← Chapters

အတန်းဖော်ဟောင်းတစ်ဦး လာလည်သည်

Vol. 09 Ch. 419

အတန်းဖော်ဟောင်းတစ်ဦး လာလည်သည်

Vol. 09 Ch. 419

ရှန်ဟိုင်း…

ချီနန်သည် ထာဝရခန်းမ၏အဝင်ဝတွင် ရပ်ကာ လမ်းထောင့်အား တစ်ချိန်လုံး ကြည့်နေခဲ့သည်။ ကျင်းမန်ကျွန်း၏ ထာဝရခန်းမရုံးချုပ်မှ အကြီးအကဲကျိ ယနေ့ ရှန်ဟိုင်းသို့ ရောက်ရှိမည်ဟူသော ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိပြီးနောက် ဆိုင်နေရာသို့ ချက်ချင်းပြန်လာခဲ့သည်။

သူဋ္ဌေးမရှိသောအချိန်တွင် အကြီးအကဲကျိချွိမိန်သည် ရှန်ဟိုင်းသို့ မည်သည့်အကြောင်းကြောင့် ယခုအချိန် လာရခြင်းကို ချီနန် မတွေးတတ်အောင် ရှိသည်။ သို့သော် အကြီးအကဲကျိ၏အဆင့်အတန်းသည် အလွန်မြင့်မားသောကြောင့် သူမသည် ဧည့်ခံပွဲတစ်ခုအား ပြင်ဆင်ထားရပေလိမ့်မည်။

…ကျွီ…

မိုးတိုးမတ်တတ်ဖြစ်နေသော ချီနန်၏အရှေ့တွင် တက္ကစီတစ်စီး ဆိုက်လာသည်။ ထန်ရှုသည် ကားတံခါးဖွင့်ကာဆင်းလာပြီး

"ကျိချွိမိန် ရောက်လာပြီလား။"

ထန်ရှုအား ရုတ်တရက် တွေ့လိုက်ရသဖြင့် ချီနန် ကြက်သေ သေသွားသော်လည်း သူမသည် ချက်ချင်းတုံ့ပြန်ခဲ့သည်။

"အကြီးအကဲကျိ မရောက်သေးဘူး သူဌေး။"

ထန်ရှု ခေါင်းညိတ်လိုက်ပြီး

"အိုခေ။ စားစရာ တစ်ခုခု လုပ်ပေးပါဦး။ ခရီးဆက်တိုက်နှင်လာတော့ ဘာမှ မစားရသေးဘူး။ ချွိမိန်ရောက်လာရင် ငါ့ဆီ ချက်ချင်း ခေါ်လာပေးပါ။"

“ဟုတ် သူဌေး။” ချီနန် တလေးတစား ခေါင်းညိတ်သည်။

နာရီဝက်အကြာ ထန်ရှု ဗိုက်ဖြည့်ပြီးသွားပြီးနောက် ကျိချွိမိန် ရောက်လာခဲ့သည်။

အထွေထွေမန်နေဂျာ၏ရုံးခန်းအတွင်းတွင် ထန်ရှုသည် ၎င်း၏သိုလှောင်လက်စွပ်မှ နတ်ဆိုးပြန်လည် ရှင်သန်မြက်ကို ထုတ်ယူကာ ကျိချွိမိန်အား လွှဲပြောင်းပေးလိုက်ပြီး

“ကမ္ဘာပေါ် မှာ နတ်ဆိုးပြန်လည် ရှင်သန် မြက်တစ်ပင်ရှိမယ်လို့ တစ်ခါမှ ထင်ထားခဲ့မိဘူး။ ငါ ကြိုးစားပမ်းစားရှာခဲ့ပြီး နောက်ဆုံးတော့ ရခဲ့တယ်။ ဒါကြောင့် အကြီးအကဲကျိ အမှားအယွင်း မရှိအောင် ဒါကို ဂရုစိုက်ပြီး စောင့်ရှောက်ပေးပါ။”

