← Chapters

လှပသောလက်စားချေမှု

Vol. 26 Ch. 361

လှပသောလက်စားချေမှု

Vol. 26 Ch. 361

အခန်း (၃၆၁) : လှပသောလက်စားချေမှု

ဝမ်ဝေ့၏ တကယ့် ခန္ဓာကိုယ်အစစ်က ကိုယ်ပွားဆီမှ ဆက်သွယ်ရေးအဆောင် ရရှိသည်အထိ စောင့်ဆိုင်းနေလေသည်။ ထိုအရာကို ဖတ်ရှုပြီးသည့်နောက်တွင် လျှို့ဝှက်နယ်မြေရှိ အဖြစ်အပျက်များကို နားလည်သွား၏။

“ ဒီလျှို့ဝှက်နယ်မြေရဲ့ အမှန်တရားက ထွက်ပေါ်လာဖို့ အချိန်သိပ်မကြာတော့ဘူး။” ဝမ်ဝေ့က စဉ်းစားလိုက်သည်။ သူ့ အဓိကရည်ရွယ်ချက်မှာ လန်လင်းနှင့် လျူမိန်ရှု ဖြစ်သောကြောင့် ကျန်သည့်အရာများကို ဂရုမစိုက်သော်လည်း သူ့အတွက် အကျိုးရှိသည့် အရာတစ်ခုခု ဖြစ်ဖို့ရာ မျှော်လင့်နေသေးသည်။

ကိုယ်ပွားပြောစကားအရတော့ လျူမိန်ရှု ဒါမှမဟုတ် နတ်ဆိုးမျိုးနွယ်တို့ ဗဟိုချက်ကို ရောက်ဖို့အတွက် တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက်ပဲ လိုတော့တယ်။ အဲဒါဆို ဖူချိုက်ယွင်ရဲ့ လူတွေနဲ့ ရင်ဆိုင်ဖို့ အချိန်လုံလောက်တယ်။

ဖူချိုက်ယွင်က မူလဆေးလုံးတာအိုဂိုဏ်းတွင် အာဏာများစွာ ဆုပ်ကိုင်ထားသူဖြစ်ပြီး ပါရမီရှိသူအား ဖိနှိပ်လွှမ်းမိုးတတ်သည့် သဘာဝရှိသည့်အတွက် ဝမ်ဝေ့က ထိုလူသည် မူလဆေးလုံးမီးတောက်ကျမ်းကို ရယူမည့် သူ့အကြံအစည်အား နှောင့်ယှက်မည့် အတားအဆီး ဖြစ်နေကြောင်း သိလေသည်။

ထို့ကြောင့် သူက ဤလျှို့ဝှက်နယ်မြေအတွင်း ရောက်ရှိလာသည့် သူနှင့်ပတ်သက်သည့်လူများကို သတ်ဖို့ရာ ဆုံးဖြတ်ထားသည်မှာ ကြာမြင့်လှလေပြီ။ ထိုသူများကို သတ်လိုက်ခြင်းက ဖူချိုက်ယွင်အပေါ်. ဘာမှသက်ရောက်မှုမရှိသော်လည်း ဘာမှမဖြစ်သည်ထက်တော့ ကောင်းလေသည်။

ထိုအပြုအမူက သူ့ဆရာအား အသက်ရှူအနည်းငယ် ချောင်သွားစေလိမ့်မည်။

ဝမ်ဝေ့က ဆုံးဖြတ်ချက် ချပြီးသည့်နောက်တွင် တစ်ယောက်ယောက် အသွင်ပြောင်းကာ စတင်အမဲလိုက်လိုက်သည်။ သူက ကိုယ်ပိုင်စွမ်းအားကို အသုံးမပြုဖို့ ဆုံးဖြတ်ထားလေ၏။ လော့ချန်က သူ့မျက်လုံးထဲ ကြက်တစ်ကောင်လောက် အားနည်းနေသော်လည်း အခြေအနေကို ရင်ဆိုင်ဖို့ ဖြေရှင်းနည်းများစွာ ရှိနေသေး၏။ အဓိကက အဆိပ်အသုံးပြုမှု ဖြစ်သည်။ လွန်ခဲ့သည့် နှစ်နှစ်ရာအတွင်း သူ့ ဆေးဝါးပညာရပ်က သိသိသာသာ တိုးတက်လာပြီး အဆိပ်များစွာကို ဖန်တီးပြီး သင်ယူခဲ့သည်။

