← Chapters

မိတ်ဆွေဟောင်း

Vol. 09 Ch. 413

မိတ်ဆွေဟောင်း

Vol. 09 Ch. 413

ချန်ဟောင်သည် ထိုကဲ့သို့ ခွန်အားကြီးမားသော လူတစ်ယောက်ကို တစ်ကြိမ် တွေ့ဖူးသည်။ သူ့တွင် တစ်ချိန်က ၂၀၀ကီလို -၃၀၀ ကီလိုဂရမ် အလေးချိန်ရှိသည့် ကြေးခြင်္သေ့ရုပ်တစ်ခုအား ခေါင်းထက်သို့ ပင့်မြှောက်နိုင်သည့် သူငယ်ချင်းတစ်ယောက် ရှိခဲ့ဖူးသည်။ ထိုသို့ လုပ်နိုင်သော သူ့သူငယ်ချင်းအား အလွန် အားကောင်းသည်ဟု သူ တွေးမိခဲ့သည်။

သို့သော် ယခုတွင် ထန်ရှုသည် အနည်းဆုံး အလေးချိန် ၁၀၀ကီလို - ၁၅၀ ကီလိုဂရမ် အလေးချိန်ရှိသော တောဝက်အား အားစိုက်ထုတ်ရခြင်း အလျဉ်းမရှိဘဲ သာသာယာယာ ကောက်ကိုင်လိုက်သဖြင့် အံ့သြတုန်လှုပ်ကာ စကားတစ်ခွန်းမှပင် မပြောနိုင်တော့ပေ။

ထန်ရှုသည် တောဝက်ကို သယ်ဆောင်ပြီး ကားဆီသို့ ပြန်လာသည်။ ချန်ဟောင်၏တုန်လှုပ်နေသော မျက်နှာအား ကြည့်ရင်း သူက ခပ်ဖွဖွပြုံးလိုက်ကာ

"ပြောရမယ်ဆိုရင် ငါက အတော် သန်မာတာကွ။ ဒီလောက်ကတော့ ငါ့အတွက် အပျော့ပဲ။ ဒါနဲ့ မင်း ဒီတောဝက်ကို ယူမလား။ မင်း ယူမယ်ဆိုရင် ငါ ကားပေါ် တင်လိုက်မယ်။ မင်း မလိုချင်ရင် ငါ လမ်းဘေးကို ပစ်လိုက်တော့မယ်။"

ချန်ဟောင်က တံတွေးတစ်ချက် မျိုချလိုက်ကာ ကမန်းကတန်း ခေါင်းညိတ်ပြပြီး

“ငါ ယူမယ်။ ဒီတောဝက်က ကြီးတယ်ဆိုတော့ ရောင်းရင် ပိုက်ဆံနည်းနည်း ရလောက်တယ်။ ကားပြင်စရိတ်အတွက် မလုံလောက်ပေမယ့် ဆုံးရှုံးတာကိုတော့ နည်းနည်းကာမိမှာပါ။”

ထန်ရှုက ခေါင်းညိတ်ပြပြီး ကား၏ပစ္စည်းများ ထည့်သောအခန်းသည် တောဝက်အား မဆန့်သောကြောင့် နောက်ခန်းထဲတွင် တင်လိုက်သည်။ ထို့နောက် သူသည် ကားပေါ်ပြန်တက်ပြီး ကားသည် လမ်းအတိုင်း ဆက်မောင်းလာသည်။

ဆယ်မိနစ်အကြာတွင် အနက်ရောင် ဆာ့ဖ်ကားခြောက်စီးသည် အနောက်မှ ပါလာကာ ဟွန်းသံဖြင့် အချက်ပေး လမ်းတောင်းလာခဲ့သည်။ ချန်ဟောင်သည် တခဏတုံ့ဆိုင်းသွားပြီးနောက် ဘေးတစ်ဖက်သို့ကပ်ကာ လမ်းပေးလိုက်သည်။ ထို့နောက် ကားခြောက်စီးသည် ဘေးတစ်ဖက်မှ လျင်မြန်စွာ ဖြတ်ကျော်သွားခဲ့သည်။

