← Chapters

အမြင်ကပ်စရာတစ်ခု

Vol. 09 Ch. 414

အမြင်ကပ်စရာတစ်ခု

Vol. 09 Ch. 414

ဖက်တီးလီ၏မျက်လုံးများထဲတွင် အရောင်တစ်ချက် လက်သွားသည်။ သူ၏ခေါင်းအား ယမ်းလိုက်ရင်း အပြုံးဖြင့် ပြောလိုက်သည်။

“ညီအစ်ကိုထန် … အစက မင်း သွားမယ့်နေရာကို ငါ စိတ်မဝင်စားဘူး။ အဖော်လိုက်ပေးဖို့ပဲ တွေးနေတာ။ ဒါပေမယ့် ဒီအကြောင်းကို ကြားလိုက်ရတော့မှ ငါ သိလိုစိတ်တွေ ဖြစ်သွားရပြီ။ ကောင်းပြီလေ။ ငါ ရှန်းနန်တောင်ကို မင်းနဲ့အတူသွားရင် ငါ့ရဲ့သက်တော်စောင့်၄ယောက်ကိုပါ ခေါ်ခဲ့မယ်။ ငါတို့ တစ္ဆေဘုရင်တောင်ကြားကို အတူသွားကြတာပေါ့။”

“ဒါ…” ထန်ရှု အတော်ပင် ချီတုံချတုံ ဖြစ်သွားရသည်။ ဖက်တီးလီ၏မျက်နှာပေါ် မှ စိတ်အားထက်သန်နေသည့် အမူအရာအား ကြည့်ကာ အားတင်းပြုံးလိုက်ပြီး

“ကောင်းပြီဗျာ … ခင်ဗျားရဲ့စီးပွားရေးကိစ္စကို မထိခိုက်ရင် ကျွန်တော်နဲ့ လိုက်ခဲ့ပါ။ ဇီမင်ဒေသကို ရောက်ရင်တော့ နားကြရအောင်။ ကျွန်တော် ရှာနေတဲ့ ဆေးပင်ရဲ့ပုံကို ဆွဲပြဖို့ စာရွက်တွေနဲ့ ဘောပင်တစ်ချောင်း ဝယ်ဖို့လိုတယ်။”

“ကိစ္စမရှိဘူး။” ဖက်တီးလီက စပ်ဖြီးဖြီးနှင့် ပြောလိုက်သည်။

အရှေ့ထိုင်ခုံတွင် ထိုင်နေသော ကျိရှီယန်၏ မျက်နှာထက်တွင် ဒေါသထွက်နေသော အကြည့်တစ်ခု ရိပ်ကနဲ ဖြစ်သွားသည်။ သူမသည် လက်ကိုင်ဖုန်းအား ထုတ်ကာ သူဋ္ဌေးဖြစ်သူဆီ ဖုန်းခေါ်လိုက်ပြီး ဖြစ်နေသော အခြေအနေနှင့် လီလောင်ရှန်း၏ ဆုံးဖြတ်ချက်အား ပြောပြလိုက်သည်။ သူဋ္ဌေးသည် အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် သူ့အား အကြံဉာဏ်ပေးရန် သူမအား တိုက်တွန်းခဲ့သည်။

ဖုန်းပြောပြီးသည်နှင့် ကျိရှီယန်က နောက်သို့ ခေါင်းလှည့်ကာ

"သူဌေးလီ … မစ္စတာထန် … ကျွန်မရဲ့သူဌေးက ပြောပါတယ်။ သူဌေးလီက ရှန်းနန်တောင်ကို သွားချင်တာဆိုတော့ သူဌေးလီ ဘေးကင်းဖို့အတွက် ကာကွယ်ရအောင် ကျွန်မတို့အတူ လိုက်သွားပါတဲ့။"

"မင်းရဲ့ သူဌေးကို ပြောလိုက်ပါ။ ငါက ထန်ရှုနဲ့အတူ သွားမှာဆိုတော့ ဘာအကာအကွယ်မှ ငါတို့ မလိုပါဘူးလို့။" လီလောင်ရှန်းက သူ၏လက်ကို ဝှေ့ယမ်းကာ ပြောသည်။

