အနိုင်ကျင့်စော်ကားမှုအား တိတ်ဆိတ်စွာ မျိုသိပ်ခြင်း
Vol. 09 Ch. 429
ချန်းစီလွေ့၏အတွေးများသည် ယောက်ယတ်ခတ်နေသည်။ သူ၏မျက်နှာထက်မှ ဒေါသရိပ်များ လွင့်ပါးသွားကာ ခံစားချက်မဲ့သော အမူအရာဖြင့် အစားထိုးလာသည်။ သူသည် ထန်ရှု၏နောက်ခံအား တစ်လုံးတစ်ပါဒမျှ မသိထားသော်လည်း လုံကျန့်လင်း၊ ဖေးရှန်နှင့် ဟွမ်ရှု့တို့၏အပြုအမူသဘောထားများမှတဆင့် ထန်ရှုသည် လွန်စွာကြောက်စရာကောင်းသော ရန်သူတစ်ယောက် ဖြစ်သည်ကို ခန့်မှန်းနိုင်ပေသည်။ ထို့ကြောင့် သူသည် ထန်ရှု၏ နောက်ခံအကြောင်းအရာအား သေချာစွာ မစုံစမ်းရသေးသရွေ့ မည်သည့်လှုပ်ရှားမှုမှ မလုပ်လိုပေ။ သို့သော် သူ့အတွက် ဒီညသည် အရှုံးတရားအား ခံစားကောင်းခံစားရလိမ့်မည်ဆိုသည်မှာ သေချာသလောက်ပင်။
“ထန်ရှု … မင်းနဲ့ငါ့ညီကြားမှာ ဘာပြသနာရှိမှန်း ငါ မသိပေမယ့် ငါ့ညီလေးက မှားနေတယ်ဆိုရင် ငါ တောင်းပန်ပါတယ်။ လုံကျန့်လင်း၊ ဖေးရှန်နဲ့ ဟွမ်ရှို့တို့ဆီကနေ မင်းအကြောင်း ငါ ကြားဖူးထားတယ်။ ဒါကြောင့် ဒီနေ့ဖြစ်ပွားတဲ့ ကိစ္စကြီးတစ်ခုကို သေးငယ်တဲ့ကိစ္စဖြစ်အောင် လုပ်ဖို့ ငါ တွေးတယ်။” ချန်းစီလွေက တခဏ စဉ်းစားပြီးနောက် အေးဆေးစွာ ပြောလိုက်သည်။
သူက အလျှော့ပေးနေတာလား။
ဒါဇင်နှင့်ချီသော ထန်လုပ်ငန်းစု၏ထိပ်တန်းအရာရှိများသည် လက်ရှိဖြစ်လာသောအခြေအနေအား မယုံကြည်နိုင်အောင် ရှိနေကြသည်။ ချန်းစီလွေတို့ သူငယ်ချင်းအဖွဲ့နှင့် အခြားသူများသည် ခြိမ်းခြောက်သောအမူအရာဖြင့် ရောက်လာကြသည်ကို မြင်ထားကြပြီးဖြစ်သည်။ ရန်ပွဲတစ်ခု ဖြစ်လာလိမ့်မည်ဟုပင် ထင်နေခဲ့သည်။ သူတို့ ထင်မြင်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ချန်းစီလွေအနောက်မှ လိုက်ပါလာသော လုံကျန့်လင်း၊ ဟွမ်ရှို့၊ ဖေးရှန်တို့သည် မိမိတို့ဘက်သို့ ပြောင်းလာကြသည်။ ထို့ပြင် ချန်းစီအန်း၏အစ်ကိုကြီးသည် တန်းအလျှော့ပေးလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားမိကြပေ။ သည်အချိန်တွင်တော့ သူတို့သည် ထန်ရှုအပေါ် လေးစားကြည်ညိုသောစိတ်များ ဖြစ်ပေါ်လာခဲ့ပေပြီ။
ကုလားထိုင်ပေါ်တွင် အေးဆေးစွာ ထိုင်နေသော ထန်ရှုသည် ချန်းစီလွေ၏အသက်မပါသော အမူအရာအား တွေ့ရှိသွားသည့်အလျောက် ခံစားချက်မဲ့စွာ ပြန်ပြောလိုက်သည်။
