သွေးနီနဂါးကျဆုံးခြင်း
Vol. 39 Ch. 543
အခန်း (၅၄၃) သွေးနီနဂါးကျဆုံးခြင်း
ယန်ကန်းက ‘မျောလွင့်ဓား’ ကို လက်ထဲကိုင်ဆောင်ထားပြီး ဓားအလင်းတန်းက မိုးမြေတစ်ခွင်ကို ပိုက်ကွန်ပမာ လွှမ်းခြုံထားသည်။ ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အလွန်လျှင်မြန်လေရာ ရုတ်တရက် လွတ်မြောက်သွားပါက သူ့အနေဖြင့် အမီလိုက်နိုင်မည် မဟုတ်ပေ။
ရွှေပိုးကောင်အင်းသင်္ကေတက နျန်ချန်၏အသက်ကိုကယ်တင်ပြီး ထွက်ပြေးလွတ်မြောက်သွားသော်လည်း ခပ်ဝေးဝေးသို့ ပြေးနိုင်မည် မဟုတ်ပေ။ ထို့ပြင် နျန်ချန်ကလည်း ဒဏ်ရာအပြင်းအထန်ရထားသည်ဖြစ်ရာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အလျှင်အမြန် အမီလိုက်သွားနိုင်ပေလိမ့်မည်။
ထို့ကြောင့် ယန်ကန်းက မျောလွင်းဓားအလင်းတန်းများကို ကွန်ယက်သဖွယ်ချဲ့ထွင်ပြီး နျန်ချန် ဘေးကင်းရာသို့ ရောက်သည်အထိ အချိန်ဆွဲပေးထားခြင်း ဖြစ်၏။
အချိန်လုံလောက်သည်နှင့် သူက ရန်ကျောက်ကဲကို အန္တရယ်မပြုဘဲ ပြန်လည်ဆုတ်ခွာသွားမည် ဖြစ်သည်။ ဓားအသင်္ချေရေကန်က ကြံ့ဝိညာဉ်ကျွန်းနှင့် မဟာမိတ်ဖြစ်သော်လည်း ရန်ကျောက်ကဲနှင့်တော့ ရန်ငြိုးရန်စ မရှိပေ။
ထို့ပြင် ရန်ကျောက်ကဲ မည်မျှ စွမ်းအားမြင့်မားကြောင်း သိရှိထားပြီးဖြစ်ရာ ယန်ကန်းအနေဖြင့် လိုသည်ထက်ပိုပြီး တိုက်ခိုက်ရန် ဆန္ဒမရှိပေ။
နျန်ချန်နှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ရင်ဆိုင်တိုက်ပွဲကို တွေ့မြင်ပြီးနောက် ကြံ့ဝိညာဉ်ကျွန်းမှလူများသည်ပင် ဂလဲ့စားချေရန်စိတ်ကူးကို အပြည့်အဝ စွန့်လွှတ်လိုက်ကြလေပြီ။
(၂)ယောက် သို့မဟုတ် (၂)ယောက်ထက်ပိုသော သိုင်းသူတော်စင်များ ဝိုင်းဝန်းတိုက်ခိုက်ခြင်းမဟုတ်ပါက ရန်ကျောက်ကဲကို မည်သို့မှ အနိုင်ယူနိုင်မည် မဟုတ်ပေ။
တိုက်ပွဲကို အဝေးမှ ကြည့်ရှုနေသူများမှာ ယခုအချိန်ထိ မှင်တက်နေကြပြီး သတိပြန်ဝင်လာခြင်း မရှိသေးပေ။
