← Chapters

သူဌေးက ကျွန်မရဲ့လူ

Vol. 09 Ch. 420

သူဌေးက ကျွန်မရဲ့လူ

Vol. 09 Ch. 420

…ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းစင်တာလား…

ထန်ရှု၏ မျက်ခုံးများ မြင့်တက်သွားကာ အတွေးထဲ နစ်မြုပ်သွားသည်။ ယွမ်ချူးလင်၏အကြံသည် အမှန်ပင် ကောင်းမွန်သည်။ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းစင်တာအား ကောင်းမွန်စွာ လုပ်ကိုင်နိုင်ပါက ငွေအမြောက်အမြား ရရှိနိုင်သောကြောင့် ဖြစ်သည်။

"မင်း ဈေးကွက်သုတေသန လုပ်ပြီးပြီလား။"

“လုပ်ပြီးပြီ။” ယွမ်ချူးလင်က ခေါင်းညိတ်ကာ လေးနက်သော အမူအရာဖြင့်

"ငါ သုတေသနမှာ ယွမ် ၁၀,၀၀၀ ကျော် မြှုပ်နှံခဲ့ပြီး ငါတို့ကျောင်းဝင်းထဲက ကျောင်းသား အယောက် ၂၀ကို တောင်းဆိုလိုက်တယ်။ သူတို့တွေ သုံးရက်တိတိ ကျောင်းသားတွေ၊ ဉာဏအလုပ်သမားတွေ၊ ကိုယ်ပိုင်အလုပ်လုပ်ကိုင်သူတွေနဲ့ အခြားဈေးကွက် အစိတ်အပိုင်းတွေကို စစ်တမ်းကောက်ယူပေးခဲ့တယ်။ ဒီလိုနဲ့ အဖွဲ့တွေဆီကနေ စစ်တမ်းအစီရင်ခံစာ ထောင်ပေါင်းများစွာ ငါ ရခဲ့တာပေါ့။ အစီရင်ခံစာတွေအရတော့ သူတို့ထဲက ၈၂%က ကျန်းမာသန်စွမ်းတဲ့ အခြေအနေရှိတယ်။ ၁၂%ကတော့ ကိုယ်လက်ကြံ့ခိုင်ရေးစင်တာကတ်ပြားရှိပြီး ကြံ့ခိုင်ရေးစင်တာတွေမှာ မကြာခဏ လေ့ကျင့်ခန်းလုပ်လေ့ရှိကြတယ်။ ၆၄% ကတော့ အားကစားခန်းမသွားဖို့ ရည်ရွယ်ချက်ရှိတယ်လို့ ကောက်ချက်ချနိုင်တယ်။”

ယွမ်ချူးလင်၏စကားကို အေးဆေးစွာ နားထောင်ပြီး ထန်ရှုက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ယွမ်ချူးလင်ကဲ့သို့ အကောင်းချည်းပဲ တွေးထားခြင်းမရှိသော်လည်း ကိုယ်လက်ကြံ့ခိုင်ရေးစင်တာ၏အမြတ်အစွန်း ရရှိရန်အတွက် လုပ်ငန်းစီမံခန့်ခွဲမှု၏ များစွာသော အခန်းကဏ္ဍများနှင့် ရှုထောင့်များစွာ လိုအပ်မည် ဖြစ်သည်။

“တကယ်တော့ ကိုယ်လက်ကြံ့ခိုင်ရေးစင်တာတစ်ခု တည်ထောင်တာ ကောင်းတဲ့အစပျိုးမှုတစ်ခုပဲ။ မင်းမှာ ပိုက်ဆံရှိရင်ရှိသလို နေရာတစ်နေရာ ငှား၊ အကောင်းစား လေ့ကျင့်ရေးကိရိယာတွေနဲ့ ပြည့်စုံအောင် ပြင်ဆင်ပြီး ကောင်းမွန်တဲ့ လေ့ကျင့်ခန်းနည်းပြတွေ ငှားပြီး လုပ်နိုင်တယ်။ အဲ့ဒါဆို မင်းရဲ့စီးပွားရေးကို အလွယ်တကူ စလို့ရပြီ။ ဒါပေမယ့် သော့ချက်က စီမံခန့်ခွဲမှုနဲ့ လုပ်ငန်းလည်ပတ်မှုပဲ။ စိတ်ပူရမှာက ရှန်ဟိုင်းလို မြို့ကြီးတစ်ခုမှာ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းစင်တာနဲ့ အားကစားခန်းမတွေက များလိမ့်မယ်။ ငါ့ရဲ့မေးခွန်းက အခြားသူတွေထက် ပိုကောင်းအောင် မင်း ဘယ်လို လုပ်နိုင်မလဲဆိုတာနဲ့ ဘယ်လိုအကျိုးကျေးဇူးတွေ မင်းက ပြုလုပ်ပေးနိုင်မလဲဆိုတာပဲ။”

