← Chapters

ရက်ရက်စက်စက် နတ်သမီး

Vol. 09 Ch. 425

ရက်ရက်စက်စက် နတ်သမီး

Vol. 09 Ch. 425

ထန်ရှုသည် ငိုရခက် ရယ်ရခက်ဖြစ်ကာ သူ၏အရှေ့တွင် ဒူးထောက်နေသော အင်ဒီ့ကို ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။ မျက်နှာဖြူဖျော့ကာ သူ့အား ဒေါသတကြီး စိုက်ကြည့်နေသော ချန်းစီအန်းကိုလည်း လှမ်းကြည့်မိသည်။ ထိုကိစ္စ၏ မြားဦးသည် သူ့ဘက်သို့ လှည့်လာလိမ့်မည်ဟု ထန်ရှ ထင်မထားခဲ့မိပေ။ သူသည် အသာ ခေါင်းယမ်းလိုက်မိပြီး အင်ဒီကို ဆွဲထူပေးကာ

"အင်ဒီ … မရှုပ်နဲ့တော့။ ဒီနေရာမှာ ကြည့်နေတဲ့သူတွေ အများကြီးပဲ။ ငါတို့ အထဲကို ဝင်ကြစို့ … ပါတီပွဲက စတော့မယ်။”

"ကောင်းပါပြီ။"

အင်ဒီသည် စိတ်ပျက်သွားရသော်လည်း ၎င်းခံစားချက်အား ထုတ်မပြခဲ့ပေ။ ဘေးတွင်ရပ်ကြည့်သူများ၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် သူမသည် ခန်းရှ၏လက်ကို ဆုပ်ကိုင်ထားပြီး ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

"အကြီးအကဲခန်း … အခု ကျွန်မ လုပ်ဆောင်တာ အရမ်းကောင်းတယ် မဟုတ်လား။ လာရှုပ်နေတဲ့ ယင်ကောင်တစ်ကောင်ကို ငြင်းရုံတင်မကဘူး ကိုယ်သဘောကျနေတဲ့ အမျိုးသားလေးကိုလည်း ချစ်ကြောင်း ဝန်ခံလို့ရခဲ့တယ်။ အံ့သြစရာပဲ မဟုတ်လား။"

"ဟုတ်လိမ့်မယ်အားကြီးကြီး … နင်က ပြဿနာကို မီးခွက်ထွန်း ရှာနေတာ။" ခန်းရှက အားယူပြုံးလိုက်ရင်း “ဂရုစိုက်ပါ ကောင်မလေး။ သူဌေးက နင်ကို ကန်ထုတ်လိုက်လိမ့်မယ်။"

“ဟင့်အင်း … အဲ့လို ဖြစ်စရာအကြောင်းမရှိဘူး။ ကျွန်မက သူဋ္ဌေးရဲ့ ချစ်ခင်ယုံကြည်ရတဲ့ လူယုံပါ။ ကျွန်မနဲ့ ခွဲရတာကို သူ သဘောမကျမှာ သေချာတယ်။"

ပြေပြစ်သောမိတ်ကပ်လိမ်းခြယ်မှုတို့ဖြင့် လှနေသော အင်ဒီသည် တခစ်ခစ်ရယ်မောလိုက်ရင်း

"ကျွန်မကို မနာလိုဖြစ်စရာ မလိုပါဘူး အကြီးအကဲ။"

ခန်းရှက သူမအား မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး ရှေ့သို့  လျှောက်သွားတော့သည်။

ယခင်ကတည်းက ရှုံ့မဲ့နေသော ချန်းစီအန်း၏မျက်နှာသည် အင်ဒီမှ သူ့အား ယင်ကောင်တစ်ကောင်နှင့် ခိုင်းနှိုင်းနေသည်ကို ကြားပြီးနောက် ပိုပြီး အရုပ်ဆိုးသွားတော့သည်။ ထန်ရှုတို့အဖွဲ့ အထဲကို ရောက်လုနီးနီးတွင် ချန်းစီအန်းသည် သူတို့နောက်ကိုလိုက်ကာ လမ်းပိတ်ဆို့လိုက်ရင်း ထန်ရှုအား စိုက်ကြည့်ကာ

"မင်းက ဘယ်သူလဲ။"

ထန်ရှု သွားနေရာမှ အတားခံလိုက်ရသောကြောင့် စိတ်ပေါက်ပေါက်နှင့် ချန်းစီအန်းကို ကြည့်လိုက်ရင်း

