အိမ်ယာမဲ့ကလေးများ
Vol. 09 Ch. 422
ယွမ်မိသားစု၏အိမ်မှ ထွက်ခွာပြီးနောက် ထန်ရှုသည် ခမ်းနားသောထန်လုပ်ငန်းစု၏ဌာနချုပ်သို့ ဦးတည်ကာ ကားမောင်းလာခဲ့သည်။ လမ်းတွင် ဘန်ရှို့ဆီမှ ဖုန်းဝင်လာသဖြင့် စကားပြောပြီးနောက် သူ မချိပြုံး ပြုံးလိုက်မိသည်။ ဘန်ရှို့နှင့် သူ၏အဖွဲ့သည် ထန်ရှုအား ရှန်ဟိုင်းမှာ ရက်အနည်းငယ်ကြာအောင် စောင့်နေကြခဲ့သော်လည်း ထန်ရှု အတော် အလုပ်များနေသည်ကို တွေ့ရသဖြင့် ကြယ်တာရာကို ပြန်သွားကြခြင်းဖြစ်သည်။ သည်နေ့မှ ဘန်ရှို့က သူ့အား ပြန်လည် ဆက်သွယ်ခြင်းဖြစ်သည်။
ဥယျာဉ်သစ်…
ကြယ်တာရာ၏အစွန်အဖျားတွင် ရှိပြီး တစ်ချိန်က ခရီးသွားများအား ဆွဲဆောင်နိုင်သည့်နေရာတစ်ခု ဖြစ်ခဲ့သော်လည်း ယခုအခါ လူသူကင်းမဲ့နေခဲ့ပြီဖြစ်သည်။
ထန်ရှု ထိုနေရာသို့ မောင်းသွားပြီးနောက် မြက်များဖုံးလွှမ်းနေပြီဖြစ်သော ပန်းခြံ၏ဝင်ပေါက်ဘေးရှိ ကျောက်တုံးတစ်တုံးပေါ်တွင် ဆေးလိပ်ထိုင်သောက်နေသော ဘန်ရှို့အား တွေ့လိုက်ရသည်။
"သူဋ္ဌေး လာပြီ။"
ထန်ရှု ရောက်လာသည်ကို မြင်သည့် ဘန်ရှို့က ချက်ချင်းပင် သူ့ဆီ ပြေးလာသည်။
"အိမ်ယာမဲ့ကလေးတွေကို ဒီမှာ အခြေချထားတယ်လို့ မင်း ငါ့ကို ဖုန်းနဲ့ပြောခဲ့တယ် မဟုတ်လား။" ထန်ရှုက မေးသည်။
"ဟုတ်တယ်။ ဒီနေရာက အတော်ပျက်စီးနေပေမယ့် တချို့အိမ်တွေကတော့ အရင်အတိုင်းပါပဲ။ တင်းကျီနဲ့ ငါ နေ့စဉ်သုံးပစ္စည်းတွေဝယ်ပေးပြီး ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့ အဒေါ်ကြီးတွေကို ငှားထားတယ်။ ဒါကြောင့် အတော်လေးကို ကောင်းပါတယ်။"
“ငါ့ကို သူတို့နဲ့ တွေ့ရအောင် ခေါ်သွားပေး။”ထန်ရှုက ပြောလိုက်သည်။
ဆယ်မိနစ်အကြာတွင် ဘန်ရှို့နှင့် ထန်ရှုသည် ခပ်ညံ့ညံ့အိမ်တစ်လုံးဆီသို့ ရောက်လာသည်။ ထန်ရှု ပထမဆုံး မြင်လိုက်ရသည့် မြင်ကွင်းသည် လူလတ်ပိုင်း အမျိုးသမီးများကို ပျော်ရွှင်စွာ ဝိုင်းအုံစုဝေးနေသည့် ဒါဇင်နှင့်ချီသောကလေးများဖြစ်သည်။ ကလေးများထဲတွင် အသက်အကြီးဆုံးသည် ရှစ်နှစ်- ကိုးနှစ်ခန့်ရှိပြီး အငယ်ဆုံးသည် သက်လတ်ပိုင်း အမျိုးသမီး ထိန်းထားသည့် ကလေးလေးဖြစ်သည်။
