မတော်တဆများသည် အမြဲ ဖြစ်ပျက်နေသည်
Vol. 09 Ch. 416
နေရာတိုင်းတွင် ဝံပုလွေအသေများကို တွေ့ရသဖြင့် လူတိုင်း အံ့ဩသွားကြကာ ထန်ရှုကို စူးစူးရဲရဲ စိုက်ကြည့်မိကြသည်။ သက်တော်စောင့်ရှစ်ဦးသည် မူလက သူတို့၏ကွန်ဖူးစွမ်းရည်သည် အလွန်ကောင်းမွန်သည်ဟု ထင်မြင်ခဲ့သော်လည်း နောက်ဆုံးတွင် သူတို့နှင့် ထန်ရှုအကြား ကွာဟမှုသည် ကောင်းကင်နှင့်မြေကြီးကဲ့သို့ပင် ကွာခြားကြောင်း သိရှိလာခဲ့ပြီဖြစ်သည်။
မီးပုံပွဲသည် အရှိန်ညီးညီး တောက်လောင်နေပြီး အသားကင်၏အရောင်အဆင်း တောက်ပြောင်လာကာ မွှေးရနံ့သည် လေထဲတွင် လွင့်ပျံ့လွင့်နေသည့်တိုင် တစ်ဦးတစ်ယောက်မှ မစားချင်ကြချေ။ လူတိုင်း၏ အံ့သြတုန်လှုပ်နေသောအမူအရာအောက်တွင် ထန်ရှုသည် သူ၏စိတ်ဝိညာဉ်အာရုံအား အဆက်မပြတ်ထုတ်လွှတ်ထားကာ ချဉ်းကပ်လာသောဝက်ဝံကို စောင့်ကြည့်နေသည်။
"လာနေပြီ။" ထန်ရှု ရုတ်တရက် ပြောလိုက်ရာ လူတိုင်း လန့်သွားကြသည်။
"ဘာ လာနေတာလဲ။" လီလောင်ရှန်းက အသိစိတ်ကင်းမဲ့စွာ မေးသည်။
သို့သော်လည်း သူပြောနေစဉ်တွင်ပင် ကြောက်မက်ဖွယ်ကောင်းသော ဝက်ဝံနက်ကြီးတစ်ကောင်သည် သူ၏မြင်ကွင်းရှေ့တွင် ထွက်ပေါ်လာသည်။ ထိုအချင်းအရာသည် လူတိုင်းကို တုန်ရီသွားစေခဲ့သည်။
ကျိရှီယန်သည် အလိုလို နောက်ဆုတ်လိုက်မိရင်း ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားကာ ချက်ချင်း အော်လိုက်သည်။
"ပစ်…"
ချက်ခြင်းပင် သက်တော်စောင့်နှစ်ဦးသည် ငေးကြောင်နေရာမှ ရုတ်တရက် အသိဝင်လာပြီး ခါးမှ သေနတ်များကို ဆွဲထုတ်ကာ စက္ကန့်မဆိုင်းဘဲ ပစ်လိုက်သည်။ အနက်ရောင်ပြောင်းဝများမှ မီးပွင့်များ ထွက်လာသည်။ ဝက်ဝံနက်ကြီးသည် မြေပြင်ပေါ်သို့ ဗိုင်းကနဲ လဲကျသွားပြီး အကြောများဆွဲကာ သေဆုံးသွားတော့သည်။
ထန်ရှုသည် သူ၏စိတ်ဝိညာဉ်အာရုံကို ပြန်ရုတ်သိမ်းလိုက်ပြီး လီလောင်ရှန်းကို ကြည့်ကာ အပြုံးဖြင့် ပြောသည် ။
“ဖက်တီးလီ ပြသနာတွေကိုတော့ ရှောင်ပြီးသွားပြီ။ အသားကင်မပြီးသေးရင် ဆာတေးကင်လုပ်ရမှာပေါ့။”
ထိတ်လန့်တုန်လှုပ်နေသော လီလောင်ရှန်းသည် မီးပုံပွဲဆီသို့ ရုတ်ခြည်းပင် ပြေးတက်သွားသည်။ အသားကင်ကို လှည့်လိုက်ရင်း
