သစ္စာဖောက်
Vol. 09 Ch. 428
ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစု၏ ထိပ်တန်းအမှုဆောင် ၇၀ရာခိုင်နှုန်းကျော်မှာ အမျိုးသားများဖြစ်သည်။ လူသစ်များကို အသုံးပြုမည်ဟူသော ခန်းရှ၏ ရဲရင့်သည့် ဆုံးဖြတ်ချက်ကြောင့် ထက်ဝက်နီးပါးသည် လူရွယ်များ ဖြစ်ပေသည်။
ထို့ကြောင့် လူအယောက်နှစ်ဆယ်ကျော်၏ ဝင်ရောက်စီးနင်းမှုအား ခံရသောအခါ ဓားအမာရွတ်ချန်နှင့် ဝကျေုံးဖန်ဦးဆောင်သော လူအများအပြားသည် ထန်ရှုနှင့်အတူ တုံ့ပြန်ရန် ရွေးချယ်ခဲ့ကြသည်။ သူတို့သည် စားပွဲပေါ်ရှိ ပုလင်းများနှင့် အခြားပစ္စည်းများကို ဆွဲကိုင်လိုက်ပြီး ဝင်ရောက်လာသော ယောက်ျား ၂၀ကျော်အား ပြန်လည်တိုက်ခိုက်ခဲ့သည်။ အမျိုးသမီးများနှင့် ကြောက်ရွံ့သော အမျိုးသားများမှတပါး ကျန်သောသူများသည် တခဏသာ တုံ့ဆိုင်းသွားပြီးနောက် ရန်ပွဲထဲသို့ ရဲရင့်စွာ ပါဝင်ခဲ့ကြပေသည်။
ရန်ပွဲသည် ဖရိုဖရဲဖြစ်ကာ ဗြောင်းဆန်နေခဲ့သည်။
ထန်ရှုကိုယ်တိုင်ပင် သည်ကဲ့သို့ ထိပ်တန်းအမှုဆောင်များ ပါဝင်လာလိမ့်မည်ဟု မမျှော်လင့်ထားမိချေ။ ထို့ကြောင့် သူသည် လျင်မြန်စွာ လှုပ်ရှားပြီး လုပ်ဆောင်သည်။ သူ၏လူတစ်ယောက် ဒဏ်ရာရသွားတဲ့အခါတိုင်း ထိုလူအား ဒဏ်ရာရအောင် လုပ်သည့် ချန်းစီအန်း၏လူအား ချက်ချင်း သူ တိုက်ခိုက်သည်။ မိနစ်ဝက်အကြာတွင် ချန်းစီအန်း ခေါ်ဆောင်လာသော အမျိုးသားများအားလုံး ရိုက်နှက်ခံခဲ့ရပြီး ခမ်းနားသောထန်လုပ်ငန်းစု၏ထိပ်တန်းအမှုဆောင် ငါးဦး သို့မဟုတ် ခြောက်ဦးသည် ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။
"ငါတို့ ရဲခေါ်ရမလား သူဌေး။"
ခန်းရှသည် ကုမ္ပဏီမှ လူများအား ရဲမခေါ်စေရန် တားမြစ်ထားသည်။ ထိုအချိန်တွင် ပြသနာရှာသူအားလုံး ရှုံးနိမ့်သွားသည်ကို မြင်ရသဖြင့် သူမသည် ထန်ရှုထံသို့ ရောက်လာကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။
ထန်ရှုက ခေါင်းယမ်းပြီး
"ရဲကို မခေါ်နဲ့။ မပြီးသေးဘူး။"
ခန်းရှက မဝံ့မရဲ ခေါင်းညိတ်ကာ မေးလိုက်သည်။
“ဒါပေမယ့် ငါတို့လူတွေ ထိခိုက်ဒဏ်ရာရထားတယ်။ သူတို့ကို ဆေးရုံပို့ရမယ်မဟုတ်လား။”