……………………

အချိန်က တစ်ဖက်တည်းကိုသာ စီးဆင်းနေသည့် မရပ်တန့်နိုင်သော မြစ်တစ်စင်းလို ဖြစ်၏။

လျူမိန်ရှုအတွက် ယခင်သုံးနှစ်ခန့်က ထာဝရနီးပါး ကြာရှည်ခဲ့သည်။ သူမက ဖိအားများစွာအောက် ကျရောက်နေသည့်အတွက် သူမသက်တမ်းပင် တော်တော်လေး လျော့ကျသွားသည်ဟု ခံစားမိနေသည်။

သူမက မနီးမဝေးရှိ နောက်မှ လူများအား လှည့်ကြည့်လိုက်သည်။

ဒီနတ်ဆိုးမျိုးနွယ်ကဘာလဲ။ သူတို့က ဗဟိုချက်ကို ရောက်ဖို့ ဘာလို့ ဆုံးဖြတ်ချက် ပြတ်သားနေရတာလဲ။

လျူမိန်ရှုက ထိုနတ်ဆိုးအစစ်အမှန် အုပ်ချုပ်သူများ၏ ဆံပင်အဖြူရောင်များကို ကြည့်လိုက်ပြီး ထိုလူများ ရောက်ရှိလာစအခါက အားလုံးသည် ဆံပင်အမဲရောင် ဖြစ်ကာ အများစုက လူလတ်အရွယ် ဖြစ်ကြသည်။ သို့သော်လည်း နှစ် ၂၀၃ နှစ်အတွင်း ထိုနတ်ဆိုးမျိုးနွယ်က သက်တမ်း လျော့ကျသွားသည်ဟု ထင်ရလောက်အောင်အထိ အလျင်အမြန် အသက်ကြီးလာကြသည်။ ထိုနတ်ဆိုးမျိုးနွယ်က သာမန်လူများထက် သက်တမ်း ပိုရှည်သည်မှာ အားလုံးသိကြသည့် အသိတစ်ခု ဖြစ်သည်။

ထို့ကြောင့် ထိုလူများသည် အစီအရင်များကို ချိုးဖောက်စဉ် မည်မျှပေးဆပ်ခဲ့ရသည်ကို သူတို့သာ သိလိမ့်မည်။

သူတို့က ဒီလျှို့ဝှက်နယ်မြေနဲ့ ပတ်သက်ပြီး တစ်ခုခုသိထားတာပဲ ဖြစ်ရမယ်။ ဒါက သူတို့ပိုင်နက်အတွင်းပဲလေ။

လျူမိန်ရှုက တွေးလိုက်မိသည်။

တော်သေးတာပေါ့။ ငါ ကြိုတင်ပြင်ဆင်ထားခဲ့မိလို့

ထိုလူများ လျှို့ဝှက်နယ်မြေအတွင်း မဝင်ခင် သားရဲမွေးမြူရေးတောင်ကြားမှ သူမ၏ အင်အားစုများက အရင်းအမြစ်များစွာ ထုတ်ပေးခဲ့သည်။ ထို့ကြောင့် ဆေးလုံးမြောက်များစွာကို အသုံးပြု၍ သူမဘက်မှ အစစ်အမှန်အုပ်ချုပ်သူများက နတ်ဆိုးမျိုးနွယ်ထက် အရေးသာနေခြင်း ဖြစ်သည်။

“ သခင်မလေး။ ကျုပ်တို့ နောက်ဆုံးအစီအရင်ကို ချိုးဖောက်ပြီးသွားပြီ။” အစစ်အမှန် အုပ်ချုပ်သူက တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။