“ညီအစ်ကိုထန် … ဒီဖက်တီးလီက မင်းရဲ့အစွမ်းအစကို ဒီနေ့ မြင်ခဲ့ပြီ။ သောက်ကျိုးနည်းကို မင်းက အရမ်း အစွမ်းထက်တာပဲ။ အံ့သြဖို့ကောင်းတယ်။ မင်း ငါ့ကို နောက်ဆို ညွှန်ပြပေးရမယ်။ ငါက မနှိပ်ကွပ်နိုင်တဲ့ ပညာရှင်တစ်ယောက် ဖြစ်မလာနိုင်ပေမယ့် ချင်ချန်းတောင်ကိုသွားပြီး အဲဒီငတိကို အကြိမ်အနည်းငယ် ရိုက်လို့ရရင်ကို သောက်ကျိုးနည်း ပျော်စရာကောင်းမှာဟ။"
"ဟေး … ကွန်ဖူးမသင်ခင် ခင်ဗျားရဲ့ဗိုက်ကြီးကို အရင်ချဖို့ ကျွန်တော် ပြောထားတယ်လေ။"
ထန်ရှုက ပြုံးယောင်ယောင်ပြုသည်။
"အာ … ကိုယ်အလေးချိန်ချဖို့ မလွယ်ဘူးဆိုတာ မင်းသိလား။"
လီလောင်ရှန်းက အားတင်းပြုံးရင်း
“နှစ်ပေါင်းများစွာ ကြိုးစားနေပေမယ့် အိပ်ပျော်နေတုန်း သေတော့မယ့်အတိုင်းပဲ။ ဒီပါးစပ်ကြီးကြောင့်ပါကွာ။ မစားနိုင်ဘူးရယ်လို့ မရှိဘူး။ ဟူး … မေ့လိုက်တော့ကွာ။ ငါ့ရဲ့ကွန်ဖူးက မင်းလောက် မကောင်းပေမယ့် ဒေသခံလူမိုက်တချို့ကို အနိုင်ယူဖို့ လုံလောက်တယ်။ ဒီလောက်ဆိုရင်လည်း တော်ပါပြီ။”
ထန်ရှုက ရယ်လိုက်ပြီး "ကောင်းပြီ။ ရှန်းနန်တောင်က ထွက်ပြီးရင် ခင်ဗျားရဲ့ကျောက်ကပ်ကို ကုသဖို့ ဆေးစာပေးမယ်။ အသက် ၄၀ကျော်သွားရင် ကျောက်ကပ်အားနည်းတာ မကောင်းဘူး။"
ကျောက်ကပ်အားနည်းနေတာလား….
လီလောင်ရှန်းသည် တခဏမျှ ကြက်သေ သေသွားပြီး ရုတ်တရက် ရှက်ရွံ့သွားရသည်။ သက်တော်စောင့်များနှင့် မိန်းမလှလေး ကျိရှီယန်သည် လီလောင်ရှန်းအား ထူးဆန်းသည့် အမူအရာများဖြင့် ကြည့်လိုက်ကြသည်။
(Charm Ming Nge - သည်နေရာတွင် ကျောက်ကပ်အားနည်းနေသည်ဆိုတာ ကျောက်ကပ်ရောဂါကို ဆိုလိုတာမဟုတ်ဘဲ ကျားသဘာဝအားနည်းတာကို ဆိုလိုသည်။)
"ဒါပဲလေ … အသားကင်ရပြီဟေ့။"
သည်ရှက်ရွံ့မှုကနေ သူ့ကိုယ်သူ ရုန်းထွက်ဖို့အတွက် လီလောင်ရှန်းက သူ၏နှာခေါင်းကို အမြန်ကိုင်ပြီး အော်ပြောလိုက်သည်။
အားလုံးက အပြုံးမပျက်ဘဲ မီးပုံပွဲဆီသို့ အမြန် ဝိုင်းလာကြသည်။ သူတို့သည် လီလောင်ရှန်း အသားများကို ပိုင်းဖြတ်ခွဲဝသေည်ကို စောင့်ကြည့်နေကြပြီး အသားများ လက်ခံရရှိသောအခါ စတင်စားသောက်ကြသည်။
