← Chapters

ပြဿနာရှာခြင်း

Vol. 09 Ch. 427

ပြဿနာရှာခြင်း

Vol. 09 Ch. 427

ဘေးဘက်ဝင်ပေါက်မှ အတွင်းဘက်သို့ လျှောက်လာရင်း ကုမ္ပဏီ၏ ထိပ်တန်းအမှုဆောင်များကို ကြည့်လာသော ထန်ရှု၏ချောမောသော မျက်နှာထက်တွင် အပြုံးသဲ့သဲ့ ရှိနေသည်။ ခမ်းနားသောထန်လုပ်ငန်းစု၏ လုပ်ငန်းလည်ပတ်မှု၊ စီမံခန့်ခွဲမှုတွင် သူကိုယ်တိုင် မပါဝင်ခဲ့သော်လည်း ခန်းရှ ပေးထားသည့် ထိပ်တန်းအမှုဆောင်အရာရှိများ၏အချက်အလက်များကို သူ ဖတ်ထားသည်။ ထို့ကြောင့် သူသည် လူတိုင်း၏အမည်၊ ရာထူးနှင့် ၎င်းတို့၏ စရိုက်လက္ခဏာများကို မှတ်မိပေသည်။

ထိုအချိန်တွင် စင်မြင့်အောက်ရှိ ဒါဇင်နှင့်ချီသော အကြီးတန်းအမှုဆောင်အရာရှိများသည် အံ့အားသင့်နေကြပြီး ၎င်းတို့၏ သူဋ္ဌေးကြီးမှာ ထန်ရှုဖြစ်သည်ကို ယုံကြည်ရန် ခက်ခဲနေကြသည်။

ထန်ရှုသည် ငယ်လွန်းနေသည့်အပြင် အလွန်ချောမောသော ရုပ်ရည်ရှိပြီး လန်းဆန်းတက်ကြွနေပေသည်။

“ဒါ ငါတို့ သူဋ္ဌေးတဲ့လား။ အကြီးအကဲခန်းက ငါတို့ကို နောက်နေတာများလား။ သူ့အသက်က ၂၀ကျော်လောက်ပဲ ရှိဦးမယ်။ ငါတို့ရဲ့ သူဋ္ဌေး ဘယ်လိုဖြစ်နိုင်ပါ့မလဲ။"

"ဒါက အမှားတစ်ခုလား ဒါမှမဟုတ် ဘာလားဟ။ သူက ငါတို့ရဲ့ သူဋ္ဌေး ဟုတ်ပါ့မလား။ အရမ်းငယ်တယ်။”

“ငါတို့ ကုမ္ပဏီရဲ့ သူဋ္ဌေးက အရမ်းငယ်တယ်လို့ ကောလဟာလတွေ ထွက်တယ်။ ဒါပေမယ့် သူက ဒီလူငယ်လေးသာဆိုရင် ဒါက မယုံနိုင်စရာပဲ။ သူ့အသက်အရွယ်ကိုကြည့်ရင်  တက္ကသိုလ်ကျောင်းသားလေးလိုပဲ မဟုတ်လား။”

"ငါတို့ရဲ့ထုတ်ကုန်အားလုံးကို သူဋ္ဌေးကြီးက သုတေသနပြုပြီး တီထွင်ခဲ့တယ်လို့ ကြားထားတာ။ ဒါပေမယ့် သူက အရမ်းငယ်နေတော့ ထုတ်ကုန်များစွာကို သူ ဘယ်လို ဖန်တီးနိုင်မလဲ။”

“…”

လူတိုင်း၏မယုံကြည်နိုင်ဟန်စကားသံများကြားတွင် ခန်းရှသည် ချစ်စဖွယ်အပြုံးတစ်ခု ပြုံးလိုက်ရင်း မိုက်ခရိုဖုန်းရှေ့တွင် ရပ်ကာ ထန်ရှုအား တစ်ချက်ကြည့်လိုက်ပြီး သူမက ရယ်မောကာ ပြောသည်။