သည်တစ်ကြိမ်တွင် ထန်ရှုသည် မအိပ်နေသောကြောင့် ဖြတ်သွားသော အနက်ရောင် ကားခြောက်စီးအကြောင်း သူ သိချင်နေမိသည်။ ထို့ကြောင့် သူ၏စိတ်ဝိညာဉ်အာရုံအား ချက်ချင်းထုတ်လွှတ်ကာ ထိုကား၆စီးဆီသို့ ဖြန့်ကျက်လိုက်သည်။ ဘူတာရုံ ဝင်/ထွက်ပေါက်တွင် သူတွေ့ခဲ့သော အဖြူရောင် ဝတ်စုံဝတ် အမျိုးသမီးနှင့် တခြားသူများအား တွေ့ရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိချေ။ သူမ၏ဘေးတွင် သူ၏မိတ်ဆွေဟောင်းတစ်ယောက်က ထိုင်နေခဲ့သည်။

…ဘယ်လိုဖြစ်ပြီး သူဖြစ်နေတာလဲ…

ထန်ရှု၏မျက်နှာထက်တွင် ထူးဆန်းသော အမူအရာတစ်ခုပေါ်လာပြီး သူက ရုတ်ခြည်းပင် ပြောလိုက်သည်။

"အရှိန်မြှင့်ပြီး အဲ့ဒီကားခြောက်စီးကို ကျော်တက်ပါ။"

"ငါတို့ ဘာလို့ သူတို့ကို ကျော်တက်မှာလဲ။" ချန်ဟောင် ဇဝေဇဝါ ဖြစ်သွားသည်။

“ငါ ပြောသလို သူတို့နောက်ကို လိုက်။ မင်း သူတို့ကို ကျော်တက်နိုင်ရင် မင်းကို ကားခ ပိုပေးမယ်။"

ချန်ဟောင် စိတ်အားတက်ကြွလာကာ လီဗာကို နင်းပြီး အရှိန်တင်လိုက်သည်။ ကားသည် ချက်ခြင်းပင် အရှိန်မြန်လာပြီး မိနစ်အနည်းငယ်အတွင်း ထန်ရှုတို့ကားနှင့် ဆာ့ဖ်ကားများကြား အကွာအဝေးသည် မီတာတစ်ဒါဇင်ခန့်သာ ကွာဝေးတော့သည်။ ထို့အပြင် သူသည် ထန်ရှု ပြောသည့်အတိုင်း ဟွန်းအား ဆက်တိုက် တီးခဲ့သည်။

အရှေ့ဘက်ရှိ တတိယမြောက် အနက်ရောင် ဆာ့ဖ်ကားပေါ်တွင် အိပ်နေသော လီလောင်ရှန်းသည် မျက်လုံးများကို အသာဖွင့်လိုက်ကာ မျက်မှောင် အနည်းငယ် ကြုပ်သွားသည်။ သူက အနောက်ကို တစ်ချက်ကြည့်လိုက်ပြီး

"ဘာတွေ ဖြစ်နေတာလဲ။"

"အဲ့ဒီကားက ကျွန်မတို့ ကျော်လာတဲ့ကားပဲ။ သူတို့က ကျွန်မတို့ကို အမီလိုက်လာပြီး ဟွန်း အဆက်မပြတ် တီးနေတာ။ ကားရပ်ပြီး သူတို့ကို သင်ခန်းစာ ပေးစေချင်သလား။" ကျိရှီယန်က ပြောပြသည်။

"ထားလိုက်ပါ။ မြန်မြန်သာ ဆက်မောင်း။" လီလောင်ရှန်းက ခေါင်းခါပြီး ပြောလိုက်သည်။

မိနစ်အနည်းငယ်ကြာသော် လီလောင်ရှန်းသည် နောက်ဆုံးတွင် စိတ်မရှည်တော့ဘဲ

“ရပ် … ကားရပ်။ သူတို့ကို တစ်ချက် သွားကြည့်လိုက်။”

"ကောင်းပါပြီ။" ကျိရှီယန်က ပြန်ပြောကာ ကားများအား ချက်ချင်း ရပ်ခိုင်းလိုက်သည်။ ကားများ ရပ်သွားပြီးနောက် အနောက်တွင် သန်မာသော အမျိုးသားလေးဦးဖြင့် လိုက်ပါလျက် ကျိရှီယန်သည် ကားပေါ် ဆင်းလာခဲ့သည်။ ထန်ရှု ကားပေါ်က ဆင်းလာသည်ကို သူမ မြင်သောအခါ လျှောက်လာပြီး အေးစက်စက်လေသံဖြင့်

"နင့်မှာ ပြဿနာ တစ်ခုခု ရှိလို့လား။"

