အစောင့်အရှောက်
Vol. 26 Ch. 351
အခန်း (၃၅၁) : အစောင့်အရှောက်
တခြားသော အထွတ်အထိပ် နတ်ဘုရားများက ကြမ္မာနတ်ဘုရားမ၏ စကားကို ကြားကာ တိတ်ဆိတ်သွားလေသည်။ သူတို့က သူမစကားမှာ အမှန်ဖြစ်ကြောင်း သိသော်လည်း ပြဿနာ ရှိနေသေး၏။
“ မင်ယွင် … ပြောဖို့တော့လွယ်တယ်။ ဒါပေမဲ့ ငါတို့လုပ်ဖို့အတွက် စတေးခံလိုတယ်ဆိုတာ သိကြတာပဲလေ။ ဘယ်သူက စတေးခံ ဖြစ်ပေးမှာတုန်း”
“ လွယ်လွယ်လေးပါ။ ဒီမှာ တစ်ယောက်ယောက် ရှိနေတယ် မဟုတ်ဘူးလား”
“ မင်း ပြောချင်တာ စစ်နတ်ဘုရားမကို ပြောချင်တာလား”
အလင်းနတ်ဘုရားက ထိုအရာကိုကြားပြီး နှာခေါင်းရှုံ့လိုက်သည် “ ခင်ဗျားက ကျုပ်တို့ကမ္ဘာအတွက် အမြဲတမ်း အကောင်းတွေကိုပဲ လုပ်ပေးတတ်တဲ့ မြင့်မြတ်တဲ့ နတ်ဘုရားတစ်ပါးလို မြင်ခဲ့မိတာ ကျုပ် မှားနေခဲ့တာပဲ။ ခင်ဗျား လုပ်သမျှ အရာအားလုံးက ခင်ဗျားအသက်ကို ကယ်ဖို့ လုပ်နေတာပဲ”
ကြမ္မာနတ်ဘုရားမက ပြန်မဖြေပေ။ သူမက လျစ်လျူရှုထားလေ၏။ သူမ၏ အကြံပြုချက်အတွက်မူ တခြားလူများက စဉ်းစားပြီးနောက် ဤသည်ကသာ အကောင်းဆုံး ရွေးချယ်မှုဖြစ်ကြောင်း သိကြသည်။
သို့သော်လည်း နောက်ဆုံး ဆုံးဖြတ်ချက်မချခင် အမိန့်မှာတမ်း နတ်ဘုရားက ဝင်ပြောလာသည် “ အဲဒါက အဲလိုဖြစ်မှာ မဟုတ်ဘူး။ ဒီအစောင့်အရှောက်ကို အသက်သွင်းဖို့အတွက် အချိန်လိုသေးတယ်။ အပြင်လူတွေက ငါတို့ကို အချိန်ပေးပါ့မလား”
“ အမိန့်မှာတမ်း နတ်ဘုရား … ရှင် ပြောချင်တာက…” ရှင်သန်ခြင်း နတ်ဘုရားမက မေးလိုက်သည်။
“ ငါက စတေးခံဖြစ်ပေမယ်။ အဲဒီအချိန်အတွင်းမှာ စစ်နတ်ဘုရားမကို ငါတို့အတွက် အချိန်ဆွဲထားပေးဖို့ ပြောရမယ်”
ကျန်လေးယောက်က တိတ်ဆိတ်သွားကြသည်။ မည်သူကမှ သူ့အား မဖျောင်းဖျကြပေ။ အားလုံးက ဤကပ်ဘေးကို ဖြတ်ကျော်ကာ ဤကမ္ဘာ၏ သူတို့ဂုဏ်ကျက်သရေကြီးမားဖွယ် အချိန်ကို ပြန်သွားလိုကြလေသည်။
အမိန့်မှာတမ်း နတ်ဘုရားက ထိုအပြုအမူကို အာရုံစိုက်နေသည်။ အမှန်အတိုင်းဆိုရလျှင် သူ့တွင် လျှို့ဝှက်ချက်ကြီး တစ်ခု ရှိ၏။ အထွတ်အထိပ် နတ်ဘုရားများအနက် သူက သက်တမ်းအကြာဆုံးနေထိုင်ခဲ့သူ ဖြစ်ပေသည်။ ပြောရလျှင် သူ့သက်တမ်းက အထွတ်အထိပ် နတ်ဘုရား၏ နှစ်သန်းတစ်ရာ ကန့်သတ်ချက်ကိုပင် ကျော်လွန်နေပြီ ဖြစ်၏။
