← Chapters

တောင်းမှာအကွပ် လူမှာအ၀တ်

Vol. 09 Ch. 423

တောင်းမှာအကွပ် လူမှာအ၀တ်

Vol. 09 Ch. 423

ကြယ်တာရာမြို့ ဖော်ကျူးမ်ပလာဇာ…

ခန်းရှက ထန်ရှုကို ဖော်ကျူးမ်ပလာဇာတံခါးဆီ ဆွဲခေါ်သွားသဖြင့် ထန်ရှု၏မျက်နှာထက်တွင် ကသိကအောက်ဖြစ်နေသောအပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ လုံခြုံရေးအစောင့်များနှင့် ဖြတ်သွားသော ဧည့်သည်များက သူတို့၂ယောက်အား ထူးဆန်းသောအကြည့်များဖြင့် ကြည့်နေသည့်ကြားမှ စတုတ္ထထပ်ရှိ အဝတ်အစားအခန်းသို့ ရောက်လာခဲ့ကြသည်။

"ခန်းရှ … ကိုယ့်အဝတ်အစားတွေက ကောင်းပါတယ်။ နောက်ပြီး ဒါက ညနေပွဲတစ်ခုပဲ။ အဲ့ဒါကို အလုပ်ရှုပ်ခံစရာ

မလိုပါဘူး။” ထန်ရှု အနေရခက်စွာ ပြုံးသည်။

"သူဌေး … ဒီညက ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိတွေရှေ့မှာ ပထမဆုံး နင်ပေါ်လာတာဆိုတော့ ပုံရိပ်တစ်ခုလုံးက အရမ်း အရေးကြီးတယ်။ လူတွေက အဲ့ဒါကို မထောက်နိုင်ဘူးဆိုပေမယ့် တောင်းမှာအကွပ် လူမှာအဝတ်တဲ့။ သူဌေးက ကြည့်ကောင်းတယ်ဆိုရင်တောင် ဝတ်ထားတဲ့ အဝတ်အစားတွေက အတော်ကြီးကို ညံ့လွန်းနေတယ်။ အဲ့ဒီဟာနဲ့ဆို သူဌေးရဲ့ကိုယ်ရောင်ကိုယ်ဝါ တောက်ပဖို့ မလွယ်ဘူး။”

"ကိုယ်က စူပါစတားမဟုတ်ဘူးလေ။ ဘာကြောင့် ကိုယ်ရောင်ကိုယ်ဝါ တောက်ပဖို့ လိုရတာလဲ။"

ထန်ရှုက တုန့်ဆိုင်းစွာ ပြောလိုက်သည်။

"ကုမ္ပဏီရဲ့အမှုဆောင်အရာရှိအားလုံးက အထင်ကြီးလေးစားဖို့ ကိုယ်ရောင်ကိုယ်ဝါ တောက်ပဖို့ လိုတယ်ရှင့်။ နောက်ပြီး နင်က ကုမ္ပဏီရဲ့ သူဋ္ဌေးကြီးလေ။ ကိုယ့်ရဲ့ပုံရိပ်ကိုမှ ဂရုမစိုက်ရင် အမှုဆောင်အရာရှိတွေက နင့်ကို အထင်သေးလိမ့်မယ်။ ဒါ့ပြင် ကိုယ့်ရဲ့ ဝန်ထမ်းတွေက မခန့်လေးစားလုပ်တာကို နင်လည်း မလိုချင်ဘူးလို့ ငါ ထင်တယ် ဟုတ်တယ်မလား။”