ရှေ့က ဆာ့ဖ်ကားကို ညွှန်ပြရင်း ထန်ရှုက ခပ်ပေါ့ပေါ့လေသံဖြင့်

"ကျွန်တော် အဲ့ဒီကားကို စီးချင်တယ်။"

"ခွေးကောင်လေး နင့်မှာလည်း ကားရှိတယ် မဟုတ်လား။" ကျိရှီယန်က သုန်သုန်မှုန်မှုန်ဖြင့် ပြောလိုက်သည်။

" ယဉ်ကျေးတဲ့ နိုင်ငံကြီးသား ပီသစမ်းပါ။"

ထန်ရှု၏အမူအရာက အေးစက်သွားရပြီး

"ဖက်တီးလီရဲ့ မျက်နှာကိုသာ မထောက်ရင် ခင်ဗျားရဲ့ပါးစပ်ကို ဆုံးမမိလိမ့်မယ်။"

ကျိရှီယန် မျက်နှာ ကွက်ကနဲပျက်ပြီး မျက်လုံးများတွင် ဒေါသရိပ်များ ပိုတိုးလာသော်လည်း သူမသည် မလှုပ်ရှားသေးဘဲ ထိုအစား ထန်ရှုအား သတိကြီးစွာ ကြည့်လိုက်ရင်း

"နင်က ဘယ်သူလဲ။ မစ္စတာလီက ငါတို့ကားထဲမှာ ရှိတယ်ဆိုတာ ဘယ်လိုသိတာလဲ။"

“စကားတွေ ရှည်မနေပါနဲ့တော့။ ကျွန်တော် ကားစီးချင်တဲ့အကြောင်း ဖက်တီးလီကိုသာ ပြောလိုက်ပါ။" ထန်ရှုက ပြောသည်။

ကျိရှီယန်က တခဏငြိမ်သက်သွားပြီး နောက်သို့လှည့်ကာ သူမ၏အနောက်ရှိ သန်မာသည့် အမျိုးသားလေးယောက်အား မျက်လုံးဖြင့် အချက်ပြလိုက်သည်။ ထို့နောက် သူမသည် ရှေ့မှ ဆာ့ဖ်ကားဆီသို့ ပြန်လျှောက်သွားကာ ပြတင်းပေါက်ကို ခေါက်ပြီး ပြောသည်။

"သူဌေးလီ … ကျွန်မတို့နောက်ကနေ ပါလာတဲ့ကားပေါ်က လူတစ်ယောက်က သူဌေးလီ ကားထဲမှာ ရှိနေတယ်ဆိုတာ သူသိတယ်လို့ ပြောတယ်။ သူက ဒီကားကို စီးချင်တယ်လို့လည်း ပြောနေတယ်။ သူဌေးလီ သူ့ကို တွေ့ချင်လား။"

"ဟင် … ငါ ဒီကားထဲမှာ ရှိနေမှန်း သူသိတယ် ဟုတ်လား။"

လီလောင်ရှန်း မင်သက်အံ့သြစွာဖြင့်

“သူ့နာမည် ဘယ်လိုခေါ်လဲ။”

"ကျွန်မ မသိဘူး။" ကျိရှီယန်က ခေါင်းခါပြသည်။

“ဟဟ … ငါက ဒီမှာ နာမည်ကြီးနေမယ်လို့တောင် မထင်မိဘူး။ ငါ့ကို သိတဲ့လူနဲ့တောင် ကြုံရသေးတယ်လား။"

လီလောင်ရှန်း ရယ်မောလိုက်ရင်း

"သွားကြစို့။ ငါ သူ့ကို တွေ့မယ်။"

လီလောင်ရှန်း ကားပေါ်မှ ဆင်းလိုက်သောကြောင့် အခြားကားနှစ်စီးမှ သန်မာသော အမျိုးသားလေးဦးလည်း ရှေ့ဆင့်နောက်ဆင့် ဆင်းလာခဲ့သည်။ သူ့အား ကာကွယ်ရန် သူ၏အရှေ့တွင် လူနှစ်ယောက်ရှိပြီး ကျန်နှစ်ယောက်သည် သူ၏အနောက်တွင် ရှိနေသည်။

