← Chapters

ထွက်ပြေးခြင်း

Vol. 09 Ch. 418

ထွက်ပြေးခြင်း

Vol. 09 Ch. 418

လျှပ်စီးသင်္ကေတများနှင့်မီးတောက်သင်္ကေတများ၏ ပေါက်ကွဲသံများက အဆင့်နိမ့် မိစ္ဆာသားရဲ ဒါဇင်များစွာအား မိုးကြိုးမုန်တိုင်းအတွင်း ရောက်သွားသော ဘဲများသဖွယ် ထိတ်လန့်စေခဲ့ပြီး နေရာအနှံ့ ထွက်ပြေးသွားကြကုန်သည့်အပြင် များစွာသော မိစ္ဆာသားရဲများသည်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိကာ မြေပြင်ပေါ်သို့ လဲကျခဲ့သည်။

ဂူထဲသို့ အပြေးဝင်လာတော့မည့် ဧရာမစပါးအုံးမြွေကြီးနှစ်ကောင်သည်လည်း ထိုအခိုက်အတန့်တွင် ၎င်းတို့၏နောက်ကွယ်မှ ပုံမှန်မဟုတ်သော အခြေအနေ ရှိနေသည်ကို သဘောပေါက်သွားခဲ့ပြီး ၎င်းတို့၏ အေးစက်သော မျက်လုံးများက ကြည့်ရှုစပြုလာသည်။ ထိုမြွေကြီးများသည် ခေတ္တရပ်တန့်လိုက်ပြီးနောက် အခြေအနေမှန်ကိုသိသည်နှင့် ထွက်ပြေးသွားကြသည်။

မီးသည် ၎င်းတို့အတွက် ပြေးမလွတ်နိုင်သော ဘေးဆိုး ဖြစ်သည်။

ထိုအချိန်တွင် ဂူအတွင်း၌ ရှိနေသော လီလောင်ရှန်းနှင့် ကျိရှီယန်တို့အပြင် သက်တော်စောင့်နှစ်ဦးသည်လည်း အပြင်ဘက်မှ မြင်ကွင်းကို မြင်တွေ့ခဲ့ရသည်။ ၎င်းတို့သည် မူလက ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုကြောင့် ထိတ်လန့်တုန်လှုပ်ခဲ့ကြသော်လည်း လျှပ်စီးတန်းများနှင့် ပြင်းထန်သော မီးတောက်များက သူတို့အား ကျောက်ရုပ်သဖွယ်ဖြစ်စေကာ တုံ့ဆိုင်းသွားစေသည်။

…ဘာတွေဖြစ်နေတာလဲ။ လျှပ်စီးတန်းတွေနဲ့ မီးတောက်တွေက ဘယ်ကနေ ပေါ်လာတာလဲ။…

ထိုအချိန်တွင် ထန်ရှုသည် နောက်ဆုံးတွင် ဂူဝင်ပေါက်ထဲသို့ ရိပ်ကနဲ ပြေးဝင်သွားသည်။ သူ၏မျက်ဝန်းအစုံသည် လေးနက်အေးစက်နေပြီး ဂူအတွင်းမှ လူလေးယောက်အား အော်ပြောလိုက်သည်။

"အားလုံးထားခဲ့ပြီး ကျွန်တော်နဲ့ အခုချက်ချင်း လိုက်ခဲ့လိုက်တော့။ ချီးပဲ ... များပြားလိုက်တဲ့ သားရဲကောင်တွေ။ ကျွန်တော် အကုန်လုံးကို မသတ်နိုင်သလို ခင်ဗျားတို့ကို ကာကွယ်ဖို့လည်း ဒီမှာနေလို့မရဘူး။"

"ထန်ရှု…"

"ညီအစ်ကိုထန်"

ကျိရှီယန်နှင့် လီလောင်ရှန်းတို့သည် ထန်ရှုမှန်း သိသွားသောအခါ ဝမ်းသာအားရ အော်ခေါ်လိုက်သည်။