“ အဲဒါဆို မြန်မြန်လုပ်လိုက်” လျူမိန်ရှုက ငေးမောနေရာမှ နိုးထလာသည်။ သူမက အဖွဲ့ကို ဦးဆောင်၍ တောင်ထိပ်ဆီ ချက်ချင်း သွားလိုက်သည်။ သူမက နောက်ဆုံး ခြေလှမ်းကို လှမ်းလိုက်သည်နှင့် တခြားနေရာတစ်ခုသို့ ရောက်ရှိသွားသည်ကို မြင်လိုက်ရ၏။

သူမက တခြားအာကာပြင်တစ်ခုမှ အာကာပြင်တစ်ခု၊ ကမ္ဘာတစ်ခုမှ ကမ္ဘာတစ်ခုသို့ ပြောင်းလဲသွားဟန်ပေါ်သည်။ ထို့အပြင် ကူးပြောင်းမှုက ချောမွေ့လွန်းသည့်အတွက် ထိုအရာကို ဖန်တီးသူသည် အာကာပြင် ကျွမ်းကျင်သူဖြစ်ကြောင်း ပြသနေလေသည်။

လျူမိန်ရှု သတိထားမိသည့်အရာက တန်းစီပြီး မတ်တပ်ရပ်နေသည့် ရုပ်သေးရုပ်များဖြစ်ပြီး သူတို့က တစ်စုံတစ်ခုကို စောင့်ကြပ်နေဟန်ပေါ်၏။ သို့သော်လည်း ထိုရုပ်သေးရုပ်များနှင့် ပတ်သက်ပြီး ထူးခြားနေသည့်အရာ ရှိနေသည်။

သူတို့အားလုံးက လူသားအသွင်နှင့် တူသော်လည်း အားလုံးတွင် တူညီသည့် အရာတစ်ခု ရှိနေသည်။ သူတို့အားလုံး၏ နဖူးအထက်တွင် သမင်လိုမျိုး ဦးချို ရှိနေလေ၏။ လျူမိန်ရှုက ထိုအရာကို မြင်ပြီး ချက်ချင်းဆိုသလို စိတ်လှုပ်ရှားမိသွားသည်။

“ ကျွန်မတို့ ပြောတာမှန်တယ်။ ဒီဟာက ရှေးခေတ်တုန်းက အစစ်အမှန် နဂါးတစ်ကောင်ရဲ့ ဂူဗိမာန်ပဲ ဖြစ်ရမယ်” သူမက ရေရွတ်လိုက်သည်။

သူမ၏ အသံက နဂိုထက်ပင် အနည်းငယ် ပိုကျယ်နေသည်။ သူမ တစ်ယောက်ထဲ ထိုသို့ခံစားနေရခြင်း မဟုတ်ဘဲ သူမအင်အားစုမှ လူများအားလုံးလည်း အတူတူသာ ဖြစ်၏။

အသင်္ချေသားရဲ ရုပ်ခန္ဓာရှိထားဖူးသည့် အားအကောင်းဆုံး မဟာဧကရာဇ်များအနက် တစ်ဦးက အစစ်အမှန် ဇာမဏီဧကရာဇ် ဖြစ်ပေသည်။ သူမ၏ အင်အားကောင်းနေရခြင်း အကြောင်းအရင်းက ပင်ကိုနတ်ဆိုးဖြစ်သည့် အစစ်အမှန် ဇာမဏီတစ်ကောင်၏ သွေးအဆီအနှစ်ကို ရရှိလိုက်၍ ဖြစ်သည်။

ဤဂူဗိမာန်အတွင်း အစစ်အမှန် နဂါးတစ်ကောင်၏ သွေးအဆီအနှစ် ရှိနေနိုင်သည်။ လျူမိန်ရှုကသာ ထိုအရာကို ရယူနိုင်သရွေ့ အစစ်အမှန် ဇာမဏီမဟာဧကရာဇ်လိုမျိုး စွမ်းအားကြီးမှုကို ထုတ်ပြနိုင်လိမ့်မည်။

