← Chapters

အလွတ်မပေးနိုင်ဘူး

Vol. 09 Ch. 426

အလွတ်မပေးနိုင်ဘူး

Vol. 09 Ch. 426

အပြာရောင်မြို့ … ဆိုက်မောရေပူစမ်းစင်တာ …

ရေပူစမ်းရေကန်အထက်တွင် ပူနွေးသောအခိုးအငွေ့များ လွှမ်းခြုံနေပြီး လူငယ်လေးယောက်သည် တစ်ထောင့်တစ်ယောက်စီ သက်တောင့်သက်သာထိုင်ကာ စကားပြောဆိုရယ်မောနေကြသည်။ သူတို့ဘေးနားရှိ ရေကူးကန်စားပွဲပေါ်တွင် ဝိုင်နီနှင့် စီးကရက်ပြာခွက်များ ရှိနေပြီး လက်ဖက်ရည်နှင့် ဝိုင်ကို အချိန်မရွေး အဆင်သင့် ငှဲ့ပေးရန် အသင့်ဖြစ်နေသည့် ရေကူးဝတ်စုံဝတ်ထားသော မိန်းကလေးနှစ်ဦးသည် ထိုစားပွဲဘေးတွင် ရပ်နေသည်။

“ညီအစ်ကိုတို့ … ငါတို့အပြာရောင်မြို့ရဲ့ ရေပူစမ်းက ဘယ်လိုလဲ။ ခံစားချက်က မိုက်လား။"

လုံကျန့်လင်းသည် လက်တစ်ဖက်က သောက်လက်စ ဆေးပြင်းလိပ်ကို ကိုင်ထားပြီး အခြားလက်တစ်ဖက်က သူ၏ပြောင်နေသော ခေါင်းကို ပွတ်ကာ အပြုံးဖြင့် ပြောလိုက်သည်။

"ဟုတ်တယ် … ဒါ မိုက်တယ်။" ဟွမ်ရှို့က ရယ်ကြဲကြဲဖြင့် တုံ့ပြန်ရင်း

"ဒီနေရာရဲ့သူဌေးက အခြေအနေတွေနဲ့ လိုက်လျောညီထွေ မဖြစ်နိုင်တာ စိတ်မကောင်းစရာပဲ။ သူက ဘာတွေ အတွေးခေါင်ပြီး ဒီအပြင်ဘက်ရေပူစမ်းမှာ ငါတို့ကို ခပ်မိုက်မိုက်စော်လေးတွေနဲ့ ပျော်ဖို့ ခွင့်မပြုတာလဲကွာ။”

"ဒုတိယသခင်လေးဟွမ် … မင်း မိန်းကလေးတွေနဲ့ နည်းနည်းလောက် မထိတွေ့ရရင် နေလို့မရဘူးလား။" ဖေးရှန်က ပြုံးပြီး ပြောလိုက်သည်။

"ခပ်မိုက်မိုက်စော်လေးတွေနဲ့ ကစားချင်ရင် မင်း တခြားနေရာကို သွားရမယ်။"

ဟွမ်ရှို့က အသံထွက်အောင် ရယ်လိုက်ပြီး

“ဒီမှာ ဘာမှငြင်းခုံစရာ မရှိပါဘူး။ ထားလိုက်ပါတော့။ ကောင်မလေးတွေအကြောင်း မပြောရအောင်။ ကျန့်လင်း … မင်း ငါတို့ကို ဒီတစ်ခါ ဖိတ်ခေါ်လိုက်တာ ရေပူစမ်းမှာ ရေချိုးဖို့ သက်သက်တင် မဟုတ်ဘူးမလား။ အပြာရောင်မြို့တော်မှာ မင်းရဲ့ကုမ္ပဏီကို ကြော်ငြာဖို့ ငါတို့ကို ကူညီပေးစေချင်တာလား။"

