← Chapters

တစ်ကောင် မလောက်ရင် နှစ်ကောင်လာမယ်…

Vol. 09 Ch. 415

တစ်ကောင် မလောက်ရင် နှစ်ကောင်လာမယ်…

Vol. 09 Ch. 415

ကျိရှီယန်သည် ပြောစရာစကားမဲ့သွားရသည်။ ထန်ရှု၏စကားသည် နားလည်ရလွယ်ကူသည်၊ ရိုးရှင်းသည် သို့သော် ပေါ့ပြက်ပြက် ပြောလိုက်သည်ဟု သူမ ခံစားရသည်။

ပြီးခဲ့သည့်အခိုက်အတန့်က လီလောင်ရှန်းဆီမှ ထန်ရှု၏အစစ်အမှန်ပုံရိပ်အား သူမ မရှာဖွေနိုင်ခဲ့ပေ။

ထို့ကြောင့် ကျိရှီယန်သည် ကိုယ်တိုင်ကိုယ်ကျ မေးမြန်းရန် ရည်ရွယ်ပြီး သူမပြောချင်သည့် စကားများအား စီကုံးကာ ပြောလိုက်သည်။

"မစ္စတာ ထန် … ငါတို့တွေ ရှန်းနန်တောင်ကို အတူတူ ဝင်ကတည်းက အဖော်တွေလို့ သတ်မှတ်နိုင်ပေမယ့် နင့်အကြောင်း ငါ ဘာမှမသိဘူး။ အပန်းမကြီးရင် နင့်ကိုယ့်ကိုယ် မိတ်ဆက်ပေးပါလား။"

ထန်ရှုက သူမ၏စိတ်ထဲ ထွင်းဖောက် မြင်နိုင်သည့်အလား ပေါ့ပါးစွာ ပြုံးလိုက်ပြီး

"ကျွန်တော့်ရဲ့ ပုံရိပ်နဲ့ နောက်ခံအကြောင်းကို သိချင်နေတာလား။ အဖိုးကြီး ဖက်တီးလီက မပြောပြဘူးလား။"

"သူက ငါ့ကို ဘာမှ မပြောဘူး။" ကျိရှီယန်က ခေါင်းယမ်းပြသည်။

"တကယ်တော့ ကျွန်တော့်အကြောင်း ဘာမှ သိနေစရာ မလိုပါဘူးဗျာ။" ထန်ရှုက ခပ်ဖွဖွပြုံးလိုက်ပြီး

"အခုဟာက ကျွန်တော်တို့ မတော်တဆ ဆုံမိတဲ့အတွက် အဖော်တွေဖြစ်လာကြတာ။ ရှန်းနန်တောင်က ပြန်လာရင် နောက်အနာဂတ်မှာ ကျွန်တော်တို့ အချင်းချင်း ထပ်ဆုံဖို့ မရှိတဲ့အတွက် ကျွန်တော် ဘယ်သူလဲဆိုတာ သိဖို့က အရေးမကြီးပါဘူး။"

“နင်…”

ကျိရှီယန် ဒေါသထွက်သွားပုံရသော်လည်း သူမ၏ ဒေါသကို ထိန်းထားလိုက်သည်။ သူမအတွက် ထန်ရှုသည် အမြင်ကပ်စရာ လူတစ်ယောက်ဖြစ်ပြီး ယခု သူ၏စကားများကြားပြီးနောက် သူ့အပေါ် သူမ၏ အထင်အမြင်များ ပိုမိုဆိုးရွားသွားတော့သည်။ ထို့ကြောင့် သူမသည် သူ့အား ထပ်ပြီး ဂရုမစိုက်တော့ဘဲ သူမ၏ကိုယ်ရံတော်ဆီသို့ သွားကာ တဲတစ်လုံး ဆောက်နေသည်ကို အကူအညီပေးလိုက်သည်။

တောင်ပေါ်လေသည် အေးမြစွာ တိုက်ခတ်နေသည်။

ထန်ရှုသည် မျက်လုံးများကိုမှိတ်ထားပြီး သူ၏ကျင့်ကြံမှုအား တိတ်ဆိတ်စွာ စတင်လိုက်သည်။