ထိုအကြောင်းအရင်းမှာ သူ့အနေနှင့် နတ်ဘုရားဘုရင် ဤကမ္ဘာကို လာခဲ့စဉ်က မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရ၍ ဖြစ်သည်။ သူက နတ်ဘုရားဘုရင် ပို့ချသည်များကို ပထမဆုံး နားထောင်ခဲ့ရသည့် လူသားများထဲမှ တစ်ဦး ဖြစ်ခဲ့ပြီး ဤကမ္ဘာတွင် ပေါ်ထွက်လာသည့် ပထမဆုံး နတ်ဘုရားထဲမှ တစ်ဦးလည်း ဖြစ်ခဲ့သည်။
သူက ဘီလူးစစ်ပွဲနှင့် ပျက်သုဉ်းခြင်း စစ်ပွဲတို့တွင်လည်း ရှင်သန်ခဲ့သည်။ ဤတစ်လျှောက် အထွတ်အထိပ် နတ်ဘုရားများစွာ မွေးဖွားလာကာ သေဆုံးသွားကြပြီး အခြားလူများဖြင့် အစားထိုးဝင်ရောက်သွားကြသည်။ သို့သော် သူက အသက်ရှင်နေဆဲ ဖြစ်၏။
သူ့အသက်ရှင်ခြင်း၏ လျှို့ဝှက်ချက်ကိုလား…
အဖြေက ရိုးရှင်းလှသည်။ နတ်ဘုရားဘုရင်အပေါ် အစွန်းရောက် ယုံကြည်ကိုးကွယ်မှု ဖြစ်၏။ အမိန့်မှာတမ်း နတ်ဘုရားက သူ့ယုံကြည်မှုသည် ပို၍ပြင်းထန်လေလေ သူ့သက်တမ်းက ပို၍ကြာရှည်လေလေဖြစ်ကြောင်း သတိထားမိလေသည်။ ထို့ကြောင့် ဤနှစ်များတစ်လျှောက်လုံး သူက သူ့ယုံကြည်မှုကို နတ်ဘုရားဘုရင်ထံ အပ်နှံထားခဲ့သည်။
လွန်ခဲ့သည့်နှစ်သန်းရာချီတစ်လျှောက်လုံး နေ့စဉ်နေ့တိုင်း သူက သူ့နတ်ဘုရားအား တစ်ရက်မှ မပျက်ကွက်ဘဲ ဆုတောင်းခဲ့သည်။
…………………
အမိန့်မှာတမ်း နတ်ဘုရား၏ မျက်ဝန်းထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားလေသည်။ ထိုအရာက ဝမ်းနည်းမှု၊ ကြောက်ရွံ့မှု သို့မဟုတ် တွန့်ဆုတ်ခြင်းများ မဟုတ်ဘဲ စိတ်လှုပ်ရှားမှုသာ ဖြစ်၏။
သူက သေခြင်းတရားကို မကြောက်ပေ။ သူ့အတွက် သေခြင်းတရားက နတ်ဘုရားဘုရင်၏ ကောင်းကင်တိုင်းပြည်ဆီ ပြန်ရောက်သွားရမည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။ အကယ်၍ ဤကမ္ဘာအား စောင့်ကြည့်ဖို့ အစောင့်အရှောက်အနေနဲ့သာ တာဝန်မရှိနေခဲ့လျှင် သူက သူ့နတ်ဘုရားနှင့် ဆုံတွေ့ပြီးသည်မှာ ကြာမြင့်လှပြီဖြစ်၏။
