← Chapters

မျိုးဆက်ကွာဟချက်ကြီး

Vol. 9 Ch. 123

မျိုးဆက်ကွာဟချက်ကြီး

Vol. 9 Ch. 123

အခန်း (၁၂၃) - မျိုးဆက်ကွာဟချက်ကြီး

အစ်မမိန်က စားစရာလက်မှတ်နှင့် ပိုက်ဆံပေးပြီးနောက် ယင်းတို့ကို လင်းချင်းဟယ်က အိမ်ပြန်သယ်လာလေသည်။

သူမ အိမ်ပြန်ရောက်ချိန်တွင် စောနေသေးသော်ငြား ယခုအချိန်၌ ဝက်စာများ ထပ်ချက်ပြုတ်ရန် လိုသေးသည်။ အိမ်နောက်ဖေးရှိ ဝက်နှစ်ကောင်လုံးက အကောင်ကြီးလာပြီး ဆူဖြိုးသော ဝက်များ ဖြစ်လာကြသည်။ သူတို့က ဗိုက်ဆာမြန်သည်။

ယခုက သူတို့ အသားတိုးရန် အချိန်ဖြစ်သောကြောင့် လင်းချင်းဟယ်က သူတို့ကို ကျွေးနေတာ ဖြစ်သည်။

သူမ တစ်ခဏတာ ကြိုးစားပမ်းစား လုပ်နေပြီးနောက် စုချန်လေးကို ချီလျက် အမေကျိုးက ဝင်လာတော့သည်။

အမေကျိုးသည် စုချန်လေးကို သူ့ဘာသာသူဆော့နိုင်အောင် အခန်းထဲ ထားခဲ့ပြီး ကူညီရန် ထွက်လာတော့သည်။

လင်းချင်းဟယ်က ပြောလိုက်သည်။ “ လုပ်စရာ သိပ်မရှိဘူး၊ အမေ အနားသွားယူလေ”

အမေကျိုးက ပြန်ပြောသည်မှာ “ နားဖို့ မလိုပါဘူးအေ၊ ကလေးလေးတစ်ယောက်ပဲ ထိန်းရရုံကို၊ ငါ ဘယ်လိုလုပ် ပင်ပန်းမှာလဲ”

လင်းချင်းဟယ်က ချက်ပြုတ်ပြီး ဝက်စာများကို အမေကျိုးအား ပေးပြီး ပြောလိုက်သည်။

“အဖေက ဒီမနက် မနက်စာ ဘာလို့ လာမစားတာလဲ”

“ညည်းအဖေကို အိမ်မှာပဲ မနက်စာ စားပါစေ” အမေကျိုးက သူမ ထိုအကြောင်းကို ပြောလာလိမ့်မည်ဟု မထင်ထားပေ။ သူမက ခဏတာ မှင်တက်နေပြီးနောက် ဖြေလိုက်တာ ဖြစ်သည်။

“ဒီတစ်နပ်ကို အလွတ်မခံနဲ့၊ အမေက ညဘက်ကြီး ထပြီး စုချန်လေးကို နို့တိုက်ရမှာလေ၊ မနက်ကျ အလုပ်ရှုပ်ခံပြီး ထဖို့ မလိုဘူး၊ အဖေ့ကိုပဲ ဒီလာပြီး စားခိုင်းလိုက်ပါ၊ ကျွန်မ ပေါင်းချက်လိုက်မယ်၊ ချက်ဖို့က အတော် အဆင်ပြေပါတယ်” လင်းချင်းဟယ်က တိုက်တွန်းလိုက်သည်။

သူမက ထိုအကြောင်းကို ကျိုးချင်းပိုင်နှင့် မတိုင်ပင်ခဲ့ပေ။ ထိုသို့တိုင် သူတို့လင်မယား၌ တူညီသည့်အတွေး ရှိပေ၏။

သူတို့က နေ့လယ်စာနဲ့ ညစာတူတူစားနေပြီလေ။ မနက်စာတစ်နပ်ကို ကျော်ဖို့ မလိုတော့ဘူးမလား။

အမေကျိုးက အားပါးတရပြုံးပြီး ပြန်ပြောလိုက်သည်။ “ ကောင်းပြီလေ နင့်အဖေ ပြန်လာချိန် သူ့ကို ပြောလိုက်မယ်”