"မင်း သိဖို့ မလိုဘူး။ ကိုယ့်ဘာသာ အငြင်းခံရတာကို တခြားသူတွေအပေါ် ကုလားမနိုင် ရခိုင်မဲ ဒေါသလာလွှဲနေတာကိုပဲ အသိရှိစမ်းပါ။ အင်ဒီနဲ့ ငါ့ကြားက ဆက်ဆံရေးက သာမန်ပဲ။ မင်းမှာ အရည်အချင်းရှိရင် သူ့ကို ဆက်ကြိုးစား။ ဒါပေမယ့် မင်းဘာသာမင်း လက်လျှော့တာဆိုရင်တော့ ငါနဲ့ ဘာမှမဆိုင်ဘူး။"

ချန်းစီအန်းက အနည်းငယ် စိတ်သက်သာသွားသော်လည်း ခေါင်းမာစွာနှင့် ဆက်လက်ပြောဆိုလိုက်သည်။

“ဒီဟာက ဘာလို့ သောက်ကျိုးနည်း မင်းနဲ့ ဘာမှ မဆိုင်ရမှာလဲ။ အင်ဒီလုပ်သွားတာ မင်း မြင်တယ် ကြားတယ် မဟုတ်လား။ ငါ အင်ဒီ့ကို သဘောကျတယ်။ ချစ်တယ်။ ငါ့တစ်သက်တာအတွက် တစ်ဦးတည်းသော မိန်းကလေးအဖြစ်လည်း ငါ ရည်ရွယ်ထားတယ်။ ဘယ်ဟာက မင်းအတွက် ကောင်းတယ်ဆိုတာသိရင် မင်း သူမကိုထားခဲ့ပြီး အဝေးကိုထွက်သွားလိုက်။ အင်ဒီ့အရှေ့မှာ ထပ်မပေါ်လာရင် ပိုတောင်ကောင်းတယ်။"

ထန်ရှု၏မျက်နှာသည် အေးစက်သွားကာ လေသံတင်းတင်းဖြင့်

“ကိုယ့်လူ … ငါ မင်းကို တစ်ခု ပြောပြမယ်။ အင်ဒီ့အချစ်ကို ရဖို့လုပ်တာ အောင်မြင်တာပဲဖြစ်ဖြစ် ကျရှုံးတာပဲဖြစ်ဖြစ် အဲ့ဒါက မင်းရဲ့သောက်ကျိုးနည်းကိစ္စ။  တခြားသူတွေရဲ့ဘဝတွေကို ဘာလုပ်ပါ ဘာကိုင်ပါဆိုပြီး  မင်းမှာ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ ကိုယ့်အကန့်ကို သိ။"

“အဲဒါ ငါ့ကိစ္စပဲ။ ငါ လုပ်မယ်။ မင်း ဘာတတ်နိုင်လဲ ဟမ့်။"  ချန်းစီအန်းက ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

ထန်ရှု၏မျက်ဝန်းများထဲတွင် အေးစက်သောအရိပ်တစ်ခု လက်သွားပြီး မျက်ဝန်းအစုံမှာ ကျဉ်းမြောင်းသွားရသည်။ သူက အေးအေးစက်စက်လေသံဖြင့်

"မင်းက ချန်းစီအန်းလား။ မင်းကို အစက လူရည်မွန်တစ်ယောက်၊ အင့်ဒီကို မင်း ရနိုင်ရင် ငါ့လူတစ်ဝက်အဖြစ်တောင် မှတ်ယူလိမ့်မယ်ဆိုပြီး တွေးနေခဲ့သေးတယ်။ ဒါပေမယ့် အခုတော့ ငါ့ရဲ့ ထင်မြင်ချက်က မင်းအပေါ် မိုင်းနပ်စ်ပဲ။ ငါ ဒေါသမထွက်ခင် ထွက်သွားလိုက်တာ ပိုကောင်းမယ်။"

ချန်းစီအန်းက လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း

“မောက်မာလိုက်တာ။ တကယ်ကို သည်းခံနိုင်တာထက် ကျော်လွန်သွားပြီကွ။ မင်းက ငါ့ရှေ့မှာ မောက်မာရဲတဲ့ ပထမဆုံး လူပဲ။ ချာတိတ် … မင်း ဘယ်သူပဲ ဖြစ်ပါစေ အင်ဒီ့ရှေ့မှာ မင်း ပြန်ပေါ်လာရဲရင် မင်းကို ငါ ကင်ပစ်လိုက်မယ်။"