“ငါ့ရဲ့စီးပွားရေးသီအိုရီက အတော် ရိုးရှင်းပါတယ်။ မင်းတောင်မှ အဲ့ဒါကို နောက်တီးနောက်တောက်နဲ့ အရူးလားလို့တောင် သတ်မှတ်နိုင်တယ်။” ယွမ်ချူးလင်က ရယ်ကြဲကြဲ လုပ်နေရင်း

“ငါ့အစီအစဉ်က အဆင့်အတန်းမြင့်မြင့်နဲ့ အနိမ့်ပိုင်းက ဝင်တာပဲ။ အခြားကြံ့ခိုင်ရေးစင်တာတွေက ကြံ့ခိုင်မှုဆိုတာကို အားကစားတစ်ခုလို့သဘောထားပြီး  လေ့ကျင့်ခန်း လုပ်ဖို့၊ ကာယလေ့ကျင့်ခန်းလုပ်ဖို့ သက်သက်ပဲတွေးကြတယ်။ ဒါပေမယ့် ငါ့စိတ်ကူးက သူတို့နဲ့မတူဘူး ကွဲပြားတယ်။ လေ့ကျင့်ခန်းလုပ်ရင်းနဲ့ လူတွေပျော်နိုင်စေဖို့ ပုံစံအသစ်တွေနဲ့ ကစားရတဲ့ ဂိမ်းတစ်ခုအဖြစ် စဉ်းစားထားတယ်။”

"အသေးစိတ် ပြောပါဦး။" ထန်ရှု အံ့သြသွားသည်။

သူ၏မေးစေ့ကို ပွတ်သပ်ရင်း ယွမ်ချူးလင်က တဟားဟားရယ်ကာ

“အစ်ကိုကြီး … ကျောင်းသင်ခန်းစာနဲ့ စီးပွားရေးမှာ မင်းလောက်မတော်ဘူးဆိုတာ ငါ ဝန်ခံပါတယ်။ ဒါပေမယ့် ကစားတာတို့၊ ဂိမ်းတို့နဲ့ပတ်သက်ရင် မင်း ငါ့ကို လုံးဝအမှီမလိုက်နိုင်ပါဘူး။ ငါ မင်းကို ဥပမာနည်းနည်း ပြောပြမယ်။ အခုဆို ဈေးဝယ်စင်တာတွေ အများကြီးရှိနေပြီ။ မင်းမှာ  ဝါသနာပါတဲ့ လှုပ်ရှားမှုတွေအားလုံးလုပ်ဖို့ အချိန်ရှိလား။ ကိုယ်လက်ကြံ့ခိုင်ရေးစင်တာနဲ့ အားကစားခန်းမမှာလည်း ဒီလှုပ်ရှားမှုတွေကို လုပ်နိုင်တယ်။ နောက်ပြီး ငါတို့တွေက ဘောနပ်စ်တွေနဲ့ ဆုတွေပေးတဲ့ ကိုယ်လက်ကြံ့ခိုင်မှုအစီအစဉ်ကိုလည်း ဖန်တီးလို့ ရနိုင်တယ်။ နည်းပြလှလှလေးတွေ ထားတာကလည်း ရွေးချယ်မှုကောင်းတစ်ခု ဖြစ်လာလိမ့်မယ်။ တကယ့်လက်တွေ့မှာတော့ သူတို့အတွက် သင့်လျော်မယ့် လေ့ကျင့်ဖော် လေ့ကျင့်ဖက်တွေကို ကြိုးစားရှာဖွေရတာ အလွန်ခက်ခဲမှာပါ။ မြို့ကြီးပြကြီးမှာလည်း လူပျိုကြီးနဲ့ လူပျိုကြီးတွေ အများအပြားရှိတယ်လို့တော့ မဆိုလိုချင်ပေမယ့် ငါတို့က ကြင်ဖက်တွေ့တဲ့ အစီအစဉ်ကိုလည်း လုပ်လို့ရမယ်။ ဒီအချက်ကို အလေးပေးလိုက်ရင်  အဖွဲ့ဝင်တွေကြားမှာ အပြန်အလှန်ဆက်ဆံရေးကို မြှင့်တင်နိုင်ပြီး အဲ့ဒါကို လစဉ် လက်ထပ်မှုအစီအစဉ်တစ်ခုအဖြစ်လည်း သုံးနိုင်တယ်။"