"စကားတွေ ပြောမနေကြနဲ့တော့။ ဂူထဲကထွက်ပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့။ လွတ်မြောက်ဖို့က တစ်နည်းပဲ ရှိတယ်။ ကျွန်တော်တို့ လွတ်မြောက်နိုင်မလား မနိုင်ဘူးလားဆိုတာကတော့ ကံပဲ။" ထန်ရှု ကျယ်လောင်စွာ အော်ပြောလိုက်သည်။

လီလောင်ရှန်၊ ကျိရှီယန်နှင့် သက်တော်စောင့်နှစ်ဦးသည် တုန်ရီသွားကာ ထိတ်လန့်ကြောက်ရွံ့မှုတို့သည် သူတို့၏မျက်နှာထက်တွင် ပေါ်လွင်လျက် ရှိသည်။ သူတို့သည် ထန်ရှု၏အနားသို့ အလျင်အမြန် ရောက်လာကြသည်။ ပျံ့လွင့်ပျောက်ကွယ်သွားသော လျှပ်စီးတန်းများ နှင့် တဖြည်းဖြည်း ငြိမ်းသွားသည့် မီးတောက်တွေကို ကြည့်ရင်း လီလောင်ရှန်းက ကမန်းကတန်း မေးလိုက်သည်။

“ညီအစ်ကိုထန် … ဒီကောင်တွေက ဘယ်လို မကောင်းဆိုးဝါးကောင်တွေလဲ။ အတော်ကြီးကို ကြောက်ဖို့ကောင်းလွန်းလို့ လုံးဝကို မခုခံနိုင်ဘူး။”

“ဒီသားရဲတွေက ကျင့်ကြံပြီးတော့ နတ်ဆိုးသားရဲတွေအဖြစ် ပြောင်းလဲသွားတဲ့ မိစ္ဆာသားရဲတွေပေါ့။ ကောင်းပြီ … ခင်ဗျားကို ရှင်းပြဖို့ အချိန်မရှိသေးဘူး။ ကျွန်တော့်နောက် လိုက်ခဲ့ပါ။"

ထန်ရှုသည် စကားပြောရင်း ထို၄ယောက်အား ဦးဆောင်ခေါ်လာသည်။ အဆင့်နိမ့်မိစ္ဆာသားရဲတို့ ထွက်ပြေးသွားသည်ကို အခွင့်ကောင်းယူ၍ ထိုလေးယောက်ကို လျင်မြန်စွာ လွတ်မြောက်စေရန် လမ်းပြခေါ်လာသည်။ မိနစ်အနည်းငယ်အကြာတွင် မိစ္ဆာသားရဲဒါဇင်ပေါင်းများစွာသည် ထန်ရှုတို့အား တုံ့ပြန်သည့်ဟန်ဖြင့် အနောက်မှ လိုက်လာနေသည့် အခြေအနေသစ်တစ်ခု ဖြစ်ပေါ်လာသောကြောင့် ထန်ရှုသည် ကူကယ်ရာမဲ့ ဖြစ်သွားရသည်။

“ခင်ဗျားတို့အားလုံး လမ်းဟောင်းအတိုင်း ထွက်ပြေးကြတော့။ ကျွန်တော် နောက်ပိုင်းကို ထိန်းထားလိုက်မယ်။"

ထန်ရှုသည် သူ၏အရှိန်အား နှေးလိုက်ရင်း မီးတောက်သင်္ကေတအချို့ကို ထုတ်လိုက်သည်။

ကျိရှီယန်နှင့် သက်တော်စောင့်နှစ်ယောက်မှာ အရှိန်မလျှော့သော်လည်း လီလောင်ရှန်းက အော်ပြောလိုက်သည်။

"ညီအစ်ကိုထန် … အတူတူ သွားကြမယ်။ ငါတို့ တိုက်ပွဲဝင်ရမယ်ဆိုရင်တောင်မှ ဒီဖက်တီးအိုကြီးက မင်းနဲ့အတူတူ တိုက်ပွဲဝင်ရင်း သေမယ်။”

“သွားမှာသာ သွားစမ်းပါဗျ။”

