်ရှုသံများ မြန်လာသည်။ သူမက ထန်ရှုအား ကျေးဇူးတင်သည့် အမူအရာဖြင့် ကြည့်ရင်း ထပ်ခါတလဲလဲ ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ငါ နားလည်သွားပြီ သူဌေး။"

"ကျိချွိမိန် မင်းကို မခေါ်သေးဘူးဆိုတာက ငါ့အမိန့်က သူမဆီ မရောက်သေးလို့။ ဒါကြောင့် မင်းက ဒီအကြောင်းကို ပထမဆုံး သိတဲ့သူပဲ။ မင်းက ဉာဏ်ကောင်းရင် ငါ မင်းကို ဆက်ပြီး ညွှန်ပြနေစရာ မလိုတော့တာ သေချာတယ် မဟုတ်လား။" ထန်ရှုက ပြုံးကာ ပြောလိုက်သည်။

ပုံမှန်ထက် ထက်မြက်နေသော အပြုံးဖြင့် ချီနန်က ခေါင်းညိတ်လိုက်ကာ

"နင် ငါ့ကို ထပ်ပြီးညွှန်ပြစရာ မလိုတော့ပါဘူးသူဋ္ဌေး။ အကြီးအကဲကျိက လူတိုင်းကို စတင်မခေါ်သေးပေမယ့် ပစ္စည်းအများကြီးကို ငါ ကြိုဝယ်ထားလိုက်ပါမယ်။ ဒီသတင်းကို လူတိုင်းသိလာတဲ့အခါဆိုရင် နိုင်ငံရဲ့ဒေသအနှံ့ကနေ ပစ္စည်းမျိုးစုံကို ဝယ်ယူဖို့ အခက်အခဲတွေ ဖြစ်ကြတော့မှာ။ အဲဒီအခါကျ ဝယ်ရမယ့်ပစ္စည်းတွေက ဈေးတက်လာပြီး သူတို့ဝယ်ချင်တဲ့ ပစ္စည်းအရေအတွက်က လျော့နည်းသွားမယ်။”

"မင်းက အလားအလာကောင်းပြီး သင်ပေးဖို့ ထိုက်တန်တယ်။"

ထန်ရှုက မတ်တတ်ရပ်လိုက်ကာ ခေါင်းညိတ်ရင်း ပြောလိုက်သည်။

"ငါ အခုတော့ ဗိုက်ပြည့်သွားပြီ။ ကြယ်ပြာအိမ်ရာကို ပြန်ပို့ပေးပါဦး။ ရှန်းနန်တောင်ကို မသွားခင် ငါ အနားယူဖို့ လိုတယ်။"

“ဟုတ်ကဲ့ သူဋ္ဌေး။”

ချီနန်သည် ပစ္စည်းများကို ချက်ချင်း စတင်ဝယ်ယူချင်မိသော်လည်း ထန်ရှုအား ကြယ်ပြာအိမ်ရာသို့ အရင်ပြန်ပို့ပေးခဲ့သည်။

ကြယ်ပြာအိမ်ရာဝင်းရှိ အိမ်အတွင်းပိုင်း…

ရွှဲ့ချောင်သည် ခြံဝင်းထဲတွင် နေပူစာလှုံလျက်ရှိနေပြီး ဘေးတွင် ဇနီးဖြစ်သူတုကျွမ်သည် ဆွယ်တာအင်္ကျီတစ်ထည်အား သိုးမွှေးထိုးနေသည်။ သူတို့နှစ်ယောက်၏အရှေ့ရှိ ကုတင်သေးတစ်ခုပေါ်တွင် သားဖြစ်သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပေသည်။

"နောက်ဆုံးတော့ မင်း ပြန်လာပြီပေါ့ သူဋ္ဌေးထန်…"

