ရောက်ရှိလာမည့် အန္တရာယ်
Vol. 26 Ch. 360
အခန်း (၃၆၀) : ရောက်ရှိလာမည့် အန္တရာယ်
ဝမ်ဝေ့က လျှို့ဝှက်အထွတ်အထိပ် တာအိုငါးခုထဲက တစ်ခုကို ထိန်းချုပ်ချင်နေတဲ့ တားမြစ်ခံ တစ်ယောက်ပဲ။ သူ့အနေနဲ့ ကောင်းကင်အလိုဆန္ဒ တိုက်ပွဲမတိုင်ခင်အထိ အသက်ရှင်နေနိုင်စရာ အကြောင်း မရှိဘူး။ သူက စမ်းသပ်မှုကို မအောင်မြင်ရင်ပေါ့ …
တိထျန်းက ထိုအတွေး ဝင်ရောက်လာသည်နှင့် သူ့ထိန်းချုပ်မှု ကင်းလွတ်ကာ ခန္ဓာကိုယ်မှ အားကောင်းသည့် အရှိန်အဝါ ထွက်ပေါ်လာသောကြောင့် လျှို့ဝှက်ကောင်းကင် မျှော်နန်းတစ်ခုလုံးအား တုန်ခါသွားစေသည်။ အခန်းထဲရှိ လူများကလည်း သူတို့အပေါ် ဖိနှိပ်ထားသည့် ဖိအားပြင်းပြင်းကို ခံစားမိလိုက်သည်။ လောင်ချူးမှလွဲ၍ ကျန်သူအားလုံးက ဒူးထောက်လိုက်ကြရသည်။
ထိုလူအိုကြီးအတွက်မူ သူ့မျှော်နန်းက မျိုးဆက်တစ်ခုအတွင်း အဘယ်ကြောင့် ကပ်ဘေးများစွာ ကြုံတွေ့နေတာလဲဟုစဉ်းစားနေမိသည်။ သူတို့သည် နှစ်များစွာ ကြာသည့်တိုင် လျှို့ဝှက်ချက်များကို ထုတ်ဖော်နေသည့်အတွက် ကောင်းကင်မှ အပြစ်ပေးနေတာလားဟုပင် စဉ်းစားမိလာသည်။
ထိုစဉ် တိထျန်းက သူ့ ပတ်ဝန်းကျင်ကို သတိမပြုမိဟန်ဖြင့် ရှေ့နောက်လျှောက်နေသည်။ သူ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းက ပတ်ဝန်းကျင်ရှိ ဖိအားကို ပို၍ တိုးလာစေသည်။
ဒီစစ်ဆေးမှုကို တစ်ယောက်မှ မအောင်မြင်ဖူးဘူး။ ငါတောင် ကျရှုံးခဲ့တာ သူက ဘယ်လိုလုပ် အောင်မြင်နိုင်မှာလဲ
ထိုစစ်ဆေးမှုအကြောင်းကို တွေးမိပြီးနောက်တွင် သူက အံကြိတ်လိုက်သည်။ ဤသည်က အရာအားလုံး၊ သူ့ ချစ်ဇနီး၏ သေဆုံးမှုနှင့် နှစ်သန်းပေါင်းများစွာ ခံစားခဲ့ရခြင်းတို့၏ စတင်မှု ဖြစ်လေသည်။
လူများစွာက သူ့အား သတိပေးခဲ့ကြသလို မဟာဧကရာဇ်များစွာကလည်း သတိပေးခဲ့ကြပြီး သူက နားမထောင်ဘဲ ဆက်၍ လုပ်ခဲ့သည်။ ပါရမီရှင်တစ်ယောက်အနေနှင့် သူ့ကိုယ်ပိုင်မာနနှင့် မောက်မာမှုတို့ ရှိလေသည်။ အကယ်၍ မဟာဧကရာဇ် တစ်ယောက်က သူ့ထက် အားကောင်းနေလျှင်ပင် သူ့အနေနှင့် ပါရမီနှင့် ဉာဏ်ပညာအရ သူက သူတို့ထက် နိမ့်ကျသည်ဟု မထင်ပေ။ အဆုံးသတ်၌မူ သူက အားလုံးကို ဆုံးရှုံးသွားရသည်။
တိထျန်းက သူ့လက်ကို ရီဝေဝေအကြည့်များဖြင့် ကြည့်လိုက်ပြီး နောက်ထပ် ရေရွတ်လိုက်သည်။