အသားကင်နှင့်တွဲစားပါက အလွန်လိုက်ဖက်ညီသော နတ်ဘုရားဝတ်ရည်ဝိုင်အား သူ၏သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူချင်သော်လည်း ထန်ရှုသည် သိုလှောင်လက်စွပ်၏ လျှို့ဝှက်ချက်အား မဖော်ထုတ်ချင်ပါ။
နောက်တစ်နေ့မနက်တွင် လူအားလုံးသည် တဲများကို ဖျက်သိမ်းပြီး ပစ္စည်းများ ပြန်လည် စုစည်းထုပ်ပိုးပြီးသည်နှင့် ခြေလျင်တောင်တက်ခရီး ဆက်ခဲ့ကြသည်။ ဝံပုလွေများနှင့် ဝက်ဝံနက်တို့၏ အလောင်းများကို သယ်မသွားနိုင်သောကြောင့် ထားခဲ့ခြင်းသာ တတ်နိုင်ပေသည်။
သို့သော် မိနစ်၂၀ကျော်ကြာ ခြေလျင်ခရီးဆက်ပြီးနောက် ထန်ရှုသည် အညစ်အကြေး ရှင်းရန် အကြောင်းပြကာ စခန်းဆီသို့ အမြန်ပြန်သွားပြီး ဝံပုလွေများနှင့် ဝက်ဝံနက်ကြီးအား သူ၏သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။
နောက်ခရီးစဉ်သည်လည်း အန္တရာယ်အပြည့် ဖြစ်သည်။ နှစ်နာရီကျော်ခန့် ခရီးဆက်ပြီး စိမ့်မြေဆီသို့ ရောက်လာကြသည်။ ထန်ရှုသည် စိမ့်မြေထဲသို့ နစ်ဝင်သွားသော သက်တော်စောင့်နှစ်ယောက်အား လျင်မြန်စွာ လှုပ်ရှားကာ အကူအညီ ပေးနိုင်ခဲ့သောကြောင့် ကံကောင်းသည်ဟု ဆိုရချိမ့်မည်။ ထို့နောက် ထန်ရှုတို့အဖွဲ့သည် အဆိပ်ရှိသော စိမ့်တွင်းကို ဖြတ်သွားစဉ်တွင် အုပ်စုတွင်းမှ အချို့လူများသည် အဆိပ်သင့်သည့် လက္ခဏာများ ပြလာကြသည်။ ကံကောင်းစွာဖြင့် ထန်ရှုသည် ဆေးပညာကို တတ်မြောက်ထားတာကြောင့် ထိုသူများကို ကုသပေးနိုင်ခဲ့ပြီး နောက်ဆုံးတွင် ပြန်လည်ကောင်းမွန်လာနိုင်ခဲ့သည်။
တောင်ပေါ်ကို တက်ကြသည့်အခါတွင်တော့ လူတိုင်းသည် သားရိုင်းတိရိစ္ဆာန်မျိုးစုံနှင့် အဆက်မပြတ် ရင်ဆိုင်ရတော့သည်။
အချို့သော သားရိုင်းတိရစ္ဆာန်များသည် အချိန်ကြာမြင့်စွာ အသက်ရှင်နေထိုင်လာခဲ့ခြင်းကြောင့် ရိုးရှင်းသော ဉာဏ်ရည်ကို ပိုင်ဆိုင်ကြသည်။ ထို့ကြောင့် သူတို့၏ အရှိန်နှင့် ခွန်အားတို့သည် အဆင့်နိမ့် မိစ္ဆာသားရဲတိရစ္ဆာန်များနှင့် တန်းတူ ဖြစ်သည်။ ထန်ရှုသည် အကြိမ်တိုင်း လှုပ်ရှားသော်လည်း သက်တော်စောင့်များသည် ဒဏ်ရာအချို့ ရရှိနေဆဲဖြစ်သည်။ လီလောင်ရှန်း၏ ပြည့်ဖောင်းနေသော အောက်ပိုင်းသည်ပင် စင်တီမီတာ အနည်းငယ်ရှည်သော ကျားသစ်တစ်ကောင်၏ ထက်ရှသော ခြေသည်းများကြောင့် စုတ်ပြတ်သွားရသည်။
တစ္ဆေဘုရင်တောင်ကြားတွင် …