ထန်ရှုက ဒေါသတကြီးအော်လိုက်ပြီး

"ကျွန်တော်နဲ့အတူ တိုက်ခိုက်ဖို့ မလိုဘူး။ ခင်ဗျားက အားနည်းလွန်းတော့ အနားမှာရှိနေရင် ကျွန်တော့်အတွက် ဝန်ပိတယ်ဗျ။"

“ငါ…”

လီလောင်ရှန်သည် အံကို တင်းတင်းကြိတ်လိုက်ပြီး စိတ်မပါဘဲ အရှိန်မြှင့်လိုက်ရသည်။

ထန်ရှုသည် လက်တစ်ဖက်တွင် သွေးသောက်ဓားမြှောင်ကို ကိုင်ထားပြီး ကျန်တစ်ဖက်တွင် မီးတောက်သင်္ကေတအချို့ကို ကိုင်ထားသည်။

သူသည် ချဉ်းကပ်လာသော ဒါဇင်များစွာခန့် ရှိသော မိစ္ဆာသားရဲများကို ကြည့်ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ မီးတောက်သင်္ကေတများကို အသက်သွင်းခဲ့သည်။ ချက်ချင်းပင် မီးပင်လယ်ကြီး ဖြစ်ပေါ်လာကာ အနီးပတ်ဝန်းကျင်တွင် ရှိသည့် သစ်ပင်ကြီးများသည် ရုတ်ခြည်းပင် လင်းထိန်သွားခဲ့သည်။

ထို့နောက် သူ... သူသည်လည်း တုံ့ဆိုင်းမနေဘဲ ထွက်ပြေးတော့သည်။

…ဝေါ…

…အူး…

သားရဲတစ်အုပ်သည် မီးတောက်များကြောင့် နောက်ဆုတ်လိုက်ရသော်လည်း သားရဲများစွာသည် မီးပင်လယ်ထဲတွင် သေရမည်ကို မကြောက်ကြပေ။ တစ်ချိန်တည်းမှာပင် ပြင်းထန်သောမီးကို ခံနိုင်ရည်ရှိကြပြီး ပါးစပ်များမှ ပြာလဲ့လဲ့အမှုန်များအား ဖျန်းပက်ကာ မီးပင်လယ်ကို ဖြိုခွဲငြိမ်းသတ်လိုက်ကြသည်။

ထန်ရှုသည် လီလောင်ရှန်နှင့် ကျိရှီယန်တို့အား မီလာပြီးနောက် ထိုနှစ်ယောက်၏ပခုံးအား ချက်ချင်း ဆုပ်ကိုင်ကာ သူ၏အရှိန်အား တင်လိုက်ပြီး အဝေးရှိ တောအုပ်ထဲသို့ လျင်မြန်စွာပျောက်ကွယ်သွားကြသည်။ နှစ်မိနစ်ကျော်ကြာ ထန်ရှုသည် ထိုနှစ်ဦးအား ကီလိုမီတာများစွာအဝေးထိ သယ်ဆောင်လာခဲ့သည်။

“ဆက်ပြေးပါ။ ကျွန်တော် သူတို့ကို သွားခေါ်လိုက်ဦးမယ်။”

ထိုနှစ်ဦးအား လွှတ်ပေးကာ ဆက်ပြေးခိုင်းပြီးနောက် ထန်ရှုသည် ချက်ချင်း ပြန်လှည့်လာသည်။ ထို့နောက် အနောက်တွင် ဒါဇင်နှင့်ချီသော တိရစ္ဆာန်များစွာ လိုက်ခြင်းကို ခံနေရသော သက်တော်စောင့်နှစ်ဦးအား ထန်ရှု တွေ့လိုက်ရတော့သည်။

“သွားစမ်း…”

ထန်ရှုသည် ထို၂ယောက်၏လက်မောင်းများကို ဆုပ်ကိုင်မိသည်နှင့် တုံ့ဆိုင်းမနေဘဲ ထွက်ပြေးခဲ့သည်။ သူ၏စိတ်စွမ်းအားဖြင့် မီးတောက်သင်္ကေတနှစ်ခုကို ထိန်းချုပ်ပေါက်ကွဲစေပြီး သားရဲများ၏လမ်းကြောင်းကို ပိတ်ဆို့ခဲ့သည်။