"မင်းအတွက် မျှော်လင့်ချက်မရှိဘူး။" ထန်ရှုက ခေါင်းခါကာ အင်ဒီ့ကို ကြည့်ရင်း

"ငါ သင်ပေးလိုက်တဲ့ ပညာရပ်ကို မင်းရဲ့လေ့ကျင့်မှု အခြေအနေ ဘယ်လိုလဲ။"

ချန်းစီအန်းကို ဒေါသတကြီး စိုက်ကြည့်နေသော အင်ဒီသည် ထန်ရှုကို ကြည့်လိုက်ရင်း အမှား တစ်စုံတစ်ရာ လုပ်မိသည့် ကလေးတစ်ယောက်ပမာ ခေါင်းငုံ့လျက်

“ကျွန်မ ပိုသန်မာပြီး အရှိန်လည်း အရမ်းမြန်လာတယ်။ ကြည့်ရတာ … အောင်မြင်ခဲ့တယ်ထင်တယ်။”

အင်ဒီ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေသည် ယခင်ထက် ပိုမိုသန်မာလာသည်ကို ထန်ရှု မြင်ပြီးဖြစ်သည်။ ထို့ကြောင့် သူ သိလိုသည့်အကြောင်းအရာ၏လိုချင်သော အဖြေကို ရပြီးနောက်တွင်

“ဒီကိစ္စက မင်းကြောင့် ဖြစ်တာမို့ ကိုယ်တိုင် ဖြေရှင်းပါ။ နောက်နှစ်မိနစ်အတွင်း သူ့ကို ဒီမှာ မရှိစေချင်ဘူး။"

"နားလည်ပါပြီ သူဋ္ဌေး…"

အင်ဒီက ပြန်ဖြေပြီး ချန်းစီအန်းအား စိတ်တိုနေသောအမူအရာဖြင့် စိုက်ကြည့်ကာ

"ကြားတယ်မဟုတ်လား။ ငါ့သူဋ္ဌေးက နင့်ကို ထပ်မတွေ့ချင်တော့ဘူး။ ထွက်သွားတော့။"

စိတ်ရှုပ်သွားဟန်ရှိသော ချန်းစီအန်းက စိတ်လှုပ်ရှားစွာဖြင့် "အင်ဒီ … ငါက တကယ်ကို မင်းအပေါ် ရိုးရိုးသားသား ချစ်တာပါ။ သာယာတဲ့ဘဝလေးကို မင်း မလိုချင်ဘူးလား။ ငါ့ရဲ့ ချန်းမိသားစုမှာ လုပ်ငန်းကြီးကြီးမားမားရှိပြီး ချမ်းသာပါတယ်။ ငါ မင်းကို အာမခံနိုင်တာက ငါနဲ့အတူနေမယ်ဆိုရင် ချမ်းသာပြီး ပြည့်စုံတဲ့ဘဝနဲ့ မင်းကို ထားမယ်ဆိုတာပဲ။ ဒီလိုမျိုး မင်း စိတ်ဆိုးစရာတွေ ရှိမှာမဟုတ်တော့ဘူး။ သူ့ကို မင်းက သူဋ္ဌေးလို့ ခေါ်တာ ငါ ကြားတယ်။ ဒါဆို သူက ခမ်းနားသောထန်ရဲ့သူဋ္ဌေးပဲ ဖြစ်ရမယ်။ ပြသနာ မရှိဘူး။ ငါ့ရဲ့ ချန်းမိသားစုက ဒီလုပ်ငန်းထက် အဆပေါင်း ဆယ်ဆ ပိုသန်မာတယ်။ ငါ့ကို လက်ထပ်လိုက်ရင် မင်း ချန်းမိသားစုရဲ့ချွေးမ ဖြစ်လာလိမ့်မယ်။ အလုပ်လုပ်ဖို့ မလိုတော့ဘူး။ မင်းက ခမ်းနားသောထန်မှာ အလုပ်လုပ်တာထက်စာရင် ဘာမဆို အဆ၁၀,ဝဝဝ ပိုကောင်းလိမ့်မယ်။”

…ခွပ်…

လက်သီးသေးသေးလေးတစ်ခု ဝဲပျံလာကာ ချန်းစီအန်း၏မျက်နှာအား ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်သည်။ ချန်းစီအန်း ယိမ်းယိုင်သွားသဖြင့် ကြမ်းပြင်ပေါ်သို့ လဲကျလုနီးပါးဖြစ်သွားသည်။