“နောက်ထပ်ဥပမာတစ်ခုကတော့ အသင်းဝင်ကလပ်တစ်ခုကို တည်ထောင်ပြီး အားကစားစွမ်းရည်အစီအစဉ်တစ်ခုကို ဖန်တီးမယ်ဆိုရင် မီဒီယာအချို့နဲ့ ပူးပေါင်းပြီး တီဗွီအစီအစဉ်အချို့ကိုလည်း လုပ်ဆောင်နိုင်တယ်။ အဲ့ဒီအပေါ်မှာ ပိုက်ဆံရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိနေသရွေ့ ပိုပိုပြီး နာမည်ကြီးလူသိများလာတဲ့အတွက် လွှမ်းမိုးမှုလည်း ပိုများလာနိုင်တယ်…”

ယွမ်ချူးလင်တစ်ယောက် ယုံကြည်မှုအပြည့်ဖြင့် စိတ်အားထက်သန်စွာ စကားပြောနေသည်ကို ထန်ရှု ကြည့်နေရင်း သူ၏ထူးချွန်ထက်သန်ရာကစားခြင်းနှင့် စပ်လျဉ်းပြီး အမှန်ပင် သူ့အား ကြည့်ခဲ့သည်။ သူ့တွင် ဒီကဏ္ဍနှင့်ပတ်သက်ပြီး အမျိုးမျိုးအဖုံဖုံ စုံလင်စွာ ရှိသည်ဆိုပါက ထိုအရာအား သူ၏စီးပွားရေးလုပ်ငန်းအဖြစ် အမှန်တကယ်ပင် ပြုလုပ်နိုင်မည်ဖြစ်သည်။

"အဲ့ဒီလုပ်ငန်းက ဘယ်လောက် လိုမှာလဲ။"

ထိုစကား ကြားလိုက်သည်နှင့် ယွမ်ချူးလင်၏ မျက်လုံးများ အရောင်တောက်လာပြီး လက်ချောင်းများကို မြှောက်ကာ ချက်ချင်း ပြန်ဖြေသည်။

"ငါ့ဆီက ၂မီလီယံလောက် ရနိုင်တယ်။ ဒါပေမယ့် အဲ့ဒါ ငါ့မှာ ရှိသမျှအကုန်ပဲ။ မင်း ငါ့ကို ရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိတယ်ဆိုရင် ငါ့အဘိုးကြီးဆီကနေ နောက်ထပ် မီလီယံ နည်းနည်းလောက် ထပ်ချေးဖို့ သူ့ကို ချက်ချင်း ရှာလိုက်မယ်။ တကယ်လို့ ... တကယ်လို့များ မင်း ၅မီလီယံလောက် ငါ့ဆီ ရင်းနှီးမြုပ်နှံနိုင်ရင် ငါ အဲ့ဒါကို လုံးဝသက်ဝင်လာအောင် လုပ်တော့မှာ သေချာတယ်။"

“ဆိုတော့ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုက ၁၀မီလီယံလောက် ရှိတယ်လို့ မင်း ပြောချင်တာလား။”