ခန်းရှက လေးနက်စွာ ပြောလိုက်သည်။

ဒါ…”ထန်ရှု ပါးစပ်အဟောင်းသားဖြစ်သွားပြီး မချိပြုံးပြုံးကာ ခေါင်းညိတ်ပြသည်။

"ဒီလိုမှပေါ့။" ခန်းရှက ပြုံးလိုက်ရင်း "ဒီနေ့ နင် ငါ့စကားကို နားထောင်ဖို့ပဲ လိုတယ်။ ပထမဆုံး အဝတ်အစား၊ ဖိနပ်၊ လည်စည်းနဲ့ အထက်လူကြီးဝတ်စုံအချို့ကို ငါတို့ ဝယ်ရမယ်။ ပြီးရင် နင့်ကို ကျောက်စိမ်းပင်လို လှလှပပ ပြင်ဆင်ပေးဖို့ လူတစ်ယောက်ကို သွားတွေ့ကြမယ်။ ထက်မြက်မှု ကိုယ်ရောင်ကိုယ်ဝါ ဖြာထွက်နေတဲ့လူတစ်ယောက်…”

"ကိုယ့်ကို မြေခွေးနတ်လို ချစ်စရာကောင်းအောင် လုပ်ဖို့ မင်း တွေးနေတာတော့ မဟုတ်ဘူးမလား။"

ထန်ရှုက တိုးတိုးလေးပြောလိုက်သည်။

"ခွီး... ဟဟ"

ခန်းရှက သူမ၏နှုတ်ခမ်းလေးကို အုပ်ကာ ရယ်မောရင်း ထန်ရှု၏လက်ကို ဆွဲပြီး တန်ဖိုးကြီးအဝတ်အစားများ ရောင်းချသော ဆိုင်တစ်ဆိုင်ထဲသို့ ဝင်ချသွားတော့သည်။

…ဈေးဝယ်ထွက်ခြင်းအလုပ်သည် အမျိုးသမီးများအတွက် အမြဲ ပျော်ရွှင်စရာကောင်းသောအရာဖြစ်လိမ့်မည်ထင်သည်။ အထူးသဖြင့် ချစ်သူမှ အဖော်အဖြစ် ရှိပေးသည့် အချိန်များသည် သူမတို့အတွက် ပိုမိုကြည်နူးပျော်ရွှင်ရသော အချိန်များ ဖြစ်တော့သည်။ သို့သော် အမျိုးသားထုအတွက်မူ ကိုယ်တိုင်အသုံးပြုဖို့ ပစ္စည်းများ သွားဝယ်ယူရလျှင်ပင် သည်အရာသည် စိတ်ရှုပ်စရာကောင်းသောအရာ ဖြစ်သည်ဟု ယူဆထားကြပေသည်…

ခန်းရှ၏ဆွဲခေါ် မှုဖြင့် ထန်ရှုသည် အဝတ်အစားဆိုင်တွင် နှစ်နာရီတိုင်အောင် ဝတ်စုံအစုံ ၂၀ကျော်အား စမ်းသပ်ဝတ်ဆင်ကြည့်နေရပြီး တစ်နေကုန်ခါနီးတွင် နှစ်စုံသာ ဝယ်ယူဖြစ်ခဲ့သည်။ သို့သော် ထိုဝတ်စုံများ၏ဈေးနှုန်းသည် ထန်ရှုအား ပိုက်ဆံများ ဖြုန်းတီးမိသည့် နှယ် ခံစားရစေကာ သူ့အား တခဏမျှ ရင်ထဲမကောင်းဖြစ်စေခဲ့သည်။

ဂဏန်းခြောက်လုံး…

ဂဏန်းခြောက်လုံးအထက် တန်ဖိုးရှိသော ဝတ်စုံနှစ်စုံလုံးသည် အထူးကောင်းမွန်သည်။ သူသည်ပင် ထိုဝတ်စုံများအား ဝတ်ဆင်ကြည့်သောအခါ အခြားလူတစ်ဦးပုံစံ ပြောင်းလဲသွားသည့်ဟန် ရှိသော်လည်း သူ့အတွက် စိတ်မသက်မသာ ခံစားနေရဆဲဖြစ်သည်။ သူသည် အဝတ်အစား မဝတ်ထားဘဲ ယွမ်ရာနှင့်ချီသော ငွေစက္ကူများကို ဝတ်ထားသည့်နှယ် ခံစားရမိသည်။