“ နဉ်အာ အဲဒီတုန်းကသာ ငါ နားထောင်ခဲ့ရင် မင်းကို ဆုံးရှုံးခဲ့မှာ မဟုတ်ဘူး။ ငါ့လောဘက ဒီခံစားမှုတွေအတွက် အပြစ်တင်ရမှာ ငါ့ရဲ့လောဘပဲ။ မဟုတ်သေးဘူး။ ငါ နားထောင်ခဲ့ရင်လည်း မင်းက ရှိလာမှာ မဟုတ်လောက်ဘူး။ ဒါမှမဟုတ်ဘူးဆိုရင် အနည်းဆုံး မင်းက ငါ့ရဲ့ နဉ်အာ ဖြစ်လာမှာ မဟုတ်ဘူး။ ငါတို့ အတူတူရှိခဲ့တဲ့အချိန်တွေက တိုတောင်းပေမဲ့ အရာအားလုံးက ထိုက်တန်တယ်”
သူက သူတို့ အတူတူ ပျော်ခဲ့ဖူးသည့် မှတ်ဉာဏ်များကို သတိရလာသည်။ သူမနှင့် ပထမဆုံးတွေ့ဆုံသည့်အချိန် သူမ၏ အပြုံးကြောင့် ဆွဲဆောင်ခံလိုက်ရသည်။ သူက သူမအား ဟင်းချက်နည်း သင်ပေးသည်ကိုလည်း အမှတ်ရကာ သူမက အစားအစာများအား တူးနေအောင် လုပ်ပစ်ခဲ့၏။ ထို့ကြောင့် သူမက နေ့စဉ်နေ့တိုင်း လေ့ကျင့်ကာ ရက်အနည်းငယ်အတွင်း သူ့ထက် ဟင်းချက်ကောင်းလာခဲ့သည်။
သူမက ကျင့်ကြံရေးကို စတင်ပြီး သူမ၏ စွမ်းရည်ကို မြှင့်တင်နိုင်သည့်အခါ မည်မျှပျော်ရွှင်နေသည်ကို အမှတ်ရနေသေးသည်။ သူမ ပထမဆုံး ဆေးလုံးဖော်စပ်သည့် အချိန်၊ အဆောင်၊ မှော်လက်နက်များကို ပထမဆုံး ပြုလုပ်သည့် အချိန်များကို မှတ်မိနေသေးသည်။ ဤသည်က သူတို့ဘဝ၏ ပထမဆုံးများစွာ ဖြစ်ပြီး နှစ်သန်းချီကြာမြင့်ပြီးသည့်နောက်တွင်ပင် သူက မနေ့တစ်နေ့ကအလား မှတ်မိနေသေး၏။
သူက သူတို့ကြားမှ သဘောထားကွဲလွဲမှုများနှင့် ရန်ပွဲများအကြောင်းလည်း မှတ်မိနေသေးသည်။ သူတို့က ချစ်ကြည်နူးကြသည့် တွဲဖက်ဖြစ်သော်လည်း သဘောမတူညီမှုများ ရှိနေသေး၏။ သို့သော်လည်း သူတို့က တစ်ယောက်ကို တစ်ယောက် ချစ်မြတ်နိုးကြလေသည်။
ထိုသို့ လှပကာ ဝမ်းနည်းဖွယ် မှတ်ဉာဏ်များက သူ့စိတ်အတွင်း ဝင်ရောက်လာလေသည်။ ထို့နောက် တိထျန်းက ခေါင်းမော့ကြည့်လိုက်သည့်အချိန် သူ့အကြည့်က အေးစက်စက် မထူးမခြားနားပုံစံ ပြန်လည်ပြောင်းလဲသွားသည်။ သူ့ အရှိန်အဝါကလည်း ထိန်းချုပ်မှုအောက် ပြန်လည်ရောက်ရှိသွားလေ၏။
“ မင်း ဒီစစ်ဆေးမှုကို အလွယ်တကူ အောင်မြင်နိုင်စရာ အကြောင်းမရှိဘူး။ အဲဒါဆိုတော့ မီးထဲ မီးစာ ထပ်ထည့်ရအောင်”
သူက မျက်ဝန်းထဲတွင် သတ်ဖြတ်ငွေ့အပြည့်ဖြင့် ရေရွတ်လိုက်သည်။ သူက မဟာဧကရာဇ် ဖြစ်လာဖို့အတွက် များစွာ ပေးဆပ်ထားရပြီး မည်သူမှ မတားဆီးနိုင်ပေ။