အချိန်များ ကုန်လွန်သွားပြီး နာရီဝက်အကြာတွင် ထန်ရှု၏သိုလှောင်လက်စွပ်အတွင်းရှိ မီးတောက်သင်္ကေတများအားလုံးကို အသုံးပြုခဲ့ပြီး ဖြစ်သည်။ သားရဲများ၏အန္တရာယ်မှ လွတ်မြောက်စေရန် ထိုလေးဦးအား သယ်ဆောင်ကာ ကီလိုမီတာ ဒါဇင်ပေါင်းများစွာ ပြေးခဲ့ပြီး တောင်နှစ်တောင်ကိုလည်း ဖြတ်ကျော်ခဲ့ပြီးဖြစ်သည်။

"ညီအစ်ကိုထန် … အခု အဆင်ပြေလောက်ပြီ မဟုတ်လား။"

လီလောင်ရှန်းသည် မောပန်းနေသောကြောင့် ဆိုးရွားစွာ ဖြူဖျော့နေဟန်ရှိသည်။ သည်အချိန်တွင် သူ၏ခြေထောက်များသည် ခဲများဆွဲထားသည့်နှယ် လေးလံလှသည်။ ထပ်သာပြေးရဦးမည်ဆိုပါက သူ၏ခြေထောက်များအား ဆုံးရှုံးရတော့မည်ဟု ထင်မိရုံသာမက မောပန်းလွန်းသဖြင့် အသက်ထွက်ရတော့မည်ဟုပင် သူ ခံစားနေရသည်။

ယခုအချိန်တွင် ကျိရှီယန်နှင့် သက်တော်စောင့်နှစ်ဦး၏ အခြေအနေသည်လည်း လီလောင်ရှန်း၏ အခြေအနေ နှင့် များစွာခြားနားခြင်း မရှိလှပေ။ အသက်ဘေး လွတ်မြောက်ရန်အတွက်သာ မဟုတ်ပါက သည်လောက်အထိပင် သူတို့ ပြေးနိုင်မည်မဟုတ်ချေ။

ထန်ရှုသည် တခဏကြာမျှ ပြန်မဖြေနေပြီးနောက် အံကို တင်းတင်းကြိတ်ကာ ပြောလိုက်သည်။

“မပြေဘူး။ မိစ္ဆာသားရဲတစ်ကောင်ကောင်သာ ကျွန်တော်တို့နောက်ကို လိုက်လာမယ်ဆိုရင် ခင်ဗျားတို့အားလုံးကို မကာကွယ်နိုင်ဘူး။ ကျွန်တော်တို့ ဆက်ပြေးရမယ်။”

ထိုသို့ပြောရင်း သူသည် လီလောင်ရှန်းနှင့် ကျိရှီယန်၏လက်မောင်းများကို ဆုပ်ကိုင်ကာ စတင်ပြေးတော့သည်။

သည်တစ်ကြိမ်တွင် ဆယ်မိနစ်လောက် ပြေးပြီးနောက် တောင်တစ်လုံး၏ထိပ်ပိုင်းတွင် ရပ်တန့်လိုက်သည်။ ထို့နောက် သက်တော်စောင့်နှစ်ဦးကို ခေါ်ဆောင်ရန် ပြန်လှည့်သွားသည်။ သူသည် ထိုနှစ်ဦးအား ခေါ်ဆောင်ကာ ပြန်လာခဲ့ပြီးနောက် ဖြူဖပ်ဖြူလျော် မျက်နှာဖြင့် ထိုင်နေခဲ့သည်။