"အားလုံးပဲ ရှင်တို့ မမှားပါဘူး။ သူက ကျွန်မတို့ခမ်းနားသော ထန်လုပ်ငန်းစုရဲ့  သူဋ္ဌေးကြီး မစ္စတာထန်ရှုပါ။ ရှင်တို့တွေ အရမ်း အံ့သြတုန်လှုပ်နေကြမယ်ဆိုတာ ကျွန်မ သိပါတယ်။ သူက ငယ်ရွယ်သူတစ်ယောက် ဖြစ်ပါစေဦးတော့  အမှန်တကယ်ကို ကျွန်မတို့ရဲ့ သူဌေးကြီး ဖြစ်ပါတယ်ရှင်။”

"ကျွန်မတို့ရဲ့ သူဌေးကြီးက များသောအားဖြင့် သိုသိုသိပ်သိပ် နေတတ်ပြီး ကုမ္ပဏီရဲ့လုပ်ငန်းဆောင်တာတွေမှာ ပါဝင်စီမံခန့်ခွဲခြင်းမလုပ်တာကိုလည်း သိရှိထားပြီး ဖြစ်ကြပါလိမ့်မယ်။ သူဋ္ဌေးက အရမ်းအလုပ်ရှုပ်နေလို့ မကိုင်တွယ်လိုတာပါ။ သူဋ္ဌေးမှာက ခမ်းနားသော ထန်ကုမ္ပဏီရဲ့လုပ်ငန်းတွေအပြင် စီမံခန့်ခွဲဖို့ အခြားလုပ်ငန်းတွေကလည်း ရှိနေပါသေးတယ်။ ဒါကြောင့်မို့ ရှင်တို့တွေ ပိုမိုမြင့်မားသောနေရာတစ်ခုသို့ တက်လှမ်းမယ်ဆိုတဲ့ ရည်မှန်းချက်ရှိတယ်ဆိုရင် ကျွန်မတို့ရဲ့ သူဋ္ဌေးက ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်ဖို့ အခွင့်အရေး ပေးပါလိမ့်မယ်။ ကဲ … ကျွန်မတို့ သူဋ္ဌေးက စကားနည်းနည်း ပြောစရာ ရှိနေပါတယ်။"

သူ့အား စကားပြောရန် နေရာဖယ်ပေးသော ခန်းရှကို ကြည့်ရင်း ထန်ရှုက ချက်ချင်း ပြုံးပြလိုက်သည်။ ထို့နောက် သူက စင်မြင့်အောက်မှ ဝန်ထမ်းများအား ဝေ့ဝဲကြည့်လိုက်ပြီး စကားစလိုက်သည်။

"ခမ်းနားသောထန်ရဲ့ လက်ရှိတိုးတက်နေမှုကို ကျွန်တော် သတိထားမိပါတယ်။ အလားတူပဲ ခင်ဗျားတို့အားလုံးရဲ့ ပံ့ပိုးကူညီမှုကိုလည်း ယခုအချိန်အထိ ရှင်းရှင်းလင်းလင်း နားလည်ပါတယ်။ ခန်းရှဆီ ကုမ္ပဏီစီမံခန့်ခွဲရေးကိစ္စတွေ လွှဲပေးထားတာ ကျွန်တော့်အတွက် အတော်စိတ်သက်သာရာ ရတယ်လို့ ဝန်ခံရမှာပဲ။ ခင်ဗျားတို့အားလုံးလည်း ခန်းရှရဲ့ လမ်းညွှန်မှုအောက်မှာ စည်းကမ်းတကျ လိုက်နာကြမယ်လို့လည်း ကျွန်တော် မျှော်လင့်ထားတယ်။ လိုရင်းပြောရမယ်ဆိုရင် သူ့အမိန့်တွေက ကျွန်တော့်ကို ကိုယ်စားပြုပါတယ်။ တကယ်လို့ တစ်ဦးတစ်ယောက်က အမိန့် မနာခံတာ ဒါမှမဟုတ် ကိုယ်ကျိုးစီးပွားအတွက် အာဏာကို အလွဲသုံးစားလုပ်မယ်ဆိုရင်တော့ ခမ်းနားသောထန်ကနေ တစ်ခါတည်း နှင်ထုတ်လိုက်မှာဖြစ်တယ်။