“သူဌေး … ကလေး စုစုပေါင်း ၄၅ ယောက်ရှိတယ်။ သူတို့အားလုံး အိုးမဲ့အိမ်မဲ့လေးတွေပါ။ သူတို့ စားဖို့ အစားအစာနဲ့ ဝတ်ဖို့ အနွေးထည် အလုံအလောက် မရှိကြသလို နေစရာနေရာလည်း မရှိဘူး။ ငါတို့တွေ ဒီကလေးတွေအတွက် အစားအသောက်နဲ့ အဝတ်အစားအသစ်များကို ဝယ်ယူပေးခဲ့တယ်။ သူတို့ကို နေစရာတစ်ခုပေးပြီး အနာဂတ်အိမ်တစ်လုံး ရှိဖို့အတွက် မွေးစားချင်တဲ့လူတွေကို ရှာပေးမယ်လို့ ကတိပေးထားတယ်။ ဒါကြောင့် သူတို့က ငါတို့နဲ့အတူ ဒီကိုလိုက်လာခဲ့ကြတာ။"
တစ်ချိန်က လူမိုက်ကြီးဖြစ်ခဲ့သော ဘန်ရှို့သည် ယခုအခိုက်အတန့်တွင် ပြောင်းလဲသွားသော လူတစ်ယောက်ကဲ့သို့ပင်။ ဝခွေဲမရသောအကြည့်ကို သူ့မျက်လုံးများထဲတွင် မြင်နိုင်ပြီး သူ၏စကားများနှင့် အမူအရာများသည် အထူးလေးနက်နေပေသည်။
"မင်း ကောင်းကောင်း လုပ်ခဲ့တာပဲ ဘန်ရှို့။" ထန်ရှုက သူ၏ပုခုံးကို အသာပုတ်လိုက်သည်။
ဘန်ရှို့က ခါးသီးသော အပြုံးဖြင့် အားတင်းပြောသည်။ "သူဌေး … တကယ်တော့ ငါတို့ တွေ့တဲ့ အိုးမဲ့အိမ်မဲ့ ကလေးအရေအတွက်က ဒီ့ထက်ပိုများတယ်။ ဒါပေမယ့် အများစုက မသန်စွမ်းသူတွေ ဖြစ်နေတယ်။ သူဋ္ဌေးက အရင်က ပြောခဲ့သလို ငါတို့ကို ကျန်းမာတဲ့ ကလေးတွေကိုပဲ ရှာစေချင်တာကြောင့် အဲ့ဒီကလေးတွေကို မိဘမဲ့ဂေဟာတချို့ဆီ ပို့လိုက်ပြီး သူတို့အတွက် အလှူငွေတွေ လှူပေးခဲ့တယ်။”
"မင်း အရင်ကထက် ပိုရင့်ကျက်လာတယ် ဘန်ရှို့။" ထန်ရှုက ပြောသည်။
“ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေ အများကြီး တွေ့ပြီးတဲ့နောက်မှာ သူဌေးပေးခဲ့တဲ့ တာဝန်က အရမ်းဂုဏ်ယူစရာကောင်းတယ်လို့ ငါ သိလာရတယ်။ အရင်ကလို ရည်ရွယ်ချက်မဲ့ နေထိုင်တာထက်စာရင် လူ့လောကကို ပိုကောင်းအောင် ပိုလုပ်နိုင်တယ်ဆိုတာကို နားလည်လာသလို ငါ့နှလုံးသားကိုလည်း ရိုက်ခတ်စေတယ်။” ဘန်ရှို့က ပြောပြသည်။