…နတ်ဆိုးပြန်လည် ရှင်သန် မြက်ပင်…

ထန်ရှုထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီးနောက် ကျိချွိမိန်သည် ရှန်ဟိုင်းမြို့သို့ ချက်ချင်း ထွက်ခွာလာရသော်လည်း သူမ၏စိတ်အတွင်း ပဟေဠိ ဖြစ်နေခဲ့သည်။ ယခုအချိန်မှသာ သူမသည် ထန်ရှု၏ ရည်ရွယ်ချက်ကို နားလည်လာတော့သည်။

မယုံကြည်နိုင်ဟန်ဖြစ်နေသော မျက်လုံးများဖြင့် သူမသည် နတ်ဆိုးပြန်လည်ရှင်သန်မြက်ပင်အား တုန်တုန်ရီရီနှင့် ယူလိုက်သည်။

…ဒုန်း…

ကျိချွိမိန်သည် ထန်ရှု၏အရှေ့တွင် ဒူးထောက်လိုက်ပြီး "ကျေးဇူးပါ လေးစားရတဲ့ အရှင်သခင်။"

ထန်ရှုက သူမအား ထူပေးကာ ခေါင်းယမ်းပြရင်း

“အကြီးအကဲကျိ … ငါ့ကို ကျေးဇူးတင်နေစရာ မလိုပါဘူး။ တကယ်တော့ ယန်အာက ငါ့တပည့်ဖြစ်တာကြောင့် ကျေးဇူးတင်ချင်းတင် မင်းကိုသာ ငါက ကျေးဇူးတင်ရမှာပါ။ နှစ်ပေါင်းများစွာ သူ့ကို သစ္စာစောင့်သိပြီး ကာကွယ်ပေးခဲ့တယ် …  အကြီးအကဲကျိရဲ့ကျေးဇူးတွေ များနေပါပြီ။”

ကျိချွိမိန် မတ်တပ်ရပ်လိုက်ပြီး နတ်ဆိုးပြန်လည်ရှင်သန် မြက်ပင်အား သူမ၏သိုလှောင်လက်စွပ်အတွင်း၌ ထည့်ပြီးနောက် ဖြည်းညှင်းစွာ ခေါင်းယမ်းလိုက်ကာ "လေးစားရတဲ့ သခင် … သခင်က မာယာကလန်သားတွေဖြစ်တဲ့ ငါတို့ရဲ့အသက်ကို ကယ်တင်ခဲ့တာပါ။ ဆရာသခင်ကလည်း ငါ့အသက်ကို ကယ်တင်ပေးခဲ့တယ်။ ဒါကြောင့် သူမကို ကာကွယ်ပေးရမှာ ငါ့ရဲ့တာဝန်ပဲ။”

"ကောင်းပါပြီ။ မင်း ရှန်ဟိုင်းကို အခုမှ ရောက်တာဆိုတော့ ပင်ပန်းရင် အနားယူလိုက်ဦး။ မပင်ပန်းရင်တော့ ကျင်းမန်ကျွန်းကို စောစော ပြန်သွားလို့ရတယ်။ ယန်အာက မေ့မြောနေသေးတာဆိုတော့ အချိန်အကြာကြီး ထားခဲ့လို့ မကောင်းဘူး။”

"နားလည်ပါတယ် သခင်။ ငါ ချက်ချင်း ပြန်သွားမယ်။" ကျိချွိမိန် ရိုသေလေးစားစွာ ပြောလိုက်သည်။

ကျိချွိမိန် ထွက်သွားပြီးနောက် ချီနန်သည် ရုံးခန်းထဲသို့ ဝင်လာကာ သိလိုစိတ်ဖြင့် မေးလိုက်သည်။

"သူဋ္ဌေး … အကြီးအကဲကျိက ဘာမှ မစားဘဲ ဘာလို့ အလျင်စလို ပြန်သွားတာလဲ။"