အရာရာသည် ခြောက်ခြားစရာကောင်းလောက်အောင် တိတ်ဆိတ်နေသည်။

လေနုအေးများ တိုက်ခတ်နေသည့်ကြားက ထန်ရှုအား ကြည့်နေသော လီလောင်ရှန်း၊ ကျိရှီယန်နှင့် သက်တော်စောင့်နှစ်ယောက်တို့၏အကြည့်များသည် ယခင်နှင့် လုံးဝမတူတော့ဘဲ ကွဲပြားခြားနားနေခဲ့ပြီဖြစ်သည်။ ယခင်က သူ့အား လေးစားရုံသာ ရှိခဲ့ကြသော်လည်း ယခုအခါ ချစ်ခင်ရိုသေမှုအဖြစ်သို့ ပြောင်းလဲနေပြီဖြစ်တော့သည်။

သည်ညတွင် မြင်တွေ့ခဲ့ရသော ထန်ရှု၏ လှုပ်ရှားမှုများသည် အံ့သြတုန်လှုပ်စရာကောင်းသည်ဟု ဖော်ပြရုံမှတစ်ပါး ထပ်တူညီစွာ ဖော်ပြရန် သူတို့တွင် စကားလုံး မရှိတော့ပါပေ။ မည်သည့်နေရာမှ ထွက်ပေါ်လာမှန်း မသိသော ထိုဆန်းကြယ်သည့် လျှပ်စီးတန်းများနှင့် မီးတောက်များသည် တီဗွီအစီအစဉ်များထဲတွင်သာ သူတို့ မြင်နိုင်သော မှော်အစွမ်းများအလား ဖြစ်သည်။

ထို့အပြင် ထန်ရှု၏အမြန်နှုန်းသည် လူသားတစ်ဦး၏ အကန့်အသတ်ထက်ပင် ကျော်လွန်နေပြီဖြစ်သည်။ သည်လောက် မြန်မြန်ပြေးနိုင်သော လူသားတစ်ဦး ရှိလိမ့်မည်ဟု သူတို့ တစ်ခါမှ မတွေးကြည့်မိခဲ့ပေ။ ထိုအရှိန်အား ပြေးခြင်းဟုပင် မဆိုနိုင်တော့ဘဲ ရိုးရှင်းစွာ ပျံသန်းနေသည်ဟု ဆိုနိုင်သကဲ့သို့ပင်။

ထို့အပြင် အဆိုပါ မိစ္ဆာသားရဲများသည် မကောင်းဆိုးဝါးများနှင့်ပင် တူနေသေးသည်။ ၎င်းတို့သည် ပါးစပ်ထဲမှပင် ထူးဆန်းသော အရာများအား ဖျန်းပက်နိုင်ကြသည်။

အတိုချုပ်ပြောရမည်ဆိုပါက ယနေ့ညတွင် သူတို့ မျက်မြင်တွေ့ကြုံခံစားခဲ့ရသည့်အရာများကြောင့် ဤကမ္ဘာပေါ်တွင် အမှန်တကယ် မသိဖူး မမြင်ဖူးသည့် လျှို့ဝှက်ဆန်းကြယ်သော အရာများ ရှိနေကြောင်းအား နားလည်လာစေသည်။ သူတို့၏မျက်လုံးများတွင် ထန်ရှုသည် ဒဏ္ဍာရီများတွင်သာ တည်ရှိနေသော သဘာဝလွန်စွမ်းအားများနှင့် သိုင်းပညာရှင်တစ်ဦးအဖြစ် ပြောင်းလဲကြည့်မြင်လာခဲ့သည်။

“ဒီနေရာမှာ ကျွန်တော်တို့ အကြာကြီး နေလို့မရဘူး။ ခဏလောက် အနားယူပြီးရင် ခရီးဆက်ကြမယ်။” မိနစ်အနည်းငယ်ကြာ အနားယူပြီးနောက် နောက်ဆုံးတွင် ထန်ရှုထံမှ အသံထွက်လာခဲ့သည်။

“ညီအစ်ကိုထန် … မင်းပြောတဲ့အတိုင်း ငါတို့လုပ်မှာပါ။ ဒါပေမယ့် မင်း အဲ့ဒါကို ဘယ်လိုလုပ်တာလဲဆိုတာ ငါ့ကိုဖြေပါဦး။" လီလောင်ရှန်းက မေးသည်။