“ကျွန်မ နေ့လယ်စာ သွားပို့တဲ့အချိန်ကျ အဖေ့ကို ပြောခဲ့ပါ့မယ်” လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။

“အေး အေး “အမေကျိုးက ပြုံးပြီး ခေါင်းညိတ်လိုက်တော့သည်။

လင်းချင်းဟယ်က အဆီမပါသည့်အသားကို ထုတ်ပြီး ခုတ်လိုက်တော့သည်။ သူမက နေ့လယ်စာအတွက် နွေဦးပန်ကိတ် ပြုလုပ်နေတာဖြစ်ပြီး ထိုထဲတွင် နုတ်နုတ်စဉ်းထားသော အသား ထည့်ရမှာ ဖြစ်သည်။ မည်မျှ အရသာရှိကြောင်း အသိအမှတ်ပြုရန် မလိုပေ။

အမေကျိုးက ထိုအခြင်းအရာကို တွေ့သော်ငြား ဘာမှမပြောခဲ့ပေ။

သူမက အမြင်ကျယ်အောင်ဖွင့်ထားပြီးဖြစ်သည်။ စတုတ္ထလေး၏ ဇနီးက သူမ အလိုရှိသမျှ လုပ်နိုင်ပေ၏။ သူမနှင့် ခင်ပွန်းသည်က မြေးသုံးယောက်အတွက် ငွေများ စုဆောင်းပေးနိုင်သည်။

ထို့အပြင် စတုတ္ထလေး၏ ဇနီးက သူတို့ လာရောက်စားသောက်ချိန်တွင် အသားများ ဝယ်လာပေးနိုင်သည်။ သူတို့ကို သူမက စိတ်ထဲမထားဘဲ တူတူလာစားရန် အေးဆေး ပြောခဲ့သည်။ ကိစ္စများက ဖြစ်သင့်သည့်အတိုင်း ဖြစ်လာတာပင်။

အမေကျိုးက မည်သည်ကို အတွန့်တက်နိုင်မည်နည်း။

နေ့လယ်စာ နွေဦးပန်ကိတ်ဖြစ်ပြီး နွေဦးရာသီ မဟုတ်သည့်တိုင် နွေဦးပန်ကိတ်များက ပြုလုပ်ရတာ လွယ်ပြီး ရိုးရိုးရှင်းရှင်း စားသောက်နိုင်သည်။

အထဲတွင် သခွားသီး၊ ရနံ့မွှေးသည့် နုတ်နုတ်စင်းထားသောအသားနှင့် ကြက်သွန်မြိတ်ပါသည်။ မုန့်သားတွင်း ထည့်လိုက်ချိန်တွင် အရသာ ရှိမည်ဆိုတာ သံသယဖြစ်ဖွယ် မရှိပေ။

ပြီးနောက် ကြက်ဥနှင့် ခရမ်းချဉ်သီးစွပ်ပြုတ်လည်း ရှိပြီး လူတစ်ကိုယ်လုံးကို နွေးထွေးအောင် လုပ်ပေးနိုင်သည်။

လင်းချင်းဟယ်က အဖေကျိုးကို မနက်စာအတွက် သူ့တို့အိမ်တွင် လာစားတာ အဆင်ပြေကြောင်း ပြောခဲ့သည်။

အဖေကျိုးက ရယ်ရယ်မောမောဖြင့် မနက်ကတင် ကျိုးချင်းပိုင်လည်း ပြောပြပြီးဖြစ်ကြောင်း ပြန်ပြောသည်။

ကျိုးချင်းပိုင်က သူ့ဇနီးကို ပြုံးဖြဲဖြဲ လုပ်ပြလိုက်သည်။ သူနှင့် သူ့မိန်းမက စိတ်ချင်းဆက်နေသည်။

လင်းချင်းဟယ်ကလည်း ရယ်မောလိုက်သည်။ သူတို့ တင်းတိမ်အောင် စားသောက်နေတာ မြင်ပြီးနောက် သူမက ထုပ်ပိုးလျက် အိမ်ပြန်လာသည်။