ဆိုလိုသည်မှာ ဤမျိုးဆက်အတွင်း သူတို့၏ အင်အားစုက မဟာဧကရာဇ်ကို ပြုစုပျိုးထောင်နိုင်ချေ အခွင့်အရေး များပြားလာလိမ့်မည်။ နောက်ဆုံးတွင် သူတို့က ကျီမိသားစုကို ထိန်းချုပ်နိုင်သည့်အပြင် ဖယ်ရှားနိုင်လိမ့်မည်။

မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူမဘာသာ တည်ငြိမ်သွားလေသည် “ နတ်ဆိုးမျိုးနွယ်က လူတွေ ဝင်မလာအောင် တားဆီးဖို့ အစီအရင်သွားပြီး ခင်းလိုက်။ အနည်းဆုံးတော့ သူတို့တွေကို အချိန်ဆွဲထားဖို့ လုံလောက်တာပေါ့။”

အစစ်အမှန် အုပ်ချုပ်သူများက ခေါင်းညိတ်လိုက်ပြီးနောက် သူမ အမိန့်အတိုင်း ဆောင်ရွက်လိုက်ကြသည်။ ထိုစဉ် လျူမိန်ရှုက ဂူဗိမာန်အတွင်းသို့ ဝင်သွားလိုက်၏။ ထူးဆန်းစွာဖြင့် မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူမ၏ အမူအရာက ပျက်ယွင်းသွားလေသည်။

သူမ၏ တာအိုကာကွယ်သူများက သူတို့၏ အကူအညီကို လိုအပ်သည့် အားကောင်းသော ရန်သူများနှင့် တွေ့ဆုံနိုင်ကြောင်း သတိပေးထားသည်။ သို့သော်လည်း သူတို့က သူမ ဘယ်ဖက်လက်မှ ထူးဆန်းသည့် သင်္ကေတကို မြင်လိုက်သည့်အခါ ထူးဆန်းသည့်အရာ ဖြစ်ပွားတော့မည်ဖြစ်ကြောင်း သိလိုက်ကြသည်။

အစီအရင် တောင်ထိပ်တွင် လျူမိန်ရှုတို့အဖွဲ့ ထိပ်ဆုံးသို့ ရောက်ရှိသွားသည်နှင့် ဝမ်ဝေ့၏ ကိုယ်ပွားက အပြုံးတစ်ပွင့်နှင့်အတူ မျက်လုံးပွင့်လာသည်။

“ စလိုက်ကြစို့” သူက အခြားလူများကို ပြောလိုက်သည်။ ထို့နောက် မြူခိုးများက သူတို့အား လွှမ်းခြုံသွားကာ သီးခြားပိုင်းခြားလိုက်ဟန်ပေါ်သည်။ တာအိုအခွင့်အလမ်းဂိုဏ်း၏ ထူးထူးဆန်းဆန်း အပြုအမူများကို အာရုံစိုက်နေကြသည့် လူများစွာက ထိုအရာကို ချက်ချင်း သတိပြုမိလိုက်ကြသည်။ သို့သော်လည်း သူတို့က ထိုမြူခိုးသည် သူတို့၏ အံ့ဖွယ်အသိစိတ်နှင့် တခြားသော စုံစမ်းစစ်ဆေးမှုများကို တားဆီးထားသည့်အတွက် ဘာလုပ်နေမှန်း မသိရပေ။ ထို့အပြင် လူများစွာက အားအကောင်းဆုံးဂိုဏ်းအပေါ် ပေါ်ပေါ်ထင်ထင် မစုံစမ်းဝံ့ကြပေ။

ထိုစဉ် မြူအတွင်း ဝမ်ဝေ့က သူ့သိုလှောင်လက်စွပ်အတွင်းမှ ထူးဆန်းသည့် အရာတစ်ခုကို ထုတ်ယူလိုက်သည်။ အတိအကျဆိုရလျှင် လက်မောင်းတစ်ခု ဖြစ်၏။ ထိုအရာက ချီကံကောင်းမှုစစ်ဆေးပွဲအတွင်း သူဖြုတ်ယူထားခဲ့သည့် လျူမိန်ရှု၏ လက်မောင်း ဖြစ်ပေသည်။