ထန်ရှုက မေးသည်။

"ဒါ အမှန်ပဲ။" ယွမ်ချူးလင် ခေါင်းညိတ်သည်။

ထန်ရှုက တခဏလောက် စဉ်းစားပြီး ဖြည်းညှင်းစွာပြောသည်။

"ဒါဆို ငါ ၁၅မီလီယံ ရင်းနှီးမြှုပ်နှံပြီးတော့ ရှယ်ယာ ၆၀% ယူမယ်။ မင်းရဲ့ ရင်းနှီးမြုပ်နှံမှု ၅မီလီယံကို ရှယ်ယာတွေရဲ့ ၄၀% အဖြစ် တွက်လိုက်။ ကိုယ်လက်ကြံ့ခိုင်လေ့ကျင့်ရေးစင်တာကို တည်ဆောက်ပြီးရင် လုပ်ငန်းမှာ ကြားဝင်တာ ဒါမှမဟုတ် ဝင်ရောက်စွက်ဖက်တာတော့ ငါ လုပ်မှာမဟုတ်ဘူး။ ဒါပေမယ့် ဘဏ္ဍာရေးဌာနမှာတော့ ငါ တစ်ယောက်ယောက်ကို နေရာပေးချင်တယ်။ မင်း ဘယ်လို သဘောရလဲ။"

ယွမ်ချူးလင်က ခေါင်းညိတ်ပြကာ သူ့ပေါင်ကို ပွတ်သပ်ရင်း

“ပြသနာ မရှိဘူး။ ငါတို့ သဘောတူညီသွားပြီပေါ့။”

"မင်းရဲ့ ဘဏ်အကောင့်နံပါတ်ပေး။ ငါ မင်းကို အခု ငွေလွှဲလိုက်မယ်။" ထန်ရှုက ဘဏ်အကောင့် တောင်းလိုက်သည်။

"ဒီလောက် တိုက်ရိုက်ကျလှချည်လား။"

ယွမ်ချူးလင်က အံ့အားသင့်စွာ ငေးကြည့်နေမိသည်။

“ငါက နမော်နမဲ့လုပ်တာကို မကြိုက်ဘူးဆိုတာ မင်း သိပါတယ်။” ထန်ရှုက ရယ်မောပြီး

"မင်း ကိုယ်လက်ကြံ့ခိုင်လေ့ကျင့်ရေးစင်တာကို ကောင်းကောင်း စီမံခန့်ခွဲရင် ပိုက်ဆံဝင်ဖို့ ငါ စောင့်နေမယ်။ မင်း ငွေရေးကြေးရေး ဆုံးရှုံးမှုတွေ ကြုံလာရင်တော့ ဆုံးရှုံးမှုအဖြစ် ခံလိုက်ရုံပဲ ရှိတော့တာပေါ့။”

“အစ်ကိုကြီး … မင်းက တကယ်ချမ်းသာပြီး ခမ်းနားတာပဲ။” ယွမ်ချူးလင်က လက်မထောင်ကာ ချီးကျူးလိုက်ရင်း

"ကောင်းပါပြီ။ ငါ့အကောင့်နံပါတ်ကို အခုပေးမယ်။"

မိနစ်အနည်းငယ်ကြာပြီးနောက် ထန်ရှုသည် ယွမ်ချူးလင်၏အကောင့်ထဲသို့ ငွေလွှဲပေးခဲ့သည်။ ထို့နောက် သူက ထကာ အပြုံးဖြင့်

“ကောင်းပြီ … ငါတို့ အခုသွားကြတော့မလား။ မနက်ဖြန်ဆို တက္ကသိုလ်အတွက် စာရင်းပေးသွင်းရတော့မယ်။ အတန်းတွေက သဘက်ခါဆို တရားဝင်စတင်တော့မှာ။ စောစော ပြန်သွားတော့ ငါတို့ စောစောပြန်လို့ရတာပေါ့။”

ကျေနပ်ပီတိဖြစ်နေသော အမူအရာဖြင့် ယွမ်ချူးလင်က ခုန်ထလာကာ သူ၏အဆီပြင်များ တုန်ခါအောင် ရယ်လိုက်ရင်း

“သွားကြရအောင်။ အိမ်ပြန်ကြစို့။"

ကြယ်တာရာ…

ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစု၏ ရုံးချုပ်ရှိ  အထွေထွေမန်နေဂျာရုံးခန်းအတွင်း …

စာရွက်စာတမ်းအချို့အား တိတ်ဆိတ်စွာ ဖတ်နေသည့် ခန်းရှ၏ရင်သပ်ရှုမောဖွယ် လှပသော မျက်နှာလေးသည် ရံဖန်ရံခါ မျက်မှောင်ကြုတ်သွားပြီး ရံဖန်ရံခါ အပြုံးပန်းလေးများ ပွင့်နေခဲ့သည်။