"ငါ့မိဘတွေနဲ့ အစ်ကိုဟွမ်ကသာ ငါ ဘယ်သူလဲဆိုတာ သိတယ်။" လုံ့ကျန့်လင်းက လက်မထောင်ပြကာ ချီးကျူးလိုက်ရင်း

"ငါ့ရဲ့ လုံမိသားစုမှာ အံ့သြစရာကောင်းတဲ့ အရည်အချင်းတွေရှိတဲ့ ငါ့အစ်ကို ရှိတယ်ဆိုတာ မင်းတို့ အားလုံး သိပြီးသား။ ဒါကြောင့် မိသားစုလုပ်ငန်းကို စီမံခန့်ခွဲဖို့ ငါ စိတ်မပူရဘူး။ အပြာရောင်မြို့ မှာ ကိုယ့်အားကိုယ်ကိုးဖို့ ငါ ပြေးလာခဲ့တယ်။ မင်းတို့သုံးယောက်က အပြာရောင်မြို့ရဲ့ ဒေသခံကျွမ်းကျင်သူတွေဆိုတော့ မင်းတို့အကူအညီမပါဘဲ အခက်အခဲတွေကြားထဲက ငါ အောင်မြင်မှာမဟုတ်ဘူး။”

"အာ … ကိုယ့်ကိုကိုယ် စမတ်ကျတယ်လို့ တွက်လိုက်ပါ ဘော်ဒါ။" ဟွမ်ရှို့က ပြုံးကာ ပြောလိုက်ရင်း

"မင်း ဘာမှ စိတ်မပူနဲ့။ ငါတို့ ပြန်သွားပြီးရင် အချို့ လုပ်ငန်းတွေမှာ မင်းကို ကူညီပေးမယ်။ ဒါနဲ့ မင့်အစ်ကိုကြီး အခုတလော အလုပ်တွေရှုပ်နေလား။ သူ့အရိပ်အယောင်ကို မတွေ့ရတာကြာပြီ။"

"တစ်ခြား ဘာရှိရမလဲ။" လုံကျန့်လင်းက အပြုံးဖြင့် "ငါတို့ ဟိုတလောက စီးပွားရေးလုပ်ငန်းကြီးတစ်ခု ရခဲ့တယ်။ အဲ့ဒါကြောင့် နိုင်ငံခြားမှာ သူ အလုပ်ရှုပ်နေတာ။ မကြာသေးခင်က တစ်ကြိမ် နှစ်ကြိမ်လောက် ငါ အိမ်ကို ပြန်လိုက်သေးတယ်။ သူ့ကို မတွေ့ခဲ့ရဘူး။”

"မင်တို့မိသားစုက နိုင်ငံခြားထိ လုပ်ငန်းချဲ့ထွင်ပြီးပြီလား။" ဟွမ်ရှို့ အံ့သြသွားသည်။

“အဲဒါ ငါ့အစ်ကိုရဲ့အလုပ်။ ငါနဲ့ ဘာမှ မဆိုင်ဘူး။ ငါကတော့ အစ်ကိုကြီးထန်နဲ့ အလေလိုက်နေခဲ့ရတဲ့ နေ့ရက်တွေကို အရမ်းလွမ်းတယ်။ အဲ့ဒါ အရမ်းမိုက်တယ်။"

“အာ … ဟုတ်သားပဲ။ အခု ထန်ရှု ဘယ်ရောက်နေလဲ။ မင်း ဒီနေ့ သူ့ကို ဘာလို့ မခေါ်တာလဲ။" ဖေးရှန်က စူးစမ်းလိုက်သည်။

"ဟူး … သူ့မှာ အားလပ်ချိန် ဘယ်လိုရှိပါ့မလဲ။ သူက ကျောင်းစာလေ့လာရမှာဖြစ်သလို သူ့လုပ်ငန်းကို စီမံခန့်ခွဲရမှာမို့ အခု ရှန်ဟိုင်းမှာ ရှိလောက်တယ်။ ဘာပဲဖြစ်ဖြစ် ရက်ပိုင်းအတွင်း ရှန်ဟိုင်းခရီးထွက်ရင်း သူ့ဆီ သွားဖို့ စိတ်ကူးထားတယ်။”