"ဖက်တီးလီ … ခင်ဗျားသိဖို့ မလိုအပ်တဲ့ အကြောင်းအရာတွေ ရှိတယ်။ ခင်ဗျားသိနေရင်တောင်မှ ဒီလိုကိစ္စမျိုးတွေနဲ့ ဘယ်တော့မှ မထိတွေ့ပါနဲ့။ နို့မဟုတ်ရင် အဲဒါက ခင်ဗျားကို စိတ်မငြိမ်မသက်ဖြစ်ပြီး စိတ်ပူစရာတွေ ဖြစ်စေလိမ့်မယ်။ ဒီည မြင်ခဲ့ကြားခဲ့တဲ့ အရာအားလုံးကို မေ့လိုက်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ တခြားသူတွေကို ဒါတွေ မသိစေချင်ဘူး။" ထန်ရှုက ပေါ့ပါးစွာ ပြောလိုက်သည်။

"ငါတို့ဆွေမျိုးတွေအပါအဝင် ဘယ်သူ့ကိုမှ မပြောရဘူးလား။" လီလောင်ရှန်းက အလျင်အမြန် မေးလိုက်သည်။

"မရဘူး။"

ထန်ရှုက ခေါင်းခါလိုက်ပြီး

"ခင်ဗျားရဲ့အသက်ကို ကယ်ပေးခဲ့တဲ့အတွက် ကျွန်တော့်ကို အဲ့ဒါနဲ့ ကျေးဇူးဆပ်တယ်လို့ သဘောထားပေးပါ။"

ကျိ ရှီယန်၏မျက်လုံးထဲတွင် အလင်းတန်းတစ်ခု တောက်ပသွားကာ

"ငါ ဒီအကြောင်းကို စကားလုံးတစ်ဝက်တောင် မထွက်စေရပါဘူး မစ္စတာထန်။"

သက်တော်စောင့်နှစ်ယောက်သည်လည်း အကြည့်ချင်း ဖလှယ်ကြသည်။ ဒီညတွင် ထန်ရှုကြောင့် သူတို့ အသက်ဘေးလွတ်မြောက်ခဲ့ရသဖြင့် ကျေးဇူးတင်စွာ ကတိပေးလိုက်သည်။

"ငါတို့လည်း ဒီနေ့အကြောင်း ဘာတစ်ခွန်းမှ မဟပါဘူး မစ္စတာထန်။"

ထန်ရှုက ခေါင်းညိတ်ကာ လီလောင်ရှန်းအား ကြည့်လိုက်သည်။

"ညီအစ်ကိုထန်က မပြောစေချင်တဲ့အတွက် ငါလည်း အဲဒါကို မပြောတော့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီည ငါ တွေ့ကြုံခဲ့ရတာတွေက သက်ရောက်မှု အရမ်း ကြီးမားတယ်။ ဒီနေရာက ထွက်သွားပြီးရင် ငါ့စိတ်တွေတည်ငြိမ်အောင် အတော်လုပ်ရလိမ့်မယ်။”လီလောင်ရှန်းက အားတင်းပြုံးကာ ပြောလိုက်သည်။

“တကယ်တော့ ဒီနေ့ညကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျား ပြောနေရင်တောင်မှ အဲဒါက ခင်ဗျားအပေါ် သက်ရောက်မှုတွေ ရှိလိမ့်မယ်။ ဒါ့အပြင် ခင်ဗျားပြောတာကိုလည်း လူတွေက ယုံမှာမဟုတ်ဘူး။ ဒီကိစ္စက အနှောင့်အယှက်ဖြစ်စေလာခဲ့ရင် နိုင်ငံရဲ့ အထူးဌာနတစ်ခုက အချို့လူတွေပါ ခင်ဗျားရှေ့ ရောက်လာလိမ့်မယ်။ အဲ့ဒါကြောင့် နှုတ်ဆိတ်နေတာက ခင်ဗျားအတွက် အကျိုးရှိတယ်။”