ကြမ္မာနတ်ဘုရားမက ဆုံးဖြတ်ချက် ချပြီးသည့်နောက်တွင် စစ်နတ်ဘုရားမအား ချက်ချင်းဆက်သွယ်လိုက်သည်။
“ ငါတို့တွေ ဒီကမ္ဘာကို ကယ်နိုင်မဲ့ နည်းလမ်းရှိတယ်။ ဒါပေမဲ့ အချိန်ဆွဲထားဖို့ လိုအပ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အပြင်လူတွေကို ငါတို့ဆီ နှောက်ယှက်ခွင့်မပေးနဲ့ “
စစ်နတ်ဘုရားမက ခဏတာ အံ့ဩသွားလေသည်။ ထို့နောက် သူမက ထိုအထွတ်အထိပ် နတ်ဘုရားများကြားတွင် အစောင့်အရှောက်ဟု ခေါ်သည့် သီးသန့်အဖွဲ့ရှိပြီး ဤကမ္ဘာကို ကယ်တင်ဖို့ လျှို့ဝှက်ချက်ကို ကိုင်ဆောင်ထားကြောင်း သိလေသည်။
ဒါ ကောလဟာလတွေက အမှန်လား။ ဒီငါးယောက်က အစောင့်အရှောက်လို့ ခေါ်တဲ့သူတွေလား
စစ်နတ်ဘုရားမက သိချင်နေသော်လည်း ယခုက မေးခွန်းမေးရန် အချိန်မဟုတ်ပေ။ ထို့ကြောင့် သူမက ခေါင်းအသာ ညိတ်ပြလိုက်သည်။ ထိုစဉ် အထွတ်အထိပ် နတ်ဘုရားများဆီမှ အမှတ်အသားပြားငါးခု ထွက်ပေါ်လာပြီး ပဥ္စဂံဖွဲ့စည်းသွားကာ အထွတ်အထိပ် နတ်ဘုရားတစ်ဦးချင်းစီက ထောင့်တစ်ခုစီတွင် နေရာယူလိုက်ကြသည်။ ထို့နောက် အမိန့်မှာတမ်း နတ်ဘုရား၏ ခန္ဓာကိုယ်အထက်တွင် ရွှေရောင်အလင်းတန်း ပေါ်ထွက်လာကာ တော်ဝင်ဆန်လာစေသည်။
သူ့သွေး၊ စွမ်းအင်၊ ဝိညာဉ်နှင့် စည်းမျဉ်းတို့က စတင်လောင်ကျွမ်းသွားပြီး ထိုအမှတ်အသားပြားကို စွမ်းအားပြည့်ဖို့ စတေးခံအဖြစ် အသုံးပြုလိုက်ကြသည်။
ထိုသို့သော လှုပ်ရှားမှုမျိုးက လီကျွင်း၏ အာရုံအား ချက်ချင်းဖမ်းစားသွားလေသည်။ သူက ထိုအထွတ်အထိပ် နတ်ဘုရားများအား သူ့ဆေးပြင်းမီးဖိုဖြင့် ဖိနှိပ်ထားပြီး နောက်ပစ်မှတ်ကို ရှာနေစဉ် ထိုလှုပ်ရှားမှုကို မြင်လိုက်ရခြင်း ဖြစ်၏။ သူက ထိုလူများ ဘာလုပ်နေသည်ကို မသိသော်လည်း ဆက်လုပ်ခွင့် ပေး၍ မဖြစ်ကြောင်း သိလေသည်။ ထို့ကြောင့် သူတို့ဘက်ကို ပျံသန်းသွားလိုက်သည်။
သို့သော်လည်း တစ်ယောက်ယောက်က လာတားလေ၏။
ထိုသူက အပေါ်ပိုင်းတွင် ကြွက်သားများသာ ရှိပြီး အောက်ပိုင်းကိုသာ အဝတ် ဝတ်ဆင်ထားလေသည်။ ထိုလူက ကြွက်သားများ ထင်းထွက်နေပြီး သွေးကြောများက ခန္ဓာကိုယ်အနှံ့မြင်တွေ့နေရသည်။ သူတို့က အချိန်မရွေး ပေါက်ထွက်လာတော့မည့်ဟန် ပေါ်နေသည်။