"ကျန့်လင်း … မင်း သွားတဲ့အခါ ငါ့ကို ခေါ်ဖို့ မမေ့နဲ့နော် သူငယ်ချင်း။ သူ့ကုမ္ပဏီက ထုတ်တဲ့ဝိုင်ကို ငါ အရမ်းလွမ်းတယ်။ သောက်ကျိုးနည်း … ကံမကောင်းလိုက်တာကွာ။ ငါ့မှာ အခုအချိန်အထိ ဝိုင်နှစ်ပုလင်းပဲ ရှိသေးတယ်။ အဲ့ဒါတောင် အပြာရောင်မြို့က သီးသန့်စတိုးဆိုင်ရှေ့မှာ နေ့ရောညပါ တန်းစီစောင့်ဆိုင်းဖို့ ငါ့လူတွေကို စေလွှတ်ထားလို့သာ။ ဝယ်ဖို့ တန်းစီရတာ ခက်တယ်။”ဟွမ်ရှို့က ညည်းညည်းညူညူ ပြောလိုက်သည်။

"ဟုတ်တယ် အမှန်ပဲ။ ငါလည်း နှစ်ပုလင်းပဲ ရထားတယ်။" ဖေးရှန်က သက်ပြင်းချရင်း

"ထန်ရှုနဲ့ အသိအကျွမ်းမို့လို့ ငါတို့က နောက်ဖေးတံခါးကို ဖြတ်ပြီး နတ်ဘုရားဝတ်ရည် အများကြီး ရသင့်တာကွာ။"

"နတ်ဘုရားဝတ်ရည်…"

နှုတ်ဆိတ်နေသော အခြားလူရွယ်တစ်ဦးမှ ရုတ်တရက် အမူအရာပြောင်းလဲသွားကာ

"နတ်ဘုရားဝတ်ရည်ကို ထုတ်လုပ်တဲ့ ခမ်းနားသော ထန်လုပ်ငန်းစုအကြောင်း ပြောနေတာလား။"

"မင်းက ဝိုင်ချစ်သူတစ်ယောက်ဖြစ်ပုံရတယ် သခင်လေးချန်း။" ဟွမ်ရှို့က ပြုံးလိုက်ရင်း

"ဟုတ်တယ်။ နတ်ဘုရားဝတ်ရည်ဝိုင်ကို ခမ်းနားသောထန်လုပ်ငန်းစုက ထုတ်လုပ်တာ အမှန်ပဲ။ ဒါပေမယ့် ကံမကောင်းချင်တော့ ထုတ်လုပ်တဲ့ အရေအတွက်က နည်းလွန်းတယ်။"

လူရွယ်က မျက်လုံးကို မှေးစင်းထားရင်း

"မင်းတို့ပြောနေတဲ့ ထန်ရှုက ခမ်းနားသောထန်မှာ အလုပ်လုပ်နေတာလား ဒါမှမဟုတ် အဲဒီကုမ္ပဏီရဲ့ ထိပ်တန်းအမှုဆောင်တွေထဲက တစ်ယောက်ယောက်ကို သူ သိတာလား။"

ဟွမ်ရှို့၊ ဖေးရှန်းနှင့် လုံကျန့်လင်းတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြပြီး သုံးယောက်သား ရုတ်တရက် ရယ်မောလိုက်ကြသည်။

ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် လုံကျန့်လင်းက ပြုံးပြုံးရွှင်ရွှင်ဖြင့်

“သခင်လေးချန်း … အစ်ကိုကြီးထန်က ခမ်းနားသောထန်ရဲ့ သူဋ္ဌေးကြီးလေဗျာ။ နို့မဟုတ်ရင် ဒီလုံကျန့်လင်းက သူ့ကို အစ်ကိုကြီးအဖြစ် အသိအမှတ်ပြုအောင် သူ လုပ်နိုင်လိမ့်မယ်လို့ မင်း ဘာကြောင့်ထင်တာလဲ။”