ထန်ရှုကိုမြင်လိုက်သည့် ရွှဲ့ချောင်က ချက်ချင်းထလိုက်ကာ အပြုံးဖြင့် ဆိုလိုက်သည်။

"မင်းရဲ့ဒဏ်ရာ သက်သာသွားပြီလား။" ထန်ရှုက သူ့ကို ကြည့်ရင်း ပြုံးကာ မေးလိုက်သည်။

ရွှဲ့ချောင်က ခေါင်းညိတ်ပြရင်း

"ငါ အပြည့်အဝ ပြန်ကောင်းမလာသေးပေမယ့် အရင်ကထက်စာရင် ပိုကောင်းနေပါပြီ။ တအားဝန်မပိစေတဲ့ ပုံမှန်နေ့စဉ်လှုပ်ရှားမှုတွေ လုပ်နိုင်တယ်။ လမ်းလျှောက်နိုင်တယ်။"

"အပြည့်အဝ ပြန်ကောင်းဖို့အတွက် သေသေချာချာ အနားယူပါ။ စစ်ရေးလေ့ကျင့်မှုက ပြီးခါနီးပြီ။ အဲ့ဒါပြီးရင် ငါတို့တွေ အတန်းစတက်ရတော့မယ်။” ထန်ရှုက ပြုံးကာ ပြောသည်။

"ငါလည်း အတန်း တက်မယ် သူဋ္ဌေးထန်။" ရွှဲ့ချောင်က ရိုးရှင်းသော အပြုံးဖြင့် ပြောလိုက်ရင်း

"မင်းငါ့ကို ပြောခဲ့တဲ့အလုပ်နဲ့ပတ်သတ်ပြီး ငါ့ကို အခု မိတ်ဆက်ပေးလို့ရပြီလား။ ငါ့ဒဏ်ရာက အပြည့်အဝ မသက်သာသေးပေမယ့် ငါက တောင်ပေါ်သားတစ်ယောက်ဆိုတော့ကွာ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ရှိတယ်လေ။ ငါ့ရဲ့အလုပ်ကို မထိခိုက်စေရပါဘူး။"

ထန်ရှုက တစ်ခုခုကို သဘောပေါက်သွားသည့်ဟန်ဖြင့် အမြန်မေးလိုက်သည်။

“မင်း ပိုက်ဆံကုန်သွားပြီလား။ ငါ ပေးပါ့မယ်…”

ရွှဲ့ချောင်က လက်ကို ဝှေ့ယမ်းပြီး

"မင်းငါ့ကို ချေးထားတဲ့ငွေထဲက ယွမ် ၁၀၀၀ ကျန်သေးတယ်။ ငါ့မိသားစုအတွက် အချိန်အတော်ကြာအောင် သုံးဖို့ လုံလောက်နေပါသေးတယ်။ ငါက အိမ်မှာ နေ့တိုင်း ပျင်းပျင်းရိရိ မနေချင်လို့ပါ။ ငါ့ခန္ဓာကိုယ်ကို မလှုပ်ရှားရင် သံချေးတက်သွားသလိုမျိုး ငါ ခံစားရတယ်။"

ခဏလောက်စဉ်းစားပြီးနောက် ထန်ရှုက ခေါင်းညိတ်ပြီး “ကောင်းပြီ။ မင်းမှာ ယာဉ်မောင်းလိုင်စင် ရှိလား။"

“မရှိဘူး။” ရွှဲ့ချောင်က မချိပြုံး ပြုံးပြကာ ခေါင်းယမ်းလိုက်သည်။

"ငါ မိတ်ဆက်ပေးမယ့်အလုပ်က ဒီနေရာနဲ့ နည်းနည်းလှမ်းတယ်။ မင်းက ဒဏ်ရာတွေ ရှိနေသေးတဲ့အတွက် နေ့တိုင်း အလုပ်သွားလုပ်ရရင် အဲဒီမှာပဲ နေနိုင်လိမ့်မယ်။ မရီးနဲ့ မင်းရဲ့သားကို ဒီမှာပဲ နေခိုင်းပြီး ညနေခင်းကို မင်း ဟိုမှာပဲ အနားယူရင်ရော ဘယ်လိုလဲ။" ထန်ရှုက ပြောပြသည်။

"အဲ့ဒီမှာ နေစရာနေရာ ရှိလား။" ရွှဲ့ချောင်က မေးသည်။

"မင်းကို နေစရာနေရာတစ်ခု စီစဉ်ပေးဖို့ ငါ သူမကို ပြောလိုက်မယ်။"