ဆောင်းဦးရိတ်သိမ်းမှုက အမှန်တကယ် ပင်ပန်းသည်။

လင်းချင်းဟယ်သည် ကြက်သားနှပ် ချက်ရန်အတွက် အိမ်ရှိ ကြက်တစ်ကောင်ကို သတ်လိုက်သည်။

တစ်မိသားစုလုံးက စားသောက်ရန် စုဝေးလာကြသည်။ တစ်ကောင်ကို လဝက်တိုင်း စားသောက်ခဲ့သည်။ ထို့ကြောင့် ဆောင်းရာသီရိတ်သိမ်းချိန်တွင် အာဟာရဖြည့်ရန်အတွက် နှစ်ကောင် သုံးရသည်။

အမေကျိုးက စွပ်ပြုတ်သောက်ပြီး ကြက်သားတော်တော်များများ စားလိုက်သည်။

ဆောင်းရာသီ ရိတ်သိမ်းမှု ပြီးစီးသည့် ညအချိန်တွင် အားလုံးက သက်သာရာ ရသွားသည်။

အမေကျိုးက သူမ၏ ခင်ပွင်းသည်နှင့်အတူ အနွေးကုတင်ပေါ်တွင် လှဲလျက် စိတ်ခံစားချက်အတိုင်းသားဖြင့် မှတ်ချက်ချလိုက်သည်။

“စတုတ္ထလေးရဲ့ဇနီးက ဒီလောက် ပိန်နေတာ အံ့ဩစရာ မရှိဘူးပဲ၊ သူ့က နေ့တိုင်း နည်းနည်းလေးပဲ စားနေတာ”

သူတို့က သူမနှင့် အတူ စားသောက်သောကြောင့် မျက်မြင်တွေ့ခဲ့တာ ဖြစ်သည်။ ထမင်းတစ်ပန်းကန် မဟုတ်လျှင် ပေါက်စီတစ်ဝက်သာ စားသည်။ သူမက ဟင်းသီးဟင်းရွက်ကိုလည်း ပိုစားသည်။ အသားက လောင်စစ်နှင့် ကလေးများအတွက် ဖြစ်သည်။

“စတုတ္ထလေးရဲ့ဇနီးက တော်တော်ကောင်းနေပါပြီ” အဖေကျိုးကလည်း ထိုသို့မြင်သည်။

လောင်စစ် အနားယူချိန်မှ စပြီး စတုတ္ထလေး၏ ဇနီးသည်က ပြောင်းလဲသွားတော့သည်။ သူမ၏ လက်ရှိပုံစံက တကယ်ကောင်းသည်။ ထိုစားသောက်ပုံများအရ သူမက ပိုက်ဆံမစုဆောင်းနိုင်သည့်တိုင် သူမက နည်းနည်းသာ စားသည်။ အားလုံးကို လောင်စစ်နဲ့ သူ့မြေးတွေပဲ စားလိုက်တာ မလား။

သူမအကြောင်း ဘာပြောစရာ ရှိမှာလဲ။

အမေကျိုးက ထောက်ခံကြောင်း ခေါင်းညိတ်သည်။

စတုတ္ထလေး၏ ဇနီးကို ဟန်ဆောင်နေသည်ဟု ပြောရန် မဖြစ်နိုင်ပေ။ စတုတ္ထလေး၏ ဇနီးက အမယ်အိုလင်မယားရှေ့၌ စိတ်အနှောင့်အယှက်ဖြစ်ခံပြီး ဟန်ဆောင်မှာ မဟုတ်ပေ။ သူမက တစ်က တစ်ဟု ပြောပြီး နှစ်အဖြစ်နေလျှင် နှစ်ဖြစ်နေသော လူမျိုး ဖြစ်သည်။

သူမ အများဆုံးစားသည်က ဟင်းသီးဟင်းရွက်များသာ ဖြစ်သည်။ ရံဖန်ရံခါတွင် သူမက အဆာပြေအဖြစ် သခွားသီးတစ်လုံး၊ သို့မဟုတ် ခရမ်းချဉ်သီးတစ်လုံး ကိုင်ထားတာကို တွေ့နိုင်သည်။

“အခု လောင်စန်းက မငယ်တော့ဘူး၊ စတုတ္ထလေးရဲ့ ဇနီးဗိုက်က ဘာကြောင့် တုံ့ပြန်မှု မပြရတာလဲ” အမေကျိုးက ပြောလိုက်သည်။