"မင်း မှန်တယ်။ ငါ မင်းကို လုပ်ခိုင်းတဲ့တာဝန်က မင်းအတွက် ကြိုးစားအားထုတ်ဖို့ အကြောင်းရင်းတစ်ခုပဲ။ ဒီကလေးတွေကို ခေါ်ဖို့ လူတချို့ကို ဒီည ငါ လွှတ်လိုက်မယ်။ တခြားအိမ်ယာမဲ့ကလေးတွေကို မင်း ဆက်ရှာထားဦး။ မင်း ဘာမှ တခြားအရာတွေ စိတ်မပူပါနဲ့။ ငါ မင်းကို နောက်တော့ ၅မီလီယံ ပေးလိုက်မယ်။ အခက်အခဲတစ်ခုခုတွေ့ရင် ငါ့ဆီ ချက်ချင်းဆက်သွယ်။" ထန်ရှုက ခေါင်းတစ်ချက်ညိတ်ကာ ပြောသည်။
"သူတို့ကို ဘယ်ခေါ်သွားမလို့လဲ သူဋ္ဌေး။" ဘန်ရှို့က မဝံ့မရဲ မေးသည်။
"သူတို့ကို ဘယ်ကိုခေါ်သွားမယ်ဆိုတာ မင်းသိဖို့ မလိုဘူး။ ဒါပေမယ့် တိုတိုပြောရရင် ငါ သူတို့ကို ကြင်နာစွာ ဆက်ဆံပြီး ခြားနားတဲ့ အနာဂတ်တစ်ခုကို ပေးမယ်ဆိုတော့ သူတို့အတွက် မင်း စိတ်ချနိုင်တယ်။"
ထန်ရှုက ပေါ့ပါးသောလေသံဖြင့် ပြောသည်။
"ငါ မင်းကို ကလေးတွေဆီ တွေ့ဖို့ လိုက်ပို့ရတော့မလား သူဋ္ဌေး။" ဘန်ရှို့ မေးလိုက်သည်။
"ကောင်းပြီ။" ထန်ရှု ခေါင်းညိတ်သည်။
ထို့နောက် ဘန်ရှို့သည် ကလေးငယ်များ၏အရှေ့သို့ သွားကာ လက်ခုပ်တီးပြီး အော်လိုက်သည်။
“ကလေးတို့ … ငါခိုင်းတဲ့အတိုင်း မင်းတို့အားလုံး ငါ့နောက်ကို လိုက်လာပြီး ချက်ချင်းတန်းစီရပ်ပါ။ ကလေးထိန်းအဒေါ်တွေက အရင်အနားသွားယူချည်ပါ။ ကိစ္စတစ်ခုခု ရှိရင် မင်းတို့ကို ပြန်ခေါ်လိုက်မယ်။"
သက်လတ်ပိုင်းအမျိုးသမီးများသည် တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်ပြပြီး အငယ်ဆုံးကလေးအား တင်းကျီလက်ထဲ လွှဲပြောင်းပေးကာ တိတ်တဆိတ် ထွက်ခွာသွားကြသည်။
ဘေးပတ်လည်တွင် ဆူညံပွက်လောရိုက်နေသော ကလေးငယ်များသည် အတန်း၃တန်း အမြန်စီလိုက်သည်ကို ထန်ရှု စောင့်ကြည့်နေသည်။ မျက်နှာထက်တွင် စူးစမ်းလိုစိတ် အထင်းသားဖြင့် ထန်ရှုအား စူးစူးစိုက်စိုက်ကြည့်နေကြသည်။
ထို့နောက် ထန်ရှုသည် ရှေ့သို့ တိုးလာပြီး လေးနက်စွာ ပြောလိုက်သည်။