ထန်ရှုက အပြုံးဖြင့် ပြောလိုက်သည်။

သူ့မိန်းမနှင့် ကလေးအား ကြည့်လိုက်ရင်း ရွှဲ့ချောင်က ရုတ်တရက် မေးလိုက်သည်။

"သူဌေးထန် … အဲ့ဒီမှာ ဘယ်လိုနေရာမျိုး ရှိတာလဲ။ ဖြစ်နိုင်ရင် ငါ့ဇနီးနဲ့ သားကိုလည်း ခေါ်သွားချင်တယ်။ ငါတို့ ဒီကို ရောက်နေတာ ဆယ်ရက်ကျော်ပြီ။ ငါ အဲဒီမှာ အလုပ်လုပ်နိုင်ပြီး ငါတို့နေဖို့ နေစရာလေး တစ်နေရာရှိရင် ငါတို့အားလုံး အဲဒီမှာပဲ နေလိုက်မယ်။"

"ကောင်းပါပြီ။ ငါ မင်းကို လိပ်စာပေးမယ်။" ထန်ရှုက ခေါင်းညိတ်လိုက်ရင်း

“အဲ့ဒီနေရာကို သွားပြီးတော့ ချီနန်လို့ ခေါ်တဲ့ လူတစ်ယောက်ကို ရှာပါ။ ငါ မင်းကို ပြောခဲ့တာတွေကို သူ့ကို ပြောပြလိုက်ပါ။ သူမက စီစဉ်ဆောင်ရွက်ပေးလိမ့်မယ်။ ဒါနဲ့ ရက်အနည်းငယ်လောက် ငါ ထွက်သွားဦးမှာမို့ ငါ ပြန်လာရင် ပြန်ဆုံကြတာပေါ့။”

“အိုခေ။ ကျေးဇူးတင်ပါတယ် သူဌေးထန်။" ရွှဲ့ချောင်က ကျေးဇူးတင်စကားဆိုသည်။

"ဘာကို ကျေးဇူးတင်နေတာလဲ။ ငါတို့က အတန်းဖော်တွေပဲလေကွာ။”

ထန်ရှုက သူ၏လက်ကို ဝှေ့ယမ်းပြီး ဆက်ပြောသည်။

“လူတွေ ပြောသလိုပဲ … တစ်သက်တာမှာ အတန်းဖော်ဖြစ်ရင် သုံးသက်တာအတွက် မိသားစုဖြစ်သွားမှာမို့ ငါတို့က တစ်ယောက်နဲ့တစ်ယောက် ကူညီရမယ်။ ဒါနဲ့ မင်း ဘယ်တော့ သွားမှာလဲ။ မင်း အလျင်လိုနေရင် ငါ မင်းကို အခုပဲ မောင်းပို့ပေးမယ်လေ။"

"အင်း ထားလိုက်တော့။ ငါတို့ ဘတ်စ်ကားနဲ့ သွားမယ်။ မင်းလည်း အလုပ်တွေ ရှုပ်နေတာကြီးကို။ ဘာပဲဖြစ်ဖြစ် မင်း ပြန်လာပြီးရင် ငါ့လစာနဲ့ မင်းကို အရက် ဝယ်တိုက်မယ်။" ရွှဲ့ချောင်က ပြောလိုက်သည်။