"သူ့မှာ အရေးတကြီးကိစ္စရှိနေလို့ မြန်မြန် ပြန်မှရမယ်။" ထန်ရှုက ဖြေသည်။

"တခြားညွှန်ကြားစရာ ရှိသေးလား သူဋ္ဌေး။" ချီနန်က ခေါင်းညိတ်ကာ ထပ်မေးလိုက်သည်။

ထန်ရှုက ခေါင်းယမ်းပြပြီး

"မရှိတော့ဘူး၊ ငါ အခု နားတော့မယ်။ စကားမစပ် … ဒီနေ့ ဘာနေ့လဲ ချီနန်…"

"၂၁ ရက်နေ့ပါ။" ချီနန်က အပြုံးဖြင့် ပြန်ဖြေသည်။

…၂၁ရက်…

ထန်ရှု တခဏမျှ စဉ်းစားနေပြီး ချက်ချင်းပင် ပြုံးလိုက်ကာ

"ကံကောင်းလို့ ငါ အချိန်မီ ပြန်ရောက်လာတာပဲ။ ရှန်ဟိုင်းတက္ကသိုလ်ရဲ့ ကျောင်းသားသစ်တွေ စစ်ရေးလေ့ကျင့်တာ မနက်ဖြန်ဆို ပြီးပြီ။ ကောင်းလိုက်တာ … သဘက်ခါအထိ ငါ အနားယူလို့ရပြီ။ ကျောင်းတက်တာက ဒီနေ့ကစပြီး သုံးရက်အတွင်း တရားဝင် စတင်တော့မယ်။”

"သူဋ္ဌေး တစ်ရက်လောက် နောက်ကျလည်း ဘ ဘာမှမဖြစ်ဘူးမဟုတ်လား။" ချီနန်က ပြုံးရင်း ပြောလိုက်သည်။

“စစ်ရေးလေ့ကျင့်မှုမှာ ငါက လုံး၀ မပါဝင်ထားဘူးလေ။ အတန်းပါ ထပ်ပြီး ပျက်ရင် လက်ခံနိုင်ကြမှာ မဟုတ်တော့ဘူး။ ဒါနဲ့ ရွှဲ့ချောင်ရဲ့အခြေအနေ ဘယ်လိုနေလဲ။"

ထန်ရှုက တစ်ဆက်တည်း မေးလိုက်သည်။

ချီနန်က ခေါင်းညိတ်ပြီး

“သူက ကောင်းတယ်၊ ဖြောင့်မတ်တယ်၊ ရိုးသားတယ်၊ ဝီရိယရှိတယ်။ ဒီကလူတွေက သူတို့မိသားစုကို ချစ်ကြတယ်။”

“ဒါဆို အရမ်းကောင်းတယ်။ ရွှဲ့ချောင်က ကျောင်း တက်ရတော့မယ်။ သူ့မိန်းမနဲ့သားကို ဒီမှာနေဖို့ စီစဉ်ပေးလိုက်ပါ။ သူတို့က မင်းရဲ့ ဂရုစိုက်မှုအောက်မှာ ရှိပါစေ။" ထန်ရှုက ပြောသည်။

"နားလည်ပြီ။"

ချီနန် ခေါင်းညိတ်လိုက်သည်။ ရုတ်တရက် သူမ၏မျက်နှာပေါ်တွင် ချီတုံချတုံအကြည့်တစ်ချက် ပေါ်လာပြီး

“သူဌေး … ကျင်းမန်ကျွန်းဌာနချုပ်က အစက ငါ့ကို ပြန်လာခိုင်းတယ်။ ဒါပေမယ့် အကြီးအကဲကျိ လာမယ်ဆိုတော့ ဒီမှာပဲနေပြီး သူမကို စောင့်ပေးဖို့ ဖုန်းထပ်ဆက်တယ်။ ဒါပေမယ့် အခု သူမ ပြန်သွားတော့ ငါက... "