ရုံးခန်းထောင့်ရှိ ဆိုဖာပေါ်တွင် အင်ဒီသည် ပျင်းရိစွာ ထိုင်နေကာ သူမ၏ဖုန်းနှင့် ဂိမ်းကစားနေပြီး ရံဖန်ရံခါ သမ်းဝေနေသေးသည်။

“အင်ဒီ … နင် အချိန်ရရင် မြို့သစ်စီမံကိန်းကိုသွားပြီး သွားစောင့်ကြပ်ပေး။ ငါတို့ အတူလက်တွဲလုပ်နေတဲ့ အင်အားစုတွေကို ယုံကြည်နိုင်တယ်ဆိုပေမယ့် အဲ့ဒါက ဘီလီယံ ဆယ်နှင့်ချီကြီးမားတဲ့ ပရောဂျက်တစ်ခု ဖြစ်နေတယ်။ ငါတို့တွေမှာ ငွေကြေးဆိုင်ရာပြသနာ ဒါမှမဟုတ် အခြားပြဿနာတစ်ခုခုရှိလာခဲ့ရင် ဆုံးရှုံးမှု များလိမ့်မယ်။” ခန်းရှက မော့ကြည့်လိုက်ပြီး ဖုန်းဖြင့် ဂိမ်းကစားနေသော ဆိုဖာပေါ် မှ အင်ဒီ့ကို ပြောလိုက်သည်။

"အဲ့ဒါအတွက် စိတ်ပူစရာမလိုပါဘူး သူဋ္ဌေး…" အင်ဒီက ခေါင်းမော့မကြည့်ဘဲ ပြန်ဖြေသည်။

ခန်းရှ ခေါင်းယမ်းလိုက်ပြီး စာရွက်စာတမ်းများကို ချလိုက်သည်။ ထို့နောက် သူမက အပြုံးဖြင့် မေးလိုက်သည်။

"အင်ဒီ … နင် ခုတလော ဘာဖြစ်လို့ အတော် ဂရုမစိုက် ဖြစ်နေတာလဲ။ စီမြောင်အုပ်စုရဲ့ သူဋ္ဌေးလေးက နင့်ကို အရူးအမူး ဆွဲဆောင်နေတယ်လို့ ငါ ကြားတယ်။ ဘယ်လိုလဲ။ နင် သူ့ကို အဖြေဖြေပြီးပြီလား ဒါမှမဟုတ် တစ်ခုခုဖြေခဲ့တာလား။"

အင်ဒီက နှုတ်ခမ်းစူရင်း "သူဌေး … ချန်းစီအန်းက တကယ်တော့ တော်တော်ထက်မြက်ပြီး ရုပ်လည်း ချောပါတယ်။ ဒါပေမယ့် ကျွန်မမျက်စိထဲမှာ ကျွန်မတို့ရဲ့ သူဌေးထန်လောက် ကောင်းတဲ့သူ မရှိဘူး။ ချန်းစီအန်းက ကျွန်မကို သူ့ ရည်းစားဖြစ်စေချင်တာလား။ ဟမ့် … သူ့ရဲစိတ်ကိုထိန်းပြီး ဆယ်စုနှစ်အနည်းငယ်လောက် ကျင့်ကြံရလိမ့်မယ်။"

ခန်းရှက တုံ့ဆိုင်းခြင်းမရှိဘဲ

"ငါတို့ သူဋ္ဌေးထက် ဘယ်သူမှ ပိုမကောင်းဘူးဆိုတာ အမှန်ပဲ။ ဒါပေမယ့် ငါတို့ရဲ့ သူဋ္ဌေးက တစ်ယောက်ပဲ ရှိတာ။ ငါက သူ့ကို ငါ့ဆီကျအောင်လုပ်မှာ အသေအချာပဲ။ လက်လျှော့လိုက် ကောင်မလေး…"