သူက နှစ်မီတာမျှသာ မြင့်သော်လည်း သူ့သွင်ပြင်က တခြားပုံမှန်လူသားများနှင့် ယှဉ်နိုင်လျှင် အတော်လေး ကြီးမားနေသည်။ သူက လူသားတစ်ဦးထက် ကြွက်သားရှိသည့် ဝက်ဝံတစ်ကောင်နှင့် ပိုတူသည်။
ခွန်အားနတ်ဘုရား
လီကျွင်းက ထိုနတ်ဘုရားအကြောင်း သတင်းအချက်အလက် ရထားဖူးလေသည်။ ထိုသူက အင်အားတာအို၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် ခွန်အားစည်းမျဉ်းကို အသုံးပြုလေသည်။
မိုးမြေကြားရှိ အားအကောင်းဆုံး တာအိုတစ်ခုအနေနှင့် ထိုနတ်ဘုရားက တစ်ခုကို နားလည်ထားလျှင်ပင် သူ့အား ပြိုင်ဘက်ကင်းသည့် ရုပ်ပိုင်းဆိုင်ရာခွန်အား ထောက်ပံ့နိုင်လိမ့်မည်။
သာမန်အခြေအနေအောက်တွင် လီကျွင်းက ထိုသူနှင့် တိုက်ခိုက်ကာ သူ့ခန္ဓာကိုယ်၏ အကန့်အသတ်ကို စမ်းသပ်ဖို့ ပျော်မိလိမ့်မည်။ သို့သော်လည်း ယခုကား အရေးကြီးသည့်ကိစ္စများ ရှိနေလေသည်။ လီကျွင်းက သူ့လှံဖြင့် ထိုးချလိုက်သည့်အချိန် တစ်ဖက်လူက လက်သီးတစ်ချက်ဖြင့် တုံ့ပြန်လာသည်။ ခွန်အားနတ်ဘုရား၏ လက်သီးချက်က ရောက်ရှိလာသည့်အခါ လေထုပင် မတည်မငြိမ် ဖြစ်သွားလေ၏။
သူ့မျက်ဝန်းထဲ စိတ်လှုပ်ရှားမှုနှင့်အတူ သွေးဆာမှုများ ပါဝင်နေသည်။ သူက အားကောင်းသည့်လူများနှင့် ထိပ်တိုက် ရင်ဆိုင်ရသည်ကို သဘောကျလေသည်။ ကံဆိုးစွာဖြင့် အထွတ်အထိပ် နတ်ဘုရားအများစုက ထူးဆန်းသည့် နည်းလမ်းများကိုသာ အသုံးပြုကြသောကြောင့် သူ့အနေနှင့် အစစ်အမှန် တိုက်ပွဲကို မခံစားဖူးပေ။ တစ်ခုတည်းသော ခြွင်းချက်က အားကောင်းသည့် ခန္ဓာကိုယ်ကို ကျင့်ကြံထားသည့် မိုးကြိုးနတ်ဘုရားနှင့် တိုက်ခိုက်စဉ်က ဖြစ်သည်။
သူ့လက်ရည်စမ်းတွဲဖက်မှာ အသတ်ခံလိုက်ရပြီ ဖြစ်၏။ ကံကောင်းစွာဖြင့် သူက အပြင်လူထဲမှ လေ့ကျင့်ဖော်အသစ် တွေ့ထားလေသည်။