ညနေ ၅ နာရီ သီးသန့်ကလပ်တစ်ခုတွင်…

ခန်းရှသည် ထိုနေရာသို့ ထန်ရှုအား ခေါ်ဆောင်သွားခဲ့သည်။ ၎င်းနေရာ၏တံခါးအသွင်အပြင်အား ကြည့်လျှင်ပင် ထိုသီးသန့်ကလပ်သည် အဆင့်အတန်းမြင့်ပြီး စတိုင်ကျသော အပြင်အဆင်ဖြင့် သာမန်ထက်ထူးခြားနေပေသည်။

"ကြိုဆိုပါတယ်…"

ဧည့်ကြိုမိန်းကလေး၂ယောက်၏ နှုတ်ဆက်မှုနှင့်အတူ ခန်းရှနှင့် ထန်ရှုသည် ကျယ်ဝန်းသော ခန်းမကြီးထဲသို့ ရောက်ရှိလာသည်။ ထိုအချိန်တွင် ခန်းမအတွင်း၌ ထည်ဝါသော ဝတ်စုံဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသမီးနှစ်ဦးသည် နူးညံ့သောဆိုဖာထက်တွင် ထိုင်ကာ ဖက်ရှင်မဂ္ဂဇင်းကို ဖတ်ရင်း ရံဖန်ရံခါ စကားစမြည် ပြောဆိုနေကြသည်။

ထိုနှစ်ဦး၏ဘေးတွင် အစိမ်းရောင်ဘောင်းဘီရှည်၊ စွပ်ကျယ်အနီရောင်နှင့် ဘဲခေါင်းဦးထုပ် ဝတ်ဆင်ထားပြီး မိန်းကလေးဆန်ဆန် မိတ်ကပ်လိမ်းထားသည့် မိန်းမချော ချောသော ယောက်ျားတစ်ယောက်သည် ဝတ်စုံတစ်ထည်အား ရစ်ပတ်ဆော့ကစားနေသည်။

"အန်ထော်နီ…" ခန်းရှက အော်ခေါ်လိုက်သည်။

မိန်းမချော ချောသော ယောက်ျားသည် လှည့်ကြည့်လာသည်။ ခန်းရှအား မြင်လိုက်သောအခါ သူ၏မျက်လုံးများသည် ချက်ချင်းပင် အရောင်လက်သွားကာ ရွှင်မြူးသောဟန်၊ ချွဲနွဲ့သောအသံဖြင့်

"ခန်းရှ … ဘေဘီလေး။ ရှားရှားပါးပါး ဧည့်သည်ပါလားဟယ်။ ကြည့်ရတာ မထင်မှတ်ပဲ ရောက်လာတာထင်တယ်။ ဘာတွေ ဖြစ်လာလဲ။"

ခန်းရှက ပြုံးလိုက်ပြီး

“အန်ထော်နီ … ငါ သူနဲ့ မိတ်ဆက်ပေးပါရစေ။ သူက ငါ့ရဲ့ သူဋ္ဌေးထန်ရှုပါ။ သူဋ္ဌေး … သူက အန်ထော်နီ … ဒီဖက်ရှင်ကလပ်ရဲ့ပိုင်ရှင်ဖြစ်ပြီး ဒီနေရာက ဖက်ရှင်အကြီးအကဲလေ။ အန်ထော်နီက အလွန်ကျွမ်းကျင်တဲ့သူတစ်ယောက်ဆိုတော့ ကြယ်တာရာက အမျိုးသမီးတွေ၊ သူဋ္ဌေးတွေနဲ့ ချမ်းသာတဲ့သူအများစုက သူတို့ရဲ့ ဖက်ရှင်နှင့် အပြင်အဆင်တွေအတွက် သူ့ရဲ့ပံ့ပိုးမှုကို အတော်ကို နှစ်သက်ကြတာ။ ကြယ်တာရာရဲ့ စူပါစတားတချို့တောင် သူ့ဆီလာပြီး အကူအညီ တောင်းရတယ်။”

ထန်ရှုက ခေါင်းညိတ်ပြပြီး နှုတ်ဆက်လိုက်သည်။ "ဟယ်လို…"