အင်ဒီ၏ခြေအစုံသည် ကြမ်းပြင်ပေါ်သို့ မတ်မတ်ရပ်ပြီးချိန်တွင် သူမသည် ဒေါသထွက်နေသော လေသံဖြင့်

"ချန်းစီအန်း … ခမ်းနားထည်ဝါသော ထန်လုပ်ငန်းကို ဘယ်သူမှ အပြစ်ပြောခွင့်မပြုဘူး။ ဘာချန်းမိသားစုလဲ။ ငါ့ရဲ့ သူဋ္ဌေးသာ လိုချင်ရင် နင်တို့ စီမြောင်အုပ်စုထက် ပိုအင်အားကြီးတဲ့ ကုမ္ပဏီတစ်ခုဖြစ်အောင် လုပ်နိုင်တယ်။ ဒိုးလိုက်တော့။ နင့်အတွက် အချိန်တစ်မိနစ်ပဲ ကျန်တော့တယ်။"

ချန်းစီအန်းသည် အင်ဒီ့အား မယုံကြည်နိုင်စွာ ကြည့်မိသည်။ သူ၏မျက်လုံးထဲတွင် အင်ဒီသည် အမြဲတစေ ဖြူစင်သန့်ရှင်းပြီး အပြစ်အနာအဆာကင်းသော နတ်သမီးလေးတစ်ပါး ဖြစ်ခဲ့သည်။ ထိုနတ်သမီးလေးသည် တစ်နေ့တွင် လူအများ၏စောင့်ကြည့်မှုအောက်တွင် အခြားလူတစ်ယောက်၏ ကုမ္ပဏီနာမည်ကို ထိန်းသိမ်းရန်အတွက် သူ့အား ရိုက်လိမ့်မည်ဟု ယောင်လို့ပင် သူ မတွေးခဲ့မိပါပေ။

ချန်းစီအန်း၏ရင်တွင်းတွင် ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်လျက် ရှိသည်။ အင်ဒီ့အား စူးရဲစွာ စိုက်ကြည့်ရင်း လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ အင်ဒီသာ မိန်းမသားမဟုတ်ခဲ့ပါက သူ တန်ပြန် လှုပ်ရှားပြီး ဖြစ်ချေလိမ့်မည်။ ရုတ်တရက် သူသည် တစ်စုံတစ်ခုကို သတိရသွားပြီး ကိုယ်ကို လှည့်ကာ ထန်ရှုအပေါ် ဒေါသများ ပုံချသည့်အနေဖြင့် လက်သီးချက်အချို့လွှတ်ကာ သင်ခန်းစာ ပေးရန် ရည်ရွယ်လိုက်သည်။

အင်ဒီ၏မျက်နှာ ကွက်ကနဲ ပျက်သွားသည်။ သူမ၏အရှိန်သည် အလွန်လျင်မြန်စွာဖြင့် ချန်းစီအန်း လှုပ်ရှားမည့် လမ်းကြောင်းအား အမြန်ပိတ်ဆို့လိုက်သည်။ ဆွဲဆောင်မှုရှိလှသည့် သူမ၏သေးသွယ်သော ကိုယ်လုံးလေးသည် အရှိန်အဟုန်ပြင်းသော လှိုင်းလုံးမြင့်များသဖွယ် ရုတ်တရက် ခုန်ပျံလာသည်။ ထို့နောက် သူမသည် ချန်းစီအန်း၏မျက်နှာအား ထပ်မံထိုးနှက်လိုက်သော်လည်း ယခုတစ်ခေါက်တွင် သူ့အား တိုက်ရိုက်ပြိုလဲစေရန် လုံလောက်သည့် အင်အားကို အသုံးပြုခဲ့ပေသည်။