အထွတ်ထိပ်မှော်ဝင်ပစ္စည်း “နဂါးကိုးကောင်လက်ချောင်း” ကို ကိုင်ဆောင်ထားသော “နျန်ချန်” ဦးဆောင်သည့် သိုင်းဆရာသခင်အုပ်စုက ရန်ကျောက်ကဲကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြပြီး ယန်ကန်းက အထွတ်ထိပ်မှော်ဝင်လက်နက်ဖြစ်သော ‘မျောလွင့်ဓား’ ကို ကိုင်ဆောင်လျှက် ဝင်ရောက်ကူညီရန် အနားတွင် အရံအသင့် စောင့်ဆိုင်းနေခဲ့သည်။
သမုဒ္ဒရာကမ္ဘာမှ အခြားသော သိုင်းသူတော်စင်တစ်ယောက်ပင်လျှင် ဤသို့ ဝိုင်းဝန်းတိုက်ခိုက်မှုကို ရင်ဆိုင်ရပါက အတော်လေး သတိကြီးကြီးထားကာ တန်ပြန်တိုက်ခိုက်ရမည် ဖြစ်၏။
ရန်ကျောက်ကဲအနေဖြင့် ပြန်လည်ဆုတ်ခွာလျှင် ကောင်းလိမ့်မည်ဟု အားလုံး တွေးထင်ခဲ့ကြသည်။
သို့သော် ထိုလူငယ်က ပြန်မဆုတ်သည့်အပြင် ရန်သူများအားလုံးကို ရင်ဆိုင်လျှက် ကြောက်မက်ဖွယ်ရာ အနိုင်ယူပြခဲ့သည်။ ရန်သူများမှာ သေသူသေ ၊ ထွက်ပြေးသူထွက်ပြေးဖြင့် ပရမ်းပတာ အခြေအနေဖြစ်ကုန်ကြလေရာ တိုက်ပွဲကြည့်နေသူများအားလုံး မယုံကြည်နိုင် ဖြစ်ကြရသည်။
နျန်ချန် ထွက်ပြေးသွားသော်လည်း ရန်ကျောက်ကဲက အရေးစိုက်ဟန် မရှိပေ။ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက မျောလွင့်ဓားအလင်းတန်းကို အရိုးဖြူလှံရှည်ဖြင့် ခတ်ထုတ်လိုက်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ဝေ့ကြည့်လိုက်သည်။ တိုက်ပွဲကြည့်နေကြသူများကိုကြည့်ရင်း သူ့မျက်ဝန်းများတွင် ရွှင်မြူးမှုများ ထင်ထင်ရှားရှား ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲ၏ မျက်ဝန်းများကိုကြည့်ရင်း ယန်ကန်း အံ့သြသွားသည်။
တိုက်ပွဲကြည့်နေကြသော ပရိတ်သတ်များမှာ ယခုမှ ရုတ်ရုတ်သဲသဲ အုံးအုံးကြွက်ကြွက်ဖြင့် သတိဝင်လာကြသည်။
ထိုအချိန် ဓားအသင်္ချေရေကန်မှ သိုင်းသမားများက တိုက်ပွဲနယ်မြေသို့ ချဉ်းကပ်လာကြပြီး...
“ဂိုဏ်းချုပ်... မိစ္ဆာဂိုဏ်းတွေစုပေါင်းပြီး သောင်းကြမ်းနေပြီ ၊ ကျွန်တော်တို့ လမ်းမှန်ဂိုဏ်းတွေတော့ အခက်တွေ့ပါပြီ”
ယန်ကန်းတုန်လှုပ်သွားပြီး...
“ဘာ ဖြစ်တာလဲ”
ဓားအသင်္ချေရေကန်မှ သိုင်းသမားက သူ့ကိုယ်သူ တည်ငြိမ်အောင်ကြိုးစားရင်း...