"ခမ်းနားသော ထန်ရဲ့သူဌေးက ထန်ရှုလား။ အဲ့ဒီကုမ္ပဏီပိုင်ရှင်ကို စုံစမ်းဖို့ လူတချို့ကို ငါ စေလွှတ်ခဲ့ဖူးပေမယ့် အဖြေမရခဲ့ဘူး။ တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားပုံပဲ။ မင်းတို့ သုံးယောက်က သူ့ကို တကယ်သိလိမ့်မယ်လို့ မမျှော်လင့်ထားမိပါဘူး။ အချိန်ရရင် သူနဲ့ ငါ့ကို မိတ်ဆက်ပေးပါဦး။”ထိုလူရွယ်က အံ့သြသွားဟန်ဖြင့် ပြောလိုက်သည်။

"ကိစ္စမရှိဘူး။ ရှန်ဟိုင်းသွားရင် မင်းနဲ့ ငါမိတ်ဆက်ပေးမယ်"

လုံကျန့်လင်းက ပြုံးကာ ပြောသည်။

“သိပ်ကောင်းတယ်။” လူငယ်က ပြောသည်။ ထိုစဉ် ရေကူးကန်ဘေးမှ စားပွဲပေါ်ရှိ သူ၏လက်ကိုင်ဖုန်းသည် ရုတ်တရက် တုန်ခါလာသည်။ သောက်လက်စ ဆေးပြင်းလိပ်အား ဆေးလိပ်ပြာခွက်ထဲသို့ ထည့်ပြီးနောက် ဖုန်းကိုယူကာ ဖုန်းခေါ်သူ၏နံပါတ်ကို ကြည့်ပြီး မေးလိုက်သည်။

"ဘာတွေ ဖြစ်လို့လဲ။"

"အကြီးအကဲ ချန်း … ဒုတိယသခင်လေးက လုံစားသောက်ခန်းမရဲ့ ဝင်ပေါက်မှာ အရိုက်ခံလိုက်ရတယ်။"

"ဘာ … ဘယ်လို ဖြစ်သွားတာလဲ။" ချန်းစီလွေ့ မျက်မှောင်ကြုတ်သွားကာ လေသံမာမာဖြင့် မေးလိုက်သည်။

“ဒုတိယသခင်လေးက ခမ်းနားသောထန်မှာ အလုပ်လုပ်တဲ့ အင်ဒီလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ကို လိုက်နေတာ။ သူက ဒီနေ့ည လုံစားသောက်ခန်းမရဲ့ ဝင်ပေါက်မှာ အဲ့ဒီမိန်းကလေးကို ချစ်ခွင့်ပန်ခဲ့တယ်။ ဒါပေမယ့် ရလဒ်က အင်ဒီက သူ့ကို ငြင်းခဲ့၊ လျစ်လျူရှုခဲ့ပြီး တခြားအမျိုးသားတစ်ယောက်ကို ချစ်ခွင့်ပန်လိုက်တယ်။ အဲ့ဒီမှာ အငြင်းအခုံတွေ ဖြစ်ကြပြီး အင်ဒီက ဒုတိယသခင်လေးကို အနိုင်ယူလိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီနေရာမှာ ငါမရှိတော့ ဖြစ်ပွားတဲ့အကြောင်းကို ကြားရုံပဲ ကြားထားပြီး အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးဘူး။”

တစ်ဖက်လူ၏ အသံသည် ဖုန်းမှ ထွက်ပေါ်လာသည်။

"ငါသိပြီ။" ချန်းစီလွေ့က ခေါင်းယမ်းလျက် စိတ်ကသိကအောက်ဖြစ်နေသောအပြုံးကို ပြုံးလိုက်သည်။