"သူဌေးလီ … ကျေးဇူးပြုပြီး ငါတို့ကို အခက်မတွေ့ပါစေနဲ့။ အဲ့ဒါက ငါ့သူဌေးဆီက တိုက်ရိုက်အမိန့်မို့ပါ။” ကျိရှီယန်က အားတင်းပြုံးကာ ပြောသည်။

တခဏ တုံ့ဆိုင်းသွားပြီးနောက် လီလောင်ရှန်းက ထန်ရှုကို လှည့်ကြည့်လိုက်သည်။ သည်တစ်ကြိမ်တွင် သူသည် ထန်ရှု၏အနောက်သို့လိုက်ကာ စွန့်စားလိုပြီး တောင်တန်းများ၏အနက်ဆုံးအပိုင်းတွင် ရှိသော ရှေးဟောင်းသစ်တောကို စူးစမ်းချင်ခဲ့သည်။ တစ်ဖက်တွင်မူ သူ၏ငယ်ရွယ်နုပျိုသော စိတ်ဓာတ်ကို ပြန်လည်ရရှိချင်ပြီး တစ်ဖက်တွင်လည်း ထန်ရှုနှင့် ပေါင်းသင်းပြီး သူ၏မျက်နှာသာကို ရယူလိုသည်။ ထန်ရှု၏သဘောတူချက် လိုအပ်သောကြောင့် ကျိရှီယန်၏တောင်းဆိုမှုကို သူ့အနေဖြင့် လက်ခံရန် အဆင်မပြေလှဟု သူ ခံစားခဲ့ရသည်။

လီလောင်ရှန်း၏အမူအရာကို မြင်ရသော ထန်ရှုသည် သူ၏စိတ်ထဲတွင် မည်သည့်အကြောင်းအရာ ရှိနေသည်ကို နားလည်သည်။ တခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ကျွန်တော်တို့နောက်ကို ခင်ဗျားတို့ လိုက်ချင်နေတာကို ငြင်းဖို့ မကောင်းဘူး။ ဘာပဲဖြစ်ဖြစ် ရှန်းနန်တောင်ကို မဝင်ခင် ပြောထားရဦးမယ်။ မတော်တဆ ထိခိုက်မှုတွေ ကြုံလာရရင်၊ ခင်ဗျားရဲ့လူတွေကို ဆုံးရှုံးရရင် အဲ့ဒါအတွက် ကျွန်တော် တာဝန်မယူဘူးနော်။"

“ငါ သိတယ်။" ကျိရှီယန်က အေးစက်သော အမူအရာဖြင့် ပြန်ပြောသည်။ သူမ၏လေသံသည် အနည်းငယ် မာဆတ်ဆတ်ဖြစ်နေသည်။

"ဟုတ်ပြီ။ ခင်ဗျားရဲ့လူတွေက ဒီဆေးဖက်ဝင်အပင်ကို ရှာတွေ့အောင် ကူညီပေးနိုင်ရင် တွေ့တဲ့သူကို ဆုငွေ ယွမ်၁၀မီလီယံ ပေးမယ်။ တခြားသူတွေကတော့ သူတို့ရဲ့ လုပ်အားအတွက် ယွမ် ၁မီလီယံ ချီးမြှင့်မယ်။ ကျွန်တော်တို့ အဲ့ဒီဆေးပင်ကို မတွေ့ရင်တော့ တစ်ပြားမှ ပေးမှာ မဟုတ်ဘူး။”

ကျိရှီယန်၏မျက်ခုံးများ မြင့်တက်သွားကာ မျက်ဝန်းများထဲတွင် အံ့အားသင့်သော အမူအရာ ပေါ်လာသည်။ ထန်ရှုတွင် ထူးခြားသည့် နောက်ခံရှိသည်ဟု သူမ ကောက်ချက်ချခဲ့သည့်တိုင် ယခုကဲ့သို့ ပြောဆိုချက်အကြီးစားမျိုးသည် တကယ့်ကို အံ့သြစရာ ဖြစ်သည်။