"ဒါဆို ဒီမှာ ကိစ္စတွေကို အရင်စီစဉ်ပြီးမှ ကျင်းမန်ကျွန်းကို လိုက်သွားပါ။" ထန်ရှုက ခေါင်းတစ်ချက်ညိတ်ပြီး ဆုံးဖြတ်ပေးလိုက်သည်။

“ဒါနဲ့ ဒီရက်ပိုင်းထဲ ကောင်းတာတွေ စုဆောင်းပြီးပြီလား။ မင်းမှာ ရှိနေပြီဆိုရင် အကြီးအကဲကျိကို ပေးလိုက်ရင် သက်ဆိုင်တဲ့ ကျင့်ကြံမှုအရင်းအမြစ်တွေကို သူမ ပြန်ပေးလိမ့်မယ်။"

“ဟုတ် သူဌေး ။” ချီနန်က ဝမ်းသာအားရဖြင့် အမြန် ပြန်ဖြေသည်။

မကြာမီ ထန်ရှုသည် ထာဝရခန်းမမှ ထွက်ခွာကာ ကြယ်ပြာအိမ်ရာရှိ သူ၏နေအိမ်သို့ ပြန်သွားတော့သည်။ ရက်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံပြီးနောက် နောက်ဆုံးတွင် သူ အနားယူနိုင်ခဲ့ပြီဖြစ်သည်။ သို့သော် ကြယ်တာရာသို့ ပြန်ကာ ခမ်းနားသောထန်လုပ်ငန်းစုဆီ မသွားရသေးသလို ကုမ္ပဏီ၏အမှုဆောင် ဝန်ထမ်းများအတွက် ဂုဏ်ပြုပွဲကိုလည်း မလုပ်ပေးရသေးကြောင်းကို သူ ပြန်သတိရသွားသည်။ ထို့ကြောင့် တစ်ညလုံးအနားယူပြီး မနက်ဖြန် ကြယ်တာရာသို့ ပြန်ရန် တွေးလိုက်သည်။

နောက်တစ်နေ့ မနက်ခင်းတွင် …

ထန်ရှု အိပ်ပျော်နေစဉ် ဖုန်းမြည်လာခဲ့သည်။ ဖုန်းခေါ်သူမှာ သူနှင့် အချိန်အတော်ကြာ အဆက်အသွယ်ပြတ်နေသော ယွမ်ချူးလင် ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားမိပေ။

"အစ်ကိုကြီး မင်း ဘယ်မှာလဲ။" ယွမ်ချူးလင်က အခြားတစ်ဖက်မှ အော်ကြီးဟစ်ကျယ် မေးလိုက်သည်။

"ငါ ရှန်ဟိုင်းမှာလေ။ မင်းကရော…" ထန်ရှု ရယ်သွမ်းသွေးလိုက်သည်။

"သောက်ကျိုးနည်း … မင်း ရှန်ဟိုင်းမှာနေတာ ငါသိတယ်လေ။ ပြောချင်တာကကွာ စစ်ရေးလေ့ကျင့်မှု ဒီနေ့ ပြီးသွားပြီ။ ရှန်ဟိုင်းတက္ကသိုလ်ကျောင်းသား ပထမတစ်သုတ်တောင် သူတို့ရဲ့ကျောင်းဝင်းကို ဘတ်စ်ကားစီးပြီး ပြန်သွားပြီလို့ ကြားထားတယ်။ ငါ့ကျောင်းရဲ့စစ်ရေးလေ့ကျင့်မှုက မင့်ကျောင်းထက် တစ်ရက်စောပြီးတယ်။ အဲ့ဒါ အားလပ်ရက် သုံးရက်ရှိနေတော့ မင်းဆီ လာချင်လို့လေ။ အခု ဘယ်မှာလဲ။"

“ကြယ်ပြာအိမ်ရာမှာ။ ဒီကို တန်းလာခဲ့။” ထန်ရှုက ပြန်ပြောသည်။

"မင်း ဘယ်လိုဖြစ်ပြီး အဲ့ဒီမှာ နေတာလဲ။ အဲ့ဒီအဆောက်အအုံကြီးက အရမ်းကောင်းတယ်လို့ ငါ ကြားဖူးတယ်။ ငါ့ အတန်းဖော်ထဲက တစ်ယောက်က အဲဒီနေရာမှာ နေတယ်လေ။" ယွမ်ချူးလင် အံ့အားသင့်စွာ ပြောလိုက်သည်။