တောင်နက်ပိုင်း၏ရှေးကျသောတောအတွင်းမှ လေထုသည်အလွန်လတ်ဆတ်ပြီး စိတ်ဝိညာဉ်ချီများ ကြွယ်ဝလှသည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ ကြယ်စွမ်းအားများသည် မရီဒျာန်တစ်လျှောက် တလိမ့်လိမ့်တက်လာကာ သူ၏သိမြင်နားလည်မှုအား တိုးမြင့်လာစေသည်။ လေသည် အသားကင်ရနံ့အား သယ်ဆောင်လာစဉ် ထန်ရှု၏နားရွက် အနည်းငယ် လှုပ်သွားကာ မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။

"အားလုံး သတိထားကြ။ ငါတို့ဆီ တစ်ခုခု ချဉ်းကပ်လာနေတယ်။"

ထန်ရှုက အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်သည် ခုန်ပျံလာကာ လက်ထဲတွင် သွေးသောက်ဓားမြှောင်ကို ကိုင်ထားသည်။ သူ၏မျက်လုံးများသည် မည်သည့်အရာကိုမှ အလွတ်မပေးဘဲ အနီးပတ်ဝန်းကျင်အား အဆက်မပြတ် ဂရုတစိုက် ကြည့်ရှုစစ်ဆေးနေသည်။ သူ၏စိတ်ဝိညာဉ်အာရုံအား ချက်ချင်းထုတ်လွှတ်လိုက်ကာ ပတ်ဝန်းကျင်ဧရိယာ၏ မီတာ ၂၀၀ မှ ၃၀၀ ပတ်လည်အား လွှမ်းခြုံလိုက်သည်။

သူ၏အော်ဟစ်သံကို ကြားလိုက်သည့်အခါ တဲများကို ဆောက်လုပ်နေသော လူရှစ်ယောက်နှင့် အနားယူနေသော သက်တော်စောင့်များသည် ချက်ချင်း ခုန်ထလာကာ ဘေးဘီဝဲယာအား လှည့်ကြည့်ပြီး ဖြစ်နိုင်သမျှ အန္တရာယ်များကို ကာကွယ်ရန် နိုးနိုးကြားကြား ရှိနေကြသည်။ ကျိရှီယန်ပင်လျှင် အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

လီလောင်ရှန်းက ခေါင်းမော့ပြီး ပြောလိုက်သည်။

“ညီအစ်ကိုထန် … ငါတို့ရဲ့လုံခြုံရေးကို မင်းဆီ လွှဲပေးလိုက်ပြီ။ ငါက အသားကင်ဖို့ တာဝန်ယူထားမယ်။ အဲ့ဒါဆို ငါတို့ ဘေးကင်းတဲ့အခါ အရသာရှိတဲ့ အသားကင်ကို စားသုံးလို့ရပြီ။”

ထန်ရှုက သူ့စကားကို ကြားပြီး မချိပြုံး ပြုံးမိတော့သည်။

သည်လီလောင်ရှန်းက တကယ် ငပွေးပဲ။

အချိန်တွေကြာလာသည်နှင့်အမျှ မရေမတွက်နိုင်သည့် အော်သံများအား ခပ်သဲ့သဲ့ ကြားလာရသည့်အပြင် အသံများသည် ပိုမိုပီသလာသည်။

"သတိထား … အဲ့ဒါ ဝံပုလွေတစ်အုပ်ပဲ။"

လူလတ်ပိုင်းအရွယ် သက်တော်စောင့်တစ်ဦး၏ အမူအရာမှာ အနည်းငယ်ပျက်သွားကာ ကျန်သောသူများအား ရုတ်ခြည်းပင် သတိပေးလိုက်သည်။

ထန်ရှုက ထိုသူအား အနည်းငယ် အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။ သည်လူ၏အကြားအာရုံသည် အလွန် ခံစားမှုကောင်းလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိချေ။ မိနစ်အနည်းငယ်အကြာတွင် ထန်ရှု၏စိတ်ဝိညာဉ်အာရုံစက်ကွင်းအတွင်း ဝံပုလွေရိုင်းများစွာ ပေါ်လာသောကြောင့် သူသည် တိတ်တဆိတ် မချိပြုံး ပြုံးမိသည်။ ဝံပုလွေများသည် သူ၏စိတ်ဝိညာဉ်အာရုံစက်ကွင်းတွင် ပေါ်လာပြီးနောက် ၎င်းတို့သည် အရပ်မျက်နှာအားလုံးကို ကြည့်ရှုကာ အုပ်စု၏ကျန်သောအကောင်များအား လှမ်းခေါ်ရန် အူကြတော့သည်။ အသက်ရှုချိန်များစွာ ကြာပြီးနောက် ဒါဇင်နှင့်ချီသော တောရိုင်းဝံပုလွေများသည် လျင်မြန်စွာ ချဉ်းကပ်လာသည်။