အဆုံးသတ်တွင် စုစုပေါင်း ၂၀မီလီယံအထိ ရနိုင်မည့် ဆေးဖက်ဝင်အပင်သည် မည်ကဲ့သို့ အဖိုးတန် ဆေးဖက်ဝင်အပင် အမျိုးအစား ဖြစ်သည်ကို သူမ မတွေးတတ်လောက်အောင် ဖြစ်ခဲ့ရသည်။ တွေးကြည့်မယ်ဆိုပါက သည်ကဲ့သို့ ကောင်းမွန်သော ဆုကြေးများပေးရန် ကတိနှင့် ဒီဆေးပင်သည် ထိုက်တန်သည်ဟု သူ ထင်ဟန်ရှိသည်။

ဇီမင်ဒေသ…

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလွန် နိမ့်ကျသေးသော တောင်တန်းဒေသရှိ သာမာန်မြို့ငယ်လေး တစ်မြို့ဖြစ်သည်။ ဆယ်စုနှစ်တစ်စုထက်ပိုပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာပြီးနောက်တွင် သည်နေရာသည် ခရီးသွားရန်အတွက် ပိုမို သင့်လျော်လာခဲ့သည်။ မြို့ကလေးသည် ပိုမိုဖွံ့ဖြိုးတိုးတက်သော ဒေသများရှိ မြို့များနှင့် တန်းတူမဟုတ်သည့်တိုင် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု အဆင့်အတန်းကို မှီရုံမျှသာ ရှိပေသေးသည်။

ကျိရှီယန်သည် ထိုဒေသ၏အကောင်းဆုံးဟိုတယ်တွင် ကြိုတင်အခန်းယူထားပြီးဖြစ်သည်။ ထိုဟိုတယ်သည် ကြယ်၃ပွင့်ဟိုတယ်မဟုတ်သော်လည်း လီလောင်ရှန်းနှင့် နှစ်ယောက်အခန်းတွင် အတူနေလိုက်သဖြင့် အခန်းရှာရသည့်အခက်အခဲမှ ထန်ရှု လွတ်မြောက်သွားသည်။

အခြားလူများ စားသောက်နေစဉ် သို့မဟုတ် အနားယူနေစဉ်အတွင်း ထန်ရှုသည် နတ်ဆိုးပြန်လည်ရှင်သန်မြက်ပင်ပုံစံကို ရေးဆွဲသည်။ ပြီးနောက် သူသည် နာရီပေါင်းများစွာ အနားယူခဲ့သည်။ နေ့လယ်စာစားပြီးနောက် သူသည် လူတိုင်းအား ပုံကြမ်းပေး၍ မှတ်မိအောင် လုပ်ခိုင်းခဲ့သည်။

"ညီအစ်ကိုထန် … ငါတို့ အခုထွက်တော့မှာလား။"

ထွက်ခွာဖို့ ပြင်ဆင်ရန် ထန်ရှု၏ အကြံပြုချက်ကို ကြားသောအခါ လီလောင်ရှန်းသည် အံ့သြသွားကာ ချက်ချင်း မေးလိုက်သည်။

“ဟုတ်တယ်။ ဒီဆေးဖက်ဝင်အပင်ကို တတ်နိုင်သမျှ ကျွန်တော် မြန်မြန် ရှာရမယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ အခုထွက်ပြီး မိုးမချုပ်ခင် တစ္ဆေဘုရင် တောင်ကြားကို ရောက်အောင် ကြိုးစားရမယ်။” ထန်ရှုက ပြောသည်။

အေးစက်သောအကြည့်ဖြင့် ကျိရှီယန်သည် ထန်ရှုအား တစ်ချက်ကြည့်လိုက်ကာ ပေါ့ပေါ့တန်တန်လေသံဖြင့်  “မစ္စတာထန် … ရှန်းနန်တောင်ရဲ့အခြေအနေကို နင် သိမယ် မထင်ဘူး။ အခုချိန်မပြောနဲ့ မနက်အစောကြီး ထသွားရင်တောင် မိုးမချုပ်ခင် တစ္ဆေဘုရင် တောင်ကြားကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ငါ အဲဒီကို မရောက်ဖူးပေမယ့် ရှန်းနန်တောင်နဲ့ တစ္ဆေဘုရင် တောင်ကြားကို စုံစမ်းဖို့ လူတချို့ကို တစ်ခါ လွှတ်ခဲ့ဖူးတယ်။ ဒေသမြို့ကနေ မြောက်ဘက်ကို ကီလိုမီတာ ဒါဇင်နဲ့ချီပြီး ခရီးနှင်ရတယ်။ တောင်ကုန်းတွေ အများကြီးကိုလည်း တက်ဖို့ လိုတယ်။ မြစ်ကြီးနှစ်စင်းကို ဖြတ်ကျော်ပြီးမှပဲ တစ္ဆေဘုရင် တောင်ကြားကို ငါတို့ ရောက်မယ်။”