"စကားတွေ များမနေတော့နဲ့။ မင်းဖင်ကြီးကိုသာ ဒီကို မြန်မြန်ကြွခဲ့။ မင်း အိမ်ရာအဝင်ဝကို ရောက်ရင် ငါ့ကို လာရှာတာလို့ လုံခြုံရေးကို ပြောလိုက်။" ထန်ရှုက ရယ်ရယ်မောမော ပြောသည်။

"ကောင်းပြီ။ ငါ့ကို အဲ့ဒီမှာစောင့်နေပါ။"

ဖုန်းခေါ်ဆိုမှုပြီးဆုံးသွားသောအခါ ထန်ရှုသည် အချိန်ကို ကြည့်လိုက်ရာ မနက် ၆နာရီခွဲသာ ရှိသေးသည်ကို တွေ့လိုက်ရသည်။ ပြန်အိပ်မပျော်တော့သောကြောင့် မျက်နှာသစ်၊သွားတိုက်၊အဝတ်အစားလဲကာ အိမ်ရာအပြင်ဘက် လမ်းလျှောက်ထွက်လာရင်း မနက်စာ ရောင်းသောဆိုင်အား ရှာနေလိုက်သည်။ ထို့နောက် သူသည် အိမ်ရာသို့ ပြန်လျှောက်လာနေစဉ် ယွမ်ချူးလင်ဆီက ဖုန်းထပ်ဝင်လာသည်။

"ငါ ရောက်နေပြီ အစ်ကိုကြီး။"

ထန်ရှု ရောက်နေသောနေရာမှ အိမ်ရာဝင်ပေါက်ဆီသို့ အတော်လေး လှမ်းသေးသည်။ ထိုနေရာသို့ ရောက်သောအခါ ဖုန်းကိုင်ထားသော လူထွားလေး ယွမ်ချူးလင်သည် လုံခြုံရေးအစောင့်နှစ်ယောက်နှင့် ပြောဆိုနေသည်ကို သူတွေ့လိုက်ရသည်။

"ငါ မင်းအနောက်မှာ ရှိတယ်။ ငါ့ကို စောင့်ဦး။"

ဖုန်းပြောပြီးသည်နှင့် ယွမ်ချူးလင်သည် လှည့်ကြည့်ကာ ချက်ချင်း လက်ဝှေ့ယမ်းပြသည်ကို သူ တွေ့လိုက်ရသည်။ ယွမ်ချူးလင်၏အရှေ့တွင် ရပ်လိုက်ပြီး ဆူဖြိုးနေသော ဗိုက်ကို ကြည့်ရင်း ပြုံးကာ “ကောင်လေး … မင့်ဗိုက်က ဘာလို့ အထက်တန်းကျောင်းတုန်းကထက် ပိုကြီးနေတာလဲ။ စစ်ရေးလေ့ကျင့်တာ မခက်ဘူးလား။”

ယွမ်ချူးလင်က စပ်ဖြဲဖြဲ ရယ်မောရင်း

"စစ်တပ်မှာ တကယ်တော့ ခါးသီးတဲ့ ခက်ခဲမှုတွေ အပြည့်ဆိုပေမယ့် အဲဒီ့မှာ အစားအသောက် ကောင်းတယ်။ ဘာဖြစ်သွားလဲ ငါ မသိဘူး။ အခုတလော အရမ်းကို စားကောင်းသောက်ကောင်း ဖြစ်နေတာ။ တော်ပြီ … ဒီအကြောင်း မပြောပါရစေနဲ့တော့။ ဒီလိုနေရာမျိုးမှာ ဘယ်လို နေနိုင်တာလဲ အစ်ကိုကြီး။"