ဝမ်ဝေ့က ဒီခေတ်ရဲ့ သားတော် ဖြစ်သင့်တယ်။ သူက ခေတ်အသစ်ကို ဖန်တီးနိုင်ရုံသာမကဘူး။ ငါ့ကို တားဆီးဖို့ တာဝန်လည်း ရထားပုံပဲ။ ဒါပေမဲ့ သူက ကံကြမ္မာတာအိုကို ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်ကတည်းက အဲဒီဂုဏ်ပုဒ်ကို စွန့်လွှတ်ပြီးသား ဖြစ်သွားပြီ။
ဘာပဲဖြစ်ဖြစ် သူက ကံကြမ္မာသားတော်လိုမျိုး ကံကောင်းမှု အမြောက်အများရှိတဲ့သူဆိုတော့ သူ့ကို သတ်ဖို့က လွယ်ကူမှာ မဟုတ်ဘူး။ ပြီးတော့ ဝူဟုန်ကလည်း ရှိနေသေးတယ်။
ဧကရီဝူကို တွေးမိပြီးနောက်တွင် မျက်မှောင်ကြုတ်လိုက်မိသည်။ ဝမ်ဝေ့နှင့် ဝူဟုန်ကြားက ဆက်ဆံရေးက မည်သို့ပင်ဖြစ်စေနေကာမူ သူမက ပြဿနာ ဖြစ်လာနိုင်သည်။
သူက လောင်ချူးအား ကြည့်ကာ ပြောလိုက်သည် “ နောက်တစ်ခု ထပ်ပြီးတော့ ကြည့်ပေးဖို့ လိုသေးတယ်။ အဲဒါပြီးတာနဲ့ ခင်ဗျားကို ဧကရာဇ်အသုံးအဆောင်ပစ္စည်း ပေးပြီးတော့ သခင်အဖြစ် အသိအမှတ်ပြုအောင် ကူညီပေးမယ်”
လောင်ချူးက ခပ်ယဲ့ယဲ့ပြုံးကာ “ ကျုပ်က မကူညီချင်တာ မဟုတ်ပါဘူး”
သူက ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်လိုက်သည်။ အကယ်၍ ဧကရာဇ်အသုံးအဆောင် ပစ္စည်းကြောင့်သာ မဟုတ်လျှင် သူက ချက်ချင်းဆိုသလို အသက်အရွယ် ကြီးရင့်ကာ သေဆုံးသွားလောက်လေပြီ။
တိထျန်းက သူ့အတိုင်း လိုက်မော့ကြည့်လိုက်သည့်အခါ ကောင်းကင်တာအိုသည် ဖြည်းဖြည်းချင်း နိုးထလာပြီး နတ်ဘုရားအပြစ်ဒဏ်ကို ပြင်ဆင်နေကြောင်း သိလိုက်သည်။ နောက်ဆုံးသော ဂမ္ဘီရအစွမ်းက တားမြစ်ချက်တချို့ကို ထိခဲ့သောကြောင့် လျှို့ဝှက်ကောင်းကင် မျှော်နန်းအနေဖြင့် တန်ကြေးကို ပေးဆပ်ရလိမ့်မည်။
“ အဲဒါကို စိတ်ပူမနေနဲ့။ ကျုပ် ကိုင်တွယ်လိုက်မယ်”
ထို့နောက် တိထျန်းက နေရာတစ်ခုကို ကြည့်လိုက်သည်။ သူက ဤနေရာအား စောင့်ကြည့်နေသည့် ကြောက်မက်ဖွယ် စွမ်းအားတစ်ခုကို ခံစားမိလိုက်သည်။ ထိုအရာက လျှို့ဝှက်ကောင်းကင်မျှော်နန်း၏ ထာဝရအရှင် ဖြစ်မည်မှန်း မှန်းဆမိလိုက်သည်။ သို့သော်လည်း သူ့အား ဂရုမစိုက်ပေ။ တိမိသားစု၏ အနာဂတ် ခေါင်းဆောင်အနေနှင့် သူ့နောက်ခံက ထိုမကောင်းဆိုဝါးအိုကြီးများ တိတ်တဆိတ် တိုက်ခိုက်ခြင်းမှ ကာကွယ်ပေးနိုင်လောက်အောင် တတ်စွမ်းလေသည်။
…………………………
မြောက်ပိုင်းလိပ်နက် ကုန်းမြေ၊ လျှို့ဝှက်နယ်မြေ