ထန်ရှုအား အကဲခတ်ရင်း အန်ထော်နီ၏မျက်ဝန်းများထဲတွင် အရောင်တစ်ချက် လက်သွားသည်။ ထို့နောက် သူက ခေါင်းတဆတ်ဆတ်ညိတ်ကာ သက်ပြင်းချရင်း ချီးမွမ်းလိုက်သည်။

“သဘာဝဆန်တဲ့ အဝတ်အစားနဲ့ ကြည့်ကောင်းတဲ့ ရုပ်ရည်။ ငါ့အတွက်တော့ သူက မသွေးရသေးတဲ့ ကျောက်ရိုင်းလေး တစ်ပွင့်။ ပြုပြင်ပြောင်းလဲပြီး ကျောက်စိမ်းပေါ်က အမှုန်အမွှားများကို ဖယ်ရှားပြီးရင် သူ့ရဲ့တောက်ပခမ်းနားမှုကို ပြနိုင်မယ်ဆိုတာ ငါ အသေအချာ ပြောနိုင်တယ်။ ခန်းရှ ဘေဘီလေး … နင် ငါ့ကို ပစ္စည်းကောင်းလေးတစ်ခု ယူလာပေးတာပဲ။"

"ဟေး … အန်ထော်နီ နင် သေချင်နေပြီလား။ သူက ငါ့ရဲ့သူဋ္ဌေး … နင် သူ့ကို ပစ္စည်းအဖြစ် ဘာအတွက်မြင်နေတာလဲ။ နင် ထပ်ပြီး မကောင်းတာပြောရဲရင် နင့်ပါးစပ်ကို ငါ အပြစ်ပေးရလိမ့်မယ်။"

ခန်းရှက ခပ်ဆတ်ဆတ် ပြောလိုက်သည်။

"အာ … ငါ မကောင်းတာပါ။ ငါ မကောင်းတာပါ။ ငါ ဘာမှ မပြောခဲ့ဘူးလို့ သဘောထားပေး။” အန်ထော်နီက ရယ်လိုက်ရင်း

“နောက်ပြီး ခမ်းနားသောထန်လုပ်ငန်းစုရဲ့ သူဋ္ဌေးကြီးဆိုတာ အမြီးနဲ့ဦးခေါင်းကို ဘယ်နေရာကမှ မမြင်နိုင်တဲ့ နတ်နဂါးလို ကြီးမားတဲ့ တည်ရှိမှုကြီးလေ။ ဒီလိုလူက ဒီနေ့ ငါ့ရဲ့ နေရာငယ်လေးဆီကို ရောက်လာတာဆိုတော့ ငါ့ကို ဘယ်လောက်စိတ်လှုပ်ရှားစေဆိုတာ နင် သိတယ်ဟုတ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုစူပါဖောက်သည်တစ်ယောက်အတွက် ငါ နင့်ကို ဒီနေ့ ၂၀%လျှော့ပေးမယ် ဘယ်လိုလဲ။"

“ဒါက တကယ်ကို မိုက်တယ်။" ခန်းရှက လက်မထောင်ပြပြီး "ဒါဆို စလိုက်ကြစို့။"

အန်ထော်နီက ခပ်ဖွဖွပြုံးလိုက်ပြီး ဝတ်စုံ၂စုံ၊ ဖိနပ်နှင့် ခြေအိတ်များကို ယူလိုက်ရင်း ထန်ရှုအား ပြုံးပြကာ

“မစ္စတာထန် … ကျေးဇူးပြုပြီး ငါနဲ့လိုက်ခဲ့ပါ။"