"ငါ ဒီမှာ နေနေတာ။" ထန်ရှု ပြုံးရင်း ဖြေသည်။

"ဒီမှာ အိမ်ဝယ်ထားတာလား။" ယွမ်ချူးလင် အံ့သြသွားသည်။

"ဒါက ငါ့ဆွေမျိုးတစ်ယောက်ဆီက လက်ဆောင်ပါ။ ဝင်ကြရအောင်။ ဒါနဲ့ ငါ ဒီရက်ပိုင်းအတွင်း ကြယ်တာရာကို ပြန်လိုက်ဦးမယ်။"

ယွမ်ချူးလင်သည် ထန်ရှုနှင့်အတူ အနောက်မှ လိုက်ပါလာခဲ့သည်။ အိမ်ရာထဲသို့ ဝင်လာကြပြီးနောက် သူက သိလိုစိတ်ဖြင့်

“ကြယ်တာရာကို ဘာအတွက် ပြန်တာလဲ။ နောက်ပြီး ဒီအိမ်ကို ဆွေမျိုးတစ်ယောက်က လက်ဆောင် ပေးတယ်လို့ ပြောတာလား။ ဘယ်သူက ဒီလောက် ရက်ရောနိုင်မှာလဲ။”

"ငါ မင်းကိုပြောခဲ့သလိုပဲ ငါက ဒီမှာနေတဲ့ တခြားလူ ၁၀၀,၀၀၀နဲ့ ဘာလို့ မတူရတာလဲ။ ကဲ … မင်းအကြောင်း ပြောပါဦး။ မင်း ရှန်ဟိုင်းမှာ အကြာကြီး ရှိနေတာကို ငါ့ကို ဘာလို့ မဆက်သွယ်တာလဲ။ မင်းက ဂြိုလ်သားကောင်မလေးတစ်ကောင်နဲ့ တွဲနေတာလို့ ငါ့ကို မပြောနဲ့နော်။” ထန်ရှု ရယ်ရင်း ပြောလိုက်သည်။

"ငါ့ကို စုံစမ်းဖို့ တစ်ယောက်ယောက်ကို လွှတ်ထားတာလား အစ်ကိုကြီး။ ငါ မိန်းကလေးတစ်ယောက်နဲ့ တွဲနေတာ မင်း ဘယ်လို သိတာလဲ။" ယွမ်ချူးလင် အံ့အားသင့်ကာ ပြောလိုက်သည်။

ထန်ရှု ပြောစရာစကား မဲ့သွားရသည်။ ယွမ်ချူးလင်သည် မိန်းကလေးတစ်ယောက်နှင့် အမှန်တကယ် တွဲနေလိမ့်မည်ဟု သူ မထင်ထားမိပေ။ ယခုကဲ့သို့ သူ ပြောလိုက်ရသည့် အကြောင်းရင်းမှာ ယွဲ့ခိုင်နှင့် ဟူချင်းစုန့်တို့၏ အကျင့်သဘာဝလွှမ်းမိုးမှုကြောင့် ဖြစ်သည်။

အိမ်သို့ရောက်သောအခါ ယွမ်ချူးလင်သည် အိမ်အတွင်းသို့ လှည့်လည်ကြည့်ရှုပြီး ပထမထပ်ရှိ ဧည့်ခန်းဆီသို့ ပြန်ပြေးလာခဲ့သည်။ ဆိုဖာပေါ်တွင် ထိုင်ပြီး ဆေးလိပ်သောက်နေသော ထန်ရှုအား  မြင်သည့်အခါ သက်ပြင်းချရင်း ချီးမွမ်းလိုက်သည်။

“မင်း ဒီမှာ ကောင်းကောင်း နေ နေတာပဲ အစ်ကိုကြီး။ ဒါကြောင့် ကောင်မလေးကို ခေါ်လာနိုင်အောင်လို့ အခန်းတစ်ခန်း ကြိုယူထားဖို့ ငါ ဆုံးဖြတ်လိုက်ပြီ။ အနည်းဆုံးတော့ ငါ ပိုက်ဆံချွေတာရာ ရောက်တာပေါ့။ ငါ့အတွက် အခန်းတစ်ခန်း ချန်ပေးထားခဲ့ဖို့ မမေ့နဲ့နော်။”

