ဂမ္ဘီရဉာဏ်
Vol. 26 Ch. 358
အခန်း (၃၅၈) : ဂမ္ဘီရဉာဏ်
“ ရှင့်စိတ်ကို ပြောင်းလဲနိုင်ပါတယ်” ဝူဟုန်က ပြောလိုက်သည် “ အခု ကျွန်မရဲ့ ကိုယ်ပွားက ကြာကြာမနေနိုင်ဘူး။ အခု ကျွန်မ ပေးချင်တာလည်း ပေးပြီးပြီဆိုတော့ သွားတော့မယ်”
ထို့နောက် သူမက လေနှင့်အတူပါသွားသည့် အမှုန်အမွှားလေးများအဖြစ် လွင့်သွားသည်။
ဝမ်ဝေ့က သူ့ကိစ္စများ မလုပ်ခင် သူ့ဇနီးလောင်းသည် အမှီအခို ကင်းလွန်းကြောင်း စဉ်းစားမိကာ ပြုံးလိုက်မိသည်။ သူက မီးခိုရောင် အလင်းတန်းအဖြစ် ပြောင်းကာ လော့ချန်၏ ခန္ဓာကိုယ်အတွင်း ပြန်လည်ဝင်ရောက်လိုက်၏။ ထို့နောက် ထထိုင်ကာ စဉ်းစားလိုက်သည်။
သူက သူ့အစ်မ (၃) နိုးလာသည့်အချိန်အထိ စောင့်ရမလား၊ မစောင့်ဘဲ နေရမလားဟု စဉ်းစားရင်း အတွေးများနေသည်။ သို့သော် သူက ခဏကြာ စဉ်းစားပြီးသည့်နောက်တွင် သူမ၏ မေးခွန်းများအားလုံးကို ဖြေဖို့အတွက် များပြားလွန်းနေမည် ဖြစ်သောကြောင့် အရင်ဆုံး ထွက်သွားဖို့သာ ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် သူက အံ့ဖွယ်ခန္ဓာကိုယ်အဆင့်သို့ တက်လှမ်းစဉ် ကောင်းကင်စမ်းသပ်ချက် ခံယူရန် ပြင်ဆင်ထားဖို့အတွက် သီးသန့်နေရာ ရှာဖို့ ထွက်လာခဲ့သည်။
ဝမ်ဝေ့ ထွက်သွားပြီးနောက် သိပ်မကြာခင် လန်လင်းအပေါ် ထားခဲ့သည့် မန္တန်က ပျောက်ကွယ်သွားကာ သူမက နိုးထလာသည်။
“ ငါ ဘယ်မှာလဲ” သူမက ဘေးပတ်လည်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။ ထို့နောက် ယခင်မှတ်ဉာဏ်များက စိတ်ထဲ ပြန်လည်ပေါ်လာကာ သူမ၏ အံ့ဖွယ်အသိစိတ်ဖြင့် ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။
“ ငါ့ကမ္ဘာဦးယင်က အကောင်းအတိုင်း ရှိသေးတယ်” သူမက သက်ပြင်းချလိုက်ပြီးနောက် စိတ်ရှုပ်ထွေးသွားပြန်သည်။ သူမက ဂူအတွင်း မှုန်ဝါးဝါး ပုံရိပ်တစ်ခု ဝင်ရောက်လာသည်ကို အမှတ်ရလိုက်၏။ ပြောရလျှင် ထိုလူလည်း ရမ္မက်ကြွဆေး၏ သက်ရောက်မှု ခံရလိမ့်မည်။ သို့သော် သူမအနေနှင့် သူ အကောင်းအတိုင်း ရှိနေရသည့် အကြောင်းအရင်းအား တွေးမိစေ၏။