ဝမ်ဝေ့က သူ့စိတ်ဆန္ဒနှင့် ရည်မှန်းချက်အား ကံကြမ္မာကောင်း မီးတောက်ထဲက အံ့ဖွယ်ခန္ဓာအဆင့်သို့ တက်လှမ်းရန်ပြင်လိုက်သည်။ လော့ချန်၏ အိပ်မက်က သူ့ဆရာနှင့် ဂိုဏ်းသားများလေးစားခံရသည့် ဆေးဝါးပညာရှင် တစ်ယောက် ဖြစ်လာဖို့ ဖြစ်သည်။ တစ်ရက်ကျ သူက သူ့အစ်မ(၃)နှင့် ထိုက်တန်သူ ဖြစ်လာနိုင်ရမည်။
ထို့ကြောင့် ထိုအတွေးများကို ထည့်သွင်းပြီးသည့်နောက်တွင် သူ့မီးတောက်အား အရေပြားကို သန့်စင်ဖို့အတွက် အသုံးပြုလိုက်ပြီး အံ့ဖွယ်ခန္ဓာကိုယ်အဆင့်သို့ ဝင်ရောက်လိုက်သည်။ ထို့နောက် သူက မိုးကြိုးစမ်းသပ်ချက်ကို ခံယူလိုက်၏။
မိုးကြိုးများ ကျဆင်းလာသည့်အခါ ပစ္စည်းအမျိုးမျိုးနှင့် ဆေးပြင်းမီးဖိုတစ်လုံးက သူ့ရှေ့တွင် ပေါ်ထွက်လာလေ၏။ သူက ချက်ချင်းဆိုသလို မိုးကြိုးအား မီးပြင်းဖိုအတွင်း ထည့်သွင်းကာ ဆေးလုံးကို သန့်စင်လိုက်သည်။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က ရေရွတ်လိုက်၏ “ မိုးကြိုးက ပါဝင်ပစ္စည်းတွေကို သန့်စင်ပေးနိုင်တာပဲ။ အဲဒါဆိုတော့ တခြားပစ္စည်းတွေကိုလည်း သန့်စင်ပေးနိုင်လောက်တယ်”
မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် မိုးကြိုးစမ်းသပ်ချက်က ပြီးဆုံးသွားပြီး သူက ဆေးပြင်းမီးဖိုထဲမှ အဝါရောင် ဆေးလုံးကို ထုတ်ယူလိုက်သည်။ ထိုဆေးလုံး၏ အပေါ်ယံ မျက်နှာပြင်တွင် လျှပ်စီးတချို့ကို မြင်တွေ့နေရ၏။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ ထိုဆေးလုံးကို မျိုချလိုက်သည်။ သူ့အရေပြားတွင် မိုးကြိုး ပေါ်ထွက်လာကာ ကံကြမ္မာကောင်း မီးတောက်နှင့်အတူ သန့်စင်ပေးသွားသည်။
“ ငါ့ဆေးဖော်စပ်နည်းက အောင်မြင်တဲ့ပုံပဲ။ ဒါကို မိုးကြိုးအရေပြား သန့်စင်ရေးဆေးလုံးလို့ ခေါ်မယ်။ ကောင်းပြီ။ ငါက နာမည်တွေပေးတာ မတော်ဘူးဆိုတော့ ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ တခြားကိစ္စတွေမှာ ငါက ပြီးပြည့်စုံနေတာပဲလေ။”
ဝမ်ဝေ့က သူ့ခန္ဓာကိုယ်အတွင်းတွင် စည်းပိတ်ထားသည့် နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးအား ထိုမိုးကြိုးအရေပြား သန့်စင်ရေးဆေးလုံးကို ဖော်စပ်ဖို့အတွက် မည်သို့ အသုံးချရမည်ကို စတင်တွေးတောလိုက်သည်။