ထန်ရှုက ထပ်မံခေါင်းယမ်းလိုက်ပြီး ဒဏ်ရာရသည့် သူ၏လူများဆီ လျှောက်သွားကာ ချက်ချင်း ကုသတော့သည်။ ထိပ်တန်းအမှုဆောင်အချို့မှာ သွေးထွက်ဒဏ်ရာများ ရရှိထားသဖြင့် သွေးတိတ်စေရန် ထန်ရှုသည် ရိုးရှင်းသောကုသနည်းများဖြင့် ကုသပေးလိုက်သည်။
“အားလုံး ကျွန်တော်နဲ့ အတူ လှုပ်ရှားပေးတဲ့အတွက် ကျေးဇူးတင်တယ်။ ဒီနေ့ မတော်တဆမှုအပြီးမှာ ကျွန်တော်တို့ခမ်းနားသောထန်ရဲ့ ထိပ်တန်းအမှုဆောင်တွေက အရမ်းစည်းလုံးညီညွတ်တယ်ဆိုတာ ကျွန်တော် နားလည်သွားပြီ။ ကျွန်တော့်စကားကို မှတ်ထား။ ကျွန်တော်တို့လူတွေကို အနိုင်ကျင့်ရဲတဲ့သူတွေကို လက်တွဲဖြေရှင်းရမယ်။ တစ်ဖက်လူက နောက်ခံအားကောင်းရင်တော့ ကျွန်တော့်ဆီ ချက်ချင်းဖုန်းဆက်ပါ။ ကျွန်တော်က ခင်ဗျားတို့ရဲ့ သူဌေးဖြစ်တဲ့အတွက် လိုအပ်တဲ့ ထောက်ပံ့မှုတွေ လုပ်ပေးမယ်။"
ထန်ရှု ပတ်ပတ်လည်မှလူများအား ကြည့်ရင်း လေးနက်စွာ ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် သူသည် သတိလစ်နေသော ချန်းစီအန်းဆီသို့ လျှောက်သွားသည်။ အကြိမ်အနည်းငယ် မျက်နှာအား ရိုက်ကာ ထိုသူ သတိရစေရန်လုပ်လိုက်ပြီးမှ ခွေးသေတစ်ကောင်ကဲ့သို့ ကြမ်းပြင်ပေါ်ပစ်ချလိုက်သည်။ ထို့နောက် ထန်ရှုသည် လေသံအေးစက်စက်ဖြင့်
“ကောင်းပြီ။ ငါတို့ စကားဆက်ကြရအောင်။ မင်းက ခမ်းနားသော ထန်လုပ်ငန်းစုရဲ့ပါတီကို မင့်လူတွေနဲ့ လာနှောင့်ယှက်ခဲ့တယ်။ မင်းလုပ်လို့ ငါတို့ကုမ္ပဏီ အတော်ထိခိုက်သွားတယ်။ ကုမ္ပဏီရဲ့ ထိပ်တန်းအမှုဆောင် အရာရှိအချို့တောင် ဒဏ်ရာ ရသွားရပြီ။ ငါသိချင်တာက အဲ့ဒီအတွက် ဆေးဖိုးငွေတွေ၊ အချိန်ကုန်ပြီး စိတ်ပင်ပန်းလူပင်ပန်းဖြစ်ရတာတွေ၊ ငါတို့ရဲ့ဆုံးရှုံးမှုတွေကို မင်း ဘယ်လို လျော်ကြေးပေးမလဲ။”
ကြမ်းပြင်ပေါ် ရှိနေရာတိုင်းတွင် ခွေခွေခေါက်ခေါက်လဲကာ ညည်းတွားနေကြသည့် သူ၏လူများအား ကြည့်ရှုရင်း ချန်းစီအန်းသည် ခေါင်းယမ်းမိရင်း သူ မြင်သည်ကို မယုံနိုင်လောက်အောင် ဖြစ်နေရသည်။ အမြင်အာရုံ မမှားစေရန် သူ၏မျက်စိကိုပင် ပွတ်သပ်မိသည်။
သို့သော် သူ၏ လူနှစ်ဆယ်သည် လုံးဝ မှောက်သိပ်ခံခဲ့ရသောကြောင့် သူမြင်လိုက်ရသော ရလဒ်မှာ စိတ်ပျက်စရာအတိဖြစ်နေခဲ့သည်။
“…မင်း…”
ချန်းစီအန်းသည် ထန်ရှုအား ကြည့်ရင်း ပါးစပ်ဟလိုက်သော်လည်း စကားတစ်ခွန်းမှ မပြောနိုင်ပေ။ ထန်ရှုအား ဆုံးမကာ ဆေးရုံပေါ်တွင် လအတော်ကြာ နေခိုင်းမည်ဟု မောက်မာစွာ သူ အော်ဟစ်ခဲ့သည်။ သို့သော် အဆုံးသတ်တွင် သည်ကဲ့သို့ အခြေအနေမျိုး ဖြစ်သွားလိမ့်မည်ဟု သူ တစ်ခါမှ မထင်ခဲ့မိပါချေ။