"ကောင်းပါပြီ။" ထန်ရှုက ပြုံးပြီး ခေါင်းညိတ်သည်။

ဆယ်မိနစ်ကြာပြီးနောက် ထန်ရှုသည် ရိုးရှင်းသော အဝတ်အစားများကိုထုပ်ပိုးပြီး ကြယ်ပြာအိမ်ရာမှ တန်းထွက်ခွာသွားသည်။ ရှန်ဟိုင်းသည် ရှန်းနန်တောင်မှ မိုင်ထောင်ချီဝေးသောကြောင့် ဖေးမြို့သို့ လေယာဉ်လက်မှတ်ကို ကြိုတင်မှာယူလိုက်သည်။ သို့သော်လည်း နွေရာသီအားလပ်ရက်အတွင်း ခရီးသည်များစွာ လာရောက်လည်ပတ်ကြသဖြင့် လက်မှတ်များ အားလုံးကုန်နေပြီဖြစ်ကြောင်း သိလိုက်ရသောကြောင့် သူ့တွင် ပြောစရာစကားမဲ့ခဲ့ရပေသည်။ မြန်နှုန်းမြင့် အမြန်ရထားအား စီးရန် ရွေးချယ်ရုံကလွဲပြီး သူ့တွင် ရွေးစရာ မရှိပါချေ။

သည်တစ်ကြိမ်တွင် ကံကောင်းထောက်မစွာဖြင့် သူ့၏ကံသည် အတန်ငယ် ကောင်းသွားသည်ဟု ဆိုရချေမည်။ လက်မှတ်အနည်းငယ် ကျန်နေသေးသည်။ နံနက် ၃ နာရီအချိန်တွင် ထန်ရှုသည် ဖေးမြို့ အမြန်ရထားဘူတာရုံမှ ထွက်လာခဲ့သည်။

ဆိုက်ရောက်ခြင်း၊ ထွက်ခွာခြင်းဖြင့် လူများစွာ စည်ကားနေသော လူစီးကြောင်းတစ်ခု ရှိနေပြီး မနက်၃နာရီသည် လုံးဝတိတ်ဆိတ်ခြင်းမရှိပါချေ။

ထန်ရှုသည် ဒါဇင်ချီသောမီတာများစွာ အကျယ်ရှိသည့် လူစီးကြောင်းနှင့်အတူ ထွက်လာခဲ့သည်။ ထို့နောက် အပြင်ဘက်သို့ သူ ခြေချမိလိုက်စဉ် အံ့ဩစရာကောင်းသော  မြင်ကွင်းတစ်ခုအား တွေ့လိုက်ရတော့သည်။ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော အရပ်ရှည်ရှည် အမျိုးသမီးတစ်ဦး၏ နောက်တွင် သန်မာကြံ့ခိုင်သော အနက်ရောင်ဝတ်စုံဝတ် အမျိုးသားရှစ်ဦးရှိကာ ၎င်းတို့အနီးအနားသို့ မည်သူမျှ ချဉ်းမကပ်ရဲကြပေ။ လူတော်တော်များများသည် ထိုသူတို့အား ညွှန်ပြကာ တစ်ယောက်နှင့်တစ်ယောက် တီးတိုးစကား ဆိုနေပေသည်။

သူ၏ကောင်းမွန်သော အကြားအာရုံအရ ထိုအမျိုးသမီးသည် ဖေးမြို့ ရှိ သံမဏိဝါအုပ်စုသူဋ္ဌေး၏ အတွင်းရေးမှူးဖြစ်ပြီး ဖေးမြို့တွင် အတော်အတန် နာမည်ကြီးသော အမျိုးသမီးဖြစ်ကြောင်းကို တီးတိုးပြောဆိုသံများမှတဆင့် ထန်ရှု သိရှိခဲ့ရသည်။

ထန်ရှုသည် ဤနေရာတွင် ကြာကြာမနေပါချေ။ ထိုလူများသည် သူနှင့် အနည်းငယ်မျှသော ဆက်ဆံရေးလည်း မရှိပေ။ သူ သည်ဒေသသို့ မလာခင် မြေပုံကို စစ်ဆေးထားပြီးဖြစ်သောကြောင့် မည့်သည့်နေရာသို့ ခရီးဆက်ရမည်ကို သူ သိပေသည်။ ဖေးမြို့မှ ရှန်းနန်တောင်သို့ မသွားမီ ရှန်းနန်တောင်အနီးရှိ ဇီမင်ဒေသသို့ ကားဖြင့် သွားရမည်ကို သူ သိထားသည်။ ဇီမင်ဒေသမှတဆင့် ရှန်းနန်တောင်ရှိ တစ္ဆေဘုရင်တောင်ကြားသို့ သွားနိုင်မည်ဖြစ်သည်။