"သေလိုက်လေ။ မင်းကိုယ်တိုင်က ဒုတိယမျိုးဆက် ချမ်းသာတဲ့သူပဲကွာ … မင်း အရမ်းလိုချင်နေရင် မင်းအဖေဆီ ဘာလို့ မပူဆာတာလဲ။"

ထန်ရှုနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ယွမ်ချူးလင်က ပြုံးလိုက်ကာ

"မင်း ပြောင်းလဲသွားပြီ ကိုယ့်လူ။ အခုဆို ကပ်စေးနှဲတဲ့လူတစ်ယောက် ဖြစ်နေပြီ။ အဲ့ဒါ မကောင်းဘူး။ ဒါကြောင့် ငါ့ရဲ့ စိတ်ဒဏ်ရာကို လျော်ကြေးပေးဖို့ ကြယ်တာရာသွားတဲ့ လေယာဉ်လက်မှတ်ဖိုး အစ်ကိုကြီး ပေးရမယ်။"

"မင်းရော ကြယ်တာရာကို ပြန်မလို့လား။" ထန်ရှု ရယ်ချင်စိတ်ကို မအောင့်နိုင်တော့ပေ။

"တကယ်တော့ ငါ့စိတ်ထဲမှာ လေးနက်တဲ့ကိစ္စတွေ ရှိတယ်။ အဲ့ဒါကြောင့် ဒီနေ့ မင်းဆီကို ငါ လာခဲ့တာ။" ယွမ်ချူးလင်က အသံများထွက်အောင် ရယ်လိုက်ပြီး “ငါ့အဘိုးကြီးပေါ့ကွာ။ မင်း ပြန်သွားတဲ့အခါ မင်းကို ဖိတ်ခဲ့ဖို့ ငါ့ကို အမိန့်ပေးထားတယ်။ သူပြောတာတော့ မင်းနဲ့ ဆွေးနွေးစရာကိစ္စတွေ ရှိတယ်ဆိုပဲ။”

"မင်းအဖေက ငါနဲ့ ဘာကိစ္စ ဆွေးနွေးချင်တာလဲ။" ထန်ရှု ဇဝဇေဝါ ဖြစ်သွားသည်။

ယွမ်ချူးလင်က ပခုံးတွန့်ကာ ခေါင်းခါလိုက်ပြီး

"မင်းက ငါ့ကိုမေးတော့ ငါက ဘယ်သူကို သွားမေးရမလဲ။ အဖေက ငါ့ကို ပိုက်ဆံ လိုသလောက် ပေးနေပေမယ့် မိသားစုစီးပွားရေးမှာ မပါဝင်စေချင်ဘူး။ ဒါပေမယ့် မင်းကိုတော့ … အဖေက ဒီတလော ငါ့ဆီ အကြိမ်ကြိမ် ဖုန်းဆက်ပြီး မင်းအကြောင်း အကြိမ်တိုင်း မေးနေတာ။"

တခဏလောက် စဉ်းစားပြီးနောက် ထန်ရှုက ခေါင်းညိတ်လိုက်ပြီး

"အဲ့ဒါဆိုလည်း အခု ပြန်ကြတာပေါ့။ ငါလည်း အဲဒီမှာ လုပ်စရာတွေရှိလို့ ပြန်ရမှာနဲ့အတော်ပဲ။”

"အလျင်မလိုပါနဲ့ ဘဒိုရာ။ ငါ ပြောစရာတစ်ခု ရှိသေးတယ်။" ယွမ်ချူးလင်က သူ့လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