မထီတထီဟန် ရှိနေသော ထန်ရှုသည် ဝိုင်ပုလင်းကို လှမ်းယူလိုက်ပြီး ချန်းစီအန်း၏ဘေးရှိ အမျိုးသားတစ်ယောက်ဆီသို့ လာကာ ခေါင်း ရိုက်ခွဲလိုက်သည်။ စူးစူးဝါးဝါးအော်ဟစ်နေသော ထိုအမျိုးသား၏ခေါင်းအား ထန်ရှု ဆွဲလိုက်ကာ သူ၏အဝတ်အစားများအား ထိုသူ၏သွေးများဖြင့် ပေကျံစေသည်။ ထို့နောက် သူသည် ချန်းစီအန်းဘက်လှည့်ကာ လေသံမာမာဖြင့် ပြောလိုက်သည်။
“ငါ့အဝတ်အစားအတွက် ၃၀မီလီယံ၊ အခြားဆုံးရှုံးမှုတွေအတွက်ပါ ထည့်ပေါင်းရင် လျော်ကြေးက မီလီယံ ၂၀၀ထက် နည်းလို့မရဘူး။ မဟုတ်ရင် မင်းတို့ကောင်တွေ ဒီည ဒီခန်းမထဲက ထွက်သွားရလိမ့်မယ် မထင်နဲ့။”
…မီလီယံ ၂၀၀…
ချန်းစီအန်းသည် တွေတွေကြီး စိုက်ကြည့်နေရင်း ဒေါသအလိပ်လိပ် ထပ်မံထွက်ပေါ်လာရသည်။ သူသည် ထန်ရှုအား စိုက်ကြည့်ကာ ခက်ခက်ခဲခဲထကာ ဒေါသတကြီးအော်ဟစ်လိုက်သည်။
"ထန်မျိုးရိုး … အဝေးကြီး မသွားနဲ့။ ဒီအဖေက မီလီယံ၂၀၀ ထုတ်ယူနိုင်ပေမယ့် အဲဒါကို ရပြီး မင်း အသက်ဆက်ရှင်နိုင်မယ်လို့ ထင်နေတာလား။"
…ဘန်း…
ထန်ရှု ချန်းစီအန်း၏မျက်နှာအား ထပ်ရိုက်လိုက်ပြန်သည်။ ထို့နောက် သူက ဓားအမာရွတ်ချန်အား ကြည့်ကာ အနီးနားရှိ ကုလားထိုင်အား ညွှန်ပြသည်။
ပြုံးနေသော ဓားအမာရွတ်ချန်က ကုလားထိုင်ကို ရွှေ့ပေးပြီးနောက် ထန်ရှုသည် ကုလားထိုင်တွင် ခြေချိတ် ထိုင်လိုက်ကာ မျက်နှာသေဖြင့်
"ဒါကို ဖြုန်းဖို့ ငါ အသက်ရှင်နေမှာလားဆိုတာ မင်း စိတ်ပူစရာ မလိုပါဘူး။ ငါ မင်းကို အချိန်နှစ်နာရီပေးမယ်။ မီလီယံ ၂၀၀ကို မဆပ်ရင် မင်းတို့အားလုံးကို အလှည့်ကျ ရိုက်မယ်။ အကြိမ်ကြိမ်ရိုက်ပြီးသွားရင်တော့ မင်း အိပ်ရာထဲမှာ လအနည်းငယ်ကြာအောင် အိပ်ရမှာကို ငါ စိုးရိမ်မိသား။"
ချန်းစီအန်းသည် သူ့မျက်နှာအား လက်တစ်ဖက်ဖြင့် အုပ်ရင်း ကြမ်းပြင်ပေါ် ပြိုလဲသွားသောကြောင့် အခြားလက်တစ်ဖက်ဖြင့် ကြမ်းပြင်ပေါ် လဲမကျစေရန် အသာထောက်လိုက်သည်။ ခက်ခက်ခဲခဲ ကြိုးစားထိုင်ပြီးနောက် သူ၏ ချောမောသော မျက်နှာပေါ်တွင် ခက်ထန်သော အကြည့်တစ်ခု ထွက်ပေါ်လာပြီး
"ထန်မျိုးရိုး … မင်းက တကယ်ဘောပဲ ဟေ့ကောင်။ မင်း စောင့် … ခဏပဲစောင့်..."