…အထူးဌာန…

လီလောင်ရှန်း နှင့် အခြားသုံးဦး၏ အမူအရာများ လှုပ်ရှားသွားကာ ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။

များမကြာမီ လူတိုင်းသည် တစ်နာရီခန့် အနားယူခဲ့ကြပြီးနောက် ခရီးဆက်ခဲ့ကြသည်။ သို့သော် အချိန်နှောင်းနေပြီဖြစ်သောကြောင့် ၎င်းတို့သည် တောရိုင်းတိရိစ္ဆာန်အချို့ကို မလွှဲမရှောင်သာ ကြုံတွေ့နေရဆဲဖြစ်ပြီး ထန်ရှုသည် အချိန်မီ ရှာဖွေတွေ့ရှိကာ ထိုတိရစ္ဆာန်တို့အား ရှောင်တိမ်းခြင်း၊ သတ်ဖြတ်ခြင်း သို့မဟုတ် မောင်းထုတ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ အချိန်တိုတိုအတွင်း သူတို့သည် တောင်ကုန်းနှစ်ခုအား ဖြတ်ကျော်ခဲ့ကြပြီးနောက် အပြည့်အဝ အနားယူခြင်းပြုခဲ့သည်။

တောင်၏အရှေ့ဘက်ခြမ်းမှ နေထွက်လာချိန်တွင် ကျောက်တုံးတစ်ခုပေါ်၌ တင်ပျဉ်ခွေထိုင်နေသော ထန်ရှုသည် သစ်တုံးများသဖွယ် အိပ်မောကျနေသော အခြားလူလေးယောက်အား ကြည့်လိုက်သည်။ ဂူယန်အာအား ပြည့်ဝစွာ ကုသပေးရန်အတွက် ခရိုနိုသလင်းကျောက်နှင့် နတ်ဆိုးရှင်သန် မြက်ပင်လိုအပ်ခဲ့ရာ ယခုအခါ ထိုအပင်ကို ရရှိသွားခဲ့ပြီဖြစ်သောကြောင့် ထန်ရှု၏ ရင်တွင်း၌ အထူး စိတ်လှုပ်ရှားနေပေသည်။ ခရိုနိုသလင်းကျောက်သာ ရှာရန် ကျန်တော့သည်ဖြစ်သည်။

သို့သော်လည်း ထန်ရှုသည် ကမ္ဘာပေါ်တွင် ခရိုနိုသလင်းကျောက်အား ရှာတွေ့ရန် မျှော်လင့်ချက် မရှိခဲ့ပေ။ နတ်ဆိုးရှင်သန်မြက်ပင်ကို ရှာတွေ့ခြင်းသည်ပင် အတော် ကံကောင်းနေပြီ ဖြစ်သည်။ ထို့အပြင် ယခုတစ်ကြိမ်တွင် သူသည် နတ်ဆိုးရှင်သန်မြက်ပင်ကို ရရှိခဲ့ရုံသာမက စိတ်ဝိညာဉ် ပုံရိပ်ယောင်နတ်ဆိုးပန်းပွင့်ကိုလည်း ရရှိခဲ့သည်။ မည်သူမျှ သတိမပြုအောင် အနာဂတ်တွင် တစ်စုံတစ်ဦးကို ထိခိုက်ဒဏ်ရာရစေလိုပါက ထိုနတ်ဆိုးပန်းပွင့်အား သူ အသုံးပြုနိုင်တော့ပေမည်။

နေ့လယ်ချိန်ရောက်ခဲ့ချေပြီ…

ထန်ရှု အိပ်မောကျနေသော တခြားသူများအား နှိုးလိုက်သည်။ သူတို့သည် အပြည့်အဝ အနားမယူကြရသေးသော်လည်း သူသည် ရှန်းနန်တောင်တွင် မနေချင်တော့ပေ။ ထို့ကြောင့် သူတို့အား ခြေလျင်တောင်တက်ခရီးဆက်ရန် ဦးဆောင်ခဲ့သည်။ နောက်ဆုံးတွင် သူတို့သည် ညဉ့်သန်းခေါင်ယံချိန်၌ ရှန်းနန်တောင်၏ အပြင်ဘက်အစွန်းရှိ တောင်ခြေရင်းသို့ ရောက်ရှိလာခဲ့ကြပြီဖြစ်သည်။