"ညီလေး … ကားငှားမလား။"

အဝါရောင်ဖျော့ဖျော့ဆံပင်နှင့် နားကပ်များဖြင့် အသက် ၂၄ နှစ် သို့မဟုတ် ၂၅ နှစ်အတွင်းရှိ လူငယ်တစ်ဦးသည် ထန်ရှု လက်ဗလာဖြင့် ထွက်လာသည်ကို မြင်တွေ့ပြီးနောက် အပြုံးဖြင့် နှုတ်ဆက်လာသည်။

"ဇီမင်ဒေသကို သိလား။" ထန်ရှုက သူ့ကို ကြည့်ကာ မေးလိုက်သည်။

လူငယ်သည် ထန်ရှုကို အကဲခတ်လိုက်ပြီးနောက် "ညီလေး … ဇီမင်ဒေသကို သွားတဲ့ ကားခက ဈေးမနည်းဘူးနော်။"

“ငွေက အရေးမကြီးပါဘူး။ ဒါပေမယ့် ငါ အဲ့ဒီကို သွားဖို့ အလျင်လိုတယ်။” ထန်ရှုက ပြောသည်။

“၄၅၀ယွမ်။ ၄၅၀ယွမ် ပေးရင် ငါ မင်းကို အဲ့ဒီနေရာ လိုက်ပို့မယ်။” လူရွယ်က ပြောသည်။

“အိုကေ … မင်းရဲ့ကားက ဘယ်နေရာမှာလဲ။”ထန်ရှုက မေးသည်။

လူရွယ်သည် အနီးနားရှိ နေရာတစ်နေရာအား ညွှန်ပြလိုက်ပြီး

"ဟိုးနားမှာ … ငါနဲ့လိုက်ခဲ့ပါ။"

လူရွယ်သည် ထန်ရှုအား အနက်ရောင်မာဇဒါ ကားတစ်စီးဆီသို့ ခေါ်ဆောင်လာကာ တံခါးဖွင့်ပေးလိုက်ရင်း

"ညီလေး … ဇီမင်ဒေသကို သွားတဲ့လမ်းက ကြမ်းတယ်။ ငါတို့ မြန်မြန်မောင်းသွားရင်တောင်မှ အဲဒီကိုရောက်ဖို့ နှစ်နာရီကျော်လောက်ကြာလိမ့်မယ်။”

ထန်ရှုက ခေါင်းညိတ်ကာ ရှေ့ဆုံးခုံတွင် ဝင်ထိုင်လိုက်ရင်း

“ကိစ္စ မရှိဘူး။ ဖြည်းဖြည်းပဲ မောင်းပြီး ဘေးကင်းဖို့ကိုပဲ အာရုံစိုက်ပါ။"

“အိုခေဗျာ…”

လူရွယ်က ပြန်ဖြေပြီး ယာဉ်မောင်းထိုင်ခုံတွင် ဝင်ထိုင်ကာ ကားကို စတင်မောင်းနှင်လာခဲ့သည်။

သို့သော် ထိုလူရွယ်သည် တက်ကြွသည့် ကိုလေအိုးတစ်ယောက်ဖြစ်မှန်း သိသာပေသည်။ သူသည် ထန်ရှုအား တစ်ချက်ကြည့်လိုက်ပြီးနောက် ကားမောင်းနေရင်း စကားစမြည်ပြောလာသည်။ “ညီလေး … ငါ့နာမည်က ချန်ဟောင်။ မင်းနာမည်ကရော။"

"ငါက ထန်မျိုးရိုးကပါ။"

“ညီလေးထန် … မင်းရဲ့ လေသံကို နားထောင်ရတာ ဒေသခံတစ်ယောက် မဟုတ်ဘူးထင်တယ်။ အပျော်ခရီး ထွက်လာတာလား ဒါမှမဟုတ် ဆွေမျိုးတွေဆီ အလည်လာတာလား။”