အင်ဒီက လူးလှိမ့်ထလာပြီး သူမ၏ တင်ပါးပေါ် လက်တင်ကာ ပြောလိုက်သည်။

"သူဋ္ဌေး … သူဋ္ဌေးက ကျွန်မကို တိုက်ရိုက်ကြီးကြပ်ရသူဆိုပေမယ့် ကျွန်မရဲ့ခံစားချက်တွေရဲ့ အရှင်သခင်တော့ မဟုတ်ဘူး။ ဘုရားသခင်က ကျွန်မကို ဆွဲဆောင်နိုင်တဲ့သူဖြစ်အောင် လုပ်ထားတာဆိုတော့ သူက ကျွန်မရဲ့လူ ဖြစ်လာလိမ့်မယ်။ ကျွန်မနဲ့ ယှဉ်ပြိုင်တာလုပ်ချင်ရင် သူဋ္ဌေးနဲ့ ထိပ်တိုက်ပြိုင်ဆိုင်ရလို့ ဝမ်းသာမိပါတယ်။"

“ခွီး … ဟားဟား …”

ခန်းရှ ရယ်ချင်စိတ်ကို မအောင့်နိုင်တော့ပေ။

အင်ဒီက မကျေမနပ်နှင့် ဆက်ပြောသည်။

"သူဌေး … ကျွန်မ အလေးအနက် ပြောနေတာ။ သူဌေးထန်လို ထူးချွန်တဲ့ ယောကျ်ားတစ်ဦးမှာ အမျိုးသမီးတစ်ယောက်တည်းကမှာ မဟုတ်ဘူး။ တရုတ်ပြည်က ဘုရင်စနစ်ဆိုတာလည်း သူဌေးသိတယ် မဟုတ်လား။ ဧကရာဇ်တွေမှာ နန်းတော်သုံးခုနဲ့ အိပ်ဆောင်ခြောက်ခုရှိပြီး ကြင်ယာတော်မင်းသမီး၇၂ပါး ရှိတယ်။ အဲ့ဒါကြောင့် ကျွန်မတို့ရဲ့သူဌေးထန်လည်း ရှိနိုင်တယ်လို့ ကျွန်မ ထင်တာပဲ။ ကျွန်မအတွက်ကတော့ ဧကရီတစ်ပါးအဖြစ် မတောင်းဆိုပါဘူး … တော်ဝင်ကိုယ်လုပ်တော်တစ်ယောက်ဖြစ်ရင်ကို ကျေနပ်တယ်။"

“ငါ့ဖင်ကြီးကို တော်ဝင်ကိုယ်လုပ်တော်။ နင် စကားတွေများနေတာကို ရပ်မှာလား။ ငါ…”

…ဖုန်းမြည်သံ…

ခန်းရှ၏ဖုန်းမြည်သံကြောင့် သူမ၏စကားများကို အနှောင့်အယှက်ဖြစ်ခဲ့သည်။

အင်ဒီသည် ခန်းရှ၏ မှုန်နေအောင်လှသော အလှအား ကြည့်ရင်း ဆိုဖာပေါ်တွင် ပျင်းရိစွာ ကျောမှီထိုင်ကာ ဖုန်းနှင့် ဆက်ကစားနေလေသည်။

ခန်းရှသည် သူမ၏ဖုန်းကို ယူကာ ခေါ်ဆိုသူ၏ နံပါတ်ကို ကြည့်လိုက်သည်။ သူမ၏မျက်လုံးများ ဘလင်းဘလင်း တောက်ပလာပြီး မတ်တတ်ရပ်ကာ ပြောလိုက်သည်။

"သူဌေး … နင် ငါ့ကို ရှာနေတာလား။"

"ခန်းရှ … ငါက တစ်ချို့အရာတွေကို ဆောင်ရွက်ဖို့ နေ့လယ်လောက်မှာ ကြယ်တာရာကို ပြန်လာမယ်။ လုံအစားအသောက်ခန်းမမှာ ကုမ္ပဏီရဲ့ အခမ်းအနား ပါတီပွဲတစ်ခုကို ကျင်းပပေးမယ်။" ထန်ရှု၏အသံသည် ဖုန်းထဲမှ ထွက်ပေါ်လာသည်။

"နေ့လည် ရောက်မှာလား သူဋ္ဌေး။" ခန်းရှက အံ့သြဝမ်းသာစွာပြီး

“ကောင်းလိုက်တာ။ ညွှန်ကြားချက်ကို ငါ ဖြန့်လိုက်မယ်။ စကားမစပ် ဘယ်အချိန် ရောက်မှာလဲ။ လေဆိပ်မှာ လာကြိုပေးရမလား။"