“မင်းတို့အားလုံး ငါ့ကို မှတ်ထားကြပါ။ ငါက မင်းတို့ရဲ့ သူဋ္ဌေးပဲ။ အခုမှစပြီး မင်းတို့စားရမယ့် အစားအစာတွေ၊ မင်းတို့ဝတ်ရမယ့်အဝတ်အစားတွေ၊ မင်းတို့နေရမယ့် အိမ်တွေကို ငါက ဖြည့်ဆည်းပေးမယ်။ သင်ယူစရာရှိတာတွေကိုလည်း မင်းတို့ သင်ယူနိုင်လိမ့်မယ်။ မင်းတို့ မှာ အရင်က အိမ်မရှိဘူး။ ဒါကြောင့် နောက်ပိုင်း ငါ မင်းတို့ကို အိမ်တွေပေးမယ်။ ငါပြောတဲ့ အိမ်ဆိုတာက မင်းတို့ စားဝတ်နေရေးအတွက် စိတ်ပူစရာမလိုတဲ့၊ အခက်အခဲမရှိဘဲ ကောင်းကောင်းမွန်မွန် ကြီးပြင်းလာနိုင်တဲ့ အိမ်ပေါ့။”
ကလေး ၄၅ ယောက်စလုံး ထန်ရှုကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။ ထန်ရှု၏စကားအား မည်သူကမှ လုံးစေ့ပတ်စေ့ နားမလည်ကြသော်လည်း တိတ်ဆိတ်စွာဖြင့် နားစိုက်နေကြသည်။ သူတို့နားလည်လိုက်သည့် တစ်ခွန်းတည်းသောစကားမှာ ထန်ရှုက သူတို့ကို မွေးစားပြီး အိမ်တစ်လုံးပေးချင်သည် ဟူသောစကားပင်။
ထို့နောက် ထန်ရှုက သူ့၏ဖုန်းကို ထုတ်ကာ ခန်းရှဆီ ဆက်လိုက်သည်။
"ဘတ်စ်ကားတစ်စီး ပြင်ဆင်ပြီး ဥယျာဉ်သစ်ကို ပို့ပေးပါ။ ခဏနေ လိပ်စာအတိအကျ ပို့လိုက်မယ်။"
"ကောင်းပါပြီ။" ခန်းရှက အမြန် ပြန်ဖြေသည်။
ထန်ရှုသည် ဖုန်းခေါ်ဆိုမှုပြီးသည်နှင့် ဘန်ရှို့နှင့် တင်းကျီကို လက်ဟန်ခြေဟန်ပြလိုက်ရာ ထိုနှစ်ယောက် အနားရောက်လာသည်။
“နောက်ပိုင်း မင်းတို့နှစ်ယောက် တခြားအိမ်ယာမဲ့ ကလေးတွေကို ရှာပြီးရင် သူတို့ကို ရှန်ဟိုင်းမှာရှိတဲ့ ငါ့နေရာကိုသာ တိုက်ရိုက်ပို့ပေးလိုက်တော့။ ငါ မင်းကို လိပ်စာပေးမယ်။ ဒါပေမယ့် ငါ့ဆီကို ပို့လိုက်တဲ့ ကလေးတိုင်းကို စမ်းသပ်ရမယ်ဆိုတာ မမေ့ပါနဲ့။ သူတို့ရဲ့ အကျင့်စရိုက်တွေကို စမ်းသပ်ဖို့ မလွဲချော်စေနဲ့။”
"လုပ်တယ် သူဋ္ဌေး။" ဘန်ရှို့က ခေါင်းညိတ်ပြပြီး
“ဒီကလေး ၄၅ ယောက်ထဲမှာ လေးနှစ်သားလေးကလွဲလို့ တခြားကလေးတွေကို စမ်းသပ်ခဲ့တယ်။ သူတို့တွေက အတော် ဉာဏ်ကောင်းပြီး နာခံလိုစိတ်ရှိကြတယ်။ ဒီကလေးတွေဟာ ရွယ်တူကလေးတွေထက်ကို အများကြီး ပိုရင့်ကျက်တယ်ဆိုတာတောင် ငါတို့ သိခဲ့ရတယ်။”