"အပျော်ခရီး ထွက်လာတာပါ။" ထန်ရှုက ပြောသည်။

“အားလပ်ရက်မှာ ငါတို့ရဲ့ အပန်းဖြေစခန်းတွေကို ခရီးသွားတွေ အများအပြား လာကြတယ်။ အထူးသဖြင့် နှစ်တိုင်း ဒီလိုအချိန်တွေမှာ အများစုက ရှန်းနန်တောင်ကို လာလည်ကြတယ်လေ။” ချန်ဟောင်က ထန်ရှု၏စကားအား ခေါင်းညိတ်ထောက်ခံကာ စကားဆက်လိုက်သည်။

"ဒါပေမယ့် ဒီကို တစ်ယောက်တည်း လာပြီး ခရီးဆောင်အိတ် လုံးဝမပါတဲ့ ညီလေးလိုလူမျိုးကို မြင်ရတာတော့ ဒါ ပထမဆုံးအကြိမ်ပဲ။"

"တစ်ယောက်တည်း အပြင်မှာ လည်ပတ်ရတာက အရမ်းကောင်းတယ်။"

ထန်ရှုက တည်ငြိမ်စွာ ပြန်ဖြေသည်။

"ဒါက မင်းအတွက် လွတ်လွတ်လပ်လပ်နဲ့ အထိန်းအချုပ် မရှိတာပဲ ညီလေးထန်။ အားကျတယ်ကွာ။"

ချန်ဟောင်၏ မျက်နှာပေါ်တွင် အားကျသော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့ကာ

"ငါကိုယ်တိုင်လည်း နေရာတိုင်းကို တစ်ယောက်တည်း ခရီးထွက်ဖို့ စဉ်းစားနေတာ။ ဒါပေမယ့်ကွာ ငါ့ဘဝက မိုးလင်းကနေ မိုးချုပ်တဲ့အထိ အလုပ်လုပ်ဖို့ ဘဝက တွန်းအားပေးနေတယ်။ ဟူး … အပြင်ထွက်ပြီးသာ ပိုက်ဆံမရှာရင် ငါ့ကလေးအတွက် ဖော်မြူလာနို့ဝယ်ဖို့ ပိုက်ဆံရှိမှာ မဟုတ်ဘူး။”

“မင်းက လိုင်စင်မဲ့တက္ကစီယာဉ်မောင်း ဟုတ်တယ်မလား။ ဘာလို့ လုပ်ငန်းလိုင်စင် မယူတာလဲ။" ထန်ရှုက မေးလိုက်သည်။

“အခုခေတ် လုပ်ငန်းလိုင်စင် လျှောက်တာက ငွေရော အချိန်ရော အများကြီး ကုန်တယ်။ နောက်ပြီး တက္ကစီတစ်စီးရဲ့ ဈေးက မိုးလောက်မြင့်တဲ့အပြင်ကို ကားအစီးရေကလည်း ထောင်သောင်းချီနေတာကြီး။ ငါက လိုင်စင်မဲ့တက္ကစီကို မောင်းတယ်ဆိုပေမယ့် သန့်ရှင်းတဲ့ငွေကို ရှာနိုင်တယ်။ အဆိုးဆုံးကို တွက်ထားရမယ်ဆိုရင် တစ်ခါတလေ အဖမ်းခံရပြီး အချိန်အတော်ကြာအောင် အချုပ်ခန်းထဲမှာ နေရတာမျိုးတော့ ရှိနိုင်တာပေါ့လေ။”ချန်ဟောင်က မချိပြုံးပြုံးကာ ရှင်းပြသည်။

ထန်ရှုက ခေါင်းညိတ်ကာ တုံ့ပြန်လိုက်ပြီး စကားမရှည်ချင်တော့သောကြောင့်

"ငါ အိပ်တော့မယ်။ တစ်ခုခုရှိရင် ငါ့ကို နှိုးလိုက်ပါ။"