ချန်းစီအန်းသည် ထန်ရှုအား ဆဲဆိုပြီးနောက် လက်ကိုင်ဖုန်းကို ထုတ်ကာ နံပါတ်တစ်ခုကို ခေါ်ဆိုလိုက်ပြီး
“အကိုကြီး … မင်း လွှတ်လိုက်တဲ့သူတွေ အကုန်လုံး အရိုက်ခံရတယ်။ ငါလည်း ထပ်ပြီး အရိုက်ခံရတယ်။”
"လိပ်စာ ပြော။"
"လုံစားသောက်ခန်းမ ကျောက်စိမ်းရည်ခန်းမဆောင်…"
"ကောင်းပြီ…"
ဖုန်းချပြီးနောက် ချန်းစီအန်းသည် ထန်ရှုအား မုန်းတီးစွာ စိုက်ကြည့်ရင်း
"မင်း စောင့်နေလိုက် ထန်မျိုးရိုးကောင်။ ဒီကိစ္စက မပြီးသေးဘူး။"
ထန်ရှုသည် စိတ်မရှည်သည့်ဟန်ဖြင့် သူ့ကို စိုက်ကြည့်ရင်း ဓားအမာရွတ်ချန်ဘက်လှည့်ကာ
“သူ ပြောနေတာ ထပ်မကြားချင်တော့ဘူး။ သူ့ကို လှဲသိပ်လိုက်တော့။"
"သိပြီ…"
ဓားအမာရွတ်ချန်သည် အင်အားကြီးမားသော ဓားပြနောက်ခံရှိခဲ့သူတစ်ဦး ဖြစ်သည်။ သူသည် ပုလင်းကို ကိုင်လိုက်ပြီး ချန်းစီအန်း၏ ခေါင်းကို တိုက်ရိုက် ရိုက်ခွဲလိုက်ခြင်းဖြင့် မေ့လဲသွားအောင် လုပ်လိုက်သည်။
ဆိုက်မော ရေပူစမ်းစင်တာ…
ပူနွေးသော ရေပူစမ်းထဲတွင် ရေစိမ်ပြီးနောက် အဝတ်အစားလဲပြီးသွားသော ချန်းစီလွေ့၏ မျက်လုံးများထဲတွင် အေးစက်သော အရိပ်တစ်ခု လင်းလက်လာသည်။ ဖုန်းပြောပြီးနောက်တွင် လုံ့ကျန့်လင်း၊ ဖေးရှန်နှင့် ဟွမ်ရှို့တို့ကို လှည့်ကြည့်လိုက်ပြီး
"ငါ ကိစ္စတစ်ခုရှိလို့ မင်းတို့နဲ့ မလိုက်နိုင်တော့ဘူး။"
လုံကျန့်လင်းက အံ့သြသွားပြီး
"မင်း ဘယ်သွားစရာ ရှိလို့လဲ။"
"ငါ့ညီလေး ထပ်ပြီး အရိုက်ခံရပြန်ပြီ။ သူ့ဆီ ငါလွှတ်ပေးလိုက်တဲ့သူတွေကလည်း တစ်ဖက်အဖွဲ့က ရိုက်တာခံလိုက်ရတယ်။ ငါကိုယ်တိုင် လုံစားသောက်ခန်းမကို သွားကြည့်ရမယ်။"
လုံကျန့်လင်း၊ ဖေးရှန်နှင့် ဟွမ်ရှို့တို့သည် မယုံကြည်နိုင်ဟန်အကြည့်များ ဖလှယ်လိုက်ကြပြီး သူတို့၏မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာများ ဖြစ်ပေါ်နေကြသည်။ ချန်းစီလွေ့ ပေးပို့သော လူများကို တစ်စုံတစ်ယောက်မှ ရှင်းပစ်နိုင်ရုံသာမက ချန်းစီအန်းကိုပင် ပြင်းထန်စွာ ရိုက်နှက်ခဲ့မည်ဟု မမျှော်လင့်ခဲ့မိချေ။
ဒီလိုမျိုးသတ္တိ ဘယ်သူ့ဆီမှာ ရှိနိုင်မလဲ။ ဘယ်သူက ဒီလောက် သောင်းကျန်းနိုင်တာလဲ။
လုံကျန့်လင်း တခဏ စဉ်းစားပြီးနောက်