အဖေကျိုးက ပြန်ပြောလိုက်သည်။ “သားသုံးယောက် ရနေပြီပဲကွာ၊ ထပ်မမွေးတာက ပိုကောင်းတယ်၊ စတုတ္ထလေးကို သားကြောဖြတ်ဖို့ ပြောလိုက်ချေ။”

ပြီးတော့ သူတို့ရဲ့ မြေးချွေးမတွေအတွက် သူတို့လင်မယား ပိုက်ဆံထပ်မစုနိုင်တော့ဘူးလေ။

“သားတွေက လုံလောက်ပါပြီ၊ သမီးမမွေးသေးဘူးလေ” အမေကျိုးက တီးတိုးပြောလိုက်သည်။

“မိန်းကလေး ဖြစ်ပါမယ်လို့ မင်း အာမခံနိုင်လို့လား၊ သားယောကျာ်းလေး ထပ်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ” အဖေကျိုးက ပြန်ပက်လိုက်သည်။

ကိုယ်ဝန်ရှိရင် မွေးလိုက်ပေါ့။ ဒီခေတ်ကြီးမှာ သားတွေများလွန်းလို့ဆိုပြီး ဘယ်သူက အထင်သေးမှာလဲဟု အမေကျိုးက ပြောချင်နေသည်။

သို့သော် စတုတ္ထလေး၏ ဇနီး နေထိုင်မှုပုံစံကို တွေးမိသောအခါ သူမ ဘာမှမပြောတော့ပေ။ ထို့အပြင် စတုတ္ထလေး၏ ဇနီးဗိုက်က အတော်လေး စွမ်းဆောင်နိုင်သည်။

သူမ ကိုယ်ဝန်ထပ်ရှိလျှင် သားတစ်ယောက် ဖြစ်နိုင်ခြေများသည်။

သူတို့နှစ်ဦးက ပိုက်ဆံမည်မျှ စုဆောင်းစေကာမူ မြေးလေးယောက်အတွက် တင်တောင်ကြေး စုဆောင်းနိုင်မှာ မဟုတ်ပေ။ ထို့အပြင် သူတို့က အသက်ခြောက်ဆယ်ကျော်ပြီဖြစ်ကာ သူတို့ အလုပ်လုပ်နိုင်စွမ်းက နောက်ထပ်နှစ်အနည်းငယ်သာ ခံမှာ ဖြစ်သည်။

သူမ၏ ယောက္ခမများက သူမသားများ၏ အနာဂတ်ကို စိုးရိမ်ပူပန်နေတာကို လင်းချင်းဟယ် မသိဘဲ ကျိုးချင်းပိုင်၏ ကျီစယ်မှုများကြောင့် ငါးဆားနယ်ကြော် ဖြစ်သည်အထိ မောပန်းနေချေပြီ။

သို့သော် သူမက ကျိုးချင်းပိုင်ကို ပြောရန် မမေ့ပေ။ “ရှင် ခွန်အားချွေတာပြီး အနားမယူနိုင်ဘူးလား”

“ကိုယ် နားနေတာလေ” ပြောပြီး ကျိုးချင်းပိုင်က သူမကို ဖက်ထားလိုက်သည်။

ယခုအချိန်တွင် အောက်တိုဘာလ ကုန်ခါနီးပြီဖြစ်ကာ ရာသီဥတုက အနည်းငယ် ပိုအေးလာသည်။ သူ ဖက်ထားချိန်တွင် သိပ်မပူတော့ပေ။ လင်းချင်းဟယ်က သူ့ကို ဖက်ခွင့် ပေးထားပြီး ပြောလိုက်သည်။

“မနက်ဖြန်ကစပြီး ရှင် နောက်ဖေးက အမိုးအကာတွေကို ပြင်ဆင်ရမယ်”

ဆောင်းရာသီရိတ်သိမ်းချိန် ပြီသွားသောအခါ သူ လုပ်သင့်တာ လုပ်ရတော့မည်။

ကျိုးချင်းပိုင်က သဘောတူပြီး ခဏအကြာတွင် ဆေးရုံသို့ ဆေးသွားစစ်ရန် သွားကြဖို့ ပြောလာခဲ့သည်။