"ကောင်းပြီ။" ချန်ဟောင်က ပြန်ပြောသည်။

အချိန်များ ကုန်လွန်ခဲ့ပြီဖြစ်သည်။

ထန်ရှု အိပ်ပျော်သွားပြီး သိပ်မကြာခင်မှာပင် ရုတ်တရက် ဘရိတ်ဆောင့်အုပ်လိုက်မှုက သူ့အား နှိုးလိုက်သည့်နှယ် ဖြစ်စေသည်။ ထိုင်ခုံခါးပတ်က သူ၏ခန္ဓာကိုယ်အား ထိန်းချုပ်ပေးထားပြီး ရှေ့သို့ ငိုက်ကျသွားသော အနေအထားမှ သူ၏အရှေ့ရှိ ကားဒက်ရှ်ဘုတ်အား လက်ဆန့်ကာ ဟန်ချက်ထိန်းလိုက်သည်။

"ဘာဖြစ်တာလဲ။" ထန်ရှု မေးလိုက်သည်။

ဖြူဖျော့နေဟန်ရှိသော ချန်ဟောင်က ထန်ရှုဘက်သို့ လှည့်ကာ

"ငါ တစ်ခုခုကို တိုက်မိသွားပုံပဲ။"

ထန်ရှု၏မျက်ခုံးများ မြင့်တက်သွားရသည်။ ကားထဲမှ သူ ထွက်လာသောအခါ ကားသည် ဗလာဟင်းလင်းဖြစ်နေသော ဆင်ခြေဖုံးရပ်ကွက်များသို့ ဖြတ်ကျော်မောင်းလာခဲ့သည်ကို တွေ့လိုက်ရသည်။ လမ်းသည် မညီမညာ ကြမ်းတမ်းလှပြီး ဘေးတစ်ဖက်တစ်ချက်စီတွင် မြောင်းများ ရှိနေသည်။ ဟိုးဘက်အလွန်တွင် လယ်ကွင်းများသည် တမျှော်တခေါ် ရှိနေကြသည်။ ကားရှေ့ မှ အရာအား ထန်ရှု ကြည့်မိသောအခါ ထိုအရာသည် တောဝက်တစ်ကောင် ဖြစ်နေသောကြောင့် သူ၏ချောမောသော မျက်နှာထက်တွင် ထူးဆန်းသော အမူအရာ ဖြစ်ပေါ်လာခဲ့တော့သည်။ ယခုအချိန်တွင် တောဝက်သည် ၇မီတာ - ၈ မီတာအကွာ မြေပြင်ပေါ်တွင် လဲနေပြီး ဘေးပတ်လည်တွင် သွေးများ အိုင်ထွန်းနေသည်။

"မင်းရဲ့ကံက အတော်ဆိုးတာပဲလို့ မထင်ဘူးလား။" ထန်ရှုက ပြုံးပြီး ပြောသည်။။

ချန်ဟောင်၏အမူအရာသည် ရှုံ့မဲ့နေလျက် ရှိသည်။ ကား၏ရှေ့မီးလုံးများ ကွဲသွားကာ ဘယ်ဘက်ရှေ့မီးသည် လုံးဝပျက်စီးသွားကြောင်း သိရသည်။ ထိုပျက်စီးသွားသည်များအား ပြုပြင်ရန် ယွမ်ထောင်ချီ ကုန်ကျနိုင်ဖွယ်ရှိသည်။

ထန်ရှုသည် တောဝက်ဆီသို့ လျှောက်သွားလိုက်ပြီးနောက် ကောက်ကိုင်လိုက်ပြီး အပြုံးဖြင့်

“ဒီကောင်က မသေသေးဘူးဆိုပေမယ့် အသက်မရှင်နိုင်တော့ဘူး။ အံ့သြဖို့ကောင်းတာက ဒီနေရာက တောဝက်တွေ တကယ်များပြီး ဒီကောင်က ကားတိုက်ခံရတာတောင် မသေသေးဘူး။ သူ့ကံကြမ္မာက တော်တော်ဆိုးတာပဲ။”

“မင်း…”

ချန်ဟောင်သည် ကားရှေ့မီးကြီးအောက်တွင် ထန်ရှုက တောဝက်အား ကောက်ကိုင်ထားသည်ကို ရှင်းလင်းစွာ မြင်လိုက်ရသဖြင့် တုန်လှုပ်သွားတော့သည်။

***

All Chapters