ထန်ရှုက သက်ပြင်းချလိုက်ရင်း
“ဆင်းရဲတဲ့မိသားစုက ကလေးတွေဟာ မိသားစုကိစ္စ၊ အိမ်မှုကိစ္စတွေကို စောစောစီးစီး စီမံခန့်ခွဲရတယ်လို့ ပြောကြတယ်။ ဒါကြောင့် ဘဝအခက်အခဲတွေက ဆင်းရဲတဲ့မိသားစုတွေရဲ့ ကလေးတွေကို မြန်မြန် ရင့်ကျက်ကြီးပြင်းလာစေဖို့ တွန်းအားပေးတယ်။ ကလေးတွေက အရမ်းဆင်းရဲနွမ်းပါးပြီး ဆိုးရွားတဲ့ ဘဝတွေကို ဖြတ်သန်းခဲ့ရလို့ ပျော်ရွှင်စရာနေ့ရက်တွေကို ဘယ်လိုမြတ်နိုးတန်ဖိုးရမလဲဆိုတာကို နားလည်ကြတယ်။ ကြိုးကြိုးစားစားနဲ့ အကောင်းဆုံးလုပ်ပါ။ မင်းတို့က ကယ်တင်ရေး လုပ်နေတာပါပဲ။"
"သူဌေးအမိန့်ပေးတာကို ငါတို့က လုပ်ရုံပါ။ သူဌေးကမှ သူတို့ကို ဘဝသစ်ပေးမယ့်သူ တကယ်ကို ကောင်းမြတ်တဲ့လူပါ။" ဘန်ရှို့က ပြုံးပြီး ပြောသည်။
ထန်ရှုက ပေါ့ပါးစွာ ပြုံးရင်း
"ကလေးတွေကို သူတို့ပစ္စည်းတွေ ထုပ်ပိုးဖို့ ပြောလိုက်တော့။ သူတို့ကို လာခေါ်မယ့် ဘတ်စ်ကားက မကြာခင် ရောက်တော့မယ်။”
ဘန်ရှို့က မချိပြုံးတစ်ခုအား အားတင်းပြုံးလိုက်ပြီး
"ကလေးတွေနဲ့ခွဲရတာ ရင်ထဲ မကောင်းဘူး။ ဒီခံစားချက်ကြီးကို မကြိုက်ဘူး သူဋ္ဌေးရာ…"
“သူတို့က မင်းကို သေချာပေါက် မှတ်မိမှာပါ။ မင်း ငါ့နောက်လိုက်ပြီး ကောင်းကောင်းမွန်မွန် လုပ်မယ်ဆိုရင် သူတို့နဲ့ ပြန်တွေ့ရတဲ့ အချိန်ရှိလာလိမ့်မယ်။" ထန်ရှုက ရယ်ရင်း ပြောလိုက်သည်။
“စိတ်ချ သူဋ္ဌေး…” ခေါင်းကို လေးပင်စွာ ညိတ်ရင်း ဘန်ရှို့သည် ကလေးများဆီ လျှောက်သွားတော့သည်။
မတ်တတ်ရပ်နေသော ဘန်ရှို့၏နောက်ကျောအား လှမ်းကြည့်ရင်း ထန်ရှု စိတ်အတွင်းမှ သက်ပြင်းကြိတ်ကာ ချလိုက်မိသည်။
ဘဝသည် အမှန်ပင် ဓားသွေးကျောက်တစ်တုံးဖြစ်ပေသည်။ ဘန်ရှို့ နှင့်တင်းကျီတို့၏အရည်အသွေးများသည် အသွေးခံ၊ အတိုက်စားခံရသဖြင့် တောက်ပြောင်လာခဲ့ပေပြီ။ သူတို့သည် တစ်ချိန်က လူမိုက်များ ဖြစ်ခဲ့ကြသော်လည်း ယခုဆိုလျှင် ပိုမို ရင့်ကျက်လာခဲ့ပြီဖြစ်လေသည်။