လွန်ခဲ့သော မိနစ်အနည်းငယ်ပိုင်းက လူတိုင်းကို သတိပေးခဲ့သည့် လူလတ်ပိုင်းသက်တော်စောင့်သည် ကလေးငယ်၏လက်မောင်းအရွယ်အစား ရှိသော အမြစ်လေးငါးချောင်းခန့်နှင့် သုံးမီတာ ရှည်သော သစ်ကိုင်းတစ်ချောင်းကို ဘေးဘီဝဲယာမှ ယူသွားသည်ကို ထန်ရှု တွေ့လိုက်သည်။ ထို့နောက် ထိုသူသည် ထင်းခြောက်အား အကိုင်းအခက်တစ်ခုတွင် ချည်တုပ်ထားသည်။

"မီးရှူးတိုင်လုပ်နေတာလား။"

ထန်ရှုသည် လူလတ်ပိုင်း သက်တော်စောင့်ထံသို့ လာကာ မေးသည်။

“ဟုတ်တယ်။ မီးညှိပြီး ခဏစောင့်မယ်။” သက်လတ်ပိုင်း သက်တော်စောင့်က ခေါင်းညိတ်ပြီး "ဝံပုလွေအုပ်က ငါတို့ကို ဝိုင်းထားရင် သူတို့ကို ခြိမ်းခြောက်ဖို့ ငါတို့ အဲဒါကို သုံးလို့ရတယ်။"

"လာနေတဲ့ ဝံပုလွေက ကောင်ရေ ၅၀နီးပါး ရှိပြီး  ငါတို့နဲ့ မီတာ ၁၀၀ လောက်အကွာမှာ ရှိတယ်။"

ထန်ရှုက ဆက်ပြောသည်။

"သူတို့က ငါတို့ကို တိုက်ခိုက်ဖို့ အလျင်မလိုသေးဘူး။ ဒါပေမယ့် အမှောင်ထဲမှာ ပုန်းနေပြီး ငါတို့ကို ချောင်းနေတယ်။ ဟိုးနားမှာ ချုံပုတ်တွေမြင်လား။ အဲ့ဒီထဲမှာ ဝံပုလွေနှစ်ကောင် ပုန်းအောင်းနေပြီး ဒီနေရာကို ကင်းထောက်နေတာ။”

လူလတ်ပိုင်း သက်တော်စောင့်၏မျက်နှာ ကွက်ကနဲ ပျက်သွားသည်။ သူ၏အဖော်အား မီးရှူးတိုင်ကို ချက်ချင်းပေးကာ အော်ဟစ်လိုက်သည်။

"မြန်မြန် မီးညှိ။ မစ္စတာထန် ပြောတာမှန်ရင် အဲ့ဒီဝံပုလွေတွေက နောက်နှစ်မိနစ်အတွင်းမှာ ငါတို့ကို တိုက်ခိုက်တော့မယ်။ ငါသိသလောက်ဆိုရင် ဒီအသားကင်အနံ့က သူတို့ကို ဆွဲဆောင်ခဲ့တာဖြစ်မယ်။”

"နောက်ထပ် အကောင်ကြီးတစ်ကောင်လည်း ငါတို့ဆီ လာနေပြီ။" ထန်ရှုက သက်ပြင်းချလိုက်ရင်း

"ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားတို့က ခုခံကာကွယ်ပါ။ ကျွန်တော်က အမဲလိုက်ပြီး သတ်ဖြတ်မယ်။"

လီလောင်ရှန်းက မော့ကြည့်လိုက်ပြီး တည်ကြည်သော မျက်နှာဖြင့်

“ညီအစ်ကိုထန် … ပေါ့ပေါ့ဆဆ သဘောမထားနဲ့။ အဲဒီဝံပုလွေတွေက ရက်စက်ပြီး မကောင်းဆိုးဝါးတွေလိုပဲ။ ဝက်ဝံတစ်ကောင်ဆိုတာကလည်း အလွန် ခွန်အားကြီးပြီး မြန်လည်း အလွန်မြန်တယ်။ မင်း ပေါ့ပေါ့ဆဆလုပ်ရင် အဲ့ဒီပေါ့ဆတာကြောင့် အသက်ဆုံးရှုံးသွားနိုင်တယ်။”

