← Chapters

စိတ်ငြိမ်းချမ်းခြင်း

Vol. 26 Ch. 362

စိတ်ငြိမ်းချမ်းခြင်း

Vol. 26 Ch. 362

အခန်း (၃၆၂) : စိတ်ငြိမ်းချမ်းခြင်း

လျူမိန်ရှုကို သတ်ပြီးသည့်နောက်တွင် ဝမ်ဝေ့က စိတ်အေးချမ်းသွားသလို ခံစားလိုက်ရသည်။ သူ့စိတ်အခြေအနေက အပြောင်းအလဲ ဖြစ်မသွားပေ။ သူက သေခြင်းတရားသည် ကျင့်ကြံရေးလောက၌ ပုံမှန်ဖြစ်နေသည့်အလား အသားကျနေပြီ ဖြစ်၏။

သူက သေခြင်းတရားနှင့် အရေထူနေပြီဟု ပြောနိုင်လေသည်။ ကံကြမ္မာစွမ်းအားတချို့ကို နားလည်ပြီးသည့်နောက်တွင် သေမျိုးများသည် ကျင့်ကြံသူလက်များ၌ သေဆုံးရသည်က သေမျိုးများ၏ ကံကြမ္မာသာဖြစ်ကြောင်း သိလာသည်။ သို့သော်လည်း သူက ချီကံကောင်းမှုကို စစ်ဆေးပွဲတွင် ဖြစ်ပျက်ခဲ့သည့်အရာများနှင့် စိတ်ခုနေမိသေး၏။ ထို့ကြောင့် သူက လျူမိန်ရှုအား သတ်ဖို့ရာ ကြံစည်ထားခဲ့သည်။

သူက သူမ၏ ခန္ဓာကိုယ် မြေပြင်ပေါ် လဲကျသွားပြီး ဝိညာဉ်ဖျက်ဆီးခံရသည်ကို ကြည့်နေရင်း စိတ်အေးချမ်းသွားသလို ခံစားလိုက်ရသည်။

ဝမ်ဝေ့က အသာသက်ပြင်းချလိုက်သည်။ သူက လက်ကို မြှောက်ကာ သူမ၏ ခန္ဓာကိုယ်အား မီးရှို့ပစ်လိုက်၏။ ထို့နောက် သူက လတ်တလောလေး ရရှိထားသည့် မကောင်းဆိုးဝါး နတ်ဘုရားခန္ဓာ ဆင့်ကဲခြင်း ၁၂ မျိုးကျင့်စဉ်အကြောင်း အမှတ်ရသွားပြီး သူ့စိတ်ထဲ အတွေးတစ်ခု ပေါ်ထွက်လာသည်။

ထို့ကြောင့် သူက ပျောက်ကွယ်တော့မည် ဖြစ်သည့် သူမ၏ ဝိညာဉ်အပိုင်းအစတချို့ကို ချက်ချင်းစည်းပိတ်လိုက်သည်။

“ မင်းက သူမကို မြှပ်နှံခွင့်တောင် မပေးဘူးလား” သားရဲမွေးမြူရေးတောင်ကြားမှ အစစ်အမှန်အုပ်ချုပ်သူတစ်ယောက်က ပြောလိုက်သည်။

“ သူမ သတ်ခဲ့တဲ့သူတွေထဲမှာ မြှုပ်နှံခွင့်မရတဲ့သူတွေ ဘယ်လောက်တောင် များလိုက်သလဲ။ အကုန်လုံးကို သူမရဲ့ သားရဲတွေကနေ ဝါးမျိုသွားတာလေ” ဝမ်ဝေ့ ပြန်ဖြေလိုက်သည်။

“ မင်းက သူတို့ရဲ့အသက်နဲ့ မင်းရဲ့အပြုအမူကို တရားမျှတတယ်ဆိုပြီး အကြောင်းပြချက် သုံးနေတာလား” အစစ်အမှန် အုပ်ချုပ်သူတစ်ယောက်က ပြောလိုက်သည်။

“ ခင်ဗျား ပြောတာမှန်တယ်။ ကျုပ်က ကျုပ်ဘာသာကျုပ် မျှတနေအောင် လုပ်ဖို့ မလိုဘူး။ သူမရဲ့ ခန္ဓာကိုယ်က ကျုပ်အတွက် အကျိုးရှိတယ်။ အဲဒါကြောင့် ကျုပ် ယူလိုက်တယ်။ သူမက ကျုပ်ရဲ့ ဧကရာဇ်လမ်းစဉ်မှာ အားဖြည့်စွက်စာ ဖြစ်လာလိမ့်မယ်”