"ကောင်းပြီ။ ဒါဆို ကျွန်တော်တို့ အစွမ်းရှိသမျှ အကောင်းဆုံး လုပ်ကြတာပေါ့။"

ထန်ရှုက ပြောလိုက်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် အဖွဲ့သည် ဟိုတယ်မှ ထွက်ခွာပြီး ကားခြောက်စီးဖြင့် ရှန်းနန်တောင်သို့ ဦးတည်ကာ လျင်မြန်စွာ ထွက်ခွာလာခဲ့သည်။ ရှန်းနန်တောင်ခြေပတ်လည်မှ တောင်တစ်တောင်၏ တောင်ခြေသို့ ရောက်သောအခါ ကျိရှီယန်က လူတချို့အား ကားများကို အဝေးသို့ မောင်းခိုင်းလိုက်သည်။ သူမသည် သက်တော်စောင့် ၄ယောက်ကို ဦးဆောင်ပြီး ထန်ရှုနှင့် အခြားသူများ တောင်တက်သည့်အနောက်သို့ လိုက်ခဲ့သည်။

အစပိုင်းတွင် လူတိုင်းသည် အလွန် စိတ်လက်ပေါ့ပါးနေကြပြီး ကျိရှီယန်ဦးဆောင်သော သက်တော်စောင့်လေးဦးပင်လျှင် လူတိုင်း၏အရှိန်အား မီအောင် လိုက်နိုင်နေဆဲဖြစ်သည်။ သို့သော် တောင်နှစ်တောင်ကို ဖြတ်ကျော်ပြီးနောက် သူတို့သည် အနည်းငယ် မောပန်းလာကြကာ သူတို့၏အရှိန်သည် သိသိသာသာပင် လျော့ကျသွားရသည်။ ထို့နောက် ပစ္စည်းများ သယ်ယူလာကြသော ဖက်တီးလီ၏ သက်တော်စောင့်လေးဦးသည် အခြားတောင်ပေါ်သို့ ခြေလျင်လျှောက်ပြီးသောအခါ နောက်ဆုံးတွင် ခံနိုင်ရည်မရှိကြတော့ပါချေ။

“ညီအစ်ကိုထန် … ငါတို့ အနားယူရင်ရော ဘယ်လိုလဲ။ ငါတို့ လေးနာရီလောက် လမ်းလျှောက်ပြီးပြီ။ ငါ့ခြေထောက်တွေ တုန်ရီလာတယ်။”

ချွေးများ ရွှဲနစ်နေသော ဖက်တီးလီသည် နီရဲခြင်း မရှိသလို မောပန်းနေဟန်လည်း မရှိသော ထန်ရှု၏မျက်နှာကို ကြည့်လိုက်ကာ မချိပြုံး ပြုံးလိုက်မိသည်။

"ကောင်းပါပြီ။ နာရီဝက်လောက် အနားယူကြတာပေါ့။" ထန်ရှု ခေါင်းညိတ်လိုက်သည်။

ထန်ရှုအား အံ့အားသင့်စေသည်မှာ ဖက်တီးလီနှင့် သက်တော်စောင့်ရှစ်ဦးတို့သည် ချွေးများ တအားထွက်ကာ မောပန်းနွမ်းနယ်နေကြသော်လည်း ကျိရှီယန်၏နဖူးတွင် ချွေးအနည်းငယ်သာ စို့ပြီး မောပန်းနွမ်းနယ်ဟန်မရှိခြင်းကိုပင်။

နာရီဝက်လောက် အနားယူပြီးနောက် လူအားလုံးသည် ခြေလျင်တောင်တက်ခရီး ပြန်စကြသည်။ ထန်ရှုသည် အချိန်မနှောင့်နှေးစေရန်အတွက် သက်တော်စောင့်များဆီမှ ကျောပိုးအိတ်လေးလုံးကို ယူလိုက်သည်။ ထိုမြင်ကွင်းသည် သက်တော်စောင့်ရှစ်ဦးအား မျက်လုံးများ ပြူးကျယ်သွားသည်အထိ အံ့အားသင့်သွားစေသည်။ ထန်ရှုအား ကြည့်မရဖြစ်နေသော ကျိရှီယန်ပင် အံ့ဩသွားသည်။

