← Chapters

မမျှော်လင့်ထားသည့် အမှန်တရား

Vol. 26 Ch. 356

မမျှော်လင့်ထားသည့် အမှန်တရား

Vol. 26 Ch. 356

အခန်း (၃၅၆) : မမျှော်လင့်ထားသည့် အမှန်တရား

လန်လင်းက မတုံ့ပြန်နိုင်သောကြောင့် ဝမ်ဝေ့အနေနှင့် သူမ၏ ကံကြမ္မာကို ဖတ်ရှုပြီး သူ သိချင်တာ သိရဖို့ ပို၍ လွယ်ကူလေသည်။ သူမ၏ ကံကြမ္မာကြိုးမျှင်ကို ကာကွယ်ထားသည့် အသုံးအဆောင်ပစ္စည်းအတွက်မူ လက်ရှိပိုင်ရှင်မှ အသက်သွင်းထားခြင်း မရှိသည့်အတွက် ကျော်လွှားဖို့ လွယ်ကူလှသည်။

သူက သူမ၏ မှတ်ဉာဏ်များနှင့် အဖြစ်အပျက်အားလုံးကို မဖတ်ပေ။ သူက သူ လိုချင်သည့် သတင်းအချက်အလက်ကို ရှာလိုက်ပြီးသည့်နောက်တွင် တွေ့ရှိသွားသည်။

ထို့နောက် သူက မျက်မှောင်ကြုတ်လိုက်သည်။ ဝမ်ဝေ့က မီးတောက်ထိန်းချုပ်ရေး ပညာရပ်သည် မူလဆေးလုံးမီးတောက်ကျမ်းနှင့် ဆက်နွယ်နေရမည်ဟု ခန့်မှန်းထားခဲ့သည်။ သူက ထိုမီးတောက်ထိန်းချုပ်ရေး ပညာရပ်သည် အခက်အခဲများကာ စံနှုန်းမြင့်သော မူလဆေးလုံးမီးတောက်ကျမ်းကို ကျင့်ကြံနိုင်ဖို့ လူများကို လွယ်ကူအောင် လုပ်ပေးထားသည်ဟု ထင်မြင်မိ၏။

နောက်ထပ် ခန့်မှန်းချက်တစ်ခုမှာ လော့ချန်၏ ဆရာ သို့မဟုတ် တန့်ယွမ်ဧကရာဇ် တစ်ယောက်ယောက်က မူလဆေးလုံးမီးတောက်ကျမ်းနှင့် ကံစပ်နေသူကို ရှာဖို့ ဖြန့်ဝေထားသည်ဟု ယူဆမိသည်။ သို့သော်လည်း သူ မှားယွင်းနေ၏။ မီးတောက်ထိန်းချုပ်ရေးပညာရပ်သည် မူလဆေးလုံးတာအိုဂိုဏ်းနှင့် မပတ်သက်ပေ။ ပြောရလျှင် တကယ်တော့ လုံးဝ မပတ်သက်ခြင်းလည်း မဟုတ်ပေ။

ထိုပညာရပ်ကို မီးတောက်ဧကရာဇ်မှ ဖန်တီးထားခြင်း ဖြစ်ပြီး သူ့အမွေအနှစ်ကို လက်ခံရရှိဖို့အတွက် ကံစပ်သည့်သူများအနေနှင့် စမ်းသပ်ဖို့ ထားခဲ့ခြင်း ဖြစ်သည်။ ၆ဆင့်မြောက်အထိ ကျင့်ကြံပြီးသည့်နောက်တွင် မီးတောက်ဧကရာဇ်၏ စမ်းသပ်ချက်ကို ခံယူကာ မီးတောက်ဧကရာဇ် ကျော်ကြားခဲ့သည့် နာမည်ကျော် မီးတောက်တစ်သောင်း ပညာရပ်ကို ရယူနိုင်လိမ့်မည်။