"သခင်လေးချန်း … မင်းကို ကြယ်တာရာမြို့လာဖို့ ငါ ဖိတ်ထားတာပါ။ ဒါကြောင့် မင်းရဲ့ညီက ငါ့ညီပဲ။ တစ်ခုခုဖြစ်ရင် ငါက ကြယ်တာရာရဲ့ဒေသခံဆိုတော့ မင်းကို ကူညီပေးရမှာ သဘာဝပဲ။ ကောင်းပြီ လုံစားသောက်ခန်းမကို တူတူသွားကြတာပေါ့။ စီမြောင်အုပ်စုရဲ့ ဒုတိယသခင်လေးကို အနိုင်ယူရဲတဲ့ ငတိတွေကို ငါတကယ်တွေ့ချင်နေတာ။”
ဖေးရှန်နှင့် ဟွမ်ရှို့တို့က တညီတညွတ်တည်း ပြောကြသည်။ “ဟုတ်တယ်။ ငါတို့အားလုံးက ဘော်ဒါတွေဆိုတော့ မင်းကိစ္စက ငါတို့ကိစ္စပဲ။”
"အတူတူ သွားကြတာပေါ့။"
တခဏ နှုတ်ဆိတ်သွားပြီးနောက် ချန်းစီလွေ့က ခေါင်းညိတ်ပြီး "ဒါဆို ကြိုတင် ကျေးဇူးတင်တယ်ကွာ။"
တစ်နာရီအကြာတွင် လုံစားသောက်ခန်းမ၏ဝင်ပေါက်သို့ ကားခြောက်စီး ရောက်ရှိလာသည်။ ချန်းစီလွေနှင့် အခြား သုံးယောက် ဆင်းလာပြီး အနက်ရောင်ဝတ်စုံ ဝတ်ထားသော အမျိုးသား ၁၅ယောက်သည် ကားများထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။
"သခင်လေး လုံ…သခင်လေးချန်း ...။ ပြန်လာပြီလား။"
ဂိတ်ဝရောက်သည့်အခါ လုံခြုံရေးမှူးက ပြုံးပြီး နှုတ်ဆက်ရန် ရှေ့ကို လျှောက်လာသည်။
ထိုသူအား အေးစက်စက်နှာမှုတ်သံဖြင့် တုံ့ပြန်ကာ လျစ်လျူရှုလိုက်ပြီး ချန်းစီလွေ့သည် အထဲသို့ ဝင်လာခဲ့သည်။
ချန်းစီလွေ့တို့အဖွဲ့၏ တင်းမာရန်လိုသည့် အမူအရာသည် ဧည့်သည်များစွာ၏သိချင်စိတ်အား နှိုးဆွခဲ့သည်။
ကျောက်စိမ်းရည်ခန်းမဆောင်အရှေ့ တံခါးအား သန်မာသည့် အမျိုးသားနှစ်ယောက်က လျင်မြန်စွာ တွန်းလိုက်သည်။ ချန်းစီလွေ့၊ ဖေးရှန်၊ လုံကျန့်လင်းနှင့် ကျန်သောသူများသည် ခြိမ်းခြောက်လိုသောအမူအရာဖြင့် ခန်းမတွင်းသို့ ပြေးဝင်သွားကြသည်။ ခန်းမတွင်းရှိ မြင်ကွင်းကို မြင်ရသည့်အခါ သူတို့၏ဒေါသများက ပိုမိုပြင်းထန်လာကြတော့သည်။
အရပ်ရှည်ကာ ကြံ့ခိုင်သန်မာသော လုံကျန့်လင်းက
"ဝက်ဝံနဲ့ ကျားသစ်ရဲ့နှလုံးသားကို စားဖို့ သတ္တိ ဘယ်သူ ရှိနေခဲ့တာလဲ။ မင်းက ဒုတိယသခင်လေးချန်းကို မင်းက ဘယ်လိုတောင် ရိုက်ရဲနေတာလဲကွဟေ။ ယီးလို…”
ရုတ်တရက် သူ့အသံများ ရပ်ကာ သူ့မျက်နှာသည် ကြောင်စီစီအမူအရာဖြစ်သွားသည်။