ထန်ရှုက ပေါ့ပေါ့ပါးပါးခေါင်းညိတ်ပြပြီး အန်ထော်နီနှင့် ဘေးအခန်းသို့ လိုက်သွားသည်။

ဆိုဖာထက်တွင်…

ခန်းရှနှင့် ထန်ရှုတို့ကို အာရုံမစိုက်ဘဲ ဖက်ရှင်မဂ္ဂဇင်းများကို ဆက်လက်ဖတ်ရှုနေသော လူလတ်ပိုင်းအမျိုးသမီးနှစ်ဦးသည် ထန်ရှုမှာ ခမ်းနားသောထန်လုပ်ငန်းစု၏ သူဋ္ဌေးကြီးဖြစ်သည် ဟူသော အန်ထော်နီ၏စကားအား ရုတ်တရက် ကြားလိုက်ရသောအခါ အံ့အားသင့်သွားကြသည်။

"ဘုရားရေ … ခမ်းနားသောထန်လုပ်ငန်းစုရဲ့သူဋ္ဌေးကြီးက ဒီလိုချောမောတဲ့ လူငယ်တစ်ယောက်ဖြစ်မယ်လို့ မထင်ထားမိဘူး။ ငါ့ခင်ပွန်းကတောင် ဒီတလော ခမ်းနားသောထန်လုပ်ငန်းစုရဲ့သူဋ္ဌေးကြီးအကြောင်း နေ့တိုင်းလိုလို ပြောပြီး သူ တခါမှမတွေ့ဖူးသေးကြောင်း ညည်းတွားနေတာ။ အခုအချိန်အထိအောင် ခမ်းနားသော ထန်လုပ်ငန်းစုရဲ့သူဋ္ဌေးကြီးက  ဘယ်သူလဲဆိုတာကို သူ သေသေချာချာ မသိသေးဘူး။”

"ဟုတ်တယ်။ ငါ့ခင်ပွန်း ဒီရက်ပိုင်း အများဆုံး ပြောနေတဲ့ အကြောင်းအရာကလည်း ဒီကုမ္ပဏီအုပ်စုနဲ့ သူ့ရဲ့ လျှို့ဝှက်တဲ့ သူဋ္ဌေးကြီးအကြောင်းပဲ။ ဟုတ်သားပဲ။ အဲ့ဒီကုမ္ပဏီရဲ့ စီအီးအိုက ခန်းရှလို့ ပြောတာကြားဖူးတယ်။ ဒီအမျိုးသမီးက ခန်းရှလား။ အရင်က သူ့ကို ဘဏ္ဍာရေးနဲ့စီးပွားရေး အင်တာဗျူးတွေမှာ တွေ့ဖူးတယ်ထင်တယ်။”

"ကြည့်ရတာတော့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ပုံမှန်မဟုတ်သလိုပဲ။"

"သူတို့ရဲ့ဆက်ဆံရေး ဘယ်လိုပဲဖြစ်ဖြစ် ခမ်းနားသော ထန်လုပ်ငန်းစုရဲ့သူဋ္ဌေးကြီးကို ဒီနေ့ ငါတို့ တွေ့နိုင်ပြီ။ သူနဲ့ ဓာတ်ပုံရိုက်ရမယ်။ အဲ့ဒီဓာတ်ပုံကို ငါ့ခင်ပွန်းကို လက်ဆောင် ပေးလိုက်ရင် သူ ငါ့ကို သေချာပေါက် ပြုစုလိမ့်မယ်။”

"ဟုတ်တယ် ငါရောပဲ လိုချင်တယ်။"

ခန်းရှသည် စာအုပ်စင်ဆီသို့ လျှောက်သွားပြီး ဖက်ရှင်မဂ္ဂဇင်းတစ်စောင်ကို အမှတ်တမဲ့ ကောက်ယူလိုက်သည်။

ထို့နောက် ထိုအမျိုးသမီးနှစ်ယောက်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ ထိုနှစ်ယောက်လုံး သူမအား ကြည့်နေမှန်းသိသောအခါ ခေါင်းညိတ်ကာ ပြုံးပြပြီးနောက် မဂ္ဂဇင်းအား စတင်ဖတ်လိုက်သည်။ နာရီဝက်အကြာတွင် ဘေးခန်းတံခါးပွင့်လာပြီး အန်ထော်နီ ထွက်လာကာ မဂ္ဂဇင်းဖတ်နေသော ခန်းရှ သိရှိစေရန် လက်ခုပ်တီးလိုက်သည်။