“ထပ်ပြောရရင် အရည်အချင်းရှိတဲ့သူတွေက ဆက်နေလို့ရမယ်၊ စွမ်းဆောင်နိုင်ရည် မရှိတဲ့သူတွေကတော့ အထုတ်ပယ်ခံရမယ်။ တကယ်လို့ ခင်ဗျားတို့တွေ အရည်အချင်းရှိပြီး စွမ်းဆောင်ပြနိုင်တယ်ဆိုရင် ခမ်းနားသောထန်က ခင်ဗျားတို့တွေ အကောင်းဆုံးပြသနိုင်ဖို့  မြင့်မားတဲ့နေရာတစ်ခုဆီ ခေါ်သွားပြီး အဆုံးမဲ့အနာဂတ်ကို မြင်တွေ့ရစေမှာပါ။"

ထန်ရှုက ထိုနေရာသို့အရောက်တွင် တခဏမျှ တိတ်ဆိတ်သွားပြီး ဖြည်းညှင်းစွာ ပြန်ပြောလိုက်သည်။

"နောက်ဆုံးအနေနဲ့ပြောချင်တာက ခင်ဗျားတို့ရဲ့ အောင်မြင်မှုကို အသိအမှတ်ပြုဖို့အတွက်၊ ကျွန်တော်တို့ရဲ့ ခမ်းနားသောထန်လုပ်ငန်းစုကြီးအတွက် ဒီညပွဲလေးကို ကျင်းပပေးတဲ့အကြောင်း ပြောချင်တယ်။ ဒါကြောင့် အကြီးတန်းအမှုဆောင်တွေရဲ့ လစာကို 10% တိုးပေးမယ်လို့ ဒီနေရာကနေ ကြေငြာလိုက်တယ်ဗျာ။"

…ဝိုးးး…

ထန်ရှု၏အသံ ဆုံးသွားသည်နှင့် ခမ်းနားသောထန် လုပ်ငန်းစုကြီး၏ ထိပ်တန်းအမှုဆောင် ဒါဇင်များစွာသည် ထန်ရှုအား အံ့သြကျေနပ်နေကြရင်း စိတ်အားထက်သန်စွာ ကြည့်မိကြသည်။

သူတို့အတွက် ထန်ရှုထံမှ အသိအမှတ်ပြုသော စကားလုံးများသည် ဆုကြေးငွေနှင့် လုံးဝမတူညီပေ။

သူတို့အားလုံးသည် ခမ်းနားသောထန် လုပ်ငန်းစုကြီး၏ ထိပ်တန်းအမှုဆောင်အရာရှိများဖြစ်ကြသောကြောင့် လစာများမှာ အလွန်ကောင်းမွန်နေပြီဖြစ်သည့်အပြင် အပိုဆုများပါ ထပ်ပေါင်းလိုက်မည်ဆိုပါက ၎င်းတို့၏ လစာများသည် အခြားသော လုပ်ငန်းစုကြီးများထက် များစွာ မြင့်မားနေပြီဖြစ်သည်။ ယခု ၁၀% ထပ်မံတိုးမည်ဆိုပါက ရရှိသောလစာပမာဏသည် ပိုမိုများလာတော့မည်မှာ အသေအချာပါပင်။

…ဖြောင်း…ဖြောင်း…ဖြောင်း…

မည်သူက ဦးဆောင်တီးလိုက်သည်မှန်းမသိ ခန်းမဆောင်တစ်ခုလုံးအတွင်းရှိ ထိပ်တန်းအမှုဆောင်များအားလုံးက ရုတ်တရက် လက်ခုပ်တီးကာ အားပေးလိုက်ကြရာ ကျယ်လောင်သော မိုးခြိမ်းသံများအလား ဖြစ်တော့သည်။

ထို့နောက် ထန်ရှုသည် ခန်းရှအား မိန့်ခွန်းပြောရန် နေရာပေးကာ စင်မြင့်မှ ထွက်ခွာသွားသည်။