"ငါ့ကို ကြိုဖို့မလိုဘူး။" ထန်ရှုက ရယ်မောပြီး

"တောင်တံခါးအိမ်ရာကို ငါ အရင်ပြန်ရမယ်။ ညနေကျရင် ကုမ္ပဏီမှာ မင်းကို လာရှာမယ်။"

"ကောင်းပါပြီတဲ့ရှင်။" ခန်းရှက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

ဖုန်းချပြီးနောက် သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ရှိနေသေးသော ခန်းရှသည် ခေါင်းကို မော့လိုက်သည်နှင့် သူမ၏စားပွဲရှေ့၌ အင်ဒီသည် ပါးနပ်ထက်မြက်ကာ အရည်လဲ့နေသော မျက်လုံးတစ်စုံဖြင့် သူမအား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရတော့သည်။

"အင်ဒီ ဘာလုပ်နေတာလဲ။" ခန်းရှက ပြုံးကာ မေးလိုက်သည်။

"သူဋ္ဌေးထန်လား။"

အင်ဒီက မျက်တောင်တဖျတ်ဖျတ်ခတ်ပြီး

"သူဋ္ဌေးထန် ပြန်လာမှာလား။ ကျွန်မ သူ့ကို တွေ့လို့ရမလား။"

“ဟုတ်တယ်။ သူဋ္ဌေးက ငါတို့အတွက် အခမ်းအနား ပါတီကျင်းပပေးဖို့ ပြန်လာမယ်လို့ ဖုန်းဆက်တယ်။ သူက ငါတို့ကို စီစဉ်ပေးဖို့ လုံအစားအသောက်ခန်းမကို သွားစေချင်တယ်။ ဘယ်လိုလဲ။ သူဋ္ဌေးရဲ့အရှေ့မှာ တစ်ခုခုပြချင်သလား။"

အင်ဒီက ရွှင်မြူးသောအမူအရာဖြင့် ကြည့်ကာ သိလိုစိတ်ဖြင့် မေးလိုက်သည်။

“ဘာပြရမှာလဲ။”

"ဒီညနေပွဲအတွက် ကိစ္စကို မင်းစီစဉ်ဖို့ပလေ။ မင်း ကောင်းကောင်းလုပ်ရင် သူဋ္ဌေးက မင်းကို ကွဲပြားစွာ ဆက်ဆံမှာ သေချာတယ်။" ခန်းရှ ပြုံးလိုက်သည်။

အင်ဒီက လေထဲသို့ လက်သီးတစ်ချက်ထိုးကာ ပြောလိုက်သည်။

"သူဋ္ဌေး ကျေနပ်ပျော်ရွှင်ရလိမ့်မယ်ဆိုတာ ကျွန်မ အာမခံတယ်။ သွားပြီးတော့ ကောင်းကောင်း လုပ်လိုက်မယ်။"

"ဒါဆိုလည်း သွားတော့။"

ခန်းရှက ပြုံးကာ ပြောလိုက်သည်။

တောင်တံခါးအိမ်ရာ…

အိမ်အတွင်းတွင် စုလင်းယွမ်သည် ငိုက်မြည်းကာ အိပ်ချင်မူးတူးဖြစ်နေပြီး ထန်ယွင်သဲ့သည် စာရွက်စာတမ်းအမြောက်အများအား ဖတ်နေကာ အဆက်မပြတ် မျက်ခုံးတွန့်နေရသည်။ အောက်တိုဘာလဖြစ်၍ ရာသီဥတုက အနည်းငယ် ပူနေသေးပြီး နဖူးပေါ်တွင် ပုတီးစေ့ခန့် ချွေးသီးချွေးပေါက်များ သိပ်သည်းစွာ ထွက်နေသည်။

"အဖေ…"

ထန်ရှု၏ပုံရိပ်သည် ထန်ယွင်သဲ့၏အရှေ့တွင် ပေါ်လာပြီး လေသံတိုးတိုးဖြင့် ခေါ်လိုက်သည်။

ထန်ယွင်သဲ့သည် ဝိုးတဝါးဖြစ်နေသောကြောင့် ဇဝဇေဝါ ဖြစ်နေပြီး အသံကြားမှသာ သူ့သားပြန်လာကြောင်း သိလိုက်သဖြင့် စကားပြောမည့်ဟန်ပြင်လိုက်သည်။