“ကျန်လုန်ဂိုဏ်းချုပ် ‘ပင်လယ်ခုနစ်စင်းအရှင်’ ‘ကျောက်ကျုန်း ၊ မိစ္ဆာသူတော်စင် ‘လင်ချန်းချန်’ နဲ့ တစ္ဆေဝိညာဉ်ဂိုဏ်းက အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်တဲ့ တစ္ဆေဝိညာဉ်သေတ္တာတို့ ပူးပေါင်းပြီး သွေးနီနဂါးဂိုဏ်းဌာနချုပ်ကို ထိုးဖောက်တိုက်ခိုက်ခဲ့ကြတယ် ၊ အခုလည်း ရေသလင်းနန်းတော်ကို တိုက်ခိုက်ဖို့ သွားနေကြပြီ ၊ ရေသလင်းနန်းတော်သခင် ‘လင်ရှီး’ က အစက ကြယ်စင်လှည့်ပြောင်းပင်လယ်ကို လိုက်လာမလို့ပဲ ၊ ဒါပေမဲ့ ဒီသတင်းကြားလို့ ချက်ချင်းပြန်လှည့်သွားခဲ့တယ်”
ထိုသတင်းကြားတော့ မိစ္ဆာဂိုဏ်းများက ဓားအသင်္ချေရေကန်ကို ပစ်မှတ်ထားခြင်း မရှိသေးသည့်တိုင် ယန်ကန်းရင်ထဲ တင်းကျပ်စွာ ခံစားလိုက်ရသည်။
ရေသလင်းနန်းတော်သခင်’လင်ရှီး’ အနေဖြင့် နယ်မြေအားသာချက်ကို ရယူကာ နှစ်ယောက်တစ်ယောက် တိုက်ခိုက်ရသည့်တိုင် ပြဿနာမရှိနိုင်ပေ။ သို့သော် ကျန်လုန်ဂိုဏ်း ၊ မိစ္ဆာသူတော်စင်ဂိုဏ်းနှင့် တစ္ဆေဝိညာဉ်ကျွန်းတို့အား တစ်ပြိုင်တည်းရင်ဆိုင်ရလျှင်တော့ အတော်လေး အခက်တွေ့နိုင်ပေသည်။
သွေးနီနဂါးဂိုဏ်းကတော့ ကြီးမားစွာထိုးနှက်ခံရပြီး အင်အားကျဆင်းသွားပြီဖြစ်သည်။ ရေသလင်းနန်းတော်ပါ ကျဆုံးခဲ့လျှင် ဓားအသင်္ချေရေကန်အနေဖြင့် တစ်ခုတည်းရပ်တည်နိုင်မည် မဟုတ်ပေ။
ယန်ကန်းက ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို ဒေါသတကြီးဖြင့် လှည့်ကြည့်လိုက်စဉ်...
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရေရွတ်လိုက်သည်။
“ကျန်လုန်ဂိုဏ်းနဲ့ တစ္ဆေဝိညာဉ်ဂိုဏ်းကပဲ လှုပ်ရှားမယ်လို့ ထင်ခဲ့တာ ၊ အခု လင်ချန်းချန်ပါ ပါတယ်ဆိုတော့ ဒီလူအတော်သတ္တိကောင်းနေတာပဲ ၊ ဒီနေ့က ရှစ်ရက်နေ့ဆိုတော့ နောက်တစ်ရက်ခြားဆိုရင် သူ အားနည်းသွားတဲ့အချိန်ကို ရောက်လာတော့မှာ ၊ လမ်းမှန်ဂိုဏ်းတွေကိုအသာထား ၊ ကျန်လုန်ဂိုဏ်းနဲ့ တစ္ဆေဝိညာဉ်ဂိုဏ်းက အချိန်မရွေး သူ့ကို ပစ်မှတ်ထားလာနိုင်တယ်”
ယန်ကန်းက သူ့ကို လှမ်းကြည့်လာသည်ကိုတွေ့တော့ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရယ်မောရင်း...