အစစ်အမှန် အုပ်ချုပ်သူက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ထပ်ပြောလိုက်သည် “ အတွေးတစ်ချက်နဲ့ ဗုဒ္ဓဖြစ်လာနိုင်သလို အတွေးတစ်ချက်နဲ့ နတ်ဆိုး ဖြစ်သွားနိုင်တယ်တဲ့။ ကြည့်ရတာ အမွေခံသားတော် ဝမ်ဝေ့က အဲဒီလို စိတ်အခြေအနေ ရောက်နေပြီ ထင်တယ်။ ဒါပေမဲ့ မင်းက နောက်ထပ်မိုယွင် ဖြစ်မလာအောင် ဂရုစိုက်သင့်တယ်။”

ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ မိုယွင်က ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်၏ နာမည်ဖြစ်ပြီး ထာဝရဧကရာဇ် ဖြစ်လာပြီးသည့်နောက်တွင် တစ်ကမ္ဘာလုံးကို ဝါးမျိုပစ်ချင်ခဲ့သူ ဖြစ်၏။

ထိုလူ၏ စကားများက သတိပေးချက် သို့မဟုတ် အဖတ်ဆယ်ဖို့ ပြောသည့်စကားများနှင့် တူနေသော်လည်း ဝမ်ဝေ့အတွက်မူ သူ့ဆိုလိုရင်းအား နားလည်လေသည်။ ထိုသူက သူသည် နောက်ထပ် မိုယွင်ဖြစ်မည်ဟု ကောလဟာလများဖြန့်ကာ ကမ္ဘာအား သူ့ကို သတ်ဖြတ်ဖို့ ချောက်ချနေခြင်းသာ ဖြစ်၏။

ဤလောကအတွင်း အားကောင်းပြီး ရူးမိုက်သည့် ထာဝရဧကရာဇ်တစ်ပါး မွေးဖွားလာသည်ကို အလိုရှိကြမည် မဟုတ်ပေ။

ထိုအရာကို သဘောပေါက်ပြီးသည့်နောက်တွင် ဝမ်ဝေ့က အားပါးတရ ရယ်မောလိုက်သည်။ ထိုသို့သော ခြိမ်းခြောက်မှုက နောက်ခံမရှိသည့် သာမန်လူများအပေါ် အလုပ်ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူက ဘယ်သူနည်း။

ဤကမ္ဘာရှိ အားအကောင်းဆုံး ဂိုဏ်း၏ အမွေခံသားတော် ဖြစ်ပေသည်။ ဂိုဏ်းချုပ်၏ သား၊ ဧကရာဇ်မျိုးနွယ်နှစ်ခု၏ အမွေဆက်ခံသူလည်း ဖြစ်၏။ မည်သူက သူ့အား လာရောက်စွက်ဖက်ရဲမည်နည်း။

“ ခင်ဗျားတို့ရဲ့ အင်အားစုလေးက ကျီမိသားစုနဲ့ ရင်ဆိုင်ဖို့ အတော်လေး ရုန်းကန်နေရတာပဲ။ ကျုပ်တို့ တာအိုအခွင့်အလမ်းဂိုဏ်းကသာ ခင်ဗျားတို့ အရှုပ်အထွေးကြား ဝင်ပါလာပြီး ကျီမိသားစုကို ထောက်ခံပေးလိုက်ရင် ဘယ်လိုဖြစ်သွားမယ် ထင်လဲ။ ခင်ဗျားတို့လူတွေ ဘယ်လောက်ကြာကြာ ခံနိုင်မယ် ထင်လဲ”

ဝမ်ဝေ့က ပြန်လည် ခြိမ်းခြောက်လိုက်သည်။ ထိုစကားများကို ပြောလိုက်သည်နှင့် တခြားသော အစစ်အမှန် အုပ်ချုပ်သူများ၏ မျက်နှာထားက ချက်ချင်းဆိုသလို ပျက်ယွင်းသွားလေသည်။

ယခု သူတို့အနေဖြင့် မဟာဧကရာဇ် ပြုစုပျိုးထောင်ပေးမည့် အိပ်မက်က သေဆုံးသွားပြီဖြစ်ရာ သူတို့အနာဂတ်က မှောင်မိုက်သွားလေပြီ။ သူတို့ဂိုဏ်းကို ပြန်ရောက်သွားသည်နှင့် သူတို့အနာဂတ်က ပိုမိုဖိနှိပ်ခံရတော့မည် ဖြစ်၏။ ထို့ကြောင့် သူတို့က တစ်ယောက်နှင့်တစ်ယောက် အလျင်အမြန် ဆက်သွယ်လိုက်ပြီးနောက် ထွက်သွားဖို့ ဆုံးဖြတ်လိုက်ကြသည်။ သူတို့က လျှို့ဝှက်နယ်မြေမှ ထွက်သွားစဉ် တာအိုအခွင့်အလမ်းဂိုဏ်းမှ လူများကိုလည်း သတိကြီးကြီး ထားနေသည်။