လီကျွင်း၏ လှံနှင့် ခွန်အားနတ်ဘုရားတို့၏ လက်သီးတို့က ထိပ်တိုက် ရင်ဆိုင်မိလိုက်ကြသည်။ သို့သော်လည်း နှစ်ခု မထိတွေ့ခင် လီကျွင်း၏ လှံမှ အစိမ်းရောင် မြူခိုး ရုတ်ချည်း ထွက်ပေါ်လာကာ တစ်ဖက်လူ၏ ခန္ဓာကိုယ်အတွင်း အလျင်အမြန် ဝင်ရောက်သွားသည်။ သူ့အား တုံ့ပြန်ဖို့ အချိန်ပင် မပေးပေ။
ခွန်အားနတ်ဘုရား၏ ခန္ဓာကိုယ်က ခြေဖျားမှ ရင်ဘတ်ပိုင်းအထိ မီးခိုးရောင် ပြောင်းလဲသွားလေသည်။
“ မင်းက ငါ့ကို အဆိပ်ခတ်တယ်။ ဒီလိုမျိုး လှည့်ကွက်မျိုး သုံးရဲတယ်လား”
“ အဆိပ်ကလည်း မိုးမြေကြားက တာအိုထဲက တစ်ခုပဲ။ အဲဒါကြောင့် သတ်ဖြတ်တဲ့အနေနဲ့ အသုံးပြုကြတယ်။ ကျုပ်က သတ်ဖြတ်ရေးတာအိုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ လေ့ကျင့်ထားပြီးသား”
ထိုစကားများကို ပြောပြီးသည့်နောက်တွင် လီကျွင်းက ခွန်အားနတ်ဘုရားသည် ဖြည်းဖြည်းချင်း မီးခိုးရောင် ကျောက်ရုပ်ဖြစ်သွားပြီး ကောင်းကင်မှ ပြုတ်ကျသွားသည်ကို ကြည့်နေလိုက်သည်။ ထိုလူက ခွန်အားနှင့် ပတ်သက်သည့် တာအိုကို ကျင့်ကြံထားသော်လည်း တစ်စိတ်တစ်ပိုင်းသာ ကျင့်ကြံထားသည်မှာ နှမြောစရာကောင်းလှသည်။
ထို့ကြောင့် အားကောင်းသည့် ခန္ဓာကိုယ်က တခြားသော ခန္ဓာသန့်စင်ထားသည့် ကျင့်ကြံသူများကဲ့သို့ အဆိပ်များစွာကို ခံနိုင်ရည်မရှိပေ။
ထို့အပြင် ဤကမ္ဘာတွင် ဘယ်အရာမှ အကြွင်းမဲ့ မဟုတ်ပေ။ ပြောရလျှင် တချို့အဆိပ်များက ဝမ်ဝေ့လိုမျိုး အားကောင်းသည့်ခန္ဓာကိုယ်လေ့ကျင့်သူကိုပင် သတ်နိုင်လောက်အောင် အားပြင်းလေသည်။
ခွန်အားနတ်ဘုရား သေဆုံးပြီးနောက် လီကျွင်းရှေ့ နောက်ထပ်တစ်ယောက် ထပ်ပေါ်လာသည်။ ထိုလူက တခြားအဖွဲ့မှ သတင်းအချက်အလက် ရရှိထားဟန်ပေါ်ကာ လီကျွင်းအား ရပ်တန့်ဖို့ ဆုံးဖြတ်ထားဟန် ပေါ်သည်။
လီကျွင်းက သူ့ရှေ့မှလူကို ကြည့်ကာ ချွန်ထက်သည့် သွားများနှင့် ဦးချိုများကို သတိပြုမိလိုက်ပြီး မျက်မှောင်ကြုတ်မိလိုက်သည်။ ပို၍အရေးကြီးသည်က သူက သုံးမီတာ မြင့်မားပြီး သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ဝိညာဉ်မြောက်များစွာကိုလည်း မြင်တွေ့နေရသည်။
အပြစ်ကြွေးနတ်ဘုရား
လီကျွင်းက စဉ်းစားလိုက်သည်။