"စိတ်အေးအေးထားပါ … ကျွန်တော် ဘယ်အရာကိုမှ စိတ်အာရုံမစိုက်ဘဲ မလုပ်ပါဘူး။" ထန်ရှု ခေါင်းညိတ်သည်။ သူ့တွင် လုံလောက်သော ခွန်အားရှိသောကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပေသည်။

ထန်ရှုသည် သူတစ်ယောက်တည်းဖြင့် ဝံပုလွေတစ်အုပ်လုံးနှင့် ဝက်ဝံတစ်ကောင်အား အလွယ်တကူ သတ်ပစ်နိုင်သည်။ သို့သော်လည်း သက်တော်စောင့်များနှင့် ကျိရှီယန်တို့ ရှိနေသောကြောင့် ကျင့်ကြံသူတစ်ယောက်ဟူသော သူ၏ပုံရိပ်အား မဖော်ပြချင်ပေ။ သို့သော် ထိုအချက်သည် ၎င်းတို့အားလုံး အသတ်ခံရမည်ထက်စာပါက ချက်ချင်းလက်ငင်း အကျပ်အတည်းကို ဖြေရှင်းရန် အာမခံနိုင်သည့် တစ်ခုတည်းသော အဖြေဖြစ်သည်။

…ရှုး…

ထန်ရှုသည် သည်ဧရိယာအကျယ်အား လွှမ်းခြုံထားသည့် သူ၏စိတ်ဝိညာဉ်အာရုံဖြင့် ချုံပုတ်ထဲတွင် ပုန်းနေသည့် ဝံပုလွေနှစ်ကောင်အား ပိတ်ဆို့လိုက်သည်။ တခဏချင်းမှာပင် သူ၏ခန္ဓာကိုယ်သည် ထိုအကောင်များဆီ ဦးတည်ရောက်သွားသည်။

“အာဝူး…အာဝူး…”

ဝံပုလွေများသည် စူးစူး ရှရှအသံဖြင့် အူကာ ဆုတ်ခွာထွက်ပြေးရန် ဟန်ပြင်နေချိန်တွင် လေအဟုန်ဖြင့် ကွေ့ဝိုက်ရောက်လာသော ထန်ရှု၏ သွေးသောက်ဓားမြှောင်သည် ဝံပုလွေတစ်ကောင်၏ လည်ပင်းအား တိကျစွာ ပိုင်းခုတ်ပြီးသည်နှင့် အခြားတစ်ကောင်၏ဝမ်းဗိုက်အား ထိုးဝင်သွားသည်။ သွေးသောက်ဓားမြှောင်သည် ထန်ရှုကိုယ်တိုင် သန့်စင်ပြုလုပ်ထားသော ဓားမြှောင်ဖြစ်ပြီး မှော်လက်နက်တစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် ထန်ရှု၏ ထိန်းချုပ်မှုအောက်တွင် ဝံပုလွေနှစ်ကောင်အား အလွယ်တကူ သတ်ပစ်နိုင်ပေသည်။

…ဝှစ်…ဝှစ်…ဝှစ်…ဝှစ်…

စိမ်းဖန့်နေသော မျက်လုံးများဖြင့် ဝံပုလွေရိုင်းများသည် လျင်မြန်စွာ ပြေးလာကြသည်။ ၎င်းတို့၏မျက်လုံးများသည် အရိုင်းဆန်ကာ ရက်စက်ကြမ်းကြုတ်လိုသည့်စိတ်ဖြင့် အရောင်လက်နေခဲ့ပြီး ထန်ရှုဆီသို့ ဦးတည်ကာ သူ့အား အမဲလိုက်ရန် ကြိုးပမ်းနေကြသည်။

“သေလိုက်စမ်း…”

သွေးသောက်ဓားမြှောင်အား မွှေ့ရမ်းရင်း ထန်ရှုသည် အဆက်မပြတ် လှည့်ပတ်ကာ ဝံပုလွေများကို ခုတ်ပိုင်းလျက်ရှိသည်။

မိနစ်ဝက်အတွင်းမှာပင် ဝံပုလွေရိုင်း ၁၀ကောင်ကျော်သည် သူ၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီး တစ်ဒါဇင်ကျော်သည် ဒဏ်ရာ ပြင်းထန်စွာ ရသွားခဲ့သည်။

“အာဝူး…”