"အဖိုးကြီး ဖက်တီးလီ … ခင်ဗျား အသက်ပိုရှည်လာတာနဲ့အမျှ ဘယ်လိုဖြစ်ပြီး သတ္တိတွေ နည်းလာလဲ။ ခင်ဗျားကို ကာကွယ်ဖို့ ဒီလောက် ကြီးကြီးမားမား ဖွဲ့စည်းထားစရာ မလိုဘူး မဟုတ်လား။" ထန်ရှုသည် လီလောင်ရှန်းကို မြင်ပြီးနောက် အသံကျယ်ကျယ်ဖြင့် စနောက်လိုက်သည်။

လီလောင်ရှန်သည် ခဏမျှ ကြက်သေ သေနေပြီးမှ ရှေ့သို့ ခြေလှမ်း အမြန်လျှောက်လာသည်။ ထန်ရှုသည် လက်ပိုက်ကာ ပြုံးလျက်ရပ်နေသည်ကို မြင်ပြီးနောက် ရှေ့မှ ကိုယ်ရံတော်နှစ်ယောက်အား ချက်ချင်း လက်ပြကာ လမ်းဖယ်ခိုင်းလိုက်ပြီး ထန်ရှုဆီသို့ ချက်ချင်း လျှောက်သွားလိုက်သည်။

သူက မယုံကြည်နိုင်သောဟန်ဖြင့်

“ညီအစ်ကိုထန် … မင်း… မင်း… မင်း ဒီကို ဘယ်လိုရောက်လာတာလဲ။”

ထန်ရှုက လီလောင်ရှန်းအား ပွေ့ဖက်နှုတ်ဆက်လိုက်ပြီး "ဘာမှားလို့လဲ။ ခင်ဗျားတောင် ဒီကိုလာလို့ရရင် ကျွန်တော်ရော မရနိုင်ဘူးလား။"

သူ၏အံ့သြထိတ်လန့်မှုကို ဖိနှိပ်ကာ လီလောင်ရှန်း၏ ပြည့်ဖောင်းနေသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး “ဆွေမျိုးတော်စပ်တဲ့ စိတ်ဝိညာဉ်တွေက မိုင်ထောင်ခြားပြီး မွေးဖွားလာရင်တောင် ဆုံတွေ့ရစမြဲပဲလို့ ဆိုရိုးရှိကြတယ်။ ကြည့်ရတာ ညီအစ်ကိုထန်နဲ့ငါက တကယ့်ကို ရေစက်ရှိတဲ့ သူငယ်ချင်းတွေ ဖြစ်ပုံရတယ်။ ဆိုင်ပန်က ပြန်ပြီးကတည်းက မတွေ့ရတာ အတော်ကြာသွားပြီ။ ဒါနဲ့ ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ။ မင်း ရှန်ဟိုင်းတက္ကသိုလ်ကို သွားပြီး တက္ကသိုလ်က အချောအလှ ပန်းပွင့်လေးတွေနဲ့ရော တွဲပြီးပြီလား။"

"ခင်ဗျား ဘာတွေလျှောက်ပြောနေတာလဲ။”

ထန်ရှုက ရယ်ချင်စိတ်ကို မမျိုသိပ်နိုင်တော့ဘဲ

"ကျွန်တော်က ဖြူဖြူစင်စင် လူငယ်လေး တစ်ယောက်ပါဗျာ။ ကောင်မလေးတွေနောက် လိုက်ဖို့ ဘယ်လို တက္ကသိုလ်တက်နိုင်မလဲ။ ဒါနဲ့ ကျွန်တော် အံ့သြမိလို့ ခင်ဗျား ဘယ်လိုဖြစ်ပြီး ဒီကိုရောက်နေတာလဲ။"

"အင်း … ဒါက စီးပွားရေးကိစ္စအတွက်ပါ။" လီလောင်ရှန်းက ရယ်ကြဲကြဲဖြင့် ပြောလိုက်သည်။

"ခင်ဗျားနဲ့ ကားအတူစီးရင် အဆင်မပြေ မဖြစ်ပါဘူးနော်။" ထန်ရှုက ပြုံးပြီး မေးလိုက်သည်။

"ဘာအဆင်မပြေစရာရှိလဲ။" လီလောင်ရှန်းက ဝမ်းသာအားရ ပြန်ပြောသည်။

"မင်းနဲ့ ငါ ကားအတူစီးရတာ ပျော်စရာပဲလေ။ ဒါနဲ့ သူမနဲ့ မိတ်ဆက်ပေးပါရစေ။ သူမက သံမဏိဝါအုပ်စုသူဋ္ဌေးရဲ့အတွင်းရေးမှူး ကျိရှီယန်ပါ။"