“လင်ချန်းချန်တို့အုပ်စု ဒီကိုလာပြီး ငါ့ကိုမတိုက်ခိုက်တာ အတော်လေး ဉာဏ်ကောင်းတာပဲ ၊ အင်း... သူတို့ ငါ့ကိုလာတိုက်ခိုက်ရင်လည်း ဘာမှမဖြစ်ဘူ ၊ မနိုင်ဘူးဆိုရင် ငါက ဖုတ်ဖက်ခါပြီး ထွက်သွားလို့ရတယ် ၊ ဟက်... ဒါပေမဲ့ မင်းတို့လမ်းမှန်ဂိုဏ်းတွေကတော့ သေပြီပဲ ၊ ဘုန်းကြီးတွေထွက်ပြေးနိုင်ရင်တောင် ကျောင်းကဒီအတိုင်းကျန်ခဲ့မှာ မဟုတ်လား”
သူက ဆက်ပြောသည်။
“ရှားလော်ဂိုဏ်းနဲ့ ကြံ့ဝိညာဉ်ကျွန်း ဒီကိုရောက်လာမယ်ဆိုတာ နျန်ချန်က ကြိုတွက်ထားပုံပဲ ၊ ဒါပေမဲ့ လင်ချန်းချန်ရောက်လာမယ်လို့ သူထင်ခဲ့တာတော့ မှားသွားတယ် ၊ လင်ချန်းချန်က သူ့လို ငတုံးမှ မဟုတ်တာ”
ယန်ကန်း သက်ပြင်းတစ်ချက်ချလိုက်ပြီး မျောလွင့်ဓားအလင်းတန်းများကို ပြန်လည်ရုတ်သိမ်းကာ အဝေးသို့ ထွက်ခွာသွားလေသည်။
ရန်ကျောက်ကဲကလည်း သူ့ကို တားဆီးခြင်း မပြုပေ။
ကြီးမားပြင်းထန်သော တိုက်ပွဲကြီးတစ်ခုက နောက်ဆုံးတော့ ဤသို့နှယ်ပင် ပြီးဆုံးသွားပုံရသည်။
တိုက်ပွဲကြည့်ရှုနေသူ အများအပြားမှာလည်း ထိတ်လန့်တခြား ခံစားခဲ့ကြရပြီး အချို့က သူတို့၏သက်ဆိုင်ရာဂိုဏ်းများသို့ အလျှင်အမြန် ပြန်သွားကြကာ အချို့ကတော့ ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို စိတ်ရှုထွေးသော အမူအရာများဖြင့် ကြည့်နေကြသည်။
ရေသလင်းနန်းတော်မှ သိုင်းသမားအများစုသည်လည်း အရှေ့ပင်လယ်သို့ ပြန်သွားကြသည်ဖြစ်ရာ လူအနည်းငယ်သာ ကျန်ရစ်တော့သည်။
ပြန်လမ်းမဲ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများကလည်း နေရာတွင် ကျန်ရှိနေသေးသည်ဖြစ်ရာ ပြောရခက်သော စကားဖြစ်သည့်တိုင် သူတို့မှာ မနေနိုင်ဘဲ ရန်ကျောက်ကဲကို တောင်းဆိုလိုက်ကြရသည်။
“လမ်းမှန်တာအို ကျင့်ကြံတဲ့သူချင်းအတူတူ ‘ရန်’ သခင်လေးက ကျွန်တော်တို့ကို ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်”
အင်အားကြီး မိစ္ဆာဂိုဏ်း (၃)ဂိုဏ်းက တစ်ညီတစ်ညွတ်တည်း ပူးပေါင်းတိုက်ခိုက်ကြသည်ဖြစ်ရာ ဓားအသင်္ချေရေကန်ဂိုဏ်းချုပ် ယန်ကန်းက ကူညီမည်ဆိုလျှင်တောင်မှ ရေသလင်းနန်းတော်အတွက် (၅၀) ရာနှုန်းသာ မျှခြေရှိပြီ လမ်းမှန်ဂိုဏ်းသားများဘက်မှ ရှုံးနိမ့်နိုင်ခြေ အနည်းငယ် ရှိနေသေးသည်။
နျန်ချန် ဒဏ်ရာအပြင်းအထန်ရသွားသည့်နောက် လမ်းမှန်ဂိုဏ်းများဘက်မှ အင်အားကျဆင်းသွားသလို တိုက်ခိုက်နိုင်စွမ်းလည်း လျော့နည်းသွားသည်။ ထိုအချိန်မှာပင် လင်ချန်းချန်တို့အုပ်စုက သွေးနီနဂါးဂိုဏ်းကို ထိုးဖောက်တိုက်ခိုက်ပြီး ရေသလင်းနန်းတော်ကို ဆက်လက်တိုက်ခိုက်ရန် ဟန်ပြင်နေကြသည်။ ထိုအချက်က လင်ရှီးနှင့် ယန်ကန်းကို အတော်လေး အခက်တွေ့စေသည်ပင်။