သူ့လက်ရှိခန္ဓာကိုယ်ဖြင့် ကိစ္စတချို့က လေ့ကျင့်နှုန်းကို တိုးတက်လာအောင် ကူညီပေးနိုင်သည်။ ထိုပြဿနာက သူ့ဆုံမှတ်များ ဖွင့်လှစ်ပြီး ရှေးဟောင်းခန္ဓာ သန့်စင်ကျမ်းကို ပြီးဆုံးသွားသည့်အချိန် ပိုမိုထင်ရှားလာလိမ့်မည်။
ဤသည်က ဝူဟုန် ပေးထားသည့် ကျင့်စဉ်ကို စိတ်လှုပ်ရှားနေရသည့် အကြောင်းအရင်း တစ်ချက်လည်း ဖြစ်ပေသည်။
ဝမ်ဝေ့က ထိုရှေးဟောင်းခန္ဓာ သန့်စင်ကျမ်းနောက်ကွယ်တွင် လျှို့ဝှက်ချက်အကြီးကြီး ရှိနေလိမ့်မည်ဟု ခံစားမိနေသည်။ သူက ထိုလျှို့ဝှက်ချက်ကို တွေ့ရှိသွားသည်နှင့် သူ ကြိုက်လောက်မည် မဟုတ်သည့် ခံစားချက်မျိုးကို ရနေသည်။ သူက အတွေးနက်နေစဉ် ရုတ်ချည်းဆိုသလို ပတ်ဝန်းကျင်မှ အရာအားလုံးကို တုန်ခါသွားစေသည့် လှုပ်ရှားမှုကို ခံစားလိုက်မိသည်။ အတိအကျဆိုရလျှင် လျှို့ဝှက်နယ်မြေတစ်ခုလုံးက တုန်ခါလာခြင်း ဖြစ်၏။
“ ဘာဖြစ်သွားတာလဲ”
ဝမ်ဝေ့ တစ်ဦးတည်း ထိုမေးခွန်းကို မေးလိုက်ခြင်းမဟုတ်ပေ။ ပင်မတောင်ပေါ်တွင် ကျင့်ကြံနေသည့် ကိုယ်ပွားကလည်း ရုတ်ချည်းဆိုသလို မျက်လုံးပွင့်လာသည်။ သူက ဘေးပတ်လည်ကို ကြည့်ကာ အားလုံးကလည်း ထိုရုတ်ချည်း အပြောင်းအလဲကြောင့် အံ့အားသင့်နေသည်ကို မြင်လိုက်ရသည်။ မည်သူကမှ ထိုအပြောင်းအလဲအကြောင်း ရှင်းမပြကြပေ။
ကိုယ်ပွားက တစ်စုံတစ်ခုကို သတိပြုမိဟန်ဖြင့် တောင်ပေါ်မှ အစီအရင်များကို ကြည့်လိုက်သည်။ သူက ထိုအစီအရင်မှ သင်္ကေတများသည် စွမ်းအား ပျောက်ကွယ်သွားသည့်အလား ရုတ်ချည်း မှေးမှိန်သွားသည်ကို မြင်တွေ့လိုက်ရသည်။
အဲဒါများ ဖြစ်နေမလား
သူ ဤနေရာသို့ ရောက်ရှိလာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အစီအရင်ကို တိုက်ခိုက်လိုက်သည်။
ဘန်း
လက်သီးတစ်ချက်တည်းဖြင့် အစစ်အမှန်အုပ်ချုပ်သူ သုံးယောက်လောက် ချိုးဖျက်ရသည့် အားကောင်းသည့် အစီအရင်က အလွယ်တကူ ကြေမွသွားလေသည်။ ကိုယ်ပွားက မျက်မှောင်ကြုတ်ကာ သူ့အနီးအနားမှ တခြားအင်အားစုများကို ကြည့်လိုက်သည်။
သူ့လိုမျိုး သူတို့ကလည်း အစီအရင် အားနည်းသွားသည်ကို သတိပြုမိလိုက်ကြသည်။ ထို့ကြောင့် သူတို့ကလည်း ပိုမို တက်ကြွလာကြ၏။ ရုတ်ချည်းဆန်သည့် အပြောင်းအလဲကြောင့် ထိုအင်အားစုများမှ အစီအရင် ချိုးဖောက်နှုန်းက သိသိသာသာ တိုးမြင့်လာလေသည်။
ဤနည်းဖြင့် သူတို့က ထိုလျှို့ဝှက်နယ်မြေ၏ ဗဟိုချက်သို့ ရောက်ဖို့ သိပ်ကြာမည် မဟုတ်ပေ။