“ပထမဆုံးအနေနဲ့ သူ့ရဲ့ ရက်ရောမှုအတွက် သူဋ္ဌေးကို ကျေးဇူးတင်ပါတယ်။ လူတိုင်းက အနာဂတ်မှာ ပိုပြီး အားသွန်ခွန်စိုက် လုပ်ဆောင်နိုင်မယ်လို့ ကျွန်မ ယုံကြည်ထားတယ် ဟုတ်တယ်ဟုတ်။ အနာဂတ်မှာ လူတိုင်းရဲ့ပူးပေါင်းအားထုတ်မှုတွေနဲ့ ကျွန်မတို့ရဲ့ ခမ်းနားသောထန်လုပ်ငန်းစု၏လုပ်ငန်းတွေ ပိုပို ကြီးထွားလာမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မတို့ရဲ့ ကုမ္ပဏီက နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်ပြီး ကမ္ဘာရဲ့ ထောင့်တိုင်းသို့ ချဲ့ထွင်သွားဖို့ မျှော်လင့်ထားတယ်။ ကောင်းပြီ…တခြားထွေထွေထူးထူး ဘာမှ မရှိတော့ဘူးဆိုတော့ ဒီညရဲ့ပါတီပွဲလေး စလိုက်ပါပြီ။ အားလုံးပဲ အစားအသောက်များကို စတင်သုံးဆောင်နိုင်ကြပါပြီရှင်။”

ထိုစကားကို ပြောပြီးနောက် ခန်းရှသည် အင်ဒီ့အား အချက်ပြလိုက်သည်။

ပြုံးနေသော အင်ဒီက စင်ပေါ်ကို ရောက်လာပြီး

"ကောင်းပြီ။ သူဋ္ဌေးနဲ့ အကြီးအကဲခန်းက ငါတို့ကို စကား အများကြီး မပြောသွားပေမယ့် လူတိုင်း အရမ်းပျော်ရတဲ့ စကားတွေ ဖြစ်နေတယ်မဟုတ်လား။ ဒါဆို ဒီည ပါတီပွဲလေး စလိုက်ရအောင်။"

ခန်းမ၏ထောင့်တိုင်းတွင် အလင်းမစူးဘဲ သိမ်မွေ့သော သလင်းကျောက်မီးများ လင်းလက်နေသည်။

ခမ်းနားသော ထန်လုပ်ငန်းစု၏ သူဌေးအဖြစ် ထန်ရှုအား လူတိုင်းအတွေ့ချင်ဆုံးဖြစ်သည်မှာ သဘာဝကျပေသည်။ ကုမ္ပဏီ၏ ထိပ်တန်းအမှုဆောင်တိုင်းနီးပါးသည် ထန်ရှုထံ လာရောက်ပြီး စကားပြောဆို နှုတ်ဆက်ကြခြင်းဖြင့် သူဌေးရှေ့တွင် ၎င်းတို့အား သိစေလိုကြသည်။ လူတိုင်း အံ့အားသင့်ခဲ့ကြသည်မှာ ထန်ရှုသည် တစ်ယောက်ချင်းစီ၏ နာမည်၊ ရာထူးများအား တိကျစွာပြောနိုင်ရုံသာမက လုပ်ဆောင်နေသော အလုပ်တာဝန်များအတွက်ပါ အသိအမှတ်ပြု အားပေးခဲ့ပေသည်။

နာရီဝက်အကြာတွင် ခန်းမအတွင်းရှိ မီးရောင်များသည် ကပွဲများအတွင်း ခင်းကျင်းသည့် အလင်းကစားနေသော ရောင်စုံဘောလုံးမီးလုံးများအဖြစ်သို့ ပြောင်းလဲသွားပြီး ကခုန်ချင်စရာ တေးဂီတသံများ မြူးမြူးကြွကြွ ထွက်ပေါ်လာသည်။

ကခုန်ခြင်း။ အကစွမ်းရည်တွင် ထန်ရှုသည် ညံ့သည်ဟု ဆိုနိုင်ပေသည်။

သို့ရာတွင် ခန်းရှမှ သူ့အား ကရန် ဖိတ်ခေါ်သောအခါ သူ လိုက်လျောပေးဆဲဖြစ်သည်။ ခန်းရှ၏သင်ပြမှုအရ သူ့ကိုယ်သူ အရည်အချင်းပြည့်မီသော အကဖော်အဖြစ် ပြောင်းလဲရန် အနည်းငယ်သာ အားထုတ်ရန်လိုခဲ့သည်။