…ရှူး…

ဧည့်သည်များ ပိုရောက်လာသဖြင့် ကြည့်ရှုသူ ပိုများလာခဲ့သည်။ နောက်မှ ရောက်လာသည့်သူများက မမီလိုက်သည့်အပိုင်းများကို မေးနေခဲ့ကြသည်။ တစ်ချို့က ကိုယ်ချင်းစာနာနေဟန် ရှိပြီး အချို့က သနားသယောင်ယောင် ရှိကြသည်။ မည်သို့ပင်ဆိုစေကာမူ ထိုနောက်ဆက်တွဲ ဇာတ်ညွှန်းသည် ချန်းစီအန်းအား အမှန်တကယ်ကို အမုန်းတရားများ ဖြစ်ပေါ်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် အငြင်းခံရခြင်းကြောင့် မျက်နှာပျက်ရကာ သူ၏ရှက်ဒေါသအား အခြားသူတစ်ဦးအပေါ်  လွှဲချမိခဲ့သည်။ သူ၏ရှက်ဒေါသ ယမ်းခဲ့ခြင်းကို ခံရသော အမျိုးသားသည် ယဉ်ယဉ်ကျေးကျေးပင် သူလိုက်နေသော ကောင်မလေး၏ သာမန်သူငယ်ချင်းသာ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ထုတ်ပြောခဲ့သည့်တိုင် ချန်းစီအန်းသည် ထိုစကားအား လုံးဝဂရုမစိုက်ပဲ လျစ်လျူရှုခဲ့ချေသည်။

ဒေါသ အတော်ထွက်နေဟန် ရှိသည့် အင်ဒီ၏ လှုပ်ရှားမှုအား လူတိုင်း မြင်ရသောအခါတွင် ချန်းစီအန်းသည် သူ စိုက်ပျိုးလိုက်သော အသီးအပွင့်၏အကျိုးဆက်ကို ခံစားရချေပြီဟု အချို့က ခေါင်းယမ်းလျက်၊ အချို့က စိတ်မကောင်းဖြစ်လျက်၊ အချို့က သက်ပြင်းချကြသည်။

သို့သော် ဒုတိယအကြိမ် အင်ဒီသည် ချန်းစီအန်းအား လက်သီးချက် ထိုးလိုက်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားစေသဖြင့် လူတိုင်း ပင့်သက်ရှိုက်လိုက်မိကြသည်။ အင်ဒီ၏ ခွန်အားနှင့် အရှိန်တို့သည် သူတို့ မျှော်မှန်းထားသည်ထက် ကျော်လွန်နေသဖြင့် အံ့သြတုန်လှုပ်နေကြပေသည်။ သို့သော်လည်း  ပိုမိုပဟေဠိဖြစ်စေသည့် မမျှော်လင့်ထားသော မြင်ကွင်းတစ်ခု နောက်တစ်ကြိမ် ပေါ်ပေါက်လာသောအခါတွင် ယခင်အံ့သြတုန်လှုပ်မှုများမှာ ပျောက်ကွယ်သွားတော့သည်။

အင်ဒီသည် ကြမ်းပြင်ပေါ်တွင် လဲနေသော ချန်းစီအန်းဆီသို့ လျှောက်လာပြီး အကြိမ်ကြိမ် ကန်ခဲ့သည့်အပြင်  ကန်ချက်တိုင်းကို ခွန်အားများစွာ ထည့်သွင်းထားသဖြင့် ချန်းစီအန်းခမျာ ငယ်သံပါအောင် အော်ဟစ်နေရသည်။

အပြစ်ကင်းစင်စွာ လှပသော မျက်နှာလေးနှင့် သေးသွယ်ပြေပြစ်သော သွင်ပြင်။

သူမသည် အပြစ်ကင်းစင်သော နတ်သမီးလေးတစ်ပါးနှင့် တူသည်။ သို့သော် လူတိုင်းက မယုံနိုင်လောက်အောင်ပင် ထိုချစ်စရာကောင်းသည့် နတ်သမီးချောလေးသည် ရက်စက်မှုသရဖူ ဆောင်းသည့်အသွင်သို့ ပြောင်းသွားခဲ့သည်။

…ဒါ … သူမက ရက်စက်တဲ့ နတ်သမီးတစ်ပါးပေလား…

ထန်ရှုသည် စိတ်တွင်းမှ သက်ပြင်းကို ကြိတ်ချလိုက်မိသည်။ ချန်းစီအန်းသည် သနားစရာ နည်းနည်းကောင်းသည်ဟု သူ ခံစားခဲ့ရသော်လည်း ထိုသနားစရာကောင်းသည့် သကောင့်သားသည် သူ့အား မုန်းတီးနေသေးသည်။ ထိုသကောင့်သားကိုယ်တိုင်က ပြသနာကို မီးခွက်ထွန်း မရှာပါက သူလည်း ဒေါသထွက်မိမည် မဟုတ်ချေ။