နက်ရှိုင်းလှသော တောင်ကြားချိုင့်ဝှမ်းကြီးသည် တောင်တန်းကြီးသုံးခု၏အလယ်တွင် တည်ရှိပြီး တစ်နှစ်ပတ်လုံး မြူခိုးများ ဖုံးလွှမ်းလျက် ရှိသည်။
တစ်မီတာ သို့မဟုတ် နှစ်မီတာအမြင့် ရှိသော ချုံပုတ်များသည် ဆူးရိုင်းများပြည့်သိပ်လျက် နေရာအနှံ့ ပြန့်ကျဲနေပြီး တောင်တန်းသည်လည်း မတ်စောက်ကာ ကျောက်တုံးကျောက်ဆောင်များဖြင့် ပြည့်နှက်နေသည်။ ဤနေရာသို့ ဝင်ရောက်ရာတွင် ဓားရှည်ဖြင့် ချုံရှင်းကာ လမ်းကြောင်းဖွင့်ဝင်ရောက်သော်လည်း သတိမမူမိပါက လေဟာနယ်ပေါ်သို့ နင်းမိကာ မီတာများစွာနက်သော ဂူထဲသို့ ကျသွားနိုင်ပေသည်။
“မစ္စတာ ထန် … တစ္ဆေဘုရင်တောင်ကြား အကွာအဝေးထဲကို ခရီးမဆက်ကြရအောင်။ အခုက မှောင်လာပြီ။ ငါတို့တွေ ဒီမှာ တဲအရင်ထိုးပြီး နားတာက ပိုကောင်းမယ်ထင်တယ်။ မနက်ပိုင်းကျမှ ရှာဖွေတာ လုပ်သင့်တယ် မထင်ဘူးလား။”
ကျိရှီယန်သည် ထန်ရှုအား အမြင်မကပ်တော့ဘဲ ယခုတော့ သူ့အား နက်နက်ရှိုင်းရှိုင်း ကြည်ညိုနေပြီဖြစ်သည်။
သူမသည် ကျောင်းတက်စဉ်ကာလက တိုက်ကွမ်ဒို အားကစားသမားတစ်ဦး ဖြစ်သည်။ သို့သော် သည်စွန့်စားခရီးစဉ်တွင် ထန်ရှု ပြသခဲ့သော ခွန်အားသည် သူမအား အတော်ပင် အထင်ကြီးသွားစေခဲ့သည်။ ထန်ရှု အကြိမ်ကြိမ်သာ လှုပ်ရှားခဲ့ခြင်းသာ မဟုတ်ပါက သူမသည် သားရဲ၏ ခြေသည်းများအောက်တွင် သေဆုံးသွားခဲ့ပြီ ဖြစ်ပေလိမ့်မည်။
ထန်ရှုသည် တခဏမျှ တိတ်ဆိတ်သွားပြီး ခေါင်းယမ်းကာ ဖြည်းညှင်းစွာ ပြောသည်။
“ဒီနေရာက စခန်းချဖို့ ရွေးတာမကောင်းဘူး။ အဲ့ဒါက တစ္ဆေဘုရင်တောင်ကြား အကွာအဝေးထဲမှာ ရှိနေပြီးသား။ ဒီသားရိုင်းတိရိစ္ဆာန်တွေကို ခင်ဗျား အရင်က တွေ့ခဲ့ပြီးပြီ။ ဒီနေရာမှာ သူတို့တွေ အများကြီးရှိပြီး အရမ်းသန်မာတယ်။ ကျွန်တော်တို့ ဒီမှာနေမယ်ဆိုရင် သားရိုင်းတိရစ္ဆာန်တွေရဲ့ တိုက်ခိုက်မှုကို တစ်ညလုံး ကာကွယ်နေရမှာစိုးတယ်။”
"ဒါဆို ငါတို့ ဘာလုပ်သင့်လဲ။ ငါတို့ တစ္ဆေဘုရင် တောင်ကြားထဲကို ဝင်လိုက်ရင် အနားယူဖို့ အချိန်မရှိမှာကို ငါ စိုးထိတ်မိသား။ နောက်ပြီး ဘေးပတ်ဝန်းကျင်က ငါတို့အတွက် အန္တရာယ် ပိုများလိမ့်မယ်။”