“ အဲဒီလူက မောင်လေး (၅)နဲ့ တူမနေဘူးလား” လန်လင်းက ရေရွတ်လိုက်သည် “ သူက ငါ့ကို ကယ်လိုက်တာလား။ သူက ဘာမှမလုပ်ဘဲ ထွက်ပြေးသွားတာလား”
သူမ မျက်နှာအထက် ထိုအရာကို တွေးမိရင်း အပြုံးလေးတစ်ပွင့် ပေါ်ထွက်လာသည်။ အကယ်၍ ဝမ်ဝေ့သာ ရှိနေပါက သူ စည်းတံဆိပ် ပိတ်ထားခဲ့သော အရူးအမူး စွဲလမ်းပန်းသည် ဖြည်းဖြည်းချင်း လန်လင်းကို လွှမ်းမိုးသွားသည်ကို အာရုံခံမိလိမ့်မည်။
……………………
ရက်အနည်းငယ်မတိုင်ခင် လျှို့ဝှက်နယ်မြေ ပြင်ပ၊ ချီလင်အလယ်ပိုင်းကုန်းမြေ၊ လျှို့ဝှက်ကောင်းကင်မျှော်နန်း
ဂိုဏ်းကို ကာကွယ်ထားသည့် အစီအရင်များက အသက်ဝင်လာကာ မျှော်နန်းဆောင်တစ်ခုလုံးအား ပြင်ပလောကနှင့် ပိုင်းခြားထားလေသည်။
ကြမ်းပြင်ပေါ်တွင် အနက်ရောင်နှင့် အဖြူရောင် ပါကွားပုံရိပ်ကို ခင်းကျင်းထားသည့် အခန်းတစ်ခုအတွင်း လူများစွာနှင့်အတူ အလယ်တွင် လူနှစ်ယောက်က တင်ပျဉ်ခွေထိုင်နေသည်။
တစ်ယောက်က ဆံပင်ဖြူနှင့် မုတ်ဆိတ်ဖြူအရှည် ရှိသည့် လူအိုကြီးတစ်ဦး ဖြစ်သည်။ ထိုလူအိုကြီးနောက်တွင် လူများစွာ ရပ်နေလေ၏။ အများစုက ကြောက်လန့်မှုကြောင့် တုန်တုန်ယင်ယင် ဖြစ်နေကြသည်။
လူအိုကြီးနှင့် မျက်နှာချင်းဆိုင်ဘက်တွင် ဆံပင်အဖြူရောင်နှင့် အေးစက်စက် အမူအရာမျိုးရှိသည့် လူငယ်တစ်ဦး ရှိနေသည်။ သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသောကြောင့် ယင်နှင့်ယန်၊ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတို့ သဟဇာတ ဖြစ်နေသလိုမျိုး ဖြစ်၏။
“ သခင်လေးတိထျန်း ကျုပ်တို့ ဘာလုပ်ပေးရမလဲ” လူအိုကြီးက သူ့မုတ်ဆိတ်ကို သပ်လိုက်ရင်း တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။ ကံဆိုးစွာဖြင့် အနည်းငယ် တုန်ယင်နေသည့် သူ့လက်က အပေါ်ယံ မြင်ရသလောက် တည်ငြိမ်နေခြင်း မဟုတ်ကြောင်း ပြသနေလေသည်။
သူက ဘယ်လိုလုပ် တည်ငြိမ်နိုင်မည်နည်း။
ထိုလူက ဂိုဏ်းအတွင်း ဝင်ရောက်လာကာ တစ်ယောက်ယောက်က အမိန့်အာဏာမရှိဘဲ ဂိုဏ်းကာကွယ်ရေး အစီအရင်ကို အသက်သွင်းလိုက်လေသည်။ ဆိုလိုသည်မှာ အကယ်၍ သူသာ လုပ်လိုလျှင် ထိုလူက သူတို့ဂိုဏ်းတစ်ခုလုံးကို အားစိုက်ထုတ်မှု နည်းနည်းလေးဖြင့် ဖျက်ဆီးပစ်နိုင်သည်။