သူ့သွင်ပြင်အရ သူက မိစ္ဆာသွေးမျိုးဆက် ဖြစ်နိုင်ချေများတယ်
လီကျွင်းအနေနှင့် ဤနတ်ဘုရား ပေါ်ထွက်လာမှုကြောင့် အံ့ဩမိသော်လည်း ဂရုမစိုက်ပေ။ သူက လက်ဝှေ့လိုက်သည့်အခါ သူ့ဝန်းကျင်တွင် အဖြူရောင် မီးတောက် ပေါ်ထွက်လာလေ၏။ ထိုမီးတောက်က အပြစ်ကြွေး နတ်ဘုရားအား ချက်ချင်း လွှမ်းခြုံသွားလေသည်။
အပြစ်ကြွေးနတ်ဘုရားက ထိုမီးတောက်မှ အန္တရာယ်ကို ခံစားမိကာ သူ့ဆီ ဆက်မတိုးလာအောင် တားဆီးချင်မိသည်။ သူ့အား ကြောက်လန့်သွားစေသည်က ထိုမီးတောက်သည် သူ့သဘာဝရန်သူ ဖြစ်နေဟန်ပေါ်သည်။
ထိုအရာက သူ့အား ထိတွေ့လိုက်သည်နှင့် သူ့ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို လောင်မြိုက်သွားကာ စတင်သန့်စင်တော့သည်။ အပြစ်ကြွေးနတ်ဘုရားက စူးစူးဝါးဝါး အော်ဟစ်လိုက်ရသည်။ စက္ကန့်ပိုင်း ကြာမြင့်ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်ရှိ အပြစ်ကြွေးအားလုံးက သန့်စင်သွားလေသည်။ ထို့နောက် သူက ကောင်းကင်မှ ပြုတ်ကျသွား၏။
သန့်စင်ရေး မီးတောက်က မိစ္ဆာကျင့်ကြံသူများ သို့မဟုတ် အပြစ်ကြွေးများသူအတွက် သဘာဝရန်သူ ဖြစ်ပေသည်။
ထို့နောက် လီကျွင်းက မနီးမဝေးမှ ဟွင်သွမ်း နတ်ဘုရားအား ပစ်မှတ်ထားလိုက်သည်။ ဟွင်သွမ်းက အရာအားလုံး စတင်ခြင်းနှင့် အဆုံးသတ်ခြင်းတို့ ပါဝင်သည့် အထွတ်အထိပ် တာအိုကို ဆိုလိုခြင်း မဟုတ်ဘဲ ဆန့်ကျင်မှု သဘောတရားကို ဖော်ဆောင်လေသည်။ သူက ကြောက်ခမန်းလိလိ အင်အားဖြင့် လှံကို ပစ်ခတ်လိုက်သည်။ ဟွင်သွမ်း နတ်ဘုရားက ချက်ချင်းဆိုသလို ရှောင်ရှားလိုက်သော်လည်း ထိမှန်လုနီးပါး ဖြစ်သွားလေသည်။ ထို့နောက် ချက်ချင်းဆိုသလို နောက်ဆုတ်ကာ ထွက်ပြေးဖို့အတွေးက သူ့စိတ်ထဲ ပေါ်ထွက်လာလေ၏။
ကံဆိုးစွာဖြင့် သူ့အကြံအစည်အား အကောင်အထည် မဖော်နိုင်ခင် လီကျွင်းက သူ့ရှေ့ ရုတ်ချည်းပေါ်ထွက်လာလေသည်။ ဟွင်သွမ်းနတ်ဘုရားက အလင်းတစ်ချက် မြင်လိုက်ရပြီးနောက် အရာအားလုံး ရပ်တန့်သွားတော့သည်။