“ သခင်လေး ဘာလို့ ဒီအခွင့်အရေးကို ယူပြီး သူတို့ကို မသတ်လိုက်ရတာလဲ” ယန်းချန်က မေးလိုက်သည်။

“ အခုက အချိန်မကျသေးဘူး” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။

“ တကယ်လို့ ကျွန်တော် ခန္ဓာကိုယ်သာ ဒီမှာ ရှိတယ်ဆိုရင် ခင်ဗျားတို့အားလုံးနဲ့ ပေါင်းပြီးတော့ သူတို့ကို သတ်မိလောက်တယ်။ ဒါပေမဲ့ အခုလက်ရှိအင်အားနဲ့ဆိုရင် သူတို့ကို သတ်ဖို့ အချိန်ကြာလိမ့်မယ်။ အခုက အချိန်ဖြုန်းနေလို့ မဖြစ်ဘူး”

ယန်းချန်က ခေါင်းညိတ်လိုက်သည်။ ဤသည်က သူ ခံစားမိသလို ဖြစ်၏။ သို့သော် သူ့အနေနှင့် သခင်လေး၏ လတ်တလော သူ့ကမ္ဘာဦးစိတ်ဝိညာဉ်အပေါ် ကျရှုံးမှုများသည် သူ့အပေါ် သက်ရောက်မှု ရှိသွားတာလားဟု သိချင်နေမိသည်။

ထို့ကြောင့် သူက စိတ်အေးမိသွားသည်။

“ ကောင်းပြီ။ တခြားသူတွေ ဝင်မလာနိုင်အောင် အစီအရင် ခင်းထားတာ ကောင်းလိမ့်မယ်” ဝမ်ဝေ့က ပြောလိုက်သည်။

အမှန်အတိုင်းဆိုရလျှင် သူက အားပါးတရ တိုက်ခိုက်လိုသော်လည်း ထိုလူများ၏ တုံ့ပြန်မှုကြောင့် အနည်းငယ် စိတ်ပျက်သွားလေသည်။ နှစ်များစွာ ကြံစည်လာပြီး အရင်းအမြစ်များစွာ သုံးလာပြီးသည့်နောက်တွင် သူတို့၏ အိပ်မက်များက ကြေမွသွားသော်လည်း သူတို့၏ တုံ့ပြန်မှုက တွက်ချက်နေဆဲ ဖြစ်၏။

မည်သူကမှ စိတ်ခံစားချက်သက်သက်ဖြင့် သူ့အား မတိုက်ခိုက်လိုကြပေ။ ဝမ်ဝေ့က ထိုအကြောင်းအရင်းသည် သူ့နောက်ခံကြောင့်သာ မဟုတ်ဘဲ ထိုလူများသည် သေခြင်းတရားကို ပို၍ ကြောက်ရွံ့ကြောင်း သိလေသည်။

အချိန်အကြာကြီး နေလာပြီးသည့်နောက်တွင် သူတို့က ကိစ္စအဝဝကို လုပ်ကိုင်ရာ၌ ပိုမိုသတိထားကာ သေခြင်းတရားကို စတင်ကြောက်ရွံ့လာကြသည်။ ဤသည်က သားရဲမွေးမြူရေး တောင်ကြားရှိ လူများ၏ ပြဿနာပင် မဟုတ်ပေ။

သူတို့ဂိုဏ်းမှ အစစ်အမှန်အုပ် ချုပ်သူတချို့လည်း ထိုသို့ဖြစ်နေကြောင်း သတိပြုမိလေသည်။

ဝမ်ဝေ့က ထိုအတွေးများကို အလျင်အမြန်ဖယ်ရှားကာ တခြားသူများ ဝင်ရောက်လာသည်ကို တားဆီးဖို့ အစီအရင် ခင်းကျင်းလိုက်သည်။

ထိုအစီအရင်က ထိုလူများနှင့် ပူးပေါင်းချိုးဖျက်သရွေ့ ပျက်စီးသွားနိုင်သော်လည်း သူတို့အား အထဲရှိ ကံအပြောင်းအလဲ အခွင့်အရေးအား ရယူနိုင်ဖို့ အချိန်အား ဆွဲဆန့်နိုင်လိမ့်မည်။