ဖုန်းချပြီးနောက် သူက အခြားဖုန်းနံပါတ်ကို နှိပ်ပြီး

"အားကျန့် … လုံစားသောက်ခန်းမကို သွားလိုက်။ စီအန်းက အဲဒီမှာ အရိုက်ခံလိုက်ရတယ်။ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း အရင်စုံစမ်း။ ဘယ်လိုဖြစ်တာလဲ၊ သူ့ကို ဘယ်သူက ပြစ်မှားတာလဲ။ ပြီးတော့ သူ့ဒေါသကို ဖြေဖျောက်ဖို့ ကူညီပေးလိုက်ပါ။”

“နားလည်ပြီ။” ဖုန်းထဲမှ လူလတ်ပိုင်းတစ်ယောက်၏ အသံထွက်လာသည်။

ချန်းစီလွေ့၏ စကားများကို ကြားလိုက်သော ထိုသုံးယောက်၏မျက်နှာများပေါ်တွင် စူးစမ်းလိုသော အကြည့်များဖြင် ကြည့်နေကြသည်။

လုံကျန့်လင်းက မနေနိုင်စွာဖြင့်

"ဘာဖြစ်တာတဲ့လဲ သခင်လေးချန်း။"

“ငါ့ညီပေါ့။ လုံစားသောက်ခန်းမမှာ အရိုက်ခံရတယ်။” ချန်းစီလွေ့က မချိပြုံးပြုံးလိုက်ရင်း

“အသေးစိတ်တော့ ငါ မသိဘူး။”

"မင်းရဲ့အဲ့ဒီညီလေးက မဆိုးပါဘူး။ ဒါပေမယ့် သူက စာအုပ်ကြီးအတိုင်း အရာရာကို ဖြေရှင်းဖို့ မလိုအပ်တာတွေ အမြဲလုပ်တယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က သူ တခြားလူတစ်ယောက်နဲ့ ရန်ဖြစ်ခဲ့တဲ့အကြောင်းကို ငါ ပြန်သတိရမိတယ်။ အဲ့ဒီလူကို သနားစရာကောင်းတဲ့ အခြေအနေရောက်အောင် အတင်းအကြပ် လုပ်ပြီး အလွတ်မပေးခဲ့ဘူး။ နောက်ဆုံးတော့ အဲ့ဒီလူ ဒီမှာ ဆက်မနေနိုင်တော့ဘဲ အပြာရောင်မြို့က ထွက်သွားတာကို ကြားလိုက်ရတယ်။”

လုံကျန့်လင်းက ပြုံးစစနှင့် ပြောလိုက်သည်။

“အဲ့ဒီစရိုက်က သူ့ရဲ့အားနည်းချက်လည်း ဖြစ်သလို အားသာချက်လည်း ဖြစ်တယ်။” ချန်းစီလွေ့က လှောင်သလို ပြောလိုက်ရင်း

“ကြယ်တာရာမှာ လက်ရှိ ရှိနေတဲ့ ငါတို့ လုပ်ငန်းအားလုံးနီးပါးကို သူ့လက်ထဲကို လွှဲအပ်ပြီးပြီ။ သူလည်း အလုပ်ကောင်းကောင်း လုပ်ထားတယ်။ ဒါပေမယ့် ဒီတလော သူက ခမ်းနားသောထန်လုပ်ငန်းက ဝန်ထမ်းမိန်းကလေးတစ်ဦးကို အရူးအမူးစွဲလမ်းခဲ့တယ်လို့ ကြားထားတယ်။ အရိုးအသားဆုံးပြောရရင် သူ့စိတ်က နူးညံ့လွန်းတယ်။ ငါသာ အဲ့လိုအခြေအနေဆိုရင် တစ်ခုခုရဖို့အတွက် ညင်သာတဲ့ နည်းလမ်းတွေကို သုံးလို့မရနိုင်ရင် အဲ့ဒါကို အင်အားသုံးပြီး ယူမှာပဲ။"