ဝံပုလွေများ၏ သနားဖွယ် စူးရှသော အော်ဟစ်သံများက နေရာအနှံ့ ပျံ့လွင့်သွားပြီး အသက်ရှင်နေသေးသော ဝံပုလွေများ ထွက်ပြေးသွားကြသည်။ အရိုင်းဆန်ကာ ရက်စက်ကြမ်းကြုတ်သော ၎င်းတို့၏သဘာဝသည် ထန်ရှုကဲ့သို့ ကြောက်မက်ဖွယ်ပြိုင်ဘက်နှင့် ရင်ဆိုင်ရသောအခါ အပေါင်းအဖော်များစွာကို ဆုံးရှုံးပြီးနောက် ထွက်ပြေးခြင်းသာ တတ်နိုင်ပေတော့သည်။

“ဟမ့်…”

ထန်ရှုသည် ထွက်ပြေးသွားသော ဝံပုလွေများကို စောင့်ကြည့်ရန် သူ၏စိတ်ဝိညာဉ်အာရုံကို အသုံးပြုခဲ့သည်။ သူ၏စိတ်ဝိညာဉ်အာရုံစက်ကွင်းမှ ၎င်းတို့ ပျောက်ကွယ်သွားသောအခါတွင် သူသည် ဝံပုလွေရိုင်းအသေကောင်အား ယူကာ မီးပုံဆီသို့ လှည့်လာခဲ့သည်။

…ဗုန်း…

မေးရိုးများ အောက်ပြုတ်ကျလောက်သည့်အထိ အံ့အားသင့်နေကြသော လူတိုင်း၏ အကြည့်များအောက်တွင် ထန်ရှုသည် ဝံပုလွေအသေကောင်အား လီလောင်ရှန်၏ အရှေ့တွင် ချလိုက်သည်။ ထို့နောက် သူက အပြုံးဖြင့် ပြောလိုက်သည်။

“သမင်ကင်တစ်ကောင်က လူတိုင်းအတွက် လုံလောက်ပါ့မလားလို့ ကျွန်တော် စိတ်ပူနေတာ။ ကံကောင်းလို့ သားကောင်က ကျွန်တော်တို့တံခါးဝဆီ ရောက်လာတာပဲ။ ဘာပဲဖြစ်ဖြစ် ဖက်တီးလီ … ခင်ဗျား ထပ်ကြိုးစားပြီး ဒီဝံပုလွေကို ကောင်းကောင်း ကင်ပေးပါဦး။"

လီလောင်ရှန်းက သူ၏တံတွေးကို မျိုချပြီး ဂရုတစိုက် မေးလိုက်သည်။

“ညီအစ်ကိုထန် … ဝံပုလွေအများကြီးရဲ့အော်သံကို ငါ ကြားခဲ့တယ်။ မင်း ... မင်းကို ဝံပုလွေတွေ အများကြီး ဝိုင်းထားတာတောင် ဘာမှမဖြစ်ဘဲ တစ်ကောင်တောင် သတ်လာခဲ့တာလား။ သောက်ကျိုးနည်း ... မင်းက စွမ်းအားကြီးလှချည်လား။"

"ကျွန်တော် တစ်ကောင်ပဲ ယူလာတာကို စွမ်းအားကြီးတယ်လို့ ပြောလို့ရပါ့မလား။"

ထန်ရှုက ထူးဆန်းသည့်လေသံဖြင့် ပြောလိုက်သည်။

"မင်းကို ခွန်အားကြီးတယ်မပြောရင် ဘယ်သူ့ကို စွမ်းအားကြီးတယ်လို့ ပြောနိုင်မှာလဲ။"

လီလောင်ရှန်းက အားတင်းကာ ပြုံးသည်။

ထန်ရှုက သူ ဝံပုလွေများကို သတ်ခဲ့သည့် အရပ်ဘက်သို့ ညွှန်ပြကာ ကျိရှီယန်ဘက်ကို လှည့်ပြီး အပြုံးဖြင့် ပြောသည်။

"အတွင်းရေးမှူးကျိ … အဲ့ဒီနေရာကို လူတစ်ချို့ ခေါ်ပြီး သွားစစ်ဆေးဖို့ ခင်ဗျားကို ဒုက္ခပေးရတော့မယ်။ ဝံပုလွေအသားက စားကောင်းတယ်လို့ထင်ရင် နောက်ထပ်သယ်ယူလာနိုင်တယ်။”