အရာအားလုံး ပြီးဆုံးသွားသည့်နောက်တွင် ဝမ်ဝေ့က ဗဟိုချက်ဆီ ဦးတည်သွားလိုက်သည်။ သူ့လမ်းတွင် နဂါးဦးချိုရှိသည့် ရုပ်သေးရုပ်များနှင့် ရင်ဆိုင်ခဲ့ရသည်။ သူက ချက်ချင်းဆိုသလို ထိုရုပ်သေးရုပ်များအား စည်းပိတ်ကာ နောက်ပိုင်းတွင် လေ့လာဖို့ သိမ်းဆည်းထားလိုက်သည်။

ထို့ကြောင့် ဝမ်ဝေ့၏ လမ်းက ထင်ထားသည်ထက် ပို၍ လွယ်ကူနေသည်။ သူက ရုပ်သေးရုပ်များသည် ထင်ထားသည်ထက် ပို၍ အားနည်းနေကြောင်း တွေ့ရှိလိုက်၏။ သူတို့အား ထောက်ပံ့ပေးထားသည့် စွမ်းအားက ပျောက်ကွယ်သွားသလိုမျိုး ဖြစ်သည်။

အစီအရင်များတွင်လည်း အတူတူသာ ဖြစ်၏။ အားလုံးက သိသိသာသာ အားလျော့ကျသွားသည်။ ထို့ကြောင့် သူတို့က နောက်ပိုင်းမှသာ လေ့လာဖို့ ဆုံးဖြတ်လိုက်ပြီး အရာအားလုံးကို အတင်းအကြပ်အားဖြင့်သာ ချိုးဖောက်သွားတော့သည်။ နောက်ဆုံးတွင် သူက လျှို့ဝှက်နယ်မြေ၏ ဗဟိုချက်သို့ ရောက်ရှိသွားပြီး အထဲကို မြင်လိုက်ရသည်။ ဤသည်က မြွေသတ္တဝါနှင့် တူပြီး ဦးချိုနှစ်ခု ရှိသည့် အရိုးများ ဖြစ်သည်။

“ ဒါက နဂါးအကြွင်းအကျန်လား”

ဝမ်ဝေ့က အံ့ဖွယ်အသိစိတ်ဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည့်အခါ ထောင်ချောက်များ ရှိမနေပေ။ ထို့နောက် သူက ထိုသတ္တဝါနားသို့ ချဉ်းကပ်သွားကာ စစ်ဆေးကြည့်လိုက်သည်။

အရေပြား သို့မဟုတ် ကြေးခွံက ပျောက်ကွယ်သွားပြီ ဖြစ်၏။ အရိုးများ၏ ပုံသဏ္ဌာန်နှင့် ကျန်ရှိနေသည့် အားကောင်းသည့် အရှိန်အဝါများအရ နဂါးဟု ပြောနိုင်ခြင်း ဖြစ်သည်။

ထိုအရှိန်အဝါက လွှမ်းမိုးမှု ပြရုံသာမက မြင့်မြတ်တော်ဝင်ဆန်မှုကိုလည်း ပြသနေသည်။ ထိုသတ္တဝါက မိုးမြေ၏ မျက်နှာသာအပေးခံရသည့် သားတော်အလား ဖြစ်၏။ ထိုအရာက မွေးဖွားကတည်းက မြင့်မြတ်လာသည့်အလား သက်ရှိအားလုံးက ထိုအရာကို လေးစားသင့်ပေသည်။

အကယ်၍ သာမန်ကျင့်ကြံသူသာ ဖြစ်နေပါက သူတို့သည် ထိုအကြွင်းအကျန်များအနား ချဉ်းကပ်ရဲမည် မဟုတ်ပေ။

ထိုစဉ်ဝမ်ဝေ့က နဂါးအရိုးများကို သေချာကြည့်ရှုနေသည်။ သူ့ အတိတ်ဘဝတွင် နဂါးများက ဝတ္ထုအများစုတွင် သာမန်တွေ့နေကြ သက်ရှိများသာ ဖြစ်၏။ ဇာတ်လိုက်အများစုက မိမိုက်နေဖို့အတွက် နဂါးစွမ်းရည်တချို့ သို့မဟုတ် နဂါးမျိုးနွယ်မှ မင်းသမီးကို လက်ထပ်ခြင်း သို့မဟုတ် နဂါးသွေးမျိုးဆက်ကို သူတို့၏ ခန္ဓာကိုယ်အတွင်း စုပ်ယူကာ သူတို့၏ အင်အား သို့မဟုတ် ပါရမီကို မြှင့်တင်ခြင်းများ ရှိတတ်ကြသည်။

