အဖေတူသား
Vol. 09 Ch. 421
ထန်ယွင်သဲ့၏မျက်လုံးများတွင် မိမိကိုယ်မိမိ အပြစ်တင်နေသည့် ခံစားချက်ပေါ်လာပြီးနောက် သူက ခေါင်းညိတ်ပြီး ပြောသည်။
“သားတို့သားအမိတွေ အဲဒီနှစ်တွေထဲမှာ အတော် ဒုက္ခခံစားခဲ့ရတာ အဖေ နားလည်ပါတယ်။ အခု အဖေတို့ရဲ့ အခြေအနေက အရင်ကထက် တစ်နေ့ပြီးတစ်နေ့ ပိုကောင်းလာတယ်ဆိုပေမယ့်လည်း ပိုက်ဆံနည်းနည်းမှ မစုရရင်ကို အဲ့ဒီလိုခါးသီးတဲ့နေ့ရက်တွေ ပြန်ရောက်လာမှာ စိုးရိမ်ပြီး သားအမေက အရှိန်လျှော့မှာ မဟုတ်ဘူး။"
ထန်ရှုက ထောက်ခံသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် မေးလိုက်သည်။
"အဖေ … အရင်တစ်ခေါက်က ကျွန်တော်တို့ပြောခဲ့တဲ့ ကိစ္စအတွက် စဉ်းစားပြီးပြီလား။ အခု အဖေ ဘာလုပ်မယ် တွေးထားလဲ။"
“ဒီတလော စီမံကိန်းများစွာကို စဉ်းစားနေပေမယ့် ဘာလုပ်မယ်ဆိုတာကို မဆုံးဖြတ်ရသေးဘူး။” ထန်ယွင်သဲ့က ပြောသည်။
"ဘာစီမံကိန်းတွေလဲ အဖေ။" ထန်ရှုက မေးသည်။
“တစ်ခုက ဟိုတယ်လုပ်ငန်း။ ရွှမ်းချင်ဒေသရဲ့စီးပွားရေး အဆင့်က ပိုမြင့်လာပြီး တရုတ်နိုင်ငံထဲက အခြားဒေသတွေဆီ သွားလာရေး ပိုမိုအဆင်ပြေလာတာနဲ့အမျှ ဟိုတယ်လုပ်ငန်း လုပ်လို့ရတယ်ဆိုတာကို အဖေ သဘောပေါက်ခဲ့တယ်။ ပမာဏကြီးကြီးမားမားနဲ့စဖို့သာ ခက်လိမ့်မယ်။ နောက်တစ်ခုက အိမ်ခြံမြေလုပ်ငန်း။ နိုင်ငံထဲမှာ အိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်းတွေ အများကြီးရှိပေမယ့် အဖေတို့နိုင်ငံရဲ့ တိုးတက်လာတဲ့လူဦးရေကြောင့် အိမ်ရာပြဿနာက ထိပ်တန်းဦးစားပေးဖြစ်နေတုန်းပဲ။ နောက်တစ်ခုက ဒီနေ့ခေတ်မှာ အွန်လိုင်းဈေးရောင်းတာက အတော်ဖြစ်ထွန်းလာတာ တွေ့ရတယ်။ လက်လီရောင်းချတဲ့ လုပ်ငန်းကလည်း အတော် အရေးပါလာတယ်။”
တခဏလောက် စဉ်းစားပြီးနောက် ထန်ရှုက ရုတ်တရက် ပြောလိုက်သည်။
"အဖေ … ကျွန်တော်လည်း ဟိုတယ်လုပ်ငန်းတစ်ခု ထူထောင်မယ်လို့ တွေးထားတယ်။ ဒါပေမယ့် ရွှမ်းချင်ဒေသမှာ ဒီလို ပမာဏကြီးတဲ့ရင်းနှီးမြုပ်နှံမှုက မကောင်းလောက်ဘူးလို့ ကျွန်တော် ထင်တယ်။ ကမ်းရိုးတန်းမြို့တွေလို ခရီးသွားလာမှုဖွံ့ဖြိုးတဲ့ မြို့တချို့ကို အဖေ အနီးကပ် တစ်ချက်လောက် လေ့လာရလိမ့်မယ်။”