…ဝုန်း…

ကျောက်စိမ်းရည်ခန်းမ၏အရှေ့ဘက်တံခါးသည် ဝုန်းကနဲပွင့်သွားခဲ့ပြီး လူအယောက် ၂၀ ကျော်နှင့် ချောမောသော လူရွယ်လေးသည် ရက်စက်ကြမ်းကြုတ်သော ဝံပုလွေများ၊ ကျားများသဖွယ် ခန်းမအတွင်းသို့ မုန်တိုင်းတိုက်သည့်အလား ဝုန်းဒိုင်းကြဲကာ ရောက်လာကြသည်။

ကခုန်နေကြသော ခမ်းနားသောထန်လုပ်ငန်းစုကြီး၏ ထိပ်တန်းအမှုဆောင်များသည် အမူအရာ အနည်းငယ် ပြောင်းလဲသွားကြသည်။ မီးရောင်များ ပိုမိုတောက်ပလာပြီး လူတိုင်း၏အကြည့်များသည် အရှေ့တံခါးမှ လျှောက်ကာ ဝင်လာသော ချန်းစီအန်းဆီသို့ ကျရောက်နေပေသည်။

ထန်ရှုသည် မျက်မှောင် အနည်းငယ် ကြုပ်သွားပြီး ခန်းရှ၏ နူးညံ့သေးသွယ်သော ခါးလေးအား လွှတ်ပေးလိုက်သည်။ ထို့နောက် သူသည် ဒေါသပြင်းထန်နေသော ချန်းစီအန်းဆီသို့ လျှောက်သွားသည်။

"မင်း ဒီကို ပြသနာရှာဖို့ လာတာလား။" ထန်ရှု၏ လေသံသည် အေးစက်လျက် ရှိသည်။

ထန်ရှုအား မြင်သောအခါ ချန်းစီအန်းသည် သေရတော့မည့် ရန်သူတစ်ယောက်အား မြင်လိုက်သည့်အလားဖြစ်ပေသည်။ ဒေါသကြောင့် သူ၏မျက်လုံးများသည် နီရဲနေပြီး လက်သီးများ ကျစ်ကျစ်ပါအောင် ဆုပ်လျက် စူးရဲသောအကြည့်တို့ဖြင့် ထန်ရှုအား စိုက်ကြည့်ရင်း

“ဟုတ်တယ်။ ပြသနာရှာဖို့ ငါ ဒီကိုလာခဲ့တာ။ ဘယ်မှာလဲ အင်ဒီ။ သူမကို တွေ့ဖို့ ငါ့ဆီ ခေါ်လာခဲ့။"

အင်ဒီသည် ဘေးမှ လျှောက်လာသည်။ ထို့နောက် သူမက ချန်းစီအန်းအား လက်ညှိုးငေါက်ငေါက်ထိုးကာ

"ချန်း…စီအန်း … နင့်ကို ငါ ပေါ့ပေါ့တန်တန် ရိုက်မိပုံရတယ် ဟမ်။ ထွက်သွား … မဟုတ်ရင် နင့်ကို ငါ ထပ်ရိုက်မိရင် ငါ့ကို အပြစ်မဆိုနဲ့။"

ချန်းစီအန်း၏မျက်လုံးများ လည်သွားကာ မျက်ဝန်းများထဲရှိ ဒေါသများ ပိုမိုသိပ်သည်းလာခဲ့သည်။ သူက အင်ဒီ့အား စိုက်ကြည့်ကာ အော်ဟစ်ကြိမ်းမောင်းလိုက်သည်။

"အင်ဒီ … မင်း မသိတာ တစ်ခုရှိတယ်။ ငါဆိုတဲ့ ချန်းစီအန်းက ကိုယ်လိုချင်တဲ့အရာအတွက် ဘယ်တော့မှ ကျရှုံးတာ မရှိခဲ့ဖူးဘူး။ ဒီနေ့ည မင်းကို ရွေးချယ်ခွင့်တစ်ခု ပေးမယ်။ ငါနှင့်အတူ လိုက်လာပါ။ ဒါမှမဟုတ် မင်းရဲ့သူဋ္ဌေးလို့ ခေါ်တဲ့ ဒီ့ကောင့်ကို ငါရိုက်မယ်။ မင်း စဉ်းစားဖို့ မိနစ်ဝက်ပဲ အချိန်ရမယ်။"