ကိုယ်ပွားက အားလုံးရှေ့တွင် ရှိနေသည့် လျူမိန်ရှုအား ကြည့်ကာ ပြုံးလိုက်သည်။ ထို့နောက် သူက အစီအရင် ဉာဏ်အလင်းပွင့်မှုထဲ ပြန်လည်ရောက်သွားလေသည်။ သူက ရုတ်ချည်းဆန်သည့် အပြောင်းအလဲကို ဖြစ်စေလာသည့် အကြောင်းအရင်းအား စဉ်းစားနေသော်လည်း အခြေအနေ တစ်ခုလုံးအပေါ် ပြောင်းလဲမှု သိပ်မရှိပေ။
ထိုစဉ် လျှို့ဝှက်နယ်မြေ၏ တခြားနေရာတစ်ခုတွင် ဟို့ဖုန်းဟွမ်က ရုတ်ချည်းဆိုသလို မျက်လုံးပွင့်လာသည်။ သူမ၏ ခန္ဓာကိုယ်မှ အားကောင်းသည့် အငွေ့အသက် ပေါ်ထွက်လာလေ၏။ သူမအနေနှင့် စွမ်းအားကို ထိန်းချုပ်ဖို့ စက္ကန့်ပိုင်းအကြာ ကြာမြင့်သွားသည်။
ထို့နောက် သူမက သူမရှေ့မှ ဗလာကျင်းနေသည့် ရေကန်ကို ကြည့်ကာ ရေရွတ်လိုက်သည် “ ပင်ကိုစွမ်းအားတွေအကုန်လုံး ပျောက်ကွယ်သွားပြီဆိုတော့ အဝင်ဝက အစီအရင်ကို ထောက်ပံ့ပေးထားမဲ့ စွမ်းအား မရှိတော့ဘူး။ အဲဒါကြောင့် ဒီလူတွေက မြန်မြန်ဆန်ဆန် ရောက်လာမှာပဲ။ ငါ ခပ်သွက်သွက် လုပ်ဖို့လိုတယ်”
သူမက သူမ၏ တာအိုကာကွယ်သူများကို ဆက်သွယ်လိုက်သည်။
“ သခင်မလေး ဘာလိုအပ်လို့လဲ”
“ ရှင်တို့တွေ အစီအရင်ကို ခင်းကျင်းဖို့ လိုပြီ”
“ သခင်မလေး အောင်မြင်သွားပြီလား”
“ ဟုတ်တယ်”
“ ကောင်းတယ်။ ကောင်းတယ်။ ကောင်းတယ်” သူမနှင့်အတူပါလာသည့် လူအိုကြီးတစ်ဦးက ပြောလိုက်သည် “ ကျုပ်တို့ဟို့မျိုးနွယ်က ဒီမျိုးဆက်မှာ နောက်ထပ် ဧကရာဇ်တစ်ပါးပေါ်ထွက်လာတော့မယ်”
“ မိုးကြိုးစမ်းသပ်ချက်ကရော ဘယ်လိုလဲ။ သခင်မလေး … မျိုးနွယ်ကို ပြန်ရောက်တဲ့အထိ စောင့်မှာလား” နောက်ထပ် လူတစ်ယောက်က မေးလိုက်သည်။
ရှေးဟောင်းမျိုးနွယ်များက မတူညီသည့် နည်းစနစ်ကို ကျင့်ကြံသည့်အတွက် ကောင်းကင်တာအိုက မိုးကြိုးစမ်းသပ်ချက်နှင့် ပတ်သက်သည့်အခါ အတော်လေး တင်းကြပ်ပြီး အသက်ရှင်ဖို့ ခက်ခဲလေသည်။
ထို့ကြောင့် ဖြစ်စဉ်အတွင်း ပြင်ဆင်မှုများစွာ လုပ်ဖို့ လိုအပ်လေသည်။
“ မလိုဘူး။ ကောင်းကင်စမ်းသပ်ချက်ကို ကျွန်မခန္ဓာကိုယ်နဲ့ အစစ်အမှန် ဝိညာဉ်ကို လေ့ကျင့်ဖို့ အသုံးပြုမယ်”
အစစ်အမှန် အုပ်ချုပ်သူများက ထိုအရာကိုကြားပြီး အကြည့်များ တောက်ပသွားလေသည်။ သူတို့က သူတို့သခင်မလေးသည် ယခင်နှင့် မတူတော့ကြောင်း သဘောပေါက်လိုက်ကြ၏။