“ငါက ပြသနာဖြစ်ရတာကို သဘောကျတဲ့သူမဟုတ်ဘူး။ ဒါပေမယ့် မင်းရဲ့ညီလေးက ငါ့ကုမ္ပဏီက အရာရှိကို ချစ်ခွင့်ပန်တယ်။ အငြင်းခံရတော့ သူ့ဒေါသကို ငါ့ဆီ လာမဲတယ်။ ငါတို့ ကုမ္ပဏီပါတီပွဲကို သူ့လူတွေနဲ့ လာဖျက်ဆီးပြီး ငါတို့ကိုပါ တိုက်ခိုက်တယ်။ ဆိုတော့ ဒီကိစ္စက ကြီးရာကနေ သေးအောင်လုပ်ဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးလို့ ငါ ထင်တယ်။”
ချန်းစီလွေ့ မျက်ခုံးတွန့်သွားပြီး
“မင်းက ဘာလိုချင်တာလဲ။”
ထန်ရှုက ဓားအမာရွတ်ချန်ဘက် လှည့်ကာ ပေါ့ပါးသော လေသံဖြင့်
“သူ့ကို နှိုးလိုက်။ ငါ ဘာလိုချင်လဲဆိုတာ သူ့ညီကိုယ်တိုင် ပြောပါစေ။”
ဓားအမာရွတ်ချန်က နာခံစွာဖြင့် ချန်းစီအန်းဆီ လျှောက်သွားကာ အနည်းငယ် ရိုက်လိုက်ပြီးနောက် ချန်းစီလွေ့၏ဒေါသအား လျစ်လျူရှုကာ အသံဝါကြီးဖြင့်
“ဟေ့ချာတိတ် … မင်းအစ်ကိုကြီးက ငါတို့သူဋ္ဌေးရှေ့မှာ ရှုံးနိမ့်တာ ဝန်ခံပြီးပြီ။ သူက ဒီညကိစ္စကို ဘယ်လိုအဆုံးသတ်ရမလဲဆိုတာ သိချင်နေတယ်။ မင်းအစ်ကိုကြီးကို ဒီညကိစ္စ ဘယ်လို အဆုံးသတ်ရမလဲဆိုတာ ပြောပြလိုက်။”
သတိလစ်နေသော ချန်းစီအန်းသည် အသိဝင်လာသောအခါ သူ၏အရှေ့မှ မြင်ကွင်းအား မြင်သည်နှင့် ချက်ချင်း အော်ဟစ်တော့သည်။
“အစ်ကိုကြီး … အဲ့ဒါ သူတို့ပဲ။ ဒီငနာလေးက ထန်မျိုးရိုးကောင်။ သူ…”
“ပါးစပ်ပိတ်ထား…” ချန်းစီလွေ့ လေသံမာမာဖြင့် အော်ကာ သူ့အား ဟန့်လိုက်သည်။
အံ့သြထိတ်လန့်သွားသော ချန်းစီအန်းသည် ချန်းစီလွေ့အား မယုံကြည်နိုင်စွာ စိုက်ကြည့်မိရင်း ပါးစပ်ဟထားသော်လည်း စကားတစ်လုံးမှ မထွက်လာတော့ချေ။
“ငါ့ကို ပြော။ သူတို့က ဘာလိုချင်တာတဲ့လဲ။”ချန်းစီလွေ့က မျက်နှာသေဖြင့် မေးလိုက်သည်။
ချန်းစီအန်းသည် ထန်ရှုအား တစ်ချက်လှည့်ကြည့်ပြီးမှ သူ့အစ်ကိုအား ပြန်ကြည့်လိုက်သည်။ သူ၏မျက်နှာထက်၌ သူ့ကိုယ်သူ လှောင်ရယ်သောအပြုံးတစ်ခု ဖြည်းညှင်းစွာ ပေါ်လာပြီး တခဏတာမျှ တိတ်ဆိတ်သွားသည်။ ထို့နောက် သူက ခေါင်းယမ်းလိုက်ပြီး
“အစ်ကိုကြီး … ငါက သူများရိုက်တာ ခံထားရတဲ့အချိန် မင်းက ငါ့ကို ဒီလိုရယ်စရာကောင်းတဲ့ မေးခွန်းမျိုး မေးမယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး။ ကောင်းတယ် … သိပ်ကောင်းတယ်။ ငါ နားလည်ပြီ။ မီလီယံ ၂၀၀။ သူက လျော်ကြေးအဖြစ် မီလီယံ ၂၀၀ လိုချင်တယ်။ လောလောဆယ် ငါ့မှာ ပိုက်ဆံမရှိဘူးဆိုတော့ မင်း ငါ့ကို ကူညီရမယ်။ ငါ မင်းကို နောက်မှပြန်ဆပ်မယ်။"