“နင်…”

ချန်းစီအန်း ခေါ်ဆောင်လာသည့် သန်မာပြီး အစွမ်းထက်သော အမျိုးသားများအား ကြည့်ပြီး အင်ဒီ၏ မျက်နှာထက်တွင် ကြောက်ရွံ့သောအကြည့်တစ်ခု ရိပ်ကနဲပေါ်လာသည်။ သို့သော်လည်း ထန်ရှု ရှိနေသည်ကို သတိရသွားသည့်အခါ ထိုအကြည့်သည် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

သူမ ပြန်ပြောမည့်ဆဲဆဲတွင် ထန်ရှုက သူမအား ရပ်တန့်စေလိုက်သည်။ ထို့နောက် ထန်ရှုသည် ခန်းရှကို ကြည့်ကာ ရယ်ရယ်မောမော မေးလိုက်သည်။

"ကိုယ် အခုဝတ်ထားတဲ့ အဝတ်အစားတွေက ဘယ်လောက် တန်ကြေးရှိလဲ။"

"နာရီမပါဘဲ အားလုံးက ယွမ်၃၀၀,ဝဝဝ နီးပါးရှိတယ်။"

ထန်ရှု၏စိတ်ထဲတွင် မည်သည့်အတွေးရှိနေမှန်း မသိသည့် ခန်းရှက တလေးတစား ပြန်ဖြေနေဆဲဖြစ်သည်။

ထန်ရှုက ခေါင်းညိတ်လိုက်ပြီး သူ၏အကြည့်သည် ချန်းစီအန်းဆီသို့ ပြန်ရောက်သွားသည်။ သူက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး

"မင်း ကြားတယ်နော်။ ငါ့အဝတ်အစားတွေရဲ့ ဈေးနှုန်းက ယွမ် ၃သိန်းလောက်ရှိတယ်။ ဒီညမှာ သွေးတွေ စွန်းထင်းခဲ့မယ်ဆိုရင် လွှင့်ပစ်ရမယ်။ ငါ့အဝတ်အစားတွေက အဆတစ်ရာ လျော်ကြေးပေးဖို့ ထိုက်တန်တယ်။ ဆိုတော့ မင်း ဆုံးဖြတ်ပြီးပြီလား။ ငါ့ကို ပြစ်မှားတာကျရှုံးပြီး မင်းကိုယ်မင်း အရူးလုပ်ရာကျရုံတင်မကဘူး ငါ့အဝတ်အစားတွေ ပျက်စီးဆုံးရှုံးခဲ့မယ်ဆိုရင် လျော်ကြေးငွေ ၃၀မီလီယံကိုလည်း မင်း ပေးရလိမ့်မယ်။”

“ဟား…ဟား…ဟား…”

ချန်းစီအန်း ကြောင်တောင်တောင်နိုင်စွာ ရယ်လိုက်သည်။ ထို့နောက် သူက အသံကျယ်ကျယ်ဖြင့် ခနဲ့စကားဆိုတော့သည်။

“မင်းက အရူးပဲ။ မင်းကိုယ်မင်း ခမ်းနားသောထန်ရဲ့ဘော့စ် ဖြစ်တယ်ဆိုပြီး ငါ့ရှေ့မှာ မာနကြီးလို့ရတယ်လို့ ထင်နေတာလား။ အခု ဘယ်လိုအခြေအနေမျိုးရောက်နေလဲ မမြင်နိုင်ဘူးလား။ ဟမ့်… မင်းက ငါ့မျက်လုံးထဲမှာ အရူးတစ်ယောက်သာသာပဲ။”