"ဂူတစ်လုံးကို ရှာကြည့်ရအောင်။ ကျွန်တော်တို့ ယာယီနေမယ့်ဂူကို အနီးနားမှာ လှည့်ပတ်ရှာဖွေဖို့ အုပ်စုသုံးစုခွဲ လိုက်မယ်။ ဂူထဲမှာ နေရတာက အများကြီး မလုံခြုံပေမယ့် အပြင်မှာအိပ်တာထက် ပိုလုံခြုံပါတယ်။”
“ဒီမှာ ဘယ်လို လိုဏ်ဂူတွေ ရှိနိုင်သလဲ။” ကျိရှီယန်က အားတင်းပြုံးပြသည်။
"အတွင်းရေးမှူး ကျိ … မင်း အရင်က ပြောဖူးတယ် မဟုတ်လား။ တစ္ဆေဘုရင် တောင်ကြားကို လူပေါင်းများစွာ ရောက်လာပေမယ့် ဘယ်သူမှ မပြန်နိုင်ကြဘူးဆိုတာလေ။ သူတို့လည်း ငါတို့လို အခြေအနေမျိုး ကြုံကြတာဖြစ်မယ်။ အဲ့ဒါကြောင့် သူတို့က အနီးနားမှာ လှိုဏ်ဂူတစ်ခု တူးကြလောက်မယ်။ ညီအစ်ကိုထန် ပြောတာ နားထောင်ပြီး လိုဏ်ဂူကို ရှာပါ။" လီလောင်ရှန်းက တုန်လှုပ်စွာ ပြောလိုက်သည်။
“ကောင်းပြီ။”
ကျိရှီယန်က ပြန်ပြောပြီး သက်တော်စောင့်များနှင့်အတူ လိုက်လံရှာဖွေတော့သည်။ မကြာခင်တွင် အံ့အားသင့်စရာသတင်း ရလာခဲ့သည်။ သက်တော်စောင့် ၃ယောက်ပါသော အဖွဲ့တစ်ဖွဲ့သည် မီတာ ၇၀၀ - မီတာ ၈၀၀ ခန့်အကွာရှိသော နေရာတစ်ခုတွင် လှိုဏ်ဂူတစ်ခုအား တွေ့ရှိခဲ့သည်။ ဂူ၏ဝင်ပေါက်သည် မကျယ်ဝန်းဘဲ ပေါင်းပင်များဖြင့် ဖုံးအုပ်နေသည်။ သက်တော်စောင့်တစ်ယောက်က ဆီးသွားချင်သောကြောင့် ချုံတိုးရင်းဖြင့် ရှာတွေ့လာကြခြင်းဖြစ်သည်။
“ဂူက အရမ်းသေးတယ်။ လူငါးယောက်ပဲ နေလို့ရမယ်။”
ထန်ရှုတို့အဖွဲ့သည် ဂူကို စစ်ဆေးပြီးနောက်တွင် နေရာကျဉ်းသော ပြဿနာအား တွေ့ရှိခဲ့ပြီး ချက်ချင်းပင် စိတ်ပျက်သွားကြသည်။
“ဂူက နေရာလုံလုံလောက်လောက် မကျယ်ဘူး။ ကျွန်တော်တို့ ခဏနားပြီး စတူးကြမယ်။”
ထန်ရှုက မျက်လုံးစွေကြည့်ကာ ပြောလိုက်သည်။
“နာရီအနည်းငယ်အတွင်းမှာ ကျွန်တော်တို့ နေရာကို နှစ်ဆတိုးရမယ်။ ပြီးရင် ဂူအတွင်းမှာ တခြားလူတွေ အနားယူတုန်း ကျွန်တော်တို့ထဲက ငါးဦးက အပြင်မှာ ညစောင့်နေရလိမ့်မယ်။ လူတိုင်း အလှည့်ကျ စောင့်ပြီး သတိရှိရှိနေကြရင် ဒီညကို ဘေးကင်းကင်းနဲ့ ဖြတ်ကျော်နိုင်မှာပါ။”
"ဒါပေမယ့် ငါတို့မှာ တူးဖို့ကိရိယာမရှိဘူး မစ္စတာထန်…" သက်တော်စောင့်က ခါးသီးစွာ ပြုံးလိုက်သည်။
“ငါတို့မှာ ရှိမယ်ထင်တယ်။ ခင်ဗျားတို့ရဲ့ ကျောပိုးအိတ်တွေထဲမှာ တူးရွင်းနှစ်ချောင်းလောက် မရှိဘူးလား။ အခြားသူတွေဆီမှာ ဓားမြှောင်တစ်ချောင်းစီ သယ်လာကြတယ်ဆိုရင် သုံးလို့ ရပြီလေ။"