“နင် ဘာကို ဆိုလိုတာလဲ။" ကျိရှီယန်က အူကြောင်ကြောင် ပြန်မေးလိုက်သည်။

"အဲ့ဒီနေရာရောက်ရင် သိပါလိမ့်မယ်။" ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။

ကျိရှီယန်သည် စက္ကန့်အတန်ကြာသည်အထိ တိတ်ဆိတ်နေခဲ့ပြီး နောက်ဆုံးတွင် သူမက ခေါင်းညိတ်လိုက်ကာ သက်တော်စောင့်လေးယောက်ကို ဦးဆောင်လျက် ခပ်ဖြည်းဖြည်း ထွက်ခွာသွားသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် မီးရှူးမီးတိုင်၏ အလင်းရောင်အောက်တွင် သူမ၏မျက်လုံးများ ပြူးကျယ်သွားရသည့်အထိ ထိတ်လန့်တုန်လှုပ်သွားရသော မြင်ကွင်းတစ်ခုအား သူမ မြင်လိုက်ရတော့သည်။ သူမ၏ဘေးပတ်လည်ရှိ သက်တော်စောင့်လေးဦးသည်လည်း အံ့သြမင်သက်သွားရပြီး သူတို့၏နှလုံးသားများသည် တဆတ်ဆတ်ခုန်ကာ တစ်ကိုယ်လုံးပင် အနည်းငယ် တုန်ရီသွားကြသည်။

“ဒါ…ဒါတွေက… ဝံပုလွေအသေတွေ အများကြီးပါလား။”

သက်တော်စောင့်တစ်ယောက်က အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။

ကျိရှီယန်သည် သူမတို့လာခဲ့သည့်လမ်းဘက်သို့ ခက်ခက်ခဲခဲ ခေါင်းလှည့်ကြည့်မိသည်။ ထို့နောက် သူမ၏ ထိတ်လန့်မှုကို ထိန်းချုပ်ရန် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။ "အားလုံး … အတူတကွ လုပ်ဆောင်ပြီး ဝံပုလွေအသေတွေကို သယ်ကြ။"

"အတွင်းရေးမှူး ကျိ … ငါတို့ အဲ့ဒါတွေကို တစ်ခါတည်း မသယ်နိုင်လောက်ဘူး။" သက်တော်စောင့်တစ်ယောက်က လှမ်းပြောသည်။

ကျိ ရှီယန်က

"ဒါဆို တစ်ခါတည်း မသယ်နိုင်ရင် နှစ်ခါသယ်ပါ။ သတိထားပြီး မြန်မြန် သယ်ကြစို့။ တော်ကြာ အသက်ရှင်နေသေးတဲ့ ဝံပုလွေတွေက လက်စားချေဖို့ ပြန်လာရင် မလွယ်ဘူး။”

ငါးမိနစ်ကြာပြီးနောက် ကျိရှီယန်သည် ဝံပုလွေအသေတစ်ကောင်အား သယ်ကာ မီးပုံအနီးတွင် ပေါ်လာခဲ့သလို သက်တော်စောင့်၄ယောက်သည်လည်း ဝံပုလွေအသေ၂ကောင်စီ သယ်ယူလာကြသည်။

“မိုးနတ်မင်းကြီးရေ … ဒါ … ဒါ …ဒါ …”

ကျောက်တုံးအား ဖင်ခုထိုင်နေသော လီလောင်ရှန်းသည် ပထမဆုံးအကြိမ်အဖြစ် ခုန်ထလာသည်။ သူ၏အရှေ့တွင် ရှိနေသော သမင်သားကင်ကိုပင် လစ်လျူရှုထားခဲ့ပြီး မယုံကြည်နိုင်ဟန်အမူအရာဖြင့် သူက အော်ဟစ်တော့သည်။

“ဝံပုလွေအသေတွေအများကြီး ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီဝံပုလွေရိုင်းတွေက ညီအစ်ကိုထန် သုတ်သင်လာတာတွေလား။”