နောင်နှစ်အနည်းငယ်ကြာသည်ထိ ဘန်ရှိုနှင့် တင်းကျီတို့သည် ကောင်းမွန်စွာလုပ်ဆောင်ကြပြီး သစ္စာစောင့်သိဆဲဖြစ်ပါက ၎င်းတို့ကို ကျင့်ကြံပေးရန် ခြေတစ်လှမ်းတက်မည်ဟု ထန်ရှု တွေးနေမိသည်။
တစ်နာရီကျော်ကြာသောအခါ ဥယျာဉ်သစ်၏ဝင်ပေါက်တွင် ဘတ်စ်ကားတစ်စီး ဆိုက်လာခဲ့သည်။ ခန်းရှသည် ခမ်းနားသော ထန်စီးပွားရေးလုပ်ငန်းစု၏ အကြီးတန်းအမှုဆောင်နှစ်ဦးကို ဦးဆောင်ကာ ဆင်းလာခဲ့ပြီး ထန်ရှုအား လျင်မြန်စွာ နှုတ်ဆက်လိုက်သည်။
"ငါတို့ ရောက်ပြီ သူဋ္ဌေး…"
အပြင်လူများရှေ့တွင် ခန်းရှသည် ထန်ရှုနှင့် ရင်းနှီးဟန်မပြဘဲ သူမ၏အပြစ်အနာအဆာမရှိအောင် လှပသောမျက်နှာလေးထက်တွင် လေးစားသည့် အမူအရာအား ထိန်းသိမ်းထားသည်။
သူမအား ခေါင်းညိတ်တုံ့ပြန်လိုက်ပြီး ထန်ရှုက ဘန်ရှို့ဆီ ဖုန်းဆက်လိုက်သည်။
ဘန်ရှို့၊ တင်းကျီနှင့်အဖွဲ့သည် ဘတ်စ်ကားဆီသို့ ကလေးငယ်များအား မြန်မြန်ဆန်ဆန် ခေါ်ဆောင်လာကြသည်။
"ကလေးတွေကို ဘတ်စ်ကားပေါ်တက်ဖို့ ပြောဦး။"
ခန်းရှနှင့် ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစု၏ အကြီးတန်းအမှုဆောင်အရာရှိ နှစ်ယောက်သည် စိတ်ရှုပ်ထွေးသွားဟန်ရသည်။
ခန်းရှက ဇဝဇေဝါဖြင့်
"သူဌေး၊ ဒီကလေးတွေက..."
ထန်ရှုက ပေါ့ပါးသောလေသံဖြင့်
"ဒီအိမ်ယာမဲ့ ကလေးတွေကို မွေးစားပြီး သူတို့အတွက် နေရာသစ်တွေ လုပ်ပေးဖို့ ပြင်ဆင်နေတာလေ။ သွားကြစို့။ သွားရင်းနဲ့ လမ်းမှာ ဖြည်းဖြည်းချင်း ပြောပြမယ်။"
"ကောင်းပါပြီ။" ခန်းရှ ခေါင်းညိတ်လိုက်သည်။
ခန်းရှ၏စီမံမှုအောက်တွင် ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစု၏ အကြီးတန်းအမှုဆောင်နှစ်ဦးသည် ကလေးငယ်များကို ဘတ်စ်ကားပေါ်သို့ခေါ်ဆောင်သွားစဉ် ထန်ရှုသည် လင်ရိုဗာဆာ့ဖ်ကားဆီသို့ လာကာ ထိုင်နေသည်။
ကားနှစ်စီး စထွက်လာသည်နှင့် ထန်ရှုက ကားမောင်းနေရင်း "မင်းနဲ့အတူ ပါလာတဲ့ ဒီကုမ္ပဏီရဲ့ အကြီးတန်းအမှုဆောင် နှစ်ယောက်က ယုံကြည်စိတ်ချရရဲ့လား။"