ထိုဧကရာဇ်အကြောင်း သိထားသည့် အချက်အလက်မှာ သူက မြေကမ္ဘာနှင့် ကောင်းကင်မီးတောက်များအား ဟွင်သွမ်းမီးတောက်အဖြစ် ပေါင်းစပ်ခဲ့သည်။ ကောလဟာလများအရ မီးတောက်ဧကရာဇ်သည် တာအိုကို သက်သေပြပြီးသည့်နောက်တွင် ဟွင်သွမ်းကိုပင် လောင်ကျွမ်းနိုင်သည့် ကမ္ဘာဦး ဟွင်သွမ်းမီးတောက်အဖြစ် ဆင့်ကဲပြောင်းလဲသွားခဲ့သည်။

ဝမ်ဝေ့က ထိုအရာကို ကြည့်ပြီးနောက် သက်ပြင်းချလိုက်သည်။ နောက်ထပ်တစ်ခုက မီးတောက်ဧကရာဇ်သည် သူ့ဆေးဝါးပညာကြောင့် နာမည်ကျော်ကြားလေသည်။ လူအများစုက သူသာ ရှေးဟောင်း ဧကရာဇ်ခေတ်ကာလတွင် မွေးဖွားခဲ့ပါက ဘိုးဘေးနေရာအတွက်ပင် ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု ယုံကြည်ထားကြသည်။

သူ လန်လင်းဆီမှ သိထားသလောက် သူ့ဆရာယဲ့လောင်က ထိုမီးတောက်တစ်သောင်း ပညာရပ်ကို ဖူချိုက်ယွင်၏ မူလဆေးလုံးမီးတောက်ကျမ်းနှင့် ယှဉ်နိုင်ဖို့ လိုချင်နေလေသည်။

ထို့ကြောင့် သူက အစ်မ(၃)ကို အရေးပေးနေခြင်း ဖြစ်၏။ လော့ချန်အတွက်မူ ယဲ့လောင်က မျှော်လင့်ချက် များများစားစား မထားပေ။ အကြောင်းမှာ သူ့ပါရမီကြောင့် ဖြစ်၏။ သူက ကံကောင်းပြီး မီးတောက်ထိန်းချုပ်ရေး ပညာရပ်ကို ရယူနိုင်ခဲ့လျှင်ပင် မီးတောက်ဧကရာဇ်၏ စမ်းသပ်မှုကို ကျော်ဖြတ်ပြီး အမွေအနှစ်ကို ရရှိဖို့အတွက် အခွင့်အရေးက အလွန်ပင် နည်းပါးလွန်းလှသည်။

အနည်းဆုံးတော့ ဝမ်ဝေ့က သူ့အစား ဝင်ရောက်ကာ အံ့ဩဖွယ်အရည်အသွေးကို မပြခင်အထိ ဖြစ်လေသည်။

ထိုအရာကို တွေ့ရှိပြီးသည့်နောက်တွင် သူက အနည်းငယ် စိတ်ပျက်သွားသည်။

“ အင်း ကောင်းပြီလေ။ နောက်ထပ် ဧကရာဇ်ကျမ်းတစ်ခုရတာလည်း အဆိုးကြီးတော့ မဟုတ်ပါဘူး”

ယခုတွင် ဝမ်ဝေ့က သူ့အစီအစဉ်သည် မပြောင်းလဲကြောင်း သိလိုက်သည်။ သူ ထင်ထားသည်ထက် ပိုမိုခက်ခဲလောက်၏။ သူ့ဆရာက မူလဆေးလုံးမီးတောက်ကျမ်း ရယူနိုင်မှုအပေါ်တွင် ထိန်းချုပ်မှု မရှိပေ။

ထို့နောက် သူက လက်ရှိအခြေအနေကို ကိုင်တွယ်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက လန်လင်း၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူမက သတိမေ့နေသော်လည်း အခြေအနေ ဆိုးရွားနေလေသည်။