ထန်ယွင်သဲ့၏ မျက်လုံးများ တောက်ပလာကာ ပေါင်ကို တစ်ချက်ပုတ်လိုက်ပြီး
“သားပြောတာ မှန်တယ် ဆန်နီ။ လူနေမှုအဆင့်အတန်းတွေ တိုးတက်လာတယ်၊ ခရီးသွားလုပ်ငန်းတွေ ထွန်းကားလာတယ် ဆိုတော့ ရှုခင်းကောင်းတဲ့ နေရာတွေနားမှာ ဟိုတယ်တွေ ဆောက်တာ သေချာပေါက် ကောင်းမွန်တဲ့အရာပဲ။ ဒါနဲ့ တခြားစီမံကိန်းနှစ်ခုကိုရော။ သား ဘယ်လိုထင်လဲ။"
“အိမ်ခြံမြေလုပ်ငန်းထဲကို ဝင်ဖို့ကိုတော့ အဖေ မေ့လိုက်သင့်တယ်လို့ ကျွန်တော် ထင်တယ်။ အခုခေတ်မှာ နိုင်ငံတစ်ဝှမ်း ဆောက်လုပ်ရေးကုမ္ပဏီတွေက အများကြီး ရှိနေတာ။ မြို့ကြီးပြကြီးဖြစ်ဖြစ် ဒါမှမဟုတ် ဝေးလံတဲ့နေရာတွေမှာပဲဖြစ်ဖြစ် အတော်လေးကို ကြောက်စရာကောင်းတဲ့ ကုမ္ပဏီတွေ ရှိတယ်။ သူတို့နဲ့ပြိုင်ဖို့ဆိုတာ လွယ်မှာမဟုတ်ဘူး။ ဒါပေမယ့် လက်လီရောင်းချတဲ့လုပ်ငန်းကတော့ ဖြစ်နိုင်ချေရှိသေးတယ်။ ဒါပေမယ့် အဖေ ဘယ်လောက်ကြီးကြီး ဖြစ်ချင်လဲဆိုတာ ကျွန်တော် သိဖို့လိုတယ်။"
"အဖေ နှစ်ဘီလီယံတော့ တတ်နိုင်တယ်။" ထန်ယွင်သဲ့က ပြောသည်။
ခဏလောက် စဉ်းစားရင်း ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။ "ဟိုတယ်လုပ်ငန်းကို အရင်စလုပ်ကြတာပေါ့။ ပြီးမှ လက်လီလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံကြမယ်။ နိုင်ငံထဲမှာ လက်လီလုပ်ငန်းလုပ်ကိုင်တဲ့ ကုမ္ပဏီကြီးက နည်းနည်းလေးပဲ ရှိတယ်။ ဒါကြောင့် အဖေ လက်လီရောင်းချတဲ့ ကုမ္ပဏီကြီးတစ်ခုကို တည်ထောင်ပြီး ပို့ဆောင်ရေး လမ်းကြောင်းတွေ အားလုံးကိုပါ ဖွင့်နိုင်မယ်ဆိုရင် အဲဒီကနေ ကြီးမားတဲ့ အကျိုးအမြတ်တွေ ရနိုင်တယ်။”
"အခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ရော သား ဘယ်လိုစဉ်းစားထားလဲ။" ထန်ယွင်သဲ့က မေးသည်။
"ဘယ်သူတွေနဲ့လဲ။" ထန်ရှုက ပြန်မေးလိုက်သည်။