မျက်မှောင်ကြုတ်သွားသော ချန်းစီလွေ့သည် သူ့ဘေးနားရှိ သက်လတ်ပိုင်းလူရွယ်ကို လှည့်ကြည့်လိုက်ပြီးနောက် တစ်စုံတစ်ခုကို တီးတိုးပြောလိုက်သည်။ ထိုလူလတ်ပိုင်း ထွက်သွားသည့်အချိန်တွင် ချန်းစီလွေသည် ထန်ရှုဘက် လှည့်ကာ ပြောလိုက်သည်။
"မီလီယံ ၂၀၀က မင်းရဲ့အကောင့်ထဲ ခဏနေ ရောက်လာလိမ့်မယ်။ မင်း အခု ကျေနပ်ပြီလား။ ငါ့ညီနဲ့ ငါ့လူတွေကို ခေါ်သွားလို့ရပြီမလား။"
"မင်းက သခင်လေးချန်း ဟုတ်တယ်နော်။" ထန်ရှုက အသံထွက်အောင် ရယ်လိုက်ပြီး
"အင်း … မင်းက အခြေအနေကို ခံနိုင်ရည်ရှိပြီး စဉ်းစားသွားတာ တော်တော်ကောင်းတယ်။ အဲ့ဒီလို စိတ်ထားရှိတဲ့သူတွေ အထူးသဖြင့် သူတို့တွေက ငါ့ရန်သူဖြစ်တယ်ဆိုရင် ငါ ဘယ်တော့မှ သွားခွင့်မပြုဘူး။ ဘာလို့လဲဆိုတော့ ငါက ပေါင်းပင်တွေကို အမြစ်ပြတ် ရှင်းတဲ့သူမို့လို့ပဲ။ ဒါပေမယ့် ဒီနေ့ ငါ့ကုမ္ပဏီရဲ့ ထိပ်တန်းအမှုဆောင်အရာရှိတွေရှေ့မှာ ငါက အရမ်းရက်စက်တဲ့လူလို့ သူတို့ကို မထင်စေချင်ဘူး။ အဲ့ဒီအတွက် ရက်စက်တဲ့အလုပ်တွေ ငါ မလုပ်ချင်ဘူး။ မင်းရဲ့ညီလေး အတော် ကံကောင်းတယ်လို့ ဆိုရမယ်။ ငါ့ကို ကတိတစ်ခုပေးပြီး မင်း ထွက်သွားလို့ ရပြီ။"
"ဘာကတိလဲ။" ချန်းစီလွေ့က အေးစက်စက်လေသံဖြင့် မေးလိုက်သည်။
ထန်ရှုက ချန်းစီအန်းကို လက်ညှိုးထိုးပြရင်း အေးစက်တင်းမာသောလေသံဖြင့်
"ဒီနေ့ကစပြီး မင်းရဲ့ညီလေးကို ကြယ်တာရာမြို့ဆီ ခြေတစ်လှမ်းမှ ချခွင့်မပြုဘူး။ နို့မဟုတ်ရင် အပြာရောင်မြို့က မင်းတို့ ချန်းမိသားစုဆီ အလည်တစ်ခေါက် ငါ လာရလိမ့်မယ်။ ဒါပေါ့ … မင်းတို့ညီအစ်ကိုတွေ ငါ့ကို လက်စားချေချင်နေရင် လွတ်လွတ်လပ်လပ်သာ လုပ်လိုက်ပါ။ မင်းတို့ရဲ့ ချန်းမိသားစုမှာ ဘယ်လောက် အရည်အချင်း ရှိလဲဆိုတာ ငါကြည့်ချင်တယ်။"
"နောင်တစ်နေ့မှာ မင်း ဒါကို တွေ့ကြုံခံစားရလိမ့်မယ်။" ချန်းစီလွေ့က မျက်နှာသေဖြင့် ပြောလိုက်ပြီး
"ကောင်းပြီ။ မင်းရဲ့ အခြေအနေကို ငါလက်ခံတယ်။"
"ကဲ … သွားတော့။" ထန်ရှု၏ မျက်လုံးများထဲတွင် လူသတ်လိုရိပ်တစ်ချက်လက်သွားပြီး ထူးမခြားနားဟန်ဖြင့် ပြောလိုက်သည်။