“ လတ်တလော တစ်ခုခု မှားယွင်းနေတယ်လို့ ခံစားမိနေတယ်။ အဲဒါကြောင့် ကျုပ်အတွက် အနာဂတ် ဖတ်ခိုင်းဖို့ ရောက်လာတာ”
“ သခင်လေးက ဘယ်လိုဟာမျိုးကို သိချင်တာပါလဲ”
“ ဒီမျိုးဆက်ရဲ့ ကောင်းကင်အလိုဆန္ဒတိုက်ပွဲမှာ အနိုင်ရရှိသူက ဘယ်သူဖြစ်မလဲဆိုတာ သိချင်တယ်”
လောင်ချူးက ခဏကြာ တိတ်ဆိတ်သွားလေသည် “ သခင်လေးက လာနောက်နေတာပဲ။ မဟာဧကရာဇ်ဆိုတာက သူတို့ကံကြမ္မာကို ထိန်းချုပ်တဲ့သူတွေဆိုပြီး အားလုံးလည်း သိကြတာပဲလေ။ အဲဒါကြောင့် ကျုပ်တို့ကို ဂမ္ဘီရစွမ်းနဲ့ နောက်ဆုံးအနိုင်ရရှိသူကို သိနိုင်မှာလဲ။
ကျုပ်တို့ လုပ်ပေးနိုင်တဲ့ အကောင်းဆုံးက ဘယ်သူက အခွင့်အရေးအများဆုံးလဲဆိုတာကို ကောက်ချက်ချ ပေးနိုင်ရုံလောက်ပါပဲ”
“ ကျုပ်လည်း သိတယ်” တိထျန်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည် “ ဒါပေမဲ့ နည်းလမ်း ရှိနေသေးတယ်”
“ကျေးဇူးပြုပြီး ပြောပြပေးပါဦး”
“ ကောင်းကင်အလိုဆန္ဒ တိုက်ပွဲမှာအနိုင်ရရှိတဲ့သူက ဘယ်သူပဲဖြစ်ဖြစ် သူတို့က ကောင်းကင်အလိုဆန္ဒကို မစုပ်ယူသေးသရွေ့ အထွတ်အထိပ် နယ်ပယ်အဆင့်ပဲ ရှိနေဦးမှာ။ အဲဒါဆိုတော့ ခင်ဗျားတို့က ကောင်းကင်အလိုဆန္ဒ မယူခင် ဘယ်သူက ရသွားတာလဲဆိုတာကို ပြသပေးရုံပဲ။ အဲဒါဆိုရင် နောက်ဆုံးအနိုင်ရရှိတဲ့သူကို ခန့်မှန်းနိုင်လိမ့်မယ်”
လောင်ချူးက ခေတ္တမျှ တုံ့ဆိုင်းသွားကာ တခြားသူများကလည်း တိထျန်းကို ရူးနေသည့်အလား ကြောက်လန့်တကြား ကြည့်လိုက်ကြသည်။
“ ဒီဟာက သဘောတရားအရတော့ မှန်ကန်ပေမဲ့ ကျုပ် လုပ်ဆောင်နိုင်စွမ်းထက် ကျော်လွန်နေတယ်။ အမှန်အတိုင်း ပြောရရင် ဒီလိုမျိုး ကောက်ချက်ချနိုင်တဲ့သူ ရှိပါ့မလားပဲ။ ပြီးတော့ နောက်ရောက်ရှိလာမဲ့ ပြစ်ဒဏ်အကြောင်း ထည့်မပြောရသေးဘူး”
တိထျန်းက ဘာမှမပြောဘဲ သူ့သိုလှောင်လက်စွပ်မှ စာအုပ်တစ်အုပ်ကို ထုတ်လိုက်သည်။