ထိုလက်မှ မမြင်နိုင်သည့် မီးခိုးရောင်ကြိုးမျှင်များ ပေါ်ထွက်လာပြီး တစ်ခုနှင့်တစ်ခု အဝေးမှ တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ဦးနှင့် ဆက်နွယ်သွားလေသည်။ ကိုယ်ပွားက သူ့နောက်မှ လူများအား ကြည့်ကာ ပြောလိုက်သည် “ မခုခံနဲ့။ ကျွန်တော်တို့ ရောက်တဲ့အခါမှာ သတိကြီးကြီးထားပေး”

ထို့နောက် ထိုလူများက အလင်းပြောက်အဖြစ် ပြောင်းလဲသွားကာ လက်နှင့်ဆက်နွယ်ထားသည့် ခဲဖြူရောင် ကြိုးမျှင်ထဲ ဝင်ရောက်သွားကြသည်။ သိပ်မကြာခင် သူတို့က အင်မတန် မြန်ဆန်သော အရှိန်ဖြင့် သွားနေသည်ကို တွေ့လိုက်ရသည်။ အချိန်က သူတို့အတွက် နှေးကွေးသွားဟန် ပေါ်သည်။ သို့သော် တစ်ချိန်တည်းဆိုသလို အလျင်အမြန် ဖြတ်သန်းနေဟန်လည်း ပေါ်၏။ ဤသည်က ခေတ္တမျှကြာမြင့်လိုက်သလို ခံစားရသော်လည်း ထာဝရကြာရှည်နေသလိုလည်း ခံစားရပြန်သည်။ အဖွဲ့က နံရံအတွင်း ကျောက်မျက်များဖြင့် စီခြယ်ထားသည့် မှိန်ဖျဖျလင်းနေသည့် အာကာပြင်တစ်ခုသို့ ရောက်ရှိသွားသည်နှင့် ရပ်တန့်လိုက်သည်။

သူတို့နောက်တွင် ဦးချိုများ ပါရှိသည့် ရုပ်သေးရုပ်တပ်ဖွဲ့ ပါရှိလေသည်။ သူတို့ရှေ့တွင်မူ သားရဲမွေးမြူရေးတောင်ကြားမှ လူများ ရှိနေလေသည်။

“ ဒါတွေအားလုံးက ရှင့်အကြံအစည်ကိုး” လျူမိန်ရှုက အံကြိတ်ကာ ပြောလိုက်သည်။ သူမရှေ့တွင်ရှိသော ဝမ်ဝေ့အား ကြည့်နေလေသည်။ ထိုသင်္ကေတများ သူမလက်မောင်းအထက်တွင် ပေါ်ထွက်လာသည်နှင့် ဝမ်ဝေ့၏ အစီအစဉ်ဖြစ်ကြောင်း ခန့်မှန်းပြီးသား ဖြစ်၏။

ဝမ်ဝေ့က သူမအား မထူးမခြားနား အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည် “ ဒူးထောက်”

ရုတ်ချည်းဆိုသလို သူ့အသံမှ အားကောင်းကာ ဆန်းကြယ်သည့် အင်အားတစ်ခု ထွက်ပေါ်လာကာ လျူမိန်ရှုအား ထိတ်လန့်သွားစေသည်။ သူမက မြေပြင်ပေါ် ဒူးထောက်လိုက်ရ၏။ သူမ၏ စွမ်းအားဖြင့် မခုခံနိုင်ပေ။

“ ဝပ်တွားစမ်း” ဝမ်ဝေ့က ထပ်ပြောလိုက်သည်။ ထိုအခါ လျူမိန်ရှု၏ ဦးခေါင်းက မြေပြင်ပေါ်သို့ ဝပ်တွားသွားလေသည်။ သူမနှင့် ပါရှိသည့် အစစ်အမှန် အုပ်ချုပ်သူများက ဒေါသထွက်နေကြသော်လည်း ဝမ်ဝေ့နှင့်အတူပါလာသည့် သူများက သူတို့အား ပိတ်ဆို့ထားလေသည်။