ထန်ရှုက ကျိရှီယန်အား စိုက်ကြည့်ပြီး ခပ်ပေါ့ပေါ့လေသံဖြင့်

"ဟုတ်ကဲ့။ ကျွန်တော် သူမဆီက သဘောထားအချို့ကို မြည်းစမ်းလိုက်ရတယ်။ အတော်သည်းညည်းခံလိုက်ရတာပဲ။”

လီလောင်ရှန်းနှင့် ထန်ရှု အမှန်တကယ် သိနေပြီး ၎င်းတို့နှစ်ဦးသည် အလွန်ရင်းနှီးနေဟန် ရှိမည်ကို ကျိရှီယန်သည်  မမျှော်လင့်ထားခဲ့မိချေ။ သူမသည် ချီတုံချတုံ ဖြစ်သွားပြီးနောက် ရှေ့သို့ အနည်းငယ်ငုံ့ကာ ပြောလိုက်သည်။

"မစ္စတာထန် … ငါ့ရဲ့အပြုအမူအတွက် အခုပဲ တောင်းပန်ပါတယ်။ မင်းက သူဋ္ဌေးလီရဲ့ သူငယ်ချင်းမှန်း ငါ မသိခဲ့လို့ပါ။"

"အယ် … အရင်က ဘာဖြစ်ထားလို့လဲ။" လီလောင်ရှန်း အံ့သြသွားသည်။

"ဘာမှမဟုတ်ပါဘူး။ ဒါနဲ့ ဖက်တီးလီ ကျွန်တော့်ကို ခဏစောင့်ဦး။ ပြန်လာခဲ့မယ်။"

ထိုသို့ပြောပြီးနောက် ထန်ရှုက သူစီးလာသော လိုင်စင်မဲ့ တက္ကစီယာဉ်မောင်း၏ကားပြတင်းပေါက်ဘက်သို့ ပြန်သွားသည်။ သူ၏ပိုက်ဆံအိတ်ထဲမှ ယွမ် ၁၀၀၀ကို ယူကာ ချန်ဟောင်ကို ပေးလိုက်ပြီးနောက် ပြုံးလျက်ပြောသည် ။

"မင်း ငါ့ကို ဒီမှာထားခဲ့လိုက်တော့။ ငါ သူတို့နဲ့ အတူစီးလိုက်တော့မယ်။"

"ညီအစ်ကိုထန် … အံ့သြစရာပဲ။ တွေးကြည့်မယ်ဆိုရင် ဒီလိုသူဋ္ဌေးကြီးနဲ့ မင်း ဒီမှာ ဆုံလာခဲ့တာပဲ။” ထန်ရှုနှင့် လီလောင်ရှန်းအကြား စကားပြောဆိုမှုကို ကြားနေရသော ချန်ဟောင်သည် ငွေလက်ခံရရှိပြီးနောက် လက်မထောင်ကာ ချီးကျူးလိုက်ရင်း

“ကောင်းပြီ … ငါ ဒီနေရာကပဲ ပြန်လိုက်တော့မယ်။ မင်း ပြန်လာလို့ ကားလိုတယ်ဆိုရင်  ဖုန်းတစ်ချက်ပဲ ဆက်လိုက်။ ဈေးက အရင်တုန်းက ပြောထားသလိုပဲ။”

ထန်ရှုသည် ချန်ဟောင်၏ စီးပွားရေးကတ်ကို ယူကာ အိတ်ကပ်ထဲ ထည့်ပြီးနောက် ပြုံးလိုက်ပြီး

“ပြသနာ မရှိဘူး။”

ချန်ဟောင် ကားမောင်းထွက်သွားပြီး ထန်ရှုသည် လီလောင်ရှန်း၏ ဆာ့ဖ်ကားထဲသို့ လိုက်ပါသွားခဲ့သည်။ သူတို့ နောက်ခုံမှာ ထိုင်လိုက်သဖြင့် ကျိရှီယန်က ရှေ့ခုံတွင် ပြောင်းထိုင်လိုက်သည်။

ကားခြောက်စီး စတင်မောင်းထွက်လာပြီဖြစ်သည်။

လီလောင်ရှန်းက ပြုံးနေသောမျက်နှာဖြင့်

“ညီအစ်ကိုထန် … မင်း ဒီနေရာကို ဘာလာလုပ်တာလဲ။ အဲ့ဒီကားက လိုင်စင်မဲ့တက္ကစီ မဟုတ်လား။”