သူ့မျက်နှာအထက် အံ့ဩတုန်လှုပ်သည့် မျက်နှာထားဖြင့် လီကျွင်း၏ လက်ထဲမှ ဓားနှစ်ချောင်းကို မြင်လိုက်ရပြီးနောက် သဘောပေါက်သွားတော့သည်။ နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်က အပိုင်းပိုင်းအစစ ဖြစ်သွားကာ ကောင်းကင်မှ ပြုတ်ကျသွားသည်။
အရာအားလုံးက ငါးမိနစ်အတွင်း ဖြစ်သွားခြင်း ဖြစ်သော်လည်း လီကျွင်းက အချိန်ဖြုန်းမိသလို ခံစားနေရသည်။ သူက ထူးထူးဆန်းဆန်း အခမ်းအနား လုပ်နေသည့် အဖွဲ့ဆီ အလျင်အမြန် ပြေးသွားလိုက်သည်။ သို့သော် သူက နောက်တစ်ဖန် တားဆီးခံလိုက်ရပြန်သည်။
ဤတစ်ကြိမ်ကား စစ်နတ်ဘုရားမ ဖြစ်၏။ သူမက လျှို့ဝှက်နည်းလမ်းတချို့ဖြင့် သူမ၏ သွေးနှင့် မြင့်မြတ်စွမ်းအားကို လောင်ကျွမ်းကာ အင်အားတိုးမြင့်ထားဟန်ပေါ်သည်။ ထိုအရာဖြင့် သူမက ဆေးပြင်းမီးဖို၏ ဖိနှိပ်မှုကို ဖယ်ရှားနိုင်လေသည်။
သူမ၏ အရှိန်အဝါအရ သူတော်စင်အဆင့် ရောက်နေပြီဖြစ်ကြောင်း ပြောနိုင်လေသည်။ ထိုစွမ်းအားက မငြိမ်သက်သေးသော်လည်း သူ့အား အချိန်ဆွဲထားဖို့ လုံလောက်လေသည်။
နှစ်ဦးက ထိပ်တိုက်ရင်ဆိုင်ကြလေသည်။ ထင်ထားသည့်အတိုင်း လီကျွင်းက အနည်းငယ် အရေးသာလေ၏။ ထိပ်တိုက်ရင်ဆိုင်မှု တစ်ခုပြီးတိုင်း သူမအား နောက်မီတာ ဒါဇင်ခန့် နောက်ဆုတ်သွားအောင် လုပ်နိုင်သည်။
ထိုစဉ် မိုးမြေကြား စည်းမျဉ်းစွမ်းအား ပျံ့နှံ့သွားသည်။ ရလဒ်အနေဖြင့် တစ်ကမ္ဘာလုံး စတင်တုန်ခါလာလေ၏။
နှစ်ဦးသားက ကမ္ဘာ၏ ကန့်သတ်ချက်ကို ကျော်လွန်သွားပုံပေါ်ကာ ဖျက်ဆီးခြင်းကို ရှောင်လွှဲလို့ မရတော့ပေ။
ထျဲ့ကန်၊ ယန်းလီလင်းနှင့် ဝမ်ကျူတို့ကလည်း ချက်ချင်းဆိုသလို အမူအရာ လေးနက်လာကြသည်။ သူတို့က လုပ်လက်စကို ရပ်ကာ သူတို့၏ စွမ်းအားဖြင့် ကြမ္မာနယ်မြေအား ထိန်းထားဖို့ လုပ်လိုက်ကြသည်။
သေမျိုးများနှင့် အားနည်းသည့် နတ်ဘုရားများအတွက်မူ သူတို့က ထိုလူများက သူတို့၏ သိုလှောင်လက်စွပ်အတွင်းသို့ ထည့်ကာ ကယ်တင်လိုက်ကြသည်။
ထိပ်တိုက်ရင်ဆိုင်မှု များလာလေလေ စစ်နတ်ဘုရားမ၏ ခန္ဓာကိုယ်အထက် ဒဏ်ရာများစွာ မြင်တွေ့လိုက်ရလေလေ ဖြစ်၏။ သို့သော်လည်း သူမ၏ တိုက်ခိုက်စွမ်းအားက လျော့ကျမသွားသေးပေ။ စစ်ပွဲစွမ်းအားကို ကျင့်ကြံထားသူတစ်ယောက်အနေနှင့် သူမက တိုက်ခိုက်လေလေ ပို၍အားကောင်းလာလေလေ ဖြစ်၏။