ဆဲဆိုတော့မည့် ဟွမ်ရှို့နှင့် ဖေးရှန်တို့သည် ကုလားထိုင်တွင် ထိုင်နေသော ထန်ရှုအား တွေ့လိုက်ပြီးနောက် မယုံနိုင်ဟန်အကြည့်များဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ချန်းစီလွေ့ကတော့ ထန်ရှုကို မသိချေ။ ကြမ်းပြင်ထက်တွင် သတိလစ်မေ့မြောအောင် အရိုက်ခံထားရသော ညီငယ် ချန်းစီအန်း နှင့် ခွေးသေများသဖွယ် အခြေအနေမကောင်းစွာ လဲလျောင်းနေရသည့် သူ၏လူအယောက်နှစ်ဆယ်ကိုသာ မြင်သည်။ သူ၏နှလုံးသားထဲတွင် ဒေါသမီးတောက်များ တဝုန်းဝုန်း တောက်လောင်လျက်ရှိသည်။ သို့သော် တည်ငြိမ်ရင့်ကျက်သူတစ်ယောက်အနေဖြင့် ဒေါသစိတ်ကြောင့် အရူးတစ်ယောက်သဖွယ် မဖြစ်ခဲ့ပေ။
"မင်းက ငါ့ညီကို ဒဏ်ရာရစေခဲ့တာလား။"
ထိုသူအား အေးစက်စက် တစ်ချက်ကြည့်ပြီး ထန်ရှု၏ အကြည့်များသည် လုံကျန့်လင်း၏ မျက်နှာဆီသို့ ရွေ့သွားပြီး ခံစားချက်မဲ့နေသော မျက်နှာဖြင့်
"ကောင်းပြီ … ဒုတိယသခင်လေးလုံ … မင်းက တခြားသူတွေနဲ့ လိုက်လာတာဆိုတော့ ဒီချန်းမိသားစုအတွက် ရပ်တည်ပေးမှာလား။"
“ဟင့်အင်း…” လုံကျန့်လင်းက အလျင်စလို ခေါင်းခါလိုက်သည်။
မျက်မှောင်ကြုတ်ကာ ခေါင်းကို တွင်တွင်ယမ်းနေသော လုံကျန့်လင်းအား ချန်းစီလွေ့သည် လှည့်ကြည့်မိပြီး စိတ်ရှုပ်သွားသည့်ဟန် ရှိသည်။
အေးစက်စွာ နှာတစ်ချက်မှုတ်တုံ့ပြန်လိုက်ရင်း ထန်ရှုသည် ဟွမ်ရှို့နှင့် ဖေးရှန်ကို ကြည့်ကာ
"မင်းတို့နှစ်ယောက်ကရော ဘယ်လိုလဲ။ ချန်းမိသားစုအတွက် ရပ်တည်ချင်တာလား။"
ဟွမ်ရှို့နှင့် ဖေးရှန်တို့သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး နှစ်ယောက်သား တစ်ပြိုင်နက်တည်း ပြုံးပြခေါင်းယမ်းကာ "မဟုတ်ဘူး။ ငါတို့ ဒီကိစ္စနဲ့ ဘာမှမဆိုင်ဘူး။"
"ဟုတ်တယ်။ မင်းက ဒီကိစ္စမှာ ပါဝင်နေတာမို့ ငါတို့ ဝင်စွက်ဖက်မှာ မဟုတ်ဘူး။"
ချန်းစီလွေ့ တစ်ဖန် အံ့အားသင့်သွားပြီး ကြက်သေ သေသွားသည်။ သူသည် လုံကျန့်လင်း၊ ဖေးရှန်နှင့် ဟွမ်ရှို့တို့အား မယုံနိုင်သောအမူအရာဖြင့် ကြည့်မိသည်။ ထိုသုံးဦးသည် အစောပိုင်းက သူ့အား ကူညီရန် စိတ်အားထက်သန်နေပြီး ရန်သူများကို ရှင်းပစ်ရန် ကူညီမည်ဟု ဆိုကြသည်။ သို့သော် အခုက...