“ ဒါက ဘယ်လိုစွမ်းရည်လဲ” လျူမိန်ရှုက မေးလိုက်သည်။

“ မင်း သိစရာမလိုဘူး” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ ဤသည်က သူ့ချက္ကရဖွင့်ပြီးနောက် လျှာဒွါရနှင့် လည်ပင်းချက္ကရကို ဖွင့်ပြီးသည့်နောက် ရရှိလာသည့် စွမ်းရည်တစ်ခု ဖြစ်ပေသည်။

ထိုစွမ်းရည်ကို “ဧကရာဇ်ရဲ့ စကားက စည်းမျဉ်းဥပဒေ” ဟု ခေါ်ဆိုလေသည်။

လျူမိန်ရှုက အံကြိတ်လိုက်သည် “ ဘာလို့ဒီလိုလုပ်ရတာလဲ။ စစ်ဆေးပွဲမှာ ဖြစ်ခဲ့တဲ့ အကြောင်းအရင်းကြောင့်လား”

“ အဲလိုပြောလို့ရတယ်”

“ ကြောင်သူတော်ဆန် မနေစမ်းပါနဲ့” သူမက မကျေမနပ်ရေရွတ်လိုက်သည် “ ကျင့်ကြံသူတွေက သေမျိုးတွေရဲ့ဘဝကို ဘယ်တုန်းကမှ ထည့်မတွက်ဖူးဘူး။ သူတို့တွေ ချုပ်ထိန်းထားတဲ့ အကြောင်းအရင်းက ကံကြမ္မာဝဋ်ကြွေးကြောင့်ပဲ။ ဒီဟာက ကြီးနိုင်ငယ်ညှင်းကမ္ဘာပဲ”

သူမက ထရပ်ဖို့ ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့လေသည်။ မည်သို့ပင်ဆိုစေကာမူ သူမက ဆက်ပြောနေသေးသည် “ ရှင်တို့ တာအိုအခွင့်အလမ်း ဂိုဏ်းကလူတွေကလည်း ကုသိုလ်ကို စုဆောင်းပြီး ကံကောင်းမှုစစ်ဆေးပွဲအဖြစ် အသုံးပြုဖို့ ကမ္ဘာငယ်တွေဆီမှာ ကပ်ဘေးတွေ ယူဆောင်ခဲ့ဖူးတာပဲ။ ကျွန်မ လုပ်တာနဲ့ ဘာများကွာခြားလို့လဲ”

ဝမ်ဝေ့က သူမအား တည်ငြိမ်စွာ ကြည့်လိုက်ပြီးနောက် ပြောလိုက်သည် “ မင်းပြောတာ မှန်ကောင်းမှန်နိုင်ပါတယ်။ ဒါပေမဲ့ မင်း မှားနေတယ်။ ငါက သေမျိုးတွေနဲ့ ယူဆပြီးတော့ ပြောနေတာ မဟုတ်ဘူး။ ငါ မင်းကို မုန်းတာက မင်းက စည်းမျဉ်းကို ချိုးဖောက်ခဲ့လို့ပဲ။

အားလုံးက တိုင်းပြည်တိုက်ပွဲအပေါ် သဘောတူညီထားရက်နဲ့ မင်းက ကစားပွဲကို အနိုင်ရဖို့အတွက် ကမ္ဘာတစ်ခုလုံးကို ဂျွမ်းထိုးမှောက်ခုံဖြစ်အောင် လုပ်ဖို့ ဆုံးဖြတ်ခဲ့တာလေ။ မင်းရဲ့ အပြုအမူက အကျိုးဆက် မရှိဘူးလို့ ထင်နေတာလား။ ဒါပေမဲ့ ဒီဟာက မင်းကို မကြိုက်တဲ့ အဓိကအချက်တော့ မဟုတ်သေးဘူး။ ငါက မဟာရှားကလူတွေကို ကာကွယ်ပေးမယ်လို့ ကတိပေးထားခဲ့တယ်။ သူတို့ရဲ့ အုပ်ချုပ်သူအနေနဲ့ ဒါက ငါ့ရဲ့ တာဝန်ယူမှုပဲ။ ဒါပေမဲ့ မင်းက အဲဒါကို ဖျက်ဆီးပစ်ခဲ့တယ်။”