“ဒါ… ကောင်းပြီ…”
ထန်ရှု၏စကားအတိုင်း လူတိုင်းသည် လှိုဏ်ဂူနေရာ ချဲ့ရန် စတင်တူးဆွကြသည်။ နှစ်နာရီကျော်ကြာသော် လှိုဏ်ဂူသည် နောက်ဆုံးတွင် ကျယ်လာပြီး တစ်ချိန်တည်းတွင် လူရှစ်ဦးကို တစ်ပြိုင်နက်တည်း ထားရှိရန် အခက်အခဲမဖြစ်တော့ချေ။
….ဝေါင်း…
လူတိုင်းသည် ဂူပေါက်ဝတွင် နွမ်းလျစွာ ထိုင်ရင်း အမောတကော အသက်ရှုနေကြသော အခိုက်အတန့်တွင် သားရဲတစ်ကောင်၏ ဟိန်းဟောက်သံသည် အပြင်ဘက်တွင် ထွက်ပေါ်လာသည်။
“သေနတ်ကိုင်ထားတဲ့သူတွေက ဂူဝင်ပေါက်ကို စောင့်ပါ။ ကျန်တဲ့သူတွေက ဂူထဲကို ဝင်ကြတော့။ သားရဲရဲ့အော်သံက အရမ်းကျယ်လွန်းတယ်။ ခင်ဗျားတို့ နေရာတကျဖြစ်ပြီးရင် ကျွန်တော် တစ်ချက် သွားကြည့်လိုက်ဦးမယ်။”
ထန်ရှုသည် ကျယ်လောင်စွာ မာန်သွင်းလိုက်ပြီး အသံထွက်လာရာဘက်သို့ ဦးတည်ပြေးသွားတော့သည်။
သူ၏ကနဦးအရှိန်သည် မမြန်ဆန်သော်လည်း လူတိုင်း၏ မြင်ကွင်း မှ ကွယ်သွားချိန်တွင် ချက်ချင်းပင် အရှိန်မြင့်တက်သွားတော့သည်။ တောတောင်များအကြား လျှောက်သွားနေသည့် တစ္ဆေတစ်ကောင်အလား ဖြစ်တော့သည်။ မိနစ်အနည်းငယ်အကြာတွင် သူ၏ပုံရိပ်သည် ခြုံပုတ်တစ်ခုအတွင်း ပေါ်လာခဲ့သည်။ ထို့နောက် နှင်းကဲ့သို့ဆွတ်ဆွတ်ဖြူသောခွာလေးခုပါသည့် ကြံ့နက်နှင့်တူသော မိစ္ဆာသားရဲတစ်ကောင်ကို သူသည် ချုံပုတ်အပေါက်ငယ်လေးများကြားမှ တွေ့လိုက်ရသည်။
ကြံ့နက်နှင့်တူသည့် မိစ္ဆာသားရဲသည် ၃ မီတာမြင့်ပြီး ပန်းကန်လုံးတစ်လုံးအရွယ်ကြီးမားသောမျက်လုံးများ၊ ဦးခေါင်းထက်တွင် ၂၀စင်တီမီတာကျော် အရှည်ရှိသည့် ဦးချိုတို့ ပါရှိသော သားရဲကြီးဖြစ်သည်။ ထိုမိစ္ဆာသားရဲသည် ၎င်းအား အဆက်မပြတ် ဟိန်းဟောက်နေသည့် နှစ်မီတာနီးပါး အမြင့်ရှိသော ကျားဖြူ ၃ကောင်အား ရင်ဆိုင်နေရသည်။ ၎င်းတို့သည် ထိုမိစ္ဆာသားရဲအား အချိန်မရွေး တိုက်ခိုက်ရန်အသင့် ဖြစ်နေသည်။
… ဒီကြံ့နက်နဲ့တူတဲ့ မိစ္ဆာသားရဲက အဆင့်မြင့် မိစ္ဆာသားရဲတစ်ကောင်ဆိုတာ သေချာတယ်။ သူ့ရဲ့ ခွန်အားက ငါ့ထက် မနိမ့်ကျဘူး။ နောက်ပြီး အဲ့ဒီကျားဖြူသုံးကောင်ကလည်း အတော် စွမ်းအားကြီးတဲ့အကောင်တွေ ဖြစ်လိမ့်မယ်။ နို့မဟုတ်ရင် ဒီကြံ့နက်နဲ့တူတဲ့ မိစ္ဆာသားရဲက သူတို့ကို တိုက်ခိုက်သတ်ဖြတ်ပြီးတာ ကြာလောက်ပြီ…