ကျိရှီယန်က ခေါင်းညိတ်တုံ့ပြန်လိုက်ပြီး ထန်ရှုအား ကြောက်လန့်နေသောမျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ အစောပိုင်းက လီလောင်ရှန်း ဆိုလိုသည့် အဓိပ္ပာယ်အား ယခုတော့ သူမ နားလည်ခဲ့ပြီဖြစ်သည်။ သူပြောခဲ့သည့် စကားများထက် သည်လျှို့ ဝှက်ဆန်းကြယ်သော မစ္စတာထန်သည် တကယ်ပင် ကြောက်စရာကောင်းလှပေသည်။ သူမသည် ဝံပုလွေအသေများအား စစ်ဆေးပြီးဖြစ်ရာ အများစုသည် ဓားတစ်ချက်တည်းဖြင့် အသတ်ခံထားရသည်ကို တွေ့ ရှိခဲ့ရသည်။ ထိုဝံပုလွေအသေများကြားထဲတွင် ဝံပုလွေရိုင်း ၂ကောင် ၃ကောင်ခန့်သည် အခြားဒဏ်ရာမရှိဘဲ ဦးခေါင်းကြေမွကာ သေဆုံးနေသည်ကို တွေ့ခဲ့သည်။

သည်အရာသည် မည်သည့်အဓိပ္ပာယ်ကို ဖော်ဆောင်နေပါသနည်း။ ၎င်းတို့အား ထန်ရှုသည် လက်ချည်းသက်သက်ဖြင့်သာ သတ်ခဲ့သည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်တော့သည်။

ဝံပုလွေများအား လက်ဗလာဖြင့် သတ်ခဲ့သော ထန်ရှု၏ခွန်အား မည်မျှ စွမ်းအားကြီးပြီး သူ၏အလျင် မည်မျှ မြန်ဆန်နေမည်ကို ကျိရှီယန် တွေးပင်မကြည့်နိုင်ပါချေ။

လီလောင်ရှန်းသည် ထန်ရှုဆီသို့ လာကာ အံ့သြစွာ ပြောလိုက်သည်။

“ညီအစ်ကိုထန် … မင်း ဘယ်လောက်တောင် ခွန်အားကြီးလိုက်လဲ။ ချင်ချန်းတောင်က ချာတိတ်တောင် ဒီလိုမလုပ်နိုင်တာ သေချာတယ်။”

ထန်ရှုက အသံထွက်အောင် ရယ်လိုက်ရင်း

“ဒီဟာကို ကျွန်တော် ဆိုင်ပန်မှာကတည်းက ရှင်းရှင်းလင်းလင်း လုပ်ခဲ့ပြီးပြီမဟုတ်ဘူးလား။ သူက ကျွန်တော့်လူကိုတောင် မနိုင်တာ ကျွန်တော့်ရဲ့ပြိုင်ဘက် ဘယ်လိုဖြစ်နိုင်မလဲ။”

တံတွေးတစ်ချက် မျိုချရင်း လီလောင်ရှန်းက လက်မထောင်ပြလိုက်ကာ သက်ပြင်းချပြီး ချီးကျူးစကားဆိုတော့သည်။

“ငါ တကယ့်ကို အထင်ကြီးမိပါတယ်။ ချန်းကျီကျုံးက မင်းတပည့်ဆိုတာ ငါ မအံ့သြတော့ဘူး။ အခုဆိုရင် ငါလည်း မင်းကို ဆရာအဖြစ် အသိအမှတ် ပြုချင်နေပြီ။”

“ကောင်းပြီ။ ခင်ဗျား ကျွန်တော့်တပည့်လုပ်ချင်ရင် ခင်ဗျားရဲ့ဗိုက်ကို အရင်ကျအောင် လုပ်လေ။” ထန်ရှုက တဟားဟားရယ်ကာ ပြန်တုံ့ပြန်သည်။

လီလောင်ရှန်းသည် အနေရခက်သော အပြုံးအား ပြုံးရင်း စကားပြန်ပြောရန် ဟန်ပြင်လိုက်စဉ် ကျိရှီယန်နှင့် သက်တော်စောင့်၄ယောက်သည် ထွက်ခွာတော့မည့်ဆဲဆဲဖြစ်နေသည်ကို မြင်လိုက်ရသဖြင့်

“အတွင်းရေးမှူး ကျိ … မင်း ဘယ်ကို …”

“ကျန်တဲ့ဝံပုလွေအသေတွေကို မသယ်ရသေးဘူး။ ကျွန်မတို့ သွားသယ်ကြမလို့လေ။” ကျိရှီယန်က တုံ့ပြန်သည်။

“ထပ်ပြီး ရှိသေးတာလား။”

လီလောင်ရှန်း ထခုန်လိုက်ကာ ထိတ်လန့်တကြား အော်လိုက်မိတော့သည်။

***

All Chapters