ထိုကျောပိုးအိတ်ကြီးတစ်ခုစီသည် ကီလိုဆယ်ဂဏန်း အလေးချိန်ရှိကြောင်း သူတို့သိသည်။ အားလုံး ပေါင်းလိုက်မည်ဆိုပါက ကီလို၉၀ကျော်ပေသည်။ ထန်ရှု၏ ခွန်အားနှင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုသည် လူတိုင်းအား အံ့အားသင့်စေခဲ့သည်။

ညမိုးချုပ်ခဲ့ပြီဖြစ်သည်။ ပဉ္စမတောင်၏ တောင်စောင်းတွင် လူတိုင်း ရပ်လိုက်ကြသည်။ ပြန့်ပြူးသော မြေနေရာအား တွေ့ရသဖြင့် အားလုံးသည် သည်နေရာတွင် စခန်းချရန် ဆုံးဖြတ်ပြီး ညအိပ်ရန်အတွက် ပြင်ဆင်နေကြသည်။

"ခင်ဗျားတို့အားလုံး ဒီမှာပဲ စောင့်။ ကျွန်တော် အမဲသွားလိုက်ဦးမယ်။ ဒီည အသားကင် လုပ်စားကြတာပေါ့။”

ထန်ရှုသည် မြေပြင်ပေါ်တွင် မောဟိုက်စွာ ထိုင်နေကြသောလူစုအား ကြည့်ရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ ထို့နောက် အနီးနားရှိ တောအုပ်ထဲသို့ လျင်မြန်စွာ လျှောဆင်းသွားတော့သည်။

လီလောင်ရှန်းသည် သူ၏လက်ကို မြှောက်ကာ ထန်ရှုအား တားရန် ဟန်ပြင်လိုက်သော်လည်း ထန်ရှု၏အရှိန်သည် မြန်ဆန်လွန်းသဖြင့် သူ့အား မတားလိုက်နိုင်ခဲ့ချေ။ ထန်ရှုသည် တောထဲသို့ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါ သူ၏ပြည့်ဖောင်းနေသော မျက်နှာပေါ်တွင် ကူကယ်ရာမဲ့သောအရိပ်အယောင် ပေါ်လာခဲ့ပေသည်။

"သူဌေးလီ … သူက ဘယ်သူလဲ။"

ထိုအခိုက်အတန့်တွင် ကျိရှီယန်သည် ထန်ရှုအကြောင်းအား သိလိုစိတ်အပြည့် ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် လမ်းတလျှောက်လုံး သူတို့၏ ခရီးလမ်းမှာ အထူးပင် မချောမွေ့ခဲ့ဘဲ ရံဖန်ရံခါတွင် တောရိုင်းတိရိစ္ဆာန်များစွာကို တွေ့ကြုံခဲ့ရပြီး ထန်ရှုသည် ထိုတိရိစ္ဆာန်များစွာကို မောင်းထုတ်ရန်အတွက် ရှေ့ဆုံးမှ ရောက်လာသောသူဖြစ်သည်။ ဆိုးဆိုးရွားရွား ပင်ပန်းနွမ်းနယ်နေသော လူများစွာကိုပင် အကူအညီပေးခဲ့သည်။

"သူက အာ…" လီလောင်ရှန်းက ပြုံးလိုက်ပြီး

“သူက သာမန်ထက်ထူးခြားတဲ့အရည်အချင်းရှိတဲ့ လူတစ်ယောက်ပါ။ ငါတောင် အဲ့ဒီညီလေးကို အပြည့်အ၀ နားမလည်နိုင်သေးဘူး။ အတွင်းရေးမှူးကျိ … သူ့ကို အထင်မသေးနဲ့နော်။ သူ့ကို အထင်သေးတဲ့သူတွေ အဆုံးသတ်မလှတာ ငါတွေ့ဖူးတယ်။”

ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် ကျိရှီယန်က “သူက တကယ်ကို သန်မာလွန်းပါတယ်။ တွေးကြည့်မယ်ဆိုရင် ဒီတောင်ကို သူ လွယ်လွယ်ကူကူ ဖြတ်ကျော်သွားနိုင်လိမ့်မယ် ... သူက သိုင်းပညာရှင်တစ်ယောက် ဟုတ်တယ်မလား။ ဒါပေမယ့် သူ့ကြည့်ရတာ စိတ်ပုံမှန်တော့ မဟုတ်ဘူး ထင်တယ်။"

" စိတ်ပုံမှန်တော့ မဟုတ်ဘူးဟုတ်လား။" လီလောင်ရှန်က ရယ်မောရင်း

“ညီအစ်ကိုထန်က ကျိုးနွံပြီး အကျင့်စရိုက် ကောင်းပါတယ်။ မင်း သူ့ကို ကြည့်မရလို့ ပုံမှန်မဟုတ်ဘူးလို့ ထင်နေတာပါ။"

"ဟုတ်တယ် … သူက စိတ်ရှုပ်စရာကောင်းပြီး လူတွေကို မောပန်းစေတယ်။" ကျိရှီယန်က ပြောသည်။

"အင်း … ထားလိုက်ရအောင်။ ငါ သူ့အကြောင်း ထပ်ပြီး မပြောတော့ဘူး။" လီလောင်ရှန်းက ပြုံးရွှင်စွာ ပြောလိုက်သည်။

“တကယ်လို့ မင်း သူနဲ့ဆက်ဆံကြည့်ရင် သူ ဘယ်လိုပုံစံလဲဆိုတာ မင်းသိလာလိမ့်မယ်။ ဒါနဲ့ မင်း သူ့ကို သွားမပြစ်မှားဖို့ ငါ အကြံပေးချင်သေးတယ်။ မင်းကိုယ်တိုင်မပြောနဲ့ … မင်းရဲ့သူဌေးဖြစ်ရင်တောင်မှ အတော်လေး ဆုံးရှုံးသွားရလိမ့်မယ်။"

"ဒါပေမယ့် သူဌေးလီ … ကျွန်မကို ပြန်ဖြေဦးလေ။ သူ့ရဲ့နောက်ခံကဘာလဲလို့။" ကျိရှီယန်က အမြန်မေးလိုက်သည်။

“သူ့မှာက ပုံရိပ်တွေ အများကြီးရှိတယ်။ ဒါပေမယ့် ငါ မင်းကို အသေးစိတ်တော့ ပြောပြလို့ မရဘူး။ တိုတိုပြောရရင် ငါ့စကားတွေကို မှတ်ထားပါ။ သူ့ကို သွားမနှောင့်ယှက်နဲ့။ မင်းရော သံမဏိဝါအဖွဲ့အတွက်ပါ ပြဿနာ မတက်စေနဲ့။ မဟုတ်ရင် သူ မင်းကို ဆန့်ကျင်ရင် ငါ မင်းတို့နဲ့ ထပ်ပြီး အလုပ်တွဲလုပ်မှာ မဟုတ်တော့ဘူး။"

လီလောင်ရှန်းက သတိပေးစကား ဆိုလိုက်သည်။

"ကျွန်မ သဘောပေါက်ပါတယ်။"

ကျိရှီယန်က ခေါင်းညိတ်လိုက်သော်လည်း ထန်ရှု၏ပုံရိပ်ကို သိလိုစိတ်သည် သူမ၏ စိတ်နှလုံးသားတွင် ပိုမိုတိုးလာခဲ့သည်။

"ကောင်းပြီ။ တဲတွေဆောက်ပြီးရင် အားလုံး အနားယူလို့ရပြီ။ အသားကင်အတွက် ထင်းသွားကောက်ဖို့ လူတစ်ချို့ကို ပြောပါ။" လီလောင်ရှန်းက အပြုံးဖြင့် ပြောသည်။

ကျိရှီယန်က "သူဌေးလီ … ကျွန်မကို ဟာသမလုပ်စမ်းပါနဲ့။ သူက အမဲသွားလိုက်မယ် ဒါမှမဟုတ် တစ်ခုခုရမယ်လို့ ပြောခဲ့ပေမယ့် ရှင် အလေးအနက်ထားနေတာလား။ ဒီတောတောင်က တအား မှောင်မည်းနေတာ။ ဘာမှ မမြင်ရရင် အမဲလိုက်ဂိမ်းလိုဟာမျိုး လုပ်ဖို့က …”