“ဆောင်းကုန်တဲ့ထိ စောင့်ပါဦး။” လင်းချင်းဟယ်က ဟန့်တားရုံသာ တတ်နိုင်သည်။

ဆောင်းကုန်သည်နှင့် သူမက သူ့ကို ထိုအကြောင်း ရှင်းပြမည်။ ထိုလူ၏ ကျန်းမာရေးကို ထိခိုက်စေသည်အထိ ဒေါသထွက်ခွင့် မပေးနိုင်ပေ။

သူ သမီးတစ်ယောက် မည်မျှလိုချင်မှန်း သူမ သိသည်။ သူမ တတ်နိုင်လျှင် နာကျင်မှုကို တင်းခံလျက် တစ်ယောက် မွေးပေးမှာ ဖြစ်သည်။

သို့သော် နည်းလမ်း တကယ် မရှိပေ။ သူမက တားထားပြီးဖြစ်သည်။

“မြန်မြန်အိပ်တော့” လင်းချင်းဟယ်က လောလိုက်သည်။

မနက်ဖြန်က စားစရာ ဖြန့်ဖြူးမည့်နေ့ဖြစ်သည်။ သူမက အိမ်ကို ပိုသယ်လာပြီး စီးပွားရှာရမည်။

စားစရာ ခွဲဝေဖြန့်ဖြူးပေးခြင်းက ရွာထဲရှိ အဓိကပွဲကြီးတစ်ခု ဖြစ်သည်။ လင်းချင်းဟယ်က သူမနှင့် အတူ ကျိုးတုန်ကိုပါ ခေါ်လိုက်၏။

ဤနည်းဖြင့် ကျိုးတုန်၏ ခြင်းထဲ ဆန်များ ထည့်သယ်လာနိုင်မှာ ဖြစ်သည်။

အဖေကျိုးနှင့် အမေကျိုးက ကျိုးချင်းပိုင်အား သူတို့၏ စားစရာမှတ်တမ်းစာအုပ်ကို ပေးပြီး ဝေစုနှစ်စု ပြန်သယ်သွားခိုင်းသည်။

ဟုတ်ပေသည်။ သူတို့ သားအငယ်ဆုံးအိမ်သို့ တန်းပို့တာ ဖြစ်သည်။

ကျိုးချင်းပိုင်က သူ့မိဘများ၏ အလုပ်မှတ်စားစရာစာအုပ်ကို ထုတ်လာသည်အား လင်းချင်းဟယ် တွေ့လိုက်ရသည်။

သူမသည် ထိုလင်မယား၏ သုံးနပ်လုံးကို တာဝန်ယူရန် မစီစဉ်ထားပေ။ ဆောင်းဦးရိတ်သိမ်းမှုက ပင်ပန်းလွန်းသောကြောင့်သာ လုပ်ပေးခဲ့တာ ဖြစ်သည်။ အဖေကျိုးတို့က အလုပ်များစွာ လုပ်ခဲ့သည်။ သူတို့ ပေါင်းစားသည်က ပမာဏအနည်းငယ် တိုးရုံသာဟု သူမ ထင်ခဲ့တာ ဖြစ်သည်။

သို့သော် ထိုလင်မယားက နောင်ကျ သူမတို့မိသားစုနှင့်အတူ စားသောက်နိုင်မည်ဟု တွေးနေပုံရသည်။

“ဘာဖြစ်လို့လဲ” ကျိုးချင်းပိုင်က စာအုပ်ကို သူမ တွေဝေစွာ ကြည့်နေတာ မြင်လိုက်ရသောအခါ မေးလိုက်သည်။

လင်းချင်းဟယ်က သူ၏ သဘာ၀ကျသော အမူအရာကို မြင်ပြီး တွေးလိုက်သည်။ သူမနဲ့ ဒီလူကြား မျိုးဆက် ကွာဟချက်က ဒီလောက် ကြီးနေတာ။ သူမ ဘာများ ပြောနိုင်ဦးမှာလဲ။ လက်ခံရုံပဲ ရှိတယ်။

အမေကျိုးက ဘယ်လိုဘယ်ညာ ဝင်မစွက်ဖက်သရွေ့၊ ဟင်းတွေက ချဲ့ကားလွန်းတယ် မပြောသရွေ့ အဆင်ပြေတယ်။ နောင်ကျ ပြောလာရင် ဘယ်လိုပုံစံ ဖြစ်မလဲ။

All Chapters