“ အစောပိုင်း ဧကရာဇ်ခေတ်ကာလမှာ ဧကရာဇ်ထျန်းကျီက ဧရာမလိပ် ဖြစ်တဲ့ ပင်ကိုနတ်ဆိုးကို သတ်ဖြတ်ခဲ့တယ်။ အဲဒီလိပ်ရဲ့ ကျောခွံကနေ သူက ပါကွားရဲ့ ဆန်းကြယ်မှုကို နားလည်ခဲ့ပြီးတော့ ပါကွားအသင်္ချေ လျှို့ဝှက်လမ်းညွှန်ဆိုတာကို ဖန်တီးခဲ့တယ်”
“ ဒီနည်းလမ်းနဲ့ဆိုရင် သူက လူသားမျိုးနွယ်ရဲ့ ကပ်ဘေးတွေကိုတောင် ခန့်မှန်းနိုင်ပြီးတော့ တားဆီးနိုင်တယ်။ ခင်ဗျားတို့ လျှို့ဝှက်ကောင်းကင်မျှော်နန်းရဲ့ တည်ထောင်သူက အခွင့်သာပြီး ဒီကျင့်စဉ်ရဲ့ မပြီးပြည့်စုံတဲ့ ပုံစံကို ရထားတယ်။ ဒီဟာကို သုံးပြီးတော့ သူက ယင် ၉ပါး ဧကရာဇ်ကို အစောပိုင်းကာလတွေမှာ ကူညီပေးနိုင်ခဲ့တာပဲ။ အဲဒါကြောင့် သူမ တာအိုကို သက်သေပြပြီးနောက်မှာ ဒီနည်းစနစ်ကို အဆင့်မြှင့်ပေးပြီးတော့ ခင်ဗျားတို့တွေအတွက် အင်မော်တယ်အသုံအးဆောင်ပစ္စည်း ဖန်တီးပေးခဲ့တာပဲ။
ဒီလိုမျိုး ပြည့်စုံတဲ့ ကျင့်စဉ်နဲ့ဆိုရင် ကျုပ် တောင်းဆိုချက်ကို လုပ်ပေးနိုင်မှာပါ”
ထို့နောက်တွင် တိထျန်းက တစ်ခုခုအမှတ်ရသွားဟန်ဖြင့် ပေသီးတွက်ခုံ တစ်ခုကို ထုတ်လိုက်သည်။
“ ဒီဧကရာဇ်အသုံးအဆောင်နဲ့ဆိုရင် ပါကွားလိပ်ခွံကို အစားထိုးနိုင်လိမ့်မယ်”
အခန်းက တိတ်ဆိတ်သွားလေသည်။ လောင်ချူးက သူ့တွင် ရွေးချယ်စရာ မရှိကြောင်း သိထားလေသည်။ သူ့ရှေ့ရှိလူက သူတို့ဂိုဏ်းကို သုတ်သင်ပစ်နိုင်သည့် စွမ်းအားမျိုး ရှိထားသည်။ သူတို့လက်ရှိအခြေအနေမှ အသက်ရှင်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ သူတို့ဂိုဏ်းမှ ထာဝရအရှင်များကို နိုးထစေရန် ဖြစ်သည်။ ကံဆိုးစွာဖြင့် တိထျန်း၏ နောက်ခံဖြင့် ထာဝရအရှင် တစ်ယောက်မှာ ဘာမှမဟုတ်ပေ။
လောင်ချူးက ရက်အနည်းငယ်ကြာသည့်အထိ သူ့လက်ထဲမှ ကျမ်းကို နားလည်အောင် ကြိုးစားလိုက်ပြီး ဂမ္ဘီရအတွက် ပြင်ဆင်လိုက်သည်။
သူ ကျင့်ကြံသည့် မူလကျင့်စဉ်က ယခုအရာမှ ဆင်းသက်လာသည့်အတွက် နားလည်နိုင်ဖို့ အချိန်များစွာ မကြာပေ။
ထို့နောက် သူက ဂမ္ဘီရအစွမ်းကို စတင်လိုက်သည်။
“ သခင်လေး တိထျန်း ဒီဟာက အလုပ် မဖြစ်နိုင်ချေရှိတာကိုလည်း သိထားမှာပါ။”
“ ခင်ဗျား ကြိုးစားကြည့်သရွေ့ ကျုပ် ခင်ဗျားကို အပြစ်မတင်ဘူး”