ချန်းစီလွေ့က သူ့လူများအား အချက်ပြလိုက်ပြီး ချန်းစီအန်းနှင့် လဲနေသော သူ၏လူများအား ချက်ချင်းဆွဲခေါ်ကာ အမြန်ထွက်ခွာသွားသည်။
ထို့နောက် ထန်ရှုသည် လုံကျန့်လင်း၊ ဖေးရှန်နှင့် ဟွမ်ရှို့ဘက် လှည့်၍ ပေါ့ပေါ့ပါးပါး မေးသည်။
"မင်းတို့သုံးယောက်ရော ပြောစရာရှိသေးလား။"
လုံကျန့်လင်းက အပြုံးဖြင့် ထန်ရှုဆီ လျှောက်လာပြီး "အကိုကြီး … ငါ့ကို ဒီလိုခပ်ခွာခွာအကြည့်တွေ မပေးပါနဲ့လား။ ချန်းညီအကိုတွေ နှောင့်ယှက်ခဲ့တဲ့လူက မင်းပဲဆိုတာ ငါ တကယ် မသိခဲ့ဘူး။ ငါ သိရင် မင်းတောင် လုပ်စရာ မလိုဘူး။ အဲဒီညီအစ်ကိုတွေကို ငါကိုယ်တိုင် ကင်ပစ်လိုက်မှာ။ ဟီးဟီး … အခု အဆင်ပြေလား။ မင်း အဆင်ပြေရင် ငါ မင်းနဲ့အတူ သောက်ချင်သေးတာ။ မင်းနဲ့တွေ့ဖို့က ခက်နေတော့ မင်း ငြင်းလို့မရဘူး။ မင်း အဲ့လိုလုပ်ရင် ငါ ငိုပစ်မယ်။"
ဖေးရှန်နှင့် ဟွမ်ရှို့သည် အကြည့်ချင်းဆုံလိုက်ကြပြီး ဖေးရှန်သည် ထန်ရှုဆီသို့ အနေရခက်သော အပြုံးဖြင့် “ညီအစ်ကိုထန် … ငါတို့နှစ်ယောက်လုံးလည်း မသိလိုက်ကြဘူး။ နို့မဟုတ်ရင် ငါတို့ ဒီကို လိုက်လာမှာ မဟုတ်ဘူး။ ငါတို့က သူငယ်ချင်းတွေပဲ။ ဒီလိုအသေးအဖွဲကိစ္စက ငါတို့ရဲ့ ခင်မင်ရင်းနှီးမှုကို မထိခိုက်စေချင်ပါဘူး။”
တခဏနှုတ်ဆိတ်နေပြီး ထန်ရှုက ခေါင်းညိတ်ပြီး
"ကျန့်လင်း မှန်ပါတယ်။ မသိတဲ့အတွက် အပြစ်မရှိပါဘူး။ မင်းတို့ အရင်ပြန်ကြတော့။ မနက်ဖြန် နတ်ဘုရားဝတ်ရည်ဝိုင်သေတ္တာ အနည်းငယ် မင်းတို့ဆီ ပို့ပေးဖို့ ငါ ခန်းရှကို ပြောထားလိုက်မယ်။ ငါ မင်းတို့ကို ဝိုင်ကောင်းကောင်း ပို့ပေးမယ်လို့ ပြောထားခဲ့တယ် မဟုတ်လား။”
ဖေးရှန်းနှင့် ဟွမ်ရှို့၏ မျက်နှာများတွင် အံ့သြကျေနပ်သော အမူအရာ ပေါ်လာသည်။ ဟွမ်ရှို့က ပြုံးပြီး
“ညီအစ်ကိုထန် … မင်းနဲ့ သူငယ်ချင်းလုပ်ရတာ တကယ်ထိုက်တန်တယ်။ ငါတို့ ပြန်သွားပြီးရင် ချန်းညီအကိုတွေနဲ့ စကားပြောပြီး ရိုးရိုးသားသားနေဖို့ ပြောလိုက်မယ်။”
ထန်ရှုက သူ့အား ခေါင်းညိတ်တုံ့ပြန်ပြီး ထို၂ယောက် ပြန်သွားသည်ကို ကြည့်နေသည်။ ထို့နောက်တွင် သူသည် ဖြည်းညှင်းစွာထရင်း ခပ်ဖျော့ဖျော့အပြုံးဖြင့် ခမ်းနားသော ထန်လုပ်ငန်းစု၏ ထိပ်တန်းအမှုဆောင်များကို ပြောလိုက်သည်။