"မင်းရဲ့ညီလေးကို ငြင်းဆန်ရဲတဲ့မိန်းကလေးက ကမ္ဘာပေါ်မှာ ရှိသေးတယ်လို့ မင်းပြောလိုက်တာလား။"

လုံကျန့်လင်းက မျက်လုံးလှန်ကြည့်လိုက်ပြီး

"ဒါပေမယ့် အရမ်းထူးဆန်းတယ်။ အဲ့ဒီကောင်မလေးက ခန်းရှတော့ မဖြစ်နိုင်ဘူး မဟုတ်လား။ သူမက အစ်ကိုကြီးထန်ရဲ့ သဘောအကျဆုံး မိန်းကလေးဆိုတော့ သူမကို သွားစရဲတဲ့သူ မှန်သမျှဆီ သူ့အမျက်ဒေါသက သေချာပေါက် ကျရောက်လာလိမ့်မယ်။”

"ခန်းရှ မဟုတ်ဘူး" ချန်းစီလွေ့က ခေါင်းခါလိုက်ပြီး "သူမနာမည်က အင်ဒီ…"

"အင်ဒီ…"

ဟွမ်ရှို့နှင့် ဖေးရှန်းသည် ထိုနာမည်အား ရင်းနှီးသည်ဟု ခံစားမိသော်လည်း မည်သည့်နေရာတွင် ကြားခဲ့မိမှန်း မမှတ်မိကြတော့ပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် ထိုကိစ္စကို ထပ်မံဂရုမစိုက်မနေကြတော့ဘဲ ဆက်လက် စနောက်ရယ်မောနေခဲ့ကြသည်။

လုံစားသောက်ခန်းမတွင်…

သီးသန့်အခန်းတစ်ခုထဲ၌ နီရဲဖူးရောင်နေသော မျက်နှာဖြင့် ထိုင်နေသော  ချန်းစီအန်းသည် ဒေါသအမျက်ခြောင်းခြောင်း ထွက်နေပြီး ကော်ဖီစားပွဲပေါ်ရှိ အရာအားလုံးကို ပေါက်ခွဲနေစဉ် လုံစားသောက်ခန်းမ၏ အထွေထွေမန်နေဂျာ ကျန်းထျန်းဖူသည် အောင့်သက်သက်အပြုံးကိုသာ ပြုံးနေရသည်။

…ဖုန်းမြည်သံ…

စိတ်အလိုမကျဖြစ်နေသော ချန်းစီအန်းသည် သူ၏ဖုန်းကို ယူကြည့်လိုက်ရာ ရင်းနှီးသော ဖုန်းနံပါတ်ကို တွေ့လိုက်ရသည်။ သူ၏မျက်ခုံးများ ချက်ချင်း မျက်မှောင်ကြုပ်သွားကာ ဖုန်းကိုင်လိုက်ပြီးနောက်

"အားကျန့် … ဘာဖြစ်လို့လဲ။"

"အကြီးအကဲချန်းက လုံစားသောက်ခန်းမကို လူအနည်းငယ်ခေါ်သွားလို့ ပြောလိုက်တယ်။ ဒုတိယသခင်လေးက ဘယ်မှာလဲ။"

ချန်းစီအန်းသည် တခဏတာမျှ စိုက်ကြည့်နေပြီးမှ သူ၏အမူအရာသည် အကြိမ်အနည်းငယ်မျှ ပြောင်းလဲသွားပြီးမှ ခပ်လေးလေး လေသံဖြင့်

"ငါက လုံစားသောက်ခန်းမရဲ့ သီးသန့်ခန်း #၀၆၀၂မှာ။ အဲ့ဒီကို လာခဲ့ပါ။"

"နားလည်ပြီ။"