လောင်ချူးက ခေါင်းညိတ်ကာ ဧကရာဇ်အသုံးအဆောင်ပစ္စည်းကို အသုံးပြုလိုက်ပြီး သူ့စွမ်းရည်ကို တိုးမြှင့်ကာ ဂမ္ဘီရအစွမ်းကို စတင်လိုက်သည်။ သူ့မျက်ဝန်းများက အဖြူရောင်အဖြစ် ပြောင်းလဲသွားပြီး သူ့စိတ်က ကံကြမ္မာမြစ်ကြောင်းသို့ ရောက်ရှိသွားဟန်ပေါ်သည်။ ထို့နောက် သူက မြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။
ဆံပင်အဖြူရောင်နှင့် လူငယ်လေးတစ်ဦးက အားကောင်းသည့် အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ သူ့ခြေထောက်အောက်တွင် အလောင်းများစွာ ပုံနေလေ၏။ သူက လက်ကို ဆန့်ထုတ်ကာ ရွှေရောင်အလင်းလုံးကို ယူလိုက်လေသည်။ သို့သော် သူ ထိတော့မည့်ဆဲဆဲတွင် ပုံရိပ်က ရုတ်ချည်းဆိုသလို ပြောင်းလဲသွားသည်။
ထိုပုံရိပ်က တူညီသည့် နေရာတွင် ရပ်နေပြီး သူ့ခြေထောက်အောက်တွင် လူများစွာ ရှိနေသည့် ခဲဖြူရောင်ဆံပင်နှင့် လူငယ်လေးအဖြစ် ပြောင်းလဲသွားပြီး ရွှေရောင်အလင်းလုံးကို လှမ်းယူနေလေသည်။ ထို့နောက် ထိုလူနှစ်ဦး၏ ပုံရိပ်က သွားလိုက်ပြန်လိုက် ဖြစ်နေပြီးနောက် အရာအားလုံး ပျောက်ကွယ်သွားလေသည်။
လောင်ချူးက ပုံမှန်ပြန်ဖြစ်လာကာ အသက်ပြင်းပြင်း ရှူလိုက်ရသည်။
“ ရလဒ်က ဘယ်လိုလဲ” တိထျန်းက မေးလိုက်သည်။
“ မသေချာဘူး”
“ အဲဒါက ဘာကို ပြောချင်တာလဲ”
“ သခင်လေးတိထျန်းက ကောင်းကင်အလိုဆန္ဒကို ရယူတော့မှာကို မြင်လိုက်ပေမဲ့ နောက်ဆုံးအချိန်ပိုင်းလေးမှာ တာဆိုအခွင့်အလမ်းဂိုဏ်းရဲ့ သခင်ငယ်လေးအဖြစ် ပြောင်းလဲသွားတယ်။”
“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ နောက်ဆုံးအနိုင်ရရှိတဲ့သူက တစ်ယောက်တည်းပဲ ဖြစ်နိုင်တာလေ။”
“ ကျုပ်လည်း မသိဘူး။ ကျုပ် လုပ်နိုင်တဲ့ အကောင်းဆုံးအခြေအနေက နောက်ဆုံးအနိုင်ရရှိတဲ့သူက ခင်ဗျားပဲ။ ဒါပေမဲ့ အမွေခံသားတော် ဝမ်ဝေ့ကလည်း သူ့ကံကြမ္မာကို ပြောင်းလဲနိုင်ဖို့ တစ်ခုခု လုပ်ထားတဲ့ပုံပဲ”
အမှန်အတိုင်းပြောရလျှင် လောင်ချူးက သူ ဘာပြောရမည်မှန်းပင် မသိပေ။ သို့သော်လည်း သူက သူ့အနားရှိ သတ်ဖြတ်ရေးနတ်ဘုရားကို ဒေါသ မထွက်စေလိုသည့်အတွက် သူ့အမြင်အာရုံအကြောင်းကို မြန်မြန်ရှင်းပြလိုက်သည်။