"လုံကျန့်လင်း၊ ဖေးရှန်၊ ဟွမ်ရှို့ ... မင်းတို့ကောင်တွေ ဒါက ဘာသဘောလဲ"
ချန်းစီလွေ့က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ခဏလောက် နှုတ်ဆိတ်နေပြီးနောက် လုံကျန့်လင်းက ရုတ်တရက် ပြောလိုက်သည်။
"သခင်လေးချန်း … မင်း သတိမထားမိတဲ့အရာတစ်ခုရှိတယ်။ မင်းရဲ့ညီငယ်က လူတစ်ဦးတစ်ယောက်နဲ့ ပြသနာတက်နေတာမဟုတ်ဘဲ ခမ်းနားသော ထန်လုပ်ငန်းစုကို ပြစ်မှားနေတာဖြစ်နေတယ်။ ငါ့မှာ ကြီးကြီးမားမား တစ်စုံတစ်ရာ မရှိပေမယ့် ခမ်းနားသောထန်ရဲ့ အလံအောက်မှာ ငါ့ရဲ့စီးပွားရေးလုပ်ငန်းတစ်ခုရှိတဲ့အပြင် စတော့ရှယ်ယာနည်းနည်းပါးပါး ဝင်ထားတာလည်းရှိတယ်။ ဒါကြောင့် မင်းရဲ့ ချန်းမိသားစုက ခမ်းနားသောထန်နဲ့ ထိပ်တိုက်တွေ့မယ်ဆိုရင် ငါနဲ့လည်း တွေ့ရလိမ့်မယ်။ မင်း အဲ့လိုဖြစ်ချင်သပဆိုရင် မင်းမျက်နှာကို မထောက်ဘူးလို့ နောက်မှ ငါ့ကို အပြစ်မတင်ပါနဲ့။"
သူ၏အပေါင်းအသင်းများသည် ခမ်းနားသောထန် လုပ်ငန်းစု၏တစ်စိတ်တစ်ပိုင်းဖြစ်နေသောကြောင့် ချန်းစီလွေ့ အံ့သြတုန်လှုပ်သွားရသည်။ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည့်အလား သူ၏အကြည့်များသည် ထန်ရှု၏အနီးတွင် ရပ်နေသော ခန်းရှဆီသို့ ရောက်သွားကာ သူ၏အမူအရာ ရုတ်ခြည်းပင် ပြောင်းလဲသွားရသည်။
“မင်းက ထန်ရှုလား…”
“သခင်လေးချန်းလိုလူက ငါ့ကို သိလိမ့်မယ်လို့ ထင်မထားမိဘူး။ ငါက ဝမ်းသာဂုဏ်ယူရမလားပဲ။”
ထန်ရှုက လေသံခပ်ပေါ့ပေါ့ဖြင့် စကားဆိုလိုက်သည်။
လုံကျန့်လင်း၊ ဖေးရှန်၊ ဟွမ်ရှို့တို့ သူ့အား သစ္စာဖောက်ရသည့် အကြောင်းရင်းအား ချန်းစီလွေ့ နောက်ဆုံးတော့ သိသွားခဲ့ရပြီဖြစ်သည်။ ထိုသူတို့သည် ထန်ရှုအား ယခင်ကတည်းက သိနေကြပြီး ရင်းနှီးမှုလည်း ရှိကြသည်။ သိသာစွာ လုံကျန့်လင်းသည် သေချာပေါက်ပင် ထန်ရှုဘက်တွင် ရှိနေသည်။ သူသာ ထန်ရှုနှင့် ရင်ဆိုင်မည်ဆိုပါက လုံကျန့်လင်းသည် တစက္ကန့်မဆိုင်းဘဲ ထန်ရှုဘက်တွင် ရပ်တည်ပေလိမ့်မည်။
***