“ဒီည ရုတ်တရက် မတော်တဆမှုဖြစ်ခဲ့တဲ့အတွက် ကျွန်တော် တကယ် စိတ်မကောင်းပါဘူး။ ဒါပေမယ့် ဒီနေ့ည မတော်တဆမှုကြောင့် ခင်ဗျားတို့က ခမ်းနားသော ထန်လုပ်ငန်းစုရဲ့ ဝန်ထမ်းကောင်းတွေပဲဆိုတာ ကျွန်တော့်ကို နားလည်ခွင့်ပေးလိုက်တာပဲ။ အဲ့ဒါကြောင့် ဒဏ်ရာရသူအားလုံးက တစ်ဦးကို ၁၀မီလီယံစီ ဆုရမယ်။ ရန်ပွဲမှာပါခဲ့တဲ့ ကျန်တဲ့သူတွေကတော့ တစ်ဦးကို 2မီလီယံစီ ရလိမ့်မယ်။ ကျေးဇူးပြုပြီး ကျွန်တော့်စကားတွေကို မှတ်ထားပါ။ တစ်စုံတစ်ယောက်က ကျွန်တော်တို့ ခမ်းနားသော ထန်လုပ်ငန်းစုရဲ့ ညီအစ်ကိုမောင်နှမတွေကို အနိုင်ကျင့်လာရင် ပြန်လည်တွန်းလှန်ရပ်တည်ပြီး ကူညီလိုတဲ့ ဘယ်သူ့ကိုမဆို ကျွန်တော် ဆုပေးမယ်။”
"ကျေးဇူးတင်ပါတယ် သူဋ္ဌေး…"
ဓားအမာရွတ်ချန်သည် ပထမဆုံး တုံ့ပြန်သူဖြစ်သည်။ ရန်ပွဲတွင် သူသည် လက်မောင်းဒဏ်ရာရရှိခဲ့သောကြောင့် ဒဏ်ရာရရှိသွားသည်ဟု ယူဆရသည်။ ဆုငွေ ၁၀မီလီယံက သူ့အား ပါးစပ်နားရွက်ချိတ်မတတ်ပြုံးစေ ရယ်မောစေသည်။ ဝိုင်စက်ရုံ၏ အစုရှယ်ယာများမှ အမြတ်ဝေစုအဖြစ် ယွမ် ၁၀မီလီယံကျော် သူ ရရှိမည် ဖြစ်သော်လည်း ထိုအမြတ်ဝစေုသည် ယခုနှစ်ကုန်မှ ရရှိမည် ဖြစ်သည်။ ထို့အပြင် ယွမ်၁၀မီလီယံသည် သူ့အတွက် အနည်းငယ်မျှသော ပမာဏမဟုတ်ပေ။ သူ ယခင်က မှန်ကန်သည့် ရွေးချယ်မှုလုပ်ခဲ့သည့်အတွက် လက်ရှိတွင် သူ့ကိုယ်သူ မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်ရသည်။
"ကျေးဇူးတင်ပါတယ် သူဋ္ဌေး…"
"ကျေးဇူးပါပဲ သူဋ္ဌေး…"
တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ထိခိုက်ဒဏ်ရာရခြင်း မရှိသော ကုမ္ပဏီ၏ထိပ်တန်း အမှုဆောင်အရာရှိများပင်လျှင် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ကျေးဇူးတင်ကြသည်။ ထိုအချိန်တွင် ထန်ရှုကို ကြည့်သော သူတို့၏အကြည့်များသည် ယခင်နှင့် လုံးဝမတူတော့ချေ။
…သူဌေးက ရက်ရောတယ်။ သည်အချက်သည် သူတို့အား အလွန် ပျော်စေတယ်…
တစ်ညတည်းမှာပင် ၎င်းတို့၏လစာများ ၁၀% တက်လာပြီး ယွမ် ၂မီလီယံမှ ၁၀မီလီယံအထိ ဆုလာဘ်များလည်း ရရှိခဲ့သည်။ အိပ်မက်တစ်ခုပမာပင်။
တိုက်ပွဲတွင် မပါဝင်ခဲ့ကြသူများအနေဖြင့် လွန်စွာ တုန်လှုပ်သွားပုံရပြီး ယခုအချိန်တွင် နောင်တကြီးစွာ ရနေကြသည်။ သူတို့ အများကြီး မကူညီနိုင်ခဲ့လျှင်ပင် ရုန်းရင်းဆန်ခတ်ပွဲ၌ ပူးပေါင်းခဲ့မည်ဆိုပါက ထိုကောင်းမွန်သည့် ဆုလာဘ်အား ခံစားခွင့် ရနိုင်မည်ဖြစ်ပေသည်။