သူက လက်ကို ဝှေ့လိုက်သည့်အချိန် သူ့လက်ဖျားတွင် ဝဲကတော့ငယ်တစ်ခု ပေါ်ထွက်လာသည်။ ထို့နောက် သူက စိတ်နှင့်ခန္ဓာကိုယ်အား လွှမ်းခြုံထားသည့် ပန်းရောင်အငွေ့များအား စုပ်ယူလိုက်ပြီး ဆေးလုံးအဖြစ် ပြောင်းလဲလိုက်သည်။

သူက သူမ၏ အသားအရည် ပုံမှန်ပြန်ဖြစ်လာသည်ကို မြင်ပြီး ဘာမှမဖြစ်တာ သေချာအောင် အံ့ဖွယ်အသိစိတ်ဖြင့် ခန္ဓာကိုယ်ကို တစ်ဖန်စစ်ဆေးလိုက်သည်။ ထို့နောက် သူက မျက်မှောင်ကြုတ်လိုက်၏။

လန်လင်း၏ ကမ္ဘာဦးစိတ်ဝိညာဉ်အထဲတွင် ပွင့်ချပ်များကို ထူးထူးဆန်းဆန်း ရွှေရောင်သင်္ကေတများနှင့် အဖြူနှင့်အနက် ရောစပ်နေသည့် ပန်းတစ်ပွင့်ကို မြင်လိုက်ရသည်။

“ အရူးအမူး စွဲလမ်းပန်းလား”

သူက ထိုပန်းကို သိရှိပြီးနောက် သူ့အသိစိတ်ပင်လယ်အတွင်း စစ်ဆေးကြည့်လိုက်သည့်အခါ သူ့ဝိညာဉ်အတွင်း မျိုးစေ့ကို မြင်လိုက်ရသည်။ အတိအကျဆိုရလျှင် လော့ချန်၏ ဝိညာဉ် ဖြစ်၏။

“ အကြောင်းနှင့် အကျိုးလား။ ဟင် … ”

အရူးအမူး စွဲလမ်းပန်းသည် အလွန်ရှားပါးပြီး ထူးခြားကာ နာမည်ကျော်လှသည့် ဝိညာဉ်ဆေးပင် ဖြစ်ပေသည်။ ပြောရလျှင် လိုလားချက်မှာ အရူးအမူး ချစ်မြတ်နိုးနေသည့် လူတစ်ယောက်က ယင်နှင့်ယန်မျှတသည့်နေရာတွင် ဝမ်းနည်းကြေကွဲစွာ သေဆုံးသွားရမည်။

လူတစ်ယောက်က ထိုပန်းပွင့်ကို ရရှိသွားသည်နှင့် သူ သို့မဟုတ် သူမ ချစ်မြတ်နိုးသည့် လူတွင် မျိုးစေ့ စိုက်ပျိုးထားနိုင်သည်။ ထိုလူက အလိုရှိသည်ဖြစ်စေ အလိုမရှိသည်ဖြစ်စေ ကိစ္စမရှိပေ။ သူတို့၏ အလိုဆန္ဒက ဖြည်းဖြည်းချင်း အချစ်အဖြစ် ပြောင်းလဲသွားမည်သာ ဖြစ်၏။

ထိုပန်းပွင့်၏ ကြောက်စရာ အကောင်းဆုံးအချက်က အဆင့်မှာ ဝိညာဉ်စွမ်းအား စုပ်ယူထားသည့် ပမာဏအပေါ် မူတည်ခြင်း မဟုတ်သလို အချိန်ကာလအပေါ်လည်း မူတည်မနေပေ။ ထိုအရာက ထိုပန်းကို ဖန်တီးထားသည့်လူ၏ ချစ်ကျွမ်းဝင်မှု နှုန်းထားပေါ် မူတည်လေသည်။