ဖုန်းခေါ်ဆိုမှု ပြီးဆုံးခဲ့သည်။

ချန်းစီအန်းက ကျန်းထျန်းဖူအား မော့ကြည့်ပြီး အသံဝါဖြင့် "ဒီည မင်းကို အလုပ်မများဖို့နဲ့ ဒီညအလုပ်မှာ ဝင်မစွက်ဖက်ဖို့ ငါ ပြောထားမယ်။ ဘာပဲဖြစ်လာလာ ငါ တာဝန်ယူမယ်။"

ကျန်းထျန်းဖူက အားယူပြုံးလိုက်ရင်း

"သခင်လေးချန်း … လုံစားသောက်ခန်းမမှာ မင်းမိသားစုရဲ့ရှယ်ယာတွေလည်း ရှိတယ်။ သိပ်ကြီးမားတဲ့ ကိစ္စတစ်ခုကို မင်း ဖန်တီးရင် ငါတို့ကို အကြီးအကျယ် ထိခိုက်လိမ့်မယ်။”

"ပြသနာ ဘယ်လောက်ပဲ ကြီးကြီး ငါ တာဝန်ယူမယ်လို့ မင်းကို ပြောခဲ့တယ် မဟုတ်လား။" ချန်းစီအန်းက ကြိမ်းမောင်းလိုက်သည်။

တခဏ ငြိမ်သက်နေပြီးနောက် ကျန်းထျန်းဖူက ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ပြီး

"ကောင်းပြီ။ ဒါဆို ငါ ဒီညနေမကောင်းလို့ ပြန်အနားယူတော့မယ်။"

"သွား။" ချန်းစီအန်းက မှုန်ကုပ်ကုပ်အမူအရာဖြင့် တုံ့ပြန်လိုက်သည်။

လုံစားသောက်ခန်းမ … ကျောက်စိမ်းရည်ခန်းမဆောင်…

ပါတီပွဲကျင်းပရာခန်းမဆောင်သည် လူရာပေါင်းများစွာအား ကျွေးမွေးဧည့်ခံရန် လုံလောက်စွာ ကျယ်ဝန်းပေသည်။ စားပွဲတန်းရှည်ကြီးတွင် အမျိုးမျိုးသော စားဖွယ်ရာများ၊ သောက်စရာများအပြည့် ဖြစ်သည်။ ကော်ဇောနီခင်းထားသော လမ်းလေးအဆုံးတွင် မီတာဝက်မျှ ကျယ်ဝန်းသော စင်မြင့်တစ်ခု ရှိပြီး မိုက်ကရိုဖုန်းတစ်ခုနှင့် အသံဖမ်းစနစ်တစ်ခုအား စင်မြင့်ဘေးတစ်ဖက်တစ်ချက်တွင် ဆင်ယင်ထားသည်။

ကျောက်စိမ်းရည်ခန်းမအတွင်းတွင် ခမ်းနားသော ထန်လုပ်ငန်းစု၏ ဒါဇင်နှင့်ချီသော အကြီးတန်းအမှုဆောင်အရာရှိများသည် ပြုံးရွှင်စွာ စကားစမြည် ပြောနေကြသည်။ ပြောနေကြသော အကြောင်းအရာအများစုသည် သူတို့၏ လျှို့ဝှက်သော သူဋ္ဌေးနှင့်ပတ်သက်သည်။

"အကြီးအကဲဝေ … ခင်ဗျားက ခမ်းနားသောထန်လုပ်ငန်းစုရဲ့ အမှုဆောင်တွေထဲမှာ စီနီယာအကျဆုံးပဲ။ ငါတို့ရဲ့ သူဌေးကို ခင်ဗျား မြင်ဖူးတယ်ဟုတ်လား။ သူ့အကြောင်း ငါတို့ကို ပြောပြနိုင်မလား။"

ဝိုင်နီခွက်ကိုကိုင်ရင်း လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပြုံးကာ မေးလိုက်သည်။