"အန်ထော်နီ … ငါ့သူဋ္ဌေး အခြေအနေ။"

ဖက်ရှင်မဂ္ဂဇင်းကို ချကာ ခန်းရှသည် အန်ထော်နီထံသို့ ထလျှောက်သွားခဲ့သည်။

အန်ထော်နီက ခပ်ဖွဖွ ပြုံးလိုက်ရင်း လက်ခုပ်တီးတော့မည့်ဆဲဆဲတွင် ထန်ရှုသည် ခန်းရှ၏အရှေ့တွင် ပေါ်လာခဲ့သည်။

"ဘုရားသခင် … ဒါ ငါ့ရဲ့ သူဋ္ဌေးမှ ဟုတ်ရဲ့လား။"

ခန်းရှ တွေဝမေိန်းမောနေရာမှ သူမ မမှားကြောင်း သေချာစေရန် မျက်လုံးများကို အလျင်အမြန် ပွတ်လိုက်မိသည်။ သူမက ရုတ်ခြည်းပင်

"သူဋ္ဌေး …  အရင်ကဆို နင်က ငယ်ရွယ်ချောမောရုံ ကောင်လေးတစ်ယောက်ပဲ။ ဒါပေမယ့် အခု နင် အကောင်းဆုံး အချောဆုံးဖြစ်သွားပြီဆိုတာ သေချာတယ်။ မရေမတွက်နိုင်တဲ့ မိန်းကလေးတွေရဲ့အိပ်မက်ထဲ ထည့်မက်ခံရတော့မယ့်လူတစ်ယောက် ဖြစ်သွားပြီ။”

အနီးနားက ဆိုဖာထက်တွင်…

အစောပိုင်းက အမျိုးသမီးနှစ်ယောက်သည်လည်း မင်သက်သွားရသည်။ သူတို့သည် ဖြောင့်ဖြောင့်တန်းတန်း မထိုင်နိုင်တော့ဘဲ တခြားလူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသည့် ထန်ရှုအား ငေးမောစိုက်ကြည့်နေကြသည်။

ချောမောသည်။ အပြစ်ပြောစရာမရှိအောင် ချောမောခန့်ညားသည်။

သူတို့သည် ယခင်က ရုပ်ရည်ချောမောပြီး ယောက်ျားပီသသော ယောက်ျားများစွာနှင့် ဆုံတွေ့ဖူးသော်လည်း ၎င်းတို့အရှေ့ မှ အမျိုးသားလေးကဲ့သို့ ငယ်ရွယ်ထက်မြက်ပြီး ယောက်ျားပီသစွာ ချောမောခန့်ညားသူအား တစ်ခါမှ မတွေ့ဖူးခဲ့ပါပေ။

ထန်ရှုသည် လည်စည်းနှင့်တန်ဖိုးကြီးသော ဝတ်စုံကို ဝတ်ဆင်ထားပြီး တောက်ပြောင်သော သားရေရှူးဖိနပ်ကို စီးနင်းထားကာ လက်ကောက်ဝတ်တွင် တန်ဖိုးကြီးနာရီတစ်လုံးကို ပတ်ထားသေးသည်။ စတိုင်ကျသော ဆံပင်ပုံစံဖြင့် ထန်ရှုသည် ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါ ဖြာထွက်နေသည့်ဟန် ရှိသည်။

"ဘာလို့လဲ။ ဘာမှားနေလို့လဲ။" ထန်ရှုက သူ၏အဝတ်အစားများကို ငုံ့ကြည့်ပြီး တအံ့တသြ မေးမိတော့သည်။

ခန်းရှက ခေါင်းယမ်းလိုက်ပြီး

"ဘာမှ မမှားဘူး ... ကောင်းတယ်။ အရမ်းလန်းတယ်။ သူဌေးသာ နင်သာ ငွေကြယ်ပွင့် ဖြစ်တယ်ဆိုရင် ကမ္ဘာပေါ်က မိန်းကလေးတွေအားလုံး နင့်ကို စွဲလန်းကုန်မှာ သေချာတယ်။"