သို့သော် အဆုံးသတ်တွင် အင်ဒီသည် ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစု၏ ဝန်ထမ်းတစ်ဦးသာ ဖြစ်သည်။ လူတိုင်း၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် ချန်းစီအန်းအား ပြင်းထန်စွာ ရိုက်နှက်ခြင်းသည် သူမအတွက် အကျည်းတန်စေသော၊ လွဲမှားသော အပြုအမူတစ်ခု ဖြစ်သွားခဲ့သည်။ ထို့ကြောင့် ထန်ရှုသည် အနည်းငယ် ချောင်းဆိုးလိုက်ပြီး  အော်ပြောလိုက်ရသည်။

“အင်ဒီ … တော်လောက်ပြီ။ ရပ်လိုက်တော့။”

အင်ဒီ ရပ်တန့်သွားပြီး သူမ၏မျက်နှာထက်မှ ဒေါသရိပ်များ ကွယ်ပျောက်သွားခဲ့သည်။ သူမသည် နာခံတတ်သော ဇနီးလေးတစ်ယောက်ပမာ ထန်ရှုဆီ ရောက်လာပြီး လေသံတိုးတိုးဖြင့် ခေါ် လိုက်သည်။

"သူဌေး…"

ထန်ရှု ခေါင်းယမ်းလိုက်ပြီးနောက် သူ၏ဗိုက်ကို ကိုင်ကာ ကြမ်းပြင်ပေါ်တွင် ပုဇွန်ခြောက်လေးပမာ ကွေးကွေးလေး ဖြစ်နေသော ချန်းစီအန်းအား ကြည့်လိုက်သည်။ ထို့နောက် သူက တည်ငြိမ်သောလေသံဖြင့် ပြောသည်။

"ဒီကိစ္စကို ထားလိုက်ပါတော့။ သူက မင်းကို သဘောကျတယ်။ လူတစ်ယောက်က တစ်စုံတစ်ယောက်ကို သဘောကျတာ မှားတဲ့အရာ မဟုတ်ပါဘူး။ လာ … ငါတို့ကုမ္ပဏီရဲ့ ပါတီပွဲစတော့မယ်။ ဒီအသေးအဖွဲကိစ္စကြောင့် မနှောင့်နှေးစေနဲ့။”

"ဟုတ်…ဟုတ်ကဲ့။"

ထန်ရှုက သူမအား အပြစ်မတင်ကြောင်းသိသည်နှင့် အင်ဒီသည် ခန်းရှုအနားကို အမြန်ပြေးပြီး သူမ၏လက်မောင်းကို တစ်ဖန်ဆွဲကိုင်လိုက်သည်။

ထိုအခိုက်အတန့်တွင် ခန်းရှ၏အမူအရာသည် အနည်းငယ် ထူးဆန်းနေသည်။ ထန်ရှု ခန်းမအတွင်းသို့ ဝင်သွားသည်ကို ကြည့်ရင်း လုံစားသောက်ခန်းမ၏ ရှေ့တံခါးသို့ မဝင်မီ သူမသည် ခဏမျှ တုံ့ဆိုင်းသွားကာ

“အင်ဒီ … နင့်ရဲ့ ကျင့်ကြံမှု … နင့်ရဲ့ ကျင့်ကြံမှုက အစစ်အမှန်ချီကို ထုတ်ပေးနိုင်ပြီလား။”

အင်ဒီက ရယ်မောပြီး

"ဟုတ်တယ် … ကျွန်မရဲ့ ကျင့်ကြံမှုက တော်တော်လေး အောင်မြင်နေပြီ အကြီးအကဲ။ ဒါပေမယ့် ရှန်ဟိုင်းကို အကြီးအကဲ ထွက်သွားတဲ့အတွက် မပြောမိဘူး။ ပြန်လာတော့လည်း ကျွန်မတို့တွေ အလုပ်တွေ ရှုပ်နေကြတယ်လေ။ အဲ့ဒါကြောင့် ပြောဖို့ မေ့သွားပြန်ရော။ လက်ရှိအချိန်မှာတော့ ကျွန်မခန္ဓာကိုယ်ထဲမှာ ချီစီးဆင်းမှုကို ခံစားနိုင်ရုံမကဘူး ထိန်းချုပ်နိုင်နေပြီ။ နောက်ပြီး သူဋ္ဌေးက ကျွန်မတို့ လေ့ကျင့်ဖို့ စိတ်ဝိညာဉ်ချီတစ်ချို့ကို စုပ်ယူပြီး အစစ်အမှန်ချီအဖြစ် ပြောင်းလဲပေးတဲ့ ကျင့်ကြံမှုစနစ်ကို ပေးထားတယ်လေ။"