"ကုန်ပို့ဆောင်ရေးကုမ္ပဏီကြီးတစ်ခုနဲ့လေ။ ရင်းနှီးမြှုပ်နှံငွေအချို့ကို အဲ့ဒီမှာ ထည့်ပြီး ရှယ်ယာရှင်တွေ ဖြစ်လာတာမျိုးပေါ့။" ထန်ယွင်သဲ့က ပြောသည်။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် ထန်ရှုက ခေါင်းခါပြီး “ကျွန်တော့်အမြင်တော့ မဖြစ်နိုင်ဘူး။ ကုန်ပို့ဆောင်ရေးကုမ္ပဏီကြီးတွေက ကုန်ပို့ဆောင်ရေး လမ်းကြောင်းအမျိုးမျိုးမှာ ရှိနှင့်နေပြီးသား လူသိများပြီးသား။ ကျွန်တော်တို့ အရင်းအနှီးက ကြီးမားတယ်ဆိုရင်တောင် သူတို့ထဲ ဝင်ဖို့၊ သူတို့ကို ယှဉ်ပြိုင်ဖို့ မလွယ်ဘူး။ အဲ့ဒီအစား ကုန်ပို့ဆောင်ရေးကုမ္ပဏီငယ်တစ်ခုကို လက်ရောက်လွှဲပြောင်းရယူပြီး ကုန်ပို့ဆောင်ရေး လမ်းကြောင်းတွေကို စတင်ချဲ့ထွင်ဖို့၊ နိုင်ငံတဝှမ်း ဖြန့်ချီရေးကွန်ရက်ကို ဖြန့်ကျက်ဖို့ အဲ့လိုကုမ္ပဏီလေးတွေမှာ ရင်းနှီးမြုပ်နှံတာက အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော် ထင်တယ်။ တစ်ဖက်မှာ ကျွန်တော်တို့က ကုန်ပို့ဆောင်ရေးလမ်းကြောင်းရဲ့ လုံခြုံရေးကို အာမခံနိုင်တယ်။ အခြားတစ်ဖက်မှာဆိုရင်လည်း ဖြန့်ချီရေးအမြန်နှုန်းကိုလည်း အာမခံနိုင်တယ်။ ဒါနဲ့ ကျွန်တော် လေယာဉ်အမြောက်အမြားကို ဝယ်ထားတယ် အဖေ။ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းကို အဖေ တကယ်လုပ်ချင်ရင် နဂါးကိုးကောင်ကျွန်းရဲ့ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ပြီးသွားရင်တော့ အဲ့ဒါတွေ ပေးနိုင်ပါတယ်။”
"တကယ်လား။" ထန်ယွင်သဲ့၏မျက်လုံးများ တောက်ပလာပြီး အံ့အားသင့်စွာ မေးလိုက်သည်။
"သေချာတာပေါ့။ ကျွန်တော် နောက်နေတာလို့ အဖေ မထင်ဘူးမဟုတ်လား။" ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။
"သားရဲ့ အကြံဉာဏ် ကောင်းတယ်။ နိုင်ငံတွင်းက ကုန်ပို့ဆောင်ရေးကုမ္ပဏီတချို့ရဲ့အခြေအနေကို အဖေ လေ့လာခဲ့တယ်။ သူတို့မှာ ကုန်တင်လေယာဉ်တွေရှိပေမယ့် အရေအတွက်နည်းတယ်။” ထန်ယွင်သဲ့ ချီးကျူးလိုက်သည်။