အချို့သိုင်းသမားများကတော့ ရန်ကျောက်ကဲက လမ်းမှန်ဂိုဏ်းများအချင်းချင်း အတွင်းပိုင်းခိုက်ရန် ဖြစ်ပေါ်စေသည်ဟု မကျေမနပ် ခံစားကြရသော်လည်း ထုတ်ဖော်မပြောဝံ့ကြပေ။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက မည်သူ့ကိုမှ အရေးမစိုက်ဘဲ ကောင်းကင်ကိုမော့ကြည့်ပြီး ရယ်မောလိုက်သည်။
“ယန်ကန်းရှိနေရင် ရေသလင်းနန်းတော်အတွက် အန္တရယ်မရှိနိုင်တော့ပါဘူး”
“ပြီးတော့ လင်ချန်းချန်က တကယ့်ကိုထူးခြားတဲ့စရိုက်ရှိတယ် ၊ သူ အကျိုးမရှိတဲ့အလုပ်မျိုးကို မလုပ်တတ်ဘူး ၊ ပြီးတော့ သူက လိုချင်စိတ် အရမ်းကြီးတယ်”
ထိုစကားကိုကြားတော့ လူတိုင်း အံ့အားသင့်သွားကြသည်။
“နျန်ချန်ကတော့... ဟားဟား... ၊ သူ့အတွက် ပျော်စရာအချိန်တွေ ရောက်လာတော့မှာပါ”
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက စိတ်အနှောက်အယှက်ဖြစ်ဟန်မတူဘဲ အေးအေးဆေးဆေးပင် ရယ်မောနေလေသည်။
***
အဝေးတစ်နေရာတွင် တောက်ပနေသော ရွှေရောင်အလင်းတန်းများ ရုတ်တရက် ပျောက်ကွယ်သွားသည်။
ထိုအလင်းတန်းများထဲမှ ပုံရိပ်တစ်ခုထွက်ပေါ်လာပြီး ထိုပုံရိပ်က တစ်ကိုယ်လုံးသွေးများစိုရွှဲလျှက် ငွေရောင်ဆံပင်များကလည်း ရှုတ်ထွေးပွယောင်းကာ အလွန်ကြေကွဲစရာ ကောင်းလှသည်။ ထိုသူက သွေးနီနဂါးဂိုဏ်း၏ ထိပ်တန်းအဆင့် သိုင်းကျင့်ကြံသူ ၊ သမုဒ္ဒရာကမ္ဘာရှိ သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်များတွင် နံပါတ် (၃)အဆင့်ရှိသော ‘နျန်ချန်’ ပင်ဖြစ်၏။
သူက ချောင်းများ တဟွတ်ဟွတ်ဆိုးလျှက် သွေးများမရပ်မနား အန်ချနေသည်။ သူ့ကိုကြည့်ရသည်မှာ ဒဏ်ရာရထားသော သားရဲတစ်ကောင်ပမာပင်။ ရွှေပိုးကောင်က သူ့ကိုကယ်တင်ခဲ့သည့်တိုင် ရန်ကျောက်ကဲလက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည် မဟုတ်လား။
နျန်ချန်က နဂါးကိုးကောင်လက်ချောင်းကို ခက်ခက်ခဲခဲ ထုတ်ယူကြည့်ရှုရင်း ငိုကြွေးလိုက်ချင်သည့်တိုင် မျက်ဝန်းများက မျက်ရည်ကင်းမဲ့နေသလို ခံစားရသည်။
ယခုတိုက်ပွဲပြီးဆုံးသည့်နောက် သူတို့ဂိုဏ်း၏ အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော “နဂါးကိုးကောင်လက်ချောင်း” မှာ ဖုန်းကျင်းရှန် ခန္ဓာကိုယ်ထက်မှ ပြန်ရှာတွေ့သည့်တစ်ချောင်းနှင့်ဆိုလျှင် ရှစ်ချောင်းသာလျှင် ကျန်ရစ်တော့သည်။ ပြီးတော့ သူ့မှာလည်း လက်ချောင်း (၇)ချောင်းသာလျှင် ကျန်ရှိတော့သည်။
လက်ချောင်း (၇)ချောင်းပဲ ကျန်တော့သဖြင့် နဂါးကိုးကောင်လက်ချောင်းကို အသုံးမပြုနိုင်တော့ဟု မဆိုလိုပေ။ သို့သော် ပျက်ဆီးသွားသော နဂါးကိုးကောင်လက်ချောင်းကို ပြင်ဆင်ရန်ကတော့ အချိန်အတိုင်းအတာတစ်ခု လိုအပ်မည်ဖြစ်သည်။
“ရန်ကျောက်ကဲ ၊ ရှီကျွင်း...”