ထိုအခိုက်တွင် ခမ်းနားသောထန်လုပ်ငန်းစု၏ ထိပ်တန်းအမှုဆောင်အရာရှိများသည် သူ့အား ဒေါသတကြီး ကြည့်လာကြသည်။ သူတို့အားလုံးသည် ခမ်းနားသော ထန်လုပ်ငန်းစု၏ ထိပ်တန်းအမှုဆောင်များ ဖြစ်ကြပေသည်။ ချန်းစီအန်းက သူတို့၏သူဋ္ဌေးအား အရှက်ခွဲနေခြင်းသည် သူတို့အား အရှက်ခွဲနေသလိုပင်။ ကြယ်တာရာမြို့တွင် ချန်းစီအန်းသည် အစွမ်းထက်သည်ဟု အများစုက သိထားသော်လည်း ထန်လုပ်ငန်းစုမှ သူတို့အတွက် ထိုသူသည် အထင်ကြီးလောက်စရာ မရှိပေ။ နောက်ဆုံးတွင် ချန်းစီအန်းသည် အင်ဒီ၏အချစ်အား ရယူရန် ထန်ကုမ္မဏီသို့ အကြိမ်ကြိမ်လာရောက်ခဲ့သောကြောင့်လည်း လူအများက သူ့အား မုန်းတီးစေခဲ့သည်။

ထို့အပြင် သူတို့၏သူဌေးကြီးသည် ၎င်းတို့၏လစာများကို လောလောလတ်လတ်ပင် တိုးမြှင့်ပေးထားပေရာ အများစုက ရဲကို ခေါ်ရန် ပြင်ဆင်ကြသည်။

ထန်ရှု၏မျက်နှာထက်မှ အပြုံးသည် ကမ်းခြေအား ရိုက်ခတ်သော ဒီလှိုင်းကဲ့သို့ ပျောက်ကွယ်သွားသည် ။ သူက ချန်းစီအန်း၏အထက်စီးဆန်ကာ ခနဲ့လိုသည့်လုပ်ရပ်အား အေးအေးဆေးဆေး ကြည့်နေပြီးမှ

"မင်း ပြီးပြီလား။"

"ပြီးပြီ။ အင်ဒီ့ကို သူကိုယ်တိုင် ရွေးချယ်ခွင့်ပေးလိုက်။” ချန်းစီအန်းက လှောင်ပြောင်လိုဟန်ဖြင့်

"သူမက ဒီည ငါနဲ့ လိုက်ဖို့ ရွေးချယ်ခဲ့ရင်တောင်မှ မင်းက အရိုက်ခံရဦးမှာပဲ။ ဆေးရုံကုတင်ပေါ်မှာ မင်း လနဲ့ချီပြီး နေရလိမ့်မယ် ဟားဟားဟား…။"

"ဝိုး … အစက ငါ မင်းကို ရိုက်နှက်ဖို့ ချီတုံချတုံ ဖြစ်နေခဲ့တယ်။"

ထန်ရှုက သူ့အား လက်မထောင်ပြကာ သက်ပြင်းချလိုက်ရင်း "ဒါပေမယ့် မင်းက ဒီလိုပြောလာမှတော့ ငါ မတွေဝေတော့ဘူး။"

စကားဆုံးသည်နှင့် ထန်ရှုက ချန်းစီအန်း၏အရှေ့တွင် ချက်ချင်းပေါ်လာပြီး သူ၏လက်သီးချက်များသည် လျှပ်စီးတန်းအမြန်နှုန်းအလား ချန်းစီအန်း၏မျက်နှာထက်သို့ လျင်မြန်ဆန်စွာ ကျရောက်လာခဲ့သည်။

သန်မာသွက်လက်သော ပုံရိပ်တစ်ခုသည် ချန်းစီအန်း၏အရှေ့တွင် ရုတ်တရက် ပေါ်လာသည်။ ချန်းစီအန်းအပေါ်သို့ ကျရောက်လာသည့် ထန်ရှု၏လက်သီးချက်များအား သူ၏လက်သီးများဖြင့် တားဆီးနေသူမှာ ဝက်ဝံကဲ့သို့ တုတ်ခိုင်သော ကိုယ်အောက်ပိုင်းနှင့် ကျားကဲ့သို့  ရှည်လျားသော ကျောပြင်ရှိသည့် အမျိုးသားတစ်ဦးဖြစ်သည်။ ထိုသူသည် တုတ်ခိုင်သန်မာသော်လည်း ထန်ရှုနှင့် ထိပ်တိုက်တွေ့ပြီးနောက် သူသည် နောက်သို့ ဆုတ်ပေးလိုက်ရသည်။