ထိုပန်းပွင့်က မည်မျှအားကောင်းကြောင်း သိနိုင်သည့် ပုံပြင်တစ်ပုဒ် ရှိခဲ့ဖူးသည်။ တစ်ခါက မဟာဧကရာဇ်တစ်ပါးသည် သူ ငယ်စဉ်အခါက သူ့ကို ချစ်မြတ်နိုးနေသည့် လူတစ်ယောက်ဆီမှ မျိုးစေ့ကို စိုက်ပျိုးခြင်း ခံခဲ့ရသည်။ ထိုပန်းပွင့်က အားကောင်းလွန်းသည့်အတွက် သူ တာအိုသက်သေ ပြပြီးသည့်နောက်တွင်ပင် ပန်းက သူ ပြန်ပေးဆပ်ရမည့် အားကောင်းသည့် ကံကြမ္မာဝဋ်ကြွေးကို ဖန်တီးလာခဲ့သည်။ အကယ်၍ သူသာ အတင်းအကြပ် ဖယ်ရှားခဲ့လျှင် တန်ပြန်သက်ရောက်မှုကြောင့် ဒဏ်ရာရရှိသွားလိမ့်မည်။

သူက ထိုပန်းနှင့် ရင်ဆိုင်ဖြေရှင်းဖို့အတွက် ထိုပန်းကို စိုက်ပျိုးခဲ့သည့် အမျိုးသမီးကို လက်ထပ်လိုက်ရသည်။ သူမ သေဆုံးပြီး သူ့အကြွေးကြေသည်အထိ စောင့်ဆိုင်းလိုက်ရသည်။ ပြောကြသည်က ထိုအမျိုးသမီးက ဧကရာဇ်ကို ချစ်မြတ်နိုးသည့်အတွက် ပြန်လည်ဝင်စားပြီးသည့်နောက်တွင်ပင် ဘဝများစွာ အချိန်ကုန်ဆုံးပြီး အကြွေးဆပ်ခဲ့ရသည်ဟု ဆိုကြသည်။

သူ ထိုပန်းပွင့်ကို သိထားသည့် အချက်အလက်များကို စဉ်းစားပြီးသည့်နောက်တွင် ဝမ်ဝေ့က ခပ်ယဲ့ယဲ့ပြုံးကာ ရေရွတ်လိုက်သည် “ ဒါက လော့ချန်အတွက် အဆိုးကြီးတော့ မဟုတ်ပါဘူး”

ထိုအရူးအမူး စွဲလမ်းပန်းသည် နာမည်ဆိုး ရှိသော်လည်း အကျိုးအမြတ်လည်း ရှိသေးသည်။ နမူနာအားဖြင့် တာအိုလက်တွဲဖော်များ၏ နှစ်ကိုယ်တူ ကျင့်ကြံဆင့်အတွက် ပြီးပြည့်စုံသော ပန်းပွင့် ဖြစ်ပေသည်။ အကယ်၍ တစ်ယောက်နှင့် တစ်ယောက် ချစ်မြတ်နိုးသည့် လူနှစ်ယောက်သာ ထိုပန်းပွင့်ကို ရရှိသွားခဲ့ပြီး တစ်ယောက်၏ ဝိညာဉ်ထဲ စိုက်ပျိုးထားနိုင်ခဲ့လျှင် ထိုပန်းပွင့်က အချစ်ပန်းအဖြစ် ပြောင်းလဲသွားပြီး နှစ်ယောက်သား၏ ကျင့်ကြံဆင့်နှင့် ပါရမီ အတားအဆီးများကို ကျော်လွှားနိုင်လိမ့်မည်။