ဒေါသကြောင့် နျန်ချန်၏ နှလုံးသွေးများ ဆူပွက်လာမတတ် ခံစားရသည်။
ထိုအချိန် ပုံရိပ်တစ်ခု သူ့အနားသို့ ချဉ်းကပ်လာ၏။
ရန်ကျောက်ကဲလိုက်လာသည်အထင်ဖြင့် သူ့စိတ်များ တင်းကျပ်သွားသော်လည်း ရောက်လာသူ မည်သူဖြစ်ကြောင်း တွေ့လိုက်ရတော့ စိတ်သက်သာရာရသွားသည်။
“ဆရာ... အဆင်ပြေရဲ့လား”
အနားသို့ရောက်လာသူက ရှန်စစ်ချန် ဖြစ်သည်။
နျန်ချန်က...
“ရန်သူက စွမ်းအားကြီးမားလွန်းတယ် ၊ ဒီအဘိုးကြီး နောက်ထပ်တိုက်ပွဲဝင်ဖို့ စွမ်းအားမရှိတော့ဘူး ၊ ဒီကောင်နဲ့ပတ်သက်ပြီး ဘာလုပ်ရမလဲဆိုတာ တောင်ပေါ်ပြန်ရောက်မှ စဉ်းစားကြတာပေါ့”
သို့သော် စကားပြောနေရင်း အဘိုးအို၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။
“မင်း...
သူက ထိတ်လန့်စွာဖြင့် သူ့ရင်ဘတ်ကို ငုံ့ကြည့်ရင်း ပါးစပ်မှ သွေးများအန်ချလိုက်သည်။
ချွန်ထက်သောနဂါးလက်သည်းများနှင့်ဆင်တူသည့် လက်ငါးချောင်းက သူ့ရင်ဘတ်အတွင်း ထိုးဖောက်ဝင်ရောက်လျှက်ရှိလေ၏။
ရှန်စစ်ချန်က နျန်ချန်ကို တည်ငြိမ်စွာကြည့်ရင်း...
“ဆရာ... စိတ်ချလက်ချ သွားပါ”
“သစ္စာဖောက်တပည့်”
နျန်ချန်က အော်ဟစ်ရင်း နဂါးကိုးကောင်လက်ချောင်းအကူအညီဖြင့် ရှန်စစ်ချန်ကို တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။ ဒဏ်ရာရထားသည့်တိုင် စွမ်းအားကို အားကုန်ထုတ်သုံးလိုက်၏။
သို့သော် ရှန်စစ်ချန်၏ ခန္ဓာကိုယ်ထက်မှ တောက်ပသော အနီရောင်အလင်းတန်းများထွက်ပေါ်လာပြီး နျန်ချန်၏ လှုပ်ရှားမှုများက နှေးကွေးသွားသည်။
“သွေးနီနဂါးကျောက်တုံး”
နျန်ချန်က ဒေါသထွက်စွာ အော်ဟစ်ရယ်မောလိုက်ရင်း...