ထို့အပြင် သူမက အသက်ဓာတ်ကိုပင် လောင်ကျွမ်းထားကာ လက်ရှိအင်အားကို ထိန်းသိမ်းထားသည်။ ထိုစဉ် သူမက ဤကမ္ဘာ၏ ကံတရားကိုလည်း ဂရုမစိုက်တော့သလို တခြားအရာမှ ဂရုမစိုက်တော့ပေ။
သူမ သိသည်ကား ဤတိုက်ပွဲသာ ဖြစ်၏။ ဤတိုက်ပွဲက သူမ တစ်ဘဝလုံး တိုက်ခိုက်ဖူးသည့်အထဲ အပြင်းထန်ဆုံး တိုက်ပွဲ ဖြစ်လိမ့်မည်။ သူမ၏ မျက်နှာအထက် ခပ်ယဲ့ယဲ့ အပြုံးတစ်ခုကိုပင် မြင်တွေ့နေရ၏။
လီကျွင်းက သူ့ပင်ကိုစွမ်းရည်ဖြင့် တပ်သားအဖွဲ့ ဆင့်ခေါ်လိုက်သည်။ ထို့နောက် သူက သူတို့၏ အသက်များအား စတေးကာ သူ့တိုက်ပွဲအင်အားကို တိုးမြှင့်လိုက်သည်။ သို့သော် သူ့အား အံ့အားသင့်သွားစေသည်က စစ်နတ်ဘုရားမလည်း သူကဲ့သို့ အတူတူ လိုက်လုပ်လေ၏။
စွမ်းအားတိုးမြင့်လာသည့်အခါ တိုက်ပွဲက ပို၍ ပြင်းထန်လာသည်။ နယ်မြေကို ထိန်းထားရသည့်သူများအတွက်လည်း ပို၍ခက်ခဲလာကြ၏။ ထို့ကြောင့် သူတို့က ရိုးရှင်းသည့် အစီအရင်များဖြင့် ကြမ္မာနယ်မြေအား တည်ငြိမ်အောင် ထိန်းနေရသည်။
အကယ်၍ ဤကမ္ဘာသာ တစ်ခုခုဖြစ်သွားခဲ့လျှင် သူတို့ ဒီကို ရောက်လာရသည့် အကြောင်းအရင်းက ပျက်သုဉ်းသွားလိမ့်မည်။ သူတို့က နောက်ထပ် ကမ္ဘာတစ်ခုကို ရှာကာ အစကနေ ပြန်စနေရမည် ဖြစ်၏။
သို့သော်လည်း သိပ်မကြာခင် နှစ်ဦးသား ရုတ်ချည်းဆိုသလို ရပ်တန့်လိုက်ကြသည်။ လီကျွင်းက ခေါင်းမော့ကာ တခြားတစ်ခုအား ကြည့်လိုက်ကာ ရုတ်ချည်းဆိုသလို အမူအရာ ပျက်ယွင်းသွားလေသည်။
ကောင်းကင်မှ ဧရာမလက်ကြီးတစ်ခုက ရုတ်ချည်းဆိုသလို ဆင်းသက်လာလေသည်။ ထိုလက်ကြီးက ရွှေရောင်ဖြစ်ကာ မြင့်မြတ်တော်ဝင်ဆန်မှုများ ပါဝင်နေသည်။ ထိုအရာဖြင့် အသတ်ခံရလျှင် လူအများအတွက် ဂုဏ်ယူစရာဟု ပြောနေသည့်အလား ဖြစ်၏။
ဝုန်း
လီကျွင်း၏ ခန္ဓာကိုယ်က သွေးစက်များအဖြစ် ပေါက်ကွဲထွက်သွားကာ သူ့ဝိညာဉ်ပင် သုတ်သင်ခံလိုက်ရသည်။ သူက ခုခံဖို့ အခွင့်အရေးတစ်ခုပင် မရခဲ့ပေ။