“ဟုတ်တယ်။ အဲဒါ လိုင်စင်မဲ့တက္ကစီတစ်စီးပါ။ ရှန်းနန်တောင်ရဲ့ အနက်ပိုင်းနေရာမှာ ကျွန်တော် လုပ်စရာတစ်ခု ရှိနေလို့။ အဲ့ဒါကြောင့် ဒီကို အချိန်မတော် အပြေးအလွှား သွားနေရတယ်။"

" ရှန်းနန်တောင်ရဲ့အနက်ပိုင်းမှာ လုပ်စရာတစ်ခုရှိတယ် ဟုတ်လား။" လီလောင်ရှန်းက အံ့သြသွားပြီး "အဲ့ဒါက ဘာများလဲ။ အဲ့ဒီနေရာက မလုံခြုံဘူးနော်။ နေရာတိုင်းမှာ တောရိုင်းတိရိစ္ဆာန်တွေနဲ့ အဆိပ်ရှိတဲ့ စိမ့်မြေတွေ အများကြီး ရှိတယ်။”

“ကျွန်တော် ဆေးဘက်ဝင်အပင်အချို့ကို ရှာနေတာ။” ထန်ရှုက တစ်ချက်ပြုံးကာ ရှင်းပြသည်။

ထန်ရှုသည် စွမ်းအားကြီးသော သိုင်းပညာရှင် ဖြစ်သည်ကို လီလောင်ရှန်း သိသောကြောင့် ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။

“ဘယ်လိုဆေးပင်ကို မင်း ရှာနေတာလဲ ညီအစ်ကိုထန်။ ငါ့အကူအညီ လိုသေးလား။ သံမဏိဝါသူဋ္ဌေးနဲ့ စီးပွားရေးကိစ္စတွေ ပြောပြီးသွားရင် ငါ့မှာ အချိန် အတော်များများ ရှိသေးတယ်။ အဲ့ဒါကြောင့် ရှန်းနန်တောင်ကို မင်းနဲ့ အဖော်လိုက်ပေးလို့ရတယ်။”

ထန်ရှုက ခေါင်းယမ်းကာ ပြုံးလိုက်ပြီး

“မလိုဘူး ဖက်တီးလီရ။ ကျွန်တော် ရှာနေတဲ့ ဆေးပင်က အတော် ထူးခြားလို့ ရှာရခက်တဲ့အမျိုးအစားပဲ။”

ရှေ့ခုံတွင် ထိုင်နေသော ကျိရှီယန်သည် သူမ၏နှုတ်ခမ်းအား မဲ့လိုက်သည်။ ထန်ရှု၏မောက်မာမှုကြောင့် သူမသည် ထန်ရှုအား သဘောမကျမိပါချေ။

“ညီအစ်ကိုထန် … မင်းရဲ့အစ်ကိုကို အထင်သေးနေပြီ။” လီလောင်ရှန်းက မကျေနပ်စွာ ပြောလိုက်သည်။

“မင်းရဲ့အစ်ကိုက မင်းထက် အားနည်းကောင်း နည်းနိုင်ပေမယ့် ငါ့ရဲ့စွမ်းရည်က သာမန်လူထက်တော့ ပိုပြီး အားကောင်းပါသေးတယ်ကွ။ နောက်ပြီး ငါတို့ လူပိုများလေ ပိုပြီး အားကောင်းလာလေပဲ။ ငါ့အကူအညီနဲ့ဆို အဲ့ဒီဆေးပင်ကို မင်း မကြာခင် ရှာတွေ့နိုင်လောက်တယ်။”

ထိုသို့ပြောပြီးနောက် သူက ကျိရှီယန်အား ကြည့်ကာ ပြောလိုက်သည်။

“မင်းပြန်ပြီးတော့ မင်းရဲ့သူဋ္ဌေးကို ပြောပေး။ စာချုပ်လက်မှတ်ထိုးတာက နှောင့်နှေးမယ်လို့။”

“ဒါ…”