"တစ်ခြား ဘာများရှိသေးလို့လဲ။" ထန်ရှုက မေးသည်။

"အစ်ကိုကြီး … ဒီတစ်ခါတော့ ငါ့အဘိုးကြီးအမိန့်ကလွဲလို့ အရေးကြီးဆုံးအရာက မင်းကို ငါ့စီးပွားရေးလုပ်ဖော်ကိုင်ဖက်ဖြစ်စေချင်တယ်။ ငါ့မှာ ငွေအတော်အတန်ရှိနေပြီဆိုတော့ လုပ်ငန်းကောင်းကောင်းတစ်ခုကို တည်ထောင်ချင်တယ်။ အဲ့ဒါကြောင့် ဟဲဟဲ…”

ယွမ်ချူးလင်က တဟဲဟဲရယ်ရင်း ပြောလိုက်သည်။

ထန်ရှုက မျက်လုံး ပြူးပြလိုက်ပြီး

"ငါ့ကို ချမ်းသာတယ်များထင်နေတာလား။ နောက်ပြီး ငါတို့က ကျောင်းသားတွေပင် ဖြစ်သေးတာလေ။ ဘယ်လိုလုပ်ငန်းမျိုးတွေနဲ့ ရှုပ်ယှက်ခတ်ချင်နေတာလဲ။ မင်းမှာ အဲ့ဒါကို စီမံခန့်ခွဲဖို့ရော အချိန်ရှိလား။"

သူ့မျက်နှာထက်ရှိ အပြုံးကို ရုတ်သိမ်းကာ တည်ကြည်သောအမူအရာဖြင့် ယွမ်ချူးလင်က

“မင်းက သေချာပေါက် သူဌေးတစ်ယောက်ပါကွာ။ အနည်းဆုံးတော့ ငါ့ထက် ထောင်ပေါင်းများစွာ ပိုချမ်းသာတယ်။ ဆိုတော့ ငါ့အစီအစဉ်ကို အရင် နားထောင်ကြည့်ပေး။ မင်း အဲ့ဒါကို ဖြစ်နိုင်တယ်ထင်ရင် ငါ့ဆီမှာ အရင်းအနှီး ထည့်။ မင်းက အဲ့ဒါကို မကောင်းလို့ ထင်ရင် ငါ နောက်ထပ် ပိုတွေးကြည့်မယ်။"

"ဒါဆို မင်း ငါ့ကို ပြောပြ။ ဘာလုပ်ငန်းလဲ။" ထန်ရှုက ပြောသည်။

“ဒီလို အစ်ကိုကြီးရ … ငါ ရှန်ဟိုင်းကို ရောက်တော့ ဝိုင်နဲ့ အမျိုးသမီးတွေရဲ့ကမ္ဘာထဲမှာ နေဖူးခဲ့တယ်။ နောက်တော့ တစ်စုံတစ်ခုကို မရည်ရွယ်ဘဲ ပထမဆုံးအကြိမ် ရှာတွေ့ခဲ့တယ်။ အခုခေတ် မြို့ကြီးပြကြီးမှာ နေတဲ့သူတွေရဲ့ဘဝက အရမ်းကို သွားလာလှုပ်ရှားရတယ်ဆိုတာ မင်းလည်း အသိပဲ။ အများစုက မျက်လုံး၂လုံး ပွင့်တာနဲ့ နေ့တိုင်း အလုပ်တွေလုပ်ပြီးတော့ လုပ်အားခတော်တော်များများ ရကြတယ်။ ပြီးရင် သူတို့တွေက ညကမ္ဘာမှာ ပျော်စရာ ရှာပြီး အချိန်တွေ ကုန်ကြတော့ သူတို့တွေရဲ့ဘဝက ကျန်းမာရေးနဲ့ နာမကျန်းမှုကြား နယ်နိမိတ်မျဉ်းမှာ ရှိနေတယ်။ ဒါကြောင့် ရှန်ဟိုင်းမှာ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း စင်တာကြီးတစ်ခုဖွင့်ဖို့ ငါ စိတ်ကူးထားတယ်။”

***

All Chapters