“လက်စသတ်တော့ မင်းက နဂိုထဲက ကြိုတင်ပြင်ဆင်ထားတာကိုး...”
ရှန်စစ်ချန်က...
“ဒါပေါ့... မဟုတ်ရင် ကျွန်တော်က ဆရာ့ကို ဘယ်လိုလုပ် သတ္တိရှိရှိ သတ်ဖြတ်ရဲပါ့မလဲ”
နျန်ချန်က အေးစက်စွာဖြင့်...
“မင်းကိုယ်မင်း တော်လှပြီလို့ ထင်နေသလား ၊ ငါတို့မှာ ပြင်ပရန်သူတွေရော ဂိုဏ်းတွင်းပဋိပက္ခတွေရော အများကြီးပဲ ၊ နှစ်ထောင်ပေါင်းများစွာတည်တံ့ခဲ့တဲ့ ငါတို့ သွေးနီနဂါးဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ကို ဖြိုဖျက်လိုက်မယ်ဆိုရင်... မင်းအတွက် အဆင်ပြေမယ်လို့ ထင်နေသလား”
ရှန်စစ်ချန်က သိမ်မွေ့စွာဖြင့်...
“ပြင်ပရန်သူတွေသာ မရှိရင်... ခင်ဗျားကိုသတ်ဖို့ ဘယ်လိုလုပ်လွယ်မှာလဲ ၊ ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် အရမ်း အရေးပါတဲ့သူတစ်ယောက်လို အမြဲတမ်းတွေးတယ်”
သူက ဆက်ပြောသည်။
“တကယ်တော့ ငါတို့ဂိုဏ်းအတွက် အရေးကြီးတာက နဂါးကိုးကောင်လက်ချောင်းပဲ ၊ ခင်ဗျားပဲသေသေ ကျွန်တော်ပဲသေသေ ဘာမှ အရေးမကြီးဘူး”
ရှန်စစ်ချန်၏ လေသံက တဖြည်းဖြည်း အေးစက်လာပြီး...
“ခင်ဗျားက ကျွန်တော်တို့ဂိုဏ်းအတွက် အရေးကြီးတဲ့ နဂါးကိုးကောင်လက်သည်း တစ်ချောင်းကို ဆုံးရှုံးစေခဲ့တဲ့အတွက် အခုချိန်မှာ အကြီးမားဆုံး အပြစ်သားတစ်ယောက်ပဲ”
နျန်ချန်က ချောင်းဆိုးရင်း သွေးတစ်ပွက်အန်ထုတ်လိုက်ပြီး...
“ဘာလို့ ဒီလိုလုပ်ရတာလဲ ၊ မင်းကို ရုပ်သေးဂိုဏ်းချုပ်လို့ လှောင်ပြောင်ခံရတာကြောင့်လား”
ရှန်စစ်ချန်က ခေါင်းခါယမ်းရင်း...
“လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်... ကျွန်တော် ဂိုဏ်းချုပ်မဖြစ်ခင်ကတည်းက ဒီလိုနေ့မျိုးကို စောင့်မျှော်နေခဲ့တာပါ”
သူက ဆက်ပြောသည်။
“ကျွန်တော်က အရာအားလုံးထက် ဂိုဏ်းအပေါ် ဦးစားအပေးဆုံးပဲ ၊ ခင်ဗျားသာ သိုင်းသူတော်စင်တစ်ယောက် ဖြစ်လာခဲ့ရင် ဂိုဏ်းရဲ့အကျိုးကိုရှေ့ရှုပြီး ကျွန်တော့်ရဲ့ အမုန်းတရားတွေကို ဘေးဖယ်ထားခဲ့မိမှာပဲ ၊ ဒါပေမဲ့ စိတ်မကောင်းစရာက ခင်ဗျားက အဆင့်တက်တာ အရမ်းနှေးလွန်းတယ်”