သူမ၏စကားမဆုံးခင်မှာပင် မမြင်နိုင်သည့် တစ်စုံတစ်ရာက သူမ၏လည်ပင်းကို ဖမ်းဆုပ်လိုက်သကဲ့သို့ သူမ၏စကားများအား ပြန်မျိုချမိသွားသည်။ ထန်ရှုသည် လက်ထဲတွင် တစ်စုံတစ်ခုအား ကိုင်ဆောင်ကာ အမှောင်ထုထဲက ထွက်လာသဖြင့် သူ့အား မယုံကြည်နိုင်စွာ ကြည့်ကာ သူမ၏ လှပသော မျက်နှာထက်တွင် တွေဝေသော အကြည့်တစ်ခု ပေါ်လာခဲ့သည်။

သူ့လက်ထဲက အရာက… သမင်တစ်ကောင်များလား။

"ဝိုး … မင်းက အံ့သြစရာပဲ ညီအစ်ကိုထန်။ မိနစ်အနည်းငယ်ပဲ ရှိသေးတယ်။ မင်းက ဒီလိုကောင်းတဲ့ အရာတစ်ခုကို ရလာတာပဲ…။” လီလောင်ရှန်းသည် တောက်ပသော မျက်လုံးများဖြင့် မြေပြင်မှ ကုန်းထလာကာ ချီးကျူးလိုက်သည်။

ထန်ရှုက သမင်အား မြေပြင်ပေါ် ချလိုက်သည်။ ထို့နောက် သူက ပြုံးပြီး

“ဒီသမင်ကို တွေ့လိုက်ရလို့ ကံကောင်းသွားတာ။ ဒါနဲ့ ခင်ဗျားတို့ထဲက အသားကင်လုပ်နည်းကို သိကြလား။”

လီလောင်ရှန်းက နှုတ်ခမ်းသပ်လိုက်ပြီး အပြုံးဖြင့်

"တခြားအကြောင်းတော့ ငါမသိပေမယ့် အသားကင်တာက ဒီဖက်တီးလီ ကျွမ်းတဲ့ အရာပဲလေ။ အတွင်းရေးမှူးကျိ … မင်းရဲ့လူတွေ အသက်ကယ်ပစ္စည်းတွေ အများကြီးဝယ်ခဲ့တယ်။ ဟင်းခတ်အမွှေးအကြိုင်တွေ တစ်ခုခု ဝယ်ခဲ့သလား။”

ကျိရှီယန် ခေါင်းညိတ်ပြီး

"သူတို့ဝယ်တဲ့စာရင်းကို မြင်မိတယ်။ အသားကင်ဖို့ ဆော့စ် သူတို့ဆီ ရှိမယ်ထင်တယ်။ တကယ်တော့ ကျွန်မရဲ့ သက်တော်စောင့်တစ်ယောက်ကလည်း မုဆိုးမိသားစုတစ်စုကပဲ။”

"အဲ့ဒါ အရမ်းကောင်းတယ်။"

လီလောင်ရှန်းက အော်ပြောကာ သမင်ကို ယူသွားပြီးနောက် သူသည် ဘေးဘက်သို့ လျှောက်သွားသည်။

ကျိရှီယန်က ထန်ရှုကို လှည့်ကြည့်လိုက်သည်။ ညမှောင်နေသော်လည်း သူမတို့နှစ်ဦးကြား အကွာအဝေးသည် အတော်လေးနီးကပ်နေသည် ဖြစ်သောကြောင့် ထန်ရှု၏ တည်ငြိမ်သော အမူအရာအား သူမ မြင်နေရဆဲဖြစ်သည်။ တခဏမျှ ချီတုံချတုံဖြစ်နေရင်း သူမက

“မစ္စတာထန် … နင် အဲ့ဒါကို ဘယ်လို လုပ်လိုက်တာလဲ။"

"အာ … တကယ်ကို ရိုးရှင်းပါတယ်။ ကျွန်တော်က အဲ့ဒီအကောင်ထက် ပိုမြန်တယ်၊ ပိုသန်မာတယ်လေ။" ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

***

All Chapters