“အဖေ ရင်းနှီးမြှုပ်နှံငွေထည့်သရွေ့ ဘယ်စီးပွားရေးလုပ်ငန်းကိုမဆို လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော့်လက်ထဲမှာ ပိုက်ဆံ နည်းနည်းကျန်နေသေးပေမယ့် အဲ့ဒါတွေက လုပ်စရာလေးတွေအတွက် ခွဲဝေပေးပြီးပြီမို့လို့ ဒီဟာလေးပဲ အဖေ့ကို ကူညီပေးနိုင်တော့တယ်။" ထန်ရှုက ပြောသည်။
"သားမှာ ပိုက်ဆံရှိတာ အဖေ သိပါတယ်။ ဒါပေမယ့် အဖေ့ရဲ့ကိုယ်ပိုင်လုပ်ငန်းအတွက် သားရဲ့ပိုက်ဆံတွေကို အဖေ ဘယ်လိုသုံးရက်မလဲ။" ထန်ယွင်သဲ့က ရယ်မောလိုက်ပြီး
"ဒါနဲ့ နတ်ဘုရားဝတ်ရည်ဝိုင်တစ်သုတ်လောက်တော့ အဖေ့ကို ပေးနိုင်တယ်မလား။"
"အဲ့ဒါအတွက်ဆို အဖေ ခန်းရှကို ဆက်သွယ်လို့ရတယ်။ တခြားသူဆိုရင် သူမ ငြင်းလိမ့်မှာ ဖြစ်ပေမယ့် အဖေ့ကိုတော့ ငြင်းမှာမဟုတ်ဘူး။" ထန်ရှုက အပြုံးဖြင့် ပြောလိုက်ပြီး "အဲ့ဒါဆိုလည်း ကျွန်တော့်မှာ လုပ်စရာလေးတွေရှိနေလို့ အဖေ့ကို အဖော်မလုပ်ပေးနိုင်တော့ဘူး။"
"သား အခုမှ ပြန်လာတာ မဟုတ်ဘူးလား။ ထွက်သွားတော့မလို့လား။ အခုရော ဘယ်သွားမလို့လဲ။" ထန်ယွင်သဲ့ ပဟေဠိဖြစ်စွာ မေးလိုက်သည်။
"ဒီဟာက အတန်းဖော်ရဲ့အဖေပါ။ သူက ကျွန်တော်နဲ့ ဆွေးနွေးစရာရှိတယ်ပြောလို့ သွားတွေ့မလို့ပါ။" ထန်ရှုက ပြုံးကာ ပြောလိုက်သည်။
"ညစာစားဖို့ ပြန်လာမယ်မဟုတ်လား။" ထန်ယွင်သဲ့က အပြုံးဖြင့် မေးသည်။
ထန်ရှုက ခေါင်းယမ်းပြီး“မလာနိုင်တော့ဘူး။ ဒီည ချိန်းထားတာရှိနေတယ်။ ယွမ်ကျန်းရွှမ်က ကျွန်တော့်ကို ညစာစားဖို့ ဖိတ်တဲ့အတွက် ဒီညတော့ အချိန်မရှိလောက်ဘူး။"
"ယွမ်ကျန်းရွှမ်လား။" ထန်ယွင်သဲ့က အနည်းငယ် အံ့သြသွားဟန်ဖြင့်
"သား … မင့်အတန်းဖော်ရဲ့အဖေက ယွမ်ကျန်းရွှမ် … ယွမ်အုပ်စုရဲ့ သူဋ္ဌေးလား။"
ထန်ရှု ခေါင်းညိတ်လိုက်ရင်း
"ဟုတ်။ အဖေ သူ့ကို သိလား။"
"အဖေ သူနဲ့ ခဏခဏ တွေ့ဖူးတယ်။" ထန်ယွင်သဲ့က ခေါင်းညိတ်ပြီး
“အဖေ့လိုပဲ သူလည်း စစ်တပ်ထဲမှာ လုပ်ဖူးတယ်လေ။”
“ကျွန်တော်လည်း ဒီအကြောင်း ကြားထားတယ်။ သူရဲ့အခုလက်ရှိလုပ်ငန်းတောင် စစ်တပ်နဲ့ နက်ရှိုင်းတဲ့ ပတ်သက်မှု ရှိတယ်။ ဒါပေမယ့် သူ တခြားစီးပွားရေးလုပ်ဖို့ အခွင့်အရေးရှာနေတယ်လို့ လွန်ခဲ့တဲ့လအနည်းငယ်က ပြောခဲ့တယ်။ အခုကိစ္စက အဲ့ဒါနဲ့ ဆက်စပ်မှု ရှိ မရှိတော့ ကျွန်တော်လည်း မသိဘူး။”ထန်ရှု ရှင်းပြသည်။