အကောင်းဆုံးနမူနာက ယင်ယန်လက်တွဲဖော် ဧကရာဇ် ဖြစ်သည်။ သူမနှင့် သူမ၏ တာအိုလက်တွဲဖော်တို့က ထိုပန်းပွင့်အား အသုံးပြုကာ ပါရမီ နည်းပါးကြသော်လည်း ဧကရာဇ်တစ်ပိုင်းအဆင့်အထိ ရောက်ရှိခဲ့ကြသည်။ ထို့နောက် ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် သူတို့နှစ်ဦးက ကောင်းကင်ရွေးချယ်ခံများအား အတူတကွ တိုက်ခိုက်ကာ အနိုင်ရရှိခဲ့ကြသည်။

အဆုံးသတ်တွင်မူ ခင်ပွန်းဖြစ်သူက ဇနီးအား တာအိုကို သက်သေပြခွင့်ပြုခဲ့သည်။ နောက်ပိုင်းတွင် သူမက ယင်ယန်အချစ်ပန်းကို ဧကရာဇ်အဆင့်အထိ ပျိုးထောင်ပြီး ထိုအရာဖြင့် သူမ၏ တာအိုကို ယောက်ျားဖြစ်သူနှင့် ပေါင်းစပ်ပြီး တစ်သားတည်း ဖြစ်လာကာ ခင်ပွန်းသည်လည်း မဟာဧကရာဇ် ဖြစ်လာခဲ့သည်။

ထိုအကြောင်းအရင်းကြောင့် အရူးအမူး စွဲလမ်းပန်းသည် နာမည်ကျော်ကာ မဟာဧကရာဇ်များစွာက အလိုရှိကြလေသည်။ ထိုအခါမှသာ သူတို့၏ လက်တွဲဖော်များက သူတို့လို မဟာဧကရာဇ် ဖြစ်လာနိုင်လိမ့်မည်။

ကံဆိုးစွာဖြင့် မည်သူကမှ မအောင်မြင်ဖူးကြပေ။ ထိုပန်းပွင့်က မည်မျှရှားပါးသည့်အကြောင်း မပြောလျှင်ပင် လူအနည်းစုကသာ ရှာတွေ့နိုင်ကြသည်။

ဝမ်ဝေ့က သက်ပြင်းချလိုက်ပြီးသည့်နောက်တွင် လော့ချန်၏ စိတ်အတွင်းမှ ပျိုးစေ့ကို စည်းပိတ်လိုက်ပြီး လန်လင်းအတွက်လည်း အတူတူ လုပ်ပေးလိုက်သည်။

“ ငါ ထွက်သွားတဲ့အထိ စောင့်ပါဦး။ ငါက ဒီကြားထဲမှာ ဝင်မပါချင်ဘူး”

အရိုးသားဆုံးပြောရလျှင် သူက ထိုအခြေအနေကြောင့် အနည်းငယ် စိတ်ခုမိသည်။

 ဒီလိုမျိုးရှားပါးတဲ့ ပန်းပွင့်က ဒီလိုနေရာမှာ ဘာလို့ရောက်နေရတာလဲ

အကြောင်းအရင်းတချို့ကြောင့် မျိုးစေ့က သူ့ခန္ဓာကိုယ်အတွင်း ရောက်နေလေသည်။ အကယ်၍ သူသာ သတိမထားဘဲ ကိုယ်ပိုင်စွမ်းအားကို အသုံးမပြုခဲ့လျှင် ထိုသို့သောအရာကို မည်သို့သတိထားမည်နည်း။

ဝမ်ဝေ့က အကျိုးဆက်များကို နားလည်လေသည်။ ထိုသို့သော အမှားမျိုးက ကံကြမ္မာ၏ ဆက်စပ်မှုသာ ဖြစ်ပြီး အကျိုးနှင့် အကြောင်း၏ စွမ်းအားလည်း ဖြစ်ပေသည်။