"ငါ တကယ် တောင်းပန်ပါတယ် ညီအစ်ကိုထန်။"

အနက်ရောင်ဆာ့ဖ်ကားခြောက်စီးက သူတို့အား ကြိုရန် ရောက်လာချိန်တွင် လီလောင်ရှန်းသည် ကားတစ်စီး၏ အရှေ့တွင် ရပ်ကာ ခါးသီးသော အပြုံးဖြင့် ပြောလာသည်။

"ဖက်တီးလီ … ဘာလို့ ရုတ်တရက် ဒီလိုပြောတာလဲ။" ထန်ရှုက သံသယစိတ်ဖြင့် မေးလိုက်သည်။

"ဒီလိုကွာ … အစက မင်းကို ငါ ကူညီချင်ပေမယ့် ငါက မင်းကို ဝန်ပိစေတဲ့အပြင် မင်းရှာနေတဲ့ ဆေးဖက်ဝင်အပင်ကိုလည်း ငါတို့ မတွေ့ခဲ့ကြဘူး။ ဘာပဲဖြစ်ဖြစ် ငါ ဒီကိစ္စကို မှတ်ထားမယ်။ မင်း စိတ်ချပါ … နောက်ပိုင်းကျရင် ငါ လူတချို့ကို ခေါ်သွားပြီး ကူရှာပေးပါမယ်။" ဖက်တီးလီက အနေရခက်သောအပြုံးဖြင့် ပြောလိုက်သည်။

"ဖက်တီးလီ … ကျွန်တော် တကယ်လိုအပ်နေတဲ့ ဆေးဖက်ဝင်အပင်ကို ရှာတွေ့ခဲ့တယ်။ ခင်ဗျား မမေးလို့ ကျွန်တော် မပြောဖြစ်တာ။ ဒါကြောင့် အဲဒါအတွက် စိတ်မပူနဲ့တော့။"

ထန်ရှုက သူ့လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ရှန်းနန်တောင်ရဲ့အန္တရာယ်များတာကို ခင်ဗျားလည်း အသိသားပဲ။ နောက်ပိုင်း လူပိုခေါ်လာရင်တောင် ခင်ဗျား မပြန်နိုင်မှာကို စိုးထိတ်မိပါရဲ့။ ကျွန်တော်ပြောတာ နားထောင်ပါဗျာ။ တစ္ဆေဘုရင်တောင်ကြားကို အသာထား ရှန်းနန်တောင်ကိုပါ နောက်တစ်ကြိမ် ထပ်မဝင်ပါနဲ့။"

"မင်း တွေ့ခဲ့ပြီလား။ ငါ ဘာဖြစ်လို့ မမြင်ရတာလဲ။" လီလောင်ရှန်း အံ့သြသွားသည်။

ထန်ရှုက တဟားဟား ရယ်လိုက်ရင်း

"သက်တောင့်သက်သာနေပါဗျ။ ကျွန်တော်က ခင်ဗျားကို လိမ်စရာလား။ ဒါနဲ့ ခင်ဗျား အခု ဘယ်ကို သွားမှာလဲ။"

“ငါ့ရဲ့သက်တော်စောင့်နှစ်ယောက် ဆုံးသွားတော့ သူတို့ရဲ့နာရေးကိစ္စတွေကို စီစဉ်ပေးရမယ်။ နောက်ပြီး သံမဏိဝါအုပ်စုနဲ့လည်း ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ကို လက်မှတ်ရေးထိုးရဦးမှာလေ။ ပြီးရင်တော့ မကြာခင် ပြန်ဖြစ်မယ်။ မင်းကရော … အခု ဘယ်ကိုသွားမှာလဲ။"

"ကျွန်တော် ရှန်ဟိုင်းကို ပြန်တော့မယ်။" ထန်ရှုက ပြုံးကာ ပြောလိုက်သည်။

***

All Chapters