ခန်းရှက ခေါင်းညိတ်ပြီး
“စိတ်ချရပါတယ်။ သူတို့တွေက ခမ်းနားသောထန်ကို စတင်တည်ထောင်တုန်းက ငါ ခေါ်ယူထားတဲ့ ဝန်ထမ်းအသစ်တွေလေ။ သူတို့တွေရဲ့ အရင်အလုပ်တွေက ဆိုးတယ်၊ ဘဝအခြေအနေကလည်း မသာယာဘူး။ ငါတို့ကုမ္ပဏီက သူတို့ရဲ့ဘဝတွေကို ပြောင်းလဲပေးလိုက်တယ်လို့တောင် ပြောလို့ရတယ်။ ဒါကြောင့်မို့ သူတို့က ငါတို့ကုမ္ပဏီအတွက် တာဝန်ယူမှု၊ တာဝန်သိတတ်မှု ပြင်းပြတယ်လို့ ဆိုနိုင်တယ်။"
ထန်ရှုက ခေါင်းညိတ်လိုက်ပြီး
"ကောင်းပြီ။ ဒါဆို ကလေးတွေကို ကျင်းမန်ကျွန်းရဲ့ ထာဝရခန်းမဆီ ပို့ပေးဖို့ သူတို့နှစ်ယောက်ကို ပြောလိုက်ပါ။ ထာဝရခန်းမရဲ့ လူတွေကို ကိုယ် ဆက်သွယ်ထားတယ်။ ဒါကြောင့် သူတို့ လမ်းတစ်ဝက်မှာ တွေ့ပြီး ခေါ်သွားလိမ့်မယ်။"
“သူဌေး … အိမ်ယာမဲ့ကလေးတွေ အများကြီး မွေးစားဖို့ နင် ငါ့ကို မပြောဖူးဘူး။ သူတို့လေးတွေနဲ့ ဘာလုပ်စရာရှိလို့လဲ။" ခန်းရှက စိတ်ဝင်တစား မေးလိုက်သည်။
"ငါ သူတို့ကို ပြုစုပျိုးထောင်ပြီး ကျင့်ကြံပေးမယ်။"
ထန်ရှုက ထူးမခြားနားဟန်ဖြင့် ဖြေသည်။
“အရည်အချင်းရှိတဲ့သူတွေကို မွေးထုတ်ချင်ရင် ဒီလိုမျိုး ကလေးငယ်လေးတွေကို ရှာနေဖို့မလိုဘူး မဟုတ်လား။ သူတို့အားလုံးကို အရည်အချင်းတွေရှိလာအောင် လေ့ကျင့်ဖို့ နှစ်ဒါဇင်နဲ့ချီပြီး ကြာမှာလေ။" ခန်းရှက တွေးတွေးဆဆဖြင့် ပြောသည်။
"ကိုယ် မွေးစားထားတဲ့ အရည်အချင်းရှိတဲ့သူတွေအတွက် အရေးကြီးဆုံးအရာက သူတို့ရဲ့ သစ္စာစောင့်သိမှုကို လိုချင်တာပါ။ သူတို့ကို ကလေးလေးတွေကနေ ပြုစုပျိုးထောင်မှပဲ သစ္စာရှိမှုဆိုတာကို ကလေးတွေရဲ့ စိတ်ထဲမှာ တံဆိပ်ခတ်ပြီး နှလုံးသားထဲမှာ ရေးထွင်းထားလိမ့်မယ်။ အဲ့ဒီတော့မှ ကိုယ့်အတွက် အရည်အချင်းပြည့်ဝတဲ့ ကူညီပေးသူတွေ ဖြစ်လာဖို့ စွမ်းရည်တွေ ရှိလာကြမှာ။ သူတို့ကို ပြုစုပျိုးထောင်ဖို့ အချိန်အများကြီးယူရသလို ငွေကြေးလည်း အများကြီးကုန်နိုင်ပေမယ့် သူတို့က အနာဂတ်မှာ ကိုယ့်ကို စိတ်ပျက်စေမှာ မဟုတ်တာ သေချာပါတယ်။”