“ဘယ်လိုတောင် ပေါက်ကရတွေ ပြောနေတာတုန်း …” ထန်ရှုက ရယ်ရယ်မောမောဖြင့်

"ကိုယ့်မှာ ဒီလိုအရည်အချင်းသာ ရှိနေရင် ချမ်းသာတဲ့ အမျိုးသမီးတချို့က ကိုယ့်ကို သူတို့ရဲ့လျှို့ဝှက်ချစ်သူအဖြစ် ပြုစုထောက်ပံ့ကုန်တော့မှာပေါ့။"

"ငါ နင့်ကို သိမ်းထားပြီး ထောက်ပံ့မယ်။"

ထန်ရှု၏အသံ ဆုံးသွားသည်နှင့် အချိန်မဆိုင်းဘဲ မျက်လုံးများ ဘလင်းဘလင်းတောက်ပနေသော အမျိုးသမီးက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

“အချောလေး … နင့်ကို သိမ်းထားဖို့ ငါ့ရဲ့ စုဆောင်းငွေအားလုံးကို ပုံအောပစ်လိုက်မယ်။”

“ခွီး … ဟားဟား …”

“ဟားဟား…”

ခန်းရှနှင့် အန်ထော်နီတို့သည် မအောင့်နိုင်ဘဲ ရယ်မောမိကြသည်။

ထန်ရှုသည် ထိုအမျိုးသမီးကို ကြည့်ရင်း ငိုရမလို ရယ်ရမလို ဖြစ်သွားရပြီးနောက် ခေါင်းယမ်းကာ ပြောသည်။

“အစ်မကြီး … ကျွန်တော့်ကို လာကျီစားနေတယ်ဗျာ။ တခြားသူတွေရဲ့ အထောက်အပံ့ကို ကျွန်တော် ကျင့်သားရမနေဘူး။”

ထိုသို့ပြောပြီးနောက် သူက ခန်းရှ၏လက်ကိုဆွဲကာ ဝင်ပေါက်ဆီသို့ ဦးတည်သွားခဲ့သည်။ ထိုနေရာရောက်မှသာ သူက ခန်းရှ၏လက်ကို လွှတ်ပေးလိုက်ပြီး

"မင်း ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်လား။"

"ငါ မလုပ်ဘူးဆိုတာ ဘုရားမှာ တိုင်တည်တယ်။"

ခန်းရှက ရယ်ကြဲကြဲဖြင့်

“ဟားဟား … သူဌေး  ခုနက အဲ့ဒီအစ်မနှစ်ယောက်ရဲ့ မျက်လုံးတွေကို မြင်လိုက်လား။ သူတို့မျက်လုံးထဲမှာ ဘာအရောင် တွေ့လိုက်လဲ။ အစိမ်းရောင်နော် … သူတို့ မျက်လုံးများတွေက စိမ်းစိုနေတာပဲ။ အခု နင့်ရဲ့ ဆွဲဆောင်မှု က ဘယ်လောက်ကြီးမားတယ်ဆိုတာ သဘောပေါက်ပြီလား။"

"မသိဘူး။ ဒါပေမယ့် သူတို့က လျှို့ဝှက်ငယ်ရွယ်တဲ့ ချစ်သူအဖြစ် ကိုယ့်ကို ပြုစုပျိုးထောင်ပေးချင်တဲ့ အတွေး တွေးနေကြတာ။ မြန်မြန် ထွက်သွားရအောင်။  အဝတ်အစားလဲဖို့ နေရာတစ်နေရာ ရှာချင်တယ်။"

"ဟင့်အင်း…မရဘူး…မရပါဘူးနော်။"