အမျိုးသမီးအမှုဆောင်အရာရှိများအတွက်တော့ ကံကောင်းသည်ဟု ခံစားရသည်။ တိုက်ခိုက်မှုတွင် မပါဝင်ခဲ့ခြင်းအား သူတို့ အတော်နောင်တရနေသော်လည်း သူတို့ကိုယ်သူတို့ တည်ငြိမ်အောင် ထိန်းထားနိုင်ဆဲဖြစ်သည်။ သို့သော် ကြောက်ရွံ့ခဲ့သော အမျိုးသား အမှုဆောင် အရာရှိများအတွက်မူ မျက်နှာပူနေကြပြီး စိတ်အတွင်းတွင် နောင်တတရားများ ရှိနေကြသည်။ သူတို့၏လုပ်ဖော်ကိုင်ဖက်များက သူတို့အား မထီတထီ ကြည့်နေသကဲ့သို့ ခံစားရကာ ရှက်ရွံ့သောကြောင့် သူတို့ကိုယ်သူတို့ တွင်းတူးကာသာ နေချင်မိတော့သည်။
"ကောင်းပြီ။ ဒဏ်ရာရတဲ့သူတွေက ဆေးရုံကို သွားပြီး ကုသမှု ခံယူကြပါ။ ဒဏ်ရာမရတဲ့သူတွေကတော့ ကူညီဖို့ လိုက်သွားပေးပါ။” ထန်ရှုက လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
"ခန်းရှနဲ့ အင်ဒီတို့နှစ်ယောက်က နောက်ချန်ခဲ့။ ကျန်တဲ့သူတွေ အရင်ပြန်သွားကြတော့။"
မိနစ်အနည်းငယ်အကြာတွင် လူတိုင်းသည် ထွက်သွားကြပြီး ထန်ရှု၏ဘေးတွင် ခန်းရှ၊ အင်ဒီနှင့် ပြုံးကာ ရပ်ကြည့်နေသော လုံကျန့်လင်းတို့သာ ကျန်ခဲ့တော့သည်။
ခန်းရှသည် ပြုံးတုံ့တုံ့ ဖြစ်နေပြီး အင်ဒီသည် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေဟန်ရှိသည်။ အဖြစ်အပျက်သည် သူမကြောင့် ဖြစ်သွားရခြင်းဖြစ်သည်။ အင်ဒီ အကြောက်ဆုံး အရာမှာ သူမအား ထန်ရှု မုန်းတီးသွားမည်ကိုပင်။
အင်ဒီ၏သနားစရာကောင်းသောအမူအရာကို ကြည့်ပြီး ထန်ရှု စိတ်တွင်းတွင်သာ သက်ပြင်းချနိုင်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ အင်ဒီသည်လည်း အစောပိုင်းကဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ပါဝင်ခဲ့သည့်အတွက် သူ အလွန် ကျေနပ်နေသေးသည်။
"ခန်းရှ … ဒီနေ့ကစပြီး မင်းနဲ့ အင်ဒီတို့ တစ်ယောက်ချင်းစီရဲ့ နောက်မှာ အနည်းဆုံး ကိုယ်ရံတော်လေးယောက် ရှိရမယ်။ နှစ်ယောက်က အလင်းထဲမှာနေပြီး ကျန်နှစ်ယောက်ကတော့ အမှောင်ထဲမှာ နေခိုင်းရမယ်။ အဲ့ဒီ ချန်းတွေက ခင်ဖို့ကောင်းတဲ့သူတွေ မဟုတ်ဘူး။ သူတို့တွေ မင်းတို့နှစ်ယောက်ကို ရှုံးမဲ မဲပြီး တိုက်ခိုက်သွားမှာစိုးလို့။ နောက်ပြီး ဓားအမာရွတ်ချန်ဆီကိုလည်း အနောက်က လျှို့ဝှက်ကာကွယ်ဖို့ လူနှစ်ယောက်ကို စေလွှတ်ထားပါ။” ထန်ရှုက ညွှန်ကြားလိုက်သည်။