"ကောင်းပြီ။ ဒါဆိုလည်း သွားတော့လေ။" ထန်ယွင်သဲ့ ပြောလိုက်သည်။
စုလင်းယွမ် အိပ်ပျော်နေဆဲဖြစ်သောကြောင့် ထန်ရှုသည် သူ့အမေကို မနှုတ်ဆက်တော့ဘဲ တောင်တံခါးအိမ်ရာကနေ အမြန်ထွက်ခွာလာသည်။ သူ၏ လင်ရိုဗာကားအား ယွမ်မိသားစုနေအိမ်သို့ မောင်းနှင်လာခဲ့ပြီး ယွမ်ကျန်းရွှမ်နှင့် ကျောင်ကျင်းတို့သည် စိတ်အားထက်သန်စွာဖြင့် ထန်ရှုအား ကိုယ်တိုင်ခရီးဦးကြိုပြုကာ စာကြည့်ခန်းသို့ ခေါ်ဆောင်လာခဲ့ကြသည်။
စာကြည့်ခန်းအတွင်းတွင် ယွမ်ကျန်းရွှမ်က စိတ်ဝင်တစား ပြောလိုက်သည်။
"ထန်ရှု … မင်းရဲ့ ခမ်းနားသော ထန်စီးပွားရေးလုပ်ငန်းစုက ပိုပိုပြီး ကြီးပွားတိုးတက်လာတယ်။"
"ဟုတ်ဗျ … ကျွန်တော်က ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုအကြောင်း သိပ်မသိဘူး။ ကျွန်တော့်ရဲ့အဓိက အလုပ်က စာလေ့လာတာဆိုတော့ အများစုက ခန်းရှပဲ တာဝန်ယူထားတာ။"
ထန်ရှုက ရိုးရိုးသားသား ပြောလိုက်သည်။
"ခန်းရှလိုမျိုး စီနီယာအထွေထွေမန်နေဂျာတစ်ယောက်က မင်းအတွက် အလုပ်လုပ်ပေးဖို့ ရှိတာ အရမ်းကံကောင်းတယ် ထန်ရှု…။ အဲဒီလိုအရည်အချင်းရှိတဲ့ သူတစ်ယောက်ရထားရင် ငါ ထပ်ပြီး ခေါင်းကိုက်တော့မှာမဟုတ်ဘူး။"
"ဦးလေးယွမ် … ကျွန်တော်နဲ့ ဆွေးနွေးချင်တာရှိလား။"
“ဟိုအရင်ကတည်းက ငါ့လုပ်ငန်းကို ပြောင်းလဲဖို့ စတင်စဉ်းစားနေခဲ့တာ မင်းလည်း အသိပဲ။ ဒါကြောင့် မကြာသေးခင်က ရင်းနှီးမြှုပ်နှံထားတဲ့ငွေတွေကို အများကြီး ပြန်လည်ထုတ်ယူထားတယ်။ မင်းနဲ့ ငါ့ရဲ့ ဆက်ဆံရေးကြောင့် မြို့သစ်စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံမှုတချို့ လုပ်နိုင်ခဲ့တဲ့အတွက်လည်း မင်းကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ငါ့လက်ထဲမှာ အရင်းအနှီးငွေတွေ အများကြီး ရှိနေသေးတာမို့ ရင်းနှီးမြုပ်နှံဖို့ ထိုက်တန်တဲ့ လုပ်ငန်းတစ်ခုရှိမရှိ ငါ မေးချင်နေတာ။”