သို့သော်လည်း ထန်ရှုက သူ့ကို တိတ်တိတ်နေရန် အမူအရာပြနေသည်ကို သူမြင်လိုက်ရသည်။

"ကျွန်တော့်စာကြည့်ခန်းကို…"

ထန်ယွင်သဲ့က ခပ်ဖွဖွ ပြုံးလိုက်ပြီး ထန်ရှုနောက်သို့ လိုက်သွားသည် ။

စာကြည့်ခန်းအတွင်း …

ထန်ယွင်သဲ့နှင့် ထန်ရှုတို့ အသီးသီး နေရာယူပြီးနောက် ထန်ယွင်သဲ့က အပြုံးဖြင့်

"မင်း ဘယ်ချိန်က ပြန်ရောက်တာလဲ။ အရင်တစ်ခေါက်က မင်းက အလျင်စလို ပြန်ထွက်သွားတာ အဲဒီတုန်းက ဘာဖြစ်ခဲ့လို့လဲ။"

“ကျွန်တော့်တပည့် တစ်ခုခု ဖြစ်လို့ပါ အဖေ။ အဲဒါကို နောက်တော့ ပြောပြမယ်။ ဒါနဲ့ အမေ ဘာဖြစ်လို့လဲ။ ဒီနေ့ စားသောက်ဆိုင်မသွားဘူးလား။" ထန်ရှုက ပြုံးကာ ပြောလိုက်သည်။

"သူမ ခုလေးတင် အဲဒီကနေ ပြန်လာတာ။" ထန်ယွင်သဲ့က အပြုံးဖြင့် ပြောလိုက်သည်။

"အဖေ့ခံစားချက်ကရော ဘယ်လိုလဲ။ အဖေတို့ နှစ်၂၀ ခွဲခွာနေခဲ့ရတယ်။ တစ်ယောက်နဲ့တစ်ယောက် ပြန်ပြီး ကျင့်သားရလာပြီလား။”ထန်ရှု ပြုံးစစနှင့် မေးလိုက်သည်။

"အရိုးသားဆုံးပြောရရင်တော့ အစတုန်းက အတော် တွန့်ဆုတ် တွန့်ဆုတ်ဖြစ်ခဲ့တယ်။ မင်းအမေက သန်မာတဲ့မိန်းမဖြစ်လာတာကို ငါ မြင်ရတယ်။ သူမက နေ့တိုင်း စားသောက်ဆိုင်မှာပဲ အလုပ်များနေပြီး အနားယူဖို့ အဖေပြောရင် ဘယ်တော့မှ နားမထောင်ဘူး။ မင်းအချိန်ရရင် မင်းအမေကိုလည်း ပြောသွားဦး။ သူမက အလုပ်လုပ်ရတာ စွဲလန်းနေသူတစ်ယောက်လို အသည်းအသန် အလုပ်လုပ်တယ်ဆိုရင်တောင် စားသောက်ဆိုင်က အများကြီး ဝင်ငွေရနိုင်မှာမဟုတ်ဘူး။" ထန်ယွင်သဲ့က ရယ်ကျဲကျဲဖြင့် ပြောသည်။

ထန်ရှုက အသံထွက်အောင် ရယ်လိုက်ပြီး “အဖေ ဒီအကြောင်း မသိဘူး။ ကျွန်တော်တို့ ခါးသီးတဲ့ ဒုက္ခနေ့ရက်တွေကို ကြံ့ကြံ့ခံရင်းနဲ့ အမေက အလုပ်ကို စွဲလန်းတဲ့သူတစ်ယောက် ဖြစ်လာခဲ့တယ်။ အမေက အစိုးရိမ်ကြီးပြီး တခြားသူလက်ထဲ ပစ္စည်းတွေ ချန်ထားခဲ့ဖို့ လုံခြုံတယ်လို့ မထင်တော့ဘူး။ လွှတ်ထားလိုက်ပါ အဖေ။ နောက်ပြီး အမေ  ငွေအများကြီး မရှာနိုင်ပေမယ့် ကျွန်တော်တို့ မိသားစုအတွက် အဲ့ဒါက အရေးမကြီးပါဘူး။ အမေ ပျော်နေသရွေ့တော့ အဲ့ဒါက အဆင်ပြေပါတယ်။”

***

All Chapters