ခန်းရှက ထန်ရှု၏လက်မောင်းကို အမြန် ဆွဲလိုက်ပြီး ခေါင်းကို အခါခါယမ်းကာ

"အန်ထော်နီ့ကို နင့်ရဲ့ဖက်ရှင်စတိုင်ကို ပြင်ဆင်ပေးဖို့ လုပ်ရတာ ငါ့အတွက် လွယ်တာမဟုတ်ဘူး။ နင်သာ အဝတ်အစားပြောင်းလိုက်ရင် နေ့တစ်ဝက်လောက် ဖိအားပေးလုပ်ခိုင်းရတာက သဲထဲရေသွန်သလို အချည်းနှီးဖြစ်သွားမှာ။ ဟုတ်သားပဲ … ငါ အန်ထော့်နီကို ပိုက်ဆံမပေးရသေးဘူး။ သူဋ္ဌေး … ငါ့ကို ဒီမှာ စောင့်ပါဦး။"

"အိုခေ … အိုခေ…" ထန်ရှုက အားတင်းပြုံးပြီး

"ဒါဆိုလည်း မပြောင်းတော့ဘူး ဟုတ်ပြီလား။ ကိုယ့်ကို လွှတ်ပေးဦး။"

ထိုသို့ပြောမှသာ ခန်းရှသည် ထန်ရှု၏လက်ကို လွှတ်ပေးပြီး ပြုံးရွှင်စွာဖြင့် ဖက်ရှင်အိမ်၏ရှေ့တံခါးဆီသို့ ပြေးသွားခဲ့သည်။ ထန်ရှုသည် ခေါင်းယမ်းရင်း မဲ့ပြုံးသာ ပြုံးနေမိသည်။ ထို့နောက် သူသည် ကားရှေ့သို့ လျှောက်သွားကာ စီးကရက်တစ်လိပ်ကို ထုတ်၊ မီးညှိပြီးနောက် အားရပါးရ ဖွာရှိုက်လိုက်သည်။ ထန်ရှုသည် အပေါ်ယံတွင်သာ ကူကယ်ရာမဲ့နေသည့်ဟန် ရှိသော်လည်း လူငယ်ပီပီ စိတ်အတွင်းထဲတွင် အနည်းငယ် ဂုဏ်ယူဝမ်းမြောက်နေမိသည်။

…လူလတ်ပိုင်းအမျိုးသမီးကိုတောင် ဆွဲဆောင်နိုင်တယ်ဆိုတော့ တွေးကြည့်ရင် သူ့စတိုင်က မဆိုးဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ်ဘူးလား။…

…လူမှာအဝတ် တောင်းမှာအကွပ်ဆိုတဲ့စကားက တကယ်မှန်တာပဲ။…

ထန်ရှုက ပုခုံးပေါ် မှ  သူ၏ဝတ်စုံကို လှန်လိုက်သည်။ အနည်းငယ် မသပ်မရပ်ဖြစ်သော်လည်း သူ့ဆီက ဖိအားပေးနိုင်သည့်ရောင်ဝါတွေ ထွက်ပေါ်နေဆဲဖြစ်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ခန်းရှသည် ပြုံးတုံ့တုံ့အမူအရာဖြင့် အဆောက်အဦးထဲမှ ထွက်လာကာ ထန်ရှုဆီသို့ ချက်ချင်း အပြေးရောက်လာပြီး

"သူဋ္ဌေး … ငါ့ကို ကားမောင်းခွင့်ပြု။"

"မင်းသဘောပါ။" ထန်ရှုက ခေါင်းညိတ်လိုက်ပြီး

"ဒါနဲ့ ကိုယ်တို့ ဘယ်ကို သွားရမှာလဲ။ လုံစားသောက်ခန်းမကို တစ်ခါတည်း သွားရမှာလား။”

"ပွဲကျင်းပမယ့်အချိန်က ရောက်နေပြီဆိုတော့ ငါတို့ အမီသွားရမယ်ထင်တယ်။"

ခန်းရှက ပြုံးကာ ပြောလိုက်သည်။

"သူဋ္ဌေး … နင်တော့ ပွဲတက်လာတဲ့သူတွေရဲ့အာရုံစူးစိုက်မှုကို ခံရလိမ့်မယ်ဆိုတာ ငါ အာမခံရဲတယ်။"

***

All Chapters