“ဦးလေး ယွမ် … ဦးလေးရဲ့ စီးပွားရေးလုပ်ငန်းကို စတည်ထောင်ဖို့အတွက်ဆို ဦးလေးက သေချာပေါက် စွမ်းဆောင်နိုင်သူတစ်ယောက်ပါ။ ဒါပေမယ့် ကျွန်တော့်ကို ရင်းနှီးမြုပ်နှံမှုကိစ္စတွေ မေးနေတော့ အဲဒါက ကျွန်တော့်ကို အနေရခက်စေတယ်။ ပြောရမယ်ဆိုရင် ရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သက်ပြီး ဒီနေ့ မှာ ကျွန်တော့်ကို မေးတာ ဦးလေးက ပထမဆုံးသူတော့ မဟုတ်ဘူး။”
ထန်ရှုက ရယ်ရယ်မောမော ပြောလိုက်သည်။
"နောက်တစ်ယောက် ရှိတာလား။ ဘယ်သူများလဲ။" ယွမ်ကျန်းရွှမ် အံ့အားသင့်သွားသည်။
"ကျွန်တော့်အဖေလေ။" ထန်ရှု အပြုံးဖြင့် ပြောသည်။
ယွမ်ကျန်းရွှမ် ပဟေဠိဖြစ်သွားပြီး
"မင်းအဖေလား။ ငါသိသလောက် မင်းကို မင့်အမေကပဲ ကြီးပြင်းလာအောင် စောင့်ရှောက်လာခဲ့တာမဟုတ်လား … သူ့ကို ငါ မကြားဖူးဘူး…”
"ကျွန်တော်က တကယ်တော့ အထူးအကြောင်းရင်းတချို့ကြောင့် အမေနဲ့ ကြီးပြင်းခဲ့ရတာပါ။ ဒါပေမယ့် မကြာသေးမီက ကျွန်တော့်အဖေက ပြန်ရောက်လာခဲ့ပြီး စီးပွားရေးတွေ လုပ်ချင်တယ်။ အဲ့ဒါနဲ့ ရင်းနှီးမြုပ်နှံမှုတွေအကြောင်း သူနဲ့ စကားစမြည်ပြောတုန်းက ဦးလေးအကြောင်းကို တိုက်ဆိုင်လို့ ပြောဖြစ်ခဲ့တယ်။ အဖေက ဦးလေးကို အကြိမ်အနည်းငယ်လောက် တွေ့ဖူးတယ်တဲ့။"
"မင်းအဖေက ဘယ်သူလဲ။" ယွမ်ကျန်းရွှမ် အံ့အားသင့်စွာ မေးလိုက်မိသည်။
"ထန်ယွမ်သဲ့ပါ။" ထန်ရှုက ပြောပြသည်။
…ထန်ယွမ်သဲ့လား…
ထိုနာမည်က ယွမ်ကျန်းရွှမ်အတွက် ရင်းနှီးနေသည့် ခံစားချက်ကို ပေးသော်လည်း မည်သည့်နေရာတွင် ကြားဖူးခဲ့သည်ကို သူ စဉ်းစားမရချေ။ ထန်ရှု၏မျက်နှာအား ကြည့်လိုက်မိရင်း အသိတစ်ချက် လက်ကနဲ ဖြစ်သွားသည်။ ထန်ရှု၏မျက်နှာကျပုံသည် တစ်စုံတစ်ဦးကို သတိရစေမိသောကြောင့် ရုတ်တရက် ထရပ်ပြီး မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်မိသည်။
"မင်းအဖေက ထန်ယွင်သဲ့လား။ စစ်တပ်ထဲမှာ တစ်ချိန်က တိုက်ပွဲဘုရင်လား။ ပေကျင်းရဲ့ထန်မိသားစုဝင်တစ်ယောက်”
“ဟုတ်ပါတယ်။” ထန်ရှု ရယ်ရင်း ဖြေသည်။