ခန်းရှ တိတ်တဆိတ် ပင့်သက်ရှိုက်ရင်း တံတွေးတစ်ချက် မြိုချလိုက်သည်။ ထို့နောက် သူမက ပေါ့ပါးလေသံဖြင့် မေးလိုက်သည်။

“နင့်ရဲ့ ခွန်အားနဲ့ အမြန်နှုန်းက အရင်ကထက် တကယ် ပိုအားကောင်းသွားတာလား။”

အင်ဒီက ခေါင်းညိတ်ပြပြီး

“အနည်းဆုံးတော့ အရင်ကထက် အဆပေါင်းများစွာ ပိုသန်မာတယ်။ မဟုတ်ရင် ချန်းစီအန်းရဲ့မျက်နှာကို ပြင်းပြင်းထန်ထန် ထိုးသတ်နိုင်ခဲ့တာကို အကြီးအကဲ ဘယ်လိုထင်လဲ။"

"ငါ နင့်ကို အရမ်းအားကျတယ် ကောင်မလေး။" ခန်းရှက အားတင်းပြုံးပြီး ပြောလိုက်သည်။

"ချီစီးဆင်းမှုကို အခုချိန်ထိ ငါ မခံစားဖူးသေးဘူး။ ဒါပေမယ့် နင်က ထိန်းချုပ်နိုင်နေရုံတင်မကဘူး အစစ်အမှန်ချီအဖြစ်တောင် ပြောင်းလဲနိုင်ခဲ့ပြီ။

"ဒါက အကြီးအကဲက များသောအားဖြင့် အလုပ်များလွန်းပြီး လေ့ကျင့်ဖို့ ခဲယဉ်းနေလို့ပဲ မဟုတ်လား။ တကယ်တော့ လေ့ကျင့်ရတာ မခက်ဘူးရယ်။ ကျွန်မက များသောအားဖြင့် မနက်ပိုင်းမှာ နှစ်နာရီလောက် ကျင့်ကြံတယ်။ နေ့ခင်းအချိန်တွေမှာ အချိန်ရရင်ရသလို ကျင့်ကြံတယ် အဲ့ဒါကြောင့် အောင်မြင်တာ သဘာဝပါပဲ။”

ခန်းရှသည် တွေတွေကြီး စိုက်ကြည့်နေရင်း ခေါင်းယမ်းကာ ခါးသီးသော အပြုံးကို ပြုံးလိုက်မိသည်။ သူမသည် အင်ဒီ ပြောသည့်အတိုင်း အမှန်ပင် ထမင်းစားဖို့အတွက်ပင် မကြာခဏ အလုပ်များလွန်းနေရာ ကျင့်ကြံရန် အချိန်မရပေ။ သူမ ပေးနိုင်သော အကောင်းဆုံးလုပ်ဆောင်ချက်မှာ တစ်ပတ်ဆက်တိုက် ကျင့်ကြံခြင်းဖြစ်ပြီး တစ်ရက်လျှင် နှစ်နာရီသာဖြစ်သည်။

သူမသည် နောက်ပိုင်းတွင် လုံ့လစိုက်ကာ ကျင့်ကြံရန် တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။ ထိုအရာသည် သူဋ္ဌေးက သူမအား သင်ပေးခဲ့သော ကျင့်ကြံနည်းစနစ်ဖြစ်ပြီး   သူမတို့ကို ပြောပြခဲ့သည့်အတိုင်း သူမသည် အစွမ်းထက်သောသူ မဟုတ်ခဲ့ရင်တောင်မှ အနည်းဆုံးတော့ အင်ဒီထက် မနိမ့်ကျချင်မိပါချေ။

“အင်ဒီ … နင် အရမ်းကြိုးစားခဲ့တာပဲ။ ဒါပေမယ့် ငါ နင့်ကို နောက်ဆိုရင် သေချာပေါက် ကျော်လာစေရမယ်။" ခန်းရှက တီးတိုး ပြောသည်။

"ကျွန်မ စောင့်နေမယ် အကြီးအကဲ။" အင်ဒီက ရယ်မောကာ ပြောလိုက်သည်။

***

All Chapters