ထန်ရှုသည် ချုံပုတ်ထဲတွင် ပုန်းနေရင်း တိတ်တဆိတ် တွေးတောနေသည်။
သို့သော် ယခုအချိန်တွင်မူ သူသည် ကြောက်ရွံ့ခြင်း အလျဉ်းမရှိပေ။ သည်ကြံ့နက်နှင့်တူသော မိစ္ဆာသားရဲသည် အလွန် အစွမ်းထက်နိုင်သော်လည်း ကောင်းကင်ဘုံလှိုဏ်ဂူအတွင်းရှိ မီးချီလင်နှင့် နှိုင်းယှဉ်မည်ဆိုပါက အားနည်းပေသည်။
…ငါနဲ့တခြားသူတွေ နတ်ဆိုးပြန်လည်ရှင်သန်မြက်ပင်ကို ဘေးကင်းကင်း ရှာနိုင်အောင် အဲ့ဒီကောင်တွေ အချင်းချင်း သတ်ဖြတ်ကြရင် ကောင်းမယ်။ ဒီလိုမှမဟုတ်ရင် တစ္ဆေဘုရင်တောင်ကြားရဲ့ အနက်ပိုင်းထဲကို ငါက တိတ်တဆိတ် ဆင်းသွားနိုင်ပေမယ့် တခြားသူတွေက ဝင်နိုင်မှာ မဟုတ်ဘူး။ ဒီလိုသားရဲတွေ သူတို့တွေကို ရှာတွေ့လိုက်တာနဲ့ သူတို့အတွက် သေခြင်းတရားက အဆုံးသတ် ဖြစ်သွားမှာပဲ…
ထန်ရှုသည် သူ့ဦးနှောက်အား ခဏအလုပ်ပေးကာ တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။ မြေပြင်မှ လက်မအရွယ် ကျောက်တုံးတစ်တုံးအား တိတ်တဆိတ် ကုန်းကောက်လိုက်ပြီးနောက် အခြားတစ်ဖက်သို့ အသံမကြားအောင် လှည့်လိုက်သည်။ သူ၏အသက်ရှုသံ နှင့် အော်ရာအား ထိန်းချုပ်ထားပြီး ကျောက်တုံးအား ထိုသားရဲများဆီသို့ ပစ်လိုက်သည်။
သူယူလိုက်သောနေရာသည် အလွန်ကောင်းသည်။
ကျောက်တုံးကို ပစ်လိုက်စဉ် သူသည် ကျားဖြူသုံးကောင်၏ အနောက်ဘက်တွင် ရှိနေခဲ့သည်။
သို့သော်လည်း ကျောက်တုံးသည် ကြံ့နက်နှင့်တူသော သားရဲအား ပြင်းထန်စွာ မထိမှန်သွားခင် ကျားဖြူတစ်ကောင်၏ ခန္ဓာကိုယ်အား ခြစ်သွားပြီးမှ
…ဝေါင်း…
ကြံ့နက်နှင့်တူသော မိစ္ဆာသားရဲနှင့် ကျားဖြူသုံးကောင်တို့ ခေါင်းလှည့်လိုက်သည့် အခိုက်အတန့်တွင် ကျောက်တုံးသည် သားရဲ၏နဖူးအား ပြင်းထန်စွာ ထိမှန်သွားသည်။ သားရဲသည် ချက်ချင်းပင် ဒေါသထွက်သွားပြီး မြေပြင်ထက်တွင် နှင်းဖြူရောင် ခွာလေးဖက်စုံချကာ ကျားဖြူသုံးကောင်ဆီသို့ တစ်ဟုန်ထိုး ပြေးသွားတော့သည်။ ၎င်း၏အမြန်နှုန်းသည် အလွန်မြန်ဆန်ပြီး ခွန်အားအပြည့် ဖြည့်ထားသောအခါ ထန်ရှု၏အရှိန်ထက်ပင် ပိုမိုမြန်ဆန်သွားတော့သည်။
***