"ပြဿနာ မရှိဘူး။" ခန်းရှက ခေါင်းညိတ်ပြပြီး
"ပြီးပြီလို့သာ သဘောထားပါ။"
ထန်ရှုက အင်ဒီ့ကို ကြည့်ကာ သက်ပြင်းချလိုက်ပြီး
"အင်ဒီ … ဒီအဖြစ်အပျက်က မင်းကြောင့် ဖြစ်တာမဟုတ်ဘူး။ ချန်းစီအန်းကိုယ်တိုင်ကိုက စည်းလွတ်ဝါးလွတ် ဖြစ်နေတာ။ နောင် အလားတူအခြေအနေမျိုး ထပ်ပြီး ကြုံရဦးမယ်ဆိုလည်း ဒီနည်းအတိုင်း လုပ်ဖို့ တုံ့ဆိုင်းမနေနဲ့။ မင်း ရိုက်ချင်ရင် ရိုက်လိုက်ရုံပဲ။ ပြီးတော့ မင်းကို ထောက်ပံ့ဖို့ ငါ လုပ်နိုင်တာကို လုပ်ပေးမယ်။"
ထိုစကား ကြားသည့် အင်ဒီက ထန်ရှုအား မော့ကြည့်လိုက်သည်။ သူမ၏ဝိုင်းစက်နေသော မျက်ဝန်းများထဲတွင် စိုစွတ်နေသော အလွှာတစ်လွှာက ဖုံးအုပ်ထားသည်။ ထို့နောက် သူမ၏မျက်ဝန်းများကို အမြန်သုတ်ကာ အကြိမ်ကြိမ် ခေါင်းညိတ်ပြကာ
“သူဌေး … ဒီနေ့ကိစ္စကြောင့် ကျွန်မကို မမုန်းတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်မကို အရမ်း ပျော်စေတယ်။ သူဋ္ဌေးပြောသမျှကို နားထောင်မယ် သူဋ္ဌေးလုပ်ခိုင်းသမျှ လုပ်ပါမယ်။”
“ဟား … ဟား … ဟား…” ထန်ရှု အော်ရယ်လိုက်မိရင်း “ကောင်းပြီ။ မင်းက ခမ်းနားသောထန်လုပ်ငန်းစုရဲ့ ဘဏ္ဍာရေးဌာနက အကြီးအကဲလေ။ အဲ့ဒါကြောင့် ကလေးလို မလုပ်စမ်းပါနဲ့။ မင်းနဲ့ ခန်းရှက ငါ့လူတွေပဲ။ မင်းကို ငါ ဘာကြောင့် မကြိုက်ရှိရမှာလဲ။ အမှန်တော့ တခြားနယ်ပယ်မှာ ခန်းရှထက် ပိုကောင်းအောင် လုပ်ခဲ့တဲ့အတွက် မင်းကိုလည်း ငါ ချီးကျူးချင်တယ်။”
ထန်ရှု၏စကားကို ကြားလိုက်သော ဘေးတစ်ဖက်ရှိ လုံကျန့်လင်းက အံ့ဩသွားကာ
"ငါ နားကြားမှားတာလား … တစ်ခုခု မှားနေတာလား။ အစ်ကိုကြီး … မင်းက မိန်းမချောလေး - ခန်းရှနဲ့ နတ်သမီးလေး -အင်ဒီနှစ်ယောက်လုံးကို ယူခဲ့တာလား။ သူတို့…သူတို့က မင်းရဲ့မိန်းမတွေလား။”
"သောက်ကျိုးနည်း … ဘာလဲဟ။" ထန်ရှုက ဆဲပေးလိုက်သည်။
"မင်း ဘာပေါက်ကရစကား ပြောနေတာတုန်း။ အဲ့လိုစကား ဘယ်သူမှ မပြောဘူးကွ။ မင်း ငတုံးလား ဘာလား ကျန့်လင်းရ။"
“အာ…” လုံကျန့်လင်း သူ့ခေါင်းကို ကုတ်လိုက်ပြီး သူ နားလည်မှုလွဲသွားသည်ကို သိလိုက်သဖြင့် ရယ်လိုက်မိသည်။
***