ထိုအရာကို ကြားပြီးနောက် တိထျန်းက မျက်မှောင်ကြုတ်လိုက်သည်။ သူက ဂမ္ဘီရအစွမ်းသည် အမြဲတမ်း ယုံကြည်လို့မရကြောင်း သိထားလေသည်။ ပြောရလျှင် နိမိတ်ဖတ်မှုက အမျိုးမျိုး ဖြစ်နိုင်လေ၏။ သို့သော်လည်း သူက ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် ကျရှုံးရမည့် အကြောင်းအရင်းကို နားမလည်နိုင်ပေ။ သူက မည်မျှအားကောင်းသည်ကို သူသာလျှင် သိထား၏။
သူက အစောပိုင်းဧကရာဇ်ခေတ်ကာလ အဆုံးအနီးတွင် မွေးဖွားလာခဲ့ပြီး ထိုခေတ်ကာလ၏ အမြင့်မားဆုံး ပါရမီရှင် ဖြစ်ခဲ့သည်။ ထို့ကြောင့် လူသားတစ်မျိုးနွယ်လုံးက ပင်ကိုနတ်ဆိုး နတ်ဘုရားမျိုးနွယ်နှင့် ရင်ဆိုင်ဖို့အတွက် သူ့ကို ပြုစုပျိုးထောင်ပေးခဲ့သည်။
သူ့ကို သန္ဓေတည်နေစဉ်အတွင်း ဧကရာဇ်ထျန်းကျီက သူသည် စစ်ပွဲအတွင်း အဓိကပုံရိပ် ဖြစ်လာမည်ဖြစ်ကြောင်း ခန့်မှန်းခဲ့မိသောကြောင့် ကျင့်ကြံပေးဖို့ အဓိကလူအဖြစ် ရွေးချယ်ခဲ့သည်။ ထို့ကြောင့် သူ မမွေးဖွားခင်ကတည်းက သူ့ခန္ဓာကိုယ်သည် ဧကရာဇ်သွေးအဆီအနှစ်များနှင့် ကမ္ဘာဦးနတ်ဘုရားများ၊ ပင်ကိုနတ်ဆိုးများ၏ သွေးများဖြင့် ဆေးကြောခံခဲ့ရပြီး အခြေခံအုတ်မြစ်ကို တည်ထောင်ထားနိုင်ခဲ့သည်။
သူ မွေးဖွားပြီးသည့်နောက်တွင် များစွာသော ဧကရာဇ်များ၏ တာအိုအကြောင်း သင်ကြားပို့ချမှုကို နားထောင်ခဲ့ရသည်။ ပြောရလျှင် ဧကရာဇ်မျိုးနွယ်များက လုယက်ကာ တိုက်ခိုက်နေသည့် ရှားပါးအဖိုးတန်ပစ္စည်းများကိုလည်း သူ့ ကျင့်ကြံဆင့်အတွက် အသုံးပြုပေးခဲ့ကြသည်။
သူက လူသားမျိုးနွယ်ကို ဦးဆောင်ပေးမည့် နောက်ထပ် ထာဝရဧကရာဇ် ဖြစ်လာဖို့အတွက် မျှော်လင့်ခြင်း ခံထားရသည်။
ကံဆိုးစွာဖြင့် သူ တာအိုသက်သေ မပြနိုင်ခင် သူနှင့် သူ့ဇနီးထံ မတော်တဆ ဖြစ်ရပ်ဖြစ်သွားခဲ့ပြီး တိထျန်းက ပြန်လည်ဝင်စားဖို့အတွက် တွန်းပို့ခံလိုက်ရသည်။
ထိုအကြောင်းအရင်းကြောင့် သူ့အင်အား၏ ဇစ်မြစ်က ပျောက်ကွယ်မသွားပေ။ ထိုအစား သူက ပြန်လည်ဝင်စားပြီးတိုင်း ပိုမိုအားကောင်းလာလေ၏။