သူ့အကြည့်များက လျူမိန်ရှုဆီ ကျရောက်လာသည်။

“ မင်းရဲ့ သားရဲဒီရေလှိုင်းမှာ အပြစ်မဲ့စွာ သေဆုံးသွားခဲ့တဲ့ ပြည်သူပေါင်း ၁၂ ၃၄၅ ၆၅၇ လူအရေအတွက်ရှိတယ်။ စစ်သားတွေ မဟုတ်ဘူး။ ပြည်သူတွေချည်းပဲ။ ကလေးအရေအတွက်၊ အမျိုးသမီးအရေအတွက်နဲ့ အဘိုးအဘွားအရေအတွက်ကို အတိအကျ ပြောပြရဦးမလား”

အခန်းက ခေတ္တမျှ တိတ်ဆိတ်သွားလေသည်။ သူ့ အံ့ဖွယ်အသိစိတ်ဖြင့် လျူမိန်ရှုက သူ့စကားများကို ဂရုမစိုက်ကြောင်း ပြောနိုင်လေသည်။

“ ကောင်းပြီ” သူက နှာခေါင်းရှုံကာ သရော်ပြီး ပြောလိုက်သည် “ မင်းက အားအကောင်းဆုံးသူကသာ အသက်ရှင်နိုင်ချေ ရှိတယ်ဆိုတဲ့ သဘောတရားကို ယုံကြည်ထားမှတော့ မင်းကိုလည်း အဲဒီစည်းမျဉ်းနဲ့ပဲ ရင်ဆိုင်မယ်။ ငါက မင်းထက် အားကောင်းတယ်။ အဲဒါကြောင့် မင်းရဲ့သေခြင်းရှင်ခြင်းကို ငါ ဆုံးဖြတ်ပေးမယ်”

ဝမ်ဝေ့က သူမနှင့် အချိန်မဖြုန်းတော့ဘဲ သူ့ အားကောင်းသည့် ဝိညာဉ်အား အသက်သွင်းလိုက်သည်။ သူက ကိုယ်ပွားမျှ ဖြစ်သော်လည်း အင်အားတချို့ကို အမွေဆက်ခံထားသည်။ သူက သူမ၏ အသိစိတ်ပင်လယ်အတွင်း ဝင်ရောက်ကာ ဝိညာဉ်အား ရှာဖွေလိုက်သည်။

သူမ၏ ဝိညာဉ်ကာကွယ်ရေး ရတနာအား လျစ်လျူရှုကာ ဝိညာဉ်ဆီ တိုက်ရိုက်သွားလိုက်သည်။ လျူမိန်ရှုက အသင်္ချေသားရဲ ရုပ်ခန္ဓာအား အသက်သွင်းကာ ခုခံခဲ့သည်။ ထိုစဉ် သူမ၏ အသိစိတ်ပင်လယ်အတွင်း သားရဲပုံရိပ်ယောင် အမြောက်အများ ပေါ်ထွက်လာပြီး ဝမ်ဝေ့၏ တိုက်ကွက်ကို တားဆီးကြသည်။ သို့သော်လည်း သူက ထိုအရိပ်များကို တွန်းထိုးသွားပြီး သူမ၏ ဝိညာဉ်ဆီသာ တိုက်ရိုက်သွားလိုက်သည်။

သူက ငွေရောင်အနည်းငယ်နှင့် ကြေးနီရောင်တိမ်တိုက်ကို မြင်လိုက်သည့်အခါ ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။ ထိုအရာက လျင်မြန်လွန်းသည့်အတွက် လျူမိန်ရှုက တုံ့ပြန်ဖို့ အချိန်မရသလို သူမ၏ ပင်ကိုစွမ်းရည် ထုတ်သုံးပြီး ကာကွယ်လိုက်ဖို့ အချိန်ပင်မရှိပေ။

All Chapters