ယွမ်ကျန်းရွှမ်၏ နှုတ်ခမ်းများသည် အကြိမ်အနည်းငယ်ခန့် တုန်ရီသွားရသည်။ သူက စိတ်လှုပ်ရှားစွာ ကြည့်ရင်း တီးတိုးစကားဆိုလိုက်သည်။
"ညီအစ်ကိုထန် အသက်ရှင်နေသေးတာလား။ ငါ သူနဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀က တွေ့ခဲ့တယ်။ မင်းအဖေရဲ့ သူရဲကောင်းစိတ်ဓာတ်က ငါ့အတွက် တစ်သက် မမေ့နိုင်စရာပဲ။ ထန်ရှု … မင်းအဖေ အခုဘယ်မှာလဲ။ သူနဲ့အတူ တစ်ခွက်တစ်ဖလား သောက်ဖို့ တွေ့လို့ရမလား။"
"တောင်တံခါးဂိတ်အိမ်ရာမှာ ရှိတယ် ဦးလေးယွမ်။ သူ့ကို တွေ့ချင်ရင် အဲဒီကို ဦးလေး တိုက်ရိုက်သွားလို့ရတယ်။" ထန်ရှုက ပြုံးကာ ဖြေသည်။
ယွမ်ကျန်းရွှမ်က ထပ်ကာထပ်ကာ ခေါင်းညိတ်ပြီး
"ဒီည ငါ သူ့ဆီ သွားလည်လိုက်မယ်။ ထန်ရှု … မင်းကတော့ အဲဒါကို သိမှာမဟုတ်ဘူး။ ဒါပေမဲ့ မင်းအဖေက တစ်ချိန်က မရေမတွက်နိုင်တဲ့ စစ်မှုထမ်းတွေအားလုံး ဂုဏ်ယူစွာ မော့ကြည့်ရတဲ့ စစ်သားတစ်ယောက်ပဲ။ အဲ့ဒီနှစ်က အဖြစ်အပျက်တွေကြောင့်သာမဟုတ်ရင် သူက ဗိုလ်ချုပ်ကြီး ဖြစ်လာပြီး စစ်တပ်မှာ သြဇာအာဏာကြီးတဲ့သူတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ငါ ပြောရဲတယ်။”
ထန်ရှုက ဖျော့တော့စွာ ပြုံးလိုက်ပြီး ပြန်မဖြေခဲ့ပေ။
ယွမ်ကျန်းရွှမ်က သက်ပြင်းချလိုက်ပြီး
"ဒါက တကယ်ကို မထင်မှတ်ဘူး။ မဟုတ်ဘူး … ငါ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့မိဘူး။ တွေးကြည့်ရင် မင်းက တကယ်ကို သူ့သားပါပဲ။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုစွမ်းရည်တွေ ပိုင်ဆိုင်ထားတာ အံ့သြစရာမရှိပါဘူး။ ကျားဖေဖေဆီက ခွေးသားလေးကို မွေးလာမှာ မဟုတ်ဘူး။ မင်းက တကယ်ကို အဖေတူသားတစ်ယောက်ပဲ။”
"အင်း … ဒီအကြောင်း ထပ်ပြီးမပြောရအောင် ဦးလေးယွမ်" ထန်ရှုက သူ့လက်ကို ဝှေ့ယမ်းပြီး
"ဒီတစ်ကြိမ်မှာ ဦးလေး ကျွန်တော့်ကို မေးဖို့ ရည်ရွယ်ချက်က ရင်းနှီးမြုပ်နှံမှုကိစ္စတွေကို မေးဖို့သက်သက်သာဆိုရင် ကျွန်တော် အကူအညီမပေးနိုင်မှာစိုးမိပါတယ်။"