သူက အားကောင်းလာပြီး ထိုစွမ်းအားကို မထိန်းချုပ်နိုင်သရွေ့ ထိုအရာမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် သူက သက်ပြင်းတစ်ခါ ချလိုက်သည်။ သူက ဆေးပြင်းမီးဖိုကို ထုတ်ကာ လန်လင်း၏ ခန္ဓာကိုယ်ကို ကုသဖို့ ဆေးလုံးဖော်စပ်ဖို့ ပြင်လိုက်သည်။ သူက သူမ၏ ခန္ဓာကိုယ်မှအဆိပ်ကို ဖယ်ရှားပြီးသော်လည်း ထိခိုက်မှုအနည်းငယ် ကျန်ရှိနေသေးသည်။

“ သူမကို မထိလိုက်တာ ရှင် ကံကောင်းသွားတယ်။ မဟုတ်ရင်တော့ ရှင် ကုန်းကုန်း ဖြစ်နေလောက်ပြီ” ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာလေသည်။

ဝမ်ဝေ့က ရုတ်ချည်းတုန်လှုပ်သွားကာ ရောက်ရှိလာသူအား ကြည့်လိုက်စဉ် မည်သူက သူ သတိမပြုမိစေဘဲ ချဉ်းကပ်လာတာလဲဟု စဉ်းစားနေမိသည်။

“ အော် မင်းကိုး ” သူက ဝတ်စုံရှည် ဝတ်ဆင်ထားသည့်နတ်ဘုရားမတစ်ဦးကိုမြင်လိုက်ရသည်။ ထိုသူက သူ၏ အနာဂတ် ဇနီးလောင်း ဝူဟုန် ဖြစ်ပေသည်။

“ မင်း ဘာပြောလိုက်တာလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“ ရှင် ကြားတဲ့အတိုင်းပဲလေ”

“ ဟား ဟား” ဝမ်ဝေ့က သူမ၏ ခြေတံရှည်သွယ်သွယ်လေးကို ကြည့်ကာပြောလိုက်သည်။ သူက လက်ကို ဆန့်ထုတ်လိုက်သည့်အချိန် ကံဆိုးစွာဖြင့် သူ့လက်က ရိုက်ထုတ်ခံလိုက်ရသည်။

“ စိတ်မဆိုးပါနဲ့။ မင်း ပြောတဲ့အတိုင်း ကိုယ် သူ့ကို မထိခဲ့ဖူးလေ”

ဝမ်ဝေ့က ဇာတ်လိုက်သည် စိတ်ကြွဆေးရှူသွင်းမိပြီး သားရဲတစ်ကောင်လို ပြုမူသည့် ဇာတ်လမ်းမျိုးကို သိထားလေသည်။ ထို့ကြောင့် သူ မျှော်နန်းဆောင်ကို ပုံကြမ်းဆွဲခဲ့စဉ်အခါက ထိုသို့သော ကိစ္စရပ်မျိုးပါဝင်သည့် အလွှာကို ထည့်သွင်းခဲ့သည်။

သူက သူ့အလိုဆန္ဒ ပြင်းထန်သောအရာများကို ခုခံဖို့ လေ့ကျင့်ထားခဲ့သည်။ ထို့ကြောင့် သူ့ကိုယ်သူ အဆိပ် အလုပ်မဖြစ်တော့သည်အထိ ခန္ဓာကိုယ်ကို လေ့ကျင့်ထားခဲ့သည်။ ထို့ကြောင့် သူက ခုခံနိုင်လေ၏။

“ ကျွန်မ စိတ်မဆိုးပါဘူး”

ဝူဟုန်က တည်ငြိမ်စွာ ပြောလိုက်သည် “ ဒါပေမဲ့ ရှင် ဒီသူစိမ်းခန္ဓာကိုယ်နဲ့ ကျွန်မကို ထိလို့ မရဘူး”

ထိုအခါမှ ဝမ်ဝေ့က သူသည် လော့ချန် ဖြစ်နေသေးကြောင်း သတိပြုမိသွားသည်။

ငါ ငါ့ဘာသာငါ ဦးထုပ်စိမ်းဆောင်းမိတော့မလို့ပါလား …

All Chapters