ထန်ရှုက ရှင်းပြသည်။
ထိုစကားကို ကြားပြီးနောက် ခန်းရှ ရုတ်ခြည်းပင် တုန်ယင်သွားရသည်။ အံ့သြတုန်လှုပ်မှု၊ ထိတ်လန့်ကြောက်ရွံ့မှုနှင့် မယုံကြည်နိုင်မှုများသည် ခံစားချက်တစ်ခုအဖြစ် ပေါင်းစပ်သွားခဲ့သည်။
ရုတ်တရက် သူမသည် ထာဝရခန်းမမှ ထိုလူများကို သတိရသွားသည်။ ထိုလူများသည် အမှန်တကယ်ပင် သူ ယုံကြည်နိုင်သည့် သူ၏လူများဖြစ်ကြောင်း ထန်ရှု တစ်ချိန်က ပြောခဲ့ဖူးသည်။ ထိုအချိန်က ထာဝရခန်းမမှ ထိုလူများအကြောင်းကို သူမ ခန့်မှန်းထားပြီး သူတို့သည် ဤကလေးငယ်များနည်းတူပင် ဖြစ်လိမ့်မည်။ ငယ်စဉ်တောင်ကျေးကလေးဘဝကတည်းက လေ့ကျင့်ပေးထားခြင်းခံရသည်မဟုတ်ပါလား။ ဒီလိုဆိုရင် … ထာဝရခန်းမသည် လုံးဝကြောက်မက်ဖွယ်ရာကောင်းသည့် တည်ရှိမှုတစ်ခု ဖြစ်တော့သည်။
"အဲ့ဒီနှစ်ယောက်ဆီ ဖုန်းဆက်လိုက်ပါ။ ကလေးတွေကို စောင့်ရှောက်ပြီး ကျင်းမန်ကျွန်းကို တိုက်ရိုက်သွားပါလို့ ပြော။ ခရီးပြီးသွားရင် ဘတ်စ်ကားမောင်းသူကိုလည်း ဘောနပ်စ် ပေးလိုက်ဦးလို့။" လုပ်ဆောင်ရမည်များကို ထန်ရှုက ဆက်တိုက် ညွှန်ကြားသည်။
ထန်ရှု၏ညွှန်ကြားချက်အတိုင်း ခန်းရှက ထိုအရာရှိနှစ်ယောက်အား ထပ်မံညွှန်ကြားလိုက်သည်။
ထို့နောက် သူမ၏ဖုန်းအား ဘေးတွင်ချထားလိုက်ပြီး "ဘယ်ဆက်သွားကြမလဲ သူဋ္ဌေး…"
"သူတို့နှစ်ယောက်ရဲ့ ဆက်သွယ်ရမယ့် အသေးစိတ်အချက်အလက်တွေကို ပေးပါ။ ထာဝရခန်းမရဲ့ လူတွေဆီ ပို့ပေးလိုက်မယ်။ ကိုယ်တို့က ကုမ္ပဏီကို တိုက်ရိုက်သွားပြီး ဒီညနေ ဂုဏ်ပြုပါတီကို တက်ကြတာပေါ့။"
ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။
" သူဋ္ဌေး … နင်က ဒီလိုဝတ်စားပြီး ပါတီတက်ဖို့ ကြံစည်နေတာလား။"
ဒီညဂုဏ်ပြုပါတီပွဲသို့ သွားကြမည်ဟု ထန်ရှု၏စကား ကြားရသောအခါ ခန်းရှ၏မျက်နှာလှလှလေးထက်တွင် ချစ်စရာအပြုံးလေးတစ်ပွင့် ချက်ချင်းပေါ်လာလေတော့သည်။
***