ကျိရှီယန်သည် စိတ်တွင်းတွင် ကသိကအောက်ဖြစ်ကာ ဒေါသထွက်သွားရသည်။ သို့သော် သူမ ဒေါသထွက်သည်မှာ လီလောင်ရှန်း မဟုတ်ဘဲ မမျှော်လင့်ဘဲ ပေါ်လာကာ သူမတို့၏အစီအစဉ်များအား အနှောင့်အယှက်ပေးသည့် အလုပ်ပိုများလုပ်သော သကောင့်သား ထန်ရှုကိုသာ ဖြစ်တော့သည်။ သိရမည်မှာ လီလောင်ရှန်းနှင့် သူမ၏သူဋ္ဌေးဖြစ်သူတို့ ချုပ်ဆိုမည့် စာချုပ်သည် လွန်စွာ အရေးကြီးပေသည်။ သူမ၏သူဋ္ဌေး စိုးရိမ်ပူပန်ကာ ဆောက်တည်ရာမရ ဖြစ်နေမည်ကို သူမ စိုးထိတ်လှပေသည်။

“ဖက်တီးလီ … ကျွန်တော် သွားနေတဲ့နေရာကို ကျွန်တော် သိပြီးသားပါဗျ။ အဲ့ဒါက ရှန်းနန်တောင်က အရမ်း အန္တရာယ်များတဲ့ နေရာတစ်ခုဖြစ်တဲ့ တစ္ဆေဘုရင်တောင်ကြားလေ။ ကျွန်တော်တောင် အတော်ကြီး ဂရုစိုက်မှရမယ်။ ခင်ဗျား ကျွန်တော်နဲ့အတူ လိုက်မယ်ဆိုရင် ကျွန်တော် စိုးထိတ်တာက …” ထန်ရှုက အားယူပြုံးကာ ပြောလိုက်သည်။

“နင် ဘာပြောလိုက်တာ။”

စိတ်ထဲမှ ဒေါသထွက်နေသော ကျိရှီယန်သည် ထန်ရှုသွားမည့် နေရာအား ကြားလိုက်သည့်အခါ ရုတ်တရက် အော်လိုက်မိသည်။

“ပြသနာ ရှိလို့လား။” ထန်ရှုက မေးလိုက်သည်။

ကျိရှီယန်၏မျက်နှာသည် အတော်ပင် ရှုံ့မဲ့နေပြီး အမြန် ပြောလိုက်သည်။

“မစ္စတာထန် … ရှင် သေချာရော စဉ်းစားပြီးပြီလား။ တစ္ဆေဘုရင် တောင်ကြားက ကြောက်စရာကောင်းတဲ့ နေရာတစ်ခုနော်။ ကျွန်မ သိသလောက် အဲ့ဒီနေရာက အန္တရာယ်အများဆုံး နေရာဆိုတာ သေချာတယ်။ ဒီနှစ်တွေထဲ ရဲရင့်တဲ့ နတ်ဆိုးအများအပြားက အဲ့ဒီတောင်ကြားကို ထုတ်ဖော်ချင်နေကြတာ။  သိသလောက်ဆိုရင် အဲ့ဒီနေရာကနေ ဘယ်သူမှ အသက်ရှင်ပြီး ပြန်မထွက်နိုင်ဘူး။ ငါတို့လို ဖေးမြို့ဒေသခံတွေအတွက်ဆို တစ္ဆေဘုရင် တောင်ကြားက အန္တရာယ်တွေ ပြည့်နေတဲ့ သေမင်းထောင်ချောက်တစ်ခုပဲ။”

ထန်ရှုက သူမအား  တစ်ချက် စိုက်ကြည့်လိုက်ပြီး ချက်ချင်းပင် ဖက်တီးလီဘက်သို့ လှည့်ကာ အပြုံးဖြင့်

“ခင်ဗျား ကြားတယ်နော် ဖက်တီးလီ။ ကျွန်တော် သွားဖို့ပြင်ထားတဲ့နေရာက သေမင်းထောင်ချောက် တစ်ခုပဲ။ ခင်ဗျား ကိုယ့်စီးပွားရေးကိုကိုယ် ဂရုစိုက်တာပဲ ကောင်းလိမ့်မယ်။ ကျွန်တော် ပြန်လာတဲ့အချိန် ခင်ဗျား ဖေးမြို့ မှာ ရှိနေသေးရင် ကျွန်တော် ဖုန်းဆက်လိုက်မယ်။ ကျွန်တော်တို့ အဲ့ဒီတော့မှပဲ တစ်ခွက်တစ်ဖလား သောက်ကြတာပေါ့။”

***

All Chapters