သူ၏ယိမ်းယိုင်သွားသောဟန်သည် အနောက်တွင်ရှိနေသော ချန်းစီအန်းကို ထိရိုက်သွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားရသည်။ သူ၏မျက်နှာသည် သိသိသာသာ ပျက်သွားသော်လည်း သူသည် ပုံသဏ္ဍာန်သည် တည်ငြိမ်စွာ ရှိနေပြီး မြဲမြံစွာ ရပ်နေသည်။ သူ၏ လင်းယုန်မျက်လုံးသဖွယ် စူးရှသောအကြည့်များသည် ထန်ရှုအား စိုက်ကြည့်နေသည်။

ထန်ရှုသည် အနည်းငယ် မျက်မှောင်ကြုပ်သွားသော်လည်း သူသည်  ရပ်လျက်ရှိနေပြီး စိုးစဉ်းမျှ ရွေ့လျားခြင်းမရှိပေ။ သူသည် ချိုးကျန့်အား အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။ ထိုလူ၏ ခွန်အားနှင့်အမြန်နှုန်းသည် မထင်မှတ်ပဲ သည်မျှ အစွမ်းထက်လိမ့်မည်ဟု သူ မထင်ထားခဲ့မိချေ။ ထန်ရှု သက်တောင့်သက်သာ စေလွှတ်လိုက်သော ပေါင်ရာနှင့်ချီ အလေးချိန်ရှိသည့် သူ၏လက်သီးအား ပုံမှန်လူတစ်ယောက်သည် တွန်းလှန်ရန် သတ္တိရှိနေခဲ့သည်။

သို့သော် သူသည် အနည်းငယ်မျှ ထပ်မံတုံ့ဆိုင်းမနေပေ။ ချိုးကျန့်၏ကိုယ်ဟန်သည် ခိုင်မြဲစွာ ရပ်နေသည်ကို မြင်ပြီးနောက် သူသည် ရှေ့သို့တစ်ဖန် တစ်ရှိန်ထိုး ပြေးတက်သွားသည်။ ဤတစ်ကြိမ်တွင် သူသည် သူ၏အရှိန်နှင့် ခွန်အားကို တိုးမြှင့်လိုက်ပြီး ချိုးကျန့်၏အရှေ့တွင် ချက်ချင်းပေါ်လာသည်။ သူသည် ချိုးကျန့်၏မျက်နှာထက်ဆီသို့ ခပ်ပြင်းပြင်း လက်သီးတစ်ချက် ပစ်ခွင်းလိုက်သည်။ ထိုလူ မြောက်တက်သွားကာ ခေါင်းစိုက်ပြန်ကျလာစဉ်တွင် ထန်ရှုသည် ချိုးကျန့်၏ခါးအား ဖြတ်ကန်လိုက်သည်။ ချိုးကျန့် လွင့်ထွက်သွားပြီးနောက် ထန်ရှုသည် ချန်းစီအန်း၏အရှေ့တွင် တစ်ဖန် ပေါ်လာခဲ့သည်။

“ဒီလို အသုံးမကျတဲ့အမှိုက်ကို ယူလာပြီး မင်းက မောက်မာရဲသေးတယ်ပေါ့ ဟုတ်လား။”

ထန်ရှုသည် ချန်းစီအန်း၏ရှပ်အင်္ကျီကို ဆုပ်ကိုင်လိုက်ပြီး ချက်ချင်းဆိုသလိုပင် အကြိမ်ဒါဇင်နှင့်ချီကာ ပါးရိုက်လိုက်သည်။ ထိုသူအား ဝက်ခေါင်းသဖွယ် အနေအထားဖြစ်အောင် ရိုက်နှက်ပြီးနောက် ဝမ်းဗိုက်အား ဆောင့်ကန်ထုတ်လိုက်သည်။ ချန်းစီအန်းသည် အနောက်ရှစ်မီတာ အကွာထိ လွင့်ထွက်သွားပြီး ကြမ်းပြင်ပေါ် လဲကျကာ သတိလစ်သွားတော့သည်။

"သူ့ကို ဖမ်းကြ။"

ထိုမြင်ကွင်းကို မြင်သောအခါ ချက်ချင်းပင် ချန်းစီအန်းခေါ်ဆောင်လာသော လူအယောက် ၂၀သည် ထန်ရှုဆီသို့ တစ်ဟုန်ထိုး ပြေးလာခဲ့သည်။

***

All Chapters