ထိုသူ၏အမေးကြောင့် အခြားအမှုဆောင်လေးငါးယောက်က ဝကျေုံးဖန်ကို လှည့်ကြည့်လိုက်သည်။

"သူဌေးက ဒီည လာခဲ့မယ်လို့ ပြောကတည်းက သူ သေချာပေါက် လာမှာပါကွာ။"

ဝကျေုံးဖန်က ရယ်မောလိုက်ပြီး

"သူဋ္ဌေးကို တွေ့ပြီး သူ့ကို သိဖို့ မစောင့်နိုင်တော့ဘူးလား။ အခု ညနေ ၆နာရီ ၅၂မိနစ် ရှိသွားပြီ။ ည ၇ နာရီထိုးဖို့ ရှစ်မိနစ်ပဲ ကျန်တော့တယ်။ သူဋ္ဌေးက ၇နာရီကျရင် သေချာပေါက် လာမယ်လို့ ငါ ယုံကြည်တယ်။”

ထိုလူလတ်ပိုင်းအရွယ်အမျိုးသားက ပြုံးလိုက်ရင်း

"ဒီည သူဋ္ဌေးနဲ့ တွေ့ရမယ်ဆိုတာ ငါတို့ သိပါတယ်။ ဒါပေမယ့် ငါတို့သိချင်တာက သူ့အကျင့်စရိုက်နဲ့ပတ်သက်ပြီး ငါတို့ ဘာမှ မသိထားသေးဘူး။ ကျေးဇူးပြုပြီး ငါတို့ကို နည်းနည်းလောက် အရင်ပြောပြဦး … ဒါမှ ငါတို့ ပြင်ဆင်ထားလို့ ရမှာ။"

"ကောင်းပြီ။ ငါတို့ရဲ့ သူဋ္ဌေးက လိုက်လျောညီထွေ ဆက်ဆံတတ်တယ်။ ဖော်ရွေပြီး အတော်လေး လိမ္မာပါးနပ်တယ်။" ဝကျေုံးဖန်က ပြုံးပြီး ပြောသည်။

"အိုကေ…" မေးနေသောသူများက ခေါင်းညိတ်ပြီး တုံ့ပြန်သည်။

ပွဲတက်ရောက်လာသူများအားလုံး ပျော်ရွှင်စွာ စကားပြောနေကြစဉ် မိနစ်အနည်းငယ်အကြာတွင် ခန်းရှနှင့် အင်ဒီတို့သည် ကျောက်စိမ်းရည်ခန်းမ၏ ဘေးဘက်ဝင်ပေါက်မှ ခန်းမအတွင်းသို့ ဝင်လာကြသည်။

အင်ဒီက စင်မြင့်ပေါ်မှ ဆင်းသွားပြီး ခန်းရှသည် စင်မြင့်၏အတွင်းအကျဆုံးဆီသို့ တစ်ခါတည်း သွားလိုက်ကာ မိုက်ခရိုဖုန်းကို ယူလိုက်ပြီး

"လူတိုင်း ကျေးဇူးပြုပြီး အာရုံစိုက်ပေးကြပါ။ ည ၇ နာရီထိုးဖို့ နှစ်မိနစ်ပဲလိုပါတော့တယ်။ ငါတို့ သူဋ္ဌေးက အချိန်ဖြုန်းတာကို မကြိုက်တဲ့အတွက် အခုချက်ချင်း ထွက်လာပါတော့မယ်။ အခုအချိန်ကစပြီး ငါတို့ခမ်းနားသောထန်လုပ်ငန်းစုရဲ့ သူဋ္ဌေးကြီး … ထန်…ရှု…ကို ကြိုဆိုလိုက်ပါတယ်ရှင်….”

…ဖြောင်း…ဖြောင်း…ဖြောင်း…

ခန်းရှ၏စကားသံ ဆုံးသွားသည်နှင့် ချက်ချင်းပင် လက်ခုပ်သံများ ဆက်တိုက်ထွက်ပေါ်လာလေသည်။

***

All Chapters