ယွမ်ကျန်းရွှမ်၏ မျက်လုံးများထဲတွင် အလင်းတစ်ချက် လင်းလက်သွားကာ "မင်း သေချာပေါက် ကူညီပေးနိုင်မှာပါ။ ဒီကိစ္စမှာ မင်းငါ့ကို ကူညီနိုင်မယ်လို့ ငါယုံကြည်တယ်။"
"ဘယ်လိုဖြစ်နိုင်မလဲ။" ထန်ရှု အံ့သြသွားသည်။
"မင်းပဲ ပြောတာလေ။ မင်းအဖေလည်း စီးပွားရေးလုပ်ချင်နေတာဆို။ ငါကလည်း လုပ်ငန်းတစ်ခု ထူထောင်ချင်တယ်။ ငါတို့နှစ်ယောက်သာ ပူးပေါင်းဆောင်ရွက်လိုက်ရင်…”ယွမ်ကျန်းရွှမ်က အပြုံးဖြင့် ပြောလိုက်လေသည်။
“ဦးလေးတို့နှစ်ယောက် နောက်ဆုံးမှာ ပူးပေါင်းဆောင်ရွက်မလား မလုပ်ဘူးလားဆိုတာကို ကျွန်တော်တော့ ဝင်စွက်ဖက်မှာ မဟုတ်ဘူး။ တစ်ခုခုဆိုရင် အဖေနဲ့ ဦးလေး တိုက်ရိုက်စကားပြောလို့ရတယ်။ အဲ့ဒီအထဲမှာ ကျွန်တော့်ကို ဆွဲမထည့်ပါနဲ့။"
ထန်ရှုက ရယ်ကြဲကြဲဖြင့် ပြောလိုက်သည်။
"စကားမစပ် ဦးလေးယွမ် ... ယွမ်ချူးလင်က ရှန်ဟိုင်းမှာ ကြံ့ခိုင်ရေးစင်တာဖွင့်ချင်နေတယ်။ သူက ဦးလေးကို ပြောပြီးပြီလို့ ကျွန်တော် ယူဆတယ်။ သူ့အဖေအနေနဲ့ ဦးလေးက သူ့ကို ထောက်ပံ့မှာလား။"
"သူ မင်းဆီက အထောက်အပံ့ရနေပြီဆိုတော့ ငါ ဘယ်လိုလုပ်ပြီး နေနိုင်တော့မှာလဲ။"
ယွမ်ကျန်းရွှမ်က ရယ်သွမ်းသွေးသည်။
"မင်းတို့နှစ်ယောက် ဆွေးနွေးခဲ့သမျှ အကြောင်းလေးကို လင်လေးက ငါ့ကို ပြောပြတယ်။ ဒါကြောင့် ငါ သူ့ကို ၁၀ မီလီယံ ထောက်ပံ့ဖို့ ဆုံးဖြတ်ထားတယ်။ သူ ပိုက်ဆံတွေ အကုန်ဆုံးရှုံးရင်တောင် ငါဂရုမစိုက်ဘူး။ အဲ့ဒီကနေ ကျွမ်းကျင်မှုအချို့ သင်ယူနိုင်သရွေ့ ငါ သူ့ကို ပံ့ပိုးနေပေးမှာပါ။”
“ဦးလေးယွမ် ပြောသလိုပဲ ဖေဖေကျားက ခွေးသားလေး မွေးမှာမဟုတ်ဘူး။” ထန်ရှုက သူ့ကို လက်မထောင်ကာ ချီးကျူးစကားဆိုသည်။
“အဖေတူသားပါပဲ။ စိတ်မပူပါနဲ့ ဦးလေးယွမ်။ ကျွန်တော် သူနဲ့ ကြံ့ခိုင်ရေးစင်တာကို စောင့်ရှောက်ပေးမှာပါ။ သူ တမင်သက်သက် ဒုက္ခမရှာလာသရွေ့ ဘာပြဿနာမှ မဖြစ်ဘူးဆိုတာ သေချာပါတယ်။”
"ဒါက ကောင်းလိမ့်မယ်။"
ယွမ်ကျန်းရွှမ်က ကျေနပ်စွာ ခေါင်းညိတ်သည်။ တကယ်တော့ သည်စကားများသည် ထန်ရှုဆီက သူ စောင့်ဆိုင်းနေခဲ့သည့် စကားများ ဖြစ်ပေသည်။
***