ဝမ်ဝေ့အတွက် ကံဆိုးသည်က သူ နေထိုင်သည့်ကမ္ဘာတွင် နဂါးများ မရှိတော့ပေ။ သူတို့ ပျောက်ကွယ်သွားသည်မှာ နှစ်သန်းထောင်ချီ ကြာမြင့်နေပြီဖြစ်၏။ သူ ဝူဟုန်ဆီမှ ရရှိထားသော သတင်းအချက်အလက်အရ နဂါးနှင့် ဇာမဏီကဲ့သို့သော ပင်ကိုသက်ရှိများက ဒိုင်မေးရှင်းအနိမ့်သို့ ထွက်သွားကြပြီး အဆင့်တက်လှမ်းသွားကြသည်ဟု ဆိုသည်။

အကယ်၍ သူသာ အစစ်အမှန်ကို တွေ့လိုလျှင် မဟာဧကရာဇ်ဖြစ်လာပြီး အဆင့်တက်လှမ်းသည်အထိ စောင့်စားမည်။ ထို့ကြောင့် သူက နဂါးကို ပထမဆုံးအကြိမ် မြင်ရသည့်အတွက် အရိုးပင်ဖြစ်နေစေကာမူ စိတ်လှုပ်ရှားနေမိသည်။

ထို့နောက် သူက စစ်ဆေးကြည့်ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်မိသည်။

“ နဂါးရဲ့ စွမ်းအားအများစုက အချိန်ကြာလာတော့ ပျောက်ဆုံးသွားပြီ။ ကျောရိုးတစ်ခုပဲ ခြွင်းချက်ကျန်တယ်။”

ထို့နောက် သူက အရိုးကို ထိလိုက်သည်။

“ မာကြောမှုက ဧကရာဇ်တစ်ပိုင်း အသုံးအဆောင်ကို လုပ်ဖို့အတွက် လုံလောက်တယ်။ ဧကရာဇ်လက်ထဲမှာဆိုရင် သူတို့က ဧကရာဇ်အသုံးအဆောင် လက်နက်တောင် ဖြစ်လာနိုင်တယ်။ ကျွန်တော်အတွက်ကတော့ ဒီအရိုးကို အသုံးပြုပြီး မကောင်းဆိုးဝါးနတ်ဘုရားခန္ဓာ ဆင့်ကဲခြင်း၁၂မျိုး ကျင့်စဉ်ကို ကျင့်ကြံတာ အကောင်းဆုံးပဲ။ ဒီအရိုးနဲ့ဆိုရင် ပထမဆင့်ကဲမှုအနည်းငယ်ကိုတော့ အလျင်အမြန် ကျင့်ကြံနိုင်လိမ့်မယ်။

မဟုတ်သေးဘူး။ အနည်းဆုံးတော့ ဆင့်ကဲပြောင်းလဲမှု သုံးခုလောက်အထိ ကျင့်ကြံနိုင်လောက်တယ်”

ဝမ်ဝေ့က ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်ပြီး အရိုးကို သိုလှောင်လက်စွပ်အတွင်း ထည့်သိမ်းဖို့ ပြင်လိုက်သည်။ သို့သော်လည်း သူ မသိမ်းနိုင်ခင် အာကာပြင် လှုပ်ခတ်မှုကို ခံစားမိလိုက်သည်။

ထို့နောက် သူက အထွတ်အထိပ်အဆင့် လေဟာနယ်ပိတ်ဆို့ခြင်းအဆောင်ကို ချက်ချင်းဆိုသလို ထုတ်ကာ အသက်သွင်းလိုက်သည်။ ထိုအဆောင်စာရွက်က လေဟာနယ် တုန်ခါမှုနေရာသို့ ပျံသန်းသွားကာ အားကောင်းသည့် လှိုင်းအားတစ်ခု ထွက်ပေါ်လာပြီး ဖြတ်သန်းလာသည့်အရာကို တားဆီးဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း အနည်းငယ် နောက်ကျသွားလေသည်။

သူမ၏ နဖူးအထက် မီးတောက်ပုံစံ ပါရှိသည့် မိန်းမလှတစ်ဦးက လေဟာနယ်ထဲမှ ဖြတ်လျှောက်လာသည်။

All Chapters