← Chapters

အခြားသူတစ်ဦးမှ ပေးသော ပန်းလက်ဆောင်ဖြင့် ပြန်လက်ဆောင်ပေးခြင်း

Vol. 09 Ch. 424

အခြားသူတစ်ဦးမှ ပေးသော ပန်းလက်ဆောင်ဖြင့် ပြန်လက်ဆောင်ပေးခြင်း

Vol. 09 Ch. 424

ကြယ်တာရာမြို့၏ ထိပ်တန်းအဆင်မြင့် စားသောက်ဆိုင်တစ်ခုအနေဖြင့် လုံစားသောက်ခန်းမသည် ချမ်းသာကြွယ်ဝသူများနှင့် အာဏာရှိသူများဖြင့် နေ့စဉ် စည်ကားနေသောနေရာ ဖြစ်သည်။ ခန်းမသည် မြင့်မားသော အဆင့်အတန်းတစ်ခုသတ်မှတ်ထားပြီး ဈေးနှုန်းများသည် ကုန်ကျစရိတ်များသည်။ တော်ရုံချမ်းသာသည့်သူများပင် ထိုနေရာတွင် စားသောက်ရန် ခက်ပေသည်။

ည ၇ နာရီ …

အဖြူရောင်ပေါ် ရှေးကားသည် လုံစားသောက်ခန်းမ၏ ဝင်ပေါက်အပြင်ဘက်တွင် ရပ်သွားသည်။ အရပ်ရှည်ပြီး ရုပ်ရည်ချောမောသော လူငယ်တစ်ဦးသည် နာမည်ကြီး အမှတ်တံဆိပ်ဝတ်စုံကို ဝတ်ဆင်ကာ ကားထိုင်ခုံပေါ်တွင် ငြိမ်သက်စွာ ထိုင်နေသည်။ သူသည် လှပသော အပြာရောင် နှင်းဆီပန်းတစ်ပွင့်ကို ကိုင်ဆောင်ထားပြီး သူ၏နံဘေးတွင် နှင်းဆီပန်းလှလှကြီးတစ်စည်းလည်း ရှိနေခဲ့သည်။

"သခင်လေးချန် … ခင်ဗျားရဲ့ကားကို ရွှေ့ပေးလို့ရမလားဗျာ။ ဒီည လာတဲ့ဧည့်သည်တွေ အများကြီးရှိမှာမို့ ဒီနေရာမှာ ကားရပ်ထားရင် သူတို့ကို အနှောင့်အယှက်ဖြစ်လိမ့်မယ်။” လုံခြုံရေးခေါင်းဆောင်အပါအဝင်လုံခြုံရေးအစောင့်များသည် ထိုလူငယ်အား ကူကယ်ရာမဲ့စွာ ကြည့်နေကြသည်။

အခြားသူတစ်ဦးဆိုပါက မောင်းထုတ်လိုက်လိုက်မည် ဖြစ်သော်လည်း သူတို့၏အရှေ့မှ ထိုလူငယ်သည် အပြာရောင်မြို့မှ စီမြောင်အုပ်စု၏ဒုတိယသခင်လေးဖြစ်ပြီး ကြယ်တာရာမြို့ရှိ စီမြောင်အုပ်စုဌာနခွဲ၏ သူဋ္ဌေးလေး ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူ၏ဖခင်သည် လုံစားသောက်ခန်းမ၏ ရှယ်ယာရှင်တစ်ဦးလည်းဖြစ်သည်။

ချန်းစီအန်း၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာပြီး သူ၏အိတ်ကပ်ထဲက စီးကရက်တစ်ဗူးကို ဖြည်းညှင်းစွာဆွဲထုတ်လိုက်သည်။ တစ်လိပ်ကို ယူကာ မီးညှိလိုက်ပြီး အားရပါးရဖွာရှိုက်ပြီးနောက် လုံခြုံရေးခေါင်းဆောင်ထံ စီးကရက်ဗူးကို ပစ်ပေးလိုက်သည်။ ထို့နောက် သူက အပြုံးဖြင့်

“အစ်ကိုချင် … တခြားကိစ္စတစ်ခုဆိုရင် ငါ လိုက်နာမှာပါ။ ဒါပေမယ့် ဒီညက ငါ့အတွက် အရမ်းအရေးကြီးတယ်။ သည်တစ်ကြိမ်တော့ မသိချင်ယောင်ဆောင်ထားပေးပြီး ကျေးဇူးအတင်ခံလိုက်ပါ။ ဒီည ငါ့နတ်သမီးလေးနဲ့ အဆင်ပြေရင် မင်းတို့ရဲ့ လစာနှစ်ဆတိုးဖို့ မင်းတို့အကြီးအကဲကို ငါပြောပေးမယ်။"

လုံခြုံရေးခေါင်းဆောင်၏ မျက်လုံးများ တောက်ပလာကာ ချက်ချင်း ခေါင်းညိတ်ပြရင်း အပြုံးဖြင့် ပြောလိုက်သည်။ "ဒါဆိုရင် သခင်လေးချန်းရဲ့ လှပတဲ့အိပ်မက်လေး အကောင်အထည်ပေါ်လာပါစေလို့ ဆုတောင်းပေးပါတယ်။"

ထိုသို့ပြောပြီးနောက် ပြုံးနေသော အခြားအစောင့်များကိုပါ လှမ်းခေါ်သည်။ လုံခြုံရေးအဖွဲ့သည် ထိုနေရာမှ ဆုတ်ခွာပြီး တာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့သည်။

ချန်းစီအန်း ခပ်ဖွဖွ ပြုံးလိုက်သည်။ ထို့နောက် သူ၏အကြည့်များသည် လုံစားသောက်ခန်းမ၏ ဝင်ပေါက်ဆီသို့ ရွေ့လျားသွားကာ မျှော်လင့်တကြီးပုံစံ ရှိနေခဲ့သည်။ သောက်လက်စ စီးကရက်သည် ဖင်စီခံနားထိ လောင်ကျွမ်းခါနီးသော အခိုက်အတန့်တွင် ပိုနီတေးဆံပင်ပုံစံဖြင့် နတ်သမီးငယ်လေးတစ်ပါးကဲ့သို့ ကလေးဆန်ဆန် ချစ်စရာကောင်းသော ကောင်မလေးတစ်ယောက်သည် ခန်းမအတွင်းမှ ထွက်လာခဲ့သည်။ သူမ၏အနောက်တွင် မိန်းမချောလေးနှစ်ယောက်လည်း ပါလာသည်။

…သေစမ်း … ဒင်းက ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာတုန်း…

အင်ဒီသည် လုံစားသောက်ခန်းမ၏အဝင်ဝမှ ထွက်လာစဉ် ချန်းစီအန်းသည် လက်ထဲမှ စီးကရက်အား နင်းချေကာ သူမဆီသို့ အပြုံးဖြင့် ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။ သူမ၏မျက်ခုံးများ အနည်းငယ်တွန့်သွားရရင်း မျက်နှာထက်တွင် စိတ်အလိုအကျသည့် အမူအရာ ထွက်ပေါ်လာသည်။

အပြာရောင် နှင်းဆီပန်းလှလှအား ကိုင်ဆောင်ထားသော ချန်းစီအန်းသည် အင်ဒီ၏အရှေ့တွင် ရပ်လိုက်ချိန်တွင် အနီရောင်အသဲပုံဗူးတစ်ခုသည် မျက်လှည့်ပြလိုက်သည့်နှယ် သူ၏လက်ထဲတွင် ပေါ်လာခဲ့သည်။ သူသည် အင်ဒီအရှေ့တွင် ဒူးတစ်ဖက်ထောက်ထိုင်လိုက်ကာ နှစ်လိုဖွယ်အကောင်းဆုံးအပြုံးအား ကြိုးစားပြုံးလိုက်ရင်း မြတ်မြတ်နိုးနိုး ပြောလိုက်သည်။

"အင်ဒီ … ဟန်နီ … မင်း ငါ့ကို ၆၅ ကြိမ်လောက် ငြင်းထားဖူးပေမယ့် ကောင်းတဲ့အရာတွေနဲ့ ကောင်းတဲ့လူတွေက တွဲဖက်ဖြစ်သင့်တယ်လို့ ငါ ယုံကြည်ထားတယ်။ ဒီ (၆၆)ကြိမ်မြောက် ချစ်ခွင့်ပန်ခြင်းမှာ ငါ့ကို လက်ထပ်ခွင့်ပြုတဲ့ မင်းရဲ့စကားကို မျှော်လင့်ပါတယ်။ ငါ…ချန်းစီအန်းက ဘဝတစ်လျှောက်လုံးမှာ မင်းတစ်ယောက်တည်းကို ချစ်ပြီး မင်းတစ်ယောက်တည်းကိုပဲ လက်ထပ်ဖို့ ကျိန်ဆိုတယ်။ ကျေးဇူးပြုပြီး ငါ့ကို လက်ထပ်ပါ။"

သူသည် အနီရောင်အသဲပုံဗူးအဖုံးကို ညင်သာစွာဖွင့်လိုက်ရာ နှစ်ကာရက်ရှိသောစိန်လက်စွပ်သည် ချက်ချင်းပင် အလင်းရောင်အောက်တွင် ပြိုးပြိုးပြက်ပြက် တောက်ပစွာ ထွက်ပေါ်လာခဲ့သည်။

အင်ဒီ နောက်သို့ ခြေလှမ်းတစ်လှမ်းဆုတ်လိုက်ပြီး

"ချန်းစီအန်း … နင် မပြီးတော့ဘူးလား။ ငါ နင့်အပေါ် မှာ ခံစားချက်မရှိဘူးလို့ အကြိမ်ကြိမ်ပြောခဲ့ပြီးသားလေ။ နင်က ငါ့စိတ်ထဲမှာတွေးထားတဲ့ မြင်းဖြူပေါ်က မင်းသားချောလေး မဟုတ်ဘူး။ ဟင့်အင်း … ငါ နင့်ကို လက်ထပ်မှာမဟုတ်ဘူး။"

"ဒါပေမယ့်ဆိုတာ ဘာကြောင့်လဲ။"

ချန်းစီအန်း၏မျက်နှာထက်ရှိ အပြုံးသည် အေးခဲသွားရသည်။ သို့သော် သူသည် ဒူးတစ်ဖက် ထောက်မြဲထောက်ကာ ဇွဲကောင်းကောင်းဖြင့် မေးလိုက်သည်။

“မင်း ဘာလို့ ငါ့ကို အမြဲ ငြင်းတာလဲ။ မင်းမှာ အခု ငါ့အတွက် ခံစားချက်မရှိသေးတာ ငါ ဂရုမစိုက်ဘူး။ မင်းရဲ့အချစ်ကို အချိန်မီရနိုင်မယ်လို့ ငါယုံတယ်။"

အင်ဒီသည် တခဏတာ စကားမပြောဘဲနေပြီးမှ ရုတ်တရက် သူမ၏မျက်လုံးများတွင် စူးရဲသော အရိပ်အယောင်များ ပေါ်လာသည်။ ထို့နောက် သူမက အပြုံးဖြင့်

“ဘာကြောင့်လဲဆိုတာ နင် သိချင်တာလား။ ကောင်းပြီ … ဒါဆို ငါပြောမယ်။ ဘာကြောင့်လဲဆိုတော့ ကောင်းကင်ဘုံကို ရောက်နေတဲ့ ငါ့အမေက အိမ်မက်ထဲမှာ ငါ့ဆီ တစ်ခေါက်လာပြီး ပြောခဲ့တယ်။ အာရှသားနဲ့ ဘယ်တော့မှ လက်မထပ်ရဘူးတဲ့လေ … အထူးသဖြင့် တရုတ်အမျိုးသားနဲ့ပေါ့။”

သည်ဟာသည် ဆင်ခြေတစ်ခုသာဖြစ်သည်။ လုံးဝကို အဓိပ္ပါယ်ကင်းမဲ့သည့် အကြောင်းပြချက်တစ်ခုသာ ဖြစ်တော့သည်။

ချန်းစီအန်း ဖြူဖတ်ဖြူလျော်ဖြစ်သွားသည် ။ ဖြတ်သန်းသွားသော ဧည့်သည်များနှင့် အစောင့်အကြပ် အနည်းငယ်ပင်လျှင် ထိုဟာသည် အကြောင်းပြချက်တစ်ခု ဖြစ်မှန်း ပြောနိုင်ပေသည်။

"ကောင်းပြီ အင်ဒီ … ဒါက အတော် စိတ်ဝင်စားဖို့ ကောင်းတယ်။"

လမ်းဘေးမှ ဆယ်မီတာအကွာတွင် ထန်ရှုသည် ကားသော့များအား လုံခြုံရေးအစောင့်တစ်ဦးဆီ ပစ်ပေးလိုက်စဉ်တွင် သူ့ဘေးတွင် ပါလာသော ခန်းရှက တီးတိုးလေသံဖြင့် သူ့အား ရှင်းပြနေသည်။

ခန်းရှက သူမ၏ နှုတ်ခမ်းလေးကို အုပ်ကာ ရယ်မောနေပြီး “ဒီကောင်မလေးရဲ့ အကြောင်းပြချက်ကို ဘယ်သူမှ ယုံမှာ မဟုတ်ဘူး။ အရူးတွေတောင်မှ ဒီလိုပြောနိုင်တယ်။”

“ပြောပြတဲ့အတိုင်းဆို ဒီချောမောတဲ့လူကို နောက်ဆုတ်အောင် ရည်ရွယ်ချက်နဲ့ သူမ လုပ်ခဲ့တာပေါ့။ ချန်းစီအန်းက တကယ်ကို စိတ်ရှည်တာပဲ။ သူက အင်ဒီ့ကို အမြဲစောင့်ရှောက်နေပြီး သူမကိုလက်ထပ်ဖို့ ခွင့်ပန်တိုင်း အမြဲတမ်း အငြင်းခံရတယ်။ ဒါပေမယ့် အငြင်းပယ်ခံရပြီးတိုင်း သူက ဇွဲမလျှော့ဘဲ အားထုတ်နေတုန်းပဲ။ နေပါဦး … အဲဒီရှေးစကားပုံက ဘာပါလိမ့်။ ဟုတ်ပြီ … အဆက်မပြတ် ဆုတ်ယုတ်မှုတွေ ရှိနေသော်လည်း ဆက်လက် တိုက်ပွဲဝင်ပါတဲ့။ တိတိပပပြောရရင် သူက အဲ့ဒီလိုလူစားပဲ။”

ထန်ရှုက ပြုံးကာ ပြောလိုက်သည်။

"စာအုပ်တွေအတိုင်းတော့ အားလုံးက ဖြစ်မှာမဟုတ်ဘူး။" ထန်ရှုက ရယ်ပြီး ဆက်ပြောသည်။

"နောက်ပြီး အမျိုးသားတစ်ယောက်က ရဲရင့်မှု၊ မျက်နှာပြောင်တိုက်မှု၊ မကြောက်မရွံ့မှုနဲ့ သူ့ကြိုးစားမှုမှာ အောင်မြင်မှုရဖို့ ဇွဲရှိရမယ်။ ဒါမှသာ သူ့ရင်ခွင်ထဲမှာ အမျိုးသမီးလေးကို ပွေ့ဖက်ထားနိုင်မှာပေါ့။”

ခန်းရှက ပြုံးတုံ့တုံ့အမူအရာဖြင့်

"ဝိုး … သူဋ္ဌေး နင်က အချစ်ဇာတ်လမ်းတွေ ဖတ်မယ်လို့ မထင်ထားမိဘူး။ ဘာပဲဖြစ်ဖြစ် ချန်းစီအန်းအတွက် မျှော်လင့်ချက်မရှိဘူးလို့ ငါ ထင်တယ်။ အင်ဒီသာ သူ့အတွက် ခံစားချက်အနည်းငယ်သာရှိတယ်ဆိုရင် ဒီလောက်အချိန်တွေ ကြာနေပြီပဲကို အဖြေပေးပြီးလောက်ရော့ပေါ့။ အင်ဒီနဲ့လည်း နင် ခဏခဏ တွေ့ဖူးတယ်မဟုတ်လား။ သူမရဲ့ မုန်းရဲ၊ ချစ်ရဲတဲ့သတ္တိကို နင် သိထားလောက်မယ်။"

"ငါက ဒါကို ပြောပိုင်ခွင့်ရှိတဲ့လူမို့လို့လား။ အဲ့ဒီလူပြနေတဲ့ ရိုးသားမှုက နောက်ဆုံးမှာ အင်ဒီရဲ့ နှလုံးသားကို အရည်ပျော်သွားစေလိမ့်မယ်ထင်တာပဲ။ ဒါနဲ့ ငါတို့ ဘာဆက်လုပ်ကြမလဲ။ ပြီးခဲ့တာတွေ ပြီးပါစေလို့ ထားလိုက်သင့်သလား။ ဒါမှမဟုတ် ငါတို့စောင့်ရမှာလား။"

ထန်ရှု၏ဘယ်ဘက်လက်ကောက်ဝတ်အား ဆုပ်ကိုင်ထားသော ခန်းရှသည် ထန်ရှု ဝတ်ဆင်ထားသည့် ကမ္ဘာကျော်အမှတ်တံဆိပ်နာရီကို လှမ်းကြည့်လိုက်သည်။ ထို့နောက် လက်ကောက်ဝတ်ကို ချလိုက်ပြီးနောက် သူမက “ဘာပဲဖြစ်ဖြစ် ပွဲစဖို့ မိနစ် ၂၀ပဲကျန်တော့တယ်။ အခု သွားရအောင်။ မဟုတ်ရင် ပါတီပွဲက နှောင့်နှေးနေလိမ့်မယ်။”

ထန်ရှုက ခေါင်းညိတ်ပြပြီး ရှေ့ကို ဆက်သွားသည် ။

ထိုအချိန်တွင် အင်ဒီသည် အေးခဲသွားသည့်ဟန်ရှိသော ချန်းစီအန်း၏မျက်နှာကို ကျေနပ်စွာဖြင့် ကြည့်နေသည်။ သူမသည် ဤမျှကြီးကျယ်ကောင်းမွန်လှသော ဆင်ခြေကို တွေးကာပြောလိုက်နိုင်သဖြင့် သူမကိုယ်သူမ ဉာဏ်ကြီးရှင်တစ်ယောက်ဟု ထင်ခဲ့သည် ။ ထို့နောက် သူမသည် ချန်းစီအန်း လက်လျော့သွားစေရန် သူမ၏ သနားစရာကောင်းသောအကြည့်အား ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော်ထားသည်။

"ချန်းစီအန်း … သခင်လေးချန်း ငါ့ကို စွန့်လွှတ်လိုက်ဖို့ တောင်းပန်ပါတယ်။ တရုတ်ရှေးစကားထဲမှာ သားသမီးဝတ္တရားက အရာအားလုံးထဲမှာ အရေးကြီးဆုံးလို့ ဆိုရိုးရှိတယ်မဟုတ်လား။ ငါ့မှာ သားသမီးဝတ္တရား ပြပေဒရမယ့်လူ သက်ရှိထင်ရှားမရှိတော့ပေမယ့် ငါကိုယ်တိုင်က သားသမီးဝတ်ကျေပွန်ချင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် နင် ငါ့ကို အကြိမ် ၆၀ပဲ တောင်းတောင်း ဒါမှမဟုတ် အကြိမ် ၆၀၀၀ပဲ တောင်းတောင်း ငါ နင့်ကို လက်ထပ်လို့မရဘူး။”

"အင်ဒီ … ငါ မင်းကို တကယ် နှစ်သက်တာ … ချစ်တာပါ။ ဒီလို အဓိပ္ပါယ်မဲ့တဲ့ ဆင်ခြေတွေနဲ့ ငါ့ကို မငြင်းပါနဲ့လား။ မင်းအတွက် ငါ ဘာမဆို အရာရာကို လုပ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် အားလုံးကို စွန့်လွှတ်ဖို့ ဆန္ဒလည်း ရှိတယ်။ ကျေးဇူးပြု၍ ကတိပေးပါ။ ငါ့ဘဝရဲ့ ကျန်တဲ့သက်တမ်းတလျှောက်လုံး မင်းကို ပုံအောပြီး ချစ်သွားမယ့်လူပါကွာ။"

"အင်ဒီ…"

ခန်းရှနှင့် ထန်ရှု အနားရောက်လာသည်။

အင်ဒီ မော့ကြည့်လိုက်သည်။ ခန်းရှကို ကြည့်လိုက်ပြီးနောက် သူမ၏အကြည့်များသည် ထန်ရှုဆီသို့ ရောက်သွားခဲ့သည်။ သူမသည် သူ့အား အချိန်အကြာကြီး ငေးစိုက်ကြည့်နေရင်း လှပသောမျက်ဝန်းများဆီမှ အရောင်တစ်ချက် လင်းလက်သွားကာ မယုံကြည်နိုင်ဟန်ရှိနေသည်။ သို့သော်လည်းရုတ်ခြည်းပင် သူမက မျက်လုံးတစ်ချက် မှိတ်ပြလိုက်ပြီး သူမ၏အမူအရာသည် ချစ်ခြင်းမေတ္တာ ထုံလွှမ်းပြည့်ဝနေသည့်အသွင်သို့ ပြောင်းလဲသွားသည်။

"ဟေ့ ဒီအတိုင်းကြီး ကြည့်မနေနဲ့လေ။ အဲဒီလူက မင်းကို ရိုးသားစွာ ချစ်ခွင့်ပန်နေတာ။ မင်း သူ့ကို သဘောကျရင် သဘောတူတယ်ပြောလိုက်လေ။ အမြင်နဲ့တင် သူက အတော်ကောင်းပုံရပါတယ်။”

အင်ဒီသည် တံတွေးတစ်ချက် မျိုချလိုက်ရင်း ထန်ရှုဆီသို့ လျှောက်သွားပြီး သူ၏လက်မောင်းကို ဆွဲကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ဝိုး … သူဋ္ဌေးက အရမ်း ခန့်ညားတာပဲ။ ကျွန်မအိပ်မက်ထဲမှာ ပေါ်လာတဲ့ အရမ်းကို ထည်ဝါတဲ့ သူရဲကောင်းတစ်ယောက်နဲ့ တူနေသေး။”

ထိုသို့ပြောပြီးနောက် သူမသည် တစ်စုံတစ်ခုကို သတိရသွားဟန် ရှိသည်။ ထန်ရှ၏လက်ကိုလွှတ်လိုက်ပြီး ငိုရခက်ခက် ရယ်ရခက်ခက် ဖြစ်သွားသည့် ထန်ရှု၏ အကြည့်အောက်တွင် သူမသည် ချန်းစီအန်းဆီသို့ ပြန်သွားခဲ့သည်။

ထို့နောက် သူမသည် ချန်းစီအန်း ကိုင်ဆောင်ထားသော အပြာရောင်နှင်းဆီပန်းကို ဆွဲယူပြီး ထန်ရှုဆီသို့ ပြန်သွားခဲ့သည်။ ဒူးတစ်ဖက်ကို ထောက်ကာ ပြောရင်း

“သူဌေး … ကျွန်မ ရှင့်ကို ချစ်နေပြီဆိုတာ နားလည်သွားခဲ့ရပြီ။ ကျေးဇူးပြုပြီး လက်ထပ်ပါ ... အာ မဟုတ်သေးဘူး … ကျွန်မကို လက်ခံပေးပါ။"

“…”

ထန်ရှု၏နဖူးကြော တွန့်သွားရသည်။

ခန်းရှသည် အင်ဒီ့ကိုကြည့်ရင်း ရယ်ရခက် စိတ်ဆိုးရခက် ဖြစ်သွားကာ တိတ်တဆိတ် ခေါင်းယမ်းလိုက်မိတော့သည်။

တစ်ဖက်တွင် ဒူးထောက်နေဆဲဖြစ်သော ချန်းစီအန်း၏မျက်နှာ ရုတ်ခြည်းပင် ပျက်သွားသည်။ သူ ရုတ်တရက် ထရပ်ကာ စိတ်ဆိုးမာန်ဆိုး အော်လိုက်သည်။

“အင်ဒီ … ဒါ ဘာကို ဆိုလိုတာလဲ။ အဲ့ဒီနှင်းဆီက မင်းအတွက်လေ။ မင်းက ဘယ်လိုလုပ်ပြီး…”

အင်ဒီက လှည့်ကြည့်ကာ လှပစွာ ပြုံးလိုက်ပြီး

"သခင်လေးချန်း … နှင်းဆီပန်းအတွက် ကျေးဇူး အများကြီးတင်ပါတယ်။ ငါ့ရဲ့သူရဲကောင်းကို လက်ဆောင်ပေးဖို့ နင့်ဆီက ငါ ချေးတယ်လို့ သဘောထားပေး။ ဘုရားသခင်က နင့်ကို ကောင်းချီးပေးပါစေ။ သူ့ကို ရှင်မြင်တယ်မဟုတ်လား။ ငါ့အိပ်မက်ထဲထိ အမြဲတမ်းတနေရတဲ့ ခန့်ညားတဲ့ မင်းသားလေးတစ်ပါးလိုပဲ။ မုဆိုးက သမင်ကို သေနတ်နဲ့ ထိအောင် ပစ်သတ်သလိုပဲ ငါ့နှလုံးသားကို လှုပ်ခတ်အောင် ညှို့နိုင်တဲ့ လူချောလေး။”

ထိုသို့ပြောပြီးနောက် သူမသည် ထန်ရှုကို ပြန်ကြည့်လိုက်ကာ ချိုသာစွာ ပြုံးပြရင်း

"သူဌေး … ကျေးဇူးပြုပြီး ကျွန်မကို အခွင့်အရေးပေးပါ။ ကျွန်မ ရှင့်ကို တကယ် နှစ်သက်တာ … ချစ်တာပါ။ ရှင့်အတွက် ကျွန်မ ဘာမဆို အရာရာကို လုပ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် အားလုံးကို စွန့်လွှတ်ဖို့ ဆန္ဒလည်း ရှိတယ်။ ကျေးဇူးပြု၍ ကတိပေးပါ။ ကျွန်မဘဝရဲ့ ကျန်တဲ့သက်တမ်းတလျှောက်လုံး ရှင့်ကို ပုံအောပြီး ချစ်သွားမှာပါ။”

“…”

အံ့သြရလွန်းသဖြင့် ကျောက်ရုပ်လိုဖြစ်နေသည့် ထန်ရှုသည် အင်ဒီ ထိုကဲ့သို့ ဂိမ်းကစားလိမ့်မည်ဟု တစ်ခါမှ ထင်မထားခဲ့မိချေ။ ထိုစကားများသည် ချန်းစီအန်းက သူမအား အစောပိုင်းက ပြောခဲ့သည့် စကားများအတိုင်း တစ်လုံးမလွဲ ကော်ပီကူးသည့်အတိုင်း ပြောလိုက်ခြင်းဖြစ်သည်။

ဘေးမှ ကြည့်နေသူများတွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာသည်။ မထင်မှတ်ဘဲ သည်ကဲ့သို့ ပြဇာတ်ဆန်ဆန် ဖြစ်လာလိမ့်မည်ဟု သူတို့ ထင်မထားမိကြပါချေ။

"ဝိုး … ဘယ်လောက်တောင် စိတ်ဝင်စားစရာကောင်းတဲ့ လှည့်ကွက်လဲ … အခုခေတ်လူငယ်တွေက တကယ်ကို ကစားနေကြတာပဲ။ ဒီမိန်းကလေး အင်ဒီက ချန်းစီအန်းကို မငြင်းဘဲ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာဆိုရင် နောက်ကျမှ ရောက်လာတဲ့ ဒီကောင်ချောလေးကို သူမ တကယ် သဘောကျသွားမှာတောင်စိုးရတယ်။"

“ယောကျ်ားတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို အစွမ်းကုန် ကြိုးစားအားထုတ်တောတောင် တောင်တန်းနဲ့ ပိုင်းခြားထားပြီး အမျိုးသမီးက အခြားယောက်ျားကို ကြိုးစားအားထုတ်တယ်ဆိုသလိုပဲ။ နောက်မှ ရောက်လာတဲ့လူက ဒါကို သဘောတူပါ့မလား ငါ မသိဘူး။”

"မဟုတ်သေးဘူး။ ချန်းစီအန်းက ကစားပွဲထဲက ထွက်ရတော့မယ်။"

“…”

သူ့အနီးပတ်ဝန်းကျင်မှ ကြည့်ရှုသူများ၏ တီးတိုးစကားဆိုသံများကို ကြားလိုက်ရသောအခါ ချန်းစီအန်း၏မျက်နှာ ပျက်သည်ထက်ပျက်လာခဲ့သည်။ သူ၏အစီအစဉ်အား နှောင့်ယှက်မည့် တစ်စုံတစ်ယောက် မထင်မှတ်ပဲ ပေါ်လာကြုံတွေ့ရလိမ့်မည်ဟု သူ၏အိပ်မက်ရိုင်းထဲတွင် တစ်ခါမှ မမက်ခဲ့မိချေ။ အင်ဒီသည် သူ့မျက်နှာကိုမထောက် သူ၏အရှေ့တွင် အခြားအမျိုးသားတစ်ယောက်အား ချစ်ခွင့်ပန်လိမ့်မည်ဟု ပိုလို့ပင် မမျှော်လင့်ထားခဲ့ပေ။ ထို့အပြင် သူမအား အလေးအနက် ချစ်ခွင့်ပန်သည့် သူ၏စကားများကိုပင် ယူကာ အသုံးပြုလိုက်ချေသေးသည်။

…ဒါ ရှက်စရာပဲ။ ဒါက သူ့နှလုံးသားကို ပြင်းထန်စွာ ရိုက်ခတ်လိုက်တဲ့ ရိုက်ချက်တစ်ခုလိုပါပဲ။…

တစ်ချိန်တည်းမှာပင် သူ၏နှလုံးသားသည် အစိတ်စိတ်ကြေမွသွားကာ တဆစ်ဆစ်နာကျင်စေသော ဝေဒနာတစ်ခု ဖြစ်ပေါ်လာခဲ့တော့သည်။

"အင်ဒီ … သူက ဘယ်သူလဲ။"

သူ၏အရှေ့ရှိ ထိုလူငယ်သည် အမှန်တကယ်ပင် ဆွဲဆောင်မှုအားကောင်းစွာဖြင့် ချောမောသည်ကိုတော့ ချန်းစီအန်း မငြင်းနိုင်ပေ။ အထူးသဖြင့် ထိုလူငယ်၏ ဝတ်စားဆင်ယင်မှု နှင့် ကိုယ်ရောင်ကိုယ်ဝါ။ ထိုအရာများက သူ့အား အတော်ပင် အားကျမိသွားသည့်နည်းတူ မနာလိုလည်း ဖြစ်သွားစေခဲ့သည်။

သို့သော် ထိုလူငယ် မည်သူပင် ဖြစ်ပါစေ … ထိုသူသည် သူ၏ အဓိကပြိုင်ဘက်၊ သူ၏အကြီးမားဆုံးရန်သူ အချစ်လုဘက် ဖြစ်နေသေးသည်။

အင်ဒီ၏အရှေ့တွင် ထိုလူ ဘယ်တော့မှ ထပ်မပေါ်လာစေရန် အခွင့်အရေး ရှိမည်ဆိုပါက ထိုလူ့အား သတ်ပစ်ရန် သူ တကယ